စနစ်၏ ကောလဟာလများ
Vol. 5 Ch. 46
【အခုလောလောဆယ်တော့ မရသေးဘူး စနစ်ရှင် ... အလုပ်တွေ ကြိုးကြိုးစားစားလုပ်ပြီး မစ်ရှင်တွေကို အောင်မြင်အောင် ဖြည့်ဆည်းပေးပါ။ အဆင့်တက်သွားပြီ ဆိုရင်တော့ အပြင်ထွက်လာနိုင်မှာပါ】 စနစ်လေးက အရှင့်ကို သွယ်ဝိုက်ပြီး အားပေးလိုက်သည်။ အမှန်တကယ်တော့ သူမသည် ထူးချွန်သော မစ်ရှင်ထမ်းဆောင်သူ တစ်ဦးဖြစ်ဖို့ လိုအပ်ချက်များစွာ ရှိနေသေးသည် မဟုတ်ပါလား။
တန်ယန်လည်း ပြန်စဉ်းစားကြည့်လိုက်ရာ သူမအနေဖြင့် မစ်ရှင်များကို ဖြည့်ဆည်းရာတွင် အတော်လေး နှေးကွေးနေသည်ကို သတိပြုမိသွားသည်။ သူမကိုယ်သူမ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ။
【စိတ်ချပါ... နင်အပြင် ထွက်လာနိုင်ဖို့ ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်】
【ဟုတ်တယ်စနစ်ရှင်... အဲဒါကောင်းတယ်၊ ဆက်ကြိုးစားပါဦး】 ယီတျန်တျန်စနစ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ သူမသည် ပြီးပြည့်စုံသူတစ်ဦး မဟုတ်သော်လည်း စနစ်ကတော့ သူမကို ဘယ်တော့မှ စိတ်ပျက်မည် မဟုတ်ပေ။
တန်ယန်သည် စနစ်နှင့် စကားကောင်းနေစဉ် ရုတ်တရက် ထွက်ပေါ်လာသော စူးစူးဝါးဝါး အော်ဟစ်သံကြောင့် သတိပြန်ဝင်လာခဲ့သည်။
“နင် မျက်စိမပါဘူးလား။ လူတစ်ယောက်လုံး လာနေတာကို မမြင်ဘူးလား။ ဒါမှမဟုတ် ငါ့ကို တမင်သက်သက် လာတိုက်တာလား။” ပန်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက သူမရှေ့ရှိ မိန်းကလေးကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်နေသည်။
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်၊ တမင်လုပ်တာ မဟုတ်ပါဘူး။ အစ်မက လမ်းလျှောက်တာ အရမ်းမြန်နေလို့ပါ...” မိန်းကလေး၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး ခေါင်းငုံ့ကာ ဝမ်းနည်းပူဆွေး နေရှာသည်။
“နင် ငါ့အဝတ်အစားတွေကို ညစ်ပတ်အောင် လုပ်လိုက်ပြီ၊ လျော်ကြေးပေးစမ်း။ ဒီဂါဝန်က ယွမ် ၃၀,၀၀၀ ကျော် ပေးထားရတာ၊ ဒီနေ့မှ ပထမဆုံးအကြိမ် ဝတ်ခဲ့တာ” အမျိုးသမီးက အအေး စွန်းပေသွားသော သူမ၏ ဂါဝန်ကိုကြည့်ရင်း လျော်ကြေးရရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေတော့သည်။
“အဲဒီလောက်တောင် ဈေးကြီးတာလားဟင်။ ပြန်လျှော်လိုက်ရင် မရဘူးလား။” မိန်းကလေးမှာ လျော်ကြေးပမာဏကို ကြားပြီး လန့်သွားသည်။ ဤမျှများပြားသော ငွေကို သူမ မည်သို့ တတ်နိုင်ပါမည်နည်း။ သူမ၏မျက်ဝန်းများ နီမြန်းလာပြီး ငိုတော့မည့် အတိုင်းပင် ဖြစ်နေသည်။
“ဘာ၊ မလျော်နိုင်ဘူး ဟုတ်လား။ နင်က ဆင်းရဲတာနဲ့ပဲ အကြွေးကို မဆပ်လို့ မရဘူးလေ မဟုတ်ဘူးလား။ ဒါ နင်ညစ်ပတ်အောင် လုပ်လိုက်တာ မဟုတ်ဘူးလား။ ဒါက စီဘရန်း အဝတ်အစားတွေ၊ လျှော်လို့မရဘူးဟ” အမျိုးသမီးက မေးကိုမော့၊ နှာခေါင်းရှုံ့ကာ လူကို အထင်သေးသလို ကြည့်ရင်း သူမအဝတ်အစား၏ တန်ဖိုးကြီးပုံကို ကြွားဝါနေသည်။
“အီးးးး... အမကိုယ်တိုင် လမ်းကို သေချာမကြည့်ဘဲ လာတိုက်တာပါ၊ ကျွန်မမှာ ပိုက်ဆံမရှိဘူး” မိန်းကလေးမှာ နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ ငိုချလိုက်ပါတော့သည်။ သူမ၏ အတန်းဖော်များမှာ လန့်ဖျန့်နေကြသော်လည်း သူမ၏ ဘေးနားတွင်ရပ်ကာ တိုးတိုးတိတ်တိတ် နှစ်သိမ့်ပေးနေကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ တန်ယန်သည် ထိုင်ရာမှထ၍ လျှောက်သွားလိုက်ရာ မီကိုနှင့် အခြားသူများလည်း နောက်မှ လိုက်ပါလာခဲ့သည်။
အမျိုးသမီးသည် တန်ယန်တို့အဖွဲ့ လာနေသည်ကို မြင်သောအခါ ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ပြီး - “ဘာလဲ... နင်တို့က လူများတိုင်း ဆရာကြီး လုပ်ချင်နေတာလား။ လူများရင် လျော်စရာမလိုဘဲ ပြီးသွားမယ်လို့ ထင်နေတာလား။ ဒီလို တောသားတစ်စု ဒီထဲကို ဘယ်လိုများ ရောက်လာကြသလဲ မသိဘူး”
“ဟား!” တန်ယန်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
ထိုအမျိုးသမီးသည် ချက်ချင်းပင် ခုန်ပေါက်ကာ - “နင်က ဘာရယ်တာလဲ၊ ကိုယ့်အလုပ်ကိုယ် လုပ်စမ်း။” သူမသည် သူမထက်ပိုလှပြီး ပိုငယ်သော မိန်းကလေးများကို အမုန်းဆုံးဖြစ်ရာ တန်ယန်ကို ဖြတ်ရိုက်ချင်စိတ်ပင် ပေါက်နေသည်။
“ဘယ်သူက ဘယ်သူ့ကို အရင်တိုက်မိလဲဆိုတာ ခဏထားဦး၊ ရှင့်ရဲ့ဒီဝတ်စုံက ယွမ် ၃၀,၀၀၀ တန်တယ်လို့ ပြောလိုက်တာလား။” တန်ယန်က သူမ၏ နှုတ်ခမ်းကိုမဲ့ကာ တိုက်ရိုက်ပင် မေးလိုက်သည်။
“ဒါက စီဘရန်းဝတ်စုံလေ။ နင်က အဆင့်အတန်းကို သိလို့လား။” အမျိုးသမီးသည် အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားသော်လည်း ဆက်ပြီးတော့ ဇွတ်ငြင်းနေဆဲပင်။
“အိုး... တကယ်လို့ အစစ်သာဆိုရင်တော့ ယွမ် ၃၀,၀၀၀ ကျော် တန်မှာပေါ့။ ဒါပေမဲ့ ရှင့်ဟာက အတုကြီးပါ၊ အဆင့်မြင့် အတုတောင် မဟုတ်ဘူး။ အလွန်ဆုံးရှိလှ ယွမ် ၂၀၀ ပဲ တန်မယ်ထင်တယ်။ ရှင့်အင်္ကျီက ချုပ်ရိုးချုပ်သားတွေက ပြောင်းပြန်ဖြစ်နေတာ ရှင်သိရဲ့လား။” တန်ယန်ကပြုံးလျက် ထိုအမျိုးသမီး၏ ကော်လာကို ညွှန်ပြလိုက်သည်။
“နားမလည်ရင် လျှောက်မပြောနဲ့။ ဒါကို စီစတိုးကနေ ဝယ်ထားတာ၊ ဘယ်လိုလုပ် အတုဖြစ်မှာလဲ၊ နင်တို့ ပိုက်ဆံမလျော်ချင်လို့ အစစ်ကို အတုလို့ ဇွတ်ပြောနေတာ မဟုတ်လား” အမျိုးသမီး၏ အသံမှာ ပိုမို၍ ကျယ်လောင်လာသည်။ အသံကျယ်လေ ပိုမှန်လေဟု သူမက ထင်နေပုံရသည်။
“တကယ်လား၊ ဘယ်ဆိုင်က ဝယ်တာလဲ။ ဘယ်အရောင်း ဝန်ထမ်းဆီက ဝယ်တာလဲ။ ကျွန်မ မေးပေးရမလား” တန်ယန်က သူမ၏ဖုန်းကို ထုတ်လိုက်ကာ တကယ်ပင် ဖုန်းဆက်တော့မည့် အရှိန်အဝါဖြင့် ပြောလိုက်သည်။
“ငါ့သူငယ်ချင်းက လက်ဆောင်ပေးတာ၊ နင်နဲ့ဘာဆိုင်လဲ၊ ဒီနေ့ ငါ့အင်္ကျီအတွက် နင်တို့ လျော်ကြေးပေးရမယ်၊ မဟုတ်ရင် ရဲခေါ်လိုက်မယ်” အမျိုးသမီးမှာ မျက်လုံးများ ဟိုဟိုဒီဒီ ရောက်သွားပြီး အရှိန်အနည်းငယ် ကျသွားသည်။
“ကောင်းပြီလေ၊ ရှင်ကိုယ်တိုင် မခေါ်ချင်ရင် ကျွန်မ ခေါ်ပေးရမလား။”
တန်ယန် ဖုန်းမဆက်ရသေးမီမှာပင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။
“ဘာဖြစ်နေတာလဲ။” ထိုအမျိုးသားသည် အမျိုးသမီး၏ဘေးသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး တန်ယန်တို့ အဖွဲ့ကို အကဲခတ်ရင်း မေးလိုက်သည်။
“မောင်... ကျွန်မအင်္ကျီ ညစ်ပတ်သွားလို့ သူတို့ကို လျော်ခိုင်းနေတာ။ သူတို့က လူများလို့ ကျွန်မကို ဝိုင်းပြီးတော့ အနိုင်ကျင့်နေကြတယ်” ထိုအမျိုးသမီးသည် အမျိုးသား၏ လက်မောင်းကို သူမ၏ ကိုယ်လုံးဖြင့်ကပ်ကာ ချွဲနွဲ့၍ ပြောဆိုလိုက်သည်။ ထိုအပြုအမူက အမျိုးသား၏စိတ်ကို လှုပ်ရှားသွားစေသည်။
“အင်္ကျီတစ်ထည်တည်းပဲဟာ... နောက်ကျရင် ကိုယ်က အသစ်တစ်ထည် ဝယ်ပေးမယ်လေ။” ထိုသို့ပြောရင်း အမျိုးသားက သူ၏လက်မောင်းကို မြှောက်လိုက်ရာ သူ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော ရိုးလက်စ်ရွှေနာရီကြီး ပေါ်လာခဲ့သည်။
“တကယ်နော်၊ အပြန်ကျရင် ဝယ်ပေးရမယ်၊ ကျွန်မ မောင့်အတွက် အဲဒါကို ဝတ်ပြချင်လို့”
“အေးပါ၊ အေးပါ... အရင်ဆုံး ထမင်းသွားစားကြရအောင်။”
“ကောင်းပြီလေ... မောင့်မျက်နှာကြောင့် သူတို့ကို ခွင့်လွှတ်လိုက်မယ်၊ ဟွန့်” ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် အမျိုးသား၏ လက်မောင်းကိုချိတ်ကာ မောက်မာစွာဖြင့် ထွက်ခွာသွားတော့သည်။
ကြောက်လန့်ပြီး ငိုနေခဲ့တဲ့ မိန်းကလေးရဲ့ နာမည်က ဟဲယွဲ့ဖြစ်ပါသည်။ အရာအားလုံး အဆင်ပြေသွားပြီဆိုတာ သိလိုက်ရတဲ့အခါ သူမဟာ တန်ယန်ဆီလာပြီး ကျေးဇူးတင်စကား ပြောခဲ့ပါသည်။ သူမရဲ့ အတန်းဖော်တွေလည်း သက်ပြင်းချနိုင်သွားကြပြီး တန်ယန်တို့အဖွဲ့ကို နှုတ်ဆက်ကာ အတူတူ ထွက်ခွာသွားကြပါသည်။
“ဝါး... ယန်ယန်၊ အဲဒီမိန်းမ ဝတ်ထားတာ အတုကြီးဆိုတာ နင်ဘယ်လိုသိတာလဲ။ ငါဆိုရင် လုံးဝ ခွဲခြားနိုင်မှာ မဟုတ်ဘူး” မီကိုကတော့ ဒီကိစ္စကို အရမ်း စိတ်ဝင်စားနေပါသည်။
“နင်က သူဌေးမမှ မဟုတ်တာ၊ တန်ယန်ကတော့ နေ့တိုင်း အဝတ်အစား အမျိုးမျိုး ပြောင်းဝတ်နေတာဆိုတော့ သိမှာပေါ့” လောင်ဝေအန်းက မီကို့ကို အထင်သေးသလို ကြည့်၍ ပြောလိုက်ရာ မီကိုက သူ့ဆီပြေးလာပြီး ထုရိုက်ပါတော့သည်။
“တကယ်တော့ ငါက သူမကို ခြောက်လိုက်တာပါ။ ငါလည်း တကယ်မသိပါဘူး၊ စိတ်ထဲရှိတာ လျှောက်ပြောလိုက်တာကို သူ့ဘာသာ အထိတ်တလန့်နဲ့ ဝန်ခံသွားတာ” လို့ တန်ယန်က ပုခုံးတွန့်ရင်း ပြောလိုက်ပါသည်။ တကယ်တော့ ယီတျန်တျန်(စနစ်) က သူမကို ပြောပြခဲ့တာ ဖြစ်ပေမဲ့ ဘယ်လိုရှင်းပြရမှန်း မသိလို့ ဒီအတိုင်းပဲ ပြောလိုက်ခြင်းဖြစ်သည်။
“ဝါး၊ ဒါကတော့ တကယ့်ကို အံ့သြဖို့ကောင်းတယ်” ရှုရှင်းယန်က လက်မထောင်ပြပြီး လေးစားသလို ကြည့်နေပါသည်။ “စာတော်တဲ့ သူတိုင်းက စာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူတွေ မဟုတ်ဘူးပဲ။”
“ဟဲဟဲ! တို့ရဲ့ယန်ယန်က ဘယ်တုန်းကမှ စာအုပ်ကြီးသမား မဟုတ်ပါဘူး၊ သူက နတ်သမီးလေးပါ” မီကိုက တန်ယန်ရဲ့ လက်မောင်းကို ဖက်ထားရင်း အရမ်းဂုဏ်ယူနေသည့် ပုံစံမျိုးနဲ့ ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... တန်ယန်က နတ်သမီးဆိုရင် နင်ကရောဘာလဲ။” လောင်ဝေအန်းက မယုံနိုင်သလိုနှင့် မီကို့ကို အမြဲတမ်း စနောက်ချင်နေတာပါ။
ရှုရှင်းယန်က သူ့ကို တစ်ခုခု စဉ်းစားနေသလို ကြည့်လိုက်တဲ့အခါ လောင်ဝေအန်းရဲ့ နားရွက်တွေမှာ နီရဲသွားပါသည်။
“ငါလည်း နတ်သမီးပဲပေါ့၊ နတ်သမီးရဲ့ အချစ်ဆုံး သူငယ်ချင်းကလည်း နတ်သမီးပဲ ဖြစ်ရမှာပေါ့” မီကိုက လောင်ဝေအန်းကို အထင်သေးသည့် အကြည့်နှင့် ကြည့်လိုက်ပါသည်။ “နင်က ဘယ်လိုတောင် နုံအရတာလဲ၊ ဒီလောက် ရိုးရှင်းတာလေးတောင် မသိဘူးလား” ဟု ပြောလိုက်ပါသည်။
သူတို့အုပ်စုက ရယ်မောပျော်ရွှင်စွာနှင့် စားသောက်ဆိုင်မှ ထွက်လာခဲ့ကြပါသည်။ တန်ယန်က အခန်းထဲပြန်ပြီး တစ်ရေးလောက်အိပ်ရန် စဉ်းစားထားသလို မီကိုကလည်း နည်းနည်း ပင်ပန်းနေတာကြောင့် သူတို့နှစ်ယောက် တည်းခိုသည့် နေရာကို အတူတူ ပြန်လာခဲ့ကြပါသည်။
ရေနွေးပူပူနှင့် ရေချိုးပြီးနောက် တန်ယန်က နူးညံ့သည့် ကုတင်ပေါ်မှာ လှဲနေလိုက်ပြီး မီကိုကတော့ ပြတင်းပေါက်နားက ဆိုဖာရှည်လေးပေါ်မှာ ဖုန်းကို ပျော်ပျော်ပါးပါး ပွတ်နေပါသည်။
တန်ယန်က မျက်လုံးမှိတ်ထားရင်း ယီတျန်တျန်နှင့် စကားပြောနေပါသည်။ မီကိုကတော့ တန်ယန် အိပ်ပျော်သွားပြီ ထင်တာကြောင့် နားကြပ်တပ်ပြီး သူမကြိုက်တဲ့ ဇာတ်လမ်းတွဲကို တိတ်တိတ်ဆိတ်ဆိတ် ဆက်ကြည့်နေပါသည်။
【ဒါနဲ့... ငါအလုပ်ရှုပ်နေတဲ့ အချိန်တွေမှာ နင်ကရော ဘာလုပ်နေလဲ။】 တန်ယန်က တကယ်ပဲ စိတ်ဝင်စားနေတာပါ။ စနစ်က အစားစားဖို့၊ အိပ်ဖို့ မလိုဘူးဆိုတော့ ငိုင်ပြီး ထိုင်နေတာလားလို့ တွေးမိပါ သည်။
ဒါက သူမအရင်က မွေးခဲ့ဖူးတဲ့ ခွေးလေးကို သတိရစေပါသည်။ ပိုင်ရှင်နှင့် အတူရှိတဲ့အခါ အမြီးလေး တလှုပ်လှုပ်နဲ့ ပျော်နေတတ်ပေမဲ့ ပိုင်ရှင်က အချိန်မပေးနိုင်သည့်အခါ သူမရဲ့ခြေရင်းမှာပဲ ခွေပြီး အိပ်နေတတ်တာမျိုးပေါ့။
တန်ယန်က သူမအရင်က မွေးခဲ့ဖူးသည့် ခွေးလေးကို သတိရနေမိသည်။ အိမ်မှာ မည်သူမှမရှိသည့် အချိန်ဆိုလျှင် ခွေးလေးက တံခါးနားမှာဝပ်ပြီး ပိုင်ရှင်အပြန်ကို စိတ်ရှည်လက်ရှည် စောင့်နေတတ်သည်။ အပြင်မှာ အသံသဲ့သဲ့လေး ကြားလိုက်ရုံနှင့် နားရွက်လေးတွေထောင်ပြီး ပိုင်ရှင်ပြန်လာပြီလား ဆိုတာကို အာရုံစိုက် နားထောင်တတ်သည်။ ပိုင်ရှင်မဟုတ်ဘူးဆိုတာ သိလိုက်ရလျှင်တော့ နားရွက်လေးတွေ ပြန်ချပြီး ဆက်ပြီး စောင့်နေပြန်ရော။
【ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိတာပေါ့! 】 စနစ်လေးက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေးကို အုပ်လိုက်ပြီး... 【အင်တာနက်သုံးလို့ ရတာပဲလေ။ ဝတ္ထုတွေက မဖတ်ကောင်းလို့လား၊ အတင်းအဖျင်း သတင်းတွေကပဲ စိတ်လှုပ်ရှားဖို့ မကောင်းလို့လား။ ဒါ့အပြင် တခြား ကမ္ဘာငယ်လေးတွေမှာရှိတဲ့ စနစ်တွေနဲ့လည်း စကားပြောလို့ရတယ်၊ နေကြာစေ့စားရင်း အတင်းပြောလို့တောင် ရသေးတယ်】 စနစ်လေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
တန်ယန်: “စနစ်ရဲ့ ဘဝကလည်း တကယ့်ကို... စုံစုံလင်လင် ရှိသားပဲ။”
【နင်က တခြားစနစ်တွေနဲ့ ဆက်သွယ်လို့ ရတာလား။ ငါ့ကိုဘာလို့ တစ်ခါမှ မပြောပြခဲ့တာလဲ။】 တန်ယန်သည် ယီတျန်တျန်ကို အပြစ်တင်မိမှာ စိုးရိမ်သဖြင့် သူတို့အရင်က ပြောခဲ့ဖူးသမျှ စကားတွေကို သေချာ ပြန်စဉ်းစားကြည့်သည်။ တကယ်လည်း စနစ်က သူမကို တစ်ခါမှ မပြောပြခဲ့ဖူးပေ။
【ဟို... ကျွန်တော် မပြောပြမိဘူးလား။ အဲဒါက မကြာခင်ကမှ အသစ်တိုးလာတဲ့ အထူးအချက်လေ။ ဒါပေမဲ့ စနစ်ရှင်... အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ အတင်းအဖျင်း သတင်းတွေ အများကြီး ကြားထားတာပဲ! 】 ယီတျန်တျန်၏ လေသံမှာ ကောက်ကျစ်စဉ်းလဲဟန် ပေါက်နေသည်။ တန်ယန်က “ဘာသတင်းတွေလဲ” လို့ မမေးမှာကို စိုးရိမ်နေသည့်အလား။