ပြန်လည်ယှဉ်ပြိုင်မှု ရလာဒ်များ
Vol. 6 Ch. 52
ကျန်းဇီယွီ၏ ဖျော်ဖြေမှုကို နားထောင်ရာတွင် တန်ယန်၌ လုပ်ဆောင်စရာ မစ်ရှင်တစ်ခု ရှိနေသဖြင့် သူမသည် ပိုမိုအာရုံစိုက်၍ နားထောင်နေခဲ့သည်။ အမှန်တကယ်ပင် ဤပြိုင်ပွဲသို့ လာရောက်ကြသော စန္ဒယားအထူးပြု ကျောင်းသားများ၏ အဆင့်အတန်းမှာ အတော်လေး မြင့်မားလှသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း သူမထက် သာလွန်သူ တစ်ဦးတစ်ယောက်ကိုမျှ သူမ ရှာမတွေ့ခဲ့ပေ။
ယခင်က ဒိုင်လူကြီးများ ပေးထားသော အမြင့်ဆုံး ပျမ်းမျှရမှတ်မှာ ၉.၆ ဖြစ်ပြီး တန်ယန်၏ ပျမ်းမျှရမှတ်မှာ ၉.၄၆ ဖြစ်သည်။ နောက်ဆုံးပြိုင်ပွဲဝင် စင်ပေါ်မှ ဆင်းသွားပြီးနောက် ဒိုင်လူကြီးများ မည်မျှ အမှတ်ပေးမည်ကို တန်ယန်တစ်ယောက် အလွန်ပင် သိချင်နေခဲ့သည်။
ရမှတ်များမှာ မြန်မြန်ဆန်ဆန်ပင် ထွက်ပေါ်လာခဲ့ပြီး ကျန်းဇီယွီ၏ ပျမ်းမျှရမှတ်မှာ ၉.၇ ဖြစ်ရာ အရည်အချင်းစစ် ပဏာမအဆင့်တွင် ပထမနေရာ၌ ရပ်တည်နေခဲ့သည်။ ပရိသတ်များထံမှ လက်ခုပ်သံ သဲ့သဲ့လေးများ ထွက်ပေါ်လာသော်လည်း မကြာမီမှာပင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းဇီယွီ၏ မျက်နှာမှာ ခဏမျှ ပျက်သွားသော်လည်း သူမသည် ချက်ချင်းပင် ဟန်ကိုယ်ဖို့ ပြန်လည် ထိန်းသိမ်းလိုက်သည်။ သို့သော်လည်း ဤအမူအရာ အားလုံးကို ဗီဒီယို မှတ်တမ်းထဲတွင် အတိအကျ ရိုက်ကူးထားနိုင်ခဲ့သည်။
အရည်အချင်းစစ်အဆင့် ပြီးဆုံးသွားသည့်နောက် တရားဝင် ဝဘ်ဆိုဒ်တွင် ဆီမီးဖိုင်နယ်သို့ တက်လှမ်းခွင့်ရသူများ စာရင်းကို ကြေညာခဲ့ရာ တန်ယန်၏ အမည်မှာ ထင်ထင်ရှားရှား ပါဝင်နေခဲ့သည်။ တန်ယန်၏ ဆီမီးဖိုင်နယ် ပြိုင်ပွဲဝင် အမှတ်မှာ ၂၉ ဖြစ်ပြီး ကျန်းဇီယွီ၏ အရှေ့တွင် ကပ်လျက်ပင် ဖြစ်သည်။
“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ” ဟု တန်ယန်က သူမ၏မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။ “ဒီလိုစီစဉ်ထားတဲ့သူက တကယ့်ကို အရည်အချင်း ရှိတာပဲ။”
အမျိုးသားလူငယ် စန္ဒယားပြိုင်ပွဲ ကျင်းပရေးကော်မတီ ရုံးခန်းထဲတွင်မူ ဆူးဟိုင်တစ်ယောက် အကြောင်းပြချက် မရှိဘဲ နှစ်ချက်ခန့် နှာချေလိုက်မိသည်။ သူ့အကြောင်းကို မည်သူများ အတင်းပြောနေသနည်း။
သူသည် ဆီမီးဖိုင်နယ် တက်ရောက်သူများ စာရင်းနှင့် ပြိုင်ပွဲဝင် အမှတ်များကို ထုတ်ပြန်ပြီးကာစ ဖြစ်ပြီး၊ ယခုအခါ နောင်တွင် ကြော်ငြာရန်အတွက် အဆိုပါ ဆီမီးဖိုင်နယ် တက်လှမ်းသူများ၏ ပဏာမအဆင့်မှ အကောင်းဆုံး တီးခတ်မှု ပုံရိပ်များကို စုစည်းရန် ပြင်ဆင်နေသည်။ အမှန်စင်စစ် ဤအစီအစဉ်မှာ ဗိုလ်လုပွဲ တက်လှမ်းသူများ အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည်။
ကျင်းပရေး ကော်မတီသည် လိုအပ်လာပါက အသုံးပြုနိုင်ရန် ဗီဒီယို မှတ်တမ်းများကို အမြဲတမ်း ကြိုတင် ပြင်ဆင်ထားလေ့ရှိသည်။ သူသည်လည်း တာဝန်သိစိတ်ရှိသော ဝန်ထမ်းတစ်ဦး ဖြစ်သည့်အားလျော်စွာ နောက်ကျနေသည်ထက် စောစောစီးစီး ပြင်ဆင်ထားချင်သူ ဖြစ်သည်။
ထိုစဉ် ရုံးဖုန်း မြည်လာခဲ့သည်။
ဆူးဟိုင်သည် မောက်စ်ကိုချလိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို... အမျိုးသားလူငယ် စန္ဒယားပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဖြစ်ပါတယ်ခင်ဗျာ။”
“ရှောင်ဆူးလား... ငါ့ရုံးခန်းကို ခဏလာခဲ့ဦး။”
ညွှန်ကြားရေးမှူး၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရသဖြင့် ဆူးဟိုင် အနည်းငယ် အံ့သြသွားခဲ့သည်။ ဤအချိန်ကြီးတွင် ညွှန်ကြားရေးမှူးက သူ့ကိုဘာကြောင့် ခေါ်ရသနည်း။ အလုပ်တိုးတက်မှုကို မေးမြန်းချင်၍လား။ သို့သော် အချိန်မှာ နေ့လယ် နှစ်နာရီကျော်သာ ရှိသေးပြီး သူအလုပ်စလုပ်သည်မှာ မကြာသေးပေ။
လုံးဝ နားမလည်နိုင်ဘဲနှင့် ဆူးဟိုင်သည် ညွှန်ကြားရေးမှူး ရုံးခန်းသို့ ပြေးသွားခဲ့သည်။ ခဏအကြာတွင် ဆူးဟိုင်သည် မျက်မှောင်ကြုတ်လျက် ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့တော့သည်။
ညွှန်ကြားရေးမှူး၏ တောင်းဆိုချက်ကို ပြန်လည်အမှတ်ရရင်း ဆူးဟိုင်သည် ကြေညာထားပြီးသား ပြိုင်ပွဲဝင် အမှတ်စဉ်များကို ပြန်လည်ညှိနှိုင်းလိုက်ပြီး "တန်ယန်" အမည်ရှိ အပျော်တမ်း ပြိုင်ပွဲဝင်ကို နောက်ဆုံးမှ တီးခတ်ရန် စီစဉ်လိုက်သည်။
ဆူးဟိုင်သည် မိမိ၏ စားပွဲခုံသို့ ပြန်ရောက်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြိုင်ပွဲအစီအစဉ်များကို ပြောင်းလဲရန်နှင့် သက်ဆိုင်ရာ ဝန်ထမ်းများကို အကြောင်းကြားရန် စတင် လုပ်ဆောင်တော့သည်။ မူလက ညွှန်ကြားရေးမှူး၏ အကြံမှာ တရားဝင်ဝဘ်ဆိုဒ်တွင် အစီအစဉ်ကို တိတ်တဆိတ် ပြောင်းလဲလိုက်ရုံသာ ဖြစ်ပြီး ပြိုင်ပွဲဝင်များကို သီးသန့် အကြောင်းကြားရန် မဟုတ်ပေ။ သို့သော် ဆူးဟိုင်သည် ခဏမျှ စဉ်းစားပြီးနောက် ဖုန်းဖြင့်သာ အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်တွင်မူ တန်ယန်သည် ဟိုတယ်၌ ဖုန်းပြောဆိုပြီးနောက် လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ သူမ၏ပြိုင်ပွဲမှာ ချောချောမောမောနှင့် ပြီးဆုံးသွားမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပုံရသည်။
ဆီမီးဖိုင်နယ် ကျင်းပသည့်နေ့တွင် ဒိုင်လူကြီးများနှင့် ပရိသတ်များ စုံစုံလင်လင် ရောက်ရှိနေကြပြီး ထုံးစံအတိုင်း ကလေးသူငယ်အုပ်စုမှ စတင်ကာ ယှဉ်ပြိုင်ကြသည်။ ယနေ့ တန်ယန်၏ဝတ်စုံမှာ ပေါ့ပေါ့ပါးပါး စတိုင်လ်သာဖြစ်ပြီး မိတ်ကပ်ကိုလည်း ပါးပါးလေးသာ လိမ်းထားသည်။ သို့သော် သူမ၏ ပင်ကိုယ် အလှတရားမှာ ထူးထူးခြားခြား ပြင်ဆင်ထားခြင်း မရှိဘဲနှင့်ပင် လူအများကြားတွင် ထင်ရှား ပေါ်လွင်နေခဲ့သည်။
ကျန်းဇီယွီသည် တန်ယန်နှင့် တစ်တန်းကျော် ကန့်လန့်ဖြတ်နေရာတွင် ထိုင်နေသည်။ ထိုစဉ် သူမသည် တန်ယန်၏ ဘေးတိုက်မျက်နှာသွင်ပြင်အား တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ စိုက်ကြည့်နေပြီးနောက် မထီမဲ့မြင်ပြုသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
【စနစ်ရှင်၊ ကျန်းဇီယွီကတော့ တစ်ခုခုလုပ်ဖို့ ကြံစည်နေတာ သေချာတယ်။ အရှင့်ကို ကြည့်နေတဲ့ အကြည့်တွေက တကယ့်ကို မကောင်းတဲ့ အငြိုးတွေနဲ့ပဲ】
【အင်း။】
【အရှင်က တကယ်ပဲ အေးဆေးနေနိုင်တာလား။ နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား။】
【စိတ်လှုပ်ရှားစရာ မလိုပါဘူး။】
တန်ယန်သည် သူမဘာသာ တွေးလိုက်မိသည်မှာ - စိတ်လှုပ်ရှားစရာ ဘာရှိသနည်း။ အဆိုးဆုံး ဖြစ်သွားပါက မတရား လုပ်ကြံခံရပြီး ပထမဆု မရခြင်းသာ ရှိလိမ့်မည်။ ထိုသို့ဖြစ်ပါက သူမအနေဖြင့် ပိုမို ဂုဏ်သတင်း ကြီးမားသော "နိုင်ငံတကာ ရှိုပန်စန္ဒရားပြိုင်ပွဲ" ကဲ့သို့သော ပြိုင်ပွဲကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်ရုံသာ ရှိသည်။
မကြာမီမှာပင် ကျန်းဇီယွီ စင်ပေါ်သို့ တက်ရောက်ရမည့်အလှည့် ရောက်လာသည်။ ယနေ့တွင်လည်း သူမသည် နတ်သမီးဆန်ဆန် ပုံစံမျိုးကိုသာ ရွေးချယ်ထားသည်။ ကျန်းဇီယွီသည် သူမ၏ အားသာချက်နှင့် အားနည်းချက်ကို ကောင်းစွာ သိရှိသည်ဟု ဆိုရမည်။ အမှန်စင်စစ် သူမတွင် အံ့သြမှင်တက်လောက်သော အလှမျိုးထက် နူးညံ့သိမ်မွေ့သော အလှမျိုး ရှိခြင်းကြောင့် ယခုကဲ့သို့ အေးစက်စက်နှင့် တည်ငြိမ်သော စတိုင်လ်မျိုးမှာ သူမနှင့် အလွန်ပင် လိုက်ဖက်လှသည်။
ယနေ့ သူမတီးခတ်သည့် သီချင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်များက စန္ဒယားမာစတာ ဘီဖန်၏ အထင်ကရ လက်ရာတစ်ခုဖြစ်သော "မွန်းလိုက်ထ်ဆိုနာတာ" ပင် ဖြစ်သည်။ ကျန်းဇီယွီသည် ပဏာမ အဆင့်ထက် ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေပြီး တီးခတ်ရာတွင်လည်း ထင်ရှားသော အမှားအယွင်းများ မရှိခဲ့ပေ။
ခံစားချက် ဖော်ပြမှုအပိုင်းတွင် အနည်းငယ် လိုအပ်ချက် ရှိနေသော်လည်း မြင့်မားသော အမှတ်တစ်ခုကိုတော့ ရရှိနိုင်မည် ဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် အမှတ်ပေးသည့် အချိန်တွင် ကျန်းဇီယွီသည် ၉.၅ မှတ် ရရှိခဲ့ပြီး လက်ရှိအချိန်အထိ အမြင့်ဆုံးအမှတ် ဖြစ်နေခဲ့သည်။
ကျန်းဇီယွီသည် တန်ယန်ထိုင်နေသည့် နေရာကို မျက်စောင်းတစ်ချက် ထိုးကြည့်ပြီးနောက် မာနထောင်လွှားသော အမူအရာဖြင့် စင်ပေါ်မှ ဆင်းသွားတော့သည်။
နောက်တွင် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်များ အားလုံးမှာလည်း ကောင်းမွန်စွာ တီးခတ်နိုင်ခဲ့ကြသည်။ သို့သော် မည်သူမျှ ကျန်းဇီယွီ၏ ရမှတ်ကို မကျော်လွန်နိုင်ခဲ့ပေ။ စင်အောက်ရှိ ကျန်းဇီယွီ၏ နှုတ်ခမ်းများမှာ ပြုံးစိစိ ဖြစ်နေပြီး ဆီမီးဖိုင်နယ်၏ ပထမဆုမှာ သူမအတွက် သေချာနေပြီဟု ထင်မှတ်နေပုံရသည်။
နောက်ဆုံးတွင် တန်ယန် စင်ပေါ်တက်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် ယဉ်ကျေးပျူငှာစွာ ပြုံးပြပြီး ပရိသတ်ကို အလေးပြုလိုက်သည်။ သူမ စန္ဒယားရှေ့တွင် ထိုင်လိုက်စဉ်တွင် စိတ်ထဲမှ အသံတစ်ခုက သတိပေးလိုက်သည်။
【စနစ်ရှင်၊ စန္ဒယားမှာ တစ်ခုခု မှားနေတယ်။】
တန်ယန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ သူမကို စောင့်ကြိုနေသည့် အရာမှာ ဤသို့ ဖြစ်နေလိမ့်မည်ဟု မသိရှိသည့်အတွက် အံ့သြသွားခြင်းပင် ဖြစ်သည်။
【ဘယ်လို ပြဿနာမျိုး ဖြစ်လာနိုင်လို့လဲ။】
【စန္ဒယားခလုတ်တွေကို တစ်စုံတစ်ယောက်က လာကိုင်ထားတယ်။ အရှင်တီးနေတဲ့ အချိန်မှာ အချို့သော ခလုတ်တွေက အသံအနိမ့်အမြင့် လွဲချော်သွားလိမ့်မယ်။ အဲဒါက တီးခတ်နေတဲ့ တေးသံစဉ်မှာ အမှားအယွင်းတွေ ဖြစ်သွားစေနိုင်ပါတယ်။】
【ငါ့အတွက် တေးမှတ်စုမှာ အဲဒါတွေကို မှတ်သားပေးထားပါ။】
【ရပါတယ်အရှင်၊ တေးမှတ်စုမှာ ပြန်လည် မှတ်သားပေးထားပြီးပါပြီ။ အားတင်းထားပါအရှင်၊ သူတို့ကို လုပ်ပြလိုက်စမ်းပါ။ အဲဒီ ကျန်းဇီယွီကိုလည်း အရှင်ဘယ်လောက် စွမ်းလဲဆိုတာကို သိအောင် လုပ်ပြလိုက်ပါ】
ဤအချိန်တွင် ယီတျန်တျန်၌သာ အမြီးရှိပါက သေချာပေါက် အပေါ်သို့ ထောင်နေပေလိမ့်မည်။
တန်ယန်သည် တေးမှတ်စုပေါ်ရှိ သက်ဆိုင်ရာ နေရာများကို တစ်ခေါက်ပြန်လည် အာရုံပြုလိုက်ပြီးနောက် စတင် တီးခတ်တော့သည်။ သံစဉ်များမှာ သူမ၏ လက်ဖျားများမှတစ်ဆင့် နတ်သုဒ္ဓါ တေးသံကဲ့သို့ သာယာနာပျော်ဖွယ် စီးဆင်းလာခဲ့သည်။
စန္ဒယားဘေးတွင် ထိုင်နေသော မိန်းကလေးမှာ အဖြူရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး၊ သူမ၏ ပုခုံးသိုင်းကြိုးလေးပေါ်တွင်မူ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော လိပ်ပြာလေး တစ်ကောင်မှာ မီးရောင်အောက်တွင် တဖျတ်ဖျတ် လှုပ်ခတ်နေခဲ့သည်။
သူမ၏ ဆံနွယ်ရှည်များမှာ ဖားလျားချထားပြီး အသားအရေမှာ အလွန်နူးညံ့ ချောမွေ့နေခဲ့သည်။ သူမ၏ မျက်ဝန်းများမှာလည်း အကြည်လင်ဆုံးသော ကန်ရေပြင်ကဲ့သို့ ကြည်လင်တောက်ပနေရာ လူများကို စွဲမက်စေခဲ့သည်။
ပရိသတ်ကြားတွင် ထိုင်နေသော ကျန်းဇီယွီမှာမူ အစပိုင်း၌ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး ပုခုံးများမှာလည်း တုန်ယင်နေခဲ့ရာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပဲ ဖြစ်နေသည်။
သို့သော် တန်ယန်၏ ဖျော်ဖြေမှုမှာ အစမှသည် အထွတ်အထိပ်သို့ ရောက်ရှိကာ အဆုံးသတ်သွားသည်အထိ သူမ မျှော်လင့်ထားသည့် အမှားအယွင်းများ လုံးဝ ဖြစ်ပေါ်မလာခဲ့ပေ။ ထိုအချက်က သူမကို အလွန် ဒေါသထွက်သွားစေခဲ့သည်။
တေးသံစဉ် အဆုံးသတ်သွားချိန်တွင် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။ ဒိုင်လူကြီးများနှင့် ပရိသတ်များ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် တန်ယန်၏ ရမှတ်မှာ နည်းပါးလိမ့်မည် မဟုတ်ပေ။ ကျန်းဇီယွီမှာမူ သူမ၏ဒေါသကို မြိုသိပ်ရင်း နောက်ဆုံးရလဒ်ကို စောင့်ကြည့်နေခဲ့သည်။
ဒိုင်လူကြီးလေးဦးက သူမကို အမှတ်ပြည့် ပေးခဲ့ကြပြီး၊ ယခင်က အမှတ်နည်းနည်း ပေးခဲ့သော ဒိုင်လူကြီးမှာလည်း ယခုတစ်ကြိမ်တွင်မူ အလွန်အကျွံ မလုပ်ရဲတော့ဘဲ ၈.၉ မှတ် ပေးခဲ့သည်။ ထိုသို့ ဖြစ်လင့်ကစား တန်ယန်သည် တစ်ပြိုင်ပွဲလုံးတွင် အမြင့်ဆုံးရမှတ်ကို ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်၏ ထိပ်ဆုံးအဆင့်ဖြင့် ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တော့သည်။
သူမသည် ဤဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
ကျန်းဇီယွီသည် သူမ၏ မျက်နှာအမူအရာကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူမသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး စင်ပေါ်ရှိ တန်ယန်ကို တစ်ချက်စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။
တန်ယန်သည် လာဘ်စားထားသော ဒိုင်လူကြီးမှလွဲ၍ ကျန်ရှိသော ဒိုင်လူကြီးအားလုံး၏ ချီးကျူးမှုကို ရရှိခဲ့သည်။
“တန်ယန်... မင်းရဲ့ဆရာက ဘယ်သူလဲ” ဟု အဓိကအကျဆုံး ဒိုင်လူကြီးက မေးမြန်းလိုက်သည်။
“မင်္ဂလာပါ မာစတာယွီ။ ကျွန်မရဲ့ဆရာက တစ်ချိန်က မြို့တော် H ရဲ့ ဆင်ဖိုနီ သံစုံတီးဝိုင်းမှာ စန္ဒယားပညာရှင်အဖြစ် တီးခတ်ခဲ့တဲ့ မစ္စကျောက်ဖေပါ။ ဆရာ မှတ်မိဦးမလားတော့ မသိဘူးရှင့်” ဟု တန်ယန်က ရိုသေစွာဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
“ကျောက်ဖေ ဟုတ်လား” ယွီချန်းနျန်သည် ထိုကဲ့သို့သောသူကို သိသလားဟု အသည်းအသန် ပြန်လည် စဉ်းစားနေခဲ့သည်။ အသက်ကြီးလာသောကြောင့်လည်း ဖြစ်နိုင်သည်၊ သူအကြာကြီး စဉ်းစားသော်လည်း သူမနှင့်ပတ်သက်၍ ဘာကိုမျှ မမှတ်မိခဲ့ပေ။
ထို့ကြောင့် သူသည် အခြားဒိုင်လူကြီး တစ်ဦးကို ဘေးသို့ဆွဲခေါ်ကာ “ကျောက်ကြီး... တို့ရဲ့ သံစုံတီးဝိုင်းမှာ ကျောက်ဖေဆိုတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တာ မှတ်မိလား။ သူက စန္ဒယားတီးတာလေ” ဟု မေးမြန်းလိုက်တော့သည်။