မပြည့်စုံသော လက်တွေ့ဘဝ
Vol. 33 Ch. 494
ကောင်းမင်သည် ထိုအမျိုးသမီးမှာ မည်သူ့အကြောင်း ပြောနေသည်ကို မသိပေ။ သူမစိတ်ကောင်းဝင်နေသည်ကိုသာ သူသတိပြုမိသည်။
“ကျွန်တော် ခင်ဗျားရဲ့ အင်တာဗျူးတာဝန်ကို ပြီးစီးခဲ့ပြီ ၊ အခု ခင်ဗျားရဲ့ သူဌေးနဲ့ တွေ့လို့ရပြီလား”
ကောင်းမင်သည် အိပ်မက်ထဲတွင် ဒေါက်တာစီနှင့် အချိန်ကြာမြင့်စွာ စကားပြောခဲ့ရသည်။ လျှို့ဝှက်ဆန်းကြယ်သော သူဌေးသည် တစ်စုံတစ်ရာ သိကောင်းသိနိုင်သည်ဟု သူခံစားရသည်။
“သူဌေးက အခုထိ မပြန်လာသေးပါဘူး ၊ ခေတ္တခဏတော့ ပြန်လာဦးမှာ မဟုတ်ပါဘူး”
ထိုအမျိုးသမီးသည် ကောင်းမင်အား ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ထိုသူဌေးသည် အမြဲတမ်းပင် အတည်တကျနေရာတွင် ရှိမနေတတ်ချေ။ ယနေ့ခေတ် ဆက်သွယ်ရေး အဆင်ပြေမှုအရ သူဌေးသည် အပြင်ထွက်သွားသည်ဟု ပြောရုံမှလွဲ၍ တခြားပြောစရာ ဘာမှ မရှိနိုင်တော့ဘူးလား။
ကောင်းမင်သည် ယင်းကိစ္စကို ဆက်မပြောတော့ချေ။ ထိုအမျိုးသမီးသည် ပိုမပြောလိုသည်မှာ ရှင်းလင်းနေသည်။ အတင်းအကျပ် တောင်းဆိုခြင်းသည် ရိုင်းရာကျပေလိမ့်မည်။
“သူဌေး မပြန်လာခင်တော့ ရှင်ကျွန်မလက်အောက်မှာ အလုပ်လုပ်ရလိမ့်မယ် ၊ ရှင် အားရင် ဒီပုံစံဖောင်တွေကို ဖြည့်လိုက်ပါ ၊ ကျွန်မတို့ ရှင့်ရဲ့ကန့်သတ်ချက်ကို သိဖို့လိုတယ်”
ထိုအမျိုးသမီးက ကောင်းမင်နှင့် ဖုန်းနံပါတ်များ လဲလှယ်လိုက်သည်။ ထို့နောက် သူမသည် သွေးစွန်းနေသော သတင်းစာများကို ကောင်းမင်ထံ ပြန်ပေးလိုက်သည်။
“အနာဂတ်မှာ ရှင်ဘယ်သွားသွား ဒီစာရွက်တွေကို ရှင်နဲ့အတူ ယူသွားတာ ပိုကောင်းတယ်”
“ဘာလို့လဲ”
“ဘာလိုပဲဖြစ်ဖြစ် ဒါက နေရာသိပ်မယူပါဘူး”
ထိုအမျိုးသမီးသည် သူမကိုယ်သူမ ဘာတစ်ခုမှ ထုတ်ဖော်မပြောသေးပေ။ သူမသည် ကောင်းမင်အား နဝမအာရုံ အာရုံခံဌာနထဲသို့ ဝင်ရောက်ရန် မဖိတ်ခေါ်ခဲ့ပေ။
“ကောင်းပြီ ၊ တကယ့်အလုပ်ချိန်တွေနဲ့ အခြေအနေတွေကို ကျွန် နောက်တစ်ကြိမ် ပြောပြပါ့မယ် ၊ အိမ်ပြန်ပြီး စောင့်နေပေးပါ”
“ဒါပဲလား ၊ ကျွန်တော် အင်တာဗျူး အောင်ခဲ့ရဲ့လား”
ကောင်းမင်မှာ ထိုအမျိုးသမီးသည် သူ့အား အိမ်ပြန်လွှတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
“ရှင် ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေး ပြီးပြီးနောက်မှ သိရပါလိမ့်မယ် ၊ ဒါပေမယ့် ရှင့်လို အလားအလာရှိတဲ့ ဝန်ထမ်းမျိုးကို သူဌေးက လွှတ်ပေးမှာ မဟုတ်ပါဘူး ၊ စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ ၊ သူ ကိုယ်တိုင် ရှင့်ဆီ ရောက်လာပါလိမ့်မယ်”
ထိုအမျိုးသမီး ထိုသို့ပြောလိုက်သောအခါ သူမသည် ကြိုတင်မျှော်လင့်ခြင်းဖြင့် တောက်ပနေသည်။
“ရှင် အိမ်မပြန်ချင်သေးဘူးဆိုရင်လည်း ကျွန်မ သီးသန့်သင်ခန်းစာ ပေးရမှာကို ကိစ္စမရှိပါဘူး ၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ အခုလောလောဆယ် ဖောက်သည် တစ်ယောက်မှ မရှိဘူးလေ”
ကောင်းမင်သည် ဌာနအတွင်းမှ အော်ဟစ်သံများကို ကြားနေရသော်လည်း ထိုအမျိုးသမီးက ဧည့်သည်များမရှိပါဟု ပြောနေလေသည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ကျွန်တော် စောင့်လိုက်ပါ့မယ်”
ကောင်းမင်သည် နောက်လှည့်ပြီး ဓာတ်လှေကားထဲ ဝင်လိုက်သည်။ တံခါးများ ပိတ်မသွားမီ ထိုအမျိုးသမီးသည် သူမ၏လည်ပင်းတစ်ဝိုက်ရှိ ချုပ်ရိုးများကို ဆွဲဖြဲလိုက်ပြီး သူမ၏ ဦးခေါင်းကို ချွတ်လိုက်သည်ကို သူမြင်လိုက်ရလေသည်။
“ဒါက… ဘာကြီးလဲဟ”
ပန်နယ်ပေါ်ရှိ နံပါတ်များ ပြောင်းလဲသွားသည်နှင့်အမျှ ကောင်းမင်သည် အတွေးများစွာ ဝင်လာခဲ့သည်။
“ငါ ကိုမာဝင်တုန်းက မြင်ခဲ့ရတဲ့ ကမ္ဘာဟာ မသေဆေးနဲ့ ပတ်သက်နေတာပဲ ၊ ဘာပဲဖြစ်ဖြစ် သူတို့က သူတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုပြီး ငါ့ကို နိုးထစေခဲ့တာ ၊ သူတို့ရဲ့ ဂိမ်းတွေမှာ ငါဆက်လက် ပါဝင်နေသမျှ ငါ့မှာ အမှန်တရားရဲ့အောက်ခြေကို ရောက်ဖို့အခွင့်အရေး ရလာလိမ့်မယ်”
ဆေးရုံမှ ဆင်းလာပြီး လျိုယီနှင့်အတူ နေထိုင်ပြီးနောက် ကောင်းမင်သည် လက်တွေ့ဘဝဆီသို့ ဖြည်းညင်းစွာ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူ၏အိပ်မက်ဆိုးမှ မြင်ကွင်းများသည် မှေးမှိန်သွားခဲ့ပေသည်။ ၎င်းသည် ပြန်မကောင်းနိုင်သောအရာ ဖြစ်သင့်သည်။ သို့သော်လည်း သူသည် ရှန်ဟိုင်းစိတ္တဇဆေးရုံတွင် ပျောက်ဆုံးနေသော မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကို ရှာတွေ့ခဲ့ရသည်။ သူ၏ ကံကြမ္မာသည် ထိုအိပ်မက်ဆိုးနှင့် နောက်တစ်ကြိမ် ရောယှက်သွားခဲ့ချေပြီ။ သူ မျက်လုံးများကို ပိတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ သေဆုံးခဲ့ရသော သူ၏ ကိုယ်ပွားဗားရှင်းအမျိုးမျိုးကို သူမြင်နေရသည်။
“သေဆုံးခြင်းလား ၊ ပြန်လည်မွေးဖွားခြင်းလား၊ ပြန်လည်အသုံးချခြင်းလား”
ကောင်းမင် နားမလည်နိုင်တော့ပေ။
သူသည် ဝေဝေဝါးဝါးဖြင့် ဘူတာရုံသို့ လျှောက်လာခဲ့သည်။ သူသည် ဘူတာရုံတွင် စောင့်ဆိုင်းနေပြီး ရထားခရီးစဉ်များစွာ လွတ်သွားသည်။ မှောင်လုနီးပါး ဖြစ်လာသောအခါမှသာ သူမတ်တပ်ရပ်လိုက်ပြီး ဉာဏ်ပညာမြို့တော်မှ ထွက်ခွာသော ရထားကို စီးနင်းလိုက်သည်။
“ဉာဏ်ပညာမြို့တော်ကို လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက တည်ဆောက်ခဲ့ကြတာ၊ ဒါပေမယ့် နည်းပညာဆန်းသစ်မှုက မျှော်လင့်ထားသလို ရောက်မလာခဲ့ဘူး ၊ လူတိုင်းက စွမ်းအားတစ်ခုခုနဲ့ ကန့်သတ်ခံထားရတယ်”
ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းများ ပြောင်းလဲသွားသည်။ မြို့တော်မှ စွန့်ပစ်ထားသော ကျေးလက်ဒေသသို့ ရွေ့လျားသွားရန် တစ်နာရီကြာမြင့်ခဲ့သည်။ ဉာဏ်ပညာမြို့တော်တွင် အလုပ်လုပ်သော လူများစွာသည် ကောင်းမင်နှင့် တူညီကြသည်။ သူတို့သည် အလုပ်ဆင်းပြီးနောက် ရထားစီး၍ အိမ်ပြန်ကြသည်။ သူတို့ ပင်ပန်းနွမ်းနယ်နေပုံရပြီး သူတို့၏လှောင်အိမ်များထဲတွင် ပိတ်မိနေကြသည်။
ကောင်းမင်သည် စကားပြောစက် တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်ပြီး သွေးစွန်းနေသော သတင်းစာကို ထုတ်ယူလိုက်သည်။
“ဒါတွေအားလုံးက ဆယ်စုနှစ်တွေက လူသတ်မှုတွေပဲ ၊ သေဆုံးသူတွေဟာ ရေချိုးခန်းတွေနဲ့ တစ်နည်းနည်း ဆက်စပ်နေတယ် ၊ သူတို့ထဲက တချို့ကို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်ပြီး အိမ်သာထဲ စွန့်ပစ်ခဲ့တယ် ၊ တချို့ကိုတော့ သူတို့ရဲ့ ရေချိုးကန်ထဲမှာ လည်ပင်းညှစ်သတ်ခဲ့ကြတယ် ၊ ဒေါက်တာစီက ဘာလို့ အိမ်သာကို ဒီလောက် စွဲလမ်းနေရတာလဲ”
မကြာမီ ရထားသည် သူ့ဘူတာရုံသို့ ရောက်ရှိလာသည်။ လျိုယီကို မစိုးရိမ်စေရန် သူသည် စာရွက်များကို သိမ်းဆည်းလိုက်သည်။
“ဒီနေ့ ငါ အများကြီး ရခဲ့ပေမယ့် တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတယ်…”
ကောင်းမင်သည် သူ့ ကျောပိုးအိတ်ကို ထိလိုက်ပြီးနောက် ထခုန်လိုက်သည်။
“ငါ့ကြောင်လေးကော”
ခရီးစဉ် မစတင်မီက ကောင်းမင်သည် ကြောင်လေးကို ရှန်ဟိုင်းစိတ္တဇဆေးရုံရှိ ဧည့်ကြိုကောင်တာတွင် ထားရစ်ခဲ့ခြင်းဖြစ်သည်။ သူ ထွက်ခွာလာသောအခါ ဖချိုင်ကို မေ့သွားခဲ့ခြင်းဖြစ်သည်။ စနစ်က ဘူတာရုံကို အသံပေးလိုက်သည်။ ကောင်းမင်သည် လူအုပ်ကြီးကြားထဲညှပ်၍ အပြင်သို့ ရောက်လာတော့သည်။ သူသည် မြို့ဟောင်း အဆောက်အအုံများကြားတွင် ရပ်နေရင်း ဝမ်းနည်းစွာ ရယ်မောလိုက်သည်။
ကောင်းမင်သည် အိပ်မက်ဆိုးအကြောင်း ဆက်တွေးနေသောကြောင့် လက်တွေ့ဘဝကို မေ့လျော့သွားခဲ့သည်။
သူ့ကို ပြောနေသော အသံတစ်ခု ရှိနေခဲ့သည်။
“မင်းဟာ ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေနဲ့ ထုံလွှမ်းနေပြီးသား ဖြစ်နေတာတောင် ဘာလို့ အမှောင်ထုကို ဒီလောက် စွဲလမ်းနေသေးတာလဲ”
ကောင်းမင်သည် သရဲအိမ်ကို အလျင်အမြန် ဖုန်းခေါ်လိုက်သည်။ ဝန်ထမ်းများသည် အလွန် သဘောကောင်းနေကြသည်။ သူတို့ ကောင်းမင်ကို မှတ်မိကြသည်။ ဝန်ထမ်းတစ်ဦးသည် ကြောင်လေးကို ယူသွားပြီး ကောင်းမင်ဆီ ပြန်လာပို့ပေးနေသည်ဟု ကောင်းမင်အား ပြန်ပြောကြသည်။ ကောင်းမင်၏ နှလုံးသား အေးချမ်းသွားခဲ့သည်။ သူသည် ဆိုင်ကယ်ငှားစီး၍ ပန်းဆိုင်နှင့် ဈေးသို့ သွားလိုက်ပြီးနောက် အိမ်သို့ အမြန်ပြေးလိုက်သည်။
ကောင်းမင် ကော်ရစ်ဒါထဲ ဝင်လိုက်သောအခါ ဟင်းလျာနံ့ကို ရလိုက်သည်။ ဤဟောင်းနွမ်းပြီး ကျဉ်းမြောင်းသော နေရာလေးသည် သူ့အား ထူးခြားသည့် လုံခြုံမှုခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။
ကောင်းမင်သည် တံခါးဖွင့်လိုက်ရာ သူ၏ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်။ သို့သော် နောက်တစ်ခဏတွင် သူအေးခဲသွားသည်။ ဧည့်ခန်းထဲတွင် မရင်းနှီးသော အမျိုးသမီးတစ်ဦး ရှိနေလေသည်။ သူမသည် အသက် ၂၀ အောက်သာ ရှိပုံရပြီး ရှက်ရွံ့နေပုံ ပေါ်သည်။ သူမသည် အရပ်ရှည်ရှည်နှင့် ဖြစ်သည်။ သူမ၏ အသားအရေတွင် အရည်အသွေးမကောင်းသော မိတ်ကပ်များကို အချိန်ကြာမြင့်စွာ အသုံးပြုထားခြင်းကြောင့် ဓာတ်မတည့်သောလက္ခဏာများ ရှိနေသည်။ ကောင်းမင်ကို မြင်လိုက်သောအခါ ထိုမိန်းကလေးသည် ပိုမို စိတ်လှုပ်ရှားသွား၏။ သူမသည် သူမဘေးရှိ ကြောင်အိမ်အလွတ်ကို တိုက်မိသွားသည်။
“မင်း ဘယ်သူလဲ”
“ကျွန်မက အစောပိုင်းက ရှင့်ရဲ့ လမ်းညွှန်ပါ ၊ ကျွန်မ ရှင့်ရဲ့ ကြောင်လေးကို လာပို့တာပါ ၊ ရှင် ကျွန်မကို တုန့်ကောလို့ ခေါ်နိုင်ပါတယ်”
ထိုမိန်းကလေးသည် သူမ၏လက်များကို သူမ၏ကျောဘက်တွင် ကွေးထားပြီး ရွံ့တွန့်တွန့် ပြောလိုက်သည်။ သူမသည် ကောင်းမင်ကို အမှတ်ရစေရန် ခါးကိုင်းပြရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် မီးဖိုချောင်၏ကန့်လန့်ကာ ပွင့်သွားလေသည်။ လျိုယီသည် ဒယ်အိုးကို ကိုင်ထားရင်း ခေါင်းပြူ ထွက်လာ၏။ သူမသည် ရှက်ရွံ့နေသော တုန့်ကောကို သွေးများဖြင့် ပေကျံနေသော ကောင်းမင်ရှေ့တွင် ထူးဆန်းသော ပုံစံဖြင့် တွေ့လိုက်ရသည်။ တုန့်ကော၏ မျက်နှာက နီရဲသွားသည်။ အခြေအနေသည် အလွန်ကြောင်တောင်တောင်နိုင်နေလေသည်။
“နောက်ဆုံးတော့ အိမ်ပြန်လာဖို့ မှတ်မိသွားပြီလား ၊ ရှင် ကျွန်မတို့ရဲ့ ကြောင်လေးကိုတောင် မေ့နေခဲ့တာနော်”
လျိုယီသည် တစ်နေကုန် အလုပ်များနေခဲ့သည်။ သူမ အိမ်ပြန်ရောက်သောအခါ ကောင်းမင်အတွက် အရသာရှိသော ဟင်းလျာများ ချက်ပြုတ်ရန် စီစဉ်နေခဲ့သည်။ သို့သော် သူမ မပြီးစီးမီ မရင်းနှီးသော အမျိုးသမီးတစ်ဦးက ဖချိုင်နှင့်အတူ သူမ၏တံခါးကို ခေါက်လာခဲ့သည်။
“ငါ အင်တာဗျူးတစ်ခု သွားခဲ့တာပါ”
ကောင်းမင်သည် လျိုယီအား သူ ဖြည့်သွင်းရမည့် ပုံစံဖောင်များကို ပြသလိုက်သည်။ လျိုယီ သူတို့ကို ကြည့်နေစဉ် ကောင်းမင်သည် သူဝယ်လာသော ပန်းများကို ပန်းအိုးထဲ ထည့်လိုက်သည်။
“ငါ ပြန်လာတုန်းက မင်းအကြိုက်ဆုံး အစားအသောက်တွေ ဝယ်လာခဲ့တယ် ၊ မင်း နားသင့်ပြီ ၊ ငါ ချက်လိုက်မယ်”
သူမအား ကောင်းမင်ပေးခဲ့သည့် ရှည်လျားလှသော ပုံစံဖောင်စာရင်းကို မြင်လိုက်သောအခါ လျိုယီသည် ကောင်းမင်ကို သံသယဝင်ခဲ့သည့်အတွက် မကောင်းဟု ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ အညစ်အကြေးများနှင့် သွေးတုများကို ကြည့်ခြင်းအားဖြင့် သူသည် သူ၏ အင်တာဗျူးအတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရမည်မှာ သေချာပေသည်။
အပျော်ရှာဖို့ ထွက်သွားရုံသာဆိုလျှင် မည်သူက ထိုမျှ မသန့်မရှင်းပုံစံဖြင့် ပြန်လာမည်နည်း။