ကြက်လေးတစ်ကောင်အတွက် အသားဖြတ်ဓားကြီး လိုအပ်သလား
Vol. 6 Ch. 57
တရားဝင် Weibo အကောင့်က ရှင်းလင်းချက် ထုတ်ပြန်ပြီးနောက် မာစတာ ယွီချန်းနျန်သည်လည်း နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပစ်ထားခဲ့သော သူ၏ Weibo အကောင့်ထဲသို့ ဝင်ကာ ရှင်းလင်းချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ယွီချန်းနျန်: ဒီနှစ် ချင်းကန်းစန္ဒယားပြိုင်ပွဲမှာ ထူးခြားတဲ့ ပါရမီရှင်တစ်ဦးဖြစ်တဲ့ ပြိုင်ပွဲဝင် တန်ယန်ကို ရှာဖွေတွေ့ရှိခွင့် ရခဲ့တာ ကျွန်တော့်အတွက် တကယ့်ကို ကံကောင်းခြင်း တစ်ခုပါ။ သူမရဲ့ စန္ဒယား တီးခတ်နိုင်စွမ်းက အံ့မခန်းပါပဲ။ ဆီမီးဖိုင်နယ် အပြီးမှာတော့ ကျွန်တော့်ရဲ့ နောက်ဆုံးပိတ် တပည့်အဖြစ် လက်ခံဖို့ မစောင့်နိုင်တော့တာနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ မထင်မှတ်ဘဲ ကျွန်တော့်ကြောင့်ပဲ ကျွန်တော့်ရဲ့ တပည့်လေးဟာ အများပြည်သူရဲ့ သံသယဝင်ခြင်းနဲ့ တိုက်ခိုက်ခြင်းတွေကို ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီနေရာမှာ တစ်ခုရှင်းပြလိုတာက - ဘက်လိုက်မှု ကင်းစေဖို့အတွက် ဗိုလ်လုပွဲနေ့မှာ တန်ယန်ရဲ့ ဖျော်ဖြေမှုအပေါ် အမှတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ ကျွန်တော် လုံးဝ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲဟာ တန်းတူညီမျှ အမှတ်ပေးစနစ်ကို အသုံးပြုထားတာဖြစ်လို့ တန်ယန်ရဲ့ ရမှတ်တွေကို ကျန်တဲ့ ဒိုင်လေးဦးကပဲ ပေးခဲ့တာဖြစ်ပြီး အမှတ်ပေးတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကိုလည်း ဗီဒီယိုမှတ်တမ်း တင်ထားပါတယ်ခင်ဗျာ။ 【ဗီဒီယို】
မကြာမီမှာပင် ချင်းကန်းပြိုင်ပွဲ၏ တရားဝင်အကောင့်က ယွီချန်းနျန်၏ပို့စ်ကို ပြန်လည်မျှဝေခဲ့သည်။ အင်တာနက် အသုံးပြုသူ အများအပြားကလည်း မှတ်ချက်ကဏ္ဍတွင် ဝိုင်းဝန်း ဆွေးနွေးလာကြတော့သည်။
【လှိုင်းနောက်လိုက်သူ】: ကျွန်တော် နည်းနည်းတော့ သိချင်မိတယ်၊ တန်ယန်ရဲ့ နောက်ခံက ဘာများပါလိမ့်။
【မူကြိုမှာ အညံ့ဆုံးကလေး】: ဒီပထမဆုရတဲ့ မိန်းကလေးက တကယ်ကို ရုပ်ချောတာပဲဗျာ။
【သက်တမ်းကုန်နေတဲ့ COCO သောက်မိသူ】: လမ်းကြုံလို့ ဝင်မေးတာပါ။ မသိလို့ မေးတာပါနော်... ယွီချန်းနျန်ဆိုတာ ဘယ်သူလဲဟင်။
【ဖီဖ်ဇီ】: ယွီချန်းနျန်ဆိုတာ C နိုင်ငံရဲ့ ကျော်ကြားတဲ့ စန္ဒယား ပညာရှင်ကြီးလေ။ လက်ရှိမှာ တရုတ်ဂီတ ပညာရှင်များအသင်း စန္ဒယားအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သလို မြို့တော် H ဂီတတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခလည်း ဟုတ်တယ်... 【လင့်ခ်】
【အေးချမ်းသောခေတ်】: နေပါဦး... ဘာတွေဖြစ်ကုန်တာလဲ။ 【လုံးဝကို ကြောင်သွားသည့်ပုံ】.jpg
【အတည်ပြုကုဒ် သူဌေးသား】: LS (အပေါ်ကလူ) ရေ... ဖြစ်စဉ်တစ်ခုလုံးကို ငါ အကျဉ်းချုပ်ပေးမယ်...
【ခြောက်လုံးပြူး ဗိုက်သားပိုင်ရှင်】: အမှန်အတိုင်းပြောရရင် ဒီလိုပြိုင်ပွဲမျိုးကို လူနည်းစုပဲ စိတ်ဝင်စားကြတာ၊ အခုလို ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာတာကတော့ တကယ့်ကို အံ့သြစရာပဲ။
【ပြုံးနေသည့်ပုံ】
【လှိုင်းစီးကျွမ်းကျင်သူ】: ဒီကိစ္စမှာ ထူးဆန်းတာက သူဌေးသမီး ကျန်းဇီယွီ ပါဝင်ပတ်သက်နေတာပဲ။ သူမ မရနိုင်တဲ့အရာကို ဖျက်ဆီးပစ်ချင်လို့လား။ 【ပြုံးစိစိလုပ်နေသည့်ပုံ】
【သက်တမ်းကုန်နေတဲ့ COCO သောက်မိသူ】: ဗဟုသုတတွေ ဖတ်ပြီးသွားတော့... ဆရာကြီးကို ဦးညွှတ်လိုက်ပါပြီ။ ပညာရှင်ကြီးကို တကယ် အထင်ကြီးသွားပြီ။ 【ဒူးထောက်နေသည့်ပုံ】
【ကျောက်ကပ်အိတ်ကပ်ထဲ ထည့်ထားသူ】: ဗီဒီယိုကို ကြည့်ပြီးတာနဲ့ တန်ယန်ရဲ့ပရိတ်သတ် ဖြစ်သွားပြီ။ တကယ့်ကို အဖိုးတန်လေးပဲ၊ သူမ စန္ဒယားတီးတာကို မကြားဖူးဘူး ဆိုရင်တော့ တကယ်ကို မယုံနိုင်စရာပဲ။
【ခြင်ကိုက်လို့ သွေးအားနည်းနေသူ】: ငါတို့ မမယန်အကြောင်း မကောင်းပြောရဲတဲ့သူရှိရင် ငါနဲ့တွေ့မယ်၊ ဂရုမစိုက်ဘူးနော်။【ဓားထုတ်နေသည့်ပုံ】
【GIAO လေး ပင်ပန်းနေပြီ】: ဒီလိုအဆင့်မျိုးကိုမှ ပွဲစီစဉ်သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ ပြောနေကြတာလား။ ဒါဆိုရင် ကျွန်တော်တို့ တီးနေတာတွေက ဂွမ်းဖတ်တွေလားဗျာ။【ပြုံးနေသည့်ပုံ】
【မိုးနတ်မင်း 11323】: လီဖန်ရေ... ငါ့မမတန်ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီးတဲ့သူ မှန်သမျှ "နောက်ကွယ်က ကြိုးကိုင်မှု" ဆိုတဲ့ စကားလုံးကို ဟရဲပါဦးမလား။ ခုတော့ နောင်တရနေပြီမလားလို့ မေးပါရစေဦး။
...
ဘလော့ဂါ လီဖန် တစ်ယောက်ကတော့ တကယ်ကို နောင်တရနေပြီ ဖြစ်သည်။ သူသည် ပရိသတ်များအပေါ် အမှီပြုပြီး အခကြေးငွေယူကာ ပို့စ်တင်ခြင်း၊ မှတ်ချက်ရေးခြင်းတို့ဖြင့် အသက်မွေးသူ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဤမျှအထိ ပြန်လည် ရိုက်ခတ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘာတတ်နိုင်မှာလဲ၊ ပိုက်ဆံယူမိတာကိုး။ အခုတော့ ငြိမ်ငြိမ်လေးပဲ နေရတော့မည်။ ဒီကိစ္စတွေ အေးသွားရင် ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ပါ။
အခြားတစ်ဖက်တွင်မူ ကျန်းဇီယွီသည် မှန်တင်ခုံရှေ့၌ မိတ်ကပ်လိမ်းနေရင်း တန်ယန်ကို နာမည်ဖျက်ရန် လူငှားပြီး တင်ခိုင်းထားသော Weibo ပို့စ်မှာ အခြေအနေများ ချက်ချင်း ပြောင်းပြန်လှန်သွားသည်ကို မြင်လိုက်ရသောအခါ ဒေါသအလွန်ထွက်ပြီး မှန်တင်ခုံပေါ်ရှိ ပုလင်းခွံ၊ ဗူးခွံများကို ရိုက်ခွဲပစ်လိုက်တော့သည်။
ထိုအချိန်တွင် သူမ၏မိခင် လင်းချန့်ရူ ဝင်လာသည်။ အခန်းထဲရှိ ပရမ်းပတာ ဖြစ်နေသည်များကို မြင်သောအခါ သူမက မျက်မှောင်ကြုတ်လိုက်ပြီး "အယွီ... မေမေသမီးကို ဘယ်လိုသင်ထားလဲ။ အခု သမီးပုံစံက ဘယ်လိုဖြစ်နေတာလဲ။ လမ်းဘေးက ရန်ပွဲရှာတဲ့ မိန်းမလို ဖြစ်နေပြီ။ ယဉ်ယဉ်ကျေးကျေး ရှိရမယ့် အမူအကျင့်တွေကို အကုန်မေ့ကုန်ပြီလား"
"မေမေ" ကျန်းဇီယွီက သူမ၏မိခင်ကို အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။ "သမီးကို ဘယ်လိုပြောလိုက်တာလဲ၊ သမီးက မေမေ့ရဲ့ သမီးအရင်းလေ"
လင်းချန့်ရူသည် သူမ၏လူယုံကို တံခါးပိတ်ပြီး ထွက်သွားရန် ပြောလိုက်ပြီးနောက် သမီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။ စိတ်ပျက်နေသော်လည်း အမူအရာတော့ မပျက်ပေ။
"အယွီ... သမီး ကုမိသားစုထဲကို လက်ထပ်ပြီး မဝင်ချင်တော့ဘူးလား" လင်းချန့်ရူက သမီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။ သူမက ဒေါသထွက်နေခြင်း မဟုတ်ဘဲ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို မိမိ၏ ခံစားချက် အစစ်အမှန်ကို အပြင်မထုတ်ပြရဘူး ဆိုသည့်အချက်ကို သမီးဖြစ်သူအား သေသေချာချာ မသင်ပေးနိုင်ခဲ့ခြင်းအတွက် နောင်တရနေခြင်း ဖြစ်သည်။
"မေမေကလည်း... သမီးက ကုယီမင်နဲ့ ဘာလို့ လက်မထပ်ချင်ရမှာလဲ။ မနက်ဖြန်ပဲ လက်ထပ်လိုက်ချင်တာ။ ဒါမှ သူ့နားမှာ နေ့တိုင်းဝိုင်းနေတဲ့ မိန်းမတွေကို မမြင်ရတော့မှာ။ အဲဒီမိန်းမတွေကို မြင်ရတာတင် သမီးကတော့ ရွံလှပြီ" သူဌေးသား ကုယီမင်နားသို့ ကပ်ရန် ကြိုးစားနေသော အမျိုးသမီးများကို တွေးမိရင်း ကျန်းဇီယွီမှာ သွားများကို တင်းတင်း ကြိတ်ထားမိသည်။
"ဒါဆို အခု သမီး ဘာတွေလုပ်နေတာလဲ၊ ဒီလို ဆိုးရွားတဲ့ မျက်နှာပေးနဲ့ ကုမိသားစုရှေ့ကို သွားမှာလား"
ကျန်းဇီယွီ ဆွံ့အသွားသည်။ ပုံမှန်အချိန်တွင် လှလှပပ ပြင်ဆင်ထားလျှင်ပင် ကုယီမင်က သူမကို လှည့်ကြည့်ချင်မှ ကြည့်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဒေါသကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေချိန်တွင် ဆိုလျှင်တော့ ပြောနေရန်ပင် မလိုတော့ပေ။
ကျန်းဇီယွီ ခေါင်းငုံ့သွားသည်ကို မြင်ရသောအခါ လင်းချန့်ရူသည် သမီးဖြစ်သူ၏ အလိုက်သိတတ်မှုအပေါ် အတိုင်းအတာ တစ်ခုအထိ ကျေနပ်သွားသည်။ အနည်းဆုံးတော့ သူမသမီးက လုံးဝ တုံးအမနေဘဲ ဘယ်အရာက သူမအတွက် အကျိုးရှိမလဲ ဆိုတာကို သိသေးသည် မဟုတ်ပါလား။
သူမက ဆက်ပြောသည်မှာ "ကဲ... အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဆင်ပြီး သမီးရဲ့ အကောင်းဆုံး ပုံစံကိုပဲ ထုတ်ပြလိုက်စမ်းပါ။ ဘယ်ကမှန်း မသိတဲ့ အရေးမပါတဲ့ သူတွေကို ရှင်းထုတ်ဖို့က ကျန်းမိသားစုရဲ့ သမီးကြီးဖြစ်တဲ့ သမီးကိုယ်တိုင် လက်ဖျားနဲ့တောင် တို့နေဖို့လိုလို့လား"
ဤစကားကို ကြားသောအခါ ကျန်းဇီယွီ၏ မျက်ဝန်းများ တောက်ပသွားပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည် - "နားလည်ပါပြီမေမေ။ သမီးအခုပဲ အဝတ်အစား လဲလိုက်မယ်၊ မေမေ အောက်ထပ်မှာ ခဏစောင့်နေပေးနော်။"
လင်းချန့်ရူ ထွက်သွားပြီးနောက် ကျန်းဇီယွီ၏ အပြုံးများ ပျောက်ကွယ်သွားကာ "တန်၊ ယန်၊ နင် ခဏလောက်တော့ ဆက်ကခုန်နေဦးပေါ့၊ တစ်နေ့ကျရင်တော့ နင်ခံရမှာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
တံခါးအပြင်ဘက်တွင်မူ လင်းချန့်ရူသည် သူမ၏လူယုံကို အနားသို့ခေါ်လိုက်ပြီး - "ဒီ တန်ယန်ဆိုတဲ့ ကလေးက ဘယ်သူလဲဆိုတာ သွားစုံစမ်းချေ။ တကယ်လို့ နောက်ခံ ဘာမှမရှိဘူး ဆိုရင်တော့ သူ့ကို သင်ခန်းစာလေးဘာလေး ပေးလိုက်ဦး။ သိတယ်မလား... မြို့တော် H မှာ လူတိုင်းက စော်ကားလို့ ရတဲ့သူတွေ မဟုတ်ဘူး ဆိုတာကိုပေါ့။"
"ဟုတ်ကဲ့ပါ သခင်မကြီး။"
တန်ယန်၏ အခြေအနေမှာ ဆိုးရာမှ ကောင်းရာသို့ ပြောင်းလဲသွားပြီးနောက် သူမသည် ဘေးဒုက္ခမှ အကျိုးအမြတ်ကိုပင် ပြန်လည်ရရှိခဲ့သည်။ သူမ၏ ပရိတ်သတ် အရေအတွက် တိုးလာရုံသာမက ဘာကြောင့်မှန်းမသိဘဲ အထင်ကြီးအားကျမှုရမှတ် ၁၀,၀၀၀ ကျော်ကိုပါ ရရှိလိုက်သည်။【စနစ်ရှင်... ကျန်းဇီယွီကတော့ တကယ်ပဲ ကြက်ခိုးဖို့ ကြိုးစားရင်း ဆန်ပါဆုံးသွားတာပဲနော် ဟားဟား】
【ယီတျန်... ကျန်းဇီယွီနဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကို ငါ့အတွက် စုစည်းပေးထားပါ။ အသေးစိတ်လေ ပိုကောင်းလေပဲ။】
အမြဲတမ်း ရန်စ တိုက်ခိုက်ခံနေရခြင်းမှာ ဘုရားလောင်းတောင် စိတ်တိုနိုင်သည့် ကိစ္စဖြစ်သည်။ ပြန်လည် မွေးဖွားလာပြီးကတည်းက တန်ယန်သည် ယခုကဲ့သို့ အရှက်ခွဲခံရမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ထိုအကြောင်းကို တွေးမိရင်း သူမသည် ဘေးနားရှိ ချင်ယွီရုံကိုကြည့်ကာ ပြောလိုက်သည် - "မမရုံ... ဆုငွေတွေ ပေးပြီးသွားရင် ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးနော်။ ကောလာဟလ ဖြန့်တဲ့သူတွေကို သမီးတရားစွဲမယ်။"
"တရားစွဲလို့ရတဲ့ အဆင့်ထိရောက်အောင် ပြန်လည်မျှဝေထားတဲ့ အကောင့်တွေ အကုန်လုံးကို မမ ဓာတ်ပုံရိုက်ထားပြီးပြီ။ လွတ်သွားတဲ့ အကောင့်အချို့တော့ ရှိနိုင်တယ်လေ။" ချင်ယွီရုံ၏ အသံမှာ အေးဆေးတည်ငြိမ်နေပြီး မည်သည့် ပြဿနာကိုမဆို ဖြေရှင်းနိုင်မည့် ပုံစံရှိသည်။ အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။
"မမရုံ တစ်ယောက်တည်း လုပ်ဖို့မလိုပါဘူး၊ ကူညီပေးမယ့်သူ ရှာလို့ရတယ်မလား။ မမရဲ့ အချိန်တွေကို ဒီလို အဆင့်မရှိတဲ့ ကီးဘုတ်ပညာရှင်တွေအတွက် ဖြုန်းမပစ်စေချင်ဘူး။" တန်ယန်ကပြုံးလျက် ကျီစယ်လိုက်သည်။ သူမ၏ လစာအများကြီး ပေးထားရသော ကိုယ်ရေးကိုယ်တာ လက်ထောက်ကို ဘယ်သူမဆို လုပ်နိုင်သည့် အသေးအဖွဲ ကိစ္စလေးတွေမှာ ဘာကြောင့် အချိန်ကုန်ခံ ခိုင်းရမည်နည်း။ ပုရွက်ဆိတ်သတ်ဖို့ အမြောက်ကြီး သုံးနေစရာ မလိုဘူး မဟုတ်လား။
“မြို့တော် H မှာ အကျော်ကြားဆုံးဖြစ်သည့် ရှိချန်ဥပဒေ အကျိုးဆောင်အဖွဲ့က ဒီအမှုကို ကိုင်တွယ်ဖို့ ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စက ဒေသခံ သူဌေးမိသားစုတွေနဲ့ ပတ်သက်နေတယ် ဆိုပေမဲ့ အွန်လိုင်းပေါ်က တရားစွဲဆိုမှုလောက်တင် ဆိုရင်တော့ ကျန်းမိသားစုက ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ မမ ယုံကြည်တယ်”
ချင်ယွီရုံသည် သူမ၏ iPad ကို ပိတ်လိုက်ပြီး ရှေ့ရှိ တန်ယန်ကိုကြည့်ကာ စိတ်ရင်းဖြင့် အကြံပြုလိုက်သည်။ “ယန်ယန်... သမီးရဲ့ လက်ရှိပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် ကျွမ်းကျင်တဲ့ ရှေ့နေအဖွဲ့ တစ်ခုကို အမြန်ဆုံး ဖွဲ့စည်းထားတာ ပိုကောင်းလိမ့်မယ်။ ကျိုးချီမှာ အဖွဲ့တစ်ခု ရှိနေပေမဲ့လည်း ဒါက မရှိတာထက် စာရင်တော့ တော်သေးတာပေါ့”
“မမရုံမှာ အကြံပေးချင်တဲ့သူ ရှိလို့လားဟင်” တန်ယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ အကယ်၍ ရွေးချယ်ထားသူသာ မရှိပါက ချင်ယွီရုံအနေဖြင့် ယခုကဲ့သို့ စိတ်ရှုပ်ထွေးနေသည့် အမူအရာ ပြနေလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာ ပြောရခက်သည့် အကြောင်းရင်းများ ရှိနေ၍များလား။
ချင်ယွီရုံသည် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးမှ စကားကို ဆက်ပြောသည်။ “မမ Y နိုင်ငံမှာ ကျောင်းတက်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ရှိတယ်။ သူက BMH တက္ကသိုလ်ရဲ့ နိုင်ငံတကာ ဥပဒေဌာနက ထိပ်တန်းကျောင်းသား တစ်ယောက်ပါ။ ဒါပေမဲ့ သူက ဩဇာအာဏာရှိတဲ့သူ အချို့ကို သွားစော်ကားမိလို့ အခုလောလောဆယ်မှာတော့ အခြေအနေ သိပ်မကောင်းဘူး ဖြစ်နေတယ်”