ဆရာတစ်ယောက်ကို တွေ့ရှိခြင်း
Vol. 6 Ch. 53
ကျောက်ဟွေ့ရှန်းသည် ခဏမျှ စဉ်းစားနေပြီးမှ ခေါင်းခါရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ ထိပ်ပြောင်ပြောင် နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိသည်။ "အလိုလေး၊ ရှောင်ဖေးလင် မဟုတ်လား"
"ဪ... အခုမှ မှတ်မိတော့တယ်၊ ရှောင်ဖေးလင်ပဲ။ ကျောက်ဖေဆိုတဲ့နာမည်ကို ငါဘာလို့ မမှတ်မိတာလဲလို့ စဉ်းစားနေတာ၊ သူ့နာမည်ပြောင်ကိုပဲ ငါမှတ်မိနေတာကိုး။ တကယ်ကိုပဲ အသက်ကြီးလာတော့ မေ့တတ်နေပြီ" ဟု ယွီချန်းနျန်က ပြုံးလျက် ပြောဆိုသည်။ "ရှောင်ဖေးလင်က အိမ်ထောင်ကျပြီး မြို့တော် S ကို ပြောင်းသွားတော့ အလုပ်ထွက်သွားတာ ငါမှတ်မိသေးတယ်။ သူကိုယ်ပိုင် စန္ဒယားသင်တန်းကျောင်း ဖွင့်ထားတယ်လို့ကြားတယ်၊ မဆိုးပါဘူး"
"ဟုတ်ပါတယ် မာစတာယွီ။ ကျွန်မရဲ့ဆရာမက ကျွန်မတို့ မြို့တော် S က သံစုံတီးဝိုင်းမှာလည်း တစ်ခါတစ်ရံ ဧည့်သည်ပညာရှင်အဖြစ် ပါဝင်တီးခတ်ပေးပါတယ်"
"အတော်လေး ကောင်းပါတယ်။ တန်ယန်... မင်းငါ့ရဲ့ တပည့်ဖြစ်ချင်သလား။ ငါအခု အနားယူနေပြီ ဆိုပေမဲ့ မြို့တော် H ဂီတတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံထားရတယ်။ အကယ်၍ မင်းသာ ငါ့တပည့် ဖြစ်လာမယ်ဆိုရင် တခြားအရာတွေကိုတော့ အာမမခံနိုင်ပေမဲ့ မြို့တော် H က ဂီတတက္ကသိုလ်ကို တက်ခွင့်ရဖို့ကတော့ လုံးဝ ပြဿနာ မရှိစေရဘူး" ယွီချန်းနျန်သည် တန်ယန်ကိုကြည့်ရင်း ပို၍ပို၍ သဘောကျလာခဲ့သည်။ သူမသည် ဤပညာအတွက် မွေးဖွားလာသူပင် ဖြစ်သည်။
"ယွီကြီး... မင်းလုပ်တာ မတရားဘူးလေ၊ တို့လူကြီးတွေ ဒီမှာ ရှိနေသေးတယ်။ မင်းက လူကို အပိုင်သိမ်းမလို့လား။ ငါတို့ ခွင့်မပြုနိုင်ဘူး" ကျောက်ဟွေ့ရှန်းက မကျေမနပ် ပြောလိုက်သည်။ ဤယွီအိုကြီးမှာ အမြဲတမ်း ဦးသူစားစတမ်း လုပ်တတ်သူ ဖြစ်သည်၊ သူသည် အလွန်ပါးနပ်ပြီး လည်သူဖြစ်သည်။
"မာစတာယွီရဲ့ တပည့်ဖြစ်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်မက ဘေကျင်းက တက္ကသိုလ် တစ်ခုကိုပဲလျှောက်ဖို့ စီစဉ်ထားပါတယ်" တန်ယန်သည် မည်သည့်တက္ကသိုလ် တက်မည်ကို ဆုံးဖြတ်ပြီးသားဖြစ်ရာ အခြားသူများ၏ လွှမ်းမိုးမှုကို ခံမည်မဟုတ်ပေ။
"ဒါဆိုရင်လည်း အရင်ဆုံး တပည့်အဖြစ် ခံယူလိုက်ပေါ့၊ ကျောင်းကိစ္စကိုတော့ နောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့" ယွီချန်းနျန်သည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အခြေအနေအရ လိုက်လျောညီထွေစွာ ပြောဆိုလိုက်ပုံမှာ တကယ့်ကို အထင်ကြီးစရာပင် ဖြစ်သည်။
တန်ယန်ကလည်း ဆရာကောင်းတစ်ယောက် ရှိထားလျှင် အနည်းဆုံးတော့ ပဏာမအဆင့်ကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စမျိုးတွေ ထပ်မကြုံရတော့ဟု တွေးမိသဖြင့် သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။
ယွီချန်းနျန်မှာ ပျော်လွန်းသဖြင့် ကခုန်မတတ် ဖြစ်သွားခဲ့ရာ ကျောက်ဟွေ့ရှန်းနှင့် အခြားသူများမှာ မနာလိုသဖြင့် အံကြိတ်နေကြရတော့သည်။ ယွီအိုကြီးလောက် လက်မသွက်ခဲ့သော မိမိတို့ကိုယ်ကိုသာ အပြစ်တင်ရတော့မည်။ သက်ပြင်းချရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပါ...။
"ယန်ယန်... မင်းရဲ့ မိသားစုဝင်တွေကို ဖိတ်ပြီး တရားဝင် ဆရာကန်တော့ပွဲ ဘယ်တော့လုပ်မလဲဆိုတာ တိုင်ပင်ရအောင်" ယွီချန်းနျန်သည် မနက်ဖြန်ပင် အခမ်းအနားကို ကျင်းပချင်နေသော်လည်း တန်ယန်တွင် မနက်ဖြန် ပြိုင်ပွဲရှိသေးသည်ကို သတိရသဖြင့် စိတ်ကို ထိန်းလိုက်ရသည်။ ပြိုင်ပွဲပြီးမှသာ ရက်သတ်မှတ်ကြမည် ဖြစ်သည်။
"ဆရာပြောတဲ့ အတိုင်းပါပဲရှင့်" ဟု တန်ယန်က လိမ္မာယဉ်ကျေးစွာ ပြောလိုက်ပြီးမှ "ဒါနဲ့ဆရာ... ဒီနေ့ပြိုင်ပွဲမှာ သုံးခဲ့တဲ့ စန္ဒယားက တစ်ခုခု ပြဿနာ ရှိနေသလိုပဲရှင့်"
ယွီချန်းနျန်၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ ချက်ချင်း တည်တင်းသွားခဲ့သည်။ "စန္ဒယားက ဘာဖြစ်လို့လဲ"
“စန္ဒယားက အသံတွေ လွဲနေတာကြောင့် ကျွန်မပြိုင်ပွဲမှာ တီးခတ်နိုင်ဖို့အတွက် တေးမှတ်စုကို ချက်ချင်း ပြန်ညှိလိုက်ရပါတယ်” ဟု တန်ယန်က သူမသိသမျှကို ပြောပြလိုက်ရာ ယွီချန်းနျန်သာမက အခြားသော ဒိုင်လူကြီးများပါ မျက်နှာပျက်သွားကြသည်။
“ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ။ ယန်ယန့်ရဲ့ ပဏာမအဆင့် ရမှတ်ကလည်း ပြဿနာ ရှိနေခဲ့တာပဲ။ ကျုံးအိုကြီးက ဆီမီးဖိုင်နယ်မှာတောင် သူမကို အမှတ်နည်းနည်းပဲ ထပ်ပေးခဲ့သေးတယ်။ ပဏာမအဆင့်လောက် မသိသာပေမဲ့ ဒါကို သူတမင် လုပ်တာဆိုရင်တော့ ဒါဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာပဲ”
ယွီချန်းနျန်က ပြောပြီးနောက် ဘေးနားရှိ ဒိုင်လူကြီးသုံးဦးကို ကြည့်ကာ ဆက်ပြောသည်မှာ - “ဒီကိစ္စကို ဂီတအစည်းအရုံးထံ ကျွန်တော်တို့ သေချာပေါက် တိုင်ကြားရပါလိမ့်မယ်။ အကယ်၍ စုံစမ်းစစ်ဆေးမှုအရ ကျုံးအိုကြီးက တမင်သက်သက် လုပ်ခဲ့တာ ဆိုရင်တော့ အားလုံးက ဒီကိစ္စအပေါ် တရားမျှတစွာ ဆုံးဖြတ်ပေးကြဖို့ မျှော်လင့်ပါတယ်” ဟူ၍ ဖြစ်သည်။
“ဒါကတော့ သဘာဝကျပါတယ်” ၊ “ဖြစ်သင့်တာပေါ့” ၊ “ဟုတ်ကဲ့၊ အဲဒီအတိုင်း လုပ်ရမှာပါ” ဟု ဒိုင်လူကြီး သုံးဦးစလုံးက တစ်ပြိုင်နက်တည်း ပြောဆိုကြသည်။
ဤကိစ္စကို သူမ၏ ဆရာအသစ်ထံ လွှဲအပ်ခဲ့ပြီးနောက် တန်ယန်သည် လက်ပြကာ ချင်ယွီရုံနှင့်အတူ ဟိုတယ်သို့ ပြန်ခဲ့တော့သည်။
သူမ ထွက်ခွာသွားပြီးနောက် ယွီချန်းနျန်နှင့် အခြားသူများသည် ပြိုင်ပွဲတွင် အသုံးပြုခဲ့သော စန္ဒယားကို စတင် စစ်ဆေးကြသည်။ စန္ဒယားမှာ တကယ်ပင် လက်ဆော့ခံထားရသည်ကို တွေ့ရှိသွားသောအခါ ၎င်းတို့အားလုံး၏ မျက်နှာများမှာ မှောင်ကျသွားခဲ့သည်။
“ယွီကြီး... တချို့လူတွေကတော့ ဂီတအစည်းအရုံးကို ထည့်တွက်ပုံ မရတော့ဘူး” ဟု ကျောက်ဟွေ့ရှန်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ ၎င်းတို့ကဲ့သို့ လူကြီးပိုင်းများ ရှိနေသေးသည်ကိုပင် ဤလူများက ရဲတင်းလှသည်။ အကယ်၍ သူတို့သာ မရှိတော့လျှင် C နိုင်ငံ၏ ဂီတလောကမှာ မည်သည့် အရှိန်အဝါမှ ကျန်ရှိတော့မည်နည်း။
“ဟုတ်တယ်၊ အခုတလော ဂီတအစည်းအရုံးကလည်း ကမောက်ကမတွေ ဖြစ်နေတာ” ဟု အခြားဒိုင်လူကြီးဖြစ်သူ ကျန်းကျန့်က သက်ပြင်းချရင်း ဆိုသည်။
“အရင်ဆုံး စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးကြရအောင်။ ဘယ်သူလုပ်သလဲဆိုတာ ကြည့်ပြီး သက်သေရှာရမယ်” ဟု ရန့်ထန်ချင်းက သက်သေများ ဖျက်ဆီးခံရလောက်ပြီဟု တွေးမိသော်လည်း အတည်ပြုလိုသည့်အတွက် အကြံပေးလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
“ဟက်” ယွီချန်းနျန်က လှောင်ရယ်လိုက်သည်။ “အမှန်တော့ ဘယ်သူလုပ်သလဲဆိုတာ စုံစမ်းနေဖို့တောင် မလိုပါဘူး။ ပြိုင်ပွဲမတိုင်ခင်က အဲဒီကုမ္ပဏီက ကျွန်တော့်ဆီ ဆက်သွယ်လာဖူးတယ်။ သူတို့ရဲ့ အသည်းကျော် သမီးလေးကို ပထမဆု ကြိုတင် သတ်မှတ်ပေးဖို့ပေါ့။ အဲဒီတုန်းက ကျွန်တော် ငြင်းလွှတ်လိုက်တယ်” အမှန်စင်စစ် သူသည် ငြင်းရုံသာမက ဆဲဆိုလွှတ်လိုက်ခြင်း ဖြစ်သည်။
“ဟုတ်လား” ဟု ကျောက်ဟွေ့ရှန်းက အံ့သြတကြီး ရေရွတ်သည်။ “ဒါဆို ကျုံးအိုကြီးက လာဘ်စားလိုက်တာပေါ့”
“အဲဒီလိုပဲထင်တယ်။ ကျွန်တော့်ဆီကိုလည်း ဆက်သွယ်လာသေးတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ကို လှည့်စားပြီး ရှောင်လိုက်တာ” ဟု ရန့်ထန်ချင်းက ခေါင်းခါရင်း ပြောသည်။ ပြိုင်ပွဲမတိုင်ခင်ညက ဖုန်းဆက်လာပြီး သူ့ကို "ပင်ပန်းကြေး" အဖြစ် ယွမ် ၅ သိန်း ကမ်းလှမ်းခဲ့သည်ကို ပြန်လည် အမှတ်ရနေခဲ့သည်။
“ဒါနဲ့ ငါတို့အခု ဘာဆက်လုပ်ကြမလဲ။ သက်သေ အထောက်အထားမှ မရှိတာ၊ သူတို့ကို ဘယ်လိုစွပ်စွဲလို့ ရမှာလဲ။ ပြီးတော့ ပဏာမ အဆင့်တုန်းကလည်း လူတိုင်း ဒီအကြောင်းကို ပြောခဲ့ကြသေးတယ်။ ကျုံးအိုကြီးက သူ့ရဲ့ ပုဂ္ဂိုလ်ရေးအကြိုက်နဲ့ မကိုက်ညီလို့ အမှတ်နည်းနည်း ပေးတာပါလို့ ပြောခဲ့တာပဲ၊ ငါတို့ ဘာထပ်ပြောနိုင်ဦးမှာလဲ” ဟု ကျောက်ဟွေ့ရှန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူသည် မည်သူ့မျက်နှာကိုမျှ ထောက်ထားကာ ဖားတတ်သူ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း သူသည် ဂီတအစည်းအရုံး၏ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်သာ ရှိနေဆဲဖြစ်ပြီး၊ တပည့်များကို သင်ကြားပေးခြင်းနှင့် မိမိကိုယ်ကိုယ် တိုးတက်အောင် လုပ်ခြင်းဖြင့်သာ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်သူဖြစ်သည်။
“ဒီကုမ္ပဏီက ပထမဆု ရဖို့အတွက် နည်းလမ်းမျိုးစုံသုံးပြီး ယုတ်မာနေမှတော့ ငါတို့လည်း အခြေအနေကို ရှုပ်ထွေးအောင် လုပ်ပစ်လိုက်ကြတာပေါ့။ ဒီပထမဆုကို တကယ့်အရည်အချင်း အစစ်အမှန်နဲ့ပဲ ရယူစေရမယ်” ယွီချန်းနျန်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ လျှပ်ခနဲ ပေါ်သွားခဲ့သည်။ သူကိုယ်တိုင်လည်း လူငယ်ဘဝက မတရားသော ဆက်ဆံမှုများကို ကြုံတွေ့ခဲ့ဖူးသဖြင့် ယခုကဲ့သို့ ကိစ္စမျိုးကို အလွန်အမင်း ရွံရှာမုန်းတီးသူ ဖြစ်သည်။
ထို့ပြင် သူ၏ အလားအလာ အကောင်းဆုံး တပည့်ဖြစ်လာမည့်သူ ရှိနေသည်ဖြစ်ရာ၊ ဤကလေးငယ်၏ ပထမဆုံးသော ပြိုင်ပွဲတွင် မကောင်းသော အထင်အမြင်များ ကျန်ရစ်သွားအောင် သူမည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။ စိတ်ဒဏ်ရာများ ရသွားလျှင်ကော မည်သို့လုပ်မည်နည်း။ ဤမျှ ထူးချွန်သော ပါရမီရှင် တစ်ဦးကို ယုတ်မာသော လူများ၏ လက်ထဲတွင် အလဟဿ အဖြစ်မခံနိုင်ပေ။
ထိုသို့ တွေးတောရင်း သူသည် ကျန်ရှိသော ဒိုင်လူကြီးများကို နှုတ်ဆက်ကာ ပြိုင်ပွဲကျင်းပရာ နေရာမှ အလျင်အမြန် ထွက်ခွာခဲ့တော့သည်။
နောက်တစ်နေ့တွင် တန်ယန်သည် အားအင်အပြည့်ဖြင့် နိုးထလာခဲ့သည်။ ချင်ယွီရုံက သူမကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုလိုက်ပုံမှာ မနေ့က
ပြိုင်ပွဲကိစ္စများကြောင့် သူမအပေါ် မကောင်းသော သက်ရောက်မှုများ မရှိခဲ့ကြောင်း ပြသနေခဲ့သည်။
“ယန်ယန်... မြန်မြန် မနက်စာစားတော့၊ ဆံပင်နဲ့ မိတ်ကပ်ပြင်ပေးမယ့်သူ စောင့်နေပြီ” ချင်ယွီရုံက စားပွဲပေါ်တွင် အသုံးအဆောင်များကို သေသေချာချာ ပြင်ဆင်ပေးရင်း တန်ယန်ကို တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မမရုံ” တန်ယန်သည် ရှေ့တွင်ရှိသော ခမ်းနားလှသည့် မနက်စာကို ကြည့်ကာ အလွန် ပျော်ရွှင်သွားခဲ့သည်။
ယနေ့အတွက် တန်ယန်သည် ငွေရောင်ကြိုးနွယ်များပါသော ဝတ်စုံကို အပြာရောင် ကျောက်မျက်ရတနာများနှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည်။ သူမ၏ အညိုရောင် ဆံနွယ်လှိုင်းလေးများသည် ပုခုံးပေါ်တွင် ဝဲဖြာနေပြီး၊ ဆံပင်တွင် တပ်ဆင်ထားသော ဖဲပြားလေးက သူမကို ပို၍ တင့်တယ်စေပြီး ဆွဲဆောင်မှု ရှိစေသည်။ မိတ်ကပ်မှာ ပါးပါးလေးသာ ဖြစ်သော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာမူ ထင်ရှားနေဆဲပင် ဖြစ်သည်။
တန်ယန်သည် မှန်ထဲ၌ မိမိကိုယ်မိမိ သေသေချာချာ ပြန်လည် ကြည့်ရှုပြီးနောက် ယုံကြည်မှုရှိသော အပြုံးတစ်ခုနှင့်အတူ ဗိုလ်လုပွဲသို့ ထွက်ခွာခဲ့သည်။
ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်သူ ၁၂ ဦး ရှိသည်။ ပြိုင်ပွဲဝင် အစီအစဉ်ကို ထိုနေရာတွင်ပင် မဲနှိုက်ကြရာ တန်ယန်သည် အမှတ်စဉ် ၁၁ ကို ရရှိခဲ့သည်။ ကံမကောင်းစွာဖြင့် အမှတ်စဉ် ၁၂ ကို ရရှိသူမှာ ကျန်းဇီယွီပင် ဖြစ်သည်။
မဲနှိုက်ပြီးနောက် ကျန်းဇီယွီ၏ မျက်နှာမှာ မှောင်ကျသွားခဲ့သည်။ သူမသည် မဲကတ်ပြားကို လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ ပတ်ဝန်းကျင်တွင်လည်း မည်သူမျှ အနားမကပ်ရဲလောက်သော အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
သူမသည် ယခုနှစ် စန္ဒယားပြိုင်ပွဲ၏ အကြီးဆုံးသော အောင်နိုင်သူနှင့် ချန်ပီယံ ဖြစ်သင့်သူပင်။ သို့သော် ယခုအခါတွင်မူ ထိုယုံကြည်မှုများ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သူမသည် တန်ယန်ကို ရန်ငြိုးဖြင့် စိုက်ကြည့်နေခဲ့သည်။ အပျော်တမ်း ပြိုင်ပွဲဝင်တစ်ဦးနှင့် ယှဉ်ပြိုင်ရလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ဤအမျိုးသမီးမှာ သူမ၏ အကြီးမားဆုံးသော အဟန့်အတား ဖြစ်လာနိုင်သည်။ ဤမိန်းကလေးက သူမ၏ပြိုင်ဘက်ဖြစ်ရန် မည်သို့ ထိုက်တန်ပါမည်နည်း။
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အခြေအနေများက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ သူမ၏ ရည်မှန်းချက်ကို အောင်မြင်ရန် အခြားနည်းလမ်းကိုသာ ရှာဖွေရတော့မည် ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်လျှင်မူ သူမအနေဖြင့် အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိတော့မည် မဟုတ်သလို၊ လူထုကြားတွင်လည်း နာမည်ကျော်ကြားလာတော့မည် မဟုတ်ပေ။ နောက်ဆုံးတွင် မည်သူက ချန်ပီယံ ဖြစ်သွားသည်ကိုကော မည်သူက ဂရုစိုက်နေဦးမည်နည်း။
ကျန်းဇီယွီသည် သူမ၏ စိတ်နေစိတ်ထားကို ပြန်လည် ပြုပြင်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူမသည် ကျန်းမိသားစု၏ သမီးကြီး မဟုတ်ပါလား။ လမ်းဘေးဝဲယာမှ ထွက်ပေါ်လာသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပိုးမွှားများကိုမူ နောက်ပိုင်းတွင် ချေမှုန်းပစ်ရန် နည်းလမ်းများစွာ သူမတွင် ရှိနေပြီးသား ဖြစ်သည်။ သူမ၏လမ်းတွင် လာရောက် ပိတ်ဆို့နေသူများကိုသာ အပြစ်တင်ရပေလိမ့်မည်။ ဟား....