သွေးဖြင့် ကိုယ်ပွားဖန်တီးခြင်း ပညာရပ်
Vol. 1 Ch. 371
"ငါ့ထောင်ချောက်ထဲ ရောက်လာခဲ့တာပဲ"
စုန်းဧကရီ၏ စကားများသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်နေခဲ့ပြီး ကျန်းရီအား တုန်လှုပ်သွားစေသည်။ သူသည် တစ်ခုခု မှားသိနေခဲ့သော်လည်း ခန်းမအပြင်ရှိ အကြည်ရောင်အလွှာကြီးကို မြင်လိုက်ရပြီး စုန်းဧကရီ၏ စကားများကို ကြားလိုက်ရသော အခါတွင်မှ သူသဘောပေါက်သွားခဲ့သည်။
သို့သော်လည်း သူ နားမလည်သေးသည့်အရာများ ရှိနေခဲ့သေးသည်။ စုန်းဧကရီသည် သူရှေ့တွင် ရှိနေသေးပြီး ဟဲလောင်၏ အဆိပ်ကိုလည်း စားထားခဲ့သည်။ အဘယ့်ကြောင့် သူမ မဆင်မခြင် လှုပ်ရှားလာသနည်း။ သူမပါ အတူသေရန် ဆုံးဖြတ်ခဲ့လိုက်သည်လော။ သူမသေသွားသည့်အခါ သူမသားငယ်ယွင်ချီ ဒုက္ခရောက်မည်ကို သူမမကြောက်ပေဘူးလော။
ထို့ပြင် မင်းသားယွင်ရှန်း၏ အိမ်တော်တွင် ဤမျှကြီးမားသည့် အစီအရင်ကြီး အဘယ့်ကြောင့် ရှိနေရသနည်း။ ထိုအစီအရင်သည် သူ့အား အမှန်တကယ် ထိန်းချုပ်ထားနိုင်သည်လော၊ သူ့အား နေရာရွှေ့ပြောင်းခြင်းမှ တားဆီးနိုင်သည်လော။ ထို့ပြင် ယွင်ရှန်းနှင့် ယွင်ဖေးသည် စုန်းဧကရီနှင့် ပူးပေါင်းခဲ့သည်များလား။ ရှန်မိနိုင်ငံဘုရင်နှင့် ငွေပန်းပွင့်အဘွားအိုပါ ဤကိစ္စတွင် ပါဝင်နေသည်လော။
မေးခွန်းများစွာသည် ကျန်းရီ၏ စိတ်ထဲတွင် မေးခွန်းများစွာ ဖြစ်ပေါ်လာခဲ့သော်လည်း အလျင်အမြန်ပင် အသိစိတ် ပြန်ကပ်သွားခဲ့သည်။ သူသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်ဖော်လိုက်ပြီး စုန်းဧကရီထံ ပြေးသွားလိုက်သည်။
"စုန်းနတ်ဘုရားရဲ့ ရှေးဟောင်းအကာအကွယ် ဝင်္ကပါ"
ယွင်ဖေး၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ပြီး သူမ၏ အလန့်တကြား ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ သတ်ဖြတ်ခြင်းအင်အားကို ထုတ်ဖော်လိုက်သောအခါတွင် သူမ၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး မယုံနိုင်စွာ ပြောလာခဲ့သည်။
"သတ်ဖြတ်ခြင်းအင်အား...ကိုယ်စားအုပ်ချုပ်သူ...ကျန်းရီလား"
"ကျန်းရီ"
ယွင်ဖေး၏ ဘေးမှ ခန့်ညားသည့် လူငယ်လေးသည်လည်း အံ့အားသင့်စွာ ရေရွတ်လာခဲ့သည်။ သူ့မျက်ဝန်းများ တောက်ပသွားခဲ့သော်လည်း စုန်းဧကရီထံ အကြည့်ရောက်သွားကာ မျက်ဝန်းများ မှိန်ဖျော့သွားခဲ့ပြန်သည်။ ကျန်းရီသည် စုန်းဧကရီ၏ ပြိုင်ဘက်မဟုတ်ဟု သူယူဆလိုက်သည်မှာ ထင်ရှားသည်။
ဝှစ်...
ကျန်းရီ၏ ကိုယ်သည် ရှေ့သို့ ပြေးသွားခဲ့သော်လည်း စုန်းဧကရီထံတွင် ဝှက်ဖဲတစ်ခုခု ရှိလိမ့်မည်ဟု တွေးမိကာ စိတ်လေးနေခဲ့သည်။ သူ့လက်သည် စုန်းဧကရီ၏ လည်တိုင်အား ဆုတ်ကိုင်၍ သူမအား မြှောက်လိုက်သည့်အခါ စုန်းဧကရီသည် ခုခံသည့်အရိပ်အယောင် လုံးဝမပြခဲ့ပေ၊ ရုန်းကန်ခြင်းတောင် မရှိခဲ့ပေ။
ခစ်...ခစ်...
စုန်းဧကရီသည် လည်ပင်းညှစ်ခံထားရ၍ အသက်ပင်ဝဝမရှူနိုင်သော်လည်း ငွေဆည်းလည်းကဲ့သို့ သာယာစွာ ရယ်နိုင်တုန်းပင်။ သူမသည် ကျန်းရီအားကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ကျန်းရီ...မင်းက ရှန်မိမြို့ကို ကျူးကျော်လာပြီး ဒီဧကရီကို ဓားစာခံလုပ်ခဲ့တယ်။ ယွင်ဖေးနဲ့ ယွင်ရှန်းတို့ နှစ်ယောက်နဲ့ ပူးပေါင်းပြီး ယွင်လုကို သတ်ခဲ့သေးတယ်။ မင်းက ပြစ်မှုတွေ အများကြီး ကျူးလွန်ထားတယ်။ ရွှေယွဲ့လျန်မျှော်စင် သခင်မနဲ့ နတ်ဆိုးဧကရီတောင် မင်းကို ကာကွယ်ပေးရဲတဲ့ မျက်နှာရှိမှာ မဟုတ်ဘူး...ဟုတ်တယ်မလား...ဟားဟား...ဒီတော့ မင်း ရှန်မိမြို့မှာပဲ သေလိုက်သင့်တယ်"
ဘန်း...
ကျန်းရီသည် စုန်းဧကရီအား လက်သီးနှင့် ထိုးလိုက်သော် သူမကိုယ်မှာ နာကျင်မှုကြောင့် ကွေးသွားခဲ့သည်။ သွေးများသည် သူမနှုတ်ခမ်းထောင့်မှ စီးကျလာခဲ့ပြီး သူမရယ်သံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ သူမ၏ကိုယ်သည် ရုတ်တရက် မီးတောက်များ တောက်လောင်လာသည့်အတွက် ကျန်းရီမှာ အလန့်တကြား လွှတ်ပစ်လိုက်မိသည်။
ဘန်း...
စုန်းဧကရီ၏ကိုယ်မှာ ပေါက်ကွဲသွားခဲ့ပြီး အသားစများ လွင့်စင်ထွက်လာခဲ့သည်။
ဝှစ်...
ကျန်းရီသည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ယွင်ဖေးတို့ရှိရာဘက် ကြည့်လိုက်မိသည်။ စုုန်းဧကရီ၏ ပေါက်ကွဲမှုသည် သူ့အားဒဏ်ရာရစေလောက်အောင် အားမပြင်းချေ။ သူမသည် အမှန်တကယ် သေချင်နေခဲ့သည်လော။
"ယွင်ဖေး"
ကျန်းရီသည် ယွင်ဖေးအား ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲ သေချာစိုက်ကြည့်ကာ ရှန်မိနိုင်ငံ၏ စိတ်ကြီးသည့် မင်းသမီးဟုတ်မဟုတ် အတည်ပြုလိုက်သည်။ အတည်ပြုပြီးသည့်အခါမှ သူစိတ်အေးသွားကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ငါက ကျန်းရီ...မင်းတို့နှစ်ယောက်ကို လာကယ်ဖို့ ဝူရွှမ်း အကူအညီတောင်းထားလို့"
"ကျန်းရီ...ရှင်က အရမ်း စိတ်လောလွန်းတယ်။ ဒီတစ်ခါ ကျွန်မတို့ မလွတ်မြောက်နိုင်လောက်ဘူး"
ကျန်းရီသည် အခြားလူ၏ မျက်နှာဖြစ်နေသော်လည်း သူ၏သတ်ဖြတ်ခြင်း အင်အားမှာ ပြိုင်ဘက်ကင်းလွန်းနေသည်။ ထို့ကြောင့် သူမရှေ့ရှိလူမှာ ကျန်းရီဖြစ်ကြောင်း ယွင်ဖေး သံသယ မဝင်မိချေ။ သူမသည် အပြင်မှ အစီအရင်ကြီးကို ကြည့်လိုက်ပြီး ခါးသီးသည့်အမူအရာနှင့် သက်ပြင်းချလိုက်သည်။
"ဒါက ယွင်မိသားစုအတွက် စုန်းနတ်ဘုရားချန်ခဲ့တဲ့ ရှေးဟောင်း အကာအကွယ် ဝင်္ကပါပဲ။ အဲ့ဒါက နန်းတော်ကို ကာကွယ်ဖို့အတွက် သုံးတာ...စုန်းဧကရီက ဒီကို တိတ်တဆိတ် ရွှေ့လိုက်မယ်လို့ ကျွန်မထင်မထားမိဘူး။ ဒီဝင်္ကပါကို ဗာဂျရာအဆင့်တွေတောင် ဖောက်ထွက်ဖို့ မလွယ်ဘူး...ဟူး...ကျန်းရီ...ရှင်ဒီကို မလာခဲ့သင့်ဘူး။ စုန်းဧကရီက မကောင်းဆိုးဝါးဉာဏ်ရည်ကို ပိုင်ဆိုင်ထားတာ...သူမအတွက် ရှင့်ကို အကွက်ချဖို့က လွယ်လွယ်လေးပဲ"
"ဒီလိုလား"
ကျန်းရီသည် မချိပြုံး ပြုံးလိုက်ပြီး အစေခံလေးများ၊ ကုန်းကုန်းများကို ဝေ့ကြည့်လိုက်သည်။ မည်သူမှ အင်အားမကြီးကြောင်း သူသတိပြုမိလိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားသည့် စုန်းဧကရီဘက် ကြည့်လိုက်ပြီး သူပြောလိုက်သည်။
"သူမ ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း...အခုသေပြီ မဟုတ်ဘူးလား"
"ခစ်...ခစ်"
ယွင်ဖေးသည် ခါးသီးစွာ ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် နန်းဆောင်အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလာခဲ့သည်။
"စုန်းဧကရီက ဘယ်လိုလုပ်ပြီး လွယ်လွယ်သေမှာလဲ...ကျန်းရီ၊ အပြင်ဘက်ကိုကြည့်လိုက်"
"အမ်"
ကျန်းရီသည် နန်းဆောင်ဂိတ်တံခါးရှိရာသို့ ကြည့်လိုက်သည့်အခါ သရဲမြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
နန်းဆောင်အပြင်ဘက်သို့ ခမ်းနားလှသည့် ရထားလုံးတစ်ခု ဆိုက်ရောက်လာခဲ့ပြီး ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော ပြိုင်ဘက်ကင်း မိန်းမလှလေးသည် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူမသည် စုန်းဧကရီနှင့် တစ်ပုံစံတည်း ဖြစ်နေခဲ့သည်။
"ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမကိုယ်သူမ ဖောက်ခွဲသွားတာ ငါမြင်လိုက်တယ်လေ...သူမ..."
ကျန်းရီသည် ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။ စုန်းဧကရီသည် သေသွားပြီဖြစ်သည်။ အဘယ်ကြောင့် စုန်းဧကရီ နောက်တစ်ယောက် ရှိနေရသနည်း။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး။ ကျန်းရီ...ရှန်မိနိုင်ငံမှာ အင်အားအကြီးဆုံးက ဘာလဲသိလား...မှော်ပညာပဲလေ"
ယွင်ဖေးသည် သက်ပြင်းချရင်း ရှင်းပြလာခဲ့သည်။
"သွေးဖြင့် ကိုယ်ပွားဖန်တီးခြင်းဆိုတဲ့ အောက်လမ်းမှော်ပညာရပ်တစ်ခုရှိတယ်။ အဲ့ဒီမှော်ပညာက တတ်မြောက်ဖို့ အရမ်းခက်ခဲပြီး အရမ်းလည်း ရက်စက်တယ်။ အဲ့ဒါကို အောင်မြင်ဖို့ စတေးခံ အပျိုစင်တွေ အများကြီး လိုအပ်တယ်။ ကိုယ်ပွားတစ်ခုရဖို့ အနည်းဆုံး အပျိုစင်တစ်ထောင် လိုတယ်။ အဲ့ဒီကိုယ်ပွားက သူ့သခင်နဲ့ တစ်ပုံစံတည်းဖြစ်အောင် ဖြည်းဖြည်းချင်း ကြီးလာပြီးတော့ ကျင့်ကြံလို့တောင် ရသေးတယ်။ စုန်းဧကရီက သူမရဲ့ဝိဉာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ဒီကိုယ်ပွားကို ထိန်းချုပ်နေတာ...အပြင်လူတွေက အဲ့ဒါကိုယ်ပွားလား၊ တကယ့်ခန္ဓာကိုယ်အစစ်လားဆိုတာ မသိနိုင်ဘူး"
"ထူးဆန်းလိုက်တာ...ဒီလိုဖြစ်နေတာကိုး..."
ကျန်းရီသညိ ယခုမှ သဘောပေါက်သွားခဲ့သည်။ သူသည် စုန်းဧကရီကို စမြင်ချိန်က သူမသည် ခရမ်းရောင်နန်းတော်ရှင် အဆင့်၌သာ ရှိသေး၍ ထူးဆန်းသည်ဟု ခံစားနေခဲ့ရသည်။
ထိုအချိန်က သူမသည် ဖမ်းချုပ်ခံရပြီး အဆိပ်တိုက် ခံခဲ့ရသော်လည်း တည်ငြိမ်နေခဲ့သည်။ ကျန်းရီသည် သူမမှာ အိန္ဒြေရှိလွန်းသည်ဟု အစက ထင်ခဲ့သည်။ ယခုမှ သူသဘောပေါက်သွားခဲ့သည်။ သူမသည် လုံးဝမကြောက်ခဲ့ခြင်း မဟုတ်ပေ၊ သူမအတွက် အဆိုးဆုံးမှ ကိုယ်ပွားတစ်ခုကိုသာ ဆုံးရှုံးရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ညတွင် သူမမည်သို့ အေးအေးချမ်းချမ်း အိပ်စက်နိုင်ခဲ့သနည်း။ သူမမည်မျှပင် တည်ငြိမ်ပါစေ၊ သူမအသက်သည် ကြိုးတန်းပေါ်တွင် ရှိနေခဲ့ပြီး မရင်းနှီးသည့် ယောက်ျားတစ်ယောက်ကလည်း အခန်းထဲရောက်နေခဲ့သည်။ သူမ မည်သို့ အိပ်စက်နိုင်ပါမည်နည်း။ စုန်းဧကရီသည် ထိုအချိန်က သူမ၏ ဝိဉာဉ်အပိုင်းအစကို ပြန်ထုတ်ယူ၍ ဤနေရာတွင် ထောင်ချောက်ဆင်ရန်သာ အာရုံစိုက်ခဲ့ခြင်း ဖြစ်ရမည်။
အရာရာသည် ထောင်ချောက်တစ်ခုသာ။
ကျန်းရီသည် တစ်စုံတစ်ခုကိုလည်း သဘောပေါက်သွားခဲ့သည်။ လျှိုမိန်းကလေး နန်းတော်ထဲ ရောက်ချိန်မှစ၍ အရာရာသည် စုန်းဧကရီ၏ လှည့်ကွက်များသာ ဖြစ်ရမည်။ မဟုတ်ပါက သူတို့ နန်းတော်ထဲ ဝင်ချိန်တွင် အဘယ့်ကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဘုရင်ရောက်လာခဲ့သနည်း။ သူ့အား အကြီးအကဲ လာရောက်စစ်ဆေးချိန်တွင် အဘယ့်ကြောင့် ဘုရင်က လီဖေးနန်းဆောင်သို့ ရောက်လာခဲ့သနည်း။ ထို့နောက် သူသည် သူမဝင်လာလာချင်း သူမအား ထိန်းချုပ်နိုင်ခဲ့သည်။ သူကံကောင်းလွန်းနေသည် မဟုတ်ပါလား။
ထိုညက ကိုယ်ပွားသည် သူ့ရှေ့တွင် ရေချိုး၍ အဝတ်အစားလဲခဲ့သည်။ ထိုသည်မှာ သူ့အား နန်းတော်ထဲတွင် ပြစ်မှုကျူးလွန်မိစေရန် ဖျားယောင်းနေခဲ့ခြင်းဖြစ်သည်။ ယခု ကျန်းရီသည် ထိုအကြောင်းတို့ကို ပြန်တွေးမိသည့်အခါ ကြက်သီးတဖြန်းဖြန်း ထလာခဲ့သည်။
ထိုကိုယ်ပွားကို ပြုလုပ်သောနည်းလမ်းသည် အလွန်ရက်စက်သည်ဟု ယွင်ဖေးပြောခဲ့သည်။ ခန္ဓာကိုယ်သည်တောင် အဆိပ်တစ်မျိုး ဖြစ်နေနိုင်သည်။ သူသာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ထိုကိုယ်ပွားနှင့် အိပ်ရာပေါ် လူးလှိမ့်ခဲ့မိပါက သူသေနေလောက်ပြီဖြစ်သည်။
"ဖူလောင်...ချန်းလောင်...အကုန်လုံးကို သတ်ပစ်ပြီး ဒီနန်းဆောင်ကို ဖျက်ဆီးလိုက်"
ယွင်ဖေးသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်နှစ်ယောက်သည် အခန်းကိုယ်စီမှ ပြေးထွက်လာကြပြီး နန်းဆောင်အတွင်းရှိ အစေခံများ၊ ကုန်းကုန်းများနှင့် စုန်းဧကရီခေါ်လာခဲ့သည့် အစေခံလေးများထံ ပြေးသွားကြသည်။
ကျန်းရီသည် ယွင်ဖေးသည် သူမလူများကို သတ်ပစ်ရန် ညွှန်ကြားနေသည်ကို မြင်သောအခါ သူမအား နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ ယွင်ဖေးသည် မချိပြုံးပြုံးကာ ရှင်းပြလာခဲ့သည်။
"ကျန်းရီ...ဒီအိမ်တော်မှာ လျှို့ဝှက်သက်တော်စောင့် နှစ်ယောက်ကလွဲရင် ကျန်တာအကုန် စုန်းဧကရီရဲ့ လူတွေချည်းပဲ"
"အားး..."
ကုန်းကုန်းများ၊ အစေခံလေးများ၏ အော်သံများ ခြောက်ခြားဖွယ် ထွက်ပေါ်လာခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် နှစ်ယောက်သည် အတွင်းအားတိုက်ခိုက်မှုများသုံးရင် နန်းဆောင်ကြီးတစ်ခုလုံး ပြိုကျသွားသည်အထိ ဖျက်ဆီးနေခဲ့သည်။
ကျန်းရီသည် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုများ အပြင်မှ အဖြူရောင်အလင်းများ တောက်ပနေသည့် အလွှာပေါ် ကျရောက်သွားသည့်အခါ အလင်းများ ပိုမိုတောက်ပလာသည်ကိုသာ တွေ့ရသည်။ တုန်ခါ၍တောင်မသွားခဲ့သော အလွှာကိုကြည့်နေရင်း စုန်းနတ်ဘုရား လုပ်ခဲ့သော အစီအရင်များ၏ အစွမ်းကို သူလေးစားသွားမိသည်။
ကျန်းရီနှင့် ယွင်ဖေးတို့အုပ်စုသည် နန်းဆောင်အား ဖျက်ဆီးပြီးသွားသည့်အခါ ထိုးထွက်နေသည့် ကျောက်ပြားကြီးတစ်ခုထက် ခုန်တက်လိုက်ကြသည်။ ကျန်းရီသည် ဘေးပတ်လည်အားကြည့်ရင်း ယွင်ဖေးအား နားမလည်နိုင်စွာ မေးလိုက်သည်။
"ယွင်ဖေး...နန်းဆောင်ကို ဖျက်ဆီးပစ်ရတာက ဘာအဓိပ္ပါယ်လဲ"
"မဖျက်ဆီးပစ်ရင် ငါတို့ ပိုပြီးမြန်မြန် သေသွားလိမ့်မယ်"
ယွင်ဖေးသည် ခါးသီးစွာ ရယ်လိုက်ပြီး ပြောလာခဲ့သည်။
"စုန်းဧကရီ၏ စုန်းနတ်ဘုရားရဲ့ ဝင်္ကပါကို ဒီကိုရွှေ့နိုင်တယ်ဆိုတော့ သူမဒီဝင်္ကပါကို စိတ်ဝိဉာဉ်အမှတ်အသားပြုပြီးပြီပဲ ဖြစ်ရမယ်။ တစ်နည်းပြောရရင် သူမက ငါတို့ကို တိုက်ခိုက်နိုင်ပြီး ငါတို့က သူမကို မတိုက်ခိုက်နိုင်ဘူး။ မင်းကြီးနဲ့ ငွေပန်းပွင့်အဘွားအို ရောက်လာတဲ့အထိ ငါတို့တောင့်ခံထားနိုင်မှဖြစ်မှာ...ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရမရတော့ စောင့်ကြည့်ရမှာပဲ "
"ခစ်...ခစ်"
အကြည်ရောင်အလွှာမှ အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး စုန်းဧကရီ၏ ကြည်လင်နေသောအသံ ရောက်ရှိလာခဲ့သည်။
"နန်းဆောင်ကို ဖျက်ဆီးပစ်တယ်ပေါ့၊ သေမင်းတံခါးဝကို ရောက်နေတာတောင် ရုန်းကန်နေတုန်းလား။ အချိန်ဆွဲဖို့ ကြိုးစားမယ်ပေါ့...အိပ်မက်ပဲမက်နေလိုက်။ အားလုံး...မင်းတို့ရဲ့ မှော်စွမ်းအားတွေနဲ့ တိုက်ခိုက်ကြတော့"
*****