စုန်းဧကရီ...သေပေတော့
Vol. 1 Ch. 374
ငွေပန်းပွင့်အဘွားအို...
စုန်းနတ်ဘုရားတောင်သည် ရှန်မိမြို့နှင့် နှစ်နာရီခရီး အကွာအဝေးတွင်ရှိသည်။ မင်းကြီးသည်လည်း တောင်ပေါ်တွင် ဂါရဝပြုနေလောက်ဆဲပင် ရှိသေးသည်။ ငွေပန်းပွင့်အဘွားအို မည်သို့ ထိုမျှမြန်မြန်ပြန်ရောက်လာသနည်း။
ကျန်းရီသာမက စုန်းဧကရီနှင့် ကျန်လူများလည်း နားမလည်နိုင်ဖြစ်နေကြသည်။ စုန်းဧကရီသည် မျက်လုံးများ တောက်ပသွားကာ ချိုသာလှသောလေသံဖြင့် အော်ဟစ်တိုင်တန်းတော့သည်။
"အဘွား...ယွင်ဖေးနဲ့ ယွင်ရှန်းက ကျန်းရီနဲ့ပူးပေါင်းပြီး ဒီဧကရီကို ရန်ပြုနေပါတယ်။ သူတို့ကို ထိန်းချုပ်လို့ မရတော့ဘူး။ ကျန်းရီကို အဘွားမြန်မြန်သတ်ပစ်မှဖြစ်မယ်"
ဝှစ်...
ကျန်းရီနောက် လိုက်လာကြသည့် စုန်းဧကရီ၏လူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ငွေပန်းပွင့်အဘွားအို အနီးတွင်ရှိနေပါက ကျန်းရီ သူတို့ကို ရန်ပြုရဲတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အလျင်အမြန် ပြေးလာကြပြီး ကျန်းရီ၏ ပစ်မှုများကို တိုင်တန်းကြတော့သည်။
"စောင့်ရှောက်သူအကြီးအကဲ...ဘာမှမလုပ်ပါနဲ့ဦး"
ပုံရိပ်နှစ်ခုသည် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သူတို့သည် ယွင်ဖေးနှင့်ယွင်ရှန်း၏ အရိပ်သက်တော်စောင့်များ ဖြစ်ကြသည်။ တစ်ယောက်သည် မရောက်ခင်တည်းက အော်ပြောလာခဲ့သည်။
"ဒီကိစ္စမှာ မင်းသားနဲ့မင်းသမီးကို ရန်ပြုတဲ့သူက ဧကရီဆိုတာ ထင်ရှားနေပါတယ်။ သူမက မင်းသား၊ မင်းသမီးနဲ့ ကိုယ်စားအုပ်ချုပ်သူကို သတ်ဖို့ စုန်းနတ်ဘုရားရဲ့ ရှေးဟောင်းဝင်္ကပါကိုတောင် မင်းသားအိမ်တော်ဆီ လွန်ခဲ့တဲ့ညက ရွှေ့ခဲ့ပါသေးတယ်။ ပြီးတော့ မင်းသားနဲ့မင်းသမီးက ကိုယ်စားအုပ်ချုပ်သူရဲ့ မြစိမ်းကြည်လင်ပန်းအိုးထဲမှာပါ...စောင့်ရှောက်သူအကြီးအကဲက ကျန်းရီကို သတ်လိုက်ရင် သူတို့ပါ သေရပါလိမ့်မယ်။ မင်းကြီးပြန်လာတာကိုစောင့်ပြီးမှ ဒီကိစ္စကို စုံစမ်းရင်လည်း နောက်မကျသေးပါဘူး"
"ဝိုး"
အော်သံများသည် ရှန်မိမြို့အတွင်း ထွက်ပေါ်လာခဲ့သည်။ ပြည်သူအများစုသည် မစူးစမ်းရဲကြသော်လည်း မိမိတို့၏ ခြံဝင်းအသီးသီးမှ တိုးတိုးတိတ်တိတ် ချောင်းကြည့်ကြကုန်၏။ ဤကဲ့သို့ အခြေအနေမျိုး မဖြစ်ပွားခဲ့သည်မှာ ရာစုနှစ်များပင် ကြာနေပြီဖြစ်သည်။ ထို့ပြင် ဤပြဿနာ၌ နာမည်ကြီး ကျန်းရီပါ ပါနေသေးသည်။
ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုဘဲ အိမ်ခေါင်မိုးတစ်ခုထက်တွင် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။ သူသည် လုံးဝကြောက်လန့်ဟန်မရဘဲ လေထဲမှ ငွေပန်းပွင့်အဘွားအိုအား ပြန်၍ပင် စိုက်ကြည့်နေလိုက်သေးသည်။ စုန်းဧကရီသည် ကျန်းရီ၏ သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ဖိနှိပ်ထားခြင်းခံရသော်လည်း ကျန်းရီအား ငွေပန်းပွင့်အဘွားအိုက ဖိနှိပ်ထားသဖြင့် သူ့အရှိန်အဝါမှာ ယခင်ကလောက် မပြင်းထန်တော့ပေ။ မဟုတ်ပါက သူမစကားပြောနိုင်မည်တောင် မဟုတ်ချေ။
"ဟမ့်"
စုန်းဧကရီသည် တစ်ယောက်ယောက်က ကျန်းရီအား ခုခံပြောဆိုပေး၍ မင်းကြီးရောက်အလာကို စောင့်ရန် ပြောနေသည်ကို မြင်နေရသည်။ ငွေပန်းပွင့်အဘွားအိုမှ မလှုပ်ရှားသေးသည်ကို မြင်လျှင် သူမသည် မျက်မှောင်ကုတ်၍ နူးညံ့လှသော လေသံဖြင့် အော်ပြောလိုက်ပြန်သည်။
"ကျန်းရီက ရှားနိုင်ငံရဲ့ ကိုယ်စားအုပ်ချုပ်သူ ဖြစ်ပြီးတော့ ရှန်မိမြို့ထဲ ခိုးဝင်လာတယ်။ သူက ဒီဧကရီကို လူမြင်ကွင်းမှာတောင် သတ်ဖို့ ကြံလိုက်သေးတယ်...သခင်မရွှေနဲ့ နတ်ဆိုးဧကရီရှိနေရင်တောင် မျက်စိစုံမှိတ်ပြီး သူ့ကိုကူညီပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ ကျန်းရီကို မသတ်လိုက်ရင် ရှန်မိနိုင်ငံရဲ့ မျက်နှာကို ဘယ်နေရာသွားထားရမလဲ။ အဘွား...ဘာလို့ ဘာမှမလုပ်သေးတာလဲ"
"ဆူလိုက်တာ"
တိတ်ဆိတ်နေသော ကျန်းရီသည် နောက်ဆုံးတွင် စကားပြောလာခဲ့သည်။ သူ့အသံသည် အတွင်းအားများ ထည့်သွင်းထား၍ မိုးခြိမ်းသံအလား ကျယ်လောင်လှပြီး သာမန်ပြည်သူများမှာ နားစည်များပင် နာကျင်သွားကြသည်။
သူစကားပြောလိုက်သော ခဏတွင် သူ့ကိုယ်သည် နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး စုန်းဧကရီ၏ ဘေးတွင် ပြန်ပေါ်လာခဲ့သည်။ သူ့လက်ထဲမှ မီးဝိဉာဉ်ပုလဲသည် မျက်စိကျိန်းလောက်အောင် တောက်ပလာခဲ့သည်။
တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လေထဲမှ ငွေပန်းပွင့်အဘွားအိုသည် မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
"ရပ်လိုက်...ကျန်းရီ...မင်း ဧကရီကို ထိရဲရင် ဒီအဘွားကြီးက မင်းကို အမှုန့်ချေပစ်မယ်"
တုံ့ပြန်လာခဲ့သည်မှာ မီးဝိဉာဉ်ပုလဲထဲမှ ထွက်လာသည့် ကမ္ဘာ့မီးလျှံများပင် ဖြစ်သည်။ စုန်းဧကရီသည် ဖိနှိပ်ခံထားရ၍ မလှုပ်ရှားနိုင်ခဲ့ပေ။ သူမသည် သူမကိုယ်အား မီးများလောင်ကျွမ်း၍ ပြာအဖြစ်ပြောင်းလဲသွားသည်ကိုသာ ကြည့်နေရလေ၏။
"သေစမ်း"
ငွေပန်းပွင့်အဘွားအိုသည် ဒေါသထွက်သွားခဲ့သည်။ သူမသည် တောင်ဝှေးကို ဝှေ့ယမ်း၍ လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် သူမထံသို့ တိုးဝင်လာကြပြီး ကျန်းရီထံ အဖြူရောင် လက်ဝါးရိပ်ကြီးတစ်ခု ကျဆင်းလာခဲ့သည်။
"အားးး..."
"ပြေးကြ"
အနီးအနားမှ စစ်သည်များသည် လက်ဝါးကြီးမှ တားဆီး၍မရနိုင်သည့် အင်အားတို့ကို ခံစားမိသွားကြသည်။ သူတို့အပေါ်သာ အဘွားအို၏ ဒေါသတကြီးတိုက်ခိုက်မှု ကျဆင်းလာပါက သူတို့ကိုယ်မှာ တစ်စစီဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် မပြေးနိုင်သောကြောင့် ထွက်ပြေးရန် မကြိုးစားခဲ့ပေ။ လက်ဝါးရာကြီးသည် သူ့အပေါ်ဦးတည်၍ ကျဆင်းလာခဲ့ပြီး ထိုလက်ဝါးကြီးသည် သူ့အား ကမ္ဘာအဆုံးထိတောင် လိုက်လံသတ်ဖြတ်မည်ဟု သူခံစားမိလိုက်သည်။
သူသည် မည်သို့မှ မလှုပ်ရှားခဲ့ပေ။ မီးဝိဉာဉ်ပုလဲမှာ တောက်ပလာခဲ့ပြီး အစိမ်းရောင်ပန်းအိုးတစ်လုံးသည် သူ့လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ သူသည် အတွင်းအား တစ်စကို ပန်းအိုးအတွင်း ထည့်သွင်းလိုက်သော် ၎င်းမှာ ချက်ချင်း လင်းလက်လာခဲ့သည်။
"ဝေါင်း..."
အော်သံကြီးတစ်ခုသည် လေကိုခွင်း၍ ထွက်ပေါ်လာခဲ့ပြီး ကြောက်စရာ အရှိန်အဝါကြီးတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါသည် အလွန်ပြင်းထန်ရက်စက်ပြီး ငရဲမှ နတ်ဆိုးတစ်ကောင်တက်လာပြီး သက်ရှိများအားလုံး၏ အသက်ကို နှုတ်ယူတော့မည့်ပမာ ခံစားရစေနိုင်စွမ်းသည်။
လေထုသည် တုန်ခါလာခဲ့ပြီး သားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းထွက်ပေါ်လာသော ခဏတွင် ၎င်း၏ နီဝါရောင်ကိုယ်ကြီးသည် အလင်းရောင်များ ဖြာထွက်လာခဲ့ပြီး အလင်းရောင်များမှာ အနီရောင် ဦးချိုကြီးထံတွင် စုစည်းသွားကြသည်။ မကြာခင်တွင် ဦးချိုကြီးထံမှ နေကိုပင် ဖောက်ထွင်းသွားတော့မတတ် အရှိန်အဝါကြီးလှသည် အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းသည် ကောင်းကင်မှ ကျဆင်းလာသည့် လက်ဝါးရာကြီးနှင့် တိုက်မိသွားခဲ့သည်။
"အား.."
အောက်မှ လူများသည် ကိုယ်ရောစိတ်ပါ တုန်လှုပ်ခြောက်ခြားလာကြသည်။ ဤကဲ့သို့ အင်အားကြီးလှသည့် နတ်ဆိုးသားရဲကြီးသာ ငွေပန်းပွင့်အဘွားအိုနှင့် တိုက်ခိုက်ပါက မည်မျှကြောက်စရာ ကောင်းလိုက်မည်နည်း။ သူတို့သည် စိတ်ပင်မကူးရဲကြချေ။ လူတိုင်းသည် 'ပြီးပြီ'ဟုသာ တူညီစွာ တွေးလိုက်မိကြသည်။ ရှန်မိမြို့သည် မြေခပေတော့မည်။
ဘန်း...
သို့သော် စွမ်းအင်ကြီးနှစ်ခု ထိပ်တိုက်တွေ့သွားသည့်အခါ ပေါက်ကွဲမှုတစ်ခုမှ ဖြစ်မလာခဲ့သည့်အတွက် လူတိုင်းဆွံ့အသွားကြသည်။ ထိုအစား ပဲ့တင်သံတစ်ခုသာ ထွက်ပေါ်လာခဲ့ပြီး မရင်းနှီးသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အလင်းတန်းသည် လက်ဝါးရိပ်ကြီးကို ဖောက်ထွင်း၍ မြင့်တက်သွားခဲ့သည်။ လက်ဝါးရိပ်ကြီးမှာလည်း ကွယ်ပျောက်သွားခဲ့သည်။
အနီရောင်အလင်းတန်းသည် ကီလိုမီတာသုံးဆယ်ခန့်အထိ မြင့်တက်သွားပြီးမှ ပေါက်ကွဲသွားခဲ့သည်မှာ ပန်းပွင့်နီနီကြီး ပွင့်အာလာခဲ့သည့်အလား။ ကောင်းကင်တွင် လေထုမှာ စုတ်ပြဲသွားခဲ့ပြီး အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် ပေါက်ကွဲသံကြီးမှာလည်း ကျယ်လောင်လွန်း၍ လူအချို့ဆိုလျှင် နားစည်များပင် သွေးထွက်ကာ ယာယီအကြားအာရုံ ဆုံးရှုံးခြင်းများပင် ဖြစ်လာကြသည်။
ဗုန်း...ဗုန်း...ဗုန်း...
ကောင်းကင်မှ တိမ်များသည် တုန်ခါသွားကြပြီး အောက်ဘက်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားကာ လမ်းများထက်မှ ရထားလုံးများပင် မှောက်ကုန်ကြသည်။ အားနည်းသူအချို့ဆိုလျှင် လွင့်ထွက်ကုန်ကြပြီး မိန်းမပျိုလေးအချို့မှာ ဝတ်စုံများ လန်ကုန်ကြသည့်အတွက် အော်သံများ ဆူညံသွားခဲ့သည်။ ထိုခဏတွင် ရှန်မိမြို့သို့ ကမ္ဘာပျက်ကပ်ဆိုက်ရောက်လာသည်ဟုပင် ခံစားမိကြရလေသည်။
မြို့ထဲမှ စစ်သည်များ၊ သိုင်းသမားများမှာ ရင်တဒိန်းဒိန်း ဖြစ်နေကြသည်။ သူတို့သည် သေခြင်းတရား၏ အနံ့အသက်တို့ကိုပင် ရနေပြီဖြစ်သည်။ သူတို့သည် လေထုထဲတွင် ဝံ့ကြွားစွာရပ်နေသည့် နီဝါရောင် သားရဲကြီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။
ငွေပန်းပွင့်အဘွားအိုသည် တိုက်ခိုက်မှုတွင် အင်အားအပြည့် မသုံးခဲ့လျှင်တောင် အနည်းဆုံး သူမအင်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သုံးခဲ့လောက်သည်။ ထိုနတ်ဆိုးသားရဲကြီး ပေါ်ထွက်လာသည်နှင့် ၎င်းသည် သူမ၏လက်ဝါးရာကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်လိုက်သည်။ နတ်ဆိုးသားရဲကြီးမှာ ငွေပန်းပွင့်အဘွားအိုနှင့် မတူညီသည့် အဆင့်တစ်ခုတွင် ရှိနေမှန်း ထင်ရှားသည်။ ထို့ပြင် ထိုနတ်ဆိုးသားရဲကြီးအား လွှတ်လိုက်သည့်လူမှာ ကျန်းရီဖြစ်နေသည်။
တစ်နည်းဆိုရသော် ကျန်းရီသည် ရှန်မိတစ်မြို့လုံး၏ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်သည်။ သူသာ ရှန်မိမြို့ကို သွေးဖြင့်ဆေးချင်ပါလျှင် လူတိုင်းသေကြရလိမ့်မည်။ ရှန်မိနိုင်ငံတောင် ပျောက်ကွယ်သွားလိမ့်မည်။
ကျန်းရီ၏ စိတ်နေစိတ်ထားသည် အလျှော့မပေးတတ်၊ ရက်စက်တတ်သည်ဟု နာမည်ကြီးသည်။ သူသည် ရန်ငြိုးရှိတိုင်း လက်စားချေမည့် လူစားမျိုးဖြစ်သည်။ စုန်းဧကရီသည် စစ်တပ်တစ်ခုကို ဦးဆောင်၍ သူ့အားသတ်ဖြတ်ရန် လုပ်ခဲ့သည်။ ကျန်းရီ ဒေါသထွက်နေမည်မှာ သေချာသည်။ ထို့ကြောင့် လူတိုင်းသည် သေခြင်းတရား၏ အငွေ့အသက်တို့ ရလာကြခြင်းဖြစ်သည်။
လူအများစုသည် အိမ်ခေါင်မိုးတစ်ခုထက်တွင် ရပ်နေသည့် ပုံရိပ်အား ကြည့်လိုက်မိကြသည်။ လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည့် ဆံပင်နီနီများနှင့် သွေးနီရောင် မျက်လုံးများကိုကြည့်ရင်း သူတို့မှာ အလွန်အမင်းနောင်တရလာခဲ့သည်။
နှစ်တစ်သောင်းအတွင်း ကျန်းရီသည် ဆယ့်ခုနှစ်နှစ်အရွယ်နှင့် နိုင်ငံတစ်နိုင်ငံကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည့် ပထမဆုံး လူသားဖြစ်လိမ့်မည်။
ငွေပန်းပွင့်အဘွားအိုသည် ထိတ်လန့်နေခဲ့သည်။ ယာ့ဇီသားရဲ မည်မျှအင်အားကြီးကြောင်း သူမ ခံစားမိသည်။ ထိုသားရဲသာ သူမကို သတ်ချင်ပါက သူမသေနေလောက်ပြီဖြစ်သည်။ သူမသည် မလှုပ်ရှားဘဲ ယာ့ဇီသားရဲကိုသာ စိုက်ကြည့်နေလိုက်သည်။ သူမ၏မျက်ဝန်းများမှာ တစ်ခုခုကို ခန့်မှန်းသွားမိဟန်နှင့် အံ့အားသင့်ရိပ်များ ပြည့်လာခဲ့သည်။
ဝှစ်...
ထိုခဏတွင် မြို့အနောက်ဘက် ကောင်းကင်ပြင်မှ ပုံရိပ်အတော်များများ ပျံသန်းလာခဲ့ကြသည်။ သူတို့အားလုံးသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များ ဖြစ်ကြပြီး လျှပ်စီးအလျင်နှင့် လာနေကြခြင်းဖြစ်သည်။ သူတို့သည် မျက်တောင်တစ်ခတ်စာအတွင်း မြို့လယ်သို့ ရောက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးကို သယ်ဆောင်လာခဲ့သည်။ ထိုသူသည် အဝေးတည်းက အော်ဟစ်လာခဲ့သည်။
"အဘွား...ဘာမှမလုပ်လိုက်နဲ့ဦး"
"မင်းကြီး"
လူများစွာသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ရှန်မိနိုင်ငံ၏ဘုရင် ယွင်ချင်းထျန်းသည် ဤအချိန်တွင် မြို့လယ်သို့ အပြေးရောက်ချလာခဲ့သည်။ ယနေ့တွင် ရှန်မိမြို့ အမှန်တကယ် ပျက်စီးတော့မည်လော။
ယွင်ချင်းထျန်းသည် ရောက်လာပြီးနောက် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သောကြောင့် လူတိုင်းမှာ ပို၍ဆွံ့အကုန်ကြသည်။ အခြားစိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များမှာလည်း ဒူးထောက်လိုက်ကြသည်။
ယွင်ချင်းထျန်းသည် လေးလေးစားစားဖြင့် အရိုအသေပေးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
"ယွင်မိသားစုရဲ့ (၁၃၆)ယောက်မြောက် ဆက်ခံသူ ယွင်ချင်းထျန်းက သားရဲအရှင်ကို အရိုအသေပေးပါတယ်..."
*****