ဝင်္ကပါကို ဖောက်ထွက်ခြင်း
Vol. 1 Ch. 372
စုန်းဧကရီ အမိန့်ပေးပြီးသည်နှင့် ကျန်းရီ၏ကိုယ်သည် အဖြူရောင်အလင်း တောက်ပသွားကာ နေရာမှ ကွယ်ပျောက်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူသည် ဝင်္ကပါ၏ အစွန်အဖျားနားတွင် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး ရှေ့ဆက်တိုး၍ မရတော့ပေ။ စုန်းနတ်ဘုရား၏ အစီအရင်သည် အမှန်တကယ် အစွမ်းထက်လှပြီး လေဟာနယ်ကိုပါ ကန့်သတ်ထားနိုင်သည်။
ယွင်ဖေးသည် ထိုရလဒ်ကို သိပြီးသည့်အလား ဘေးပတ်လည်ကိုသာ ကြည့်လိုက်သည်။ စစ်တပ်ထဲမှ လူတော်တော်များများသည် ရှေ့တက်လာကြပြီး မှော်စွမ်းအားများ ပစ်လွှတ်ရန် ပြင်ဆင်နေသည်ကို သူမမြင်လိုက်ရသည်။ သူမသည် ကျန်းရီထံ ချက်ချင်း အော်ပြောလိုက်သည်။
"ကျန်းရီ...ပြန်လာခဲ့၊ သူတို့ မှော်စွမ်းအားတွေ ပစ်လွှတ်တော့မယ်"
ကျန်းရီသည် ပြန်လည်၍ နေရာရွှေ့ပြောင်းလာပြီး ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ အိမ်တော်ကို စောင့်ကြပ်နေသည့် စစ်သည်ကြီးသည် စစ်သည်များကို ဦးဆောင်၍ စုန်းဧကရီအား ငြင်းချက်ထုတ်နေသည်ကို သူတွေ့လိုက်ရသည်။
စုန်းဧကရီသည် ဝင်္ကပါကို ထိန်းချုပ်မထားရာ အပြင်မှ အသံများအား သူတို့မကြားကြရပေ။ ထိုစစ်သူကြီးသည် အော်ဟစ်၍ စုန်းဧကရီအား ယွင်ဖေးနှင့် ယွင်ရှန်းကို သတ်ခြင်းမှ တားဆီးနေကြောင်း သူတို့မြင်နိုင်လေသည်။
သို့သော်လည်း တစ်စက္ကန့်အတွင်း ယွင်ဖေးနှင့် ယွင်ရှန်းတို့၏ မျက်လုံးများမှာ မှိန်ဖျော့သွားကြသည်။ ထိုစစ်သူကြီးသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူတစ်ယောက်၏ ထိုးကြိတ်ခြင်း ခံလိုက်ရပြီး လွင့်ထွက်သွားခဲ့သည်။
စုန်းဧကရီသည် အေးစက်စက် မျက်နှာထားနှင့် အမိန့်ပေးနေသည်ကို သူတို့ မြင်လိုက်ကြပြီး နန်းတွင်းစစ်သည်များမှာ နောက်ဆုတ်သွားကြသည်။ မူလတည်းက တိုက်ခိုက်ရန် ပြင်နေကြသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များမှာ နန်းဆောင်နေရာကို ပြန်လည်ဝန်းရံလိုက်ကြပြီး မှော်စွမ်းအားများ စတင်ပစ်လွှတ်ကြသည်။
"ဂရုစိုက်"
ယွင်ဖေးသည် နန်းတော်နံရံများ၏ အပျက်အစီးများထက်မှ ဘေးပတ်လည်ကို ဝေ့ကြည့်ရင်း သူမ၏နူးညံ့သော မျက်နှာထက်တွင် တုန်လှုပ်မှုများ ဖြစ်တည်လာခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လျှို့ဝှက်သက်တော်စောင့် နှစ်ယောက်မှာလည်း ယွင်ဖေးနှင့်ယွင်ရှန်း၏ တစ်ဖက်တစ်ချက်စီတွင် ရပ်၍ မျက်နှာပျက်ပျက်ဖြင့် ဘေးပတ်လည်ကို ကြည့်နေကြသည်။
ဝှီး...
ကောင်းကင်သည် တုန်ခါသွားခဲ့ပြီး မရေမတွက်နိုင်သည့် အလင်းတန်းများမှာ လေတိုးသံတို့နှင့်အတူ ကြယ်ကြွေသည့်အလား တဖွဲဖွဲကျဆင်းလာခဲ့သည်။
ကျန်းရီနှင့် လျှို့ဝှက်သက်တော်စောင့်နှစ်ယောက်မှာလည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြသည်။ မီးနဂါးနှစ်ကောင်နှင့် အတွင်းအား တိုက်ခိုက်မှု နှစ်ခုသည် အထက်သို့ တက်သွားခဲ့ပြီး ကျဆင်းလာသည့် အလင်းတန်းများကို အမှုန့်များအဖြစ် ပြောင်းလဲလိုက်သည်။
ဗုန်း...ဗုန်း..
ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်မှ ကျောက်သားများသည် လှံတံများပုံစံဖြင့် လွင့်တက်လာခဲ့သည်။ ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်ပြီး ကွေ့ကောက်၍ ရွေ့လျားသည့် နဂါးတစ်ကောင်အလား ရှောင်တိမ်းလိုက်သည်။ အရိပ်သက်တော်စောင့် နှစ်ယောက်မှာလည်း ယွင်ဖေးနှင့်ယွင်ရှန်းကို သယ်ဆောင်၍ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။
ဗုန်း...ဗုန်း...ဗုန်း...
ကျန်းရီနှင့် အရိပ်သက်တော်စောင့် နှစ်ယောက်သည် ဆက်တိုက်လှုပ်ရှားနေကြပြီး ကျောက်သားလှံတံများကို အမှုန့်များအဖြစ် ပြောင်းလဲပစ်နေခဲ့သည်။ သူတို့ အသက်ပင်ဝအောင် မရှူရသေး၊ ကောင်းကင်ပေါ်မှ တိမ်များသည် ရွေ့လျားသွားကြပြီး လေဓားသွားများနှင့်အတူ မိုးကြိုးများ ကျဆင်းလာခဲ့သည်။ ရက်စက်သည့် တိုက်ခိုက်မှုပေါင်းစုံသည် နေရာတိုင်းမှ ထွက်ပေါ်လာခဲ့သည်။
ကျန်းရီသည် နောက်ဆုတ်မသွားဘဲ ဆက်တိုက် နေရာရွှေ့ပြောင်းလိုက်သည်။ သို့သော်လည်း မည်သည့်နေရာသို့ သူနေရာရွှေ့ပြောင်းလိုက်ပါစေ၊ တိုက်ခိုက်မှုများသည် ပို၍သာ များပြားလာခဲ့သည်။ နန်းဆောင်နေရာသည် အတော်ကြီးမား၍ ကီလိုမီတာအတော်များများ ပတ်လည်ရှိသောကြောင့်သာ တော်သေးသည်။ စုန်းနတ်ဘုရား၏ ရှေးဟောင်းဝင်္ကပါသည် နေရာတစ်ခုလုံးကို ဖုံးအုပ်ထားရာ သူတို့တွင် ရှောင်တိမ်းစရာနေရာ ကျယ်ကျယ်ဝန်းဝန်း ရှိနေခဲ့သည်။ ယွင်ဖေး၏ နန်းဆောင်ကို ချက်ချင်းဖျက်စီးပစ်ရန် ဆုံးဖြတ်ချက်သည် အလွန်အမျှော်အမြင်ရှိလှသည်။
ကျန်းရီနှင့် ယှဉ်လျှင် အရိပ်သက်တော်စောင့်နှစ်ယောက်မှာ အလွန်အခြေအနေ ဆိုးနေခဲ့သည်။ သူတို့နှစ်ယောက်သည် ယွင်ဖေးနှင့် ယွင်ရှန်းကို သယ်ထားရသည့်အပြင် မထိခိုက်အောင်လည်း ကာကွယ်ပေးနေရသေးသည်။ သူတို့သာ လုံလောက်အောင် မလျင်မြန်ပါက ဒဏ်ရာအပြင်းအထန်ရနေသည်မှာ ကြာလှပေပြီ။
စုန်းဧကရီသည် ဤသို့ဖြစ်လာရန် အကွက်ချထားခဲ့ခြင်းဖြစ်သည်။ တော်ဝင်မိသားစုမှ မှော်ပညာတတ်သော စစ်သည်များသည် အသုံးချခံနေကြရသောကြောင့် အနည်းဆုံး မှော်စွမ်းအား ခုနှစ်မျိုး၊ ရှစ်မျိုးခန့်သည် ကျန်းရီတို့အား ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်။ ထိုလူများသည် မှော်စွမ်းအားများ ဆက်တိုက်ထုတ်လွှတ်နေကြပြီး ပူးပေါင်း၍ တိုက်ခိုက်နေကြသည်။ စုန်းဧကရီသည် အလင်းရောင်များ တောက်ပနေသည့် ကျိုင်းတံတစ်ခုကို ကိုင်မြှောက်၍ စုန်းနတ်ဘုရား၏ ရှေးဟောင်းဝင်္ကပါကို ထိန်းချုပ်နေခဲ့သည်။
"ဒီမှာ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ဘယ်သူကမှ ခမည်းတော်ကို သွားပြီး အကြောင်းမကြားကြဘူးလား။ ငွေပန်းပွင့်အဘွားအို ရောက်လာသင့်နေပြီလေ"
ယွင်ဖေး၏ မျက်ခုံးတန်းလေး နှစ်ခုမှာ ထိစပ်လုမတတ်ဖြစ်နေပြီး နားမလည်နိုင်သည့် အမူအရာ ဖြစ်တည်နေခဲ့သည်။ သူမအမြင်တွင် မင်းကြီးသာ ယနေ့ရောက်မလာပါက သူမတို့လူစုနှင့် ကျန်းရီသည် မြှုပ်နှံခံရရန် မြေနေရာပင်မရှိဘဲ သေသွားရလိမ့်မည်။
သူမသည် စုန်းဧကရီအကြောင်း တွေးမိသွားသည့်အခါ ယွင်ဖေး၏နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။ စုန်းဧကရီသည် အလွန်ဉာဏ်များလှသည်။ ယွင်ဖေးသာ သူမခမည်းတော်၏ ချစ်မြတ်နိုးခြင်း မခံရပါက သူတို့မောင်နှမ သေနေသည်မှာ ကြာလှပြီဖြစ်သည်။ ရှန်မိနိုင်ငံ၏ဘုရင် ယွင်ချင်းထျန်းသည် ငတုံးမဟုတ်လေရာ အာဏာအကုန်ကို ခွဲဝေပေးခြင်းမရှိပေ။ သူသည် ငွေပန်းပွင့်အဘွားအို၏ သစ္စာခံမှုကိုလည်း ရယူထားနိုင်ခဲ့သည်။ မဟုတ်ပါက ရှန်မိနိုင်ငံမှာ စုန်းဧကရီ၏ လက်အောက်သို့ ရောက်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
စုန်းဧကရီသည် သူမတို့ကို သေစေချင်နေရာ သေချာအစီအစဉ် ချထားပြီးသား ဖြစ်ရမည်။ သူမသည် မည်သူမှ သတင်းမပို့နိုင်အောင် ရှန်မိမြို့တစ်ခုလုံးကို ပိတ်ထားခြင်းတောင် ဖြစ်နေနိုင်သည်။ ယွင်ချင်းထျန်းသည် စုန်းနတ်ဘုရားကို ဂါရဝပြုရန် အနည်းဆုံး တစ်မနက်ခင်းခန့် ကြာလိမ့်မည်။ ထို့နောက်မှ သူပြန်ရောက်လာလျှင် အားလုံး၏ အလောင်းများသည် အေးနေလောက်ပေပြီ။
ကြယ်တံခွန်များ၊ မိုးကြိုးများ၊ လေဓားသွားများ၊ ရေခဲမြားများ...ကျောက်တုံးလှံတံများ စသည့် မှော်စွမ်းအား တိုက်ခိုက်မှုပေါင်းစုံသည် ဝင်္ကပါအတွင်း ဝင်ရောက်လာနေခဲ့သည်။ ကျန်းရီသည် နေရာရွှေ့ပြောင်းနိုင်ပြီး မီးဝိဉာဉ်ပုလဲထဲတွင် ကမ္ဘာ့မီးလျှံအချို့ ကျန်နေသေး၍ သူ့အတွက် အတော်လေး ဘေးကင်းလေသည်။ သို့သော်လည်း အရိပ်သက်တော်စောင့် နှစ်ယောက်မှာ အခြေအနေ မကောင်းလှပေ။ ဤအတိုင်းဆက်ဖြစ်နေပါက သူတို့ ထိခိုက်ဒဏ်ရာ ရတော့မည်။ ထိခိုက်ဒဏ်ရာရသည်နှင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းများ လျော့ကျသွားကာ သေဆုံးသွားကြလိမ့်မည်။
"ယွင်ဖေး၊ ယွင်ရှန်း မခုခံနဲ့...ငါမင်းတို့ကို မြစိမ်းကြည်လင်ပန်းအိုးထဲ ထည့်ပေးထားမယ်။ အဲ့ဒီမှာ ခဏလောက်သည်းခံပြီးနေပေး...ငါ ဒီဝင်္ကပါကို ဖောက်ထွက်ဖို့ နည်းလမ်းရှာပြီးရင် မင်းတို့ကို ပြန်ထုတ်ပေးမယ်"
ကျန်းရီသည် အခြေအနေမကောင်းတော့သည်ကို မြင်လိုက်သည်။ ယွင်ဖေးနှင့်ယွင်ရှန်း သေ၍ မဖြစ်ပေ။ သူသည် အော်ဟစ်လိုက်ပြီး သူတို့ထံ နေရာရွှေ့ပြောင်းသွားလိုက်သည်။
"ကောင်းပြီ"
ယွင်းဖေးနှင့် ယွင်ရှန်းသည် သူတို့နှစ်ယောက်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှန်းသိသည်။ မြစိမ်းကြည်လင်ပန်းအိုးသည် သက်ရှိများကို သိမ်းဆည်းနိုင်ကြောင်းလည်း သူတို့သိသည်။ သို့သော် ကျန်းရီသည် သည်းခံပြီးနေဟု ဘာကြောင့်ပြောမှန်း သူတို့နားမလည်ကြပေ။
"မြစိမ်းကြည်လင် ပန်းအိုး"
အရိပ်သက်တော်စောင့်နှစ်ယောက်သည်လည်း ဝမ်းသာသွားကြသည်။ ကျန်းရီ၏ နေရာရွှေ့ပြောင်းစွမ်းရည်နှင့်ဆိုလျှင် ယွင်ဖေးနှင့်ယွင်ရှန်းမှာ မြစိမ်းကြည်လင်ပန်းအိုးထဲတွင် နေသည်က ပို၍ဘေးကင်းလေသည်။
ဝှစ်...
ကျန်းရီ သူတို့အနီး ရောက်လာသည်နှင့် အရိပ်သက်တော်စောင့်နှစ်ယောက်သည် ယွင်ဖေးနှင့်ယွင်ရှန်းအား ပစ်ပေးလိုက်ကြသည်။ ကျန်းရီ၏ ပန်းအိုးသည် အစိမ်းရောင် အလင်းများ တောက်ပလာခဲ့ပြီး ထိုနှစ်ယောက်ကို သိမ်းဆည်းလိုက်လေသည်။
ပန်းအိုးထဲတွင် ဟဲလောင်နှင့်အတူ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တစ်ကောင်ပါ ရှိနေလေသည်။ ထိုနှစ်ယောက်သည် နတ်ဆိုးသားရဲဘုရင်၏ အရှိန်အဝါကြောင့် ဖိနှိပ်ခံရနိုင်သည်ကို သူသိသော်လည်း လက်ရှိအခြေအနေတွင် အခြားနည်းလမ်း မရှိပေ။
ထို့နောက် ကျန်းရီသည် စတင်၍ နေရာရွှေ့ပြောင်းလိုက်ပြီး ဝင်္ကပါ၏ အစွန်းတစ်နေရာထံ ရောက်သွားခဲ့ပြန်သည်။ မီးနဂါးဓားသည် လှုပ်ရှားသွားခဲ့ပြီး အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ မကြာခင်တွင် မီးနဂါးသေးသေးလေးများ ပြေးထွက်သွားကြသည်။ ကျန်းရီ၏ သူ၏ အလယ်အလတ်အဆင့် တာအိုတိုက်ကွက်ကို သုံး၍ ဝင်္ကပါကို ဖျက်ဆီးရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
ဘန်း...ဘန်း...ဘန်း...ဘန်း...
ပေါက်ကွဲမှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး ဝင်္ကပါမှ အလင်းရောင်များ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြာထွက်လာခဲ့သော်လည်း အကြည်ရောင်အလွှာမှာ တုတ်တုတ်ပင် မလှုပ်ချေ။
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် အရိပ်သက်တော်စောင့်နှစ်ယောက်သည် အံ့အားသင့်သွားကြသည်။ ကျန်းရီ၏ တိုက်ခိုက်မှုသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်၏ တိုက်ခိုက်မှုနှင့် အတူတူလောက် ရှိနေပြီဖြစ်သည်။ ယခင်က ကျန်းရီ၏ အင်အားအကောင်းဆုံး တိုက်ခိုက်မှုမှာ သတ်ဖြတ်ခြင်းအင်အားနှင့် မီးဝိဉာဉ်ကျောက်တုံး မဟုတ်ပေလော။ အချိန်ဘယ်လောက်မှ မကြာခဲ့သေး၊ သူ့တိုက်ခိုက်မှုသည် ဤမျှ အားကောင်းလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ"
အရိပ်သက်တော်စောင့် နှစ်ယောက်ထဲမှ တစ်ယောက်သည် မျှော်လင့်ချက်မဲ့သော မျက်လုံးများနှင့် ကျန်းရီအားကြည့်ကာ အော်ဟစ်လိုက်သည်။
"အင်အားကို ဖြုန်းတီးမနေပါနဲ့တော့။ ဒီဝင်္ကပါက အရင်နေ့ရက်တွေတုန်းက စုန်းနတ်ဘုရား ချန်ခဲ့ပေးတာ...ဝင်္ကပါကို ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို အလိုအလျောက် စုပ်ယူနိုင်တဲ့ အထူးအမှတ်အသားပါ ကျောက်တုံးဆယ့်နှစ်ခုကို အခြေခံပြီး လုပ်ထားတာ...အင်အားကလည်း အရမ်းကြောက်စရာ ကောင်းတယ်...ကျွန်တော်တို့ လပေါင်းများစွာ မတိုက်ခိုက်ရင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"
"စုန်းနတ်ဘုရား ချန်ခဲ့တဲ့ အထူးအမှတ်အသားပါ ကျောက်တုံးဆယ့်နှစ်ခု"
ကျန်းရီသည် မျက်ခုံးအသာပင့်လိုက်သည်။ တကယ်တမ်းတွင် သူ့အတွက် ဤဝင်္ကပါကို ဖျက်ဆီးရန် လွယ်ကူလွန်းသည်။ သူသည် နတ်ဆိုးသားရဲဘုရင်ကို ထုတ်ပေးလိုက်ရုံပင်။ သို့သော် ၎င်း၏အရှိန်အဝါသည် အင်အားကြီးလွန်း၍ ငွေပန်းပွင့်အဘွားအို ချက်ချင်းသတိပြုမိသွားနိုင်သည်။ ထို့ကြောင့် သူသည် ဤဝင်္ကပါကို ဖျက်ဆီးပစ်ရန် ကိုယ်ပိုင်အစွမ်းအစကိုသာ အားကိုးနေခြင်းဖြစ်သည်။
ယခု အရိပ်သက်တော်စောင့်၏ ပြောစကားကို ကြားပြီးနောက် သူအကြံတစ်ခု ရသွားခဲ့သည်။ သူသည် ဝင်္ကပါ၏ဘေးသို့ နေရာရွှေ့ပြောင်းသွားလိုက်ပြီး အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် တံဆိပ်ပြားအတွင်း အတွင်းအားများ ဖြည့်လိုက်ပြီး ၎င်းကို အကြည်ရောင်အလွှာပေါ် တင်လိုက်လေသည်။
စုန်းနတ်ဘုရား ကျန်းရီကို ပေးလိုက်သော တံဆိပ်ပြားသည် အကာအကွယ် အလွှာနှင့် ထိတွေ့သွားသည့်အခါ ဝင်္ကပါတစ်ခုလုံးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဝိုး..."
ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့ပြီး မှော်စွမ်းအားများ ထုတ်လွှတ်နေကြသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ စုန်းဧကရီ၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားခဲ့သည်။ ထို့နောက် သူမသည် အလျင်အမြန် သဘောပေါက်သွားကာ အော်ဟစ်လိုက်သည်။
"အချက်ပြမီးရှူးလွှတ်လိုက်၊ ငွေပန်းပွင့်အဘွားအိုကို အကူအညီတောင်းလိုက်တော့"
"နောက်ကျသွားပြီ"
ကျန်းရီ၏ကိုယ်သည် အလင်းရောင်တစ်ချက်လက်သွားပြီး လူတိုင်း၏ အလယ်ဗဟိုသို့ ရောက်သွားခဲ့သည်။ သူ၏ မျက်လုံးများမှာ သွေးနီရောင်ပြောင်းသွားခဲ့ပြီး သူ၏အနီရောင် ဆံပင်ရှည်များသည် လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူ့ကိုယ်မှ အလွန်ပြင်းထန်သည့် သတ်ဖြတ်ခြင်းအရှိန်အဝါတို့ ထွက်ပေါ်လာခဲ့ပြီး မင်းသားယွင်ရှန်း၏ အိမ်တော်ဝင်းအတွင်းရှိ လူများအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
သူ့မျက်လုံးများသည် မျက်နှာဖြူဖျော့နေသည့် စုန်းဧကရီ၏ မျက်နှာထက် စူးစိုက်ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်များမှာ ကော့တက်သွားခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။
"စုန်းဧကရီ...ဒါက ခင်ဗျားရဲ့ကိုယ်ပွားလား တကယ့်ကိုယ်အစစ်လား သိချင်မိပါရဲ့။ တကယ်သေဆုံးတဲ့ အရသာကို ခင်ဗျားမြည်းစမ်းကြည့်ချင်လား"
*****