ဒါက ငါတို့ရဲ့ ရိုးရာပဲ
Vol. 33 Ch. 483
အမျိုးသမီးသည် ထိုနံပါတ်တန်းကို စိုက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများ ကြည်လင်လာပြီး အရင်လို ပင်ပန်းနွမ်းနယ်နေခြင်း မရှိတော့ပေ။ ချောင်းတစ်ချက်ဆိုးလိုက်ပြီး ထိုအမျိုးသမီးက ဖုန်းကို ဘေးသို့ တွန်းလိုက်သည်။
“ရှင် အင်တာဗျူးလာတာကို ဘာလို့ စောစောကက မပြောတာလဲ”
သူမသည် ကောင်းမင်အာား စုံချည်ဆန်ချည် ကြည့်လိုက်သည်။ ကောင်းမင်၏အိတ်ထဲမှ ဖချိုင်က ခေါင်းပြူထွက်လာသည်။
“အရမ်းတူတာပဲ ၊ သူဌေးလည်း ကြောင်မွေးဖူးတယ်”
“ခင်ဗျားသူဌေးက ကြောင်တွေ ကြိုက်တာလား”
“သိပ်တော့ မဟုတ်ပါဘူး ၊ ကြောင်တွေက အာရုံခံစားနိုင်တဲ့ သတ္တဝါတွေလေ ၊ သူဌေးက သိပ်မသန့်ရှင်းတဲ့ နေရာတွေမှာ အလုပ်ကိစ္စအကြောင်း မကြာခဏ ပြောတတ်တယ်”
ထိုအမျိုးသမီးသည် ကောင်းမင်ကို ကြည့်သည့်ပုံစံ ပြောင်းလဲသွားသည်။ယင်းမှာ ဖော်ပြရန် ခက်ခဲသည်။ ၎င်းသည် သက်ရှိလူတစ်ဦးကို ကြည့်သည့် ပုံစံမျိုး မဟုတ်ပေ။
“ရှင်က သူဌေးရဲ့အကြံပြုချက်နဲ့ လာတာဆိုတော့ ကျွန်မအချိန်မဖြုန်းတော့ဘူး ၊ အခုပဲ အင်တာဗျူး စလိုက်ကြစို့”
ထိုအမျိုးသမီးက ဆိုင်ထဲသို့ အော်ပြောလိုက်သည်။ မီးများ ပိတ်သွားပြီး တံခါးသည် တစ်စုံတစ်ယောက်က အတွင်းမှ အရာအားလုံးကို ထိန်းချုပ်နေသည့်အလား တဖြည်းဖြည်း ပိတ်သွားသည်။
“သွားကြစို့”
“အင်တာဗျူးကို ဆိုင်အပြင်မှာ လုပ်တာလား”
“ဟုတ်တယ်”
အမျိုးသမီးသည် အနက်ရောင်ဆွယ်တာ၊ ဦးထုပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ကာ အရိပ်ထဲတွင် လျှောက်သွားပြီး ကောင်းမင်ကို ဓာတ်လှေကားထဲသို့ ခေါ်ဆောင်သွားသည်။ ဓာတ်လှေကားပန်နယ်ပေါ်ရှိ နံပါတ်များ ပြောင်းလဲသွားသည်နှင့် ဓာတ်လှေကားအတွင်းရှိ အပူချိန်သည်လည်း ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ သူတို့သည် ရေခဲဂူထဲမှ တွားထွက်လာရသကဲ့သို့ ခံစားရသည်။
တစ်ခါတစ်ရံတွင် ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ထားသော လူငယ်များ ဓာတ်လှေကားထဲသို့ ဝင်လာတတ်ကြသည်။
ကောင်းမင် ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ သူမသည် ဓာတ်လှေကားထောင့်တွင် ခေါင်းငုံ့၍ ရပ်နေလေသည်။ သူမ၏ဦးထုပ်အစွန်းက သူမ၏မျက်နှာကို ဖုံးအုပ်နေသည်။ ဓာတ်လှေကားထဲရှိ အခြားသူများသည် သူမကို သတိထားမိပုံမပေါ်ပေ။
“ကျွန်မတို့ ရောက်ပြီ”
နံပါတ်က ၁၄ တွင် ရပ်သွားသည်။ တံခါးများ ပွင့်သွား၏။ လူငယ်များ အပြေးအလွှား ထွက်သွားကြသည်။ ကောင်းမင်နှင့် အမျိုးသမီးသည် နောက်တွင် စောင့်လျက် ကျန်နေခဲ့သည်။ ၁၄ လွှာ၏ အပြင်အဆင်ပုံစံသည် ထူးဆန်းလှသည်။ ၎င်းသည် ကြီးမားလှသော စိတ်ရောဂါကုဆေးရုံတစ်ရုံကဲ့သို့ ဖြစ်နေလေသည်။ ထိုနေရာရှိ အလုပ်သမားများသည် အဖြူရောင်ကုတ်အင်္ကျီများနှင့် လူနာဝတ်စုံများ ဝတ်ဆင်ထားကြသည်။
“မြို့ပြရောဂါကုသရေးစင်တာက ကြိုဆိုပါတယ်”
ဖျားနာနေသည့် အသံတစ်ခုက ပြောလိုက်သည်။ မျက်နှာတွင် အမာရွတ်များရှိနေသော သူနာပြုမတစ်ဦးသည် ဖိုင်တွဲများ သယ်ဆောင်လာရင်း ဓာတ်လှေကားဆီသို့ လျှောက်လာသည်။ သူမသည် အရပ်ရှည်ပြီး စွဲမက်ဖွယ်ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ သူမ၏ မျက်နှာပေါ်ရှိ အမာရွတ်များက သူမ၏ဆွဲဆောင်မှုကို ပို၍တိုးစေသည်။ ကောင်းမင်နှင့်အတူ ဓာတ်လှေကားမှ ထွက်သွားကြသော လူငယ်များသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် တကယ့်ဆေးရုံအစစ်ရှိ လူနာများကဲ့သို့ ဖြစ်သည်။
“ကုသရေးစင်တာက ရှင်တို့ တစ်ယောက်ချင်းစီအတွက် သီးသန့်ကုသရေးအစီအစဉ်တွေကို သတ်မှတ်ထားပါတယ် ၊ အခု ရှင်တို့ရဲ့ အခြေခံအချက်အလက်တွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ဖြည့်ပြီး သဘောတူညီချက်တွေကို လက်မှတ်ထိုးပေးပါ”
သူနာပြုမသည် လူတိုင်းကို ဖောင်တစ်ခု ပေးလိုက်သည်။
ကောင်းမင်က ဖောင်ကို လှမ်းကြည့်လိုက်သည်။ သဘောတူညီချက်တွင် အခြေခံအားဖြင့် ဤနေရာ၏ ပိုင်နက်အတွင်း၌ တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက ဤနေရာအား တာဝန်ယူမှုမှ လွတ်ကင်းစေမည့် အချက်အချို့ ပါဝင်ပေသည်။ ကောင်းမင်က ယင်းကို နားလည်နိုင်သည်။ သို့သော်လည်း သဘောတူညီချက်တွင် ရှန်ဟိုင်းစိတ္တဇဆေးရုံ ဟုရိုက်နှိပ်ထားလေသည်။
ကောင်းမင်သည် ထိုအမျိုးသမီးကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။
“ကျွန်တော်က ဒီကို နဝမအာရုံအတွေ့အကြုံဌာနနဲ့ အင်တာဗျူးဖို့ လာတာပါ ၊ ဘာလို့ ခင်ဗျားပြိုင်ဘက်ရဲ့ သရဲအိမ်ကို ခေါ်လာရတာလဲ ၊ ဒါ့အပြင် သူတို့ရဲ့ လက်မှတ်က အရမ်းဈေးကြီးတယ်နော်”
“ဒါက အင်တာဗျူးရဲ့ အစိတ်အပိုင်းတစ်ခုပါ ၊ သူတို့ရဲ့ သရဲအိမ်က သိပ်ကြောက်စရာမကောင်းပေမယ့် ဥပဒေက ခွင့်ပြုထားတဲ့ အမြင့်ဆုံးအကန့်အသတ်မှာတော့ ရှိတယ် ၊ ကျွန်မတို့သူဌေးက သူ့ရည်းစားကို ဒီကို မကြာသေးခင်က ခေါ်လာခဲ့ဖူးတယ် ၊ သူတို့ ချိန်းတွေ့ကြတာ အရမ်းအဆင်ပြေနေလို့ သူက အရူးအစစ်တစ်ယောက်ကို အိမ်ခေါ်မလာဖို့ မတော်တဆမေ့သွားပြီး ဒီသရဲအိမ်ရဲ့ ကြောက်စရာအကောင်းဆုံးဇာတ်လမ်းထဲမှာ ကျန်ထားခဲ့တယ်လေ ၊ ရှင်လုပ်ရမယ့်အရာက ဝန်ထမ်းတွေကြားထဲက အဲဒီလူကိုရှာပြီး အပြင်ခေါ်ထုတ်လာဖို့ပဲ”
ထိုအမျိုးသမီးက အေးအေးဆေးဆေး ပြောလိုက်သည်။ ကောင်းမင် မျက်မှောင်ကြုတ်သွားသည်။
“ခင်ဗျားသူဌေးက အရူးအစစ်တစ်ယောက်ကို သူ့ပြိုင်ဘက်သရဲအိမ်ထဲမှာ ထားခဲ့တာလား”
ကောင်းမင် တုန်လှုပ်သွားသည်။
“ဒီလုပ်ငန်းမှာ အဲ့လောက်တောင် ပြိုင်ဆိုင်မှုပြင်းထန်တာလား”
“ပြိုင်ဆိုင်မှုလား ၊ သူတို့က ကျွန်မတို့ရဲ့ အဆင့်မှာ လုံးဝမရှိပါဘူးနော်”
ထိုအမျိုးသမီးက နှာမှုတ်လိုက်သည်။
“အဲဒီအရူးက အရမ်းအာရုံခံစားနိုင်ပြီး ကြောက်တတ်တယ် ၊ သူက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတောင် ကြောက်နေတာ ၊ ဒါကြောင့် ကျွန်မတို့ သူ့ကို သွားခေါ်လို့မရဘူး ၊ သူ ကျွန်မတို့ဆီက ထွက်ပြေးသွားလိမ့်မယ် ၊အချိန်မဖြုန်းနဲ့တော့ ၊ ရှင်ဒါလေးကိုတောင် မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်မတို့ အတူတူအလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး”
ဖောင်ဖြည့်လိုက်ပြီးနောက် ကောင်းမင်သည် ၎င်းကို သူနာပြုမထံ ပေးလိုက်သည်။ သူတို့အား ရှည်လျားသော ကော်ရစ်ဒါအတိုင်း စစ်ဆေးသည့်ထောင့်ဆီသို့ ခေါ်ဆောင်သွားသည်။
ကောင်းမင် ငွေပေးရန် တန်းစီနေစဉ် နောက်လှည့်၍ ဓာတ်လှေကားကို လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် လူအုပ်ကြီးကို ကျင့်သားရပုံမပေါ်ပေ။ သူမသည် သူမ၏အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ သူမ ဆေးလိပ်ကို မီးညှိလိုက်ပြီးနောက် အနီရောင်လိုင်းများပါသော မီးခိုးများက တဖြည်းဖြည်းလွင့်ပျံသွားသည်။ အနီရောင်သည် အမျိုးသမီး၏ ဆွယ်တာအင်္ကျီအောက်မှ အဝတ်အစားနှင့် လိုက်ဖက်နေလေသည်။ သူမသည် မီးခိုးကွင်းတစ်ခု မှုတ်ထုတ်ပြီး သူမ၏သွယ်လျသော လက်ချောင်းများကို မြှောက်လိုက်သည်။ သူမသည် ကောင်းမင်အား စိတ်မရှည်စွာလက်ညိုးထိုးလိုက်ပြီး ဆရာဝန်များ၏ စကားကို နားထောင်ရန် အချက်ပြလိုက်သည်။
“အခု ရှင်တို့ ဖောင်ဖြည့်ပြီးပြီဆိုတော့ ဒီမှာခဏစောင့်နေပေးပါ”
သူနာပြု၏အမူအရာက ပြောင်းလဲသွား၏။ သူမမျက်နှာပေါ်ရှိ အမာရွတ်များ လှုပ်ရှားသွားသည်။
“တာဝန်ကျ ဆရာဝန်တွေ တစ်ခုခုဖြစ်သွားလို့ ကျွန်မသူတို့ကို သွားစစ်ဆေးလိုက်ဦးမယ်”
သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ဖြည်းညင်းစွာ နောက်လှည့်လာသည်။ သူမသည် သူတို့တစ်ဦးစီကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျွန်မ ရှင်တို့ကို တစ်ခုပြောဖို့ မေ့သွားတယ် ၊ လောလောဆယ် ဆေးရုံမှာလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတချို့ ရှိနေတယ် ၊ သေဆုံးသူတွေက ဆန်းကြဘ်တဲ့သေဆုံးမှုမျိုးနဲ့ သေဆုံးခဲ့ကြတယ် ၊ တရားခံက လူသားတွေ ဖြစ်ပုံမပေါ်ဘူး ၊ ဒီအမှုကို မဖြေရှင်းရသေးဘူး ၊ ဒါကြောင့် ကျေးဇူးပြုပြီး ဟိုဟိုဒီဒီ လျောက်မသွားပါနဲ့၊ လူစိမ်းတွေကို မယုံပါနဲ့”
နောက်ခံတေးဂီတသည် ပြင်းထန်လာလေသည်။ အမျိုးသမီးသူနာပြုက ဆက်ပြောသည်။
“ရှင်တို့ ဒီအခန်းထဲမှာ နေတာပဲ ပိုကောင်းလိမ့်မယ် ၊ ရှင်တို့ တကယ်ကြောက်နေတယ်ဆိုရင် သတ္တုဦးနှောက်ကုသရေးစင်တာကို သွားလို့ရပါတယ် ၊ အဲဒါက ရှင်တို့ရဲ့ဝေဒနာတွေကို အဆုံးသတ်ဖို့ ကူညီပေးနိုင်တယ်”
သူနာပြုမသည် ဦးထုပ်တစ်လုံးကို လွှင့်ပစ်လိုက်ပြီး ထွက်သွားလေသည်။ သူမ ပျောက်ကွယ်သွားသည်။ ထိုအုပ်စုသည် သူတို့ အစောပိုင်းသွားခဲ့သည့် လမ်းကြောင်းသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိကြသည်။ကော်ရစ်ဒါသည် နံရံအလွှာများနောက်တွင် ပုန်းကွယ်သွားတော့သည်။
“စနေပြီလား”
ဂျင်းဘောင်းဘီဝတ် မိန်းကလေးတစ်ယောက်က သူမ၏သူငယ်ချင်းကို ဖက်ထားသည်။
“ကျားကျား၊ ငါ ငါ့အကန့်အသတ်ကို ရောက်နေပြီနော် ၊ နင် အိမ်ပြန်ပြီး အဲဒီခွေးကောင်နဲ့လမ်းခွဲလို့ မရဘူးလား ၊ နင် လမ်းခွဲတိုင်း ကြောက်စရာကောင်းတဲ့ သရဲအိမ်ကို လာတယ် ၊ ငါ ဒါကို ဆက်မလုပ်နိုင်တော့ဘူး”
ကျားကျားသည် အသက် ၂၀ ခန့်ရှိပုံရသည်။ သူမ ကောင်းမွန်စွာ ဝတ်စားထားသော်လည်း သူမ၏ မျက်လုံးများက တောက်ပမနေချေ။
“စိတ်မပူပါနဲ့ ၊ ချောင်လေးရယ် ၊အခု ငါ့နှလုံးသားကို တကယ်သော့ခတ်လိုက်ပြီ”
“မကြောက်ကြနဲ့ ၊ ငါတို့က အဖွဲ့တစ်ခုတည်းမှာပါလာတာ ကံကြမ္မာပဲ ၊ မင်းတို့ ကြောက်နေရင် ငါ့နောက် လိုက်လို့ရတယ်နော်”
စကားပြောလိုက်သော လူငယ်သည် တက္ကသိုလ်ကျောင်းသားဖြစ်ပုံရသည်။ သူသည် ကြံ့ခိုင်သန်စွမ်းပုံရသည်။
“ငါက အန်းယွမ်ပါ ၊ ဒါက ငါ့အခန်းဖော် ကျဲကော်ပါ”
ကျဲကော်က ပေါ့ပေါ့ပါးပါး ဝတ်စားထားသည်။
“ဟေး၊ အလှလေးတို့ ၊ ငါက အန်းယွမ်ရဲ့ မွေးစားအဖေပါ”
“ငရဲသွားစမ်း”
အန်းယွမ်က ကျဲကော်ကို တွန်းထုတ်လိုက်သည်။
“ဒါက ငါတို့ ဒုတိယအကြိမ်မြောက် ကစားတာပဲ ၊ ဒီလွတ်မြောက်ရေးအခန်းက အရမ်းကြီးတယ် ပြီးတော့ မင်းတို့မှာ လွတ်လပ်ခွင့်တွေ အများကြီးရှိတယ် ၊ မင်းတို့ရဲ့ ရွေးချယ်မှုက ဂိမ်းရဲ့ တိုးတက်မှုကို သက်ရောက်စေလိမ့်မယ် ၊ အချိန်ကန့်သတ်ချက်အတွင်း ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
“ဒါကို ဉာဏ်ပညာမြို့တော်ရဲ့ ကြောက်စရာအကောင်းဆုံး လွတ်မြောက်ရေးအခန်းလို့ ခေါ်ပေမယ့် ဖောက်သည်အများစုကို ဂရုစိုက်ဖို့အတွက် အပြင်ဘက်အလွှာတွေက ခြောက်ခြားခန်းတွေက သိပ်အန္တရာယ်မရှိဘူး”
ကျဲကော်က အချက်အလက်အချို့ကို ဖော်ထုတ်လိုက်သည်။
“ဒီသရဲအိမ်ရဲ့ သူဌေးက မသေဆေးမှာ အလုပ်လုပ်ခဲ့ဖူးပြီး အတွင်းပိုင်းလျှို့ဝှက်ချက်အများကြီးကို သိတယ်လို့ ငါကြားဖူးတယ် ၊ ဒီသရဲအိမ်ကို ခန္ဓာကိုယ်နဲ့ဝိညာဉ်ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲထားတယ်တဲ့ ၊ ဒါက သာမန်လူတစ်ဦးကို သူ့စိတ်ကို တဖြည်းဖြည်း ဆုံးရှုံးသွားတဲ့ဖြစ်စဉ်ကို ပုံဖော်ဖို့ပဲ ၊ အပြင်ဘက်နယ်မြေ၊ ဒါမှမဟုတ် ခန္ဓာကိုယ်နယ်မြေက တခြားသရဲအိမ်တွေနဲ့ သိပ်မကွာပါဘူး ၊ တကယ့် ခြောက်ခြားခန်းအစစ်တွေက အတွင်းပိုင်းဝိညာဉ်နယ်မြေထဲမှာ ရှိတာ”
“ဝိညာဉ်နယ်မြေထဲကို ဝင်ဖို့အတွက် ငါတို့ကို အိပ်မက်ထဲဝင်နိုင်အောင် ကူညီပေးနိုင်မယ့် ဆေးတစ်မျိုးရှာဖို့လိုတယ် ၊ အရင်တစ်ခါက အဲဒီအဆင့်မှာ ငါတို့ ရှုံးသွားခဲ့တာ”
အန်းယွမ်သည် နောင်တရစွာဖြင့် လက်သီးဆုပ်လိုက်သည်။