ဧည့်ကြို
Vol. 33 Ch. 482
အဝေးတစ်နေရာမှ ခြေသံများသည် သူ့အိမ်နီးချင်းအိမ်ထဲထိ ဝင်ရောက်လာပြီးနောက် နံရံဆီသို့ ရွေ့လျားလာနေသည်အထိ ကြားနေရသည်။ ကောင်းမင် နားစိုက်ထောင်ရန် နံရံကို မှီလိုက်သောအခါ သူ့အိမ်နီးချင်း၏နံရံကို မှီနေသော မျက်နှာတစ်ခုလည်း ရှိနေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ခြေသံများ ပြန်စတင်လာသည်။ ခြေသံများသည် အိမ်ထဲမှ အပြေးထွက်လာပြီး လျိုယီ၏ရှေ့တံခါးဝတွင် ရပ်တန့်သွားသည်။
အမှောင်ထဲတွင် တံခါးခေါက်သံ မကြားရပေ။ ကောင်းမင်သည် နားထောင်ရန် အာရုံစိုက်ထားသည်။ ခြေသံများက ပို၍အားပျော့လာသည်။ နောက်ဆုံးအကြိမ် သူကြားလိုက်ရသောအခါ ခြေသံများသည် လျိုယီ၏အိမ်ထဲသို့ ဝင်ရောက်သွားပုံရသည်။
“ညောင်”
ဖချိုင်သည် အမွေးလုံးတစ်လုံးကဲ့သို့ အိပ်ရာပေါ်မှ လိမ့်ဆင်းသွား၏။ လျိုယီ နိုးလာလေသည်။ သူမက ကုတင်ဘေးစားပွဲပေါ်ရှိ မီးအိမ်ကို ဖွင့်လိုက်သည်။
“ကောင်းမင်၊ ရှင် နောက်ထပ်အိပ်မက်ဆိုး ထပ်မက်နေတာလား”
“ဘာမှ မဟုတ်ပါဘူး”
ကောင်းမင်သည် ဧည့်ခန်းကို စိုက်ကြည့်လိုက်သည်။ ဖချိုင်လည်း ထိုနည်းအတိုင်း လုပ်သည်။
“ပြန်အိပ်လိုက်ပါတော့ ၊ မနက်ဖြန် အလုပ်သွားရဦးမှာလေ”
ကောင်းမင်သည် လျိုယီကို ပြန်အိပ်ရန် ချော့မော့လိုက်သည်။ ကောင်းမင် သူ့ဖုန်းကို ထပ်ထုတ်ကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို သူထပ်ရှာမတွေ့တော့ပေ။
“ငါ အဲဒီ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မိခဲ့လို့ ပစ်မှတ်ထားခံရတာလား ၊ အဲဒီ စထရင်မာက သူ မနက်မိုးလင်းတဲ့အထိ အသက်မရှင်နိုင်ရင် တစ်ယောက်ယောက်က အမှောင်ညထဲကို ဝင်ရလိမ့်မယ်လို့ ပြောခဲ့တယ် ၊ ဒါက ဓားစာခံထားတဲ့အခြေအနေလား ဒါမှမဟုတ် အန္တရာယ်မရှိတဲ့ နောက်ပြောင်မှုလား”
ကောင်းမင် အိပ်မပျော်နိုင်တော့ပေ။ သူ အိပ်ရာပေါ်မှ တွားဆင်းလိုက်ပြီး လျိုယီနဲ့ ဖချိုင်အတွက် မနက်စာပြင်ဖို့ ဆုံးဖြတ်လိုက်သည်။
လျိုယီ အလုပ်သွားပြီးနောက် ကောင်းမင်သည် အနက်ရောင်လက်ပတ်ကို ထုတ်ယူလိုက်သည်။ မသေဆေးသည် သူ့အား မစ်ရှင်များ မပို့သေးပေ။ ခဏစဉ်းစားလိုက်ပြီးနောက် ကောင်းမင်သည် ထန်ချင်းကို ဆက်သွယ်လိုက်သည်။
ဗီဒီယိုခေါ်ဆိုမှု ချိတ်ဆက်သွားသောအခါ မကျေနပ်မှုများပြည့်နေသည့် မျက်နှာက ကောင်းမင်အား နှုတ်ဆက်သည်။
“အစ်ကိုကြီး၊ အခုက အလုပ်ချိန်တောင် မဟုတ်သေးဘူးလေ”
ထန်ချင်းသည် အလွန်ပင်ပန်းနေပုံရသည်။
“မင်းတို့ စမ်းသပ်သူအသုတ်ရဲ့ အစီရင်ခံစာဖောင်တွေ ဖြည့်ဖို့ ငါ့မှာ အချိန်ပိုလုပ်ခဲ့ရတယ် ၊ ဘာပဲဖြစ်ဖြစ် သုံးရက်နေမှ ငါ့ကို ဆက်သွယ်ပါ”
“သုံးရက်နားတာ ကျုပ်အတွက် အရမ်းကြာလွန်းတယ် ၊ ကျုပ် နောက်ထပ်အိပ်မက်ဆိုးအလယ်အလွှာထဲကို အမြန်ဆုံး ဝင်ဖို့လိုတယ် ဒါမှမဟုတ်လည်း ခင်ဗျား ကျုပ်ကို အိပ်မက်ဆိုးရဲ့ နက်ရှိုင်းတဲ့အလွှာထဲကို တိုက်ရိုက်ပို့ပေးလို့ရတယ်”
ကောင်းမင် လျိုယီနှင့်အတူ နေထိုင်ပြီးနောက် သူ၏ဘဝလေးသည် တည်ငြိမ်အေးချမ်းနေခဲ့သည်။ သူသည် ထိုဘဝမျိုးအား နှစ်သက်သော်လည်း ပြဿနာမှာ အိပ်မက်ဆိုးအကြောင်းမှတ်ဉာဏ်များ မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူခံစားမိနေခြင်းပင်။ သူသာ နေ့စဉ်ဘဝတွင် လုံးလုံးလျားလျား နှစ်မြှုပ်သွားပါက သူ၏အိပ်မက်ဆိုးအကြောင်းကို အရာအားလုံးမေ့ပျောက်သွားနိုင်သည်။ သူ့တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူဘယ်တော့မှ သိတော့မည်မဟုတ်ပေ။
“မင်းငွေကို အဲ့လောက်တောင် လိုအပ်နေတာလား ၊ ငါတို့မှာလည်း စမ်းသပ်မှုကို စွဲလမ်းနေတဲ့သူ တစ်ယောက်ရှိပါတယ် ၊ သူတို့တောင် ဒီလောက်စိတ်အားထက်သန်တာမျိုး မရှိဘူး ၊ငါ မင်းကို နားစေချင်တယ်၊ မင်းရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာမှ နောက်ထပ်စမ်းသပ်မှုလုပ်နိုင်မယ်”
ထန်ချင်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားပြီးနောက် ကောင်းမင် မျက်မှောင်ကြုတ်သွားသည်။ တစ်နေ့တာ၏ နောက်ဆုံးတွင်တော့ ထန်ချင်းသည် မသေဆေးအတွက် အလုပ်လုပ်ပေးသူဖြစ်သည်။ အဆင့် ၅ လျှို့ဝှက်ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်ရန်အတွက် ကောင်းမင်သည် ပိုမိုမြင့်မားသောခွင့်ပြုချက်ရရှိရန် လိုအပ်ပေသည်။
“ဒါရိုက်တာလီက မရိုးရှင်းဘူး…”
ကောင်းမင်သည် ဒါရိုက်တာလီအား မည်သို့ဆက်သွယ်ရန် စဉ်းစားနေစဉ် ရုတ်တရက် သူ့ဖုန်းက တုန်ခါလာလေသည်။ အနီရောင်အမည်မသိနံပါတ်တစ်ခုက သူ့ကို ခေါ်နေခြင်းဖြစ်သည်။ ထိုဖုန်းနံပါတ်အား လူ ၅၂၇ ဦးက အန္တရာယ်ရှိသောအဆက်အသွယ်တစ်ခုအဖြစ် မှတ်သားထားသည်။
“ငါ လူလိမ်နံပါတ်အကြောင်းပဲ ကြားဖူးတာ ၊ ဒီအန္တရာယ်ရှိတဲ့နံပါတ်က ဘာလဲ”
ကောင်းမင် ဖုန်းဖြေရန် တုံ့ဆိုင်းနေခဲ့သော်လည်း “ဟယ်လို” ဟု ပြန်ဖြေလိုက်သည်။
ဆစ်ဂနယ်အနှောင့်အယှက်များသည် နားထဲတွင် စူးရှနေလေသည်။ ကောင်းမင်ကို ခေါ်ဆိုသူသည် နိုင်ငံတွင်း ရှိနေပုံမရချေ။ ဖုန်းလိုင်းမှာ အလွန်ဆိုးဝါးနေသည်။ ကောင်းမင် ဘာတစ်ခုမှ နားမလည်ချေ။ သူ ဖုန်းချရန် အသင့်ဖြစ်နေချိန်တွင် တစ်ဖက်လူက သူ့အား လိပ်စာတစ်ခု ချပေးလိုက်သည်။
“ရှင်းလု နဝမအာရုံစူးစမ်းရှာဖွေရေးဌာနလား”
ထိုဆိုင်သည် ရှင်းလုဉာဏ်ပညာမြို့တော်တွင် တည်ရှိခြင်းဖြစ်သည်။ ၎င်းသည် ကျို့ကျန်းရာစုသစ်ပန်းခြံမှ တည်ထောင်ထားသော ဌာနခွဲများထဲမှ တစ်ခုဖြစ်သည်။ ထိုနေရာသည် ကစားသမားများကို အတွေ့အကြုံသစ်များပေးစွမ်းရန် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားသည်။
“ပန်းခြံက အင်တာဗျူးသူ အစ်ကိုကျိုးက သူတို့သူဌေးက ငါ့ကို ဖုန်းခေါ်လိမ့်မယ်လို့ ပြောခဲ့တယ် ၊ အဲဒါက သူတို့သူဌေးလား ၊ လိုင်းဒီလောက်ဆိုးဝါးနေရလောက်အောင် သူ ဘယ်ကနေ ခေါ်နေတာလဲ”
“ဒါက အရမ်းကိုမရိုးသားတဲ့ ခံစားချက်ပဲ”
ကောင်းမင်သည် ခြေသံများ ပျောက်ကွယ်သွားသော ဧည့်ခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
“ဒါပေမယ့် ဒါက ငါနဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ခံစားရတယ်”
အိမ်တွင် ဖချိုင်တစ်ကောင်တည်း ကျန်ခဲ့မည် စိုးသောကြောင့် ကောင်းမင်သည် သူ့ကို အိတ်ထဲ ထည့်ခေါ်လာခဲ့သည်။ သူသည် ဖချိုင်နှင့်အတူ ဉာဏ်ပညာမြို့တော်သို့ ရထားစီးလိုက်သည်။
ရှင်းလုဉာဏ်ပညာမြို့တော်နှင့် မြို့ဟောင်းကြား ကွာခြားချက်သည် လူသားနှင့် သရဲများကြား ကွာခြားချက်ထက်ပင် ပိုကြီးမားသည်။ လမ်းပေါ်တွင် ဖုန်းသုံးနေသူ များများစားစား မရှိပေ။ သူတို့အများစုသည် မြို့တော်၏စူပါဖိုတွန်ကွန်ပျူတာကြီးနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ချစ်ပ်ပြားများ ထည့်သွင်းထားကြသည်။
တစ်နည်းအားဖြင့် ထိုဉာဏ်ပညာမြို့တော်ကြီးသည် အံ့ဩစရာတစ်ခုဖြစ်သည်။
၎င်းကို မည်သို့ဖန်တီးခဲ့သည်ကို မည်သူမျှ မသိပေ။ မည်သူမျှ ရှင်းလင်းသောအဖြေ မရှိပေ။ အင်တာနက်ပေါ်တွင် စူပါကွန်ပျူတာနှင့်ပတ်သက်သည့် အချက်အလက်များစွာ ရှိနေပြီး ၎င်းတို့သည် လျင်မြန်စွာပြန်လည်ရီဖရက်ရှ်လုပ်နေကြသည်။ ၎င်းသည် မြို့တော်မန်နေဂျာကပင် စီမံခန့်ခွဲရန် ခက်ခဲလောက်အောင် မြန်ဆန်သည်။ ထို့ကြောင့် ဆယ်နှစ်ခန့်အကြာတွင် ၎င်းအပေါ် ကန့်သတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ စူပါကွန်ပျူတာ၏ဝင်ရောက်ခွင့်အဆင့် အများစုကို ဖယ်ရှားပစ်ခဲ့သည်။ လက်ရှိ ဉာဏ်ပညာမြို့တော်၏ စူပါကွန်ပျူတာသည် မပြီးပြတ်သေးသော ထုတ်ကုန်တစ်ခုဖြစ်လာသည်။
ကောင်းမင်သည် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ဌာနကို ရှာတွေ့သွားသည်။ ၎င်းအား မြို့တော်၏ အစည်ကားဆုံးနေရာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းသည် မိုးမျှော်တိုက်များစွာကြားတွင် ပုန်းကွယ်နေလေသည်။
ယာဉ်ကြောများ အလွန်အမင်း အလုပ်ရှုပ်နေကြသည်။ ၎င်းသည် ရှင်းလု၏ အစည်ကားဆုံးနေရာဖြစ်သေည်လည်း ကောင်းမင် လမ်းညွှန်စနစ်နောက်သို့ လိုက်သွားရင်း တစ်ခုခု မှားယွင်းနေသည်ကို တဖြည်းဖြည်း သတိထားမိလာသည်။ အလင်းရှိသောအခါ အမှောင်ရှိလာမည်ဖြစ်သည်။ မိုးမျှော်အဆောက်အအုံများအားလုံးကြားထဲတွင် ဖုန်းရွှေမကောင်းသောဧရိယာတွင် ဆောက်ထားသော အဆောက်အဦးတစ်ခုရှိသည်။ ၎င်းသည် အခြေခံအားဖြင့် နေရောင်ခြည်မှ ပုန်းကွယ်နေခြင်းဖြစ်သည်။ နေရာသည် လူများစွာဖြင့် ပြည့်နေသော်လည်း ထိုအထပ်အနည်းငယ်သည်တော့ ကြက်သီးထဖွယ်ကောင်းပြီး စွန့်ပစ်ခံထားရသည်။ လူများပင်လျှင် အလျင်စလို ဖြတ်သွားကြသည်။
“ဒီလို အလုပ်များတဲ့မြို့ကြီးမှာ ဒီလိုနေရာမျိုး ရှာရတာ မလွယ်လှဘူး”
ကောင်းမင်သည် ဓာတ်လှေကားဖြင့် သတ္တမထပ်သို့ တက်သွားလိုက်သည်။ သူ လှေကားထစ်ထဲ ဝင်၍ နှစ်ထပ်ဆင်းသွားပြီးနောက် နဝမအာရုံစူးစမ်းရှာဖွေရေးဌာန၏ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။
ထူးဆန်းစွာပင် ထိုနေရာသည် မည်သည့်ပရိုမိုးရှင်းမှ မရှိပေ။ ဌာနအား အဆောက်အဦး၏ အမှောင်ဆုံးအပိုင်းတွင် တည်ဆောက်ထားလေသည်။ ပြတင်းပေါက်အားလုံးသည် ထူထဲသော အနက်ရောင်လိုက်ကာများဖြင့် ဖုံးအုပ်ခံထားရသည်။ ကောင်းမင် သူ့တည်နေရာကို အတည်ပြုရန် လိုက်ကာတစ်ခုကို ဆွဲလှန်ကြည့်လိုက်သည်။ သို့သော် သူသည် ပြတင်းပေါက်အပြင်ဘက်တွင် မြို့ပြရှုခင်းကို မမြင်ရဘဲ ထူထဲလှသော အင်္ဂတေနံရံတစ်ခုကိုသာ မြင်လိုက်ရသည်။ ၎င်းသည် အလွန် မွန်းကြပ်ဖွယ်ရှိသည်။
“ဟေး၊ ရှင်က အာရုံခံအတွေ့အကြုံအတွက် ရောက်လာတာလား”
သူ့နောက်မှ အမျိုးသမီးတစ်ဦး၏အသံထွက်ပေါ်လာသည်။ ကောင်းမင် လှည့်ကြည့်လိုက်ရာ ‘ထူးခြားသည့်’ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
သူမသည် အလွန်လှပပြီး ခြေတံရှည်များနှင့် အသားအရေဖြူဖွေးလှသည်။ သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် လှပသော်လည်း အားလုံးကို စုပေါင်းလိုက်သောအခါ လိုက်ဖက်မှုမရှိသည်ကို ခံစားရသည်။
ကောင်းမင် သတိထားမိသည်မှာ ထိုအမျိုးသမီး စကားပြောသည့်အခါ သူမ၏ပါးစပ်က လှုပ်ရှားခြင်းမရှိပေ။ သူမ၏အသံသည် သူမ၏ဗိုက်ထဲမှ ထွက်လာသည့်အတိုင်း ဖြစ်နေသည်။ အမျိုးသမီး၏လည်ပင်းတစ်ဝိုက်တွင် အပ်ချုပ်အမှတ်အသားများလည်း တွေ့နေရသည်။ ဤ ခေတ်ပေါ်ဖက်ရှင်စတိုင်သည် ကောင်းမင်နားလည်ရခက်သော အရာဖြစ်သည်။
“ကျွန်တော်က ကျို့ကျန်းရာစုသစ်ပန်းခြံနဲ့ အင်တာဗျူး လုပ်ထားတာပါ ၊ ဒီမနက်က ထူးဆန်းတဲ့ ဖုန်းတစ်ကော ရခဲ့တယ် ၊ သူတို့က ကျွန်တော့်ကို ဒီကိုလာဖို့ ပြောခဲ့လို့ပါ”
ကောင်းမင်သည် သူ့ဖုန်းထဲတွင်ရှိသော အန္တရာယ်ရှိသည့်နံပါတ်ကို ထိုအမျိုးသမီးအား ပြသလိုက်သည်။