← Chapters

အခန်း (၂၁၆-၂၂၀)

Vol. 9 Ch. 216-220

အခန်း (၂၁၆-၂၂၀)

Vol. 9 Ch. 216-220

အပိုင်း ၂၁၆။ အနီရောင်ငှက်တောင်ထွတ်ကို ကူညီခြင်း

ဒီးဒါဒါ

ခွာဖြူအရိပ်သည် တောင်တန်းတစ်လျှောက် လျင်မြန်စွာ ခုန်ပေါက်ပြေးလွှားနေသည်။ ညီညာခြင်းမရှိသော မြေပြင်က သူ၏အလျင်ကို အနည်းငယ်မျှပင် ဟန့်တားနိုင်ခြင်း မရှိပေ။ မြင်းပေါက်လေးတစ်ကောင်သာ ဖြစ်သော်ငြား အရွယ်ရောက်ပြီးသည့် စစ်မြင်းအများစု မယှဉ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

တော်ဝင်စစ်မြင်းတစ်ကောင်၏ လုပ်နိုင်စွမ်းကို အရိပ်ငယ်လေးမှ ရှင်းလင်းစွာ သက်သေပြခဲ့သည်။

မြင်းငယ်လေးသည် တောအုပ်နှင့် မညီညာသောမြေပြင်ကို ဖြတ်၍ ပြေးသွားခဲ့သည်။ ဝမ်ချောင်သည် မိုးပြာရောင်နဂါးတောင်ထွတ် သို့မဟုတ် အနက်ရောင်လိပ်တောင်ထွတ်သို့ ဦးမတည်ခဲ့ပေ။ သူသည် ဝေ့ဟို့ ရှိနေသော တောင်ထွတ်ကို ယခုအချိန်တွင် မသိနိုင်သေးပေ။ သူ၏ကံကို စမ်းသပ်ခြင်းသည် ကောင်းသည့်စိတ်ကူး မဟုတ်ပေ။

ထို့အပြင် အဖြူရောင်ကျားဝောာင်ထွတ်နှင့် အနီးစပ်ဆုံးမှာ အနီရောင်ငှက်တောင်ထွတ်ဖြစ်သည်။ ထိုနေရာတွင် ဝမ်ချောင်သိသူအနည်းငယ် ရှိသည်။

"နယ်စားလေးရီ နဲ့ တခြားသူတွေ ဘယ်လိုတွေရှိနေမလဲ ငါသိချင်မိတယ်"

ဝမ်ချောင်တွေးလိုက်သည်။

နယ်စားလေးရီနှင့် ဝမ်ချောင်၏ ဒုတိယအစ်မဝမ်ကျူးယန်တို့သည် သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။ ဝမ်ချောင်သည်ယခင်က သူတို့နှစ်ယောက်စလုံး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော်လည်း ထိုသည်မှာ စနောက်ခြင်းသာ ဖြစ်သည်။

နယ်စားလေးရီ၏ စိတ်ရင်းက မဆိုးပေ။ သူမသည် သူ့ကို ကျောင်းကျူအကြောင်း သတိပေးရန် တောင်၏ အလယ်တွင် တကူးတက စောင့်ဆိုင်းနေခဲ့တာဖြစ်သည်။

မြင်းလေး၏ခွာတို့သည် မြေပြင်ပေါ်တွင် တဖျတ်ဖျတ်ခတ်ကာ အဝေးသို့ ဒုန်းဆိုင်းပြေးနေသည်။ မကြာမီ နားအူမတတ် ကျယ်လောင်သော တိုက်ပွဲ ငိုကြွေးသံများသည် လေထဲတွင် ပြည့်နှက်နေခဲ့သည်။ သူမော့ကြည့်လိုက်သည်တွင် တောင်ပေါ်၌ ကြီးမားသည့် အနီရောင်ငှက်ရုပ်တုကို တွေ့လိုက်ရသည်။ ကြက်သွေးရောင်ရုပ်တု၏အောက်တွင် နီမြန်းသော အဆောက်အဦများ တွဲလျက်တည်ရှိနေပြီး ပတ်ပတ်လည်တွင် မီးရောင်များ လင်းထိန်လျက်ရှိသည်။

သို့သော်လည်း မြင်ကွင်းသည် ဝမ်ချောင်မျှော်လင့်ထားသည်နှင့် ခြားနားလျက် ရှိသည်။

အနီရောင်ငှက်တောင်ထွတ်ပေါ်တွင် ဝံပုလွေများနှင့် ဂိုဂူလျောတို့သည် တောင်ထိပ်အောက်ခြေရှိ တိကျသည့်အကွာအဝေးတစ်ခုတွင် ရပ်တန့်နေကြသည်။ ထိုသို့သာမက ရပ်နားခြင်း မရှိသော မြားမိုးသည်လည်း တောင်ထွတ်မှ ပစ်လွှတ်လျက်ရှိကာ အရပ်မျက်နှာအားလုံးရှိ တောင်များဆီသို့ ဦးတည်သွားခဲ့ကြသည်။ သူတို့သည် ရန်သူလေးသခင်များနှင့် တကယ့်ကို အပြန်ပြန်အလှန်လှန်ပစ်ခတ်လျက်ရှိသည်။ ထိုသည်ကို ကြည့်ရသည်မှာ သူတို့သည် အသာစီးပင် ရနေပုံပေါ်သည်။

"ဒါက ချဲ့ကားလွန်းတယ်"

ညလေသည် သူ့မျက်နှာကို တိုက်ခတ်လျက်ရှိသည်။ သူ့စစ်မြင်း၏ကျောပေါ်မှ ဤမြင်ကွင်းကို ကြည့်၍ ဝမ်ချောင်၏မျက်လုံးသည် မျက်ဆန်ထဲမှာ ပေါက်ထွက်တော့မည်ကဲ့သို့ ခံစားနေရသည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် လေးသခင်သုံးဦးသာရှိသည်။ အနီရောင်ငှက်တောင်ထွတ်ပေါ်တွင် အများဆုံး လေးသခင်တစ်ဦးသာရှိနိုင်သည်။ သို့တိုင် ထိုရပ်တန့်၍မရသော မြားမိုးသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပုံပေါ်သည်။ ထိုသည်မှာ အနီရောင်တောင်ထွတ်ပေါ်တွင် လေးသခင်အယောက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိသကဲ့သို့ဖြစ်ကာ ‌နယ်မြေတစ်ခုလုံးကို ဘာတစ်ခုမျှ နီးကပ်မလာစေနိုင်သည့် ခံတပ်အဖြစ် ပြောင်းလဲထားခဲ့သည်။

သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်ပေ။

"ဒီ‌အနီရောင်ငှက်တောင်ထွတ်ပေါ်မှာ မကောင်းဆိုးဝါးတွေ ဘယ်လောက်များများ ရှိနေတာလဲ"

ဝမ်ချောင်သည် မသိစိတ်မှ နယ်စားလေးရီနှင့် တခြားမိန်းမပျိုများကို တွေးမိလိုက်ကာ သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။

အကယ်၍ အနီရောင်ငှက်တောင်ထွတ်ပေါ်တွင် နည်းပြဆရာလေးသခင်တစ်ဦးတည်းသာ ရှိခဲ့လျှင် သံသယဖြစ်စရာ မလိုဘဲ အခြားသော လေးသခင်များသည် အမျိုးသမီးတပ်သားသစ်များပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် မြားများ၏ ခွန်အားမှနေ၍ ဆုံးဖြတ်ရလျှင် သူတို့အားလုံးသည် နယ်စားလေးရီကဲ့သို့ အစစ်အမှန်နယ်ပယ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဝမ်ချောင်သည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုရှိ အမျိုးသမီးတပ်သားသစ်များအကြောင်း များများစားစား မသိခဲ့ပေ။ သူသည် သူတို့ကိုလည်း အာရုံအများကြီး မစိုက်ခဲ့ပေ။ သို့သော်လည်း သူသည် အမျိုးသားတပ်သားသစ်များနှင့် အမျိုးသမီးတပ်သားစစ်များအကြား အခြေခံ ခြားနားချက် အချို့ကို သိရှိထားခဲ့သည်။

အမျိုးသမီးအများစုသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရခြင်းကို မနှစ်သက်ကြသောကြောင့် လေးအတတ်ကို သင်ယူရန် ရွေးချယ်ကြသည့် သူတို့အချိုးသည် ယောက်ျားလေးအချိုးထက် ပို၍များပြားနေရခြင်းဖြစ်သည်။

ထိုသို့တိုင် ဤသည်မှာ လေ့ကျင့်ရေးစစ်စခန်း၏ ပထမရက်သာရှိသေးသည်။ ထို့ကြောင့် မြားပစ်ခြင်းကို ဤကဲ့သို့ ကျွမ်းကျင်နေလိမ့်မည်ဟု ဝမ်ချောင် မျှော်လင့်မထားခဲ့ပေ။

"ကြည့်ရတာ အနီရောင်ငှက်တောင်ထွတ်ပေါ်မှာ ငါ့ဒုတိယအစ်မနဲ့ နယ်စားလေးရီလို သန်မာတဲ့ အမျိုးသမီးတွေ နည်းနည်းရှိပုံပဲ "

လေးသခင်များသည် ကိစ္စတစ်ခု ဖြစ်သော်လည်း ဤနေရာရှိ အစစ်အမှန် သိုင်းပညာကျွမ်းကျင်သူ အရေအတွက်သည်လည်း ဝမ်ချောင် ထင်ထားသည်ထက်ကျော်လွန်နေပုံရသည်။ အနည်းဆုံး အဖြူရောင်ကျားဝောာင်ထွတ်သည် နှိုင်းယှဉ်၍ မရပေ။

တစ်ချက်ဝေ့ကြည့်လိုက်ချိန် ဝမ်ချောင်သည် မီးရှူးမီးပန်းကဲ့သို့ တောက်ပနေသော ချီစက်ကွင်း အများအပြားကိုလည်း တောင်ထွတ်ပေါ်တွင် မြင်လိုက်ရသည်။ အနီရောင်ငှက်တောင်ထွတ်၏ ပြောင်မြောက်လှသည့် တိုက်ခိုက်ခြင်းစွမ်းရည်သည် ‌အဖြူရောင်ကျားတောင်ထွတ်ထက် ပို၍ကြီးမားပေသည်။

"သွားစို့"

ထိုသို့သော ပြဿနာများကို တွေးတောရမည့် အချိန်မဟုတ်ကြောင်း နားလည်သဖြင့် သူသည် မြင်းကို တောင်ပေါ်သို့ လျင်မြန်စွာ တက်စေလိုက်သည်။ အနီရောင်ငှက်တောင်ထွတ်၏ စွမ်းရည်သည် မဆိုးသော်လည်း နယ်စားလေးရီ အဆင့်ရှိသော မွန်းစတားများ အများအပြားရှိသော်လည်း ဂိုဂူလျောနှင့် တာခ့်တို့၏ အင်အားများကိုလည်း လျှော့မတွက်သင့်ပေ။

အနီရောင်ငှက်တောင်ထွတ်သို့ရောက်သည်နှင့် ဝမ်ချောင်သည် တွယ်တက်ရန် အနည်းငယ်ပြေသော ချောက်ကမ်းပါးကို မရှာမီ အရိပ်ငယ်ကို လွတ်လပ်စွာ သွားခွင့်ပြုလိုက်သည်။

တောင်ထိပ်သို့ရောက်သည်တွင် အနီးနားရှိ စစ်မျက်နှာစာအတွက် သူ့ပတ်ဝန်းကျင်ကို စတင် ကြည့်ရှုလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ပြေးထွက်ပြီး မတိုက်ခိုက်ခင် အခွင့်အရေးကို ဂရုတစိုက် စောင့်နေလိုက်သည်။

ရွှတ်

တုံ့ဆိုင်းမနေဘဲ သူသည် စစ်မြေပြင်ပျက်စီးခြင်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ကြီးမားသော်လည်း မမြင်နိုင်သော အဖြူရောင်လှိုင်းဂယက်သည် ကျန်းနှစ်ရာပတ်လည်သို့ ပျံနှံ့သွားခဲ့သည်။ ဂိုဂူလျောတပ်သားများသည် မမြင်နိုင်သော လှိုင်းဂယက်များဆီသို့ ရုတ်တရက် ကပ်သွားခဲ့သည်။

နှစ်ဖက်စလုံးသည် အစကတည်းက အနီးကပ်တိုက်ခိုက်နေခြင်းကြောင့် ဝမ်ချောင်ပါဝင်လာခြင်းသည် တိုက်ပွဲဒီရေကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ ကံကြမ္မာ၏မျက်နှာသာ‌ပေးမှုသည် အနီရောင်တောင်ထွတ်ဘက်သို့ ကျဆင်းသွားခဲ့သည်။

ဂိုဂူလျောတပ်သားများသည် ဖြစ်ပျက်နေတာကို နားမလည်မီ သူတို့၏ ဆူးချွန်ချီစက်ကွင်းများသည် သိသိသာသာ အားနည်းသွားခဲ့ကာ သူတို့၏ မူလစွမ်းအင်စီးဆင်းမှု နှေးကွေးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အချိန်ခဏအတွင်း သူတို့၏ လက်ကျွမ်းကျင်မှုသည်လည်း နှစ်ဆင့်အထိ နိမ့်ကျသွားခဲ့သည်။

ကြောက်ရွံ့မှုသည် သူတို့ကို တိုက်စားသွားတော့သည်။

ပူးး

ပရမ်းပတာအခြေအနေကြားတွင် ဝမ်ချောင်သည် ပြင်းထန်စွာ ဒဏ်ရာရ‌နေသော ဂိုဂူလျောတပ်သားကို ကြည့်လိုက်သည်။ ရှေ့သို့ ပြေးတိုက်လိုက်စဉ် ကျောက်စိမ်းရိုင်းသံမဏိဓားကို ဆွဲကိုင်ကာ တစ်ဖက်လူ၏ရင်ဘတ်ဆီသို့ နက်ရှိုင်းစွာ ထိုးလိုက်သည်။

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်တော် လေးယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် သုံးစွဲသူ]

ရင်းနှီးနေသောအသံတစ်ခုသည် ဝမ်ချောင် နားထဲပေါ်လာခဲ့သည်။ လေပြင်းကြီး တိုက်ခတ်လာကာ မမြင်နိုင်သော စွမ်းအင်များသည် ဝမ်ချောင်ကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

စစ်မြေပြင်ပျက်စီးခြင်းသည် နောက်တစ်ကြိမ် သန်မာလာခဲ့ပြန်သည်။

ချီစက်ကွင်း၏ အကျယ်အဝန်းမှာလည်း ကျန်းနှစ်ရာမှ ကျန်းနှစ်ရာ့ငါးဆယ်သို့ ကျယ်ပြန့်လာကာ ဂိုဂူလျောတပ်သားများကို ပို၍ ဖုံးလွှမ်းသွားခဲ့သည်။

ပူး ပူး ပူး

ကျင့်ကြံခြင်းအဆင့် ရုတ်တရက်အားနည်းသွားခြင်းသည် ဂိုဂူလျောတို့၏ ခုခံကာကွယ်မှုတွင် ဟာကွက် ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူတို့၏ရန်သူများကို သူတို့အပေါ်ပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်ရန် အခွင့်အရေးတစ်ခု ရစေခဲ့သည်။ ယင်းက သူတို့အကြား ကြောက်ရွံ့ထိတ်လန့်မှုများကို ပို၍ ပျံ့နှံ့လာစေသည်။ ဝမ်ချောင်ပေါ်ထွက်လာခြင်းသည် သူတို့၏တည်ငြိမ်မှုများကို ပျက်စီးစေခဲ့၏။

"သေစမ်း"

ကျယ်လောင်သည့် အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် ဂိုဂူလျောတပ်သားကို သတ်ဖြတ်ပြီးနောက် အားကောင်းသည့်လေပြင်းက တိုက်ခတ်လာတော့သည်။ နီရဲနေသောမျက်လုံးများဖြင့် အဝါရောင်ဝတ်စုံဝတ်ဆင်ထား‌သော မိန်းမပျိုတစ်ဦးသည် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ သူမ၏ဆေဘာဓားရှည်ဖြင့် သူဆီသို့ ရုတ်ခြည်းခုတ်ထည့်လိုက်သည်။

"သေစမ်း..ငါဒီကိုရောက်နေတာ နင်တို့ကိုကူညီဖို့"

ဝမ်ချောင်၏ မျက်နှာသည် ချက်ချင်း တွန့်လိမ်သွားခဲ့သည်။ ထိုကဲ့သို့ သူ အော်လိုက်စဉ် သူသည် တစ်ဖက်လူ၏တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ဝမ်ချောင်၏ စကားလုံးများကိုကြားသည်တွင် အဝါရောင်ဝတ်မိန်းမပျို၏ သတ်ဖြတ်ချင်စိတ်သည် အနည်းငယ် လျော့ပါးသွားခဲ့ပြီး သူမ၏အနီရောင်မျက်ဝန်းများသည်လည်း အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ချောင်သည် သူ့အပေါ်ထားသော သူမ၏သတိများ လျော့ကျသွားခဲ့ပြီဟု တွေးနေစဉ်မှာပင်

ဘန်းးး

တိမ်ပန်းထိုးဖိနပ်တစ်ဖက်သည် သူ့မြင်ကွင်းထဲ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ဝမ်ချောင်သည် ကြီးမားသည့် ခွန်အားကြောင့် အနောက်သို့ ဆတ်ခနဲ လွင့်ထွက်မသွားမီ သူ့ရှေ့သို့ ပိတ်ဆို့ရန် ဓားဖြင့် ကာရုံသာ ကာလိုက်နိုင်သည်။

"ဟမ်း ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတစ်ယောက်မှကို မရှိဘူး"

ဤသည်မှာ နောက်သို့လွင့်ထွက်မသွားမီ ဝမ်ချောင်ကြားလိုက်ရသည့် စကားလုံးများပင်ဖြစ်သည်။

"သောက်ခွေး ‌ဒီအနီရောင်ငှက်တောင်ထွတ်ပေါ်မှာ မီးခဲလို ဒေါသထွက်နေတဲ့ မိန်းမပျိုတွေ အများကြီး မရှိဘူးမလား"

ဤသည်မှာ ဝမ်ချောင်လွင့်ထွက်မသွားမီ နောက်ဆုံးတွေးလိုက်ခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှု နောက်ကွယ်မှ ခွန်အားကို သုံးသပ်ရလျှင် တစ်ဖက်လူသည် အနိမ့်ဆုံး အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။

ဤသို့ဆိုလျှင် ဝမ်ချောင်သည် တစ်ဖက်လူနှင့် အင်အားအရ မည်သို့ယှဉ်နိုင်မည်နည်း။

ဘန်းးး

လေထဲ၌ ရှိနေစဉ် ဝမ်ချောင်သည် အဝါရောင်ဝတ်မိန်းမပျို၏ နံဘေးတွင် ပုံရိပ်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာခဲ့ပြီး သူမကို ရိုက်နှက်ကာ သူမကိုလည်း လေထဲသို့ လွင့်စဉ်သွားစေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"နင်ဘယ်လိုတောင် အတင့်ရဲလိုက်တာလဲ၊ သူ့ကိုတိုက်ခိုက်ဖို့ နင့်ကို ဘယ်သူက ခွင့်ပြုချက် ပေးလိုက်တာလဲ"

အရိုးခိုက်မတတ် အေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရင်းနှီး‌နေသည့်ပုံရိပ်တစ်ခုသည် သူ့ဘေး၌ ပေါ်လာကာ သူ့ကို ဆွဲထူလိုက်ပြီး တည်ငြိမ်စေလိုက်သည်။

"နင် ဒီကို ဘာအတွက်လာတာလဲ၊ ဒီနယ်မြေက အရမ်းအန္တရာယ်များတယ်ဆိုတာ နင်မသိဘူးလား"

နယ်စားလေးရီ၏ မျက်နှာတွင် ချွေးများစီးကျနေခဲ့ပြီး သူမ၏ဆံပင်များသည် ချွေးများးဖြင့် စိုရွဲနေခဲ့သည်။ သို့သော်လည်း သူမသည် အခြေအနေကို ကောင်းစွာ ရင်ဆိုင်‌နေပုံရသည်။ သူမ၏ ကိုယ်ဟန်အနေအထားသည် ဖြောင့်မတ်ကာ သူမ၏မျက်လုံးများသည် တောက်ပနေပြီး သူမသည် ရက်စက်သော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ‌ဝမ်ချောင်ကို ပြသခြင်းမရှိခဲ့သော သူမ၏ အခြားပုံစံဖြစ်သည်။

ဘန်းးး

ဝံပုလွေတစ်ကောင်သည် ရုတ်ခြည်းသူတို့နှစ်ယောက်ဆီသို့ ခုန်အုပ်လာခဲ့သည်။ သူမ၏လက်ထဲမှ လှံကို တစ်ချက် လှုပ်ရှားလိုက်ခြင်းနှင့်အတူ ဝံလွေမတုန့်ပြန်နိုင်မီ ခေါင်းထဲသို့ထိုးစိုက်လိုက်သည်။ သူမ၏ လှုပ်ရှားမှုသည် ရှင်းလင်းပြီး တိကျသည်။

"အဖြူရောင်ကျားတောင်ထွတ်ပေါ်မှာ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ၊ ငါ မင်းကို ကူညီဖို့ ဒီလာခဲ့တာ"

ဝမ်ချောင်သည် နယ်စားရီနှင့်အတူ လက်တွဲ၍ သူတို့ကို တိုက်ခိုက်လာသော ဝံပုလွေများကို သတ်ဖြတ်ကာ ပြန်ဖြေလိုက်သည်။

"အဖြူရောင် ကျားတောင်ထွတ်ကလည်း တိုက်ခိုက်ခံရတာလား"

နယ်စားရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာဖြတ်ပြေးသွားခဲ့ကာ မကြာမီသူမ၏ မထုံတတ်သေးပုံစံက ပြန်ပေါ်လာခဲ့သည်။

"တိုက်ပွဲက ပြီးသွားပြီမို့ နင်အဲမှာပဲနေသင့်တယ်၊ နင်ဒီကိုလာပြီး ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ၊ နင်ရဲ့ မဖြစ်စလောက်ခွန်အားလေးနဲ့ ဘာတွေများ အကျိုးပြုနိုင်ဖို့မျှော်လင့်နေတာလဲ၊ တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် နင်သိလား နင်ရဲ့ဒုတိယအစ်မက ဘယ်လောက်တောင်စိတ်ပူလိုက်မလဲဆိုတာ"

နယ်စားလေးရီသည် အပြစ်တင်လိုက်ကာ သူမ၏ခြေဖဝါးအောက်မှ အစိမ်းရောင် ချီစက်ကွင်းတစ်ခုသည် တွန့်လိမ်သွားခဲ့သည်။ ဆူးချွန်များကြားတွင် ရွှေရောင်လှံကို ရေးရေးလေး မြင်နိုင်သည်။

တစ်ချိန်တည်းတွင် သူမလက်ထဲမှ ခရမ်းရောင်လှံသည် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ ထိုသည်မှာ တစ်စုံတစ်ယောက်၏မျက်လုံးဖြင့် မြင်နိုင်ရန် ခက်ခဲသည်။ ရိုးရှင်းသည့် ထိုးချက်တစ်ချက်ဖြင့် နောက်ချန်ပုံရိပ်ဆယ်ခုထက်မက ပေါ်လာခဲ့သည်။

ပူးးး

ဂိုဂူလျောစစ်သည်၏ တုံ့ပြန်မှုသည် လုံလောက်အောင် လျင်မြန်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ့နှလုံးသည် ထိုးစိုက်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် လှံထိုးချက်မှ ပါလာသော ကြီးမားသည့်ခွန်အားသည် အလောင်းကို ချောက်ကမ်းပါးသို့ ပြုတ်ကျသွားစေခဲ့သည်။

"ဒီမိန်းကလေးက အမြဲတမ်းအတူတူပါပဲ"

ဝမ်ချောင်သည် ဤသည်ကို ပထမဆုံးမြင်တွေ့ဖူးခြင်း မဟုတ်သော်လည်း နယ်စားရီ၏ လှုပ်ရှားမှုကို မလေးစားဘဲမနေနိုင်ခဲ့ချေ။ သူမ၏ တိုက်ခိုက်ပုံသည် အလွန်ရိုးရှင်းကာ သဘောတရားတစ်ခုတည်းသာ ပါရှိပြီး အပိုလှုပ်ရှားခြင်းများမရှိပေ။

ထို့ကြောင့် သူမ၏လှုပ်ရှားမှုအားလုံးသည် ရိုးရှင်းကာ အလွန်အမင်းသေစေနိုင်သည်။

ဤသည်မှာ သာမန်လူတစ်ယောက် နားမလည်နိုင်သည့် ပုံစံတစ်ခုဖြစ်သည်။

"ထူးဆန်းတယ်၊ ဒီလူတွေအားလုံးက ဘာလို့ ရုတ်တရက်အရမ်းအားနည်းသွားရတာလဲ"

နယ်စားလေးရီသည် နဖူးကျောကို အနည်းငယ်ကျုံ့လျက် တီးတိုးရေရွတ်လိုက်သည်။ အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူမ၏ အလိုလိုသိစိတ်နှင့် အာရုံခံစားမှုသည် သာမန်သိုင်းပညာရှင်တစ်ယောက်ထက် သာလွန်ပေသည်။

သူမရှေ့ရှိ ဂိုဂူလျောစစ်သည်များသည် မြင်သာသည်အထိ ကြောက်ရွံ့နေကြသည်။ ထိုသည်ကို သူတို့၏ပုံစံနှင့် သူတို့၏ လှုပ်ရှားမှုများက ဖော်ပြနေသည်။ ဤသည်မှာ ယခင်ကနှင့် အလွန်ခြားနား ပေသည်။

နယ်စားလေးရီသည် တစ်စုံတစ်ခု လွဲမှားနေသည်ကို ဘာကြောင့် သတိမပြုမိဘဲ ရှိရမည်နည်း။

ဤသည်ကိုမြင်သည်တွင် ဝမ်ချောင်သည် အနည်းငယ်ပြုံးလိုက်သော်လည်း သူသည် ရှင်းပြမနေခဲ့ပေ။

စစ်မြေပြင်ပျက်စီးခြင်းသည် သူ့ရန်သူအပေါ်သာ သက်ရောက်မှုရှိသည်။ အနည်းဆုံး ဤအဆင့်တွင် ချီစက်ကွင်းသည် ဝမ်ချောင်ကို အနည်းမျှပင် ပြသခြင်းမရှိခဲ့ပေ။

ဤရုတ်ခြည်းပြောင်းလဲမှုကို ဖြစ်စေသည်မှာ ဝမ်ချောင်ဖြစ်သည်ကို ညွှန်ပြသည့် လက္ခဏာများ မရှိခဲ့သည်ကို ကျေးဇူးတင်ရပေမည်။

"နယ်စားလေးရီ ငါ့ကိုကူပါဦး"

ဝမ်ချောင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှု့လိုက်ပြီးနောက် ဆုတ်ခွာနေသူများအကြားတွင် ဒဏ်ရာရနေသည့် ဂိုဂူလျောတပ်သားကို တွေ့လိုက်သည်။ တစ်ဖက်လူ၏ ခြေဖဝါးအောက်မှ အဖြူရောင်လှိုင်းဂယက်သည် သူ့မြင်ကွင်းထဲတွင် ရှင်းလင်းလှသည်။

ဘုန်းးး

ဝမ်ချောင်နှင့် နယ်စားလေးရီသည် ဘယ်ညာယှဉ်လျက် နှစ်ယောက်စလုံးသည် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဓားနှင့် လှံတို့သည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။

[ဂိုဂူလျောတိုင်းပြည်မှ တပ်သားငါးဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ် သုံးစွဲသူ]

ရင်းနှီးသည့် အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး လှိုင်းဂယက်၏သက်ရောက်မှုသည် တစ်ကြိမ်ပို၍ ကျယ်ပြန့်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဝမ်ချောင်ကိုယ်တွင်းရှိ စစ်မြေပြင်ပျက်စီးခြင်းသည် ပို၍သန်မာလာသည်။

"ဒါက ငါးယောက်မြောက်ပဲ"

ဝမ်ချောင်ပျော်ရွှင်စွာတွေးလိုက်သည်။

စစ်မြေပြင်ပျက်စီးခြင်းသည် ရန်သူနယ်မြေမှ တပ်သားများကို သတ်ဖြတ်ခြင်းဖြင့်သာ တိုးတက်အောင် လုပ်နိုင်သည်။ ဤတပ်သားသည် ဆူးချွန်ချီစက်ကွင်းကို ပိုင်ဆိုင်ထားသည့် အစစ်အမှန်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ဝမ်ချောင်၏ လက်ရှိခွန်အားဖြင့် သာမန်အခြေအနေအောက်တွင် သူတို့ကို တစ်ယောက်ချင်း တိုက်နိုင်ခြင်းမရှိပေ။

သို့သော်လည်း သူ့ဘေးတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြင့် ဆိုပါက အခြေအနေသည် လုံးဝကွဲပြားသွားခဲ့သည်။ ထိုအချိန်တွင် ဂိုဂူလျောတပ်သားများ၏ မူလစွမ်းအင်သည် လျော့ပါးနေပြီဖြစ်ကာ တစ်ယောက်ချင်းစီသည် ဒဏ်ရာများရရှိထားခဲ့သည်။ သူတို့သည် သူ၏ချီစက်ကွင်းအောက်သို့ ကျရောက်နေသည်ကိုထည့်မပြောသေးပေ။ ဤသည်မှာ သူ၏ စစ်မြေပြင်ပျက်စီးခြင်းကို မြှင့်တင်ရန်အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။

ပူးး

ခြောက်ယောက်မြောက်တပ်သား

ခုနှစ်ယောက်မြောက်တပ်သား

...

'လိမ္မော်သီးများကို ခွဲစားရန် အချောမွေ့ဆုံးတစ်လုံးကိုသာရွေးချယ်သည်။' ဝမ်ချောင်သည် တစ်ယောက်တည်း ဖြစ်နေသော၊ ဒဏ်ရာရထားသော၊ သူတို့၏မူလစွမ်းအင်များ နှေးနေသောကြောင့် ထိန်လန့်နေသော ရန်သူများကိုသာ ရွေးချယ်ပစ်မှတ်ထားခဲ့သည်။ သူတို့၏အကောင်းဆုံးအခြေအနေ၌ ရှိနေသော ဂိုဂူလျောများကိုတော့ သူသည် ဝေးဝေးမှရှောင်လေသည်။

စစ်မြေပြင်ပျက်စီးခြင်းဖြင့်ပင် ဝမ်ချောင်၏ အကျိုးပြုမှုသည် အနီရောင်ငှက်တောင်ထွက်ရှိ အခြားသူများထက် ပို၍ကြီးမားပေသည်။

ရွှီးးး

ရုတ်တရက် လေထုကို ထိုးခွဲလာသော အသံသည် ဝမ်ချောင်၏ နားထဲ၌ ပေါ်ထွက်လာခဲ့သည်။ သူ၏မသိစိတ်မှ အန္တရာယ်သတိပေးချက်သည် သူ့နှလုံးသားတစ်ခုလုံးကို တင်းကျပ်သွားစေသည်။ ဝံပုလွေအစွယ်မြားတစ်စင်းသည် သူ့မြင်ကွင်းထဲဝင်လာခဲ့သည်။ ကြီးမားသည့်အဖျက်စွမ်းအားနှင့်အတူ ထိုမြားသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။

"ချီးပေ တာ့ခ်လေးသခင်တွေ"

ဝမ်ချောင်၏ မျက်နှာသည် ထိတ်လန့်စွာ ရှုံ့မဲ့သွားခဲ့သည်။ သူသည် ထိုမြားကို တားဆီးရန် တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်သည်။ သို့သော် ခဏအကြာတွင် စိတ်ကူး၍မရသော အရာတစ်ခုဖြစ်ပျက်သွားခဲ့သည်။

ဘန်းးး

အရေးကြီးဆုံးအခိုက်အတန့်တွင် အနီရောင်ငှက်တောင်ထွတ်ပေါ်မှ လူ့လက်သန်းအထူခန့်ရှိ မြားတစ်စင်းသည် ပစ်လွှတ်လာခဲ့ပြီး သေစေနိုင်သော ဝံပုလွေအစွယ်မြားကို သူ၏လမ်းကြောင်းမှ ပယ်ခွာသွားစေခဲ့သည်။

ဘုန်းးး

မြားနှစ်စင်းတိုက်မိခြင်းမှ အားကောင်းသည့်စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့ပြီး ဝမ်ချောင်၏ ဝတ်ရုံကို တဖျပ်ဖျပ်လွင့်သွားစေသည်။

ဤမြင်ကွင်းကို မြင်သည်တွင် ဝမ်ချောင်သည် ကြက်သေသေသွားခဲ့သည်။

သူ့ကို ကာကွယ်လိုက်သည့် ထိုမြားသည်၊ နည်းနည်းလေးအားကောင်းမနေဘူးလော။

----------

စာရေးသူအမှာစာ

ဟင်္သာပြဒါးငှက်(Vermilion Bird) ရဲ့ တည်ရှိမှုဟာ ဖီးနစ်ငှက်နဲ့ အလားသဏ္ဍာန်တူတယ်ဆိုပေမဲ့ ဖီးနစ်ငှက်နဲ့မတူပါဘူး တဲ့။ ဖီးနစ်ငှက်ဟာ ဒဏ္ဍာရီလာငှက် ဖြစ်ပြီး ဟင်္သာပြဒါးငှက်ကတော့ ထိပ်တန်းငှက်တွေထဲက ငှက်တစ်မျိုးဖြစ်ပါတယ် တဲ့။(Vermilion Bird လို့ ဂူးဂယ်လ်ခေါက်ကြည့်ပါ။ ဒီဝတ္ထုထဲမှာတော့ လိုတိုရှင်း အနီရောင်ငှက်လို့ဘာသာပြန်ပါမယ်။ အလျင်းသင့်ရင်သင့်သလို စာရိုက်ရမှာပျင်းတဲ့အခါ ငှက်နီလို့ပါပြန်ပါမယ်။ ကျန်တဲ့ ကျားဖြူတွေ လိပ်နက်တွေ နဂါးပြာတွေလည်း အတူတူပါပဲ။)

Court uniform ကို သူကတော့ တကူးတက ရှင်းထားပေမဲ့ ကိုယ်တွေတော့ အဝါရောင်ဝတ်စုံဝတ်မိန်းမပျိုလို့ ပြန်လိုက်ပါတယ်။ 😛

အနီရောင်ငှက်တောင်ထွတ်က တပ်သားသစ်တွေဟာ ဘာလို့ တခြားတောင်ထွတ်ကသူတွေထက် ပိုပြီးသန်မာနေရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြထားတာကတော့၊ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေဟာ အစစ်အမှန်သိုင်းပညာနယ်ပယ်ကို ရောက်တာနဲ့ စစ်တပ်ထဲကို အလွယ်တကူ ဝင်ရောက်လို့ရနေချိန်မှာ ဝင်ရောက်ခဲ့ချိန်မှာ မိန်းကလေးတွေကတော့ စစ်တပ်ထဲဝင်ဖို့ ခက်ခဲတာကြောင့်ပါတဲ့။ စစ်တပ်ထဲဝင်လို့မရခဲ့တဲ့ မိန်းကလေးတွေဟာ လေ့ကျင့်ရေးစစ်စခန်းကို ဝင်လာတာကြောင့် ပိုသန်မာနေရတာပါတဲ့။

အပိုင်း ၂၁၇။ များပြားလာ‌နေသော အောင်မြင်မှုအသီးအပွင့်များ

"မင်းသမီးနီရွှမ်က အဲဒီကျွမ်းကျင်သူတွေကို တော်ဝင်နန်းတော်ကနေ ခေါ်ဆောင်လာခဲ့တာပဲ၊ ဒီလောက်လုပ်နိုင်စွမ်းတွေ အများကြီးမရှိရင် ငါတို့က အခုချိန်ထိ တောင့်ခံထားနိုင်မယ်လို့ နင်ဘယ်လိုတွေးလိုက်တာလဲ၊ ပြီးတော့ ခုနကနင့်ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ မိန်းမပျိုကလည်း မင်းသမီးနီရွှမ်ရဲ့ အစေခံပဲ၊ မင်းသမီးက စိတ်ဆတ်တယ် ဒါကြောင့် သူမနဲ့ဝေးဝေးနေတာက နင့်အတွက်ကောင်းလိမ့်မယ်"

နယ်စားလေးရီသည် လှည့်မကြည့်ဘဲ ပြောလိုက်သည်။ ကြည့်ရသည်မှာ ဝမ်ချောင်ဘာတွေးနေသလဲဆိုသည်ကို ပြောနိုင်ပုံပေါ်သည်။ သူမ၏ လှံသည် တောင်ပေါ်မှ ပြေးဆင်းလာသော ဝံပုလွေများ၏ မျက်လုံးများထဲသို့ လျင်မြန်စွာထိုးစိုက်သွားခဲ့ကာ သူတို့၏ခေါင်းများထဲမှ ကလော် ထုတ်လိုက်သည်။ ထိုကဲ့သို့အမြဲတမ်းပင် သူမ၏လှုပ်ရှားများသည် ရိုးရှင်းကာ ရှင်းလင်းလှသည်။

ဝံပုလွေများသည် မည်မျှရှောင်တိမ်းရန်ကြိုးစားပါစေ သူတို့သည် လှံဖြင့်ထိုးသွင်းခံရကာ လေထဲသို့ လွင့်စဉ်သွားခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။

"မင်းသမီးနီရွှမ်လား"

သူမ၏စကားလုံးများကို ကြားသည်တွင် ဝမ်ချောင်အံ့အားသင့်သွားခဲ့ရသည်။ သူသည် ဘေးကင်းသည့် နေရာသို့ ဆုတ်လိုက်ကာ အပေါ်သို့မော့ကြည့်လိုက်သည်တွင် လှပသော ရဲတောက်နေသည့် ဖီးနစ်ကဲ့သို့ အလွန်တောက်ပသော အနီရောင် ချီစက်ကွင်း လှည့်ပတ်နေသည်ကိုသာ မြင်လိုက်ရသည်။

ထိုခဏတွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို နားလည်လိုက်သည်။

အနီရောင်တောင်ထွတ်ပေါ်၌ တော်ဝင်မိသားစု၏အဖွဲ့ဝင်များရှိနေသည်ဟု တွေးကြည့်လိုက်လျှင်...။ ဝမ်ချောင်သည် ဤသည်ကို လုံးဝမျှော်လင့်မထားခဲ့ပေ။ သူသည် အနာဂတ်စစ်သူကြီးများအပေါ်တွင် အလွန်အာရုံစိုက်ထားခဲ့သည်။ ဤသို့ဖြင့် သူသည် တော်ဝင်မိသားစု၏ မျိုးဆက်များကို လျစ်လျူရှုထားမိခဲ့သည်။

သို့သော် ထိုအကြောင်းကိုယခုစဥ်းစားကြည့်လိုက်လျှင် ဤသည်မှာ မဟာလေ့ကျင့်ရေးစစ်စခန်းသုံခု၏ စဖွင့်ရက်သာ ရှိသေးသော်လည်း တော်ဝင်မိသားစု၏မျိုးနွယ်ဝင်တချို့သည် ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။

"တာခ့်တို့နဲ့ ဂိုဂူလျောတို့က ဒီနေရာမှာ ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး"

ဝမ်ချောင် ကောက်ချက်ချလိုက်သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် လူတိုင်းကို သူတို့၏ အစေခံများနှင့် ဆွေမျိုးသားချင်းများကို ခေါ်ဆောင်လာခြင်းကို ပိတ်ပင်ထားခဲ့သည်။ သို့သော်လည်း မင်းသမီးနီရွှမ်သည် ဤစည်းမျဉ်းဖြင့် ကန့်သတ်ခြင်း မခံခဲ့ရပေ။

ဝမ်ချောင်သည် တော်ဝင်မိသားစုကို စောင့်ရှောက်နေသော ကျွမ်းကျင်သူများသည် မည်မျှကြောက်စရာကောင်းသည်ကို နက်ရှိုင်းစွာနားလည်သဘောပေါက်ထားသည်။

မင်းသမီးနီရွှမ်သည် အားကောင်းသည့်ကျွမ်းကျင်သူများကို ခေါ်ဆောင်လာသည်ကို ထည့်သွင်းစဉ်းစားကြည့်လိုက်လျှင် အနီရောင်တောင်ထွတ်သည် သူတို့နယ်မြေကို ကာကွယ်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

"မင်းသမီးနီရွှမ်သာ တော်ဝင်မိသားစုကနေ ကျွမ်းကျင်သူတွေကို လေ့ကျင့်ရေးစစ်စခန်းထဲ ခေါ်ဆောင်လာလို့ရရင် ဒါက တခြားအဖွဲ့ဝင်တွေလည်း အတူတူပဲ လို့ ဆိုလိုတာပဲ၊ တစ်နည်းဆိုရရင် အခြေအနေက ငါတွေးထားသလောက်မဆိုးဝါးဘူး"

ဤဖြစ်နိုင်ခြေကို တွေးကြည့်လိုက်လျှင် ဝမ်ချောင်သည် ရင်ထဲမှ အလုံးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

မင်းသမီးနီရွှမ်သည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုရှိ တော်ဝင်မိသာစုမှ တစ်ဦးတည်းသောအဖွဲ့ဝင် မဟုတ်ပေ။ ဤလုပ်ကြံတိုက်ခိုက်မှုသည် ရုတ်ခြည်းဆန်လှသော်လည်း ဝမ်ချောင်စိုးရိမ်နေသည့် -လုံးဝအမြစ်ပြတ်ချေမှုန်းခံရမည်- ဟူသော ဆိုးဝါးသည့်မြင်ကွင်းသည် ဖြစ်လာလိမ့်မည်မဟုတ်ပေ။

"တိုက်ခိုက် "

အော်​သံတစ်ခုသည် ​ကောင်းကင်​ကြီးကို ရုတ်တရက် တုန်​လှုပ်​သွား‌စေခဲ့သည်​။ အကွာအဝေးတစ်ခုတွင် အနက်ရောင်ပုံရိပ်များသည် ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူတို့သည် အနည်းငယ်နောက်ကျသော်လည်း အဖြူရောင်ကျား၏(မူရင်းမှာ Vermilion Bird နဲ့ မှားရေးထားတာထင်တယ်) နည်းပြဆရာများနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များသည် နောက်ဆုံးတွင် အဓိကတိုက်ပွဲသို့ ဝင်ရောက်လာခဲ့ကြသည်။

"ပြန်ဆုတ်၊ လူတိုင်းပြန်ဆုတ် "

သူတို့ရန်သူများ၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့သည် ခုချိန်တွင် ပြန်တိုက်ရန် မည်သည့်အခွင့်အရေးမှမရနိုင်တော့သည်ကို သိရှိလိုက်ကြကာ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် တောင်ထွတ်မှ လျင်မြန်စွာထွက်ပြေးလိုက်ကြသည်။

"ဒါက အခွင့်အရေးကောင်းပဲ"

ဝမ်ချောင်၏မျက်လုံးများ တောက်ပသွားသည်။ သူသည် တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ကာ ရှေ့သို့ခုန်အုပ်လိုက်သည်။

ပူးးး

ကျောက်စိမ်းရိုင်းသံမဏိဓားသည် သွေးပျက်ခြောက်ခြားနေသော ဂိုဂူလျောတပ်သား၏ နောက်ကျောသို့ ထိုးစိုက်သွားခဲ့သည်။

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်ရှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သုံးစွဲသူ]

ကံကြမ္မာကျောက်စာမှ အသံထွက်ပေါ်လာခြင်းနှင့်အတူ လှိုင်းဂယက်သည်ပို၍ ကျယ်ပြန့်လာခဲ့သည်။ ဝမ်ချောင်ကိုယ်တွင်းရှိ စစ်မြေပြင်ပျက်စီးခြင်းသည်လည်း ပို၍ ကြီးထွားသန်မာလာခဲ့သည်။

သက်ရောက်မှု၏ အကျယ်အဝန်းကျယ်ပြန့်လာခြင်းနှင့်အတူ ဂိုဂူလျောတပ်သားများသည် သူ၏ချီစက်ကွင်းမှ ထွက်ပြေးလွတ်မြောက်ရန် ပို၍ ခက်ခဲသွားခဲ့သည်။ ဤသည်မှာ မမြင်နိုင်သော်လည်း အစစ်အမှန်တည်ရှိသည်။ သူတို့၏ ထွက်ပြေးခြင်းကို ကန့်သတ်ချုပ်ချယ်လိုက်ခြင်းသည် သူတို့ကို ပို၍ ပရမ်းပတာ ဖြစ်သွားစေသည်။

လူသားများအကြောက်ရွံ့ဆုံးအရာမှာ မသိခြင်းဖြစ်သည်။ ယခုအချိန်ထိတိုင် မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ ကျင့်ကြံခြင်းအဆင့် ဘာကြောင့် ရုတ်တရက်ထိုးကျသွားသည်ကို နားမလည်နိုင်သေးပေ။

"သူတို့နောက်လိုက် "

နှစ်ဖက်စလုံးပူးပေါင်းလိုက်ခြင်းသည် ဂိုဂူလျောတို့အတွက် သေဆုံးနိုင်ခြေကို လျင်မြန်စွာမြင့်တက်လာစေခဲ့သည်။

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်ကိုးဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သုံးစွဲသူ]

ဝမ်ချောင်သည် ကိုးယောက်မြောက်ဂိုဂူလျောတပ်သားကို သတ်ဖြတ်လိုက်ခြင်းနှင့်အတူ စစ်မြေပြင်ပျက်စီးခြင်းသည် နောက်တစ်ကြိမ်မြင့်တက်လာခဲ့ပြန်သည်။

အချိန်တိုတိုအတွင်းမှာပင် ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်စစ်သည်ကိုးဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သာမန်အခြေအနေတွင် သူသည် တစ်‌‌ယောက်ပင် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သို့သော် အဖွဲ့လိုက်စုပေါင်းအင်အားဖြင့် သူသည် ကိုးယောက်စလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။

"နယ်စားလေးရီ ငါ့ကိုကူညီပြီး လူအချို့ကိုစုစည်းပေးပါ၊ ငါတို့အနက်ရောင်လိပ်တောင်ထွတ်ဆီကို ထွက်ခွာကြမယ်"

ဤနေရာတွင် ဂိုဂူလျောတို့သည် ရှုံးနိမ့်သွားပြီးဖြစ်ကာ ဝမ်ချောင်သည် သူတို့နောက်လိုက်ရန် ဆန္ဒမရှိချေ။ ထို့ကြောင့် နယ်စားလေးရီဆီသို့ လှည့်လိုက်ကာ သူ တောင်းဆိုမှုတစ်ခု ပြုလိုက်သည်။ သူမသည် မျက်မှောင်ကြုတ်လိုက်သည်။ သာမန်အအခြေအနေတွင် ဝမ်ချောင်သာ ဤကဲ့သို့ပြောခဲ့ပါက သူမသည် သူ့ကို သေချာပေါက် ကန်ထုတ်လိုက်မည်ဖြစ်သည်။

သို့သော် ယခုအချိန်သည် ဤကဲ့သို့သောကိစ္စများကို အလေးထားနေရမည့်အချိန်မဟုတ်ပေ။ အနက်ရောင်လိပ်တောင်ထွတ်ပေါ်တွင် သေရေးရှင်ရေးအခြေအနေ ဖြစ်နေနိုင်သည်ကို သိနေသောကြောင့် သူမသည် အလုပ်အပေါ်သို့ ချက်ချင်းအာရုံစိုက်လိုက်သည်။

"ဖန်းယန်နဲ့ တန်းရွှယ် နင်တို့ရဲ့အဖွဲ့ကိုခေါ်ပြီး ဒီနေရာကိုလာခဲ့ပါ၊ ငါနဲ့အတူ အနက်ရောင်လိပ်တောင်ထွတ်ဆီ လိုက်ပါပေးပါ"

နယ်စားလေးရီသည် သူမနောက်ရှိ အမျိုးသမီးအနည်းငယ်နှင့် သူတို့ဝန်းကျင်တွင် နယ်စားလေးရီနှင့် ယှဉ်နိုင်သော ခွန်အားကို ထုတ်လွှတ်နေသည့် အမျိုးသမီးငယ်ငါးဦးကို လက်ဟန်ခြေဟန်ပြလိုက်သည်။

သူတို့အားလုံးသည် သိန်းငှက်တစ်ကောင်၏ စူးရှသည့်မျက်လုံးများရှိသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူမတို့သည် သွားရှုပ်၍မရသည့်လူများဖြစ်ကြောင်းသိနိုင်သည်။

အခြားတစ်ဖက်တွင် ဝမ်ချောင်သည်လည်း အဖြူရောင်ကျားတောင်ထွတ်မှ ယခုလေးတင် ရောက်လာသောအုပ်စုကို လက်ယပ်ခေါ်လိုက်သည်။ သူသည် ပို၍ရင်းနှီးသော တော်ဝင်စစ်တပ်အစောင့်အရှောက်အချို့နှင့် နည်းပြဆရာအချို့နှင့် ဆွေးနွေးလိုက်သည်။ ထို့နောက် နယ်စားလေးရီ၏ အုပ်စုနှင့်အတူ အနက်ရောင်လိပ်တောင်ထွတ်ပေါ်သို့ ဦးတည်လိုက်သည်။

အနက်ရောင်လိပ် တောင်ထွတ်ပေါ်တွင် မီးတောက်များသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေခဲ့သည်။ လူအလောင်းများနှင့် သားရဲအလောင်းများသည် ပြန့်ကျဲနေခဲ့သည်။ ထိုသည်ကိုကြည့်ရသည်မှာ အနက်ရောင်လိပ်တောင်ထွတ်သည် အဖြူရောင်ကျား သို့မဟုတ် အနီရောင်ငှက် တောင်ထွတ်ထက် ပို၍ ဆုံးရှုံးမှု ကြီးမားခဲ့ပုံပေါ်ပေသည်။

"ချီတက် "

ဤမြင်ကွင်းကိုမြင်သည်တွင် ဝမ်ချောင်၏ မျက်လုံးများသည် နီရဲသွားခဲ့သည်။ သူသည် အုပ်စုကို ဦးဆောင်လိုက်ကာ တောင်ပေါ်သို့ ချက်ချင်းတက်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် စစ်မြေပြင်ပျက်စီးခြင်းကိုလည်း ထုတ်ဖော်လိုက်သည်။

ဘုန်းးး

အင်အားစုနှစ်ခုသည် တစ်ခုနှင့်တစ်ခုတိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်တည်းတွင် စစ်မြေပြင်ပျက်စီးခြင်းသည် ဂိုဂူလျောတပ်သားအများစုကို လွှမ်းမိုးသွားခဲ့သည်။ ချီစက်ကွင်းသည် ဝမ်ချောင် စတင်ရရှိခဲ့သည်ထက် ပို၍သန်မာလာပြီဖြစ်သည်။ မကြာမီမှာပင် ဂိုဂူလျောများအကြား ပျံ့နှံ့သွားခဲ့ကာ ထိတ်လန့်ကြာက်ရွံ့မှုများ ချက်ချင်းလိုက်ပါလာခဲ့သည်။

ကျင့်ကြံခြင်းရုတ်တရက်ကျဆင်းသွားသည်တွင် ခန့်မှန်းချက်အမှားများကြောင့် အနည်းဆုံး ဂိုဂူလျောတပ်သားခုနှစ်ဦးသည် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။

[ဂိုဂူလျောတိုင်းပြည်ရဲ့ စစ်သည်ဆယ်ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သုံးစွဲသူ]

ဝမြးးး

ကြီးမားသောလှိုင်းလုံးကြီးသည် အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။ ယခုတွင် ဝမ်ချောင်၏ စစ်မြေပြင်ပျက်စီးခြင်းသည် ကျန်းလေးရာသို့ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။

ဤအကွာအဝေးသည် ထိတ်လန့်စရာပင်ဖြစ်သည်။ အနက်ရောင်လိပ်တောင်ထွတ်တစ်ခုလုံးနီးပါး ချီစက်ကွင်းဖြင့် လွှမ်းခြုံထားခဲ့သည်။ ထိုစက်ကွင်းဆီမှ အနှောင်အဖွဲ့ ချိန်းကြိုးနှင့်အတူ မဟာထန်တပ်သားများသည် အသာစီးရလာခဲ့သည်။

"လူတိုင်းပဲ ဒီလူတွေကို ရှင်းပစ်ဖို့ ပူးပေါင်းကြ"

ဂိုဂူလျောတို့၏ခေါင်းဆောင်သည် ရက်စက်သည့်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူတို့၏ ဘာသာစကားဖြင့်အော်ပြောလိုက်သည်။ သူသည် ဝမ်ချောင်တို့အုပ်စုကို ရင်ဆိုင်ရန် တပ်သားအချို့ကို စုစည်းလိုက်သည်။

ယင်းးးးး

သို့သော်လည်း ထိုအချိန်တွင် အနီးအနားရှိတောင်အနက်ပိုင်းမှ စူးရှသည့်အသံထွက်ပေါ်လာသည်။ ထိုစူးရှသည့်အသံကို ကြားသည်တွင် အနက်ရောင်လိပ်တောင်ထွတ်ပေါ်ရှိ ဂိုဂူလျောတပ်သားများ၏ အမူအရာသည် အကြီးအကျယ်ပျက်ယွင်းသွားခဲ့ကြသည်။ ခေါင်းဆောင်၏ အမူအရာသည်ပင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ဤသည်မှာ သူတို့ယခင်က သဘောတူထားခဲ့သော နောက်ဆုတ်ရန်အတွက် အချက်ပြခြင်းဖြစ်သည်။

ဟောင်းလောင်လောင်

ကျယ်လောင်သည့်အသံတစ်ခု အဝေးမှထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သည့် အချက်ပြငှက်များသည် သစ်တောထဲမှ လေထဲသို့ ပျံတက်သွားခဲ့သည်။ အကွာအဝေးတစ်ခုတွင် သူတို့၏စစ်စခန်းများမှ ဂိုဂူလျောများအားလုံးကို အောင်မြင်စွာ လိုက်လံဖမ်းဆီးပြီးနောက် အဖြူရောင်ကျားတောင်ထွတ်နှင့် အနီရောင်ငှက်တောင်ထွတ်မှ စစ်ကူများသည် ရောက်လာခဲ့သည်။

"သေစမ်း..နောက်ဆုတ် "

ဂိုဂူလျောစစ်သည်များသည် ဝမ်ချောင်နှင့်အခြားသူများကို မည်သို့ဆက်၍ရင်ဆိုင်နိုင်တော့မည်နည်း။ သူတို့သည် တောင်မှလွတ်မြောက်ရန် လမ်းတစ်ခုကို ဖောက်လိုက်ကြသည်။။

သူတို့သည်မည်မျှပင် တုံးအပါစေ ထိုသည်မှာ အဖြူရောင်ကျားတောင်ထွတ်နှင့် အနီရောင်ငှက်တောင်ထွတ်ရှိ စစ်ဆင်ရေးသည် ကျဆုံးသွားခဲ့ရသည်မှာ ထင်ရှားသည်။ ထို့အပြင် လေးသခင်များ၏ ကာကွယ်ပေးမှုမရဘဲ ဤစစ်ဆင်ရေးသည် ပျက်စီးသွားရပေလိမ့်မည်ဖြစ်သည်။

"တိုက်ကြ"

ဂိုဂူလျောတို့သည် ထွက်‌ပြေးရန်အာရုံစိုက်နေစဉ် တောင်ထိပ်သည် ရုတ်တရက်တုန်ခါသွားခဲ့သည်။ ယခင်က တိတ်ဆိတ်ပြီး ဘာမျှမရှိသော အနက်ရောင်တောင်ထွတ်သည် ပုံရိပ်များ ကြီးမားသည့်လှိုင်းလုံးကဲ့သို့ ပေါ်ထွက်လာခဲ့ကာ နောက်ဆုတ်ပြေးနေသော ဂိုဂူလျောစစ်သည်များသို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

"ဒါက "

ဝမ်ချောင် လုံးဝငုတ်တုတ်မေ့သွားခဲ့သည်။ နယ်စားလေးရီသည် မြင်ကွင်းကြောင့် မျက်မှောင်ကို တင်းကျပ်စွာ ကျုံ့လိုက်သည်။ သို့သော်လည်း မကြာမီ သူမသည် တစ်စုံတစ်ခုကို သတိပြုမိကာ ဒေါသထွက်သွားခဲ့သည်။

"ဟမ် လိပ်တစ်သိုက်ကာ သူတို့ရဲ့ အခွံထဲမှာ ပုန်းအောင်းနေတာပေါ့လေ၊ သူတို့ကိုယ်သူတို့ ခေါင်းဖော်ပြီး ဒီလိုအချိန်မျိုးမှာမှသာ ထွက်ပေါ်လာတာကို တွေးကြည့်ရင်၊ သူတို့ကို အနက်ရောင်လိပ်တောင်ထွတ်ပေါ်ပို့လိုက်တာ မထူးဆန်းဘူး"

သူမမျက်ဝန်းထဲတွင် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားနေသည်။ အခုမှထွက်ပေါ်လာကြသော ဤလူများသည် ပုန်းအောင်းနေခဲ့ကြပြီး အချိန်ဆွဲနေခဲ့ကြသည်။ စစ်ကူများပေါ်လာပြီး သူတို့အတွက် တိုက်ခိုက်ပေးမည်ကို စောင့်နေခြင်းပင်ဖြစ်သည်။

"ဝမ်ချောင်၊ နယ်စားလေးရီ ဘာလို့မင်းတို့နှစ်ယောက်က ဒီကိုရောက်နေတာလဲ၊ "

အံ့အားသင့်နေသည့် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တောင်ထိပ်ပေါ်တွင် ရွက်ကြမ်းရေကျိုရုပ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်သည် သူတို့ဆီသို့ တောင်ထိပ်မှပြေးဆင်းလာခဲ့သည်။ အနီးကပ် သေချာကြည့်လိုက်သည်တွင် ထိုဆယ်ကျော်သက်မှာ ဝေ့ဟိုဖြစ်နေသည်။

"မင်းတို့နှစ်ယောက် ဒီကိုဘာလို့ရောက်နေတာလဲ"

ဝေ့ဟို၏မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်လာခဲ့သည်။ သူသည် တောင်ပေါ်မှ တိုက်ခိုက်နေသံများကို ကြားလိုက်ရကာ သေချာဖွဲ့စည်းထားသည့် တပ်ဖွဲ့တစ်ခုက သူတို့ကို လာကယ်နေပြီဟု တွေးထင်ခဲ့သည်။ ဝမ်ချောင်နှင့် နယ်စားရီတို့သည်လည်း လာရောက်ကယ်ဆယ်သည့် အဖွဲ့မှ အဖွဲ့ဝင်များဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဟမ်း လူတိုင်းက‌ နင့်လို လိပ်ငယ်‌‌လေးလို့ ထင်နေတာလား"

နယ်စားလေးရီသည် အေးစက်စွာ မှိုချိုးမျှစ်ချိုးပြောလိုက်သည်။

"လိပ်‌တစ်ကောင်ဆိုတာ နင်ဘာကိုဆိုလိုတာလဲ၊ အရူးစကားတွေမပြောနဲ့"

ဝေ့ဟို၏မျက်နှာသည် ချက်ချင်းရဲတွတ်သွားခဲ့သည်။ သူသည် လှပသောမိန်းကလေးတစ်ယောက်က စော်ကားသည်ကို မည်သို့ လက်ခံနိုင်မည်နည်း။

"ဒါက ဗျူဟာမြောက်ဆုတ်ခွာခြင်းလို့ ခေါ်တယ်"

"နင်ဘယ်လိုတောင် ငါ့စကားကို ပြန်လှန်ပြောရဲရတာလဲ၊ နင့်ရဲ့အသားတွေက အရိုက်ခံချင်နေပြီလား"

နယ်စားလေးရီသည် ဝေ့ဟိုနှင့် ငြင်းခံရန်စိတ်မရှည်ပေ။ သူမသည် သူ့ဆီသို့ ရန်လိုသည့်မျက်ဝန်းများဖြင့် ချက်ချင်း ကြည့်လိုက်သည်။ ဝေ့ဟို၏မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ချက်ချင်းရှုံ့မဲ့သွားခဲ့သည်။

နယ်စားလေးရီ၏ခြေဖဝါးအောက်တွင် သူမည်သို့ တက်နင်းခံခဲ့ရသည်ကို ပြန်သတိရလိုက်မိကာ သူ၏အေးစက်သောလေများကို သူ့နှလုံးသားထဲ မှုတ်ထုတ်လိုက်သည်။ ဤမိန်းမသည် ကျိုးကြောင်းမဆီလျော်သည်ကို သူသိသည်။ သူသာ သူမ၏ ဆိုးဝါးသည့်ဖက်ခြမ်းကို နိုးဆွမိပါက သူသာလျှင် သေချာပေါက် ခံစားသွားရပေမည်။ သူသည် သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်၏။

အကွာအဝေးတစ်ခုတွက် ဂိုဂူလျောတို့သည် ကျန်းဒါဇင်များစွာ ဆုတ်ခွာသွားခဲ့ပြီးဖြစ်သည်။ အဖြူရောင်ကျား၊ အနီကောင်ငှက်နှင့် အနက်ရောင် တောင်ထွတ်များမှ နည်းပြဆရာများနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များက အနီးကပ်လိုက်နေကြသည်။

အနက်ရောင်လိပ်တောင်ထွတ်၏ ကပ်ဘေးကိုဖြေရှင်းလိုက်နိုင်ပြီး သူ့သူငယ်ချင်းသည်လည်း အဆင်ပြေနေသည်ကို သေချာသွားပြီးနောက် ဝမ်ချောင်သည် ဤနေရာ၌သာရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။

'ခွေးတစ်ကောင်သည် ချောင်ပိတ်ရိုက်ပါက ပြန်ကိုက်ပေလိမ့်မည်။' ဝမ်ချောင်သည် သူ့ခွန်အားကို သူသိသည်။ သူသည် ဂိုဂူလျောတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကိစ္စများကို ပိုကြီးမလာစေရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်သားပဲ ဝေ့ဟို.. မင်းတို့တောင်ထွတ်တစ်ခုလုံး မီးတောက်တွေနဲ့ ပြည့်နှက်နေတာ ငါသတိထားမိတယ် အဆောက်အဦအများစုက ပြာကျကုန်ပြီ.. လူတိုင်းက ဘယ်လိုလုပ် အသက်ရှင်ကျန်နိုင်ခဲ့တာလဲ"

ဝမ်ချောင်သည် ရုတ်တရက်မေးလိုက်သည်။

အနက်ရောင်တောင်ထွတ်ကို အဝေးမှ ကြည့်လိုက်သည်တွင် သူသည် သူတို့က အသေအပျောက် ကြီးကြီးမားမားခံစားခဲ့ရမည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း လက်တွေ့အခြေအနေသည် အလွန်ခြားနားနေခဲ့သည်။ ဤသည်မှာ ဝမ်ချောင် သိချင်နေသည့်အရာဖြစ်သည်။ ဤစကားလုံးများကို ကြားသည်တွင် နယ်စားရီတောင်မှ ဝေဟိုဆီသို့ အာရုံစိုက်လိုက်သည်။

ရန်သူ၏ လေးသခင်များသည် ကြောက်စရာအကောင်းဆုံးရန်သူများဖြစ်ကြသည်။ အဆောက်အဦများသည်ပင် သူတို့၏ မြားဒဏ်ကို ခံနိုင်မည်မဟုတ်ပေ။

"ဟီးဟီးဟီး"

ဝမ်ချောင်၏ စကားလုံးများကိုကြားသည်တွင် ဝေ့ဟို၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် တောက်ပသွားခဲ့သည်။

"ဒီမြေခွေးအစွယ်မြားတွေက တကယ့်ကို ကြောက်ဖို့ကောင်းပါတယ်..ဒါပေမဲ့ သူတိုက ငါတို့ရဲ့ ယှဉ်ပြိုင်ဘက်မဟုတ်ဘူး၊ မမေ့နဲ့ဦး ငါတို့က အနက်ရောင်လိပ်တောင်ထွတ်ကပဲ၊ ဒီမှာရှိတဲ့လူတိုင်းက အကာအရံတစ်ခု ရှိကြတယ် ပြီးတော့ ငါတို့အားလုံးသာ အတူတကွစုစည်းနေရင် မြားတွေက ငါတို့ကို ထိဖို့ ဘယ်လွယ်နေလိုက်မလဲ"

"အကာအရံလား"

ရုတ်တရက်ဆိုသလို ဝမ်ချောင်နှင့် နယ်စားလေးရီ၏ မျက်နှာပေါ်၌ ထူးဆန်းသည့် အမူအရာပေါ်လာခဲ့သည်။ သူတို့၏ အကြည့်များကို အနက်ရောင်လိပ်တောင်ထွတ်ပေါ်သို့ ပို့လိုက်ကြသည်။ သူတို့သည် ထိုသည်ကို ခုနက သတိမထားမိကြပေ။ သို့သော် ထိုနေရာတွင် အနည်းငယ်တောက်ပသော အလင်းရောင်မှိန်ပျပျရှိနေသည်။ သူတို့သည် ယခု၌ ကျောင်းသားသစ်အားလုံး၏လက်တွင် အနက်ရောင်အကာအရံတစ်ခု ရှိနေသည်ကို သိလိုက်ကြသည်။ သူတို့သည် ဂရုတစိုက် အာရုံစိုက်၍ မကြည့်ပါက ဤသည်ကို သတိမပြုမိလောက်ပေ။

-------------

အပိုင်း ၂၁၈ အမှန်တရား

"..."

တစ်ခဏအတွင်းမှာပင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

အနက်ရောင်လိပ်တောင်ထွတ်သည် မင်းသမီးနီဟွမ်၏ ကူညီပံ့ပိုးမှုနှင့် အဖြူရောင်ကျားတောင်ထွတ်ကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ အမှန်တကယ်တွင် သူတို့တွင် ကျိုးဟွမ်(ကျိူးရွှမ်) ကဲ့သို့သော လေးသခင်တစ်ဦးမျှပင် မရှိခဲ့ပေ။

သို့တိုင် အကာအကွယ်လေး တစ်ခုမျှဖြင့်ပင် သူတို့အများစုသည် ဤဘေးဆိုးမှ ကျော်လွှားနိုင်ခဲ့ကြသည်။

နယ်စားရီ ဤနေရာသို့ ခေါ်ဆောင်လာသော ကျွမ်းကျင်သူများသည်ပင် ဝေ့ဟို့နှင့် အခြားသူများသည် ကံအလွန်ကောင်းသည့် ဖိုးကံကောင်းများဖြစ်ကြသည်ဟုခံစားနေမိသည်။

"လူငယ်စစ်သူကြီး အဲဒီလူက၊ ဝမ်ကလန်က ဝမ်ချောင်နဲ့တူတယ်"

ဝမ်ချောင်နှင့် ဝေ့ဟိုတို့ အတူတကွ ရှိနေစဉ်မှာပင် မည်သူမျှသတိမပြုမိသည့် တောင်ထွတ်တစ်ခုပေါ်ရှိ ရဲရဲတောက်လောင်ကျွမ်းနေသော မီးပုံနံဘေးတွင် ဟူလူငယ်တချို့နှင့် ဟန်လူငယ်တချို့တို့သည် အေးစက်သည့် အကြည့်များဖြင့် အောက်သို့ စိုက်ကြည့်နေကြသည်။

အနက်ရောင်လိပ်တောင်ထိပ်သည် အလွန်မြင့်မားကာ ဤနေရာမှနေ၍ ပတ်ပတ်လည်ရှိ အခြေအနေများကို အလွယ်တကူ စောင့်ကြည့်လေ့လာနိုင်သည်။ သူတို့သည် သစ်တောအတွင်း ပျံ့နှံ့ထွက်ပြေးနေကြသော ဂိုဂူလျောများနှင့် တာ့ခ့်လေးသခင်များကိုလည်း စောင့်ကြည့်နိုင်သည်။ ဝံပုလွေများသည်လည်း ထို့အတူပင်ဖြစ်သည်။

တာ့ခ်နှင့် ဂိုဂူလျောတို့သည် ဤလုပ်ကြံတိုက်ခိုက်မှုဖြင့် အုတ်အော်သောင်းတင်းဖြစ်စေခဲ့ကြသည်။ သို့သော်လည်း ဤဟူလူငယ်နှင့် ဟန်လူငယ်များ၏ အကြည့်များသည် သူတို့ဆီတွင် ရှိမနေပေ။ ထို့အစား သူတို့သည် ဝမ်ချောင်ကို ကြည့်နေကြသည်။

"ဟမ် အဲကောင်က ကံကောင်းသွားတာသေချာတယ်၊ အဖြူရောင်ကျားတောင်ထွတ်က အနောက်ဘက်အကျဆုံးတောင်ဖြစ်ပြီး မြို့တော်နဲ့အနီးဆုံးဖြစ်တာကြောင့် တာ့ခ်တွေနဲ့ ဂိုဂူလျောတွေက အတိအကျကို ပိုပြီး အားစိုက်ထုတ်ထားမှာပဲ၊ ဒါပေမဲ့ သူကတော့တစ်နည်းနည်းနဲ့ အသက်ရှင်နိုင်ခဲ့တယ်"

(ခွန်းဝူက မြို့အရှေ့ဘက်မှာဖြစ်လို့ အနောက်ဘက်အကျဆုံးတောင်က မြို့နဲ့အနီးဆုံးပဲ)

မီးပုံဘေးတွင် ဟူခေါင်းဆောင်လူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ့ပတ်ပတ်လည်ရှိ မူလစွမ်းအင်များသည် ဆူးချွန်ချီစက်ကွင်းအဖြစ် ‌ကူးပြောင်းသွားခဲ့ကြပြီး သူ့ကို လှည့်ပတ်နေသည်။ မရေမတွက်နိုင်သော ဝံပုလွေအစွယ်မြားများသည် သူ့အနီးရှိ မြေပြင်ပေါ်တွင် စိုက်ဝင်နေကြသော်လည်း သူ့ဆီသို့ တစ်ခုမျှ နီးကပ်မလာနိုင်ခဲ့ကြပေ။

လူအများစုအတွက် ဤညသည် အိပ်မက်ဆိုးနှင့် ခြားနားခြင်းမရှိပေ။ သို့တိုင် မီးပုံနံဘေးတွင် ရပ်နေကြသော ဤလူများအတွက် ဤသည်မှာ ကစားပွဲလေးတစ်ခုထက် ပိုပုံမရပေ။

ဂိုဂူလျောလင်းတပစ်ခတ်သူများ သို့မဟုတ် တာ့ခ်လေးသခင်များ ပစ်လွှတ်လိုက်သော မြားများသည် သူတို့ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

အကြောင်းပြချက်မှာ ရိုးရှင်းသည်။ ဤကမ္ဘာပေါ်တွင် စစ်မှန်သည့် ထန်းလျိုမျိုးနွယ်စုဝင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် လေးသခင်တစ်ယောက်မှ မရှိသောကြောင့် ဖြစ်သည်။ ထန်းလျိုမျိုးနွယ်စုဝင်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး သံချပ်ကာယန္တရားတပ်(မြင်းတပ်)များ ဖြစ်သကဲ့သို့ လေးပစ်သမားများအတွက် ကြောက်စရာအကောင်းဆုံးသော သံချပ်ကာယန္တရားတပ်များလည်း ဖြစ်ကြသည်။

မဟာဟူစစ်သူကြီးအားပုစိုင်၏ ဒုတိယသားတစ်ယောက်အနေဖြင့် အားပုထုန်သည် မြားများကို သူ၏ ကြီးမားသောလက်ကြီးဖြင့် မည်သို့ဖမ်းယူရမည်ကို ငယ်ငယ်ကတည်းက သင်ယူလေ့လာခဲ့ပြီး ယခုတွင် မျက်စိမှိတ်ထားလျက်ပင် ဖမ်းယူနိုင်နေပြီဖြစ်သည်။

အနက်ရောင်လိပ်တောင်ထွတ်ကို ခြိမ်းခြောက်နေသော ဝံပုလွေအစွယ်မြားများ၏ တိုက်ခိုက်မှုသည် သူ့ကို လုံးဝဒုက္ခမပေးနိုင်ခဲ့ပေ။

"လူငယ်စစ်သူကြီး အခုလက်ရှိမှာ အသောင်းကနင်းဖြစ်နေတယ်..ကျွန်တော်တို့ဘာလို့ "

အားပုထုန်ဘေးရှိ ငယ်ရွယ်သည့်ထန်းလျိုလူငယ်တစ်ဦးသည် မျက်လုံးများတွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပြည့်နှက်လျက် သတ်ဖြတ်သည့်အမူအရာလုပ်ပြလိုက်သည်။ ဟူကိစ္စနှင်စပ်လျင်း၍

ဝမ်ချောင်၏ သဝဏ်လွှာသည် ဟူလူမျိုးအားလုံး၏ မျက်လုံးများကို ဆူးချွန်ဖြင့် ထိုးနေသကဲ့သို့ ဖြစ်စေခဲ့သည်။ မရေမတွက်နိုင်သော ဟူလူမျိုးများသည် ဝမ်ချောင်၏ခေါင်းကို မည်သို့ရယူရမည်လဲ ဆိုသည်ကို လျှို့ဝှက်ကြံစည်နေကြသည်။ ထို့ကြောင့် ဤသည်မှာ သူတို့အတွက် အကောင်းဆုံးအခြေအနေ ဖြစ်ပုံပေါ်သည်။

"မရဘူး"

သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် အားပုထုန်သည် သူ၏လက်ကြီးကို ဝှေ့ယမ်းလျက် ချက်ချင်းငြင်းပယ်လိုက်သည်။

"ငါမမှားရင် သူ့ဘေးမှာရှိနေတဲ့တစ်ယောက်က မဟာထန်ရဲ့ နယ်စားကြီးသမီး နယ်စားလေးရီပဲ၊ ဒီတိုင်းပြည်မှာ မြင့်မြတ်ခြင်းဘွဲ့တံဆိပ် ပေးအပ်ခံခဲ့ရတဲ့ တပ်တွေကို ကွပ်ကဲနိုင်တဲ့ အမျိုးသမီးတွေတိုင်းဟာ ရူးသွပ်နေတဲ့အရူးတွေပဲ ပြီးတော့ အဲမိန်းမက အရူးတွေကြားထဲကမှ ပိုပြီးတော့တောင် ရူးသွပ်သေးတယ်"

"ငါတောင်မှ သူ့ကို နှိမ်နင်းဖို့ ယုံကြည်ချက်မရှိဘူး၊ ငါတို့ရဲ့စစ်ဆင်ရေးသာ ကျရှုံးပြီး ဘယ်လိုသက်သေပဲဖြစ်ဖြစ် ချန်ထားခဲ့ရင် အခြေအနေက ငါတို့အတွက်ပြောင်းပြန်ဖြစ်သွားနိုင်တယ်"

အားပုထုန် ပြန်ဖြေလိုက်သည်။ သူသည် နယ်စားလေးရီကို စိုးရိမ်နေသည်မှာ ထင်ရှားသည်။ ဝမ်ချောင်နှင့် မတူညီစွာ သူမသည် မြို့တော်၏ပါရမီရှင်များကြားထဲ၌ ကျော်ကြား‌သော အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

"ဒါပေမဲ့ လူငယ်စစ်သူကြီး.. ဒီကိစ္စကို ဒီတိုင်းထားလိုက်ရမှာလား"

ထန်းလျိုလူငယ်လေးသည် မခံမရပ်နိုင်ဖြင့် ပြောလိုက်သည်။ ထန်းလျိုအမျိုးသားများသည် သူတို့၏ ရိုင်းစိုင်းခြင်းနှင့် ရန်လိုတတ်‌သောသဘာဝကြောင့် သူတို့ကိုယ်သူတို့ ဂုဏ်ယူလေ့ရှိသည်။ ကိစ္စများကို ဆောင်ရွက်ရာတွင် သည်းခံခြင်းသည် သူတို့၏ ပုံစံမဟုတ်ပေ။

"ဟမ်း ဒီတိုင်းထားလိုက်ရမယ် ဟုတ်လား၊ အဲလိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ရှန်းဝေလေ့ကျင့်ရေးစစ်စခန်းကို ဝင်လို့ရနေပါလျက် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို ငါဘာလို့ ရွေးချယ်ခဲ့တယ်လို့ မင်း‌ထင်နေတာလဲ၊ နေ့ရက်တွေဟာ ရှည်လျားတယ်၊ အနာဂတ်မှာ ဒီဝမ်ချောင်ကို ဖြေရှင်းဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာမှာပဲ"

အားပုထုန်သည် အင်္ကျီလက်စကို နောက်သို့ ခါလျက် လှောင်ပြုံးပြုံးလိုက်ပြီး အနက်ရောင်လိပ်တောင်ထွတ်ပေါ်ရှိ ခန်းမထဲသို့ ပြန်သွားလိုက်သည်။

မိုးပြာရောင်နဂါးတောင်ထွတ်ရှိ တိုက်ပွဲသည် အနက်ရောင်လိပ်တောင်ထွတ်နှင့် တစ်ချိန်တည်းတွင် ပြီးဆုံးသွားခဲ့သည်။ ဝမ်ချောင်ရောက်သွားခဲ့သည်တွင် ဂိုဂူလျောများနှင့် တာခ့်များသည် သတင်းကို ရရှိကာ ထွက်သွားခဲ့ကြပြီးဖြစ်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ တောင်ထွတ်လေးခုကို အချင်းချင်း ပံ့ပိုးကူညီစေရန် ရည်ရွယ်ချက်ဖြင့် အစကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်တွင် တိုက်ပွဲသည် အဖြူရောင်ကျားတောင်ထွတ်က သူတို့၏ရန်သူများကို အောင်ပွဲခံခဲ့သည့်အချိန်ကတည်းက ပြီးဆုံးခဲ့ပြီးဖြစ်သည်။ ထိုအချိန်တွင် ဒီရေသည် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ ဂိုဂူလျောများနှင့် တာ့ခ်များက မည်မျှမလိုလားပါစေ သူတို့သည် စိတ်ပျက်စွာ ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။

"နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ"

မိုးပြာရောင်နဂါးတောင်ထွတ်အောက်တွင် ဝမ်ချောင်သည် ဖြူဖပ်ဖြူရော်အမူအရာဖြင့် ရှိနေခဲ့သည်။ သူသည် သူ့လက်များကို ဒူးပေါ်သို့ထောက်လျက် ကိုယ့်ကိုယ်ကိုယ် မတ်တတ်ရပ်စေကာ အသက်ကို အမောတကော ရှူလိုက်သည်။ (ဒူးပေါ်လက်ထောက်မတ်တတ်ရပ်ပြီး မောမောနဲ့ အသက်ရှူတာကို ပြောတာ ငါလည်းမရေးတတ်ဘူး) တိုက်ပွဲသည် ရှည်လျားခဲ့သည်။ သူသည် တချိန်လုံး တစ်ချက်မျှပင် အနားမရဘဲ ပတ်ပြေးနေခဲ့ရသည်။ ယခုနောက်ဆုံးတွင် သူသည် အသက်ရှူခွင့်ရပြီဖြစ်သည်။ သူသည် သူ၏မူလစွမ်းအင်များ ခမ်းခြောက်လုနီးပါး ဖြစ်နေသည်ကို တွေ့‌လိုက်ရသည်။

ဂိုဂူလျောတပ်သားများကို သတ်ဖြတ်တိုင်း စစ်မြေပြင်ပျက်စီးခြင်း တိုးတက်လာသည့် အကျိုးကျေးဇူးကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် သူ့ကိုယ်သူ အများကြီး ဖိအားပေးနိုင်မှာ မဟုတ်ပေ။

သို့သော်လည်း ယခုတွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ ယခုလုပ်ရန်ကျန်သည်မှာ နယ်မြေတစ်ခုလုံးကို ရှင်းလင်းရန်ပင်ဖြစ်သည်။

...

အားကောင်းသည့် တောင်လေပြင်းသည် ညကောင်းကင်ယံတစ်လျှောက် တိုက်ခတ်နေသည်။

ဝမ်ချောင်၊ နယ်စားလေးရီ၊ ဝေ့ဟိုနှင့် တခြားတပ်သားသစ်များသည် တောင်ထွတ်လေးခုမှ အလောင်းများကို ရှင်းလင်းနေစဉ်မှာပင် အမှောင်ထုထဲမှ မည်သူမျှ သတိမထားမိသည့် မျက်လုံးတစ်စုံသည် သူတို့၏လှုပ်ရှားမှုများနှင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတစ်ခုလုံးကို ဂရုတစိုက် ကြည့်ရှုနေလေသည်။

ထိုနေရာတွင် သူ မည်မျှကြာအောင်ရပ်နေသည်ကို မည်သူမျှမသိပေ။ သို့သော် သံသယရှိစရာမလိုအောင်ပင် လုပ်ကြံတိုက်ခိုက်မှုအစမှအဆုံးအထိ အဖြစ်အပျက် တစ်ခုတစ်‌လေပင် သူ့မျက်စိအောက်မှ လွတ်မြောက်မသွားနိုင်ခဲ့ပေ။

"ပြင်ဆင်မှုတွေပြီးပြီလား"

အမှောင်ထုထဲတွင် ပုံရိပ်တစ်ခုသည် လက်နောက်ပစ်လျက် ကျောက်ဆောင်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေလေသည်။ သူ့အသံသည် ဩဇာအာဏာပြည့်ဝကာ အေးစက်နေသည်။ ထိုအသံထဲမှ စိတ်ခံစားမှုများကို ဖမ်းမိရန် မဖြစ်နိုင်ပေ။ မှိန်ပျပျကြယ်အလင်းရောင်များက သူ့အပေါ်သို့ဖြာကျနေကာ လူတစ်ယောက်သည် မဟာထန်၏ ယူနီဖောင်းပုံသဏ္ဌာန်ကို ခပ်ရေးရေးမြင်နိုင်စေသည်။

"ပြင်ဆင်မှုအားလုံး အသင့်ပါ.. ငန်းတောင်၊ ဧကရာဇ်၊ မြွေနဂါး၊ နဂါး၊ လိပ်၊ တပ်ခြောက်ခုစလုံး အသင့်ပြင်ထားပြီးပါပြီ၊ လေးသခင်၊ တပ်သား၊ ဝံပုလွေ သူတို့အားလုံးတစ်ယောက်မှ မလွတ်စေရပါဘူး"

လူငယ်တစ်ဦးသည် ထိုသူရှေ့တွင် လေးစားစွာ ဒူးထောက်လိုက်သည်။ သူအသံမှာ တည်ငြိမ်နေသော်လည်း သူ၏စကားလုံးများမှ ထိတ်လန့်စရာကောင်းလှသည်။

ဝမ်ချောင်သာ ဤနေရာ၌ရှိပါက သူသည် အံ့အားသင့်သွားပေလိမ့်မည်။ ငန်းတောင်၊ ဧကရာဇ်၊ မြွေနဂါး၊ နဂါး၊ လိပ်၊ သူတို့အားလုံးသည် တော်ဝင်စစ်တပ်၏ လက်အောက်မှ တပ်ရင်းများဖြစ်ကြသည်။

ဝမ်ချောင်နှင့် တခြားသူများသည် လေးသခင်များက သတင်းများအားလုံးကို အမှောင်ချခဲ့သည်ဟု ထင်ထားခဲ့သည်။ သို့သော် တော်ဝင်နန်းတော်သည် တစ်နည်းနည်းဖြင့် ဤသည်ကို ကြို၍ သိရှိနေပုံရသည်။

"အရမ်းကောင်းတယ်၊ ငါ့အမိန့်ကိုထုတ်ပြန်လိုက်၊ သူတို့အားလုံးကို သတ်လိုက်ပစ်လိုက် အထူးသဖြင့် လေးသခင်တွေပဲ၊ အရှေ့အနောက်တာ့ဂီကာဂနိတ်နဲ့ ဂိုဂူလျောတွေက လေးသခင်တွေနဲ့ လင်းတပစ်ခတ်သူတွေ အများကြီးကို လက်ဆောင်ပို့လိုက်တာကြောင့် ငါတို့က လက်မခံခဲ့ရင် နည်းနည်း နှမြောဖို့ကောင်းတယ်"

ထိုလူသည် အေးစက်စက်ဖြင့် နှလုံးသားမဲ့စွာ အမိန့်ပေးလိုက်သည်။

အကယ်၍ ကျောက်ရှန်းကျူသာ ဤနေရာ၌ရှိပါက သူသည် ပို၍အံ့အားသင့်သွားပေလိမ့်မည်။ ဤနေရာ၌ မတ်တတ်ရပ်၍ အမိန့်ပေးနေသူမှာ ပညာရှင်ဧကရာဇ်ကို တင်ပြဦးမည်ဟု ပြောခဲ့ပြီး တော်ဝင်နန်းတော်သို့ ပြန်သွားသည့် တစ်ယောက်နှင့် အလွန်ဆင်တူလှသည်။ တော်ဝင်နန်းတော်သို့ ပြန်မည့်အစား သူသည် ဤနေရာ၌ ပုန်းအောင်းနေခဲ့သည်။

အမိန့်သည် အရပ်မျက်နှာအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ မည်သူမျှ မမြင်နိုင်သည့်နေရာတွင် နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲမှာ ယခင်က လုပ်ကြံတိုက်ခိုက်သည့်တိုက်ပွဲထက် ပို၍မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့သည်။ မတိုးသာမဆုတ်သာ အခြေအနေမျိုး မရှိခဲ့ပေ။ ထိုသည်မှာ တစ်ဖက်သတ်တိုက်ပွဲ ဖြစ်သည်။

သို့မဟုတ် ယင်းကို အနည်းငယ်မတရားသည့်တိုက်ပွဲဟု ခေါ်နိုင်သည်။ ပို၍တိတိကျကျပြောရလျှင် ထိုသည်မှာ ပြင်ဆင်ထားခဲ့သော ရိတ်သိမ်းခြင်းဖြစ်သည်။

"သခင် ကျွန်တော်တို့ ဒီနေရာမှာ နည်းနည်းလေး နှလုံးသားမဲ့မနေဘူးလား"

ဒူးထောက်နေသည့်လူငယ်နည်း အမိန့်ကို ထုတ်ပြန်ပြီးနောက် နောက်ဆုံးတွင် မေးခွန်းထုတ်လိုက်သည်။

"နှလုံးသားကင်းမဲ့တယ်ဟုတ်လား"

ကျောက်ဆောင်ပေါ် ရပ်နေသည့်လူသည် တွေဝေသွားသည်။ ကြည့်ရသည်မှာ လူငယ်၏ စကားလုံးနောက်ကွယ်မှ ဆိုလိုရင်းကို သဘောမပေါက်ပုံရသည်။

"လေးသခင်တစ်ရာကျော်နဲ့ ဂိုဂူလျောတပ်သားရာပေါင်းများစွာ၊ အမှန်တော့ ဒီလုပ်ကြံတိုက်ခိုက်မှုကို တားဆီးသင့်တယ်၊ ကျွန်တော်တို့ သတိပေးချက်ကို စောစောရခဲ့ပေမဲ့ သူတို့ကို ဘာလို့ ဖုံးကွယ်ထားတာလဲ၊ ဒီတပ်သားသစ်တွေက ကလေးပဲ ရှိသေးတယ်၊ သူတို့အသက်အရွယ်က စစ်မြေပြင်ထဲ ဝင်ရမဲ့အရွယ် မဟုတ်ဘူး..ကျွန်တော်တို့ သူတို့‌ပေါ် နည်းနည်းလေး ရက်စက်မနေဘူးလား"

လူငယ်သည် ဤကိစ္စတွင် ဝင်ပါခဲ့သည်။ ထို့ကြောင့် သူသည်လည်း ဖြစ်စဉ်တစ်ခုလုံးကို သိရှိထားပေသည်။

ဤရုတ်ခြည်းတိုက်ခိုက်မှုတွင် ပြင်ဆင်မှု အားနည်းခြင်းကြောင့် ကြီးမားစွာ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဂိုဂူလျောနှင့် တာခ့်များ၏ ပြင်ဆင်မှုသည် အလွန်ကောင်းမွန်သည်။ သူတို့၏အစီအစဉ်သည် အလွန်ထိရောက်ကာ သူတို့၏ အချိန်တိကျမှုသည်လည်း ကောင်းမွန်လှသည်။

သို့သော် မဟာထန်အတွက် ဤအဆင့်စစ်ဆင်ရေးအဆင့်မှာ မျက်စိထဲပင်မရှိပေ။

မဟာလေ့ကျင့်ရေးစစ်စခန်းမှာ လီနှစ်ဆယ်မှ လီလေးဆယ်အထိသာ ဝေးကွာသည်။ ထိုအကွာအဝေးသည် ဤနေရာ၌ ဖြစ်ပျက်နေသည်များကို မြို့တော်က သတိမထားမိရန် မည်သို့ဖြစ်နိုင်မည်နည်း။

အမှန်တွင် ဤလုပ်ကြံတိုက်ခိုက်မှုမှာ ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်ပေ။ တာ့ခ်များသည် အလွန်ဂရုစိုက်ခဲ့သော်လည်း ဝံပုလွေများသည် နယ်စပ်တွင် တစ်ကောင်ပြီးတစ်ကောင် အချိန်အတော်ကြာ ဖြည်းဖြည်းချင်း ဖြတ်ဝင်လာခဲ့သည်ကို တော်ဝင်နန်းတော်၏ မျက်စိနှင့်နားများမှ ဖုံးကွယ်ရန် မလုံလောက်ခဲ့ပေ။

တော်ဝင်ရုံးတော်က ဤကိစ္စကို လျှို့ဝှက်ထားခဲ့သည်။ ထိုသို့သာမက သူတို့၏ရန်သူများကို လွတ်လပ်စွာဝင်ရောက်လာစေကာ မဟာစစ်စခန်းသုံးခုစလုံးကို လုပ်ကြံတိုက်ခိုက်စေခဲ့သည်။

"မင်း သူတို့ကို စာနာသနားနေတာလား"

ထိုသူသည် မပြောင်းလဲစွာမေးလိုက်သည်။

"ဟုတ်ကဲ့"

လူငယ်သည် အံကြိတ်ကာ အတည်ပြုလိုက်သည်။

"အဟက် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှ သတ်ဖြတ်ခွင့် ပြုထားတာမင်းသိလား"

ဝမြးးး

လူငယ်သည် အစပိုင်းတွင် ရှုပ်ထွေးနေခဲ့ပြီး ရုတ်တရက် နားလည်သွားခဲ့ကာ ဖြူဆုတ်သွားခဲ့ပြီး သူ့ခန္ဓကိုယ်သည် တုန်ခါသွားခဲ့သည်။ သူသည် သူ့ခေါင်းကို ရုတ်ခြည်း မော့လိုက်သည်။

"သခင် သခင်ဆိုလိုတာက"

"ဟမ်၊ ငါက ဒီလိုကိစ္စကြီးကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ မင်းထင်နေတာလား"

ထိုသူက ပြန်ဖြေလိုက်သည်။

"ဒါဆို ဆိုလိုတာက အဲဒါက ပညာရှင်ဧကရာဇ် "

လူငယ်၏မျက်နှာသည် ဖြူဆုတ်သွားတော့သည်။

"မင်းနားလည်သွားတာကောင်းတယ်၊ သေဆုံးမှုက သတ်မှတ်အရေအတွက်ထက် ပိုတော့မှသာ ငါတို့က ဝင်ပါမှာ၊ လက်ရှိမှာတော့၊ သေဆုံးတဲ့အရေအတွက်က ခွင့်ပြုထားတဲ့ အရေအတွက်ထဲမှာပဲ ရှိသေးတယ်"

ထိုလူသည် အပေါ်မှ ဆက်လက်စောင့်ကြည့်လိုက်ကာ မပြောင်းမလဲ ဖြေလိုက်သည်။ တစ်ဖက်တွင်တော့ လူငယ်သည် ထိုစကားများကို ကြားသည်တွင် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ ပြင်ထန်စွာ တုန်လှုပ်သွားခဲ့သည်။

___________________

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၁၉။ ရှိုရှုဘုရင်

ထိုလုပ်ကြံတိုက်ခိုက်မှုသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ တောင်ထွတ်တစ်ခုစီတွင် အနည်းဆုံး လူငါးဆယ်ခန့် သေဆုံးစေခဲ့သည်။ ရှန်းဝေနှင့် လုံ့ဝေတို့တွင်လည်း သေဆုံးအရေအတွက်မှာ အတူတူပင် ဖြစ်သည်။ သင်တန်းသားများ၏ စုစုပေါင်းသေဆုံးအရေအတွက်မှာ ငါးရာထက်ပိုပေသည်။ တပ်သားသစ်အများအပြားသေဆုံးခြင်းနှင့်အတူ လုပ်ကြံတိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရသည်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်။

သို့တိုင် သူ့ရှေ့ရှိသခင်သည် ထိုသည်မှာ သေဆုံးမှု သတ်မှတ်အရေအတွက်မှာ လက်ခံနိုင်လောက်သည့် အရေအတွက်အတွင်း၌သာ ရှိသေးသည်ဟု ပြောခဲ့သည်။

ထိုခဏတွင် လူငယ်သည် သူ့ကျောရိုးတစ်လျှောက် ချွေးအေးများ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။

သေဆုံးခြင်းခွဲတမ်း၏ တည်ရှိမှုမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။ သို့သော်သူသည် နှစ်ဆယ် သို့မဟုတ် သုံးဆယ်သည် အများဆုံးအရေအတွက်ဖြစ်မည်ဟု အမြဲတမ်းတွေးထင်ခဲ့သည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ သူသည် ထိုသည်ကို လျှော့တွက်ခဲ့ခြင်းဖြစ်သည်။

အကြောင်းပြချက်တချို့ကြောင့် သူ့နှလုံးသားထဲမှလေးစားရသော သခင်မှ ထိုစကားများကို ပြောလာသောအခါ သူသည် ရုတ်တရက် မယုံနိုင်လောက်အောင် ကြောက်ရွံ့သွားခဲ့သည်။

"ကောင်းကင်ဘုံရဲ့အလိုက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ"

(ကောင်းကင်ဘုံ၏သား‌တော်သည် ဘုရင်မင်းမြတ်ဟု သိထားကြသည်။)

ဤသည်မှာ လက်ရှိတွင် သူစိတ်ထဲရှိနေသည့် တစ်ခုတည်းသော အတွေးဖြစ်သည်။

"တော်ဝင်ရုံးတော်က လိုချင်နေတာက ဝံပုလွေတွေပဲ သိုးတွေမဟုတ်ဘူး၊ ဒီနေရာမှာ ငါက ဘုရင်မင်းမြတ်နဲ့ အတွေးတူတယ်၊ တိုက်ပွဲက ကစားစရာမဟုတ်ဘူး၊ ငါတို့ရဲ့ အပြုအမူက မင်းရဲ့အမြင်မှာ ရက်စက်ပုံရလိမ့်မယ်၊ ဒါပေမဲ့ ဘုရင်မင်းမြတ်နဲ့ ငါ့ရဲ့မျက်လုံးထဲမှာတော့ ဒါက ငဲ့ညှာထားတာပဲ"

သခင်၏အသံသည် အမှောင်ထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

"လေးသခင်အယောက်တစ်ရာ၊ ဂိုဂူလျောတပ်သားရာကျော်နဲ့ ဝံပုလွေလက်တစ်ဆုပ်စာ၊ ဒါက သူတို့ကို စောင့်နေတဲ့ ရက်စက်တဲ့စစ်မြေပြင်နဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူး၊ သူတို့က ဒီကပ်ဆိုးကနေတောင် အသက်မရှင်နိုင်ရင် အနာဂတ်စစ်မြေပြင်မှာ အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး"

"ဒီနေရာမှာသေတာက သူတို့အတွက် ‌စစ်မြေပြင်မှာ သေတာထက်ပိုကောင်းတယ်၊ အနည်းဆုံး သူတို့အလောင်းတွေ မပျက်စီးဘဲနဲ့ ဒီမှာပဲ သင်္ဂြိုဟ်လို့ရတာပေါ့"

"သူတို့ရဲ့ အခြေအနေကို မြန်မြန် နားလည်လေလေ သူတို့ သင်ယူတာ ပိုမြန်လေပဲ၊ ဒါက ဘုရင်မင်းမြတ်နဲ့ ငါက ရန်သူကို သူတို့စိတ်တိုင်းကျ ဘာကြောင့်တိုက်ခိုက်ခွင့်ပေးသလဲ ဆိုတဲ့အကြောင်းရင်းပဲ၊ ဒီနေ့မှာ တပ်သားသစ် ငါးရာထက်ပိုပြီး‌ သေဆုံးခဲ့ရပေမဲ့ သူတို့အများစုက ဒီနေ့ကို သတိရပြီး အနာဂတ်စစ်မြေပြင်မှာ ရှင်သန်နိုင်မယ်"

"ဒါက ဘုရင်မင်းမြတ်နဲ့ငါက သူတို့ကို လမ်းပြပေးတဲ့ သင်ခန်းစာတစ်ခုပဲ"

သခင်၏အသံမှာ တည်ငြိမ်ပြီး ယုံကြည်မှုရှိလှသည်။

"ကျောက်ရှန်းကျူက သူ့တပည့်တွေကို သင်ပေးဖို့အတွက် ဘုရင်မင်းမြတ်ဆီကနေ ကျားတွေကို တောင်းဆိုခဲ့တာက တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုဆိုတာ မင်းသိတယ် မဟုတ်လား"

"အာ"

ထိုလူသည် ထိတ်လန့်သွားခဲ့သည်။

"ဒီ'ကျား'တွေက တပ်သားသစ်အားလုံးအတွက် ငါတို့ပြင်ဆင်ပေးခဲ့တာပဲ"

ထိုပုံရိပ်သည် လေးနက်စွာဖြင့် ပြောလိုက်သည်တွင် လူငယ်သည် ဘာပြန်ပြောရမည်လဲ မသိတော့ပေ။

"တင်ပြပါတယ်"

စကားဝိုင်းခဏရပ်သည်တွင် ပတ်ပတ်လည်သစ်တောထဲမှ အသံတစ်ခု ရုတ်တရက်ပေါ်ထွက်လာကာ တိတ်ဆိတ်နေမှုကို ချိုးဖောက်လိုက်သည်။ လေးလံသည့်သံချပ်ကာဝတ် တော်ဝင်စစ်သည်သည် ခြေလှမ်းကျယ်ကြီးဖြင့် တောအုပ်ထဲမှ ပေါ်ထွက်လာခဲ့သည်။ သန်မာသည့် သွေးအနံ့ကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည်။

တောင်လေသည် ပြင်းထန်စွာတိုက်ခတ်သွားခဲ့သည်။ သူတို့ရှေ့မရောက်မီ ထိုသူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်သွေးနံ့များကို နှစ်‌ယောက်စလုံး ရလိုက်သည်။

"သခင်နှစ်ယောက်ကို တင်ပြပါတယ်၊ ဂိုဂူလျောတွေနဲ့ တာ့ခ်တွေကို ရှင်းလိုက်ပါပြီ၊ ကျွန်တော်တို့ ဝိုင်းရံပိတ်ဆို့တဲ့ကြားက လွတ်မြောက်သွားတဲ့ ဂိုဂူလျောတစ်ယောက်က လွဲလို့ တခြားသူတွေ တစ်ယောက်မှ မကျန်တော့ပါဘူး"

တော်ဝင်စစ်သည်ခေါင်းတောင်သည် မြေပြင်ပေါ်ပြင်းထန်စွာ ဒူးထောက်လိုက်သည်။ သူ၏သံချပ်ကာမှ သွေးများစီးကျနေကာ မြက်ပင်များကို အနီရောင်ပြောင်းသွားစေသည်။

ဤတိုက်ပွဲသည် လူတိုင်းမျှော်လင့်ထားသည်ထက် မြန်ဆန်စွာပြီးဆုံးသွားခဲ့သည်။ တော်ဝင်တပ်ခွဲခြောက်ခု ပူးပေါင်းဆောင်ရွက်သည့် အင်အားအောက်တွင် မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။ ဂိုဂူလျောနှင့် လေးသခင်များသည် အလုံးစုံ သုတ်သင်မခံရမီ အနည်းငယ်သာ ဆုတ်ခွာလိုက်ရသည်။

"သူ လွတ်မြောက်နိုင်သေးတယ်"

နက်ရှုင်းသည့် သက်ပြင်းချသံ အပေါ်မှ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် ထိုသူသည် ပြန်တည်ငြိမ်သွားကာ အမိန့်များကို ညွှန်ကြားလိုက်သည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ တိုက်ပွဲရဲ့သဲလွန်စတွေအကုန်လုံးကိုရှင်းလင်းလိုက်၊ သဲလွန်စတစ်ခုတောင် မကျန်ခဲ့စေနဲ့ သွေးတွေရောပဲ၊ ငါတို့လှုပ်ရှားခဲ့တယ်ဆိုတာ ဘယ်သူမှမသိစေနဲ့"

"ဟုတ်ကဲ့ပါ သခင်"

တော်ဝင်စစ်သည် ခေါင်းဆောင်သည် ပြန်ဖြေလိုက်ကာ လျင်မြန်စွာထွက်သွားလိုက်သည်။

"လီတုန် မင်းလည်း ထွက်ခွာသင့်တယ်၊ ဘုရင်မင်းမြတ်ဆီ အဲဒီလူလွတ်မြောက်သွားခဲ့တာကို လျှောက်တင်လိုက်ပါ"

လှည့်လိုက်ကာ ထိုသူသည် အောက်တွင် ဒူးထောက်နေသည့် လူငယ်ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ သခင် ဒါက အတည်မပြုရသေးဘူးလေ"

လီတုန် ခေါင်းမော့လိုက်သည်။ ထိုသည်မှာ တာ့ခ်နှင့်ဂိုဂူလျောများကို ရှင်းလင်းရန်အပြင် အရေးကြီးသည့်လူများကို ဖမ်းဆီးသည့်ကိစ္စပါ ပါဝင်ကြောင်း သူသိသည်။

"ဟမ် တော်ဝင်စစ်တပ်တပ်ရင်းခြောက်ခုက ဝိုင်းရံပိတ်ဆို့ထားခဲ့တယ် ဒါပေမဲ့ သူလွတ်မြောက်သွားနိုင်သေးတယ်၊ ဒါက သာမန်သိုင်းပညာရှင်တွေ တတ်နိုင်တဲ့အရာလို့ မင်းထင်နေတာလား.. အတည်ပြုစရာမလိုဘူး ငါတို့ရဲ့ပစ်မှတ်က လုံးဝ လွတ်မြောက်သွားခဲ့ပြီ၊ အဲဒီဂိုဂူလျောကောင်က ဉာဏ်များတယ်"

ကျောက်ဆောင်ပေါ်တွင် မတ်တတ်ရပ်လျက် သခင်က ပြောလိုက်သည်။ ထို့နောက် တစ်ချက်လှုပ်လိုက်ပြီး သူသည် ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူ့နောက်တွင် လူငယ်လီတုန်သည် ခဏမျှတုန့်ဆိုင်းနေခဲ့ကာ သူသည်လည်း ထွက်ခွာသွားလိုက်သည်။

ဘာမျှမရှိ‌တော့သည့် တောင်နံရံတွင် လေပြေလေး တိုက်ခတ်သွားတော့သည်။

မဟာလေ့ကျင့်ရေးစစ်စခန်း၏ အဖွဲ့ဝင်များအတွက် ဤညစစ်ဆင်ရေးသည် လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ခဲ့ပေလိမ့်မည်။ စစ်စခန်းအဖွဲ့ဝင်များနှင့် အပြင်ဘက်ကမ္ဘာမှလူများသည် တော်ဝင်စစ်တပ်တပ်ရင်းခြောက်ခု ဤနေရာသို့ရောက်ခဲ့သည်ကို သိရှိလိမ့်မည်မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ ဤလူသုံးယောက် ဤနေရာတွင် ပေါ်လာခဲ့သည်ကို မည်သူမျှ သိလိမ့်မည်မဟုတ်ပေ။

...

ဘန်းးး

ချောက်ချားဖွယ် ချောက်ကမ်းပါးသို့ ဝံပုလွေအလောင်းများ ပစ်ချလိုက်သည်တွင် လေပြင်းများ တိုက်ခတ်သွားခဲ့သည်။ တောင်‌ခြေတွင် လူသေအလောင်းများနှင့် သားရဲအသေကောင်များသည် တောင်ပုံသဏ္ဌာန်ကဲ့သို့ စုပုံနေပြီဖြစ်သည်။

မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက်နှင့် အနက်ရောင်တောင်ထွတ်လေးခုစလုံးတွင် အသေကောင်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ သူတို့သည် ထိုသည်ကို လျင်မြန်စွာ မဖြေရှင်းပါက မကြာမီ ဆွေးမြေ့သွားမည်ဖြစ်ပြီး သုံးရက်မပြည့်မီတွင် တောင်တစ်ခုလုံးသည် သရဲအိမ်(charnel house)ကဲ့သို့ ပျက်စီးသွားမည်ဖြစ်သည်။

တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် ရှင်းလင်းရန်နှင့် ပြန်လည်တည်ဆောက်ရန် များစွာကျန်နေသေးသည်။ ထို့ကြောင့် ဝမ်ချောင်နှင့် ဝေ့ဟိုအပါအဝင် လူတိုင်းသည် လက်ရှိတွင် အလုပ်များနေကြလေသည်။

နယ်စားလေးရီကဲ့သို့သော အမျိုးသမီးများသည်ပင် ထိုထဲတွင် ပါဝင်လေသည်။

"ဝမ်ချောင် အဲဒီအမျိုးသမီးက ကြောက်ဖို့ကောင်းတယ်လို့ မင်းမထင်ဘူးလား"

လူအုပ်ကြားတွင် ဝေ့ဟိုသည် ဝမ်ချောင်ကို တံတောင်ဆစ်ဖြင့် အသာလေး ရုတ်တရက် လှမ်းထိုးလိုက်တယ်။

ဝေ့ဟို၏အကြည့်နောက်လိုက်၍ ဝမ်ချောင်သည် နယ်စားလေးရီနှင့် တခြားသူများကို တွေ့လိုက်ရသည်။

"မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား၊ သူတို့သာ မင်းရဲ့စကားတွေကို ကြားရင် မင်းအတွယ်ခံရလိမ့်မယ်၊ သူ့လှံကို ပြန်တွေးလိုက်ဦး အဲဒီလှံနဲ့အထိုးခံရတဲ့အရသာက ဘယ်လိုလဲဆိုတာ မြည်းစမ်းကြည့်ချင်နေတာလား"

ဝမ်ချောင် တခစ်ခစ်ရယ်မောလိုက်သည်။

ဝေ့ဟို၏ မျက်နှာသည် ‌ဖြူရော်သွားတော့သည်။ နယ်စားလေးရီ၏ လှံ သေစေနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းပုံကို ပြန်တွေးကာ သူ၏ဆံပင်များသည် ထောင်ထသွားခဲ့ရသည်။

"ခွေးကောင် မင်းငါ့ကို ခြောက်လန့်ရဲတယ်"

သို့သော် သူသည် မကြာမီသတိပြန်ရလာကာ ဝမ်ချောင်ကို ဒေါသထွက်စွာ တွန်းထုတ်လိုက်သည်။

"ဟေး ဘယ်သူက မင်းကို ဒီလောက်ကြောက်ခိုင်းနေလို့လဲ၊ အဲဒီနေ့တုန်းက မင်းငါ့ကို ဘယ်လိုထားခဲ့နိုင်တာလဲ"

ဝမ်ချောင် ပြန်ပက်လိုက်သည်။

"အဲဒါငါ့အမှားမဟုတ်ဘူး၊ အဲဒါက ဘာကြောင့်လဲဆိုတော့ ငါ.. ငါက သူတို့ကို မယှဉ်နိုင်လို့ပဲ"

သူ့သူငယ်ချင်းက ထိုကိစ္စကို ထုတ်‌ပြောလိုက်သည်တွင် ဝေ့ဟိုသည် ရှက်ရွံ့စွာသာ တုံ့ပြန်လိုက်နိုင်သည်။

ဝမ်ချောင်သည် သူနှင့် ဤကိစ္စကို ငြင်းခုံမနေရန် ရွေးချယ်လိုက်သည်။ ထိုအစားသူသည် သူ့ခေါင်းကိုလှည့်လိုက်ကာ အတွေးနက်နေသည့် ပုံစံဖြင့် နယ်စားရီဆီသို့ ကြည့်လိုက်သည်။

ဝေ့ဟိုသည် နယ်စားရီနှင့် အနီရောင်ငှက်တောင်ထွတ်မှအဖွဲ့ဝင်များကို ဒိုင်နိုဆောအမများအဖြစ် ယူဆထားသော်လည်း၊ ကြမ်းကြုတ်‌သော၊ မာနကြီးသော၊ အကြောက်အလန့်မရှိသော၊ ဝမ်ချောင်သည် တူညီသော အတွေးများကို ထုတ်ပြောမည်မဟုတ်ပေ။

သူ(မ)တို့သည် အခြားသူများကဲ့သို့ အလောင်းများကိုရှင်းလင်းရေးလုပ်နေသော်လည်း သူတို့၏ အမူအရာများအရ စိတ်မသက်မသာ ဖြစ်နေကြသည်မှာ ထင်ရှားသည်။ အမှန်တွင် သူတို့သည် ဖြစ်နိုင်လျှင် အလောင်းများမှ ဝေးနိုင်သမျှဝေးဝေးသို့ ထွက်ပြေး‌ချင်နေပုံရသည်။ ဤသည်မှာ ယခင်တိုက်ပွဲမှ သူတို့စိတ်ထဲတွင် စွဲထင်နေသော တိုက်ပွဲနတ်ဘုရားများ၏ပုံရိပ်နှင့် အတော်လေး ဆန့်ကျင့်နေပေသည်။

"ဟမ်"

ဝမ်ချောင်သည် အတွေးနက်နေစဉ်မှာပင် သူ၏နှလုံးခုန်သံကို မြန်သွားစေသော တစ်စုံတစ်ခု၏ မြင်ကွင်းကို ဖမ်းမိလိုက်သည်။

"ဝေ့ဟို ခဏလေး အလောင်းကို အောက်ချလိုက်"

ဝမ်ချောင်သည် ဝေ့ဟိုကို ချက်ချင်းရပ်ခိုင်းလိုက်သည်။

"ဘာလို့လဲ မင်းအခုအလောင်းကို စိတ်ဝင်စားနေပြန်ပြီလား"

ဝေ့ဟို ကျီစားလိုက်သည်။

ချီးးလ

သို့သော်လည်း ဝမ်ချောင်သည် ယခုအချိန်တွင် ဟာသလုပ်ရန် အာရုံရမနေပေ။ လမ်းလျှောက်လာလိုက်ကာ ဝမ်ချောင်သည် ဝေ့ဟိုသယ်ဆောင်ထားသော အလောင်း၏‌အနက်ရောင်ဘောင်းဘီရှည်ကို ဆွဲဖြဲပစ်လိုက်သည်။ နောက်တခဏအတွင်း အလောင်း၏ ညာဖက်ခြေထောက်တွင် ဆေးမင်ကြောင်တစ်ခု ပေါ်လာခဲ့သည်။

ဆေးမင်ကြောင်ကို လေ့လာလိုက်ကာ ဝေ့ဟို၏အမူအရာပင်လျှင် ထိတ်လန့်မှုကြောင့် ရှုံ့မဲ့သွားခဲ့သည်။ ဟာသလုပ်နေသည်ကို ရပ်လိုက်ကာ သူသည် အလောင်းကို ချလိုက်ပြီး ဆေးမင်ကြောင်ကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။

ထိုသည်မှာ စက်ဝိုင်းပုံသဏ္ဌာန်ရှိသည်။ ဆေးမင်ကြောင်ထဲတွင် မြွေတစ်ကောင်နှင့် ခြေသုံးချောင်းကျီးကန်းပုံစံ ပါရှိသည်။ ခြေသုံးချောင်းကျီးကန်းသည် အပေါ်မှ ဖြစ်ပြီး မြွေသည်အောက်တွင်ရှိကာ သူတို့သည် တစ်ကောင်နှင့်တစ်ကော င်စိုက်ကြည့်နေကြကာ ထူးဆန်းသည့်မြင်ကွင်းကို ဖန်တီးနေသည်။

"ဒါက၊ သြဇာလွှမ်းမိုးမှုတစ်ခုရဲ့ သင်္ကေတလား"

ဝေ့ဟိုသည် လျင်မြန်စွာ နားလည်လာခဲ့သည်။ ဝမ်ချောင်သည် ပြန်မဖြေခဲ့ပေ။ သူသည် သူ၏နှလုံးခုန်သံများ ပြင်းထန်စွာခုန်နေလျက် ဆေးမင်ကြောင်ကို သေချာစွာကြည့်လိုက်သည်။

သူသည် ဤသင်္ကေတကို မှတ်မိသည်။

ဝမ်ချောင်သည် ဤည လုပ်ကြံတိုက်လိုက်မှုသည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုကို စမ်သပ်ကာ ဖျက်ဆီးပစ်ပြီး မဟာထန်၏စိတ်ကြီးဝင်နေမှုကို ရိုက်ချိုးရန် တာ့ခ်များနှင့်ဂိုဂူလျောများအကြား သာမန်ပူးပေါင်းမှုတစ်ခုဟု တွေးထင်ထားခဲ့သည်။ သို့သော်လည်း ဤသင်္ကေတကို မြင်လိုက်သည်တွင် သူသည် မှားယွင်းကာ ဤကိစ္စ၏ သဘောသဘာဝကို လျှော့တွက်ထားမိကြောင်း နားလည်လိုက်သည်။

"ရှိုရှုဘုရင်"

ထူးဆန်းသည့်ဆေးမင်ကြောင်ကို ကြည့်လိုက်ကာ ဝမ်ချောင်၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာခဲ့သည်။

အရှေ့အနောက်တာဂီကာဂနိတ် နှင့် ဝူတန်တို့သည် မဟာထန်၏ အာရုံအားလုံးကို လွှမ်းမိုးထားသော်လည်း အရှေ့ပိုင်းဂိုဂူလျောတိုင်းပြည်သည် မဟာထန်၏ သတင်းအချက်အလက် စုဆောင်းသည့် စစ်ဆင်ရေးကို လက်မလျှော့ခဲ့ပေ။

ဤ 'ရှိုရှုဘုရင်'သည် မဟာထန်အတွင်းရှိ ဂိုဂူလျောတို့၏ထိပ်သီးသူလျှိုဖြစ်သည်။ ဂိုဂူလျောဧကရာဇ်ယွန်းဂယ်ဆွန်း၏ စူးရှသောဆူးပင် ဖြစ်ကာ အလယ်ပိုင်းလွင်ပြင်ဒေသတွင် စိုက်ပျိုးခဲ့သည်။

ဤထိပ်သီးသူလျှိုသည် မြင့်မြတ်သည့်မျိုးရိုးမှ မွေးဖွားလာခဲ့ခြင်း မဟုတ်‌သော်လည်း ဂိုဂူလျောဧကရာဇ်သည် သူ့ကို တော်ဝင်မိသားစုတစ်ယောက်အဖြစ် အပ်နှင်းခဲ့သည်ဟု ကောလာဟလ ရှိခဲ့သည်။ သူ၏ ဘွဲ့ 'ရှိုရှူဘုရင်'သည် ယွန်းဂယ်ဆွန်းက အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူသည် မည်မျှအရေးပါသည်ကို ဖော်ပြနေသည်။

ဤခြေသုံးချောင်းကျီးကန်းနှင့် မြွေ ဆေးမင်ကြောင်သည် သူ့ လက်အောက်ငယ်သားများ၏ သင်္ကေတဖြစ်သည်။

သူ၏တာဝန်သည် အဓိကအားဖြင့် စောင့်ကြည့်ခြင်းနှင့်သူလျှိုလုပ်ခြင်းသာ ပါဝင်သော်လည်း မြို့တော်အတွင်းရှိ ရှို့ရှူဘုရင်၏ လုပ်ဆောင်ချက်များသည် ထို့ထက်ပိုပေသည်။

ဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အရာအားလုံးက မဟာထန်ကို ထိခိုက်စေပြီး ဂိုဂူလျောကို အကျိုးရှိစေလေသည်။ သူ့ကို နာမည်ဆိုးဖြင့် ကျော်ကြားစေသည့်အရာမှာ အလယ်ပိုင်းလွင်ပြင်‌ဒေသ၏အရာရှိများကို အောင်မြင်စွာလုပ်ကြံသတ်ဖြတ်ခြင်းပင်ဖြစ်သည်။

ဂိုဂူလျောကို ဆန့်ကျင်သည်စစ်ပွဲများကို ကူညီထောက်ပံ့ခဲ့သည့် အရာရှိတိုင်းသည် သူ၏လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အဆိုးဆုံးအရာမှာ သူ၏လုပ်ကြံသတ်ဖြတ်ခြင်းသည် ပစ်မှတ်တစ်ဦးတည်းကိုသာ လုပ်ကြံသတ်ဖြတ်ခြင်းမဟုတ်ပေ။ ပစ်မှတ်၏နေအိမ်ရှိ အိမ်အကူများ၊ ကျွန်များ၊ အမျိုးသမီးများနှင့် ကလေးများကိုပင် ချမ်းသာမပေးခဲ့ပေ။

စစ်ဆေးသူထန်ကျိုးသည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်။ ကံဆိုးမိုးမှောင်ကျခဲ့သည့် လွန်ခဲ့သည့်ရှစ်နှစ်က သူ၏အိမ်တော်ရှိ လူတစ်ဦးမျှ အသက်ချမ်းသာရာမရခဲ့ပေ။ ဤအဖြစ်အပျက်သည် မဟာထန်သို့ မုန်တိုင်းထန်စေခဲ့သည်။

တော်ဝင်ရုံးတော်သည် ဒေါသထွက်ကာ မရေမတွက်နိုင်သော ဂိုဂူလျောသူလျှိုများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သော်လည်း အဓိကတရားခံ ရှိုရှူဘုရင်သည် လွတ်မြောက်နေဆဲဖြစ်သည်။ အကြောင်းပြချက်မှာ ရိုးရှင်းသည်။ မည်သူမျှသူ့ကို မမြင်ဖူးခဲ့ကြသကဲ့သို့ မည်သူမျှ သူ မည်သို့မည်ပုံရှိသည်ကို မသိကြပေ။ သူ၏ဘွဲ့အမည် ရှိုရှူဘုရင် ပင်လျှင် ဂိုဂူလျောတိုင်းပြည်မှ လာခဲ့ခြင်းဖြစ်သည်။

သူ၏ အသွင်အပြင်နှင့် လက္ခဏာများသည် ပဟေဠိဖြစ်နေဆဲပင်ဖြစ်သည်။

သို့သော် သူတို့ သူ့အကြောင်းသေချာသိသည့်အရာနှစ်ခုရှိသည်။ သူသည် တရုတ်စကားကို ကျွမ်းကျင်စွာ‌ပြောဆိုတတ်ပြီး မဟာထန်၏ ယဉ်ကျေးမှုဖြစ်စေ သို့မဟုတ် သမိုင်းကိုဖြစ်စေ အလွန်ကောင်းမွန်စွာသိရှိထားသည်။ အကျဉ်းချုပ်ရလျှင် သူသည် ဟန်လူမျိုးတစ်ယောက်နှင့် မခြားပေ။ သူနှင့်မျက်နှာချင်းဆိုင်တွေ့ခဲ့လျှင်ပင် လူတစ်ယောက်သည် သူ့ကို ဟန်လူမျိုးလော သို့မဟုတ် ဂိုဂူလျောလော ခွဲခြားနိုင်မည်မဟုတ်ပေ။

"တွေးကြည့်ရရင် ဒါတကယ်ကို သူပဲဖြစ်လိမ့်မယ်"

ဝမ်ချောင်တွေးလိုက်သည်။ သူသည် ဤနောက်ကွယ်၌ ဖမ်းဆီးရန်ခက်ခဲသော ရှိုရှူဘုရင်လည်း ပါဝင်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

--------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၀။ အဖြူရောင်ကျောက်တုံး၏ လျှို့ဝှက်ချက်

"ဒါက တာ့ခ်တွေက ဂိုဂူလျောနဲ့အတူ ဘာလို့ရှိနေခဲ့ရသလဲဆိုတာနဲ့ ဘာလို့ ဂိုဂူလျောအရာရှိစစ်သည်တွေက ပေါ်ထွက်လာရသလဲ ဆိုတာကို ရှင်းပြလိုက်တာပဲ၊ ရှိုရှုဘုရင်သာ ဒီစစ်ဆင်ရေးမှာ ဝင်ပါခဲ့ရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ"

ဝမ်ချောင်၏ အမူအရာသည် တဖြည်းဖြည်း လေးနက်လာကာ မျက်မှောင်ကြုတ်လိုက်သည်။

ရှိုရှုဘုရင်သည် မဟာထန်၏အသားစထဲသို့ အချိန်အတော်ကြာ စူးဝင်နေခဲ့သော ဆူးချွန်တစ်ချောင်း ဖြစ်သည်။ သူတို့သည် သူ့ကို အချိန်အတော်ကြာ လိုက်လံဖမ်းဆီးခဲ့သော်လည်း ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပေ။

မနေ့က လုပ်ကြံတိုက်ခိုက်မှုသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် သူ၏ ပထမဆုံးစစ်ဆင်ရေး မဟုတ်သကဲ့သို့ နောက်ဆုံးစစ်ဆင်ရေးလည်း ဖြစ်လိမ့်မည် မဟုတ်‌ပေ။ အနာဂတ်တွင် သူသည် ကမ္ဘာမြေ အစိတ်စိတ်အမြွှာမြွှာကွဲ‌ကြေသွားစေမည့် တစ်စုံတစ်ခုကို အောင်မြင်စေမည်မှန်း ဝမ်ချောင် သိသည်။

ရှိုရှုဘုရင်၏ တည်ရှိနေမှုသည် မဟာထန်အတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။

"သူကိုဖယ်ရှားဖို့ ငါနည်းလမ်းတစ်ခုရှာရမယ်"

ဝမ်ချောင်သည် မျက်လုံးတွင် သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပေါ်လာကာ တွေးလိုက်သည်။

သူ၏ဆောင်ရွက်ချက်များသည် ဂိုဂူလျောတိုင်းပြည်အတွက် ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့သည်။ တစ်ဖက်တွင် မဟာထန်အတွက် သူသည် တိုင်းပြည်၏ရန်သူဖြစ်ကာ သူတို့၏ အလိုရှိဆုံးစာရင်းတွင် ထိပ်ဆုံး၌ရှိသည်။ သို့သော်လည်း ရှိုရှုဘုရင်သည် အမြဲအသေးစိတ်ကာ နိုးနိုးကြားကြားရှိခဲ့သည်။ ထိုသည်မှာ သူ၏ တည်နေရာကို ခြေရာခံရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် ဤပြဿနာသည် ဝမ်ချောင်အပေါ် သက်ရောက်ခြင်းမရှိပေ။

မဟုတ်သေးပေ။ ဝမ်ချောင်၏ပြဿနာမှာ သူ၏ သြဇာလွှမ်းမိုးမှု အလွန်အားနည်းနေသေးသည်။ သူသည် ယုံကြည်ချက် အပြည့်အ၀ မရသေးခင် တစ်ဖက်လူကို မလိုအပ်ဘဲ သတိမပေးချင်ပေ။ ထိုသို့မဟုတ်ပါက ရှိုရှုဘုရင်သည် သူ့ကို ခန့်မှန်းမိပြီး တစ်ခုခုလွဲနေသည်ကို သိရှိသွားပေလိမ့်မည်။ သူ့ကိုခြေရာခံရန် လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သွားစေပေလိမ့်မည်။

ည၏ကျန်ရှိနေသောအချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ လေးနာရီကြာ မနှစ်မြို့ဖွယ်ရာများကို အားထုတ်ကြိုးပမ်းလိုက်ကြပြီးနောက် ပြန့်ကြဲနေသောအလောင်းများသည် နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။

မြေဆီလွှာနှင့်အတူ သွေးများကို လုံးဝရှင်းလင်းပစ်လိုက်ကြသည်။ စုတ်ပြဲနေသော အဆောက်အအုံများနှင့် တူးခြစ်နေသော အဆောက်အဦများကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ ဘာမျှမဖြစ်ခဲ့ပုံရသည်။ သူတို့သည်သာ နာရီအတော်ကြာက ဖြစ်ပွားခဲ့သော အလွန်ကြီးမားသည့် တိုက်ပွဲခြေရာကို ဖော်ပြနေသည်။

နယ်စားလေးရီနှင့် ဝေ့ဟိုတို့ကို လမ်းခွဲပြီးနောက် ဝမ်ချောင်သည် အဖြူရောင်ကျားတောင်ထွတ်ပေါ်သို့ ပြန်လာခဲ့သည်။ သူပြန်ရောက်သည့်အချိန်တွင် ဤနေရာ၌ရှင်းလင်းရေးသည် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တိတ်ဆိတ်အေးချမ်းခြင်းက ပတ်ဝန်းကျင်၌ အစားထိုး ဝင်ရောက်နေသည်။

မီးပုံအချို့ကို ညအမှောင်ထုထဲတွင် မြင်တွေ့နိုင်သည်။ ယောင်ဝါးဝါးဖြစ်နေချိန်တွင် ဝမ်ချောင်သည် သူ့အဖွဲ့ဝင်တပ်သားသစ်များ၏ တိတ်တဆိတ် ငိုရှိုက်သံကို အာရုံခံလိုက်နိုင်သည်။ သူသည် သူ့နှလုံးသားက အနည်းငယ်လေးလံလာသည်ကို ခံစားလိုက်ရသည်။

"ဒီလူတွေဟာ စစ်မြေပြင်မှာ တစ်ခါမှ မရောက်ဖူးဘူး၊ သွေးထွက်သံယို မဖြစ်ဖူးသလို တခြားသူတွေနဲ့ အသေအလဲ မတိုက်ခိုက်ခဲ့ဖူးဘူး၊ ဒီညမှာဖြစ်ပျက်ခဲ့တဲ့အရာတွေက သံသယဖြစ်စရာမလိုဘဲ ခွင့်မလွှတ်နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်လာလိမ့်မယ်"

ဝမ်ချောင် တွေးတောမိလာသည်။ သူသည် သူ့ယခင်ဘဝတွင် စစ်မြေပြင်များစွာကို ရောက်ခဲ့ဖူးသည်။ နှစ်ဒါဇင်ချီတိုက်ခိုက်ခဲ့ခြင်းက သူ့ကို သွေးများနှင့် သေခြင်းတရားကို ကျင့်သားရစေခဲ့သည်။ မျဉ်းတစ်‌ကြောင်းပေါ်တွင် သူ့ဘဝကို ပြင်းထန်စွာ ရုန်းကန်ခဲ့ရသည်။ ဤသည်က ရုန်ချည်းတိုက်ခိုက်မှုတွင် သူသည် သူ၏စိတ်တည်ငြိမ်မှုနှင့် လိုက်လျောညီထွေဖြစ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည့် အကြောင်းအရင်းပင် ဖြစ်သည်။

သို့သော်လည်း ဤလူများသည် ခြားနားကြသည်။

ဂိုဂူလျောတပ်သားများနှင့် ဝံပုလွေများကို ရင်ဆိုင်ရာတွင် လဲပြိုခြင်းမရှိခြင်းနှင့် သူတို့၏တိုက်ပွဲဝင်ချင်စိတ်များကို ဆွဲထုတ်ခဲ့သည်မှာ သူတို့အတွက် အလွန်ကောင်းမွန်သော တိုးတက်မှုဖြစ်သည်ကို သူသိသည်။ သူသည် စာနာမိသော်လည်း မည်သည့်စကားလုံးမျှမပြောခဲ့ပေ။

ဤကဲ့သို့သော ကပ်ဘေးများစွာသည် သူတို့ကို ရှေ့တွင် စောင့်နေလေသည်။ အသက်ရှင်ကျန်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ကြီးပြင်းရန်ပင်ဖြစ်သည်။

သူ့အခန်းသို့ ပြန်လာချိန်၌ ဝမ်ချောင်သည် ရင်းနှီးနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် သူ့အသားစထဲမှ မြားကို ဆွဲနှုတ်ရန်ကြိုးပမ်းနေလေသည်။ သူသည် တံခါးသို့ဖြတ်မဝင်မီ အားကောင်းသည့် သွေးနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

စုဟန်ရှန်း၏ခန္ဓာကိုယ်သည် သွေးနီရောင်ပြောင်းလဲနေကာ လတ်ဆတ်သည့်သွေးများက ထိုနေရာမှ ယိုစီးနေသေးသကဲ့သို့ပင်ဖြစ်သည်။ သူယလင်ကဝတ်ခဲ့သော ဝတ်ရုံဖြူသည် ယခုတွင် အနီရောင်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

"ဒီလူ"

ဝမ်ချောင်၏မျက်ခုံးများ မြင့်တက်သွားခဲ့ကာ သူသည် တစ်ခဏ မိန်းမောတွေဝေနေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူသည် ကိုယ်တိုင် မမြင်ခဲ့ရသော်လည်း စုဟန်ရှန်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို စိတ်ကူးကြည့်၍ ရပေသည်။

"သူ့ဝတ်ရုံတွေ ဒီလို အနီရောင်ပြောင်းသွားဖို့ လူဘယ်လောက်များများကို ဒီလူ သတ်ခဲ့တာလဲ"

ဝမ်ချောင်သည် စုဟန်ရှန်းက သူ့ထက်ပိုစော၍ တိုက်ပွဲထဲသို့ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည်ကို သတိရလိုက်သည်။ သူလှုပ်ရှားသည့်အချိန်တွင် အဖြူရောင်ကျားတောင်ထွတ်၌ တစ်ဖက်လူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

သို့သော် စုဟန်ရှန်းဝတ်ရုံပေါ်ရှိ သွေးများသည် လိမ်ညာနေခြင်းမရှိပေ။ တစ်ဖက်လူ၏ တိုက်ခိုက်သည့်ပုံစံသည် တကယ့်ပင်လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်သည်။

စုဟန်ရှန်းသည် ဝမ်ချောင်ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ မြား၏အဆုံးတစ်ဖက်ကို ညလက်ဖြင့် ဆုပ်ကိုင်ကာ အင်အားတချို့ကို ထုတ်ဖော်လိုက်သည်။

ဖူး...

လတ်ဆတ်သည့်သွေးများသည် လေထဲသို့ဖြာထွက်လာခဲ့သည်။ သို့ဆိုလျှင်ပင် စုဟန်ရှန်း၏ အမူအရာသည် တည်ငြိမ်ကာ အေးဆေးနေလေသည်။ သူ့မျက်နှာအနည်းငယ် ဖြူရော်သွားသည်ကလွဲ၍ လူတစ်ယောက်သည် သူ့ခန္ဓာကိုယ်ထဲ၌ မြားလုံးဝ ရှိမနေတော့သည်ကို တွေးကြည့်နိုင်ပေသည်။

"ရော့ဒီမှာ..ဒါမင်းအတွက်ပဲ၊ ဒါက မင်းပြန်ကောင်းလာစေဖို့ ကူညီလိမ့်မယ်"

ဝမ်ချောင်သည် ပြန်လည်ကောင်းစေသည့်ဆေးလုံးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ သို့သော်လည်း စုဟန်ရှန်းသည် ဆေးလုံးကို ပြန်ပုတ်ထုတ်လိုက်သည်။ ထိုဆေးလုံးက ဝမ်ချောင်၏လက်ထဲသို့ တိကျစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

"အဲဒါကို ငါမလိုအပ်ဘူး"

စုဟန်ရှန်းအေးစက်စွာပြန်ပြောလိုက်ကာ သူ့သဘောထားကို ရှင်းလင်းစွာပြသလိုက်သည်။

"သူက သေချာပေါက်လုံးဝမပြောင်းလဲသေးဘူးပဲ"

ဝမ်ချောင်သည် တိတ်ဆိတ်စွာရယ်မောလိုက်ပြီး ဆေးလုံးကိုပြန်သိမ်းလိုက်ကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူသည်လည်း ဤတိုက်ပွဲတွင် သူ့ကိုယ်သူ အတော်လေး အပင်ပန်းခံခဲ့ရပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ပြန်လည်ကုစားရန်လိုအပ်သည်။

မကြာမီခင်တွင်

"အရှင်"

မြို့ထဲတွင် ရှန်းဝေ၊ လုံ့ဝေနှင့် ခွန်းဝူတို့ ပြန်လည်အေးချမ်းပြီးသည်တွင် မြို့တော်၏ တောင်ဘက်ပိုင်းခြံဝင်းတစ်ခုထဲတွင် အရိပ်တစ်ခုရုတ်တရက် ပေါ်လာခဲ့သည်။ အချိန်အတော်ကြာသည်တွင် အရပ်မျက်နှာပေါင်းစုံမှ အနက်ရောင်အရိပ်များ တစ်ဦးပြီးတစ်ဦး ရောက်လာကာ စုစည်းနေခဲ့ကြသည်။

ဤလူများသည် ကြံ့ခိုင်ပြီး သူတို့၏ အမြန်နှုန်းမှာ လျင်မြန်လှသည်။ ထိုအမြန်နှုန်းသည် အရှေ့ကျွန်းဆွယ်ရှိ လုပ်ကြံသတ်ဖြတ်သူ မီယာဆာကာအာရာမီးနှင့် ယှဉ်လျှင်ပင် လုံးဝ နိမ့်ကျခြင်း မရှိပေ။ ဓားသုံးလက်၊ ဆေဘာဓားရှည်သုံးလက် များသည် သူတို့၏ နောက်ခံကို ဖော်ပြနေသည်။

လူတိုင်းသည် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများပင်ဖြစ်သည်။

ခြံဝင်းတစ်ခုလုံးသည် လူများဖြင့်ပြည့်နှက်နေသော်လည်း ငြိမ်သက်တိတ်ဆိတ်နေလေသည်။ ညဘက်တွင် ပုစဉ်းရင်ကွဲများ၏ ကျီကျီကျာကျာ အော်သံများသည် အလည်ရောက်လာသော သူများကြောင့် သက်ရောက်မှု မရှိသကဲ့သို့ ထွက်ပေါ်နေလေသည်။

မြောက်ဘက်အစွန်ဆုံးရှိအခန်းထဲတွင် ဖယောင်းတိုင်မီးထွန်းလင်းနေသည်။ ထိုအလင်းရောင် မှိန်ပျပျအောက်မှ ထင်ယောင်ထင်မှား ဖြစ်စေသောပုံရိပ်တစ်ခုကို မြင်တွေ့နိုင်သည်။ အားအောင်သည့် အရှိန်အဝါတစ်ခုသည် ပြတင်းရှိ ပါးလွှာသောစက္ကူကို ဖြတ်သန်းကာ အပြင်ဘက်သို့ ထွက်ပေါ်လာသည်။

လုပ်ကြံသူများသည် သူတို့၏ တိတ်ဆိတ်မှုကို ပုစဉ်းရင်ကွဲကောင်က ဆောင်းခိုသကဲ့သို့ ထိန်းသိမ်းထားခဲ့ကြကာ ဆူညံသံတစ်ခုမျှပင် မလုပ်ကြပေ။

"စစ်ဆင်ရေးကကျရှုံးခဲ့ပြီ၊ ငါ့အမိန့်ကိုထုတ်ပြန်လိုက်ပါ..လူတိုင်း အချိန်ကာလတစ်ခုအတွက် နှိမ့်ချပြီးတော့နေရမယ်၊ မဟာထန်တော်ဝင်ရုံးတော်ရဲ့ အာရုံစိုက်မှုကို မခံရအောင် ဂရုစိုက်ကြပါ"

ကွဲအက်နေသည့် အသံတစ်ခုသည် အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ယောက်ျားတစ်ယောက်ဆီမှ လာခဲ့သလော သို့မဟုတ် မိန်းမတစ်ယောက်ဆီမှလာခဲ့သလော ခွဲခြားရန် မဖြစ်နိုင်ပေ။

"ဟုတ်ကဲ့"

အပြင်ဘက်ရှိ လူတိုင်းသည် မထုံတတ်သေးအမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် တော်ဝင်ရုံးတော်နှင့် ပညာရှင်ဧကရာဇ်က အထူးအာရုံစိုက်သော နေရာများ ဖြစ်ကြသည်။ ဂိုဂူလျောတို့သည် ညလယ်တွင် တပ်သားသစ်များကို ချုံခိုတိုက်ခိုက်ရဲသောကြောင့် သဘာဝအားဖြင့် သူတို့သည် သူတို့အသက်ကိုပင် ဆုံးရှုံးရန် ပြင်ဆင်ထားခဲ့ကြသည်။

ဤအခြေအနေကို ကြုံခဲ့ရပါက သူတို့စကားနှိုက်ထုတ်မည်ကို စိုးရိမ်ပူပန်နေရန်မလိုတော့ပေ။

"ပြီးတော့ မင်းတို့ကို ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကိုလည်း ငါ့အတွက် စုဆောင်းစေချင်သေးတယ်၊ အဖြူရောင်ကျားတောင်ထွတ်ပေါ်က တပ်သားသစ်တွေရဲ့ အချက်အလက်အားလုံးကို ငါလိုချင်တယ်"

ကွဲအက်သည့် အသံသည် အခြားအမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။ ဤတစ်ကြိမ်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့သည် အရှင်က အဖြူရောင်ကျားတောင်ထွတ်ကို စိတ်ဝင်စားနေရသည့် အကြောင်းကို နားမလည်ကြပေ။

"ဟုတ်ကဲ့ပါ အရှင်"

သို့ဆိုလျှင်ပင် သူတို့သည် အရှင်၏အမိန့်ကို မေးခွန်းထုတ်ရန် သို့မဟုတ် ငြင်းဆန်ရန် မဝံ့ရဲ့ကြပေ။

"လူစုခွဲမယ်"

အမိန့်ထွက်ပေါ်လာသည်နှင့် ဂိုဂူလျောလုပ်ကြံသတ်ဖြတ်သူများသည် ဘယ်တုန်းကမှ မပေါ်ခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့ကြသည်။ လေပြင်းတစ်ချက်ဝေ့လိုက်သည်တွင် ဖယောင်းတိုင်မီးသည် ငြိမ်းကျသွားခဲ့သည်။ ခြံဝန်းတစ်ခုလုံး မဲမှောင်သွားခဲ့သည်။

"အဲဒီအဖြူရောင်ကျားတောင်ထွတ်က၊ အရမ်းထူးခြားတယ်၊ အဲဒါကို စုံစမ်းစစ်ဆေးရမယ်"

တိုးလျသည့် အသံသည် ညအမှောင်ထုတွင် ပေါ်လာခဲ့ကာ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

...

အချိန်သည် မျက်လှည့်ဆန်စွာကုန်ဆုံးသွားခဲ့သည်။ မကြာမီ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုနှင့် ပတ်သက်သည့်အဖြစ်အပျက်သည် ပျံ့နှံ့သွားခဲ့ကာ ပြည်သူများ သိရှိသွားကြသည်။ နေမင်းကြီး ထွက်ပြူလာစအချိန်တွင် မဟာထန်၏တော်ဝင်ရုံးတော်သည် တိကျသည့်စက်ယန္တရားများဖြင့် အရှိန်မြင့်စွာ လှည့်ပတ်နေပြီဖြစ်သည်။

ဌာနအသီးသီးမှ အဖွဲ့ဝင်များသည် အထူး ပူးပေါင်းလုပ်ဆောင်နေကြပြီး ဘုရင့်အိမ်တော်ဝန်း နေထိုင်သူများသည်ပင် ဤကိစ္စရပ်တွင်ပါဝင်ခဲ့ကြသည်။

ဤနေ့အတွက် တော်ဝင်ရုံးတော်၏အစည်းအဝေးသည် သေဆုံးသွားကြသော တပ်သားသစ်များ၏ မိသားစုများအတွက် လျော်ကြေးပေးရန် ပါဝင်ခဲ့သည်။ ဤကဲ့သို့ပင် ဤပြဿနာများသည် သာမန်ပြည်သူများ ထိတွေ့၍ရသည့် ကိစ္စမဟုတ်ပေ။

ဤနေ့သည် သာယာသောနေ့တစ်နေ့မဟုတ်ပေ။

...

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၊ အဖြူရောင်ကျားတောင်ထွတ်

မသိနိုင်သော အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်သည် တည်ငြိမ်စွာထိုင်နေရာမှ နောက်ဆုံးတွင် နိုးထလာခဲ့သည်။ တစ်ညသာ ကုစားပြီးနောက် သူ၏မူလစွမ်းအင်များသည် ပြန်လည် ပြည့်တင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးခဲ့သည့် တိုက်ပွဲမှ ဒဏ်ရာများသည်လည်း အပြည့်အ၀နီးပါး ပြန်လည်သက်သာနေပြီဖြစ်သည်။

"ဒါပေမဲ့လည်း ငါ့ခွန်အားက အရမ်းနိမ့်ကျနေသေးတယ်၊ ငါ့ရဲ့ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်"

မနေ့က တိုက်ပွဲကို ပြန်လည်အောက်မေ့လိုက်ကာ ဝမ်ချောင်သည် စိတ်ဓာတ်များ မြှင့်တင်လိုက်သည်။

ကျောက်စိမ်းရိုင်းသံမဏိဓားသည် ပျံဝဲနေသည့် ဆံပင်ကို ခုတ်ပိုင်းနေသည်အထိ ထက်မြိလှသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်ညက သူသည် ဓားခုတ်ချက်နှစ်ချက် ကျရှုံးခဲ့သည်။ ပထမခုတ်ချက်သည် တာ့ခ်လေးသခင်၏ ဝံပုလွေအစွယ်မြားကို တိုက်လိုက်ရာတွင်ဖြစ်သည်။ ဒုတိယခုတ်ချက်သည် ဂိုဂူလျောတပ်သား၏ မူလစွမ်းအင်ကို တွန်းလှန်သည့်အချိန်ဖြစ်သည်။

ဤသည်မှာ ကျောက်စိမ်းရိုင်းသံမဏိဓား၏ အမှားမဟုတ်ပေ။ သူ့ရန်သူနှင့် သူ၏အကြားမှ ကျင့်ကြံခြင်းအဆင့်ကွာဟမှု ကြီးမားနေသောကြောင့်ဖြစ်သည်။ ကျောက်စိမ်းရိုင်းသံမဏိဓားသည် ဤကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။

"ကျင့်ကြံဖို့ အချိန်ပိုယူရမယ်"

ဝမ်ချောင်သည် စိတ်ဂနာမငြိမ်ဖြင့် တွေးလိုက်သည်။

"ဟမ်"

သူသည် သူ့နှလုံးသားထဲ့သို့ ရုတ်တရက်ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝင်လာသောအခါ အတွေးမှ နိုးထသွားခဲ့သည်။ ဤသည်မှာ အလွန်တိတ်ဆိတ်ငြိမ်သက်သော မိုးသောက်ချိန်မဟုတ်လော။ သူသည် ထိုအရာကို ရှာကြည့်လိုက်သည်။

သို့သော် ဝမ်ချောင်ကို အံ့အားသင့်သွားစေသည်မှာ ထိုပါးလျသော သတ်ဖြတ်လိုသည် စိတ်ဆန္ဒသည် သူ့ကိုယ်မှ လာခဲ့ခြင်းဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ"

သူသည် အတွေးနက်သွားကာ မျက်မှောက်ကြုတ်လိုက်သည်။ ခဏကြာပြီးနောက် သူသည် သူ့လက်ဖြင့် အင်္ကျီလက်ထဲသို့ နိုက်လိုက်ပြီး ဟိုစမ်းဒီစမ်းလုပ်လိုက်သည်။ အေးသက်ပြီး မာကျောသော အရာတစ်ခုကို သူ့လက်ဖျားထိပ်ဖြင့် ပွတ်တိုက်မိလိုက်သည်။

"ဒါက၊ "

ဝမ်ချောင်မျက်မှောင်ကြုတ်လိုက်သည်။

အဖြူရောင်ကျောက်တုံး

သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏မူလဇစ်မြစ်မှာ စုကျန်ချန် သူ့ကိုပေးခဲ့သော အဖြူရောင်ကျောက်တုံးပင် ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်နေလျက် ဝမ်ချောင်သည် ထိုအရာကို ထုတ်ယူလိုက်သည်။ ခဏအကြာတွင် ကျောက်စိမ်းတုံးမှ ဖြတ်ထုတ်ထားပုံပေါ်သော ဖောက်ထွင်းမြင်နိုင်သည့် အဖြူရောင်ကျောက်တုံးသည် ဝမ်ချောင်လက်ချောင်းကြားထဲတွင် ပေါ်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

လက်သည်းအရွယ်အဖြူ‌ရောင်ကျောက်တုံးကို ကြည့်လိုက်ကာ သူ မှင်တက်သွားခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ် စုကျန်ချန်နှင့် ကျားကစားခဲ့ကတည်းက ဝမ်ချောင်သည် တစ်ဖက်လူ၏ အဖြူရောင်ကျောက်တုံးကို သတိမထားမိခဲ့ချေ။

ဤသည်မှာ သာမန်ကျောက်တုံးသာ ဖြစ်သည်။ သာမန်အခြေအနေအောက်တွင် ထိုသည်မှာ လူတစ်ယောက်အတွင်းသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ လျှို့ဝှက်စွာ တိုးဝင်လာရန် မဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ခဲ့လျှင်၊

အတွေးတစ်ခုသည် ဝမ်ချောင် စိတ်ထဲ၌ ဖြတ်သန်းသွားခဲ့သည်။ စုကျန်ချန်၏စကားလုံးများသည် သူ့စိတ်ထဲပေါ်လာခဲ့သည်။

“ကံကြမ္မာက ဝင်လာပြီး ထွက်ခွာသွားတယ်၊ ဒီအဖြူရောင်ကျောက်တုံးက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပါ၊ ဒါကို ကောင်းကောင်းသိမ်းထားပါ၊ မင်းကဒီကျောင်တုံးလို ဖြစ်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ဒီကျောက်တုံးလိုပဲ မင်းရဲ့အရည်အသွေးကို ထိန်းသိမ်းထားပါ အခြေအနေတွေ ဘယ်လိုပဲဖြစ်လာပါစေ မင်းရဲ့ရည်မှန်းချက်ကို သတိရပါ"

ဝမ်ချောင်သည် ထိုအချိန်ကအခြေအနေကို ထင်ရှားစွာ ပြန်လည်အမှတ်ရလိုက်သည်။ စုကျန်ချန်သည် ကျောက်တုံးကို ကျားခုံပေါ်မှ ကျပမ်းကောက်ယူလိုက်ပြီး သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။

သူသည် အစကတည်းက မှားယွင်းခဲ့သည်မှာ ဖြစ်နိုင်၏လော။ စုကျန်ချန်ပြောခဲ့သည့် 'လက်ဆောင်' ဆိုသည်မှာ ဒီထက်ပို၍နက်နဲသည့် အဓိပ္ပာယ်တစ်ခုကို ဆိုလိုသည်လော။

မရေမတွက်နိုင်သော အတွေးများသည် သူ့စိတ်ထဲ၌ တဝဲလည်လည်ရစ်ဝဲနေလေသည်။ ထင်မြင်ချက်တစ်ခုသည် သူ့အတွေးပင်လယ်ထဲတွင် ဖြည်းညင်းစွာပေါ်လာခဲ့သည်။ သူ့နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာခုန်လာခဲ့သည်။

-----------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters