← Chapters

အိမ်အပြန်

Vol. 5 Ch. 41

အိမ်အပြန်

Vol. 5 Ch. 41

ယခုအခါတွင်မူ တန်ယန်သည် သူ၏ရည်ရွယ်ချက်ကို အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ သူက သူမအား S မြေကွက် ဖော်ဆောင်ရေး စီမံကိန်းအတွက် ဖိတ်ခေါ်ခဲ့သော်လည်း သူမက မလိုလားသကဲ့သို့ ပြုမူလိုက်သည့် အခါတွင် နောက်ဆုတ်သွားခဲ့ပြန်သည်။ ယခုမူ သူမအတွက် အလားအလာရှိသော မိတ်ဖက်ကုမ္ပဏီများနှင့်ပင် မိတ်ဆက်ပေးရန် ဆန္ဒရှိနေပြန်သည်မှာ တစ်ခုခုတော့ မှားယွင်းနေသလိုပင်။

“ဥက္ကဋ္ဌကျုံးက ဒီကိစ္စမှာ ဆက်ပြီး မပါဝင်ချင်တော့ဘူးလား” ဟု တန်ယန်က မေးလိုက်သည်။

“အကယ်၍ မစ္စတန်က မလိုလားဘူး ဆိုရင်တော့ ကျွန်တော် ကျုံးစီနျန်အနေနဲ့ မစ္စတန် စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။”

ထိုလူသည် တောက်ပစွာ ပြုံးပြနေသော်လည်း သူသည် တစ်ခုခုကို အကွက်ချ စီစဉ်နေသည်ဟု သူမ ခံစားနေရသည်။ သူက လက်ရှိတွင် အသေအချာ ဖုံးကွယ်ထားသဖြင့် သူမအနေဖြင့်လည်း အခြေအနေကို စောင့်ကြည့်ရုံသာ ရှိတော့သည်။ အကယ်၍ သူသာ အကြံတစ်ခုခု ရှိနေပါက တစ်ချိန်ချိန်တွင်တော့ အမှားအယွင်း ရှိလာမည်သာ ဖြစ်သည်။

“ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် မစ္စတာကျုံး။” တန်ယန်သည် ဝိုင်အစား လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ဖက်လူအား ဂုဏ်ပြုလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူမှာ ဩဇာအာဏာ ကြီးမားသူတစ်ဦး ဖြစ်သဖြင့် ရန်သူထက် မိတ်ဆွေဖွဲ့ထားခြင်းက ပို၍ ကောင်းမွန်ပေသည်။

မထွက်ခွာမီတွင် ကျုံးစီနျန်က တန်ယန်အား လိုက်လံပို့ဆောင်ရန် ကမ်းလှမ်းသော်လည်း တန်ယန်က ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

“အားနာပါတယ် မစ္စတာကျုံး၊ ကျွန်မ မန်နေဂျာရွမ်နဲ့ ဆွေးနွေးစရာလေးတွေ ရှိသေးလို့ပါ။ အရင်ကြွနှင့်ပါရှင်။” တန်ယန်က လုပ်ငန်းခွင်သုံး အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

ကျုံးစီနျန်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း - “ကောင်းပါပြီ၊ မစ္စတန်နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ မျှော်လင့်နေပါမယ်” ဟုဆိုကာ ကားပေါ်သို့တက်၍ ထွက်ခွာသွားခဲ့သည်။

ထိုလူ ထွက်သွားပြီး နောက်တွင်မှ တန်ယန်သည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

“မစ္စတန်၊ 'ယီယွမ်' ကို ခဏလောက် သွားကြည့်ချင်ပါသေးလား” ဟု ရွမ်ဝေက ပြုံးလျက် ဖိတ်ခေါ်ခဲ့သည်။

“မသွားတော့ပါဘူး၊ မန်နေဂျာရွမ်ကိုပဲ နောက်ရက်တွေမှာ JD.com ကို အစားအသောက်တွေ ဆက်ပို့ပေးဖို့ အကူအညီ တောင်းရပါဦးမယ်။ ကျွန်မ သွားတော့မယ်နော်!” တန်ယန်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး ချင်ယွီရုံ စီစဉ်ပေးထားသော ကားပေါ်သို့ တက်လိုက်လေသည်။

နောက်တစ်နေ့ နံနက်တွင် တန်ယန်နှင့် သူမ၏အဖွဲ့သည် မွန်ဘေးဗီလာမှ ထွက်ခွာကာ လေဆိပ်သို့ ဦးတည်ခဲ့ကြသည်။ ယနေ့မှာ သူတို့ပြန်ရမည့်နေ့ ဖြစ်သည်။

တန်ယန် ဘေကျင်းသို့ ရောက်ရှိလာစဉ်က သူမ၏ ခရီးဆောင်အိတ်မှာ တစ်ဝက်မျှသာ ပါရှိသော်လည်း ပြန်သည့်အခါတွင်မူ အိတ်တစ်ခုလုံးမှာ အိမ်ခြံမြေပိုင်ဆိုင်မှု စာချုပ်စာတမ်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမအနေဖြင့် ထိုစာရွက် စာတမ်းများကို သူမ၏ လျှို့ဝှက် သိုလှောင်ခန်းထဲတွင် အလွယ်တကူ ထည့်ထားနိုင်သော်လည်း ချင်ယွီရုံက အိတ်များကို သိမ်းဆည်းပေးထားသဖြင့် သူမအနေဖြင့် လက်ဖြင့်သာ သယ်ဆောင်သွားရန် ရွေးချယ်ခဲ့ရသည်။

S မြို့တော်သို့ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်ရမည့်အလုပ်မှာ ထိုအိမ်ခြံမြေ စာချုပ်အားလုံးကို သူမ၏ လျှို့ဝှက် သိုလှောင်ခန်းထဲသို့ ပြောင်းရွှေ့သိမ်းဆည်းရန် ဖြစ်သည်ဟု သူမ ရေရွတ်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ အပြင်တွင် ထားရှိခြင်းမှာ နေရာယူသည့်အပြင် သူမ၏ လျှို့ဝှက်သိုလှောင်ခန်းထဲတွင် သိမ်းထားသလောက်လည်း လုံခြုံမှုရှိမည် မဟုတ်ပေ။

*

သုံးနာရီကြာပြီးနောက် လေယာဉ်သည် S မြို့တော်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ ဦးလေးကျန်းမှာ ကားပါကင်တွင် မေဘတ်ခ်ကားကြီးဖြင့် ကြိုတင် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

သူတို့ ဇူးယုန်းဗီလာသို့ ပြန်ရောက်ချိန်တွင် နေလယ်စာ စားချိန်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ မီကိုသည် သူမ၏ ခရီးဆောင်အိတ်ကိုဆွဲကာ အိမ်သို့ပြန်သွားပြီး တန်ယန်သည်လည်း အနည်းငယ် အိပ်ငိုက်လာသဖြင့် သူမ၏အခန်းသို့ ပြန်လာခဲ့သည်။

ဒေါက် ဒေါက် ဒေါက်...

တံခါးခေါက်သံကြောင့် တန်ယန် နိုးလာခဲ့သည်။ ချင်ယွီရုံက သူမအား ထရန် လာခေါ်ခြင်း ဖြစ်ပေလိမ့်မည်။

“ယန်ယန်၊ ထရတော့မယ်။ နေ့လယ်ဘက် အကြာကြီးအိပ်ရင် ညကျ အိပ်မပျော်ဘဲ နေလိမ့်မယ်” ဟု ချင်ယွီရုံ၏အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“အင်း... အစ်မရုံ၊ အခုပဲထပါပြီ” တန်ယန်သည် အကြောဆန့်ကာ ထလိုက်ပြီး လိုက်ကာများကို ဆွဲဖွင့်လိုက်သည်။ စူးရှသော နေရောင်ခြည်ကြောင့် သူမမျက်လုံးများကို မှေးလိုက်မိသည်။

သူမ အိမ်နေဝတ်စုံလဲလိုက်ပြီး အောက်ထပ်သို့ ဆင်းလာချိန်တွင် ချင်ယွီရုံသည် ထမင်းစား စားပွဲပေါ်၌ သစ်သီးများနှင့် မုန့်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။

“ဗိုက်ဆာနေပြီလား။ လာစားပါဦး။ ဒီနေ့ညစာကိုတော့ စောစော စားကြမယ်နော်။ နင့်မိဘတွေ ခုနက ဖုန်းဆက်တယ်၊ ဒီနေ့ည ပါတီတစ်ခု သွားစရာရှိလို့ ညစာကို အိမ်မှာမစားဖြစ်ဘူးတဲ့။”

“ဟုတ်ကဲ့၊ ကျေးဇူးပဲ အစ်မရုံ” တန်ယန်သည် အဝ စားသောက်ပြီးနောက် သူမ၏ ဗိုက်ကိုပုတ်ကာ အစာကြေစေရန် ဥယျာဉ်ထဲ၌ လမ်းလျှောက်ရန် ပြင်လိုက်သည်။

နောက်ဖေးခြံထဲသို့ ရောက်သောအခါ သူမတို့အိမ်ရှိ ရေကူးကန်မှာ တစ်ခါမျှ အသုံးမပြုရသေးသည်ကို တွေ့ရှိသွားသည်။ ထို့ကြောင့် စိတ်ကူးပေါက်ကာ အခန်းထဲသို့ ပြန်ပြေးပြီး တစ်ဆက်တည်း ရေကူးဝတ်စုံကို ရှာဖွေ လဲလှယ်လိုက်သည်။

အကြောလျှော့ လေ့ကျင့်ခန်း လုပ်ပြီးနောက်တွင် သူမသည် ရေထဲသို့ ‘ဗွမ်း’ ခနဲ ခုန်ဆင်းလိုက်သည်။ သူမသည် ဖားကူးနည်း တစ်မျိုးတည်းကိုသာ တတ်မြောက်ထားခြင်း ဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် သင်ယူရ အလွယ်ကူဆုံး ဖြစ်သောကြောင့်ပင်။

သူမက တစ်ပတ်ခန့် ကူးပြီးသော်လည်း နေရောင်မှာ အလွန်စူးရှလွန်းသဖြင့် ရေကူးကန်ထဲမှ မချင့်မရဲဖြင့် ပြန်တက်ခဲ့ရသည်။ သူမ၏ရုပ်ရည်မှာ အမှတ် ၁၀၀ အပြည့် ဖြစ်သော်လည်း နေလောင်သွားပါက ဆွဲဆောင်မှု လျော့နည်းသွားနိုင်သည် မဟုတ်ပါလား။

【စိတ်မပူပါနဲ့ စနစ်ရှင် ၊ လျော့မှာကတော့ သေချာပါတယ်။ ဒါပေမဲ့ အရှင့်ရဲ့ဘေးမှာ ငါရှိနေတာပဲ၊ ဘာမှ စိတ်ပူစရာ မလိုပါဘူး】

【ဟုတ်တာပေါ့၊ နင်က စကြဝဠာထဲမှာ အစွမ်းအထက်ဆုံးနဲ့ အနိုင်မခံဆုံး စနစ်ပဲဟာ】

ရေချိုးပြီးနောက် တန်ယန်မှာ တစ်ကိုယ်လုံး လန်းဆန်းသွားခဲ့သည်။ ဧည့်ခန်းအဝင်ဝတွင် ပုံးအကြီးကြီး အချို့ကို တွေ့လိုက်ရသဖြင့် ဘေကျင်းတွင် သူမဝယ်ယူခဲ့သော ပစ္စည်းများ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်လေသည်။

LK ကုန်တိုက်မှာ ဈေးဝယ်ပြီးတဲ့နောက် သူမဟာ ပစ္စည်းတွေကို လေဆိပ်အထိ ပို့ဆောင်ပေးဖို့ ဝန်ထမ်းတွေကို မှာကြားခဲ့ပြီး သူမတို့နဲ့ လေယာဉ်တစ်စင်းတည်း ပါလာအောင် စီစဉ်ခဲ့တာပါ။ ပစ္စည်းတွေက သူမတို့ထက် အနည်းငယ် နောက်ကျပြီးမှ အိမ်ကို ရောက်လာတာ ဖြစ်ပါသည်။

“အစ်မရုံ၊ ပစ္စည်းတွေ အကုန်ရောက်ပြီလားဟင်။ အဲဒီထဲက အများစုက မီကို့မိသားစုအတွက် ကျွန်မဝယ်လာတာတွေပါ။ အခု ကျွန်မအားနေတုန်းလေး အဲဒီပစ္စည်းတွေကို သူတို့ဆီပို့ပေးဖို့ လူတစ်ယောက်လောက် စီစဉ်ပေးပါဦးနော်။”

“ကောင်းပါပြီ။”

နာရီဝက်ခန့် ကြာပြီးနောက် တန်ယန်တစ်ယောက် ပစ္စည်းတွေ နေရာချလို့ ပြီးစီးသွားခဲ့ပါသည်။ မီကို့အတွက် ပစ္စည်းတွေကလွဲရင် ကျန်တာတွေကို သူမရဲ့ အဝတ်လဲခန်းထဲမှာ သိမ်းဆည်းလိုက်ရာ အခုဆိုရင် သူမရဲ့ အဝတ်ဗီဒိုဟာ ၈၀ ရာခိုင်နှုန်းလောက် ပြည့်သွားခဲ့ပါပြီ။

နောက်တစ်နေ့၊ S မြို့တော် စမ်းသပ်အထက်တန်းကျောင်းတွင် -

တန်ယန်နဲ့မီကိုတို့ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ လောင်ဝေအန်းနဲ့ တိုးမိပါတော့သည်။

“ဟိုင်း! မင်္ဂလာနံနက်ခင်းပါ~ နင်တို့နှစ်ယောက်က နေ့တိုင်းကျောင်းကို အတူတူလာ၊ အတူတူပြန်ဆိုတော့ အတူတူ နေကြတာလား။” လောင်ဝေအန်းရဲ့ တောက်ပပြီး ခန့်ညားတဲ့ ရုပ်ရည်ကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေခဲ့ပါသည်။

“အေးလေ၊ အဲဒါ နင်နဲ့ဘာဆိုင်လို့လဲ။” မီကိုက စိတ်မရှည်သလို ပြန်ပြောလိုက်ပါသည်။

“ဘာမှမဆိုင်ပါဘူး၊ သိချင်လို့ မေးကြည့်တာပါ~ ငါတို့က အခု သူငယ်ချင်းကောင်းတွေ ဖြစ်နေပြီပဲဥစ္စာ!”

“ဘယ်သူက နင့်သူငယ်ချင်းလဲ။ ငါ့မှာ ယန်ယန်တစ်ယောက်ပဲ သူငယ်ချင်းရှိတာ!”

သူတို့နှစ်ယောက်ဟာ တွေ့တိုင်း ရန်ဖြစ်နေကြတာမို့ တန်ယန်မှာ ကြားကနေ ဘာလုပ်ရမှန်းမသိ ဖြစ်နေရပါသည်။ ဒါကိုပဲ 'ရန်ဖြစ်မှ ချစ်ကြသည်' ဆိုတဲ့ စုံတွဲမျိုးလို့ ခေါ်ကြတာလား။

“တော်ကြပါတော့၊ နင်တို့နှစ်ယောက်ကလည်း။ ဒီနေ့ ငါတို့ နောက်ကျနေပြီ။ သွားကြစို့၊ နောက်ကျရင် ထောင့်မှာ မတ်တပ်ရပ်ပြီး အပြစ်ပေးခံရလိမ့်မယ်။” တန်ယန်က ဝင်ရောက်၍ ဖျန်ဖြေပေးလိုက်ပါသည်။

“ဟွန့်၊ ယန်ယန့်မျက်နှာကို ထောက်လို့ နင့်ကို လွှတ်ပေးလိုက်တာနော်~!” မီကိုက မေးလေးကိုပင့်ကာ လောင်ဝေအန်းကို လှည့်မကြည့်တော့ပါဘူး။

လောင်ဝေအန်းက ပုခုံးတွန့်ပြလိုက်ပြီး “ယောကျာ်းကောင်းဆိုတာ မိန်းကလေးနဲ့ ဖက်ပြီး ရန်မဖြစ်ဘူးကွ။”

မနက်ခင်း အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါသည်။ နေလယ်စာ စားချိန်မှာတော့ မီကိုက ပူပူနွေးနွေး ချဉ်စပ်ခေါက်ဆွဲ စားချင်သည်ဟု ပြောလာရာ တန်ယန်လည်း ကြိုက်တာနဲ့ ကျောင်းနောက်ဖက်က မုန့်ဆိုင်တန်းဆီကို နှစ်ယောက်သား လမ်းလျှောက်လာခဲ့ကြပါသည်။

“ယန်ယန်၊ ငါ ဝက်အူချောင်းကင်တစ်ခု ဝယ်ချင်လို့၊ နင်ရောစားမလား။” ဝက်အူချောင်းကင်တွေကို မြင်လိုက်ရတဲ့အခါ မီကိုတစ်ယောက် တံတွေးတွေ ကျလာပါတော့သည်။

“ငါ့ကို ငရုတ်ကောင်းမှုန့် အရသာတစ်ခု ဝယ်ခဲ့ပေး။ ငါ ခေါက်ဆွဲဆိုင်မှာ အရင်သွားစောင့်နေမယ်။”

“အိုကေ။”

ခေါက်ဆွဲဆိုင်သို့ ရောက်သောအခါ တန်ယန်သည် ငါးဆုတ်ကြော်ပါသော ခေါက်ဆွဲနှစ်ပွဲ မှာလိုက်ပြီး မီကို့ကိုစောင့်ရန် နေရာတစ်ခု ရှာထိုင်လိုက်သည်။

မကြာမီမှာပင် မီကိုသည် မကျေမနပ် ဖြစ်နေသော မျက်နှာပေးဖြင့် ဝင်လာပြီး သူမနောက်တွင် လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့ ပါလာကြသည်။

တန်ယန်ကို မြင်လိုက်ရသည့်အခါ ထိုနှစ်ဦးမှာ ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြကြရာ ကြည့်ရသည်မှာ လက်ယပ်ခေါ်နေသော ကံကောင်းခြင်း လာဘ်ခေါ်ကြောင်ရုပ်လေးများနှင့်ပင် တူနေတော့သည်။

မီကိုက တန်ယန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမနောက်မှ လိုက်လာသည့် နှစ်ဦးမှာလည်း ၎င်းတို့ မျက်စိရှေ့တွင်ပင် အလျှင်အမြန် ဝင်ထိုင်လိုက်ကြသည်။

“နင်တို့တွေ ဘယ်မှာဆုံလာကြတာလဲ” ဟု တန်ယန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“အို... တိုက်ဆိုင်လိုက်တာမှ လွန်ရော! ငါက အာရှင်းနဲ့ အပြင်မှာ ထမင်းစားဖို့ ထွက်လာတုန်း၊ ဒီစားပိုးနင့်မလေးက အသားကင်တွေ ဝယ်စားနေတာကို လှမ်းတွေ့လိုက်တာလေ” ဟု လောင်ဝေအန်းက အကျယ်ကြီး အော်ပြောလိုက်သည်။ သူ၏စကားကြောင့် မီကို့မျက်နှာ ညိုမည်းသွားသည်ကို သူလုံးဝ သတိမထားမိပေ။

ဤသည်ကို မြင်သောအခါ ရှုရှင်းယန်က လောင်ဝေအန်း၏ အင်္ကျီလက်ကိုဆွဲ၍ စကားမဆက်ရန် အချက်ပြလိုက်သည်။

“ဘာလို့ ငါ့အင်္ကျီကို လာဆွဲနေတာလဲ” လောင်ဝေအန်းသည် သူ၏ သူငယ်ချင်းဖြစ်သူက စေတနာဖြင့် သတိပေးနေသည်ကို လုံးဝနားမလည်ဘဲ ဆက်ပြောလေသည် - “ငါ့ကို မေးမယ်ဆိုရင်တော့ နင် နည်းနည်း လျှော့စားသင့်တယ်။ နင့်ပါးတွေက ဖောင်းအိနေတာပဲ၊ ကြည့်ရတာ ငါ့အိမ်က ‘ဖက်တီးကျား’ ထက်တောင် ကြီးနေဦးမယ် ဟားဟား။”

မီကို့မျက်နှာမှာ ဒေါသကြောင့် နီရဲတက်လာတော့သည်။

“ငါက နင့်ထမင်းကို စားနေလို့လား။ နင်က ဘာလို့ ဒီလောက် စပ်စုနေရတာလဲ။ ငါက ဘယ်မှာဝလို့လဲ။ ငါက နေ့တိုင်း စာကို ကြိုးစားပမ်းစား သင်နေရတာကို၊ အသားချောင်းလေး တစ်ချောင်း ဝယ်စားတာကိုတောင် နင်က လိုက်ဝေဖန်နေသေးတယ်... ဝူးးး...” မီကိုမှာ အလွန်ပင် စိတ်မကောင်း ဖြစ်သွားပြီး မျက်ရည်များ ဝဲတက်လာခဲ့သည်။

လောင်ဝေအန်းမှာ သူမကိုငိုအောင် လုပ်မိသွားပြီဟု သိလိုက်သောအခါ ကြောက်လန့်သွားပြီး တစ်ရှူးများကို ချက်ချင်း ကမ်းပေးကာ ခွင့်လွှတ်ရန် တောင်းပန်တော့သည် - “ငါ တောင်းပန်ပါတယ်၊ မငိုပါနဲ့တော့၊ ငါက စလိုက်တာပါ။ အို... အဘွားကြီးရယ်၊ အဘွားလို့ ခေါ်ရင်ရော မကျေနပ်ဘူးလား။”

“ဘယ်သူ့မှာ နင့်လို အရွယ်ရောက်နေတဲ့ မြေးရှိလို့လဲ! ဝူးးး...”

တန်ယန်သည် သူမ၏ သူငယ်ချင်းကောင်းကို ဖက်၍ နှစ်သိမ့်ပေးလိုက်သည် - “ကဲပါ... ကိုကိုက လုံးဝမဝပါဘူး။ ဒါကို ‘ကလေးမျက်နှာ’ လို့ ခေါ်တာလေ၊ ဒီလိုလေးက ပိုချစ်ဖို့ကောင်းတာကို~ အရွယ်ရောက်လာရင်တော့ အမီလိုက်နိုင်မှာကို မဟုတ်တော့ဘူး။”

“တကယ်လား... အင့်...” မီကိုက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် တန်ယန်ကို ကြည့်လိုက်သည်။

“တကယ်ပေါ့၊ ငါနင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။”

“အင်း... အင်း! အင့်...”

ထိုအချိန်မှာပင် ခေါက်ဆွဲများ ရောက်လာခဲ့သည်။ မီကိုသည် မျက်ရည်များကို သုတ်လိုက်ပြီး သူမရှေ့ရှိ လူနှစ်ဦးကို လျစ်လျူရှုကာ ချဉ်စပ်ခေါက်ဆွဲကို ပျော်ရွှင်စွာဖြင့် တရှူးရှူး စားသောက်ပါတော့သည်။

All Chapters