← Chapters

စန္ဒယားပြိုင်ပွဲတွင် အမှတ်နည်းခြင်း

Vol. 6 Ch. 51

စန္ဒယားပြိုင်ပွဲတွင် အမှတ်နည်းခြင်း

Vol. 6 Ch. 51

ကလေးသူငယ် အုပ်စု၏ စွမ်းဆောင်ရည်များသည် တစ်ယောက်နှင့်တစ်ယောက် ကွာခြားမှု ရှိကြသည်။ အများစုမှာ အခြေခံ အဆင့်လောက်တွင်သာ ရှိနေကြသော်လည်း တန်ယန်ကမူ အလွန်အာရုံစိုက်၍ နားထောင်နေခဲ့သည်။

သူမ၏ ဂုဏ်ယူစရာ အရည်အချင်းများ အားလုံးမှာ စနစ်၏ အကူအညီကြောင့် ရရှိလာခြင်းဖြစ်ရာ အခြားသူများကို အထင်သေးရန် သူမတွင် အခွင့်အရေး မရှိပေ။ သူမ၏ စန္ဒယားပညာမှာ မာစတာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမသည် မာနမကြီးခဲ့ပေ။ ဤလောကကြီးတွင် မာစတာထက် သာလွန်သူ နောက်တစ်ယောက် ရှိမနေဟု မည်သူမျှ မပြောနိုင်ပေ။

တန်ယန်၏ ဤအတွေးကိုသာ စနစ်က သိရှိသွားပါက လှောင်ရယ်မိပေလိမ့်မည်။ ဤကမ္ဘာ တစ်ခုလုံးကို စနစ်က အစအဆုံး စကန်ဖတ်ပြီးသား ဖြစ်သည်။ စနစ်ထက် ပိုမိုစွမ်းဆောင်နိုင်သော တည်ရှိမှု ဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့် အရာပင် ဖြစ်သည်။

ကလေးအုပ်စု ပြိုင်ပွဲမှာ တစ်မနက်ခင်း အတွင်း၌ပင် ပြီးဆုံးသွားသည်။ ယနေ့နေ့လယ်မှ မနက်ဖြန်အထိမှာမူ လူငယ်အုပ်စု၏ ပြိုင်ပွဲများ ဖြစ်သည်။ ယနေ့နေ့လယ်တွင် အပျော်တမ်းအုပ်စု ပြိုင်ပွဲဖြစ်ပြီး မနက်ဖြန် မနက်မှာမူ ပရော်ဖက်ရှင်နယ် အုပ်စုအတွက် ဖြစ်သည်။

တန်ယန်၏ အလှည့်မှာ အလယ်အလတ်လောက်တွင် ရှိနေသည်။ သူမကမူ အလှည့်စောခြင်း၊ နောက်ကျခြင်းကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

နေ့လယ်ပိုင်းတွင် တန်ယန်သည် စင်ပေါ်တက်ရန် ပြင်ဆင်ရတော့သည်။ ချင်ယွီရုံက သူမကို ပြုံးပြ၍ အားပေးသည့်အခါ တန်ယန်က လက်တစ်ဖက်ဖြင့် နှလုံးသားပုံစံလေး လုပ်ပြခဲ့သည်။

တန်ယန်သည် အရမ်းကြီး မခက်ခဲသော သီချင်းတစ်ပုဒ်ကို ရွေးချယ်ထားသော်လည်း ထိုသီချင်းမှာ တီးခတ်သူ၏ အရည်အချင်းကို အကဲဖြတ်ရန် တကယ့်ကို ကောင်းမွန်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွင် ပါဝင်ခြင်းဖြစ်ရာ ရင်မခုန်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် သူမသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျောကိုဖြောင့်ကာ စင်ပေါ်က သူမ၏ ပထမဆုံး ဖျော်ဖြေမှုကို စတင်လိုက်သည်။ တေးသံစဉ် စတင်လိုက်သည်နှင့် တန်ယန်၏ စိတ်ထဲတွင် စိုးရိမ်စိတ်များနှင့် အခြားအတွေးများ လုံးဝ မရှိတော့ပေ။ သူမသည် တေးဂီတက ဖန်တီးပေးလိုက်သော ထိုလေထုထဲတွင်ပင် အပြည့်အဝ စီးမျောသွားတော့သည်။

သူမ၏ သွယ်လျသော လက်ချောင်းလေးများသည် စန္ဒယား ခလုတ်များပေါ်တွင် ပေါ့ပါးစွာ ကခုန်နေပြီး၊ လှပသော ဂီတသံစဉ်များသည် စမ်းချောင်းလေး စီးဆင်းသကဲ့သို့ ကြည်လင်အေးမြစွာ ထွက်ပေါ်လာခဲ့သည်။

သီချင်းဆုံးသွားသည့်အခါ ဂီတခန်းမ တစ်ခုလုံးသည် စက္ကန့်အနည်းငယ်ခန့် အချိန်များ ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်တွင် လက်ခုပ်သံ သဲ့သဲ့လေးများမှတစ်ဆင့် တဖြည်းဖြည်း ကျယ်လောင်လာပြီး အကြာကြီးအထိ ပဲ့တင်ထပ်နေခဲ့သည်။

တန်ယန်သည် မတ်တပ်ရပ်လိုက်ပြီး ရှေ့ဆုံးတန်းက ဒိုင်လူကြီးများကို ၉၀ ဒီဂရီ ဦးညွှတ်ကာ အလေးပြုလိုက်သည်။

ထိုအချိန်တွင် ဒိုင်လူကြီးများက သူတို့၏ အမှတ်များကို တစ်ယောက်ချင်းစီ ထုတ်ပြကြသည်။ အမြင့်ဆုံး ရမှတ်မှာ ၁၀ မှတ် ဖြစ်ပြီး၊ သူမရရှိသော အမှတ်များမှာ ၇.၅ မှတ် မှ ၁၀ မှတ် အတွင်းတွင် ရှိသည်။ ဒိုင်လူကြီး ၅ ယောက်အနက် ၃ ယောက်က ၁၀ မှတ် အပြည့်ပေးပြီး၊ တစ်ယောက်က ၉.၈ မှတ် ပေးထားသော်လည်း ၇.၅ မှတ် ပေးလိုက်သော ဒိုင်လူကြီးမှာမူ တမူထူးခြားနေခဲ့သည်။

တန်ယန်ကမူ ဘာအမူအရာမှ မပြဘဲ ကျေးဇူးတင်စကားပြောကာ စင်နောက်ဘက်သို့ လျှောက်လှမ်းခဲ့သည်။

ထိုအချိန်တွင် ပရိသတ်များ၏ တီးတိုးပြောသံများသည် ဒိုင်လူကြီးများ၏ နားထဲသို့ ရောက်လာခဲ့သည်။ ၇.၅ မှတ် ပေးလိုက်သော ဒိုင်လူကြီးမှာ မျက်မှောင်ကြုတ်ထားမိသည်။ အမှန်စင်စစ် သူသည် ထူးချွန်သော ပြိုင်ပွဲဝင်များကို အမှတ်နည်းနည်းပေးကာ ပျမ်းမျှရမှတ် လျော့ကျသွားစေရန် ငွေပေး၍ ငှားရမ်းခံထားရသူ တစ်ဦးသာ ဖြစ်နေသည်။

အခြားသော ဒိုင်လူကြီးများက ယခုကဲ့သို့ မြင့်မားသော အမှတ်များ ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ သူ့အတွက် ရှင်းပြရန် ခက်ခဲသော အခြေအနေ ဖြစ်သွားခဲ့သည်။ သို့သော် သူသည် မိမိနှစ်သက်သော စတိုင်လ်မဟုတ်ဟုသာ အကြောင်းပြရန် ဆုံးဖြတ်လိုက်သည်။ အမှန်စင်စစ် ပုဂ္ဂိုလ်ရေးအကြိုက် ဆိုသည်မှာ တစ်ခါတစ်ရံတွင် အလွန်အရေးပါလှရာ အခြားသူများကို လျစ်လျူရှုခြင်းမှာလည်း မှားသည်ဟု မဆိုနိုင်ပေ။

တန်ယန်သည် ချင်ယွီရုံ၏ဘေးတွင် ပြန်လည်ထိုင်လိုက်ပြီး ပြိုင်ပွဲကို ငြိမ်သက်စွာ ဆက်လက် ကြည့်ရှုနေခဲ့သည်။

ချင်ယွီရုံက သူမ၏နားနားသို့ ကပ်၍ “စိတ်မကောင်း မဖြစ်ပါနဲ့။ ဒိုင်လူကြီး တစ်ယောက်က အမှတ်နည်းနည်း ပေးတာက ဘာမှ အရေးမကြီးပါဘူး။ ကျန်တဲ့ဒိုင်တွေက အမှတ်အများကြီး ပေးထားတာဆိုတော့ ဆီမီးဖိုင်နယ်ကို တက်နိုင်မှာပါ” ဟု တိုးတိုးလေး နှစ်သိမ့်ခဲ့သည်။

တန်ယန်သည် အမှန်တကယ်ပင် စိတ်ထဲ၌ မသက်မသာ ခံစားနေရသည်။ သူမ၏ အရည်အချင်း အဆင့်အတန်းအရ နားမကြားသူ မဟုတ်ပါက ဤမျှ အမှတ်နည်းရန် အကြောင်းမရှိပေ။ ဤပြိုင်ပွဲ၏ ပျမ်းမျှရမှတ်မှာ ၈.၀ ဖြစ်ပြီး ထိုဒိုင်လူကြီးက သူမကို ၇.၅ မှတ်သာ ပေးခဲ့ခြင်းမှာ ပျမ်းမျှထက်ပင် လျော့နည်းနေသည်။ ဤသည်မှာ တစ်ခုခု မရိုးသားကြောင်း သူမက ယုံကြည်နေခဲ့သည်။

“စိတ်မပူပါနဲ့ အစ်မရုံ၊ ကျွန်မက အဲဒီလောက် စိတ်ဓာတ်မပျော့ပါဘူး”

တန်ယန်သည် ပုံမှန်အတိုင်းပင် ရှိနေသည်ကို မြင်ရသဖြင့် ချင်ယွီရုံမှာ သက်ပြင်းချကာ စိတ်အေးသွားခဲ့သည်။

【ယီတျန်တျန်... ဒီဒိုင်လူကြီးကတော့ တစ်ခုခု မှားနေတာ သေချာတယ်။ ငါ့အတွက် စုံစမ်းပေးနိုင်မလား】

【ကောင်းပါပြီအရှင်။】 စနစ်လေးမှာ အနည်းငယ် သက်ပြင်းချမိသော်လည်း မငြိုငြင်ဘဲ စတင် စုံစမ်းပေးခဲ့သည်။

ခဏအကြာတွင် တန်ယန်သိလိုသော သတင်းအချက်အလက်များ ရောက်ရှိလာခဲ့သည်။

ဤဒိုင်လူကြီးသည် မိမိ၏ရာထူးကို အလွဲသုံးစားလုပ်၍ လာဘ်ယူခဲ့သော မှတ်တမ်းဆိုးများ ရှိနေသူဖြစ်သည်။ သို့သော် သူသည် မိမိကိုယ်ကိုယ် ကြော်ငြာရာတွင် အလွန် ကျွမ်းကျင်လှသဖြင့် လူများက နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များအကြောင်း ပြောလျှင် သူ့ကိုသာ ဦးစွာ သတိရမိကြခြင်း ဖြစ်သည်။

သူသည် မြို့တော် H ရှိ ချမ်းသာသော ကျန်းမိသားစုထံမှ လာဘ်ငွေယူထားခြင်း ဖြစ်သည်။ ၎င်းတို့၏ ချစ်လှစွာသော သမီးဖြစ်သူအတွက် အဟန့်အတားများကို ဖယ်ရှားပေးရန်နှင့် ပြိုင်ပွဲတွင် ပထမဆုကို လွယ်လွယ်ကူကူ ရရှိစေရန်အတွက် ဖြစ်သည်။ လာဘ်ငွေပမာဏမှာလည်း ယွမ် ၅ သိန်းခန့် ရှိသဖြင့် အတော်လေး များပြားလှသည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြင်လိုက်ရသောအခါ တန်ယန်သည် အလွန်အမင်း ဒေါသထွက်သွားကာ ရယ်ပင် ရယ်မိသွားခဲ့သည်။ သို့ဆိုလျှင် သူမသည် ပြိုင်ပွဲရလဒ်ကို ထိခိုက်စေနိုင်သည့် “အဟန့်အတား” တစ်ခု ဖြစ်နေသည်ပေါ့။

ကျန်းမိသားစုတဲ့လား။ ကျန်းမိသားစု ဆိုလျှင်ကော ဘာဖြစ်သနည်း။ သူတို့သည် မြို့တော် H ၏ ချမ်းသာသော မိသားစုတစ်ခုသာ ဖြစ်သည်။ နိုင်ငံတစ်ဝန်း အတိုင်းအတာဖြင့် ကြည့်လျှင်မူ ဘာမှမဟုတ်သော အဆင့်အတန်းတွင်သာ ရှိသည်။

သူမသည် နှာခေါင်းရှုံ့လိုက်မိသည်။ ကျန်းမိသားစုက မည်မျှပင် ချမ်းသာစေကာမူ သူမ၏ ကြွယ်ဝမှုနှင့်တော့ မယှဉ်နိုင်ပေ။ သူမတွင် စနစ်ရှိသည် မဟုတ်ပါလား။ အကယ်၍ သူမကို ဒေါသထွက်အောင်လုပ်လျှင် သူတို့ကို ပိုက်ဆံများဖြင့်သာ ဖိသတ်ပစ်လိုက်မည် ဖြစ်သည်။

သူမ၏ ရမှတ်အရ ဆီမီးဖိုင်နယ်သို့ တက်လှမ်းရန်မှာ အခက်အခဲ မရှိခဲ့ပေ။ ဤသည်မှာ လာဘ်စားထားသော ဒိုင်လူကြီး မမျှော်လင့်ထားခဲ့သည့် အချက်ပင် ဖြစ်သည်။

ယခုအခါ ဤကိစ္စကို လူသိရှင်ကြား မည်သို့ ဖော်ထုတ်ရမည်ကို သူမ သေသေချာချာ စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။

တန်ယန်သည် သူမ၏ ပထမဆုံးသော ပြိုင်ပွဲတွင် ယခုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူမသည် မိမိ၏ အရည်အချင်းကို မိမိကိုယ်တိုင် ကောင်းစွာ သိရှိနေသည့်အပြင် စနစ်ဟူသော အားကိုးရာ တစ်ခုလည်း ရှိနေသည်။ သို့မဟုတ်ပါက သူမသည် မည်သို့ ဖြစ်သွားသည်ကိုပင် သိရှိလိုက်ရခြင်း မရှိဘဲ အလှည့်စား ခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုဒိုင်လူကြီးသည် ပုဂ္ဂိုလ်ရေးအကြိုက် ဟူသောအချက်ကို အကြောင်းပြချက်အဖြစ် သေချာပေါက် အသုံးပြုလိမ့်မည်ဟု သူမတွေးမိသည်။ အဘယ်ကြောင့်ဆိုသော် အကြိုက်ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ဟု တိကျသော စံနှုန်းသတ်မှတ်ချက် မရှိသောကြောင့် ဖြစ်သည်။

အကယ်၍ တဖက်လူသည် တကယ့်အရည်အချင်း အစစ်အမှန်ရှိသူ ဖြစ်ပါက ကိစ္စမရှိသော်လည်း၊ ယခုကဲ့သို့ နည်းလမ်းမျိုးကို အသုံးပြုသည်မှာ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းကို ပြသနေခြင်းသာ ဖြစ်သည်။ ထိုကျန်းမိသားစုမှ သမီးလေးသည် မည်မျှအထိ စွမ်းဆောင်နိုင်သည်ကို သူမ စောင့်ကြည့်ချင်မိသည်။

နေ့လယ်ပိုင်း ပြိုင်ပွဲများ ပြီးဆုံးသွားသည့်အခါ ကျန်းမိသားစုမှ သမီးလေးမှာ ပြိုင်ပွဲဝင်စာရင်းတွင် ပါမလာခဲ့ပေ။ မနက်ဖြန်တွင် ယှဉ်ပြိုင်မည့် သူများမှာ ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲဝင်များသာ ဖြစ်သည်။ ဤအချက်ကို တွေးမိသောအခါ တန်ယန်သည် အတော်လေး ရယ်ချင်သွားခဲ့သည်။

နောက်တစ်နေ့ မနက်တွင် တန်ယန်သည် သူမအတွက် ပြိုင်ပွဲမရှိသော်လည်း ပြိုင်ပွဲကျင်းပရာ နေရာသို့ လာရောက်ခဲ့သည်။ ပြိုင်ပွဲကွင်း အတွင်း၌ မနေ့ကထက် ကင်မရာများနှင့် မိုက်ခရိုဖုန်းများ ကိုင်ဆောင်ထားသူများ ပိုမို၍ များပြားနေသည်ကို တွေ့ရသည်။

ပြိုင်ပွဲစတင်ခဲ့သော်လည်း ထိုလူများသည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ကြသေးပေ။ တန်ယန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ရိုက်ကူးရန်အတွက် အငှားခံထားရသူများ ဖြစ်ပုံရသည်ဟု သူမယူဆလိုက်သည်။

မနက်ခင်း ပြိုင်ပွဲများ ပြီးဆုံးခါနီး အချိန်တွင် ကင်မရာနှင့် ဗီဒီယို ရိုက်ကူးသူများ စတင် လှုပ်ရှားလာကြသည်။ အလုပ်ရှင်ဖြစ်သူ စင်ပေါ်သို့ တက်ရောက်ရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။

တန်ယန်သည် နောက်ဆုံးပြိုင်ပွဲဝင် စင်ပေါ်သို့ တက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျန်းမိသားစု၏ အသည်းကျော်လေး ကျန်းဇီယွီပင် ဖြစ်သည်။

ကျန်းဇီယွီသည် ဒီဘရန်းမှ အဆင့်မြင့်ချုပ်လုပ်မှု နတ်သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံပင်များကို အလိပ်ကြီးများ ပြုလုပ်ကာ ကျောပြင်ထက်တွင် ဖြန့်ချထားသည်။ ဆံပင်တွင် တပ်ဆင်ထားသော စိန်စီခြယ်ထားသည့် အဆင်တန်ဆာမှာ စင်မြင့်ထက်က မီးရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ သူမ၏ အမူအရာတိုင်းမှာ တင့်တယ်လှပပြီး မြင့်မြတ်သောအသွင် ဆောင်နေသော်လည်း မျက်နှာတွင်မူ မာနကြီးသော အရိပ်အယောင်များ ကပ်ပါနေသည်။

သူမသည် ဒေါက်ဖိနပ်ဖြင့် စင်မြင့်အလယ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး လက်နှစ်ဖက်ကို ရှေ့တွင်ယှက်ထားသည်။ လှပသောမိတ်ကပ် ပြင်ဆင်ထားသော်လည်း "ချစ်စရာကောင်းသည်" ဟုသာ ဆိုနိုင်သည့် သူမ၏မျက်နှာသည် ပရိသတ်ကို ဂရုမစိုက်သကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင်မူ မာနထောင်လွှားသော အပြုံးဖြင့် ကြည့်နေခဲ့သည်။ သူမ၏ ရင်ထဲတွင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်အဝ ရှိနေပုံရသည်။

ဤလူသည် ပေါင်းသင်းရ ခက်မည့်သူ ဖြစ်မည်ဟု တန်ယန် ခံစားလိုက်ရသည်။ ကျန်းမိသားစုသည် မည်သို့သော အစဉ်အလာ ကြီးမားသည့် ချမ်းသာသောမိသားစု ဖြစ်နေ၍ ယခုကဲ့သို့ အမူအရာမျိုး ပြသနေရသနည်းဟု သူမ တွေးတောနေမိသည်။

【စနစ်ရှင်၊ ကျန်းမိသားစုရဲ့ ဘိုးဘေးတွေက ပင်လယ်ဓားပြတွေပါ။ C နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်မှာ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ဖျောက်ဖျက်ပြီး ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို စတင်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာမှ ချမ်းသာလာကြတာ ဖြစ်ပြီး သူတို့ရဲ့ ဗီဇထဲမှာရှိတဲ့ ဂုဏ်မက်တဲ့ စိတ်ဓာတ်ကိုတော့ ဖျောက်ပစ်လို့ မရသေးပါဘူး။ တောက်... တောက်... တောက်... နောက်ထပ် ကျွန်တော် စုံစမ်းသိရှိရတာကတော့ ကျန်းမိသားစုဟာ ကျန်းဇီယွီကို ကုမိသားစုရဲ့ အမွေဆက်ခံသူနဲ့ နီးစပ်ခွင့်ရအောင် နည်းလမ်းမျိုးစုံ သုံးနေကြတာပါ။ ဒီစန္ဒယား ပြိုင်ပွဲကလည်း သူမရဲ့တန်ဖိုးကို မြှင့်တင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အရည်အချင်းရှိတဲ့ အထက်တန်းလွှာ အမျိုးသမီးလေးတွေက ပိုပြီးတော့ မျက်နှာပန်း လှတာကိုး။】

အခြေအနေက ဤသို့ဖြစ်သည်ပေါ့။ တန်ယန်သည် နောက်ဆုံးတွင် အမှန်တရားကို နားလည်သွားခဲ့သည်။ သူမသည် အခြားသူများ၏ အောင်မြင်ရေး လမ်းစတွင် တကယ့်ကို အနှောင့်အယှက် ဖြစ်နေသော ခဲလုံးတစ်လုံး ဖြစ်နေခဲ့ခြင်းပင်။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ သူမသည် ခဲလုံးမဟုတ်ဘဲ စိန်တစ်လုံး ဖြစ်နေခြင်းပင် ဖြစ်သည်။ သူမကို အလွယ်တကူနှင့်တော့ ကန်ထုတ်ပစ်၍ မရနိုင်ပေ။

【ကျန်းဇီယွီရဲ့ ဖျော်ဖြေမှု တစ်ခုလုံးကို ဗီဒီယိုမှတ်တမ်း တင်ထားပေးပါ။】

အကယ်၍ ကျန်းဇီယွီသည် ကောင်းကောင်းမွန်မွန် တီးခတ်နိုင်လျှင် ကိစ္စမရှိသော်လည်း၊ အကယ်၍ တစ်နေရာရာတွင် မှားယွင်းသွားပါက သူမဘက်ကလည်း အသာတကြည် လွှတ်ပေးမည် မဟုတ်ဟု တန်ယန်က မကောင်းသောစိတ်ဖြင့် တွေးလိုက်မိသည်။ သူမကို အရင်လာ၍ ရန်စခဲ့သည်မှာ သူတို့မိသားစု မဟုတ်ပါလား။

All Chapters