← Chapters

အထက်စီးဆန်သော

Vol. 33 Ch. 484

အထက်စီးဆန်သော

Vol. 33 Ch. 484

“အိပ်မက်ထဲ ဝင်ဖို့ ဆေးလား”

ကောင်းမင်သည် ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်သည်။

“အဲဒါက ဘယ်လိုပုံစံလဲဆိုတာ ပြောပြပေးလို့ ရမလား”

တချို့သော အကြောင်းများကြောင့် ကောင်းမင်သည် မသေဆေးကို ကြားလိုက်သည်နှင့် တင်းမာလာလေသည်။ သူ့တွင်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ထိုကုမ္ပဏီနှင့် သက်ဆိုင်နေသည်။

“လူတိုင်းရဲ့ ဖော်ပြချက်တွေကတော့ မတူကြဘူး၊ ဒါပေမယ့် လူတိုင်းက တစ်ခုကို ပြောကြတယ် ၊ အဲဒီဆေးက သာမန်ဆေး မဟုတ်ဘူးတဲ့”

အန်းယွမ်က ကောင်းမင်ကို လှမ်းကြည့်လိုက်သည်။ ကောင်းမင်လို ဦးလေးတစ်ယောက်က သူတို့လို လူငယ်များနှင့် အဘယ်ကြောင့် လာပါနေရသည်ကို သူအံ့ဩနေသည်။

“အစ်ကိုကြီး ခင်ဗျားပင်ပန်းနေသလိုပဲ ၊ ဒါကို ကစားနိုင်မှာ သေချာရဲ့လား ၊ ဒီနေရာက အရမ်းကြောက်စရာကောင်းတယ်နော်”

ကောင်းမင် မဖြေပေ။ သူ၏ စိတ်ပိုင်းဆိုင်ရာအသက်အရွယ်သည် သူတို့အားလုံးထက် ပိုကြီးနိုင်ချေရှိသည်။

“လူကြီးတွေက နောက်မှာ ပုန်းနေလို့ရပါတယ် ၊ ဒါပေမယ့် လိုက်ဖမ်းခံရတဲ့အခါ မြန်မြန်ပြေးဖို့ မမေ့နဲ့ ၊ ဖမ်းမိခံရပြီး ခင်ဗျားကို ဘယ်သူမှ လာမကယ်ရင် ခင်ဗျားရဲ့လက်မှတ်ဖိုးက အလဟဿ ဖြစ်သွားလိမ့်မယ်”

ထောင့်ဘက်မှ အသံက ဝင့်ကြွားသည်။ အန်းယွမ်နှင့် သူ့သူငယ်ချင်းများနှင့် မတူဘဲ အခြားလူများသည် အပြေးဖိနပ်များနှင့် ဒူးကာများကို ဝတ်ဆင်ထားသည်။ သူတို့သည် အလွန်ကျွမ်းကျင်ပုံရသည်။

“ဒီလို အထက်စီးဆန်တဲ့ စိတ်ဓာတ်က ဘာသဘောလဲ ၊ ဒါက သရဲအိမ်လေးတစ်လုံးပဲကို”

အစ်မချောင်သည် ကျားကျား၏ဘေးတွင် ကပ်နေခြင်းဖြစ်သည်။ သူမသည် ကြောက်ရွံ့နေသော်လည်း ပြန်ပက်လိုက်ဆဲဖြစ်သည်။

“ဒီသရဲအိမ်က စီးပွားရေးလုပ်ငန်းတစ်ခုပဲ မဟုတ်ဘူးလား ၊ သူတို့မှာ ဘယ်လိုဖောက်သည်မျိုးတွေ ရှိလဲကို ရှင်က ဘာလို့ဂရုစိုက်နေရတာလဲ”

“တောင်းပန်ပါတယ်ဗျာ ၊ ကျွန်တော့်သူငယ်ချင်းက နည်းနည်းတိုက်ရိုက်ဆန်တတ်လို့ပါ ၊ သူ့မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

ဆံပင်တွင် ဆီများစွာလူးထားသော ခန့်ညားသည့် ကောင်လေးတစ်ဦးက အစ်မချောင်ကို တောင်းပန်လိုက်သည်။

“ကျွန်တော့်နာမည်က ကျယ်ကျစ်ပါ ၊ ကျွန်တော်က ရှင်းလုလွတ်မြောက်ရေးအခန်း စူးစမ်းရှာဖွေရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌပါ ၊ ဒီ စိတ္တဇဆေးရုံ သရဲအိမ်က ရှင်းလုရဲ့ ကြောက်စရာအကောင်းဆုံး သရဲအိမ်ပါ ၊ လူသစ်တွေကိုတော့ တကယ်မထောက်ခံပါဘူး”

“ရှင်းလုမှာ ကြောက်စရာအကောင်းဆုံးလား”

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်း အမျိုးသမီးက သူမ၏သူဌေးသည် ထိုနေရာသို့ သူ့ရည်းစားအား ချိန်းတွေ့ရန် ခေါ်လာခဲ့သည်ဟု ပြောခဲ့သည်။ ကောင်းမင် မည်သူ့ကို ယုံရမှန်း မသိတော့ပေ။

“ဟုတ်ပါတယ်”

ကျယ်ကျစ်က အလေးအနက်ခေါင်းညိတ်လိုက်သည်။

ကော်ရစ်ဒါမီးများ တဖျတ်ဖျတ်ဖြစ်သွားသည်။ ကော်ရစ်ဒါအဆုံးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မီးအားလုံး ပြတ်တောက်သွားသည်။ နေရာသည် အမှောင်ထုထဲသို့ နစ်မြုပ်သွားသည်။

“လာနေပြီ”

တစ်စုံတစ်ယောက် ကော်ရစ်ဒါအတိုင်း ပြေးလာသည်။ သူတို့ မတုံ့ပြန်နိုင်မီ သူတို့နားဘေးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာ၏။ ဓာတ်မီးရောင်များက အမှောင်ထုထဲမှ ထိုးထွက်လာသည်။ အဖြူရောင်ကုတ်အင်္ကျီဝတ် ဆရာဝန်တစ်ဦးက သူ့လက်သီးများကို အကာသံတိုင်များပေါ်သို့ ထုရိုက်၍ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။

“အရူးအချို့ လွတ်သွားကြပြီ ၊ ငါတို့ ထွက်ပြေးဖို့လိုတယ် ၊ ငါနဲ့ လိုက်ခဲ့ကြ”

အစ်မချောင်နှင့် ကျားကျားတို့သည် အလွန်ကြောက်လန့်သွားကြပြီး အလိုလိုပင် လမ်းညွှန်ချက်များနောက် လိုက်ပါသွားကြသည်။

“အဲဒီကို မသွားကြနဲ့”

အန်းယွမ်က သူတို့ကို တားဆီးလိုက်သည်။

“သူ့ကုတ်အင်္ကျီအောက်ကို ကြည့်လိုက် ၊ သူက အဖြူရောင်ကုတ်အင်္ကျီအောက်မှာ လူနာဝတ်စုံကို ဝတ်ထားတာ ၊ သူက ဆရာဝန် မဟုတ်ဘူး”

သူ့ဟန်ဆောင်မှုကို ဖော်ထုတ်ခံလိုက်ရသဖြင့် ‘ဆရာဝန်’ သည် ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ငါနဲ့ လိုက်ခဲ့စမ်း ၊ မြန်မြန်လုပ် ၊ မင်းတို့ မလိုက်ရင်တောင် မင်းတို့ သေရလိမ့်မယ်”

‘ဆရာဝန်’ သည် သူ၏ခေါင်းကို သံတိုင်ဖြင့် ပြေးဆောင့်လိုက်သည်။ သူသည် သူ၏ခေါင်းကို သံတိုင်ကြားမှ ညှစ်ထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကော်ရစ်ဒါ၏အခြားတစ်ဖက်မှ ထူးဆန်းသည့် ဝါးစားသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် အရည်အများအပြား ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျသွားသည်။ ‘ဆရာဝန်’သည် ထိုအသံကို ကြားလိုက်သောအခါ အလွန်ကြောက်လန့်သွားပုံရသည်။ သူ သံတိုင်များကို လွှတ်လိုက်သည်။

“မင်းတို့ မပြေးရင် သေလိမ့်မယ် ၊ မင်းတို့ လှည့်စားခံလိုက်ရပြီ”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ သူ့ကို ကြောက်လန့်စေသော မကောင်းဆိုးဝါးသည် ဆက်လက်ချဉ်းကပ်လာနေဆဲဖြစ်သည်။

မကောင်းဆိုးဝါး သံတိုင်များဆီသို့ ရောက်လာသောအခါ မီးများ ပြန်လင်းလာလေသည်။ ခြောက်ခြားဖွယ်ကောင်းသော နောက်ခံဂီတသည် ချက်ချင်း ရပ်တန့်သွားသည်။ သံတိုင်များ၏ အခြားတစ်ဖက်တွင် အရပ်ရှည်ရှည်ဖြင့် ခန့်ညားသော ဆရာဝန်တစ်ယောက်ရပ်နေလေသည်။ ထိုလူသည် ကာတွန်းစာအုပ်ထဲမှ ထွက်လာသကဲ့သို့ ဖြစ်သည်။ သူသည် သူ၏ဆရာဝန်ကုတ်အင်္ကျီဖြင့် ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေသည်။ သူ၏ ကြွက်သားများက ရှပ်အင်္ကျီအောက်တွင် ဖောင်းကြွလျက်ရှိနေသည်။ သူ့တွင် ဝမ်းနည်းဖွယ်ကောင်းသော အလှတရားမျိုး ရှိပေသည်။

ကျားကျား၏မှုန်မှိုင်းနေသော မျက်လုံးများက တောက်ပလာသည်။ ထိုမိန်းကလေးသည် မသိစိတ်ဖြင့် ထိုအမျိုးသားဆရာဝန်နား ပိုနီးအောင် ရွေ့သွားသည်။

“လူနာတချို့ သူတို့အခန်းတွေထဲက လွတ်မြောက်သွားတယ် ၊ ဒီမှာ မလုံခြုံဘူး ၊ ခင်ဗျားတို့ကို လုံခြုံရေးအခန်းဆီ ခေါ်သွားပေးမယ်”

ထိုဆရာဝန်၏ အသံသည် အလွန်ဆွဲဆောင်မှုရှိသည်။ သူသည် သံတိုင်ကိုဖွင့်ရန် သော့တစ်ချောင်းကို ထုတ်လိုက်သည်။

“မကြောက်ပါနဲ့ ၊ ကျွန်တော့်နာမည်က မုန်ကျိုးပါ ၊ ကျွန်တော်က ဒီက အဓိကသမားတော်ပါပဲ”

ဒေါက်တာမုန်သည် တံခါးကိုဖွင့်ပြီး သူတို့အား လူကြီးလူကောင်းဆန်စွာ စောင့်ဆိုင်းနေလေသည်။

“အဲဒီကို မသွားကြနဲ့”

အန်းယွမ်က သူတို့ကို သတိပေးရန် ကြိုးစားလိုက်သော်လည်း နောက်ကျနေပြီဖြစ်သည်။ ကျားကျားနှင့် စုံတွဲတစ်တွဲသည် သံတန်းအကာများကို ကျော်သွားခဲ့ပြီဖြစ်သည်။ မီးများ ရုတ်တရက် တဖျတ်ဖျတ် ဖြစ်သွားသည်။ ဒေါက်တာမုန်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူသည် ကျားကျား၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။

“မြန်မြန်လေး ဒီမှာ မလုံခြုံဘူး”

အစ်မချောင်တုံ့ဆိုင်းနေချိန်တွင် ဒေါက်တာမုန်သည် ကစားသမားသုံးဦးကို ကော်ရစ်ဒါထဲသို့ ခေါ်ဆောင်သွားပြီး အခန်းများထဲမှ တစ်ခုအတွင်းသို့ ပုန်းအောင်းသွားသည်။ မီးများ ပိတ်သွားပြီးနောက် သူတို့ ပျောက်ကွယ်သွားကြသည်။

“ကျားကျား”

အစ်မချောင် အလွန်စိတ်ပူသွားသည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းသည် ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

“သေလိုက်ပါတော့ ၊ ယောက်ျားတစ်ယောက်က ပိုချောလေ ပိုအန္တရာယ်များလေဆိုတာ နင်မသိဘူးလား”

“စိတ်မပူပါနဲ့ ၊ မင်းသူငယ်ချင်းနဲ့ နောက်ဆုံးမှာ ပြန်တွေ့ကြမှာပါ”

ကျယ်ကျစ်က အစ်မချောင်ကို နှစ်သိမ့်ပေးလိုက်ပြီး သံတန်းအကာများ၏အပေါ်ဘက်ရှိ မှန်တစ်ချပ်ကို ဖယ်လိုက်သည်။

“မင်းတို့ သတိထားသင့်တယ် ၊ မီးတွေ ပိတ်သွားချိန်ကျ မကောင်းဆိုးဝါးက သံတန်းတွေဆီ ရွေ့လာနေတယ် ၊ မီးတွေ ပြန်လာတဲ့အခါကျတော့ ခန့်ညားတဲ့အမျိုးသားတစ်ယောက် အဲဒီမှာ ရပ်နေတယ် ၊ ရှင်းရှင်း ပြောရရင် အဲဒီလူက လူနာကို ကြောက်သွားစေတဲ့ မကောင်းဆိုးဝါးပဲ”

ကျယ်ကျစ်သည် မှန်ကို လှည့်ပတ်ကစားလိုက်သည်။

“ဆရာဝန် တံခါးအပြင်ဘက်မှာ ရပ်နေတာက သူလူကြီးလူကောင်းဆန်လို့ မဟုတ်ဘဲ ပိုနီးအောင် မလာနိုင်လို့ ၊ မှန်က သူ့ရဲ့ ရုပ်အစစ်ကို ပြသပေးလိမ့်မယ်”

တစ်စက်စက်ကျနေသောအသံတစ်ခု ထွက်ပေါ်လာလေသည်။ မျက်နှာပေါ်တွင် အမာရွတ်များရှိသော သူနာပြုမ ပြန်ရောက်လာခြင်းဖြစ်သည်။ သူမ၏ ဝမ်းဗိုက်တွင် သွေးများ စွန်းထင်းနေလေသည်။ သူမတွင် သွေးနံ့တချို့ ထွက်နေသည်။

“ရှင်တို့ အဆင်ပြေ… နေပါဦး ၊ ရှင်တို့ထဲက တချို့က ဘာလို့ ပျောက်နေတာလဲ”

“ဒေါက်တာမုန်ဆိုတဲ့ ဆရာဝန်တစ်ယောက်က သူတို့ကို လုံခြုံရေးအခန်းဆီ ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်”

အစ်မချောင်က မကောင်းသောခံစားချက်များ ရနေသည်။

“ကျွန်မတို့ဆီမှာ မုန်ဆိုတဲ့ နာမည်နဲ့ဆရာဝန် မရှိဘူး ၊ အဲဒီအရာ ထွက်ပြေးသွားပြီ ၊ မကောင်းတော့ဘူး ၊ ရှင်တို့ ကျွန်မနဲ့ လိုက်ခဲ့ဖို့လိုတယ်”

ကျယ်ကျစ်၊ အန်းယွမ်နှင့် ကျန်လူများက သံတန်းအကာများကြားမှ ရွေ့သွားကြသည်။

“ပထမအသုတ်ဝန်ထမ်းတွေက အတု ၊ ဒုတိယအသုတ်ကလည်း အတုပဲ ၊ ဒီ တတိယအသုတ်ကရော ဝန်ထမ်းအစစ်တွေလား ၊ ဒီသရဲအိမ်ရဲ့ ဒီဇိုင်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ ၊ ဒါပေမယ့် သွေးနံ့က အရမ်းအတုအယောင်ဆန်လွန်းတယ်”

ကောင်းမင်သည် တိုးတိုးလေး ပြောလိုက်သော်လည်း သူ့ဘေးမှ ကျဲကော်က ကြားလိုက်ရသည်။

“သရဲအိမ်က ကျုပ်တို့ကို ခွဲထုတ်ချင်ရုံပဲ ၊ နောက်ပိုင်း ခင်ဗျားပတ်ဝန်းကျင်မှာ ဘယ်သူမှ မကျန်တော့တဲ့အထိ ရွေးချယ်မှုတွေ ပိုများလာလိမ့်မယ်”

ကျဲကော်သည် စိတ်ကောင်းရှိသူဖြစ်သည်။

“ခင်ဗျား လွတ်မြောက်ရေးအခန်းကို တစ်ခါမှ မကစားဖူးဘူးလို့ ထင်တယ် ၊ ကျုပ်ရွေးတာကိုပဲ လိုက်ရွေးလိုက်ပါ”

ကောင်းမင် တစ်စုံတစ်ရာ မပြောရသေးမီ သူတို့နောက်မှ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ အမျိုးသမီးသူနာပြုသည် စူးစူးဝါးဝါးအသံဖြင့် အော်ဟစ်လိုက်သည်။ သူမသည် လူတိုင်းကို ကော်ရစ်ဒါလျှောက်ရှိ လူနာခန်းများထဲသို့ ပြေးဝင်ရန် အော်ဟစ်ပြောဆိုလိုက်သည်။

ကစားသမားများသည် ကြောက်လန့်တကြားဖြင့် လူကွဲသွားကြသည်။ အန်းယွမ်နှင့် ကျဲကော်ပင် တစ်ဦးနှင့်တစ်ဦး လူကွဲသွားကြသည်။ အန်းယွမ်၊ ကောင်းမင်နှင့် အစ်မချောင်တို့သည် အခန်းနံပါတ် ၇၀၀၃ တွင် ပိတ်မိသွားသည်။

တံခါးရှိ ပြတင်းပေါက်မှတစ်ဆင့် ကစားသမားများသည် သူနာပြုမအား ဧရာမမကောင်းဆိုးဝါးတစ်ကောင်က လိုက်ဖမ်းနေသည်ကို မြင်နေရသည်။ သူတို့သည် သူနာပြုမအတွက် စိုးရိမ်နေကြသည်။ ကောင်းမင်တစ်ဦးတည်းသာ အပြင်ဘက်တွင် ဖြစ်ပျက်နေသော လိုက်ဖမ်းမှုများကို ဂရုမစိုက်ခြင်းဖြစ်သည်။ သူသည် တစ်ခုခုကို ခံစားမိလိုက်ပြီး ကုတင်အောက်တွင် ပုန်းအောင်းနေသော မျက်လုံးတစ်စုံကို ကြည့်ရှုရန် ဒူးထောက်လိုက်သည်။

All Chapters