← Chapters

တန်ယန် အပြစ်တင် စွပ်စွဲခံရခြင်း

Vol. 6 Ch. 56

တန်ယန် အပြစ်တင် စွပ်စွဲခံရခြင်း

Vol. 6 Ch. 56

တန်ယန်သည် ထိုကိစ္စကို မှတ်သားထားလိုက်ပြီး မနက်ဖြန်တွင် ချင်ယွီရုံနှင့် ထပ်မံ တိုင်ပင်ကာ အိမ်ထိန်းတစ်ဦး ငှားရမ်းရန် စီစဉ်လိုက်သည်။

နောက်တစ်နေ့တွင် တန်ယန်သည် ပုံမှန်နိုးနေကျ အချိန်ဇယားကြောင့် စောစောစီးစီး နိုးလာခဲ့သည်။

“မင်္ဂလာပါရှင်။ ဒီနေ့က အားလပ်ရက်ပဲကို ယန်ယန်က ဘာလို့ အိပ်ရေးဝဝ မအိပ်တာလဲ” ချင်ယွီရုံက သူမထွက်လာသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်ပြီး ပြင်ဆင်ထားပြီးသား မနက်စာကို သွားယူပေးသည်။

“မင်္ဂလာပါ မမရုံ။ သမီးရဲ့ ခန္ဓာကိုယ်က အိပ်ရာထဲမှာ ဆက်နေဖို့ ခွင့်မပြုလို့ပါ” ဟု ပြောရင်း သူမက နောင်တရသလို ခေါင်းခါပြလိုက်သည်။

သူမက နှာခေါင်းကို ရှုံ့လိုက်ရင်း “မွှေးလိုက်တာ... မမရုံ ဘာတွေချက်ထားတာလဲဟင်” ဟု မေးလိုက်သည်။ ဟိုတယ်၏ အဆင့်မြင့် ခန်းမတွင် မီးဖိုချောင် အသေးစားလေးတစ်ခု ပါဝင်ရာ ပြီးခဲ့သည့် နှစ်ရက်အတွင်း အပြင်မှာ မစားဖြစ်လျှင် သို့မဟုတ် ဟိုတယ်အစားအသောက် မမှာဖြစ်လျှင် ချင်ယွီရုံကပင် တာဝန်ယူ ချက်ပြုတ်ပေးလေ့ ရှိသည်။

“ဒီနေ့တော့ ပင်လယ်စာဆန်ပြုတ် ချက်ထားတယ်၊ ဂျင်းမျှင်လေးတွေကို ရှာလကာရည်နဲ့လည်း သုပ်ထားတယ်နော်။ ဟိုဘက်မှာ အချိုပွဲအနေနဲ့ ပြောင်းဖူးချိစ်ဖုတ်နဲ့ ကန်စွန်းဥလေးတွေလည်း ရှိသေးတယ်။ မမ မြည်းကြည့်တာတော့ တော်တော်လေး အရသာရှိတယ်” ချင်ယွီရုံသည် အသက် ၃၅ နှစ်သာ ရှိသေးသော်လည်း သူမ၏ မျက်ဝန်းများမှာ တန်ယန်၏ မိခင်ကဲ့သို့ပင် တန်ယန်အပေါ် ချစ်ခင်ကြင်နာမှုများ အပြည့်ရှိနေခဲ့သည်။

“စားပွဲကြီးပါလား၊ ကျေးဇူးအများကြီး တင်ပါတယ် မမရုံ”

စားဖိုမှူး တစ်ယောက်အတွက် အကောင်းဆုံး တုံ့ပြန်မှုမှာ သူချက်ထားသမျှကို ကုန်အောင်စားပေးခြင်းပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချင်ယွီရုံက အချိုးအစားကို သေသေချာချာ တွက်ချက်ကာ ချက်ပြုတ်ပေးထားသဖြင့် တန်ယန်တစ်ယောက် ဗိုက်ထွက်အောင် စားမိသည့်ဘေးမှ လွတ်ကင်းသွားခဲ့ခြင်း ဖြစ်သည်။

မနက်စာ စားပြီးနောက် အိမ်ထိန်းငှားမည့် ကိစ္စကို သတိရကာ တန်ယန်က ချင်ယွီရုံကို ပြောလိုက်သည်။ “မမရုံ... သမီးအတွက် အိမ်ထိန်းတစ်ယောက်လောက် ထပ်ငှားပေးပါဦးနော်။ မမရုံကို ကူညီပေးရမှာဆိုတော့ ဘယ်လိုလူမျိုး ဖြစ်ရမလဲဆိုတာ မမရုံပဲ ဆုံးဖြတ်လိုက်ပါ။”

“နောက်ဆို သမီးနဲ့အတူ အပြင်သွားရင် အိမ်မှာ တစ်ခုခုဆို ကြည့်ပေးမယ့်သူ လိုတယ်လေ။ ဒါမှ ဒေါ်လေးတို့ မေမေတို့ အလုပ်ရှုပ်နေရင်တောင် ကလေးနှစ်ယောက်ကို ကြည့်ပေးမယ့်သူ ရှိမှာ။”

ချင်ယွီရုံက ခေါင်းညိတ်ပြီး “ကောင်းပါပြီ၊ ဒါဆို ဒီနေ့ပဲ အိမ်အကူ ရှာပေးတဲ့ အေဂျင်စီကို သွားလိုက်ပါ့မယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

တန်ယန်သည် လုပ်စရာရှိသည်များကို မှာကြားပြီးနောက် သူမဘာသာ အေးအေးဆေးဆေး နားနေလိုက်သည်။ ချင်ယွီရုံက အရာရာကို စနစ်တကျ လုပ်ဆောင်ပေးလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ ယခုသူမ စဉ်းစားနေသည်မှာ ညဘက် လေလံပွဲတွင် မစ်ရှင်အောင်မြင်ရန် ပိုက်ဆံမည်မျှ သုံးရမည် ဆိုသည်ကိုသာ ဖြစ်သည်။

ညနေပင် မရောက်သေးမီ ချင်ယွီရုံက တည်တင်းသော မျက်နှာထားဖြင့် တန်ယန်ကို အခန်းထဲမှ ဆွဲထုတ်လာခဲ့သည်။ ချင်ယွီရုံက သူမ၏ iPad ကို ထုတ်လိုက်ပြီး Weibo ပေါ်တွင် လူပြောများနေသော ခေါင်းစဉ်တစ်ခုကို ပြလိုက်သည်။ “ယန်ယန်... ကျန်းမိသားစုကတော့ ငြိမ်နေပုံ မရသေးဘူး။”

တန်ယန် iPad ကို ယူကြည့်လိုက်ရာ လူပြောများနေသော အမှတ်စဉ် ၁၅ တွင် “ချင်းကန်းပြိုင်ပွဲ၏ အရှုပ်တော်ပုံ” နှင့် အမှတ်စဉ် ၁၀ တွင် “ကျန်းမိသားစု သမီးလေး၏ Like ပေးမှု” ဟူသော ခေါင်းစဉ်များ ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ဖြစ်ရပ်က မနေ့ညက စတင်ခဲ့ခြင်း ဖြစ်သည်။ "လီဖန်" အမည်ရှိ ဘလော့ဂါတစ်ဦးက ယခုနှစ် အမျိုးသားလူငယ် စန္ဒယားပြိုင်ပွဲ၏ ပထမဆု ရလဒ်တွင် မသင်္ကာစရာ တစ်ခုခု ရှိနေကြောင်း အရိပ်အမြွက် ရေးသားခဲ့သည်။

လီဖန်: ဒီနှစ် အမျိုးသားလူငယ် စန္ဒယားပြိုင်ပွဲက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမဆု ရတဲ့သူက ဘယ်သူမှန်း မသိတဲ့ အပျော်တမ်း ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်နေတယ်။ သူ့ရဲ့ အတိတ်မှတ်တမ်းတွေကို ပြန်စစ်ကြည့်တော့လည်း စန္ဒယားနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲမျိုး တစ်ခါမှ မပြိုင်ဖူးဘူး။ ဒီလောက် မြင့်မားတဲ့ရမှတ်နဲ့ ပထမဆုကို ဘယ်လိုများ ရသွားတာလဲ၊ ဒီအောင်မြင်မှုက တရားမျှတမှု ရှိမရှိဆိုတာ သိချင်မိပါရဲ့။ 【နှာခေါင်းနှိုက်နေသည့်ပုံ】

အစပိုင်းတွင် ဤပို့စ်မှာ လူသိသိပ်မများခဲ့သော်လည်း ယနေ့မနက်တွင် ကျန်းဇီယွီ၏ အကောင့်ရင်းမှ ထိုပို့စ်ကို Like ပေးခဲ့ပြီးမှ ပြန်ဖြုတ်လိုက်ကာ သူမအိမ်တွင် စန္ဒယားတီးနေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။

သို့သော် သူမတီးခတ်သည့် သီချင်းမှာ "လူပြက်" ဖြစ်နေသည်မှာ အတော်လေး စဉ်းစားစရာပင်။ ကျန်းဇီယွီသည် အွန်လိုင်းပေါ်တွင် ချမ်းသာသော သူဌေးသမီးပုံစံကို အမြဲတမ်း ပုံဖော်ထားလေ့ ရှိသဖြင့် သူမ၌ Follower အတော်များများရှိပြီး အတိုင်းအတာ တစ်ခုအထိ နာမည်ကြီးသူ ဖြစ်သည်။

အထူးသဖြင့် မြို့တော် H တွင် နေထိုင်သူတိုင်း ကျန်းမိသားစု အကြောင်းကို သိကြသည်။ ထိုလူအုပ်စု၏ အမွှန်းတင်မှုများကြောင့် ကျန်းဇီယွီ၏ ပရိသတ်များက သူမကို "မမလေး" ဟုပင် ခေါ်ကြသည်။ သူမသည် အမြဲတမ်း အမွှန်းတင်ခံရခြင်းကို နှစ်သက်သူဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း Weibo ပေါ်သို့တင်ရန် ပုံအမျိုးမျိုးကို သေသေချာချာ ရွေးချယ်၍ ရိုက်ကူးခဲ့သည်။ သို့သော် ထိုဓာတ်ပုံများထဲတွင် သာမန်လူများ မမြင်နိုင်သည့် အဖိုးတန် ပစ္စည်းများ ပါဝင်နေခြင်းက သူမ၏ သူဌေးသမီး ဂုဏ်ပုဒ်ကို ပိုမိုခိုင်မာစေခဲ့ပြီး Weibo ပေါ်တွင် နေရာတစ်ခု ရရှိစေခဲ့သည်။

ကျန်းဇီယွီက Like ပြန်ဖြုတ်လိုက်ပြီးနောက် အဆိုပါ ဘလော့ဂါက နောက်ထပ်စာတစ်စောင် ထပ်တင်ခဲ့ပြန်သည်။

လီဖန်: ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေ အရတော့ ချင်းကန်းပြိုင်ပွဲရဲ့ အောင်နိုင်သူဟာ မာစတာယွီ အသစ်စက်စက် လက်ခံလိုက်တဲ့ တပည့်ရင်း ဖြစ်နေတယ်လို့ သိရပါတယ်။ 【လျှာထုတ်ပြနေသည့်ပုံ】

ဤအဆင့်တွင် Trending ခေါင်းစဉ်ကြောင့် ရောက်လာသူများသည် ငှားရမ်းထားသော အွန်လိုင်း ဝေဖန်ရေးသမားများ၏ လှည့်စားမှုကို ခံလိုက်ရပြီး "မတရားမှုကို နာကျည်းသူများ" အသွင်ဖြင့် မှတ်ချက်ကဏ္ဍတွင် ဝိုင်းဝန်းကာ ဗရုတ်သုတ်ခ ရေးသားကြတော့သည်။ ထိုမှတဆင့် တန်ယန်၏ Weibo အကောင့်မှာလည်း ပါဝင်လာခဲ့သည်။ လူများစွာသည် သူမ၏ အကောင့်သို့ သွားရောက်ကာ ဆဲဆိုစော်ကားမှုများ ပြုလုပ်ကြသဖြင့် ကြည့်ရသူများပင် အသက်ရှူ ကျပ်ရလောက်သည့် အခြေအနေ ဖြစ်လာခဲ့သည်။

တန်ယန်သည် သူမ၏ ဖုန်းကိုထုတ်ကာ Weibo အကောင့်ထဲသို့ ဝင်လိုက်သည်။ သီးသန့်စာတိုများတွင် 99+ ဟု ပြနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ထိုမက်ဆေ့ချ်များကို ဖွင့်မဖတ်ဘဲ ချင်ယွီရုံကို အဆိုးရွားဆုံး ဆဲဆိုထားသည်များကို သက်သေအဖြစ် ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။

သူမသည် သုံးစရာရှိနေသော ပိုက်ဆံများကို မည်သို့ကုန်အောင် သုံးရမလဲဟု တွေးပူနေချိန်တွင် ယခုကဲ့သို့ မစ်ရှင်ပြီးမြောက်အောင် ကူညီပေးမည့်သူများ ပေါ်လာသဖြင့် ဝမ်းသာရမည့်အစား စိတ်ပျက်မိသည်။ သူမသည် ကျန်းဇီယွီနှင့် သူမနောက်ကွယ်က ကျန်းမိသားစုကို သွားရောက် မနှောင့်ယှက်ရသေးသော်လည်း၊ သူတို့ကမူ သူမရှေ့သို့ ကိုယ်တိုင်လာရောက်၍ ရန်စနေကြပြီ မဟုတ်ပါလား။

တန်ယန်၏ Weibo ပို့စ်အသစ် - “ဒီဘလော့ဂ်ရဲ့ မှတ်ချက်ကဏ္ဍကတော့ ရှုပ်ပွနေတာပဲ။ မျက်စိအေးသွားအောင် ကံစမ်းမဲလေး ဖောက်ပေးလိုက်မယ်။ ဒီဘလော့ဂါ (ကျွန်မ) ကို ချီးမွမ်းတဲ့မှတ်ချက် ရေးသူတွေထဲကနေ ကံထူးရှင်တွေကို ကျပန်းရွေးချယ်ပြီး တစ်ဦးကို ငွေသား ယွမ် ၁ သိန်းစီ ပေးပါမယ်။ နောက်မိနစ် ၃၀ အတွင်း ကံထူးရှင်စာရင်း ကြေညာပေးမှာပါ။ ကျွန်မကို ဝေဖန်ဆဲဆိုထားတဲ့ အကောင့်တွေကတော့ ပါဝင်ခွင့် မရှိပါဘူး။”

【Weibo အသုံးပြုသူ dewirj312】: အားပါးပါး၊ ခုနတင် ဆဲမလို့လုပ်နေတာ၊ ပို့စ်ကိုမြင်လိုက်လို့ ရေးလက်စတွေကို ချက်ချင်း ပြန်ဖျက်လိုက်ရတယ်။ ဒီဘလော့ဂါလေးကတော့ တကယ့်ကို နတ်သမီးလေးလို လှတာပဲဗျာ၊ ကျွန်တော့်ကိုပဲ ရွေးပေးပါတော့။

【ငါးကြီးရှေ့က ငါးစာလေး】: အပေါ်ကလူပြောတာ ကြည့်ပြီး ရယ်လိုက်ရတာ။ ကျွန်မကတော့... ကျွန်မကတော့ ဘလော့ဂါလေးကို စိတ်ထဲရှိတဲ့အတိုင်း ချီးမွမ်းပါတယ်။ ဘလော့ဂါလေးက လှလည်းလှတယ်၊ စိတ်ထားလည်းကောင်းတယ်၊ ဆုလေးပေးပါဦးနော်! 【ရယ်လွန်းလို့ မျက်ရည် ထွက်သည့်ပုံ】

【ပီနိုခီယိုရဲ့ နှာခေါင်း】: ဖြစ်နိုင်ခြေ နည်းမယ်ထင်ပေမဲ့ ဝင်ပါလိုက်ပြီ။ တကယ်လို့များ... ဘလော့ဂါလေးက နတ်သမီးလေးပဲ၊ အရည်အချင်းကလည်း အပြည့်... (ကျန်ရှိသော ချီးမွမ်းခန်းများကို ဖတ်ရှုလိုပါက အခကြေးငွေ ပေးဆောင်ပါ)

【ပိုးသတ်ဆေးသောက်ပြီး မူးနေသူ】: ကျွန်တော်က အင်တာနက် အရမ်းစွဲတဲ့သူပါ၊ ဒီဘလော့ဂါလေး အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုက သာမန် ပရိတ်သတ်တွေထက် အများကြီး သာပါတယ်။ ကျွန်တော့်ကို သိပေးပါဦး။【ဆုတောင်းနေသည့်ပုံ】

【မက်မွန်သီးလေး】: ဒီလောက်ကောင်းတဲ့ ဘလော့ဂါလေးကို နောက်ကွယ်ကနေ ဘယ်သူတွေကများ မကောင်းပြောရဲတာလဲ။ အဲဒါ သေတွင်းတူးတာပဲ၊ သူတို့တွေ ရူးနေတာ သေချာတယ်။ ကျွန်မကတော့ မတူဘူး၊ ဘလော့ဂါလေးကို ချစ်တဲ့အကြောင်းပဲ ဝန်ခံချင်တယ်။ လှတာတင်မကဘူး၊ လူကလည်း အရမ်းပြည့်စုံတာ။ ဆုံးဖြတ်လိုက်ပြီ၊ ဒီနေ့ကစပြီး သူမရဲ့ သစ္စာရှိတဲ့ ပရိတ်သတ် ဖြစ်တော့မယ်။

【နှလုံးသားပုံများ + ဓာတ်ပုံများစွာ တင်ထားသည်】

ခဏအတွင်းမှာပင် တန်ယန်၏ Weibo တစ်ခုလုံးမှာ ချီးမွမ်းခန်းများဖြင့် ပြည့်နှက်သွားပြီး သူမကို ပါးစပ်မစိနိုင်အောင် ပြုံးပျော်သွားစေခဲ့သည်။

ဝီ... ဝီ... ဝီ... ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ သူမ၏ ဆရာဖြစ်သူထံမှ ဖြစ်သည်။ Weibo ပေါ်က ကိစ္စများကြောင့် ဆက်လာခြင်း ဖြစ်မည်။

“ဟယ်လို... ဆရာ၊ ဘယ်လိုနေလဲဟင်” တန်ယန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“ယန်ယန်... Weibo ပေါ်က ကိစ္စတွေအတွက် စိတ်မပူနဲ့နော်။ ဆရာ ပြန်ကြားရေးအဖွဲ့ကို ဗီဒီယိုတစ်ခု ပြင်ခိုင်းထားပြီးပြီ၊ ခဏနေရင် Weibo မှာ အချက်အလက် အမှန်တွေကိုတင်ပြီး ရှင်းပြပေးလိမ့်မယ်” ယွီချန်းနျန်သည် သူ၏တပည့်လေး စိတ်မကောင်း ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ကိစ္စများ စီစဉ်ပြီးသည်နှင့် နှစ်သိမ့်ရန် ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။

“သမီး ဘာမှမဖြစ်ပါဘူး ဆရာ။ စီစဉ်သူ ကော်မတီကနေ Weibo ပေါ်တင်ပြီးရင် သမီးဘက်ကလည်း အရှိန်အဟုန်မြှင့်ပြီး ထပ်လုပ်လိုက်ပါ့မယ်”

......

တန်ယန်ဖုန်းချလိုက်ပြီး နောက်တွင် ကံထူးရှင် ရွေးချယ်ရမည့် အချိန်သို့ ရောက်ရှိလာသည်။ ချင်ယွီရုံက ကံထူးရှင် စာရင်းကို သေသေချာချာ စိစစ်တည်းဖြတ်ပေးထားပြီး ဖြစ်ရာ တန်ယန်အနေဖြင့် ထုတ်ပြန်ပေးရန်သာ လိုတော့သည်။

တန်ယန်: ကံထူးရှင်တွေ ထွက်ပေါ်လာပါပြီ။ ကံထူးရှင် စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကံထူးရှင်များ အနေနဲ့ အဖွဲ့လိုက် ဖိတ်ကြားချက်ကို လက်ခံပေးကြပါ၊ နောက် ၅ မိနစ်အတွင်း ငွေသားလက်ဆောင် စာအိတ်အနီများ ပို့ပေးပါ့မယ်။

အဖွဲ့ထဲသို့ ဝင်လာသူတိုင်းကို ယွမ် ၁ သောင်းတန် စာအိတ်အနီ တစ်ခုစီ ပို့ပေးပြီးနောက်တွင် ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ရှင်းလင်းချက်ပို့စ် ထွက်လာသည်ကို တန်ယန် တွေ့ရှိလိုက်ရသည်။

“အမျိုးသားလူငယ် စန္ဒယားပြိုင်ပွဲသည် အမြဲတမ်း တရားမျှတမှု၊ ဘက်လိုက်မှု ကင်းမှုနှင့် ပွင့်လင်းမြင်သာမှု ရှိခြင်းဟူသော မူဝါဒများကို လိုက်နာကျင့်သုံးခဲ့ပြီး၊ ဂီတလောက၏ ကိုယ်ကျင့်တရားနှင့် ယုံကြည်ချက်များကို ထိခိုက်စေမည့် မည်သည့်ဖြစ်ရပ်မျိုးမျှ မရှိခဲ့ဖူးပါ။ ကျွန်ုပ်တို့သည် အများပြည်သူ၏ စောင့်ကြည့် စစ်ဆေးမှုကို အမြဲတမ်း လက်ခံသွားမည်ဖြစ်ပြီး၊ နောင်တွင်လည်း ထူးချွန်သော လူငယ်များစွာ ဤစင်မြင့်ထက်သို့ ရောက်ရှိလာကာ C နိုင်ငံ၏ ဂီတလောကကို ပိုမိုတောက်ပအောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အောက်ပါဗီဒီယိုမှာ ယခုနှစ် ပြိုင်ပွဲဝင်များ၏ ထူးခြားသော ဖျော်ဖြေမှုအချို့ ဖြစ်ပါသည်။ ကြည့်ရှု ခံစားပေးကြပါဦး။” 【ဗီဒီယို】

All Chapters