စည်းလွတ်ကမ်းလွတ် ပြုမူခြင်း
Vol. 1 Ch. 373
စုန်းနတ်ဘုရား၏ ရှေးဟောင်းဝင်္ကပါ ဖောက်ထွက်ခံလိုက်ရသည်။
လူများသည် ထိုအချက်ကို လက်ခံရန် ခက်ခဲနေကြသည်။ စုန်းနတ်ဘုရားသည် ရှန်မိနိုင်ငံတွင် ပြိုင်ဘက်ကင်းမှု၏ သင်္ကေတဖြစ်သည်။ ဗာဂျရာအဆင့် ပုဂ္ဂိုလ်များတောင် စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေကို ဝင်ရောက်ပြီးနောက် ပြန်ထွက်မလာနိုင်ကြပေ။ ရှန်မိနိုင်ငံ၏ ပြည်သူများ ရင်ထဲတွင် စုန်းနတ်ဘုရားသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏မှော်ကျင့်စဉ်များ၊ အစီအရင်များမှာ ပြိုင်ဘက်ကင်းသည်။
စုန်းနတ်ဘုရား၏ ရှေးဟောင်းဝင်္ကပါသည် ယွင်မိသားစု၏ မျိုးဆက်များအတွက် စုန်းနတ်ဘုရား ချန်ပေးခဲ့သည့်အရာဖြစ်သည်။ သူထွက်မသွားခင်တွင် ဤရှေးဟောင်းဝင်္ကပါသည် ဗာဂျရာအဆင့်များတောင် ဖောက်ဝင်ရန် မလွယ်ကူဟု ပြောခဲ့သည်။ ယွင်မိသားစု၏ မျိုးဆက်များ အမြစ်ဖြတ်သုတ်သင်ခံရမည့် အန္တရာယ် ကြုံခဲ့စဉ်ကလည်း ဤဝင်္ကပါကို အသက်သွင်း၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
တကယ်တမ်းတွင် ဤရှေးဟောင်းဝင်္ကပါမှာ အလွန်စွမ်းအားကြီးကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းကိုးရာခန့်က ရှန်မိနိုင်ငံ၏ အင်အားကြီးဂိုဏ်းတစ်ခုသည် ပုန်ကန်၍ တော်ဝင်နန်းတော်ထံ ကျူးကျော်ဝင်ရောက်၍ တိုက်ခိုက်ခဲ့သည်။ ထိုအခါက နန်းတွင်းစစ်သည်များသည် ရန်သူတစ်ဝက်ခန့်ကို မျှားထုတ်သွားခဲ့ပြီး ယွင်ဂိုဏ်းမှာ ပျက်သုန်းလုနီးပါး အခြေအနေ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ဤဝင်္ကပါသည် ရန်သူများ၏ တိုက်ခိုက်မှုကို တစ်ရက်နှင့် နှစ်ညတိုင်တိုင် တောင့်ခံထားနိုင်ခဲ့သည်။ ထို့နောက် နန်းတွင်းစစ်တပ်များ ပြန်လည်ရောက်ရှိလာပြီး ယွင်ဂိုဏ်းမှာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။
ယခု ဤဝင်္ကပါသည် ကျန်းရီ၏ လက်တစ်ဖက် အဝှေ့တွင် အလွယ်တကူ ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းသည် အံ့အားသင့်ကုန်ကြသည်။
ကျန်းရီ သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှတ်ပြီးနောက်တွင် သူတို့ရင်ထဲမှ အံ့အားသင့်မှုသည် ထိတ်လန့်တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူအချို့သည် သူတု့ိကိုယ်မှာ လှုပ်ရှား၍ မရတော့မှန်း သဘောပေါက်သွားကြသည်။ သူတို့သည် ကြောက်ရွံ့မှုမှတစ်ပါး အခြားဘာကိုမှ မခံစားမိကြတော့ပေ။
ယနေ့အစီအစဉ်အရ စုန်းဧကရီသည် မြို့ကို ပိတ်ဆို့ထားခဲ့သည်။ နန်းတွင်းစစ်သည်များ လှုပ်ရှားရဲပါကလည်း နေရာတွင်ပင် ကွပ်မျက်ခံရမည်ဖြစ်သည်။ စုန်းဧကရီသည် ကိုယ်တိုင် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။ တစ်ယောက်ယောက်မှ မင်းကြီးထံ သတင်းပို့ချင်လျှင်တောင် စုန်းဧကရီ၏ တုံ့ပြန်မှုကို ထည့်တွက်ရမည်ဖြစ်သည်။
ထို့ကြောင့် မည်သူမှ မင်းကြီးထံ အကြောင်းမကြားကြ၍ မြို့ထဲမှ အခြေအနေကို ဘယ်သူမှ မသိကြခြင်းဖြစ်သည်။ ထိုအချက်သည် ကျန်းရီအား မြို့ကို အလွယ်တကူ သွေးဖြင့်ဆေးနိုင်ရန် ခွင့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ရှားယွိမြို့ပြင်မှ တိုက်ပွဲတွင် ရှန်မိနိုင်ငံသည် စစ်သည်သုံးသိန်းစေလွှတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော စစ်သူကြီးအချို့လည်း ယခုဝန်းရံထားသည့် လူစုထဲတွင် ရှိနေကြသည်။ သူတို့သည် ကျန်းရီ လူများကို ခွေးများအလား သတ်ဖြတ်နေသည်ကို မျက်မြင်တွေ့ခဲ့ကြရသည်။ သူသာ ရှန်မိမြို့ကို သွေးဖြင့်ဆေးရန် ကြံစည်ခဲ့လျှင် မင်းကြီးနှင့် ငွေပန်းပွင့်အဘွားအို ရောက်လာချိန်၌ ရှန်မိမြို့သည် အလောင်းများ တောင်လိုပုံ၍ ငရဲကျနေလောက်ပေပြီ။
ဝှစ်...
ယခု ကျန်းရီ၏ ပုံသည် ထိုသို့လုပ်ရန် ပြင်နေသည့်ပုံဖြစ်သည်။ သူသည် ဒေါသထွက်နေသည့် နဂါးတစ်ကောင်ပမာ စုန်းဧကရီထံ ပြေးသွားခဲ့ပြီး မီးနဂါးဓားဖြင့် ပိုင်းချလိုက်သည်။ မီးနဂါးနှစ်ကောင်နှင့် လေနဂါးလေးများသည် အဖျက်အစီး စွမ်းအားအပြည့်ဖြင့် ပြေးထွက်သွားကြသည်။
"ဖူး..."
မီးနဂါးနှစ်ကောင် အနီးသို့ ရောက်မသွားခင်တွင် စုန်းဧကရီသည် ပါးစပ်မှ သွေးများပန်းထွက်လာခဲ့ပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဗုန်း...ဗုန်း..
မီးနဂါးနှစ်ကောင်သည် ပျံသန်းသွားခဲ့ပြီး စုန်းဧကရီ၏ ရထားလုံးထက် ကျဆင်းသွားခဲ့သည်။ ရထားလုံးသည် ချက်ချင်းပေါက်ကွဲသွားခဲ့ပြီး စွမ်းအင်လှိုင်းကြီးသည် အနီးအနားမှ စစ်သည်များကိုပင် လွင့်ထွက်သွားစေခဲ့သည်။
"နေရာရွှေ့ပြောင်းသွားတာ"
ကျန်းရီ မှင်တက်နေချိန်တွင် ယွင်ဖေး၏ အရိပ်သက်တော်စောင့်သည် စိတ်ချင်းဆက်သွယ်၍ ပြောလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်...ဒါက သွေးစတေးခံပြီး ထွက်ပြေးတဲ့ မှော်ပညာပဲ။ ဒါကို တစ်ကြိမ်ပဲ သုံးလို့ရတယ် စုန်းဧကရီ အဝေးကြီးမရောက်သေးဘူး။ သူမ ဒီအနီးအနားမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ မြန်မြန်ရှာပါ...သူမလွတ်သွားလို့ မဖြစ်ဘူး"
"သွေးစတေးတာ"
ကျန်းရီ၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ သူသည် မျက်လုံးများမှိတ်၍ အနက်ရောင် အတွင်းအားနှစ်မျှင်ကို နားဆီပို့ဆောင်လိုက်သည်။ အိမ်တော်တစ်ခုလုံးမှ အသံပေါင်းစုံကို သူကြားလာခဲ့လေသည်။ မလှမ်းမကမ်းရှိ ထောင့်တစ်နေရာမှ နှံကောင်များ၏ အသံကိုတောင် သူကြားနေရသည်။
"အနောက်ဘက်"
သူ့မျက်လုံးများသည် ချက်ချင်းပြန်ပွင့်သွားခဲ့သည်။ အနောက်ဘက်တွင် မူမမှန်သည့် လေတိုးသံတစ်ခုနှင့် ထွက်ပြေးနေသည့် ခြေသံဖျော့ဖျော့ကို သူကြားလိုက်ရသည်။
"စုန်းဧကရီ...ခင်ဗျားက ထွက်ပြေးချင်နေတုန်းပဲကိုး"
သူ့ခြေထောက်များ လှုပ်ရှားသွားခဲ့ပြီး အိမ်တော်၏ အနောက်ဘက် ဂိတ်တံခါးထံ ပြေးသွားလိုက်သည်။
"သတ်..."
ကျန်းရီလှုပ်ရှားလိုက်သည်နှင့် သတ်ဖြတ်ခြင်းအရှိန်အဝါ၏ ဖိအားမှာ အားပျော့သွားခဲ့သည်။ စုန်းဧကရီ၏ လက်အောက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်တို့သည် လှုပ်ရှားလာခဲ့ကြသည်။ သူတို့အားလုံးသည် ဝိဉာဉ်ကပ်ပါးကောင်အဆိပ် မိနေကြရာ စုန်းဧကရီသေပါက သူတို့အသက်ရှင်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီအား နှောင့်နှေးအောင်လုပ်ချင်ကြခြင်း ဖြစ်သည်။
သူတို့အားလုံးသည် မှော်စွမ်းအားများကို ကျန်းရီထံ တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။ အချို့ဆိုလျှင် သူ့ထံပြေးလာကြပြီး လက်နက်အသီးသီးကို ဆွဲထုတ်ကာ အတွင်းအားတိုက်ခိုက်မှုများ ပစ်လွှတ်လာကြသည်။
"မင်းတို့က အသက်ရှင်နေရတာကို ငြီးငွေ့နေကြပုံပဲ"
ကျန်းရီသည် ယွင်ဂိုဏ်းသားများကို ကာကွယ်ရန် စုန်းနတ်ဘုရားကို ကတိပေးထားခဲ့၍ လူများကို အစုလိုက်အပြုံလိုက် မသတ်ဖြတ်ချင်ပေ။ ထိုသူများ စတင်တိုက်ခိုက်ကြသော် သူဒေါသအလွန်ထွက်လာခဲ့သည်။ ထိုလူများကြားတွင် ယွင်ဂိုဏ်းသားများ ရှိနေနိုင်သော်လည်း သူဂရုမစိုက်တော့ပေ။
သူ့ကိုယ်သည် နောက်သို့ ပြန်လည် နေရာရွှေ့ပြောင်းလိုက်ပြီး သတ်ဖြတ်ခြင်းအင်အားကို ပိုမိုသက်ရောက်စေလိုက်သည်။ သူ့မျက်လုံးများသည် ဓားသွားပမာ စူးရှနေပြီး သူ့အားတိုက်ခိုက်လာကြသည့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များ၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူသည် အေးစက်လှသည့်လေသံဖြင့် စကားပြောလိုက်သည်။
"မင်းတို့အားလုံးက သေချင်နေမှတော့ ငါမင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
သူ့ကိုယ်သည် လှုပ်ရှားသွားခဲ့ပြီး မီးနဂါးဓားမှာ ကျဆင်းလာခဲ့သည်။ သတ်ဖြတ်ခြင်းအင်အားနှင့် နေရာရွှေ့ပြောင်းခြင်း စွမ်းရည်၏ ပေါင်းစပ်မှုမှာ အလွန်ပြင်းထန်လှသည်။ အများစုမှာ တုံ့ပြန်ချိန်ပင် မရလိုက်ကြဘဲ အသားစများ ဖြစ်ကုန်ကြသည်။
ဘန်း...
စုန်းဧကရီ၏ လက်အောက်မှ အားအကောင်းဆုံး လူရှစ်ယောက်မှာ ချက်ချင်း အသတ်ခံလိုက်ရသည်။ ကျန်းရီ၏ မျက်လုံးများသည် တစ်ထောင်သော နန်းတွင်းစစ်သည်များထံ ဝေ့ဝဲရောက်ရှိသွားခဲ့သည်။
"ငါဒီနေ့ စုန်းဧကရီကိုပဲ သတ်မှာ...ငါ့လမ်းကို လာပိတ်ရဲတဲ့သူရှိရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"
ကျန်းရီသည် ဆက်လက် နေရာရွှေ့ပြောင်းလိုက်သည်။ စုန်းဧကရီသည် အနောက်ဘက်သို့ ထွက်ပြေးသွားရာ သူမသည် မင်းကြီးနှင့် ငွေပန်းပွင့်အဘွားအိုထံမှ အကူအညီသွားတောင်းချင်နေမှန်း ပြောနေစရာပင် မလိုချေ။ သူအနောက်ဘက်သို့ ဆက်တိုက် နေရာရွှေ့ပြောင်းနိုင်သရွေ့ သူမကိုသတ်ရန် အခွင့်အရေးရမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီထွက်ခွာသွားသည်နှင့် နန်းတွင်းစစ်သည်များမှာ တွေဝေနေကြသည်။ သူတို့သည် အတွင်းရေးပြဿနာ၌ စုန်းဧကရီကိုရော၊ မင်းသမီးယွင်ဖေးတို့ မောင်နှမကိုပါ ကူညီပေးနိုင်သည့် အနေအထား မရှိပေ။ ထို့ပြင် မင်းသားယွင်ရှန်း၏ဘက်တွင် ကျန်းရီရှိနေရာ သူတို့အတွက် ပိုခက်ခဲလှသည်။ ကျန်းရီသည် အလွန်အင်အားကြီး၍ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင်ဆုံးအဆင့်များကိုတောင် ဖရဲသီးလှီးသလို သတ်ပစ်နိုင်သည်။ သူတို့သာ ကျန်းရီနောက်ကို လိုက်ပါက အချည်းနှီး သေသွားရုံသာ ရှိလိမ့်မည်။ သို့သော် သူတို့ ဘာမှမလုပ်ဘဲ ဤအတိုင်း ရပ်ကြည့်နေပါက မင်းကြီးပြန်ရောက်လာလျှင် သူတို့ အရေစုတ်ခံရလိမ့်မည်။
တပ်မှူးတစ်ယောက်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် အချက်ပြမီးရှူးတစ်ခုကို ကောင်းကင်သို့ လွှတ်တင်လိုက်သည်။ ကျန်တပ်မှူးများနှင့် စုန်းဧကရီ၏ နောက်လိုက်များမှာလည်း သဘောပေါက်သွားကြကာ အချက်ပြမီးရှူး အသီးသီးကို လွှတ်တင်လိုက်ကြသည်။
ဘန်း...ဘန်း...ဘန်း
မကြာခင်တွင် မင်းသားယွင်ရှန်း၏ အိမ်တော်အထက်ရှိ ကောင်းကင်ပြင်တွင် မီးရှူးမီးပန်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ နေ့အချိန်ဖြစ်သော်ငြား ရှန်မိမြို့တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ မီးရှူးသံများမှာလည်း ရှန်မိမြို့၏ မိုင်တစ်ရာပတ်လည်အတွင်း ပျံံ့နှံ့သွားခဲ့သည်။
"လိုက်ကြ"
တပ်မှူးတစ်ယောက်သည် လက်ဝှေ့ယမ်း၍ နန်းတွင်းစစ်သည်များအား ကျန်းရီနောက် လိုက်ကြရန် အမိန့်ပေးလိုက်သည်။ သူတို့သည် အင်တိုက်အားတိုက် လုပ်နေခြင်း မဟုတ်ဘဲ ဟန်ပြသက်သက်သာ လုပ်နေမှန်း ထင်ရှားသည်။ သူတို့သည် တစ်ဖက်ဖက်ကို မရွေးချယ်နိုင်ရာ အနည်းငယ် သရုပ်ဆောင်လိုက်ပြီး မင်းကြီး ပြန်ရောက်လာ၍ သူ့ဟာသူ ဆုံးဖြတ်မည်ကိုသာ စောင့်ဆိုင်းရမည်။
ဝူး...ဝူး...
နန်းတော်ဘက်မှ ဦးချိုမှုတ်သံကြီးများ ထွက်ပေါ်လာကြပြီး နန်းတွင်းတပ်ဖွဲ့များသည် သူတို့ရှိရာဘက်သို့ ပြေးလာကြသည်။ ရှန်မိတစ်မြို့လုံးသည် ဆူညံပွက်လောရိုက်နေခဲ့ပြီး နန်းတွင်းစစ်သည်များသည် ကျန်းရီနောက် အလောတကြီး ပြေးလိုက်နေကြသည်။
ရုတ်ရုတ်သဲသဲ ဖြစ်မှု၏ ရင်းမြစ်မှာ ကျန်းရီသည် ဖီးနစ်ဝတ်စုံကို ဆင်မြန်းထားသည့် မိန်းမလှလေးနောက် ပြေးလိုက်နေခြင်းကြောင့် ဖြစ်သည်။ ရှန်မိတစ်မြို့လုံးတွင် စုန်းဧကရီတစ်ဦးတည်းကသာ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်နိုင်သည့် အရည်အချင်း ရှိသည်။
"ငါအခု ဘာလုပ်ရမလဲ"
ကျန်းရီသည် ကောင်းကင်မှ မီးရှူးများနှင့် သူ့နောက်လိုက်လာကြသည့် နန်းတွင်းစစ်သည်များကို မြင်သည့်အခါ မလှမ်းမကမ်းသို့ ကြည့်လိုက်သည်။ သူသည် ခေါင်မိုးများထက်တွင် မရပ်မနား ပြေးလွှား၍ စုန်းဧကရီနောက် လိုက်နေခဲ့သော်လည်း သူ့မျက်ဝန်းများတွင် တုံ့ဆိုင်းမှုများ ရှိနေခဲ့သည်။
အချက်ပြမီးရှူးသည် မင်းကြီးနှင့် ငွေပန်းပွင့်အဘွားအိုကို အချက်ပေးနေခြင်းဖြစ်သည်။ သူယခုနောက်ဆုတ်ပါက ယွင်ဖေး၊ ယွင်ရှန်းတို့နှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်သည်။ စုန်းဧကရီသည် သူ့ရှေ့တွင်သာ ရှိနေသည်။ သူမသည် အလွန်ဉာဏ်များ၍ ကောက်ကျစ်သူတစ်ဦးဖြစ်သည်။ သူ သူမကို ယနေ့မသတ်လိုက်ပါက သူမသည် အနာဂတ်တွင် ပြဿနာကြီး ဖြစ်လာနိုင်သည်။
သူသည် အံကြိတ်၍ စုန်းဧကရီနောက် ဆက်လက်ပြေးလိုက်လိုက်သည်။ သူသည် လမ်းပေါင်းစုံမှ ထွက်၍ သူ့ထံပြေးလာနေကြသော လူများအားလုံးကို လျစ်လျူရှုထားလိုက်ပြီး ထိုသူများ သူ့အနီးကပ်လာ၍ အတွင်းအားတိုက်ခိုက်မှုများ မလုပ်နိုင်စေရန် သတ်ဖြတ်ခြင်းအင်အားဖြင့် ဖိနှိပ်ထားလိုက်သည်။
"သေစမ်း"
မိနစ်အနည်းငယ်အကြာတွင် သူသည် စုန်းဧကရီနှင့် သုံးကီလိုမီတာ အကွာသာ ရှိတော့သည်။ စုန်းဧကရီ၏အင်အားသည် အဆိုးကြီးမဟုတ်ဘဲ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်တွင် ရှိသည်။ သို့သော် သူမ၏ အတွင်းအားမှာ သွေးစတေးခံအစီအရင်ကြောင့် အားနည်းနေပြီဖြစ်ရာ ကျန်းရီသည် အလွယ်တကူ လိုက်မှီသွားခဲ့သည်။
ဝှစ်...
ကျန်းရီသည် နေရာရွှေ့ပြောင်းလိုက်ပြီး သတ်ဖြတ်ခြင်းအင်အားကိုသုံး၍ စုန်းဧကရီကို ဖိနှိပ်ကာ သတ်ဖြတ်တော့မည့် ဆဲဆဲတွင် ငွေရောင်ပုံရိပ်တစ်ခုသည် အနောက်ဘက်ကောင်းကင်ပြင်တွင် ပေါ်ထွက်လာခဲ့သည်။ ငွေရောင်အလင်းတန်းတစ်ခုသည် မျဉ်းဖြောင့်အတိုင်း ပျံသန်းလာခဲ့ပြီး မျက်စိတစ်မှိတ်စာအတွင်း ကျန်းရီနှင့် စုန်းဧကရီတို့၏အထက် ကောင်းကင်ပြင်သို့ ရောက်ရှိလာခဲ့သည်။
ပို၍ ပြင်းထန်သည့် အရှိန်အဝါသည် ရှန်မိတစ်မြို့လုံးသို့ ဖုံးလွှမ်းသွားခဲ့ပြီး ကျန်းရီမှာ လှုပ်ရှား၍ မရတော့ပေ။ တစ်ချိန်တည်းတွင် အလွန်တရာအေးစက်နေသည့် လေသံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ကျန်းရီ...မင်းက တော်တော်သတ္တိရှိနေတယ်ပေါ့ဟမ်...ရှန်မိမြို့ထဲကိုလာပြီး စည်းလွတ်ကမ်းလွတ် ပြုမူနေရဲတယ်။ ဒီတစ်ခါ မင်းကိုယ်မင်း ဘယ်လိုကာကွယ်မလဲလို့ ဒီအဘွားကြီးက ကြည့်ဦးမယ်"
*****