လေလံပွဲ အစပြုခြင်း
Vol. 6 Ch. 58
ချင်ယွီရုံ၏ သူငယ်ချင်းမှာ ကျိစုဖြစ်သည်။ သူသည် ရှန်ဟိုင်းဇာတိ ဖြစ်သော်လည်း ဟောင်ကောင်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ ချင်ယွီရုံမှာ သူမ၏သူငယ်ချင်းကို တကယ်ပင် ကူညီချင်သော်လည်း ကျိစုမှာ အရည်အချင်း တကယ်ရှိပြီး တန်ယန်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှသာ အလုပ်ခန့်စေလိုခြင်း ဖြစ်သည်။
“သူက နိုင်ငံတကာ ဥပဒေကို လေ့လာခဲ့တာဆိုတော့ ပြည်တွင်းဥပဒေတွေနဲ့ ပတ်သက်ရင် သိပ်ကျွမ်းကျင်မှာ မဟုတ်ဘူးမလား” တန်ယန်က ထိုကိစ္စများကို သိပ်နားမလည်သော်လည်း ချင်ယွီရုံကို ဘာမှဖုံးကွယ်ထားရန် မလိုပေ။
“အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက်မှာ သူက Y နိုင်ငံမှာ အလုပ်လုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူက ပြည်တွင်း ဥပဒေတွေကို လေ့လာဖို့ တရုတ်ပြည်ကို ပြန်လာခဲ့တာ၊ ဒါကြောင့်လည်း မမက သမီးကို ပြောပြတာပါ။ ဒါပေမဲ့ တရုတ်ပြည်မှာတောင် သူက ဖိနှိပ်ခံနေရတုန်းပဲ”
Y နိုင်ငံမှာထက် စာရင်တော့ တော်သေးသည်၊ အနည်းဆုံးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော်လည်း သူ့ကို အလုပ်ခန့်လိုက်ပါက တန်ယန်အတွက် မလိုလားအပ်သော ဒုက္ခအချို့ ရောက်လာနိုင်သည်။
ချင်ယွီရုံက ပွင့်ပွင့်လင်းလင်းပင် ပြောပြသည်။ သူမနှင့် တန်ယန်၏ ဆက်ဆံရေးကြောင့် ကျိစုကို အတင်းအကျပ် အလုပ်ခန့်ခိုင်းခြင်းမျိုး မဖြစ်စေလိုသလို၊ တန်ယန်နှင့် သူမကြားတွင်လည်း မမျှော်လင့်ထားသော ပြဿနာများ မတက်စေလိုပေ။
“သူ့ကိုဖိနှိပ်နေတဲ့ ဩဇာရှိသူတွေက ဘယ်သူတွေမို့လို့လဲဟင်။ သူတို့ရဲ့ အရှိန်အဝါက ပြည်တွင်းအထိတောင် သက်ရောက်နေတာလား”
“တကယ်တော့ ဒါက ပြောလို့မရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျိစုမှာ တက္ကသိုလ်တုန်းက ရည်းစားတစ်ယောက်ရှိတယ်၊ ဒါပေမဲ့ အဲဒီမိန်းကလေးက Y နိုင်ငံက MS ကုမ္ပဏီရဲ့ ဒုတိယသားနဲ့ ငြိစွန်းသွားပြီး ကျိစုကို ဖြတ်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီသူဌေးသားကလည်း အပျော်တွဲတာဆိုတော့ တစ်လတောင် မပြည့်ခင်မှာ အဲဒီမိန်းကလေး အပစ်ခံလိုက်ရတယ်”
ဘယ်သူသိမှာလဲ... အဲဒီမိန်းကလေးက ကိုယ်ဝန်ရှိနေပြီး ပိုက်ဆံလည်းမရှိ၊ နေစရာလည်း မရှိတော့မှ ကျိစုဆီ ခိုလှုံဖို့ ပြန်လာခဲ့တယ်။ သူမက သူဌေးသားရဲ့ ခြိမ်းခြောက် ချုပ်နှောင်တာကို ခံခဲ့ရတယ်ဆိုပြီး ပုံပြင်တွေ ဆင်ပြောတော့ ကျိစုက ယုံသွားပြီး အဲဒီသူဌေးသားကို တရားစွဲဖို့တောင် အားပေးခဲ့မိတယ်။
နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးက သူဌေးသားဆီက နှုတ်ပိတ်ခယူပြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒါကြောင့် ကျိစုက MS ကုမ္ပဏီကို သွားစော်ကားမိသလိုဖြစ်ပြီး အလုပ်ပြုတ်ရုံတင် မကဘဲ သူ့ရဲ့အနာဂတ်ပါ ဖျက်ဆီးခံလိုက်ရတာပဲ။
တန်ယန်က ဒါကိုကြားတော့ စိတ်ထဲကနေ သက်ပြင်းချမိသည်။ ဒီလူကတော့ သူ့ရဲ့ ရည်းစားဟောင်းရဲ့ လှည့်စားတာကို အကြီးအကျယ် ခံလိုက်ရတာပဲ။
“MS ကုမ္ပဏီရဲ့ နောက်ခံက ဘာလဲဟင်။ ဘာလို့ တရုတ်ပြည် အထိတောင် လက်တံရှည်နေရတာလဲ” တန်ယန်သည် ထိုကုမ္ပဏီ အကြောင်းကို မမှတ်မိသလို၊ မည်မျှအထိ အင်အားကြီးသည်ကိုလည်း မသိပေ။
“MS ကုမ္ပဏီရဲ့ သမီးကြီးက မစ်လာနယ်စားကြီးနဲ့ လက်ထပ်ထားတာလေ။ သူမရဲ့မိသားစုက ခင်ပွန်းဖြစ်သူရဲ့ မိသားစုကို ငွေကြေးတွေ အဆက်မပြတ် ထောက်ပံ့ပေးပြီး ခင်ပွန်းဘက်ကတော့ သူမမိသားစုကို အကာအကွယ်နဲ့ အခွင့်အရေးတွေ ပြန်ပေးတာပေါ့” ဟု ချင်ယွီရုံက ရှင်းပြသည်။
“ကြားဖူးပါတယ်... ဒါကို အစိုးရနဲ့ စီးပွားရေးသမား ပေါင်းစားကြတာလို့ ခေါ်တာမလား”
“ဟုတ်ပါတယ်၊ MS ကုမ္ပဏီက တရုတ်ပြည်အထိ လက်တံဆန့်နိုင်တာဟာ အကျိုးအမြတ်ကြောင့်ပဲ ဖြစ်မှာပါ။ MS ကုမ္ပဏီက တရုတ်ပြည်မှာ အဆင့်မြင့် စျေးဝယ်စင်တာ တော်တော်များများကို ပိုင်ဆိုင်ထားသလို ပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတယ်။ တရုတ်နိုင်ငံသား တစ်ယောက်ကို တရုတ်ပြည်ထဲမှာ အလုပ်လုပ်လို့ မရအောင် ပိတ်ပင်ဖို့က မဖြစ်နိုင်ပေမဲ့ အခက်အခဲတွေ ဖြစ်အောင် လုပ်ဖို့ကတော့ သူတို့အတွက် လွယ်ကူပါတယ်”
“ကျိစု အခုဘယ်မှာလဲ”
“နောက်ဆုံးကြားတာတော့ မြို့တော် W မှာ ရှိတယ်လို့ ပြောတာပဲ”
“ဒါဆို မမရုံပဲ သူ့ရဲ့သဘောထားကို အရင်မေးပေးပါဦး။ သူသာ လိုလိုလားလား ရှိမယ်ဆိုရင် သမီးဆီလာပြီး ကူညီပေးပါစေ” တန်ယန်သည် MS ကုမ္ပဏီကို ဂရုမစိုက်ပေ။ တစ်စုံတစ်ယောက်သည် သူမ၏ လက်အောက်ငယ်သား ဖြစ်လာပြီဆိုလျှင် သူမ၏လူပင် ဖြစ်သည်။ သူမသည် သူမ၏လူများကို အလွန်ပင် ကာကွယ် စောင့်ရှောက်တတ်သူဖြစ်သည် မဟုတ်ပါလား။
မကြာမီ ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ တန်ယန်သည် ရိုးရှင်းသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ မိတ်ကပ်ပါးပါးလေး ပြင်ဆင်ပြီးနောက် ချင်ယွီရုံနှင့်အတူ လေလံပွဲသို့ ထွက်ခွာခဲ့သည်။
ဤလေလံပွဲကို မြို့တော် H ရှိ ရို့စ်ဟိုတယ်တွင် ကျင်းပခြင်းဖြစ်သည်။ ရို့စ်ဟိုတယ်သည် စည်ကားလှသော တုန်းကျန်းမြစ်ဘေးတွင် တည်ရှိပြီး လှပသော မြစ်မြင်ကွင်းကို ခံစားနိုင်သည့် အခန်းများကြောင့် ကျော်ကြားသည်။ ၎င်းသည် မြို့တော် H ၏ အိပ်မက်ဆန်သော ငါးဆင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီး တစ်ခုဖြစ်ပြီး အနုပညာရှင်များနှင့် နာမည်ကြီး ပုဂ္ဂိုလ်များစွာ လာရောက်တည်းခိုလေ့ ရှိပါသည်။
ယနေ့လေလံပွဲသို့ ထင်ပေါ်ကျော်ကြားသူများနှင့် ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်များစွာ လာရောက်ကြခြင်းမှာ အဓိကအားဖြင့် မြို့တော် H မြောက်ပိုင်းခရိုင်ရှိ မြေကွက်တစ်ကွက်ကို ယနေ့တွင် လေလံတင် ရောင်းချမည် ဖြစ်သောကြောင့်ပင်။
တန်ယန်သည်လည်း လေလံပစ္စည်း စာစောင်ကို မြင်ဖူးသော်လည်း ထိုမြေကွက်ကို လုံးဝ စိတ်မဝင်စားပေ။ အဘယ်ကြောင့်ဆိုသော် ထိုမြေကွက်မှာ နောင်နှစ်ပေါင်း ၂၀ အထိ လူပြောများမည့် “မြေမြှုပ်မိုင်း” အကြီးစားကြီးတစ်ခု ဖြစ်လာတော့မည်ကို သူမ သိနေသောကြောင့် ဖြစ်သည်။
ထိုမြေပိုင်ရှင်သည် ထိုမြေ၏ ထူးခြားသော သဘာဝကို သိ၍များ ရောင်းထုတ်လိုက်ခြင်းလားဟု သူမက ယုတ်မာစွာ တွေးမိလိုက်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် အလတ်စား အိမ်ခြံမြေ ကုမ္ပဏီတစ်ခုက ထိုမြေကို ဝယ်ယူပြီးနောက် တည်ဆောက်ရေးလုပ်ငန်း စတင်သည်နှင့် ရက်ပိုင်းအတွင်းမှာပင် ရှေးဟောင်းသင်္ချိုင်းဂူ အစုအဝေးကြီး တစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ထို့နောက်တွင်တော့ ထိုစီမံကိန်းမှာ အကန့်အသတ်မရှိ ရပ်ဆိုင်းသွားခဲ့ရသည်။
ထိုအိမ်ခြံမြေ ကုမ္ပဏီ၏ အမည်ကိုတော့ သူမ အမှန်တကယ် မမှတ်မိတော့ပေ။ ထိုအချိန်က သတင်းတစ်ခု အနေဖြင့်သာ ဖတ်ခဲ့ဖူးခြင်းဖြစ်ပြီး သိပ်အလေးအနက် မထားခဲ့သောကြောင့် ဖြစ်သည်။
မထွက်ခွာမီ နေ့စဉ်နက္ခတ်ဗေဒင်ကို စစ်ဆေးဖို့ မေ့သွားခဲ့၍လားမသိ၊ ဟိုတယ်ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ဘေးတွင် အမူအရာ မယဉ်ကျေးသော အမျိုးသားတစ်ဦးနှင့်အတူ ရပ်နေသည့် ကျန်းဇီယွီကို ချက်ချင်း တွေ့လိုက်ရသည်။
ကျန်းဇီယွီသည်လည်း တန်ယန်ကို တွေ့လိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားသည်။ သို့သော် မိခင်ဖြစ်သူ မှာကြားထားသည်ကို သတိရကာ သူမကို စိတ်အနှောင့်အယှက် ပေးသူကို မမြင်ချင်ယောင် ဆောင်လိုက်သည်။ သူမသည် ကုမိသားစုဝင်များ ရောက်လာမည်ကိုသာ မျှော်လင့်တကြီးဖြင့် ဟိုတယ်ဝင်ပေါက်ကို စိုက်ကြည့်နေခဲ့သည်။
တန်ယန်ကို ဟိုတယ်ဝန်ထမ်းများက ဓာတ်လှေကားဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ လေလံပွဲ ကျင်းပမည့် ခန်းမမှာ ဟိုတယ်၏ အပေါ်ဆုံးထပ်တွင် ရှိသည်။
သူတို့ ရောက်ရှိသွားချိန်တွင် လူတော်တော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဖိတ်စာပါ ခုံနံပါတ်အတိုင်း နေရာယူကြပြီးနောက် လေလံပွဲ စတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း အနားယူနေကြသည်။
ကံကောင်းထောက်မစွာဖြင့် သိပ်အကြာကြီး စောင့်လိုက်ရခြင်း မရှိပေ။ ခန်းမအတွင်းရှိ မီးများ မှိန်သွားပြီးနောက် လေလံတင် ရောင်းချသူက စင်ပေါ်သို့ တက်လာခဲ့သည်။ သူက နိဒါန်းပျိုးသည့် အနေဖြင့် ချိုသာသော စကားအချို့ ပြောကြားခဲ့သော်လည်း မည်သူမျှ သိပ်စိတ်ဝင်စားပုံ မရပေ။ လေလံတင်သူသည်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကျင့်သားရနေပြီဖြစ်ရာ ပထမဆုံး လေလံပစ္စည်းကို စတင် မိတ်ဆက်တော့သည်။
၎င်းမှာ နေကြာပန်းပုံစံ စိန်သရဖူတစ်ခုဖြစ်ပြီး ထူးခြားဆန်းသစ်ကာ ကျော့ရှင်းသော ဒီဇိုင်းရှိသည်။ မီးရောင်အောက်တွင် တလက်လက် တောက်ပနေသဖြင့် ခန်းမအတွင်းရှိ ချမ်းသာသော လူကုံထံမမလေး များစွာက လေလံဆွဲရန် သူတို့၏ နံပါတ်ပြားများကို စတင် မြှောက်လိုက်ကြသည်။
“ယွမ် ၁ သန်း”
“၁ သန်းခွဲ”
“၂ သန်း...”
မိနစ်ပိုင်း အတွင်းမှာပင် စျေးနှုန်းမှာ ၂.၁ သန်းအထိ မြင့်တက်သွားပြီး လေလံတင်သူမှာလည်း ဝမ်းသာအားရ ပြုံးဖြဲနေတော့သည်။ နောက်ဆုံးတွင် ထိုသရဖူကို C အမှတ်တံဆိပ် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဝယ်ယူသွားခဲ့သည်။
ဒုတိယမြောက် လေလံပစ္စည်းမှာ အနောက်ယွဲ့မင်းဆက်မှ နန်းတွင်းသူပုံပါ အခန်းကန့် အကာအရံ တစ်စုံဖြစ်သည်။ တန်ယန်က ထိုပစ္စည်းမှာ သူမအိမ်၏ အလှဆင်မှုနှင့် လိုက်ဖက်မည်ဟု တွေးကာ လေလံပွဲထဲသို့ ဝင်ပါလိုက်သည်။
“၅ သိန်း”
“၆ သိန်း”
“၇ သိန်း”
အစပိုင်းတွင် တစ်ဦးလျှင် ၁ သိန်းစီသာတိုး၍ ခေါ်နေကြသော်လည်း တန်ယန်က မြန်မြန် အပြတ်ဖြတ်ချင်သဖြင့် တိုက်ရိုက်ပင် စျေးခေါ်လိုက်သည် - “၂ သန်း”
အခြား လေလံဆွဲသူများက သူမကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူမသည် တည်ငြိမ်အေးဆေးစွာ ထိုင်နေသဖြင့် မည်သည့်သူဌေး၏ သမီးဖြစ်မှန်း ခန့်မှန်းရ ခက်နေသည်။ သူတို့အနေဖြင့် စျေးဆက်ပြိုင်ရင်း သူမကို သွားရောက်စော်ကားမိပါက အကျိုးထက် အပြစ်က ပိုများနိုင်သည်ကို စိုးရိမ်နေကြသည်။
ထိုစဉ် တစ်စုံတစ်ဦးက ကြားဖြတ်ဝင်လာသည် - “၃ သန်း”
တန်ယန် လှည့်ကြည့်လိုက်ရာ - ဟော... ကြည့်စမ်း၊ ကျန်းဇီယွီ ဖြစ်နေသည်။
ကျန်းဇီယွီသည် တန်ယန် လှည့်ကြည့်သည်ကို မြင်သောအခါ ရန်စသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ သို့သော် တန်ယန်က မျက်နှာလွှဲလိုက်ပြီး သူမကို လုံးဝ ဂရုမစိုက်ဟန် ပြလိုက်သည်။ ကျန်းဇီယွီမှာ ဒေါသများ ပို၍ ထွက်လာတော့သည်။
ဒါပေမဲ့ သူမဘေးနားမှာ ရှိနေတဲ့ ကုမိသားစုဝင်တွေကို အားနာတာကြောင့် ကျန်းဇီယွီက ဒေါသကို ထိန်းလိုက်ရသည်။ သူမသည် ရေဖန်ခွက်ကို ကောက်ကိုင်ကာ ရေသောက်ဟန်ဆောင်ရင်း အနည်းငယ် တောင့်တင်းနေသော သူမ၏ မျက်နှာအမူအရာကို ဖုံးကွယ်လိုက်သည်။
“၄ သန်း” တန်ယန်က စျေးနှုန်းကို ဆက်လက် မြှင့်လိုက်သည်။ သူမကတော့ ဒီပစ္စည်းကို တကယ်ကြိုက်တာ ဖြစ်သလို ဘယ်လောက် ပေးရပေးရ ဂရုမစိုက်ပေ။ ဒါတင်မကသေးဘူး... ပိုက်ဆံကို ပိုသုံးရလေ သူမအတွက် ပိုပျော်စရာကောင်းလေ မဟုတ်ပါလား။ ကျန်းဇီယွီကိုတောင် ကျေးဇူးတင်မိပြီး ဒီအတိုင်းလေးပဲ ဆက်ပြီး ကြိုးစားပေးဖို့ မျှော်လင့်နေမိသည်။
“၅ သန်း”
မျှော်လင့်ထားတဲ့အတိုင်း ကျန်းဇီယွီက တန်ယန်ကို စိတ်မပျက်စေဘဲ စျေးထပ်တိုးလိုက်ပြန်သည်။ တန်ယန်က စိတ်လှုပ်ရှားစွာဖြင့် သူမ၏နံပါတ်ပြားကို မြှောက်လိုက်သည် - “၆ သန်း”
“၇ သန်း” ကျန်းဇီယွီကလည်း ခေသူမဟုတ်ဘဲ လက်မှတ်ကို ပြန်မြှောက်ပြသည်။
“၁၀ သန်း” စျေးခေါ်ရတာ အရမ်းနှေးကွေးနေတယ်လို့ တန်ယန်က ထင်မြင်မိတာကြောင့် စျေးနှုန်းယူနစ်ကို သန်းဂဏန်းကနေ ဆယ်သန်းဂဏန်းအထိ တိုက်ရိုက် ပြောင်းလိုက်သည်။ အခုဆိုရင် ပိုပြီးတော့ သုံးလို့ရသွားပြီ မဟုတ်လား။ ပစ္စည်းတစ်ခုတည်းကိုတင် ယွမ်ဆယ်သန်းကျော် သုံးနိုင်မယ်ဆိုရင် ကျန်တဲ့ပစ္စည်း အချို့ကိုပါ ဆက်ဝယ်လိုက်ရုံနဲ့ သူမရဲ့ “ပစ်မှတ်သေးသေးလေး” က ပြည့်သွားတော့မှာပဲဟု တွေးရင်း သူမပျော်နေမိသည်။
ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျန်နေသေးတဲ့ ပစ်မှတ်အခု ၄၀၀ ကျော်ကို ပြည့်ဖို့က ဝေးပါဦးမလား။