← Chapters

အပြစ်အနာအဆာကင်းသော ပန်းရောင်စိန်

Vol. 5 Ch. 50

အပြစ်အနာအဆာကင်းသော ပန်းရောင်စိန်

Vol. 5 Ch. 50

ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် ချန်းယွဲ့ကုန်တိုက်ကြီး အတွင်းမှာ လူတွေနဲ့ ပြည့်နှက်နေပါသည်။ များသောအားဖြင့် လူငယ်မောင်မယ်တွေ၊ သူငယ်ချင်း အုပ်စုတွေနဲ့ မိသားစုလိုက် ဈေးဝယ်ထွက်လာကြသူတွေ များပါသည်။

တန်ယန်က အဝတ်အစားအသစ်နှင့် အသုံးအဆောင် ပစ္စည်းတချို့ ဝယ်ချင်နေတာပါ။ အရင်က ဘေကျင်းမြို့က LK ဆိုင်မှာ အများကြီး ဝယ်ခဲ့ဖူးသော်လည်း အဲဒါတွေက ဆောင်းဦးရာသီ ဝတ်စုံတွေ ဖြစ်နေလို့ အခုတော့ ဆောင်းတွင်းစာ အဝတ်အစားနှင့် အသုံးအဆောင်တွေကို ဝယ်ဖို့ လိုအပ်နေပါပြီ။

မောင်လေးဖြစ်သူ တန်ယွီကလည်း နောက်ပိုင်းမှာ စာတကယ် ကြိုးစားနေတာကြောင့် ဆုချဖို့ ထိုက်တန်ပါသည်။ ကံကောင်းစွာဖြင့် အနီးနားမှာ အမှတ်တံဆိပ် A နဲ့ D ဆိုင်တွေ ရှိနေတာကြောင့် တန်ယန်က သူ့အတွက် အားကစားဖိနပ် အနည်းငယ် ရွေးပေးလိုက်ပါသည်။ သေသေချာချာ ကြည့်လိုက်သည့်အခါ နောင်အနာဂတ်မှာ ခေတ်စားလာမည့် ဖနောင့်ထူထူ ဖိနပ်ပုံစံမျိုးတွေကို တွေ့လိုက်ရပါသည်။

“ဂန္ထဝင်ဆန်တဲ့ အဖြူအမည်း အရောင်စပ်ကတော့ ရှိကိုရှိရမယ်” မီကို့အတွက်လည်း တစ်စုံ ဝယ်ပေးလိုက်ပါသည်။ ဒီလိုဒီဇိုင်းမျိုးက သူတို့နေတဲ့ မြို့တော် S မှာ မရနိုင်သေးလို့ပါ။

နောက်ထပ် ဆိုင်တစ်ဆိုင်ကို ထပ်ပတ်ကြည့်သည့်အခါ ပတ်အမှတ်တံဆိပ်က နွားသားရေနှင့် လုပ်ထားသည့် ခြေမျက်စိဖုံး ဘွတ်ဖိနပ် လှလှလေးတွေကို တွေ့ပါသည်။ အညိုရောင်ရော၊ အမည်းရောင်ရော နှစ်မျိုးလုံး လှနေတာကြောင့် တစ်လှည့်စီဝတ်ဖို့ နှစ်မျိုးလုံးကို ဝယ်လိုက်ပါသည်။ စီဘရန်းက ‘ဟောင်းစတူး’ သိုးမွေးအင်္ကျီရှည်ကလည်း အရမ်းကို တင့်တယ်လွန်းလို့ အရောင်းဝန်ထမ်း အကြံပေးသည့်အတိုင်း အတွင်းဝတ်စုံနှင့်အတူ တွဲဝယ်လိုက်ပါတော့သည်။

“အက်ဖ်ဘရန်းက လက်ကိုင်အိတ်လေးကလည်း အရမ်းလှတာပဲ၊ အခုဝယ်ထားတဲ့ အင်္ကျီရှည်နဲ့ အတော်ပဲ၊ ယူမယ်” ... တန်ယန်ဟာ ချင်ယွီရုံကိုခေါ်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ဝယ်နေရင်း ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်ရှေ့ ရောက်လာပါသည်။ ရောက်တုန်းရောက်ခိုက် ဝင်ကြည့်လိုက်တာပေါ့။ မိန်းကလေးတိုင်းကတော့ အိတ်တွေလိုပဲ ရတနာပစ္စည်းဆိုတာ ဘယ်လောက်ရှိရှိ များတယ်လို့ မထင်ကြပါဘူး။

ဆိုင်ထဲဝင်လိုက်သည့်အခါ ဆိုင်ဝန်ထမ်းတွေမှာ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုများနေသည့်အတွက် တန်ယန် အံ့သြသွားမိပေမဲ့ ချက်ချင်းပဲ အခြေအနေကို သဘောပေါက်သွားပါသည်။ ဒီဆိုင်ရှင်ကတော့ တကယ့်ကို လူလည်ပဲဟု တွေးမိသွားတာပေါ့။

သူတို့နှစ်ဦး ဝင်လာတာနှင့် ရုပ်ချောချော ဝန်ထမ်းလေး တစ်ယောက်က လာရောက်ကြိုဆိုပြီး ဝန်ဆောင်မှု ပေးပါသည်။ တောက်ပတဲ့ မီးရောင်အောက်မှာ လက်ဖြာနေတဲ့ ရတနာပစ္စည်းတွေကို မြင်လိုက်ရသည့်အခါ တန်ယန်ရဲ့ မျက်လုံးလေးတွေ တောက်ပသွားပါသည်။

သူမရဲ့ အကြည့်တွေက ပုလဲရတနာတွေ ပြထားသော မှန်ဗီရိုဆီ ရောက်နေတာကို မြင်တော့ ဝန်ထမ်းလေးက ပစ္စည်းတစ်ခုချင်းစီရဲ့ ထူးခြားချက်တွေကို လေသံအေးအေးလေးနဲ့ ရှင်းပြပေးပါသည်။ တန်ယန်က မိန်းကလေးဆန်တဲ့ ပန်းရောင်ပုလဲလေးတွေကို သဘောကျမိပြီး သူမမျက်စိကျတဲ့ ဆွဲကြိုးလေးကလည်း ခေတ်ဆန်ပြီး လက်ရာမြောက်လှတာကြောင့် မဆိုင်းမတွဘဲ ဝယ်လိုက်ပါသည်။

“အမည်းရောင်နဲ့ ရွှေရောင်ပုလဲတွေကတော့ လူကြီးတွေနဲ့ ပိုလိုက်ဖက်မယ်။ ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်းနဲ့ တင့်တယ်လှတာပဲ၊ ဒါကိုလည်း ဝယ်သွားပြီး မေမေနဲ့ ဒေါ်ဒေါ်တို့ကို စိတ်ကြိုက် ရွေးခိုင်းလိုက်မယ်။”

ပုလဲရတနာတွေကို ကြည့်ပြီးတဲ့နောက် စိန်ပြခန်းဘက်ကို လျှောက်သွားပါသည်။ သူမ စဉ်းစားကြည့်တော့ ရွှေထည်တွေသာ အများကြီး ဝယ်ဖူးပြီး စိန်ထည်တွေ သိပ်မဝယ်ရသေးတာကို သတိရသွားလို့ပါ။

ထိုခေတ်ကာလမှာ စိန်ဈေးက အလွန်ကြီးမြင့်နေပေမဲ့ သူမမှာ ပိုက်ဆံမရှားပါဘူး။ ပိုက်ဆံကို ဘယ်လိုများ ကုန်အောင် သုံးရပါ့မလဲဟု ကြံဆနေသော သူမအတွက်တော့ ဒါဟာ တကယ့်ကို အခွင့်ကောင်းကြီးပါပဲ။

ရတနာတွေကို စိတ်ကြိုက်ရွေးချယ်ဖို့ ရည်ရွယ်ချက်နှင့် တန်ယန်ဟာ ဆိုင်ထဲက စိန်ထည်အမျိုးမျိုးကို စိတ်ဝင်တစား ကြည့်ရှုနေပါသည်။

အရောင်းဝန်ထမ်းကလည်း အကဲခတ်တော်သူ ဖြစ်တာကြောင့် တန်ယန်တစ်ယောက် စိန်အရောင်း ကောင်တာရှေ့မှာ အကြာကြီး စိတ်ဝင်တစား ရှိနေတာကို မြင်သောအခါ VIP ခန်းထဲမှာ အေးအေးဆေးဆေး ထိုင်ရွေးချယ်ဖို့နှင့် သူတို့ဆိုင်က အဆင့်မြင့် လက်ဖက်ရည်ကို မြည်းစမ်းကြည့်ဖို့ အလိုက်တသိ အကြံပြုလာပါသည်။

အကောင်းဆုံး ပစ္စည်းတွေဆိုတာ အရောင်းခန်းမထဲမှာ ဒီအတိုင်း အလွယ်တကူ ထုတ်မပြထားတတ်မှန်း တန်ယန်သိတာကြောင့် ဝန်ထမ်းရဲ့ အကြံပြုချက်ကို သဘောတူလိုက်ပြီး ချင်ယွီရုံကိုခေါ်ကာ နောက်ဘက်က VIP ခန်းထဲ ဝင်ခဲ့ပါသည်။

ထိုင်ပြီး အနားယူနေစဉ်မှာပဲ ဝန်ထမ်းတစ်ဦးက လက်ဖက်ရည်နဲ့ မုန့်တွေကို လာချပေးပါသည်။ တန်ယန်က အဲဒါတွေကို သိပ်စိတ်မဝင်စားပေမဲ့ သူမရှေ့မှာ ချထားတဲ့ ရုပ်ပြစာအုပ်ကိုတော့ တော်တော်လေး စပ်စုချင်နေပါသည်။

စာအုပ်ကို လှန်ကြည့်လိုက်တဲ့အခါ ကျောက်စိမ်းနဲ့ တခြား အဖိုးတန် ကျောက်မျက်ရတနာ ဓာတ်ပုံတွေနှင့် ပြည့်နေတာကို တွေ့ရပါသည်။ ဒါဟာ ဝယ်သူတွေ စိတ်ကြိုက်ဒီဇိုင်း အပ်နိုင်ဖို့ ပြထားတဲ့စာအုပ်မှန်း သူမ သဘောပေါက်သွားပါသည်။ ထိုစဉ် သူမ၏ခေါင်းထဲမှာ အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာပေမဲ့ အဲဒီအတွေးကို သေသေချာချာ မဖမ်းဆုပ်နိုင်ခင်မှာပဲ ကုတ်နံပါတ်ပါတဲ့ သေတ္တာအသေးလေး တစ်လုံးကို ကိုင်လာတဲ့ ဝန်ထမ်းကြောင့် အတွေးစများ ပြတ်သွားခဲ့ပါသည်။

“မစ္စတန်... ဒီစိန်နားကပ် နှစ်စုံကို ကြည့်ပေးပါဦး။ ဒါတွေက ကျွန်တော်တို့ဆိုင်ရဲ့ အဓိက ဒီဇိုင်းပညာရှင် မာစတာဇာ့စ်ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာပါ။ သူတို့ရဲ့ ကံပါတဲ့ပိုင်ရှင်ကို စောင့်ရင်း ဒီသေတ္တာထဲမှာ သိမ်းထားခဲ့တာပါ”

ဝန်ထမ်းက သေတ္တာကိုဖွင့်ပြီး လှပတဲ့ ဘူးလေးထဲက နားကပ်တွေကို ထုတ်ပြပါသည်။ ကတ္တီပါ အမည်းစလေးပေါ်မှာ တင်ထားတဲ့ ပန်းရောင် စိန်နားကပ်လေးတွေဟာ မီးရောင်အောက်မှာ တလက်လက် တောက်ပနေတာကို မြင်လိုက်ရတဲ့အခါ တန်ယန်ဟာ ပထမဆုံးအမြင်နဲ့တင် စွဲလန်းသွားပါတော့သည်။

နောက်ထပ်ဒီဇိုင်း တစ်ခုကတော့ လေးထောင့်ပုံစံ အပြာရောင် စိန်နားကပ်လေးတွေပါ။ ငွေရောင်နွယ်ကြိုးလေးတွေနဲ့ ရိုးရိုးရှင်းရှင်းလေး ပတ်ထားပုံရပေမဲ့ အပြာရောင် စိန်တုံးလေးရဲ့ အောက်ခြေမှာ ငွေနွယ်ကြိုးလေးတွေ ယှက်နွယ်နေပုံက ကြည်လင်တဲ့ ကျောက်မျက်လေးကို ပင့်တင်ထားတဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နွယ်ပင်လေးတွေနှင့် တူလှပါသည်။

“ကောင်းပြီ... ငါဒါတွေကို တော်တော် သဘောကျတယ်၊ နှစ်စုံလုံးယူမယ်။”

“ဟုတ်ကဲ့ပါ” ဝန်ထမ်းမှာ ဝမ်းသာအားရ ဖြစ်သွားပါသည်။ “ဒီပန်းရောင် စိန်နားကပ်တွေက ၄ ကာရက်ရှိတဲ့ အနာအဆာကင်း ပန်းရောင်စိန်တွေဖြစ်ပြီး စိန်အသေးလေးတွေနဲ့လည်း စီခြယ်ထားတာပါ။ ဈေးနှုန်းက ၆.၆ သန်း ကျသင့်ပါတယ်။ အပြာရောင် စိန်နားကပ်လေးတွေကတော့ တစ်ဖက်ကို ၂ ကာရက်စီရှိပြီး ဈေးနှုန်းက ၁.၂ သန်းပါခင်ဗျာ။”

တန်ယန်က ခေါင်းညိတ်ပြလိုက်ပြီး “ကတ်ပဲဆွဲလိုက်တော့” ဟု ပြောလိုက်ပါသည်။

သူမဆိုင်ကနေ မထွက်ခွာခင်မှာ ဆိုင်ရှင်ကိုယ်တိုင် လာရောက် နှုတ်ဆက်ပါသည်။ “မစ္စတန်... လေလံပွဲတွေကို စိတ်ဝင်စားပါသလား။ နောက်ငါးရက်နေရင် မြို့တော် H က ရို့စ်ဟိုတယ်မှာ လေလံပွဲ အသေးလေးတစ်ခု ရှိပါတယ်။ အဲဒီမှာ ကျောက်စိမ်းရတနာ အစုံလိုက်တစ်ခု ပါဝင်ပါလိမ့်မယ်။ အကယ်၍ တက်ရောက်ချင်တယ်ဆိုရင် ကျွန်တော့်ဆီမှာ ဖိတ်စာတစ်စောင် ရှိပါတယ်ခင်ဗျာ။”

ခုနက သူမခေါင်းထဲမှာ လျှပ်ခနဲ ပေါ်လာတဲ့ အတွေးကို တန်ယန် ရုတ်တရက် ပြန်သတိရသွားပါသည်။ လေလံပွဲ တစ်ခုမှာ ဘာလို့ မပါဝင်ကြည့်ရမှာလဲ။ လေလံတင်တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ဘယ်တော့မှ မနည်းဘူးလေ၊ ပြီးတော့ အပြိုင်အဆိုင် လေလံဆွဲကြမယ်ဆိုရင် ဈေးနှုန်းက ပိုပြီး မြင့်တက်လာမှာပဲ။ ဒါဟာ ပိုက်ဆံသုံးပြီး မစ်ရှင်အောင်မြင်ဖို့အတွက် သူမအတွက် အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား။

“ကျွန်မ တကယ် စိတ်ဝင်စားပါတယ်၊ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။”

ချင်ယွီရုံက လေလံပွဲ ဖိတ်စာကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး နောင်အစီအစဉ်တွေအတွက် အချိန်ကို အတည်ပြုလိုက်ပါသည်။ ကံကောင်းစွာနဲ့ပဲ လေလံပွဲက ဒီသောကြာနေ့ည ၈ နာရီမှာဖြစ်ပြီး စန္ဒယားပြိုင်ပွဲပြီးတဲ့ နောက်တစ်ရက်မှာ ဖြစ်နေပါသည်။ ဒါဆိုရင်တော့ ကျောင်းကို ခွင့်တစ်ရက် ထပ်တိုင်ရဦးမှာပေါ့။

ဟိုတယ်ကို ပြန်ရောက်တဲ့ အချိန်မှာ ညကိုးနာရီ ခွဲနေပါပြီ။

ချင်ယွီရုံက တန်ယန် ဒီနေ့ဝယ်လာတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပေးနေပါသည်။ အဖိုးတန် ပစ္စည်းတွေကိုတော့ ဟိုတယ်ရဲ့ လုံခြုံရေး သေတ္တာထဲမှာ ထည့်သိမ်းလိုက်ပါသည်။

ရေချိုးပြီးနောက် တန်ယန်က ဆိုဖာပေါ်မှာထိုင်ရင်း ဖုန်းကြည့်နေပါသည်။

သူမရဲ့ ဂိမ်းအကောင့်ကတော့ အခုဆိုရင် ဦးဆောင်သူစာရင်းမှာ နံပါတ် (၁) ရောက်နေပါပြီ။ ယီတျန်တျန် အကောင့်ကို လွှဲယူသွားကတည်းက သူမကိုယ်တိုင် မဝင်ဖြစ်တော့ပါဘူး။ ဒီအတောအတွင်း မီကိုတို့အဖွဲ့က သူမအကောင့်နဲ့ အဖွဲ့ဖွဲ့ပြီး ဆော့ဖူးကြလို့ တန်ယန်က ဂိမ်းဆော့ပေးမယ့်သူ ငှားထားတယ်ဆိုတာ သိပြီး အံ့သြနေကြပါသည်။

ဒါပေမဲ့ တန်ယန်ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ အကောင့်ကြီး ပါနေတာကြောင့် သူတို့အဖွဲ့ဟာ ဘယ်လိုခက်ခဲတဲ့ ထောင်ချောက်တွေကိုမဆို မကြောက်မရွံ့ ဝင်တိုက်နိုင်ပြီး တော်တော်လေးကို ပျော်နေကြတာပေါ့။

တန်ယန် အရင်က အားဖြည့်ထားတဲ့ ရွှေဒင်္ဂါးတွေ အကုန်ကုန်သွားလို့ ယီတျန်တျန်က တန်ယန်ကို နှစ်ခါတောင် ထပ်ပြီး အားဖြည့်ခိုင်းခဲ့ပါသေးသည်။ စုစုပေါင်း ယွမ် ၅ သိန်းကျော်တောင် ကုန်သွားခဲ့ပါပြီ။

ဂိမ်းဖိုရမ်တွေမှာလည်း "တန်ယန်" ဆိုတဲ့ အကောင့်အကြောင်းက ရေပန်းအစားဆုံး ခေါင်းစဉ်ဖြစ်နေပြီး ကစားသမား အများအပြားက ဝင်ရောက် ဆွေးနွေးနေကြပါသည်။

ဂိမ်းကုမ္ပဏီရဲ့ ဝန်ဆောင်မှုကလည်း သူမဆီကို သီးသန့်စာတိုတွေ အကြိမ်ကြိမ် ပို့နေပေမဲ့ ယီတျန်တျန်က အကုန်လုံးကို ဘလော့ထားလိုက်ပါသည်။ အခုဆိုရင် ဂိမ်းဖန်တီးသူတွေဟာ တန်ယန်လိုမျိုး ပိုက်ဆံပုံအောသုံးတဲ့ အလှူရှင်ကြီး ထွက်သွားမှာစိုးလို့ ဂိမ်းရဲ့ကစားနိုင်စွမ်းကို မြှင့်တင်ဖို့ အချိန်ပိုတွေဆင်းပြီး အသည်းအသန် ကြိုးစားနေကြရပါသည်။

“ယန်ယန်... နင့်ရဲ့ ပန်းရောင် စိန်နားကပ်အသစ်က ပထမဆုံးနေ့မှာဝတ်မယ့် နတ်သမီးဝတ်စုံနဲ့ အတော်ပဲ။ ဆံပင်စတိုင်လ် ပညာရှင်ကို ဆံပင်လေး အထက်ကို တင်စည်းခိုင်းလိုက်ရင် စင်ပေါ်မှာ တကယ့်ကို တောက်ပနေမှာပဲ။”

“ဟုတ်ကဲ့အစ်မရုံ…. အဆင်ပြေသလိုပဲ စီစဉ်လိုက်ပါ၊ ကျွန်မလည်း လှလှပပ ဖြစ်နေမယ့် အချိန်ကို မျှော်လင့်နေပါတယ်”

ချင်ယွီရုံက ရယ်မောရင်း ပြောလိုက်ပါသည်။ “ဟုတ်ပါပြီရှင်၊ ယန်ယန်က အခုတောင် လှပြီးသားပါ။ စင်ပေါ်ရောက်တဲ့အခါ လူဘယ်နှစ်ယောက်ကိုများ ညှို့ယူဖမ်းစားလိုက်ဦးမလဲ မသိဘူးနော်”

နောက်တစ်နေ့တွင် တန်ယန်သည် ဟိုတယ်မှာတင် ဆံပင်နှင့် မိတ်ကပ်ပြင်ဆင်မှုကို အပြီးသတ်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမည့် နေရာဆီသို့ ထွက်ခွာခဲ့သည်။

ပြိုင်ပွဲဝင်များအတွက် ဘုံနားနေဆောင်တစ်ခု ရှိသော်လည်း တန်ယန်သည် အခြားသူများ၏ တီးခတ်မှု အရည်အချင်းကို လေ့လာချင်သောကြောင့် နားနေဆောင်သို့ မသွားဘဲ ချင်ယွီရုံနှင့်အတူ ဂီတခန်းမထဲသို့ တိုက်ရိုက်ဝင်ခဲ့သည်။

ပြိုင်ပွဲဝင်များမှာ အားလုံးက လူငယ်ပိုင်းများ ဖြစ်ကြပြီး အများစုမှာ မိဘများ သို့မဟုတ် ဆရာများနှင့်အတူ လာရောက်ကြခြင်း ဖြစ်သည်။ အဖော်လိုက်ပါ လာသူများကိုလည်း ခန်းမအတွင်း၌ တိုက်ရိုက်နားထောင်ခွင့် ပြုထားသော်လည်း ပြိုင်ပွဲကို အနှောင့်အယှက် မပြုရန် ကန့်သတ်ထားပြီး ချိုးဖောက်ပါက လုံခြုံရေး ဝန်ထမ်းများက ခန်းမပြင်ပသို့ ထွက်ခွာခိုင်းမည် ဖြစ်သည်။

ဂီတခန်းမ၏ ရှေ့ဆုံး ၅ တန်းကိုတော့ အများပြည်သူများအတွက် မဖွင့်ပေးထားပေ။ ထိုနေရာများကို ဒိုင်လူကြီးများ၊ ဖိတ်ကြားထားသော ဂီတလောကမှ ကျွမ်းကျင်ပညာရှင်များနှင့် သတင်းမီဒီယာများအတွက် သီးသန့်ဖယ်ထားခြင်း ဖြစ်သည်။

မည်သည့်ပြိုင်ပွဲမဆို ကြော်ငြာအားကောင်းရန် လိုအပ်သကဲ့သို့ စန္ဒယား ပြိုင်ပွဲများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

မကြာမီမှာပင် ပြိုင်ပွဲစတင်ခဲ့သည်။ အသက်အငယ်ဆုံး ကလေးသူငယ်အုပ်စုမှ စတင်ကာ အရည်အချင်းစစ် ပဏာမအဆင့်ကို ကျင်းပသည်။ ပြိုင်ပွဲဝင် တစ်ဦးစီသည် သတ်မှတ်ထားသော တေးသီချင်း တစ်ပုဒ်ကို ၁၀ မိနစ်ခန့် တီးခတ်ရပြီးနောက် ဒိုင်လူကြီးများက တိုက်ရိုက် အမှတ်ပေးကြမည် ဖြစ်သည်။

All Chapters