ဘေးဒုက္ခ
Vol. 33 Ch. 481
ပေါ့ပေါ့ပါးပါးဖြင့် စမတ်ကျကျ ဝတ်ဆင်ထားသော လျိုယီသည် အခန်းထဲမှ ထွက်လာလေသည်။ သူမ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေခဲ့သည်။ သူမသည် ကောင်းမင်ကို ပွေ့ဖက်လိုက်ပြီး နွေးထွေးမှုများဖြင့် လွှမ်းခြုံလိုက်သည်။
“ရှင် ဖုန်းဘာလို့ မကိုင်တာလဲ ၊ ကျွန်မ ရှင်တစ်ခုခုဖြစ်နေပြီလို့ ထင်နေခဲ့တာ”
သူမ၏လေသံတွင် အပြစ်တင်သံပါသော်လည်း စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းနေခဲ့သည်။ သူမသည် စိတ်ဆိုးနေသော်လည်း ကောင်းမင်ကို မြင်လိုက်ရသည့်အခါ ဒေါသများ ပျောက်ကွယ်သွားသည်။
“ငါ ဒီနေ့ အလုပ်အသစ်တစ်ခု ရခဲ့ပြီလေ ၊ ငါ အိမ်ချေးငွေဆပ်ဖို့ နည်းလမ်းရှာနိုင်မှာပါ”
ကောင်းမင်သည် မသေဆေးက ပေးလိုက်သောငွေကို လျိုယီထံ ပို့ပေးလိုက်သည်။
လျိုယီသည် အကြောင်းကြားစာကို လက်ခံရပြီးနောက် အံ့အားသင့်သွားသည်။
“ရှင် တစ်ရက်ထဲနဲ့ ဘယ်လိုလုပ် ယွမ်နှစ်ထောင်ရတာလဲ ၊ ကောင်းမင်၊ ကျွန်မတို့ တရားမဝင်တာတွေ ဘာမှမလုပ်ရဘူးနော် ၊ ရှင်က သူရဲကောင်းပဲ ၊ ပိုက်ဆံကြောင့် ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးသင့်ဘူး”
“မင်း ဘာတွေပြောနေတာလဲ”
ကောင်းမင်သည် လျိုယီအား ဦးနှောက်နယ်ပယ်ဂိမ်းအကြောင်း ပြောပြချင်သော်လည်း သူ မသိဘဲ လက်မှတ်ရေးထိုးခဲ့ရသော စာချုပ်နှင့် ဂိမ်းထဲတွင် သူရင်ဆိုင်ရမည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားကာ အမှန်တရားကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။
ကောင်းမင် လျိုယီကို ပြန်ချလိုက်သည်။ သူ အခန်းထဲဝင်လိုက်ရာ ဖချိုင်သည် သူ့ဖိနပ်ဖြင့် ကစားနေသည်ကို မြင်လိုက်ရသည်။ မိသားစု ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ထိုကြောင်လေးက ဂရုမစိုက်ပေ။
သူ့လက်များကို ဆေးကြောလိုက်ပြီးနောက် ကောင်းမင် စတင်အဝတ်လဲလိုက်သည်။ လျိုယီသည် ကောင်းမင်၏တစ်နေ့တာလုပ်ဆောင်မှုများအကြောင်း ပိုမိုသိချင်နေလေသည်။ ဖချိုင်က လျိုယီနောက်မှ ခုန်အုပ်လိုက်သည်။ ထို မိသားစုသုံးယောက်သည် ရထားတစ်စီးကဲ့သို့ သေးငယ်သော အိမ်လေးထဲတွင် ခုန်ပေါက်ပြေးလွှားနေကြသည်။
ကောင်းမင် လျိုယီအား ဘယ်လိုဖြေကြားရမှန်းမသိပေ။ ထိုကိစ္စအများစုအတွက် သူပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။ ထူးဆန်းစွာဖြင့် သူခံစားနေရသော အဆိုးမြင်စိတ်ခံစားချက်များမှာ စတင်မှေးမှိန်သွားသည်။ ဦးနှောက်နယ်ပယ်ဂိမ်းသည် လူတစ်ယောက်၏စိတ်ကို အလွန်ပင်ပန်းစေသည်။ ကောင်းမင်သည် ညအိပ်ဝတ်စုံပင် မလဲနိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။
ဖုန်းဖြင့် ရုပ်ရှင်ဇာတ်ကားကြည့်နေသော လျိုယီသည် ဖချိုင်၏မြောင်ခနဲမြည်သံကို ကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ရာ ထိုကြောင်ကလေးသည် အိပ်စက်ရန် သက်သောင့်သက်သာရှိသော အနေအထားကိုရှာဖွေရင်း ကောင်းမင်၏ခေါင်းဘေးတွင် ဝင်ခွေနေသည်ကို သတိထားမိလိုက်သည်။
“အိပ်ပျော်သွားပြီလား”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လျိုယီသည် သူမ၏ဖုန်းကို ပိတ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
ကောင်းမင် ပြန်ရောက်လာပြီးနောက် နေရာလေးသည် အိမ်နှင့်တူလာလေသည်။ ၎င်းသည် ရိုးရှင်းသော်လည်း ချိုမြိန်သော ခံစားချက်တစ်ခုပင်။
လျိုယီသည် သူမ၏ဖုန်းကို ချလိုက်ပြီး အိပ်ရာဘေးသို့ တိုးသွားသည်။ သူမ ကိုယ်ကို ကိုင်းညွတ်၍ အိပ်ပျော်နေသော ကောင်းမင်ကို ကြည့်လိုက်သည်။
“ကောင်းသောညပါနော်”
အိပ်မက်ထဲတွင် ကောင်းမင်၏အသိစိတ်သည် ဆက်လက် နစ်မြုပ်နေခဲ့သည်။ မြေအောက်ရှိနက်ရှိုင်းသော တစ်နေရာမှ သူ့အား ခေါ်နေသည့်အသံတစ်ခုကို သူကြားနေရသည်။ သူသည် သူအိပ်မက်မက်နေသည်ကို သိသော်လည်း နိုးထ၍ မရပေ။ ထူးဆန်းစွာပင် သူသည် သွေးစွန်းနေသော အစေ့နှစ်စေ့ကို သူ့လက်ထဲတွင် ဆက်လက် ကိုင်ထားဆဲဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ကောင်းမင် နှာခေါင်းကို တရှုံ့ရှုံ့လုပ်လိုက်ရာ အသားနံ့ကို ရလိုက်သည်။ သူ ထိုအနံ့နောက်သို့ လိုက်သွားစဉ် မြေပြင်သည် ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပင်လယ်သည် ညကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းမင်သည် အသွေးအသားများဖြင့် ဖန်တီးထားသော မြို့တစ်မြို့ကို မြင်လိုက်ရသည်။ ထိုမြို့အလယ်တွင် အိပ်မက်ဆိုးအားလုံးနှင့် ချိတ်ဆက်ထားသည့် ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။ ထိုဧရာမသစ်ပင်ကို မည်သို့ခေါ်ကြသည်ကို မည်သူကမှ မသိကြပေ။ သို့သော်လည်း ကောင်းမင်ရောက်လာသည်နှင့် ဧရာမသစ်ပင်ကြီး၏ အမြစ်များသည် သွေးနှင့် ဖုန်မှုန့်များကို စတင်စုပ်ယူတော့သည်။ သစ်ရွက်များ နီရဲလာသည်။ သစ်ပင်ကြီးသည် အစိမ်းရောင်မှ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သစ်ပင်ကြီးသည် အသွေးအသားမကောင်းဆိုးဝါးတစ်ကောင်နှင့် ပိုတူလာသည်။
ထိုဧရာမသစ်ပင်ကြီးသည် ပို၍ပုံပျက်ပန်းပျက်ဖြစ်လာပြီး ကြောက်မက်ဖွယ်ကောင်းလာလေသည်။ သစ်ရွက်တိုင်းသည် စိတ်ပျက်အားငယ်နေသော လူ့မျက်နှာတစ်ခု ဖြစ်လာခဲ့သည်။ သူတို့အားလုံးသည် ကောင်းမင် သတ်ဖြတ်ခဲ့သောသူများ ဖြစ်ကြသည်။ သူတို့က ကောင်းမင်ကို ဟိန်းဟောက်နေကြသည်။
“ကံကြမ္မာက အရာအားလုံးကို စီစဉ်ထားပြီးသားပဲ ၊ အားလုံး မင်းကြောင့် သေဆုံးသွားတာ ၊ မင်းဟာ ‘လွတ်လပ်မှု’ အတွက် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့တယ် ၊ မင်းက လူသတ်သမားပဲ”
ကျယ်လောင်စူးရှသည့် အသံများက အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ သစ်ပင်ကြီးသည် လျင်မြန်စွာ ညှိုးနွမ်းသွားသည်။ အမြစ်များက ပြိုကျလာပြီး အနီးနားရှိ အဆောက်အဦးများကို ဖြိုချပစ်လိုက်သည်။
“ကောင်းမင်! ကောင်းမင်!”
အခေါင်းပေါက်ဖြစ်နေသော သစ်ပင်ကြီး၏အလယ်တွင် ကောင်းမင်သည် ကျိုးပဲ့ပျက်စီးနေသော ယဇ်ပလ္လင်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် မျက်နှာလေးခုနှင့် လက်ရှစ်ချောင်းရှိသော ဘုရားတစ်ပါး၏ အိမ်ဖြစ်သည်။ သူ ချဉ်းကပ်သွားသောအခါ မကောင်းဆိုးရွားနတ်ဘုရားသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်နှာလေးခုသည် ကောင်းမင်၏ အသွင်သဏ္ဌာန်ကို ယူဆောင်ထားသည်။ သူတို့၏နှလုံးခုန်သံများ စည်းချက်ညီနေခဲ့သည်။ တစ်နည်းအားဖြင့် သူတို့သည် နှလုံးသားတစ်ခုတည်းကို မျှဝေထားခြင်းဖြစ်သည်။
“မှတ်ဉာဏ်တွေက အသားထဲမှာ ဝှက်ထားတယ် ၊ မှတ်မိအောင် ကြိုးစား ၊ မင်းမှာ အချိန်သိပ်မရှိတော့ဘူး”
နတ်ဘုရား၏အသံက အော်ဟစ်သံအားလုံးကို လွှမ်းမိုးသွားသည်။ မျက်နှာလေးခုသည် ကောင်းမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်အထိ ဆက်လက်ချဉ်းကပ်နေခဲ့သည်။
ကောင်းမင် အိပ်ရာမှ ခုန်ထလိုက်သည်။ သူသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေလေသည်။ သူသည် အသက်ပြင်းပြင်းရှူနေရသည်။ သူကြောင့် လျိုယီနိုးလာ၏။
“ရှင် အိပ်မက်ဆိုး မက်ခဲ့တာလား”
လျိုယီက သူ့ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ဒါက အိပ်မက်ဆိုးတစ်ခု မဟုတ်ဘူး ၊ တစ်ယောက်ယောက်က ငါ့ကို အိပ်မက်ထဲကနေ တစ်ခုခု ပြောပြဖို့ ကြိုးစားနေတာ”
ကောင်းမင်သည် မျက်နှာသစ်ရန် ရေချိုးခန်းထဲ ဝင်လိုက်သည်။ သူသည် သူ့ပုံရိပ်ကို မြင်လိုက်ရပြီး ရက်အနည်းငယ်က ရေချိုးစဉ်က ဖြစ်ပျက်ခဲ့သည့်အရာကို သတိရသွားသည်။ မှုန်ဝါးနေသော မြူခိုးများထဲတွင် သူ့ပုံရိပ်သည် အမာရွတ်များနှင့်အဆောင်များဖြင့် ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်သည်။
“ငါ လက်တွေ့ကမ္ဘာကို မပြောနိုင်တော့တာလား ဒါမှမဟုတ် ကမ္ဘာနှစ်ခုက ဆက်သွယ်နေတာလား”
သူ အိပ်ရာဆီ ပြန်ရောက်လာသောအခါ သန်းခေါင်ကျော်နေပြီဖြစ်သည်။ သူ လှဲချပြီး ဟိုလှည့်ဒီလှည့်လုပ်နေသော်လည်း အိပ်မပျော်နိုင်ခဲ့ပေ။ ဆေးရုံမှ ပြန်ယူလာခဲ့သော ဖုန်းကို သူထုတ်ကြည့်လိုက်သည်။ ထိုဖုန်းသည် ကားအက်ဆီးဒင့်မဖြစ်ခင်ကတည်းက သူ့တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ မော်ဒယ်မှာဟောင်းနေသော်လည်း အရည်အသွေးကောင်းသည်။ ၎င်းကို ဆက်လက် အသုံးပြုနိုင်သေးသည်။ ကောင်းမင်သည် အိပ်မက်ဆိုးအကြောင်း အချက်အလက်များကို ရှာဖွေချင်နေသဖြင့် အင်တာနက်ဖွင့်လိုက်သည်။ သို့သော် သူသည် တစ်နည်းနည်းဖြင့် ဗီဒီယိုပလက်ဖောင်းတစ်ခုထဲသို့ ရောက်သွားပြီး သရဲတစ်ကောင်နှင့်တွေ့ဆုံမှုအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်နေသူတစ်ဦးအား မြင်လိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ ဆယ်ဦးခန့်သာ ရှိသော်လည်း ထုတ်လွှင့်သူမှာမူ ယင်းကို အလွန်ဈာန်ဝင်နေလေသည်။ သူ၏သရုပ်ဆောင်မှုသည် သရုပ်ဆောင်မင်းသားကြီးပိုင်ရှန်း၏ သရုပ်ဆောင်မှုကဲ့သို့ပင် ကောင်းမွန်လှသည်။
သို့သော် သူသည် စကားပြောခန်းထဲသို့ စကားဝင်မပြောခဲ့ပေ။ သူသည် အာရုံပျံ့လွင့်ရန်ပင် မပျံ့ရဲဖြစ်နေသည်။
အရင်က စကားပြောကြသည့် လူဟောင်းများသည်လည်း သူ့ကို မနှောင့်ယှက်ကြပေ။ သူတို့သည် စကားပြောသူအသစ်များကို ဖြစ်ပျက်နေသည့်အရာများကို စိတ်ရှည်စွာ ရှင်းပြပေးနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်သူသည် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးသော စွန့်ပစ်ဟိုတယ်ဟောင်းတစ်ခုထဲတွင် ရှိနေခြင်းဖြစ်သည်။ သူသည် သရဲနှင့်တွေ့ဆုံရန်နည်းလမ်း ဆယ်ခုကို စမ်းသပ်နေခြင်းဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်သူသည် ကောင်းစွာပြင်ဆင်ထားခြင်းဖြစ်သည်။ သူ၏ပထမနည်းလမ်းလေးခုမှာ အလုပ်မဖြစ်ခဲ့ပေ။ သူ ပဉ္စမမြောက်နည်းလမ်းကို စမ်းသပ်သောအခါ ထိုလူသည် သူ့မျက်လုံးများပေါ်တွင် မိုးမခရွက်များကို တင်လိုက်လေသည်။ ထိုအခါ ထမင်းဖြူထည့်ထားသော ပန်းကန်များက ရုတ်တရက် အက်ကွဲသွား၏။ တိုက်ရိုက်ထုတ်လွှင့်သူသည် ပွင့်နေသော တံခါးဘက် လှည့်၍ မှောင်မဲနေသော ကော်ရစ်ဒါကို စိုက်ကြည့်လိုက်သည်။
ချွေးများက သူ့ပါးပြင်ပေါ်မှ လျှောဆင်းလာတော့သည်။ တိုက်ရိုက်ထုတ်လွှင့်သူသည် ကင်မရာအကျော်၏ အပြင်ဘက်တစ်နေရာကို လှမ်းမြင်လိုက်ရသည်။ သူ၏အမူအရာသည် အမှန်တကယ် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ကြောက်ရွံ့မှုဖြင့်စွန်းထင်းနေလေသည်။
ကောင်းမင်သည်လည်း ထူးဆန်းသောအသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းသည် ဧရာမ ပင့်ကူကြီးတစ်ကောင် အမှောင်ထဲတွင် တွားသွားနေသကဲ့သို့ ဖြစ်သည်။
“လာနေပြီ…”
ဤသည်မှာ ထိုလူပထမဆုံးအကြိမ် စကားပြောလိုက်ခြင်းဖြစ်သည်။ သူ ကင်မရာကို စိုက်ကြည့်လိုက်သည်။
“ငါ မနက်ထိ အသက်မရှင်ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် အမှောင်ညထဲကို ဝင်ရမယ့်လူက မင်းတို့ထဲက တစ်ယောက်ယောက်ဖြစ်လာလိမ့်မယ်”
ထို့နောက် ထိုလူသည် အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရပြီး စခရင်မှ ပျောက်ကွယ်သွားတော့သည်။
လေးလံပြင်းထန်သော ခြေသံများ ထွက်ပေါ်လာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြတ်တောက်သွား၏။ အထူးဆန်းဆုံးအရာမှာ ကောင်းမင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ပြီးနောက်တွင်ပင် သူ့နားထဲတွင် ခြေသံများ ဆက်လက်ပဲ့တင်ထပ်နေခြင်းဖြစ်သည်။
သူ နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနံရံသည် အိမ်နီးချင်း၏အိမ်နှင့်ကပ်လျက် ရှိနေသည်။ ထိုအိမ်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက စွန့်ပစ်ခံထားရခြင်းဖြစ်သည်။
“ဒါ အစစ်လား၊ အတုလား”