တရားဝင် ကန်တော့ပွဲ အခမ်းအနား
Vol. 7 Ch. 61
တန်ယန် နိုးလာချိန်တွင် မွန်းတည့်နေပြီ ဖြစ်သည်။ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် ခေါင်းမှာလည်း အတော်လေး ကိုက်နေ၏။
"ယန်ယန်... နေလို့မကောင်းရင် စိတ်ပြေလက်ပျောက် Spa (ရေကိုသုံးပြီး အပန်းဖြေခြင်း၊ကျန်းမာရေးထိန်းသိမ်းခြင်း) သွားပြီး အနားယူလိုက်ပါလား။" ချင်ယွီရုံမှာ တန်ယန်က သူမ၏နားထင်ကို သုံးကြိမ်တိုင်တိုင် ဖိနေသည်ကို မြင်လိုက်ရသဖြင့် အတွေ့အကြုံအရ အကြံပြုလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီလေ၊ ဒါဆို မမရုံပဲ ရက်ချိန်းယူပေးပါဦးနော်။"
ခေါင်းကိုက်နေသဖြင့် တန်ယန်မှာ စားချင်သောက်ချင်စိတ် မရှိပေ။ သူမသည် သစ်သီးအချို့ဖြင့် ဗိုက်ဖြည့်ပြီးနောက် ဟိုတယ်ရှိ Spa သို့ ထွက်လာခဲ့သည်။
Spa ကလပ်သို့ ရောက်သောအခါ ဝန်ထမ်းများက သူမကို အသင့် စောင့်ကြိုနေကြသည်။ တန်ယန်သည် သူမအကြိုက်ဆုံး စံပယ်ဆီကို ရွေးချယ်လိုက်သည်။ ဤဆီ၏အနံ့မှာ မပြင်းဘဲ သင်းသင်းလေးသာ ရှိ၏။ မိုးရွာပြီးစ စံပယ်ခင်းထဲသို့ ရောက်နေသကဲ့သို့ လန်းဆန်းသော စံပယ်နံ့လေးများက ဝန်းရံထားသလို ခံစားရသည်။
ရေချိုးပြီးနောက် တန်ယန်သည် နှိပ်နယ်သည့် ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်စိမှိတ် အနားယူလိုက်သည်။ နှိပ်ပေးသည့် အမျိုးသမီး၏ နွေးထွေးသော လက်ဖဝါးများက သူမ၏ ကျောပြင်ပေါ်သို့ အားအင် အသင့်အတင့်ဖြင့် ဖိနှိပ်ပေးနေသည်ကို ခံစားရ၏။ နွေးထွေးသော အရှိန်အဝါ တစ်ခုမှာ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူမကို ဖြည်းဖြည်းချင်း ပြေလျော့သွားစေသည်။
တန်ယန်မှာ လုံးဝကို စိတ်လက် ပေါ့ပါးသွားပြီး ကျေနပ်စွာ သက်ပြင်းချရင်း အိပ်ပျော်သွားတော့သည်။ သူမ ပြန်နိုးလာချိန်တွင် Spa ကုထုံးမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
Spa ကလပ်မှ ထွက်လာချိန်တွင် တန်ယန်မှာ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပြီး စိတ်ထဲမှ အဖုအထစ်များလည်း ပျောက်ကွယ်သွားသလို ခံစားရသည်။ အခန်းသို့ ပြန်ရောက်သောအခါ သူမသည် စိတ်အခြေအနေ အလွန်ကောင်းနေပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်နေ၏။
တန်ယန် ကျေကျေနပ်နပ် ပြန်လာသည်ကို မြင်တော့မှ ချင်ယွီရုံလည်း စိတ်အေးသွားတော့သည်။
"မမရုံ... သမီးအတွက် ဘဏ်ကို တစ်ချက်လောက် ဆက်သွယ်ပေးပါလား။ သမီး ဆွစ်ယူနီယံ အနက်ရောင်ကတ် လျှောက်လို့ရမလား သိချင်လို့။ မနေ့က သမီးကြိုက်တဲ့ နာရီတစ်လုံး တွေ့ခဲ့တယ်၊ ဒါပေမဲ့ အဲဒီကတ်ရှိမှ ဝယ်လို့ရမယ်ပြောလို့" တန်ယန်က နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။ ဤသည်မှာ သူမ ပထမဆုံးအကြိမ် ငြင်းပယ်ခံရခြင်း မဟုတ်ပါလား။
"ရပါတယ်၊ ယန်ယန့်ရဲ့ လက်ရှိ ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ဒါက ပြဿနာ မရှိနိုင်ပါဘူး။" ချင်ယွီရုံက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ပြောသည်။ ထို့နောက် သူမ၏သူငယ်ချင်းမှာ မြို့တော် H သို့ ရောက်ရှိနေပြီး အလုပ်ရှင်နှင့်တွေ့ရန် စောင့်နေသည်ကို သတိရကာ ဆက်ပြောလိုက်သည်မှာ "ဒါနဲ့ ယန်ယန်... ကျိစုရောက်နေပြီ။ သမီး သူ့ကိုတွေ့ချင်လား?"
"အဲလောက်တောင် မြန်တာလား၊ ကောင်းတာပေါ့၊ သူ့ကို အထဲဝင်ခိုင်းလိုက်ပါ" တန်ယန်သည် Weibo ကိစ္စကို သတိရပြီး နှုတ်ခမ်းမဲ့လိုက်မိသည်။ ရှိချန်ဥပဒေ အကျိုးဆောင်အဖွဲ့၏ အခြေအနေကိုလည်း သိချင်သဖြင့် သူမကမေးလိုက်သည် - "မမရုံ... ကောလာဟလ ဖြန့်တဲ့သူတွေကို တရားစွဲတဲ့ကိစ္စ ဘယ်လိုရှိလဲဟင်"
"သက်သေတွေ စုဆောင်းပြီးပြီ၊ ရှေ့နေရုံးကလည်း တရားစွဲဖို့ ပြင်ဆင်နေပါပြီ။ သူတို့ တောင်းဆိုထားတာကတော့ Weibo ပေါ်မှာ လူသိရှင်ကြား တောင်းပန်ဖို့၊ တောင်းပန်တဲ့ပို့စ်ကို တစ်ပတ်တိတိ ထိပ်ဆုံးမှာ ထားထားဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးဖို့ပါပဲ။" ချင်ယွီရုံ စကားပြော၍ပင် မဆုံးသေးမီ လူခေါ်ဘဲလ်သံ မြည်လာသည်။ ကျိစု ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
မျှော်လင့်ထားသည့် အတိုင်းပင် တံခါးဖွင့်လိုက်သောအခါ ပြုံးရွှင်နေသော ကျိစုကို တွေ့လိုက်ရလေသည်။
ကျိစုသည် အလွန်သန့်ပြန့် ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ငွေရောင်ကိုင်းပါသော မျက်မှန်ကို တပ်ဆင်ထားပြီး၊ အတွင်းမှ အသားရောင် ချည်သား ရှပ်အင်္ကျီပေါ်တွင် အသားရောင် ဆွယ်တာကို ထပ်ဝတ်ထားသည်။ မီးခိုးရောင် ပေါ့ပါးသော ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခြေမျက်စိလေး အနည်းငယ် ပေါ်နေခြင်းက သူ၏ခြေတံများကို ပိုမိုဖြောင့်စင်း ရှည်လျားစေသည်။ တန်ယန်ကတော့ သူ၏အရပ်မှာ ၁.၈ မီတာ (၅ ပေ ၁၀ လက်မကျော်) ခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။
ကျိစုသည် တန်ယန်အနားသို့ လျှောက်လာပြီး သွယ်လျသော လက်ချောင်းများရှိသည့် သူ၏ ညာဘက်လက်ကို ကမ်းပေးလိုက်သည် - “နေကောင်းလား မမလေးတန်၊ ကျွန်တော် ကျိစုပါ”
တန်ယန်ကလည်း သူ၏လက်ကို ပြန်လည်ဆုပ်ကိုင် နှုတ်ဆက်ရင်း ပြုံးလျက် - “တွေ့ရတာ ဝမ်းသာပါတယ်” ဟု ဆိုလိုက်သည်။
ကျိစုသည် နေရာယူ ထိုင်လိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် စကားစလာသည် - “အမှန်အတိုင်း ပြောရရင် ဒီကိုလာဖို့ ကျွန်တော် အတော်လေး စိုးရိမ်နေခဲ့တာပါ။ မမလေးတန်လည်း ကျွန်တော့် အခြေအနေကို ကြားပြီးလောက်ပြီလို့ ထင်ပါတယ်။ မကြာသေးခင်က ကျွန်တော်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ဘဝရဲ့ခါးသီးမှုနဲ့ အခက်အခဲတွေကို အရင်ကနဲ့ မတူအောင် မြည်းစမ်းခဲ့ရသလို၊ လူတွေနဲ့ အဖြစ်အပျက်တွေရဲ့ အမှန်တရားကိုလည်း မြင်ခဲ့ရပါတယ်”
“အကယ်၍ မမလေးတန်ကသာ စိတ်မရှိဘူးဆိုရင် ကျွန်တော်ကျိစုဟာ မမလေးအတွက် အကောင်းဆုံး အလုပ်အကျွေး ပြုသွားမှာ ဖြစ်သလို၊ ဘယ်တော့မှလည်း သစ္စာဖောက်မှာ မဟုတ်ပါဘူး”
ကျိစု၏ ရိုးသားစစ်မှန်သော အကြည့်ကို မြင်လိုက်ရသဖြင့် တန်ယန်၏ အပြုံးမှာ ပို၍ပင် နက်ရှိုင်းသွားသည် - “ဒါဆိုရင် ကျွန်မတို့ဆီကိုလာဖို့ ကြိုဆိုပါတယ်။ နောက်ပိုင်း အလုပ်တွေ ပိုအဆင်ပြေအောင်လို့ ရှင်က ထိပ်တန်း ရှေ့နေအဖွဲ့ တစ်ခုကို တည်ဆောက်ပေးဖို့လိုမယ်။ ပိုက်ဆံက ပြဿနာမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ အရည်အချင်း အရှိဆုံး ဖြစ်ရမယ်။ ကျွန်မဆိုလိုတာကို နားလည်တယ်မလား”
“နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်တော် အမြန်ဆုံး ရလဒ်ကောင်းတွေ ပြနိုင်အောင် ကြိုးစားပါ့မယ်။ သူဌေးအနေနဲ့ ဒီဆုံးဖြတ်ချက်အတွက် နောင်တရစေမှာ မဟုတ်ပါဘူး” ကျိစု၏ မျက်နှာထားမှာ တည်ကြည် လေးနက်နေသည်။ သူသည် တန်ယန်ကို ပြောနေခြင်း ဖြစ်သလို မိမိကိုယ်ကိုလည်း ကတိပေးနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူသည် ပြာပုံထဲမှ ရုန်းထွက်လာသည့် ဖီးနစ်ငှက် တစ်ကောင်ကဲ့သို့ အခက်အခဲများကို ကျော်ဖြတ်ပြီး ဘဝသစ်ကို စတင်နေပြီ ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် တန်မိသားစုသည် မြို့တော် H သို့ စောစောစီးစီး ထွက်ခွာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် တန်ယန် တရားဝင် ဆရာကန်တော့ပွဲ ကျင်းပမည့်နေ့ ဖြစ်သောကြောင့်ပင်။
ယွီချန့်နျန်က တန်ယန်ကို မနက်စောစော ဖုန်းဆက်ပြီး စိတ်မလှုပ်ရှားရန် လှမ်းပြောသည်။ ဒီပွဲကို သက်သေအဖြစ် မိသားစုဝင် အချို့ကိုပဲ ဖိတ်ထားသည်ဟု ဆိုသည်။
တန်ယန်ကတော့ သူမဖုန်းထဲက မနက် ၆ နာရီဆိုသည့် အချိန်ကိုကြည့်ကာ အတော်လေး စိတ်ရှုပ်သွားသည်။ “ဘယ်သူက စိတ်လှုပ်ရှားနေလို့လဲ၊ ငါက လုံးဝ စိတ်မလှုပ်ရှားပါဘူးနော်”
တန်ယန်နှင့် ချင်ယွီရုံအပါအဝင် တန်မိသားစု ၅ ဦးသည် ပြင်ဆင်ထားသည့် လက်ဆောင်များကို သယ်ဆောင်ကာ ဆရာကန်တော့ပွဲ ကျင်းပမည့် ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။
လမ်းခရီးတွင် တန်ယန်၏မိခင်သည် တစ်ပတ်ခန့် မတွေ့ရသည့် သမီးဖြစ်သူကို အစာကောင်းကောင်း စားရဲ့လား၊ အိပ်ရေးရော ဝရဲ့လားဟု တတွတ်တွတ် မေးနေတော့သည်။ ဘေးမှ နားထောင်နေသည့် တန်ယွီကတော့ သူ့အမေ၏ အမေးအမြန်း ထူပုံကို နားထောင်ပြီး အားမလိုအားမရဖြစ်ကာ တန်ယန်ကို "666" (အရမ်းလန်းတယ် / ဂေါ်တယ်) ဆိုသည့် လက်ဟန်ခြေဟန် ပြလိုက်လေသည်။
တန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံး လှန်ပြလိုက်သည်ကို သမီးဖြစ်သူအပေါ် စူးစိုက်ကြည့်နေသည့် သူမ၏မိခင်က မြင်သွားသည်။
တန်ယန် ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ သားဖြစ်သူ၏ ထင်ရှားလှသော မျက်နှာအမူအရာကို တွေ့လိုက်ရသဖြင့် - “သူကတော့ သမီးကို တစ်ခုခုလုပ်ပြီး စိတ်အနှောင့်အယှက် ပေးပြန်ပြီပဲ” ဟုတွေးကာ ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်တော့သည် - “တန်ယွီ၊ နင် အေးအေးဆေးဆေး နေစမ်းနော်။ ဒီနေ့က နင့်အစ်မအတွက် အရေးကြီးတဲ့နေ့။ နင်သာ တစ်ခုခု ပြဿနာ ရှာရဲလို့ကတော့ နင့်အဖေနဲ့ အရိုက်ခိုင်းပစ်မယ်”
ယခုတစ်ကြိမ်တွင်တော့ တန်ယွီက မျက်လုံးလှန်ပြရမည့်အလှည့် ရောက်သွားခဲ့သည်။ သူဟာ တကယ်ပဲ အမှိုက်ပုံက ကောက်ရလာတဲ့သား (မွေးစားသား) လားလို့တောင် သံသယ ဝင်မိတော့သည်။
တန်ယွီ၏ စိတ်ပျက်နေသော မျက်နှာထားကို ကြည့်ကာ တန်ယန်က တိုးတိုးလေး ရယ်မောလိုက်သည်။ ထိုအခါ မိခင်ဖြစ်သူ၏ အကြည့်များက သမီးဖြစ်သူဆီသို့ ပြန်ရောက်လာပြန်သည်။
“ယန်ယန်... မေမေ သမီးအတွက် ဆရာကန်တော့ပွဲ လက်ဆောင် ပြင်ပေးထားတယ်။ ကားပေါ်ကဆင်းရင် ယူသွားဖို့ မမေ့နဲ့ဦးနော်” တန်ယန်၏မိခင်မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သတိပေးရန်တော့ မမေ့ပေ။
တန်ယန်က သူမ၏ မိခင်လက်ကို ဆုပ်ကိုင်လိုက်ပြီး အားနာနာဖြင့် - “မေမေ... သမီးကိုယ်တိုင်လည်း လက်ဆောင်ပြင်ထားပါတယ်၊ စိတ်မလှုပ်ရှားပါနဲ့တော့။ ဒါက လူကြီးချင်း မိတ်ဆက်ပြီး ထမင်းလက်ဆုံ စားကြတဲ့ ပွဲလေးပါပဲ”
“သမီးကလည်း... သမီး ဆရာတင်လိုက်ပြီလို့ ပြောကတည်းက မေမေနဲ့ဖေဖေက အွန်လိုင်းမှာ သူ့အကြောင်းတွေ ရှာကြည့်ထားတာ။ သမီးရဲ့ဆရာက နိုင်ငံ C ရဲ့ ဂီတလောကမှာ အမျိုးသားအဆင့် ရတနာ တစ်ပါးပဲလေ။ သူ့ရဲ့ အောင်မြင်မှု မှတ်တမ်းတွေက ဒီလောက် ကြီးကျယ်နေတာ မေမေတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမလဲ၊ ဒါပေမဲ့ ရပါတယ်၊ သမီးလည်း စိတ်မလှုပ်ရှားနဲ့နော်၊ အေးအေးဆေးဆေးပဲနေ၊ ဒါက ဆရာတင်ရုံတင်ပဲလေ၊ ဟားဟား”
တန်ယန်၏မိခင်မှာ စကားတွေ ထစ်ငေါ့နေသော်လည်း သမီးဖြစ်သူ၏ စိတ်ကိုတော့ တည်ငြိမ်အောင် ဖျောင်းဖျနေဆဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဟိုတယ်သို့ ရောက်ရှိသွားသောအခါ တန်ယန်၏မိခင်မှာ ချက်ချင်းပင် အသွင်ပြောင်းသွားပြီး တည်ငြိမ်ကျော့ရှင်းသော အမျိုးသမီးကြီးတစ်ဦး ဖြစ်သွားတော့သည်။ သူမ၏ အရှိန်အဝါမှာ သူဌေးကတော်ကြီးများထက်ပင် သာလွန်နေသေး၏။
တန်ယန်သည် သူမမိခင်၏ ပြောင်းလဲမှုအပေါ် အလွန်ပင် ဂုဏ်ယူနေမိသည်။ လပိုင်းအတွင်းမှာပင် ဤမျှအထိ ထူးခြားစွာ ပြောင်းလဲသွားခြင်းမှာ ကြိုးစားအားထုတ်မှု မရှိဘဲ ဖြစ်နိုင်မည် မဟုတ်ပေ။
W ဟိုတယ် Bird ဧည့်ခန်း (ဆရာကန်တော့ပွဲ အခမ်းအနား)
တန်ယန်သည် ရိုသေလေးမြတ်စွာဖြင့် ဦးချကန်တော့ကာ လက်ဖက်ရည် ကပ်လှူပြီးနောက် ဆရာကန်တော့ပွဲ အခမ်းအနားမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ယွီချန့်နျန်က ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်ကို သောက်လိုက်ပြီး တန်ယန်အား ငြိမ်းချမ်းရေး ကျောက်စိမ်းဆွဲသီး တစ်ခုကို လက်ဆောင်ပေးလိုက်သည်။ ၎င်းမှာ လူကြီးတစ်ဦးက လူငယ်တစ်ဦးအပေါ် ထားရှိသည့် ရိုးရှင်းသော ဆုတောင်းမေတ္တာပင် ဖြစ်သည်။ တန်ယန်က လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ခံလိုက်ပြီးနောက် သူမပြင်ဆင်လာသော လက်ဆောင် - "ဟန်ရှန်းတောင်ပေါ်မှ ဆီးနှင်းပန်း အလှကို ခံစားခြင်း" ပန်းချီကားကို ပြန်လည် ဆက်သလိုက်ပါသည်။
ယွီချန့်နျန်က ပြုံးလျက်ပင် လက်ခံလိုက်ပြီး အားလုံးကို ထိုင်ခုံများတွင် နေရာယူရန် ဖိတ်ခေါ်လိုက်သည် - “ဒီက ဟင်းပွဲတွေက တကယ်ကောင်းတယ်၊ အားလုံးပဲ မြည်းစမ်းကြည့်ကြပါဦး”
ထမင်းစားပွဲတွင် ယွီချန့်နျန်က သူ၏ အခြားသော တပည့်ရင်းနှစ်ဦး ယနေ့ဘာကြောင့် မတက်ရောက်နိုင်သလဲ ဆိုသည်ကို တန်ယန်အား ရှင်းပြနေသည်။ သူ၏ အကြီးဆုံးတပည့်မှာ YL နိုင်ငံတွင် ဖျော်ဖြေပွဲတစ်ခု တက်ရောက်နေရပြီး၊ ဒုတိယတပည့်မှာမူ ဖန်တီးမှု အသစ်များအတွက် စိတ်ကူးစိတ်သန်း ရှာဖွေရန် ဝေးလံခေါင်သီသော တောတောင်တစ်ခုထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ နှစ်သစ်ကူး အချိန်တွင် သူတို့နှင့် တွေ့ဆုံပေးမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် သူတို့နှစ်ဦးထံမှ "အန်ပေါင်း" (ဆုငွေ) အကြီးကြီး တောင်းပေးမည်ဟုလည်း ကတိပေးလိုက်သေးသည်။
ဆရာကတော်ကလည်း တန်ယန်၏ စီနီယာအစ်ကိုကြီး နှစ်ဦးနှင့် ဆရာဖြစ်သူတို့ကြားမှ ရယ်မော ပျော်ရွှင်ဖွယ်ရာ နောက်ကြောင်း ရာဇဝင်လေးများကို ပြန်ပြောပြနေသဖြင့် တန်ယန်မှာ အတော်လေး အံ့အားသင့်နေမိသည်။ သူမ၏ဆရာမှာ သီးသန့်အချိန်များတွင် ဤမျှအထိ ပေါ့ပေါ့ပါးပါးနှင့် နောက်ပြောင်တတ်သူ ဖြစ်လိမ့်မည်ဟု သူမတစ်ခါမှ မတွေးမိခဲ့ပေ။
တန်ယန်၏ မိဘများနှင့် ဆရာဖြစ်သူ ဇနီးမောင်နှံတို့မှာလည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ချီးကျူးစကားများ ဆိုနေကြပြီး သူတို့ပြောသမျှ စကားလုံးတိုင်းမှာ တန်ယန်နှင့်သာ ပတ်သက်နေတော့သည်။ ကံကောင်းစွာဖြင့် တန်ယန်မှာ အရေထူနေ၍သာ တော်တော့သည်။ မဟုတ်ပါက သူမ၏ မျက်နှာလေးမှာ ရှက်လွန်းသဖြင့် နီမြန်းနေသည်မှာ ကြာလှပြီဖြစ်သည်။
စကားဝိုင်း အရှိန်ရလာပြီး သောက်စရာလေးများ ပါလာသောအခါ တန်ယန်၏ ဖခင်နှင့် ယွီချန့်နျန်တို့မှာ အသက်အရွယ် ကွာခြားသော်လည်း စိတ်တူကိုယ်တူ သူငယ်ချင်း အရင်းကြီးများကဲ့သို့ ခင်မင်သွားကြသည်မှာ တန်ယန်ပင် စကားမဆိုနိုင်လောက်အောင် ဖြစ်သွားရသည်။ "ဘာပဲဖြစ်ဖြစ်လေ... လူကြီးတွေ ဆက်ဆံရေးက သူတို့ကိစ္စပဲ၊ ကိုယ့်ဘာသာကိုယ်ပဲ အဆင်ပြေအောင် နေကြပါစေတော့" ဟုသာ သူမ တွေးလိုက်မိသည်။