အနက်ရောင်အခန်း သတိပေးချက်
Vol. 7 Ch. 62
ဆရာကန်တော့ပွဲ အခမ်းအနား ပြီးဆုံးပြီးနောက် တန်ယန်သည် သူမ၏ မိဘများနှင့်အတူ S မြို့တော်သို့ ပြန်သွားခဲ့သည်။ ကျိစုကတော့ တန်ယန်အပေါ် နာမည်ဖျက် တိုက်ခိုက်ခဲ့သည့် ကိစ္စရပ်များကို ဥပဒေကြောင်းအရ အစအဆုံး ကိုင်တွယ် ဖြေရှင်းရန်နှင့် တန်ယန် ပေးအပ်ထားသော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် မြို့တော် H တွင် ကျန်ရစ်ခဲ့သည်။
မြို့တော် H မှ မထွက်ခွာမီ တန်ယန်သည် ယီတျန်ကို အသုံးပြု၍ ကျန်းမိသားစု နှစ်ပေါင်းများစွာအတွင်း လုပ်ဆောင်ခဲ့သမျှ မကောင်းမှု အဝဝကို အွန်လိုင်းပေါ်တွင် အကုန်ဖွင့်ချလိုက်ရာ ကျန်းလုပ်ငန်းစု၏ ဂုဏ်သိက္ခာမှာ ထိုးဆင်းသွားတော့သည်။ ကျန်းဇီယွီ၏ Weibo အကောင့်မှာပင် ချမ်းသာသူများကို မုန်းတီးသူများ၏ ဆဲဆိုပြစ်တင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ကျန်းဇီယွီမှာ ဒေါသအလွန်ထွက်ပြီး သူမ၏ Weibo မှ မှတ်ချက်ပေးခြင်းကို ချက်ချင်း ပိတ်လိုက်ရတော့သည်။
ကျန်းလုပ်ငန်းစု ဥက္ကဋ္ဌရုံးခန်း
ကျန်းဟွေသည် ချထားလိုက်ကာစ ဖုန်းကိုစိုက်ကြည့်ရင်း မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။ ကျန်းမိသားစု၏ အရှုပ်တော်ပုံများ ပေါက်ကြားသွားပြီးနောက် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် လူဟောင်းကြီးများက တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်ကာ သူ့ကို အပြစ်တင် မေးခွန်းထုတ်နေကြသဖြင့် သူအတော်လေး စိတ်ပျက်နေမိသည်။ သူတို့ကိုယ် သူတို့များ အရမ်းသန့်ရှင်း နေသလိုလိုနဲ့။
“ဒီနှစ်တွေတစ်လျှောက် အမြတ်ဝေစုတွေ ခွဲယူတုန်းကတော့ ဘာမှမပြောကြဘဲ အခု အနည်းငယ်လေး ပြဿနာတက်တာနဲ့ ဝိုင်းအာနေကြတာပဲ။ တကယ်သာ တော်ကြတယ်ဆိုရင် ဒီသတင်းတွေကို ဖုံးဖိလိုက်ကြလေ၊ ငါ့ကို လာရန်တွေ့နေလို့ ဘာထူးမှာလဲ”
သို့သော် သူ လတ်တလောမှ ဝယ်ယူထားသည့် မြေကွက်ကို တွေးမိလိုက်သောအခါ သူ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။ ဤမြေကိုသာ သူအောင်မြင်အောင် တည်ဆောက်နိုင်ပါက ထိုလူဟောင်းကြီးများကို အကုန် အပြတ်ရှင်းပစ်မည်။ ဒါမှ သူတို့က သူ့ကို နေ့တိုင်း လာရောက် နှောင့်ယှက်နေတာမျိုး မလုပ်နိုင်တော့မှာ ဖြစ်သည်။
သို့ရာတွင် ဤမြေကို ဖော်ဆောင်ရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုငွေကြေး... ထိုအကြောင်းကို တွေးမိသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ ကုမိသားစုသာ ပါဝင်လာပါက အရာအားလုံး ပြေလည်သွားမည်ဟု သူယုံကြည်နေသည်။ ဤစီမံကိန်းကို အကြောင်းပြ၍ ကုမိသားစုနှင့် သမီးဖြစ်သူကို လက်ထပ်ပေးကာ သူတို့၏ အင်အားကြီးမားသော သင်္ဘောကြီးပေါ်သို့ အပြီးအပိုင် တက်စီးမည်ဟု သူကြံစည်ထားသည်။
ဤနည်းဖြင့်ဆိုလျှင် မြို့တော် H တွင် မည်သူက ကျန်းဟွေကို ယှဉ်နိုင်ပါဦးမည်နည်း။ ကျန်းဟွေသည် သူသွားလေရာတိုင်းတွင် အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခံနေရမည့် သူ၏ အနာဂတ်ပုံရိပ်ကို မြင်ယောင်ရင်း မျက်နှာပေါ်မှ အမှောင်ထုများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဒေါက်... ဒေါက်... ဒေါက်...
ဝတ်စုံပြည့် ဝတ်ဆင်ထားသော အတွင်းရေးမှူးမလေးမှာ ဆွဲဆောင်မှုရှိသော ကြောင်တစ်ကောင်ကဲ့သို့ လမ်းလျှောက်လာရင်း ချွဲနွဲ့သော အသံဖြင့် "ဥက္ကဋ္ဌကျန်း... အစည်းအဝေးလုပ်ဖို့ အချိန်တန်ပြီနော်" ဟု ပြောလိုက်သည်။
ကျန်းဟွေက လှည့်ကြည့်လိုက်ပြီး သူမကို သူ၏ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းလိုက်ကာ "အခု ငါက ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို အရင် ကိုင်တွယ်ရဦးမယ်။ အစည်းအဝေး အကြောင်းကို နောက်မှပြောမယ်" ဟု ရုပ်ပျက်ဆင်းပျက် ပြောလိုက်လေသည်။
...
မိနစ်နှစ်ဆယ်ခန့် အကြာတွင် မျက်ဝန်းများ တောက်ပကာ ပါးပြင်လေးများ နီမြန်းနေသော အတွင်းရေးမှူးမလေးသည် ကျေနပ်နေပုံရသော ကျန်းဟွေ၏နောက်မှ ကပ်လျက်လိုက်ကာ အစည်းအဝေးခန်းမသို့ ထွက်ခွာသွားကြတော့သည်။
*
တစ်ဖက်တွင်လည်း တန်ယန်အိမ်သို့ ပြန်ရောက်သောအခါ မီကို၏ နွေးထွေးသော ကြိုဆိုမှုကို ခံရလေသည်။
"ယန်ယန်... နင့်ကိုငါ အရမ်းလွမ်းနေတာ၊ ဝါး... နင်မရှိတဲ့ ဒီတစ်ပတ်အတွင်းမှာ ငါဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲ သိလား" မီကိုက တစ်ခုခုကို သတိရသွားသလိုမျိုး ဒေါသတကြီး ပြောပြနေသည် - "ငါ့ရဲ့ ကိုယ်နေဟန်အထား သင်တန်းကဆရာ ဘယ်လောက်တောင် ရက်စက်သလဲဆိုတာ နင်မသိပါဘူး။ ဆယ်စင်တီမီတာမြင့်တဲ့ ဒေါက်ဖိနပ်စီးခိုင်းတယ်၊ ခေါင်းပေါ်မှာ ရေအပြည့်ပါတဲ့ ပန်းကန်လုံးတင်ပြီး လမ်းလျှောက်ခိုင်းတာ။ ရေတစ်စက် ဖိတ်တာနဲ့ တစ်နာရီတိတိ မတ်တပ်ရပ်ခိုင်းတာလေ... ဝါး..."
"ဒါနဲ့ နင်ရော အပြစ်ပေးခံရလား" တန်ယန်က စပ်စုသည့် လေသံဖြင့် မေးလိုက်သည်။
"ဒါပေါ့... ခံရတာပေါ့။" မီကိုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခံစားခဲ့ရသော နှိပ်စက်မှုများကို တွေးမိကာ မျက်နှာတစ်ခုလုံး မကျေမနပ် ဖြစ်နေတော့သည်။
"ဒါပေမဲ့ ကိုကိုရယ်... နင့်ရဲ့အမူအရာနဲ့ ကိုယ်နေဟန်ထားက အရင်ကထက် အများကြီး တိုးတက်လာတာ ငါသတိထားမိတယ်နော်။ အရင်ကနဲ့ လုံးဝမတူတော့ဘူး။" တန်ယန်က မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"တကယ်လား" မီကိုက အံ့သြတကြီးဖြင့် ခုန်လိုက်မိသည် - "ဘာတွေ ပြောင်းလဲသွားလို့လဲ ယန်ယန်ရေ... နင်ငါ့ကို မြှောက်နေတာတော့ မဟုတ်ပါဘူးနော်"
"တကယ်ပြောတာ၊ ကြည့်... အရင်က နင်က ပုခုံးနည်းနည်းတွန့်ပြီး ထိုင်တတ်တော့ နင့်လည်ပင်းက နည်းနည်းတိုသလို ထင်ရတယ်။ အခုတော့ အဲဒါတွေ လုံးဝပျောက်သွားပြီး ‘ငန်းရေကန်” အကကတဲ့ ကချေသည်လေး တစ်ယောက်လို ဖြစ်နေပြီ။" တန်ယန်၏ အကဲခတ်မှုက အလွန်စေ့စပ် သေချာပြီး အချက်အလက် ကျလှသဖြင့် အလွန်ယုံကြည်ဖို့ ကောင်းနေသည်။
လူတစ်ယောက်ကို ယေဘုယျ ဆန်ဆန်ပဲ ချီးကျူးလိုက်မည် ဆိုလျှင် ထိုသူက မြှောက်ပင့်သည်ဟုသာ ထင်ပေလိမ့်မည်။ ဝမ်းသာကောင်း ဝမ်းသာနိုင်သော်လည်း စိတ်ထဲကနေ တကယ်ကြည်နူးမိမှာ မဟုတ်ပေ။
မီကိုကတော့ ယခု အလွန်ပျော်သွားပြီး ဒုက္ခအနည်းငယ် ခံစားခဲ့ရသည်မှာ ဘာမှမဟုတ်တော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အဲဒီအစား သူမ၏ ကိုယ်ဟန်ပြ သင်တန်းသို့ ထပ်သွားရန်ပင် စိတ်အား ထက်သန်နေတော့သည်။
အပတ်သစ်တွင် တန်ယန် ကျောင်းပြန်တက်သောအခါ ကျောင်းသားအားလုံးသည် တစ်ခုခုကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြသလို သို့မဟုတ် စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသလိုမျိုး အာရုံလွင့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဘာတွေဖြစ်နေကြတာလဲ၊ လူတိုင်းက ထူးဆန်းနေသလိုပဲ။" ကျောင်းဆင်းချိန်တွင် တန်ယန်က မီကိုကို လှည့်မေးလိုက်သည်။
"ဟင်၊ ဘာမှမဖြစ်ပါဘူး၊ ပုံမှန်ပဲမဟုတ်ဘူးလား ဘာက ထူးဆန်းနေလို့လဲ" မီကိုကတော့ ဘာမှ သတိမထားမိဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်။
"အော်... ဒါဆို ငါပဲ မှားသွားတာ ထင်တယ်။" တန်ယန်က ပုခုံးတွန့်လိုက်ပြီး စာဆက်ဖတ်နေလိုက်သည်။
ရှေ့ခုံမှ ကျူးလင်လင်က လှည့်ကြည့်လာပြီး "မဖြစ်နိုင်လိုက်တာ" ဆိုသည့် မျက်နှာထားမျိုးဖြင့် - "ဟဲ့... အလှလေးနှစ်ယောက်၊ နင်တို့ ကျောင်းရဲ့ဖိုရမ်ကို လုံးဝ ကြည့်လေ့ကြည့်ထ မရှိကြဘူးလား"
မီကိုက ကြောင်အအဖြင့် ခေါင်းခါပြသည် - "ကျောင်းဖိုရမ်မှာ ဘာများ စိတ်ဝင်စားစရာရှိလို့လဲ"
ကျူးလင်လင်က မျက်လုံးလှန်ပြလိုက်သည် - "ထားလိုက်ပါတော့၊ နင်တို့ နှစ်ယောက်ထဲက တစ်ယောက်က စာဂျပိုး၊ နောက်တစ်ယောက်က ဘာမှနားမလည်တဲ့ သူဆိုတော့ မသိတာ မဆန်းပါဘူး။" သူမက လည်ချောင်းနှစ်ချက်လောက် ဟန့်လိုက်ပြီး ဆက်ပြောသည် - "ကျောင်းသားတွေ ဒီလောက် စိတ်လှုပ်ရှားနေရတာက ကျောင်းမှာ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တစ်ခု လာရောက် ရိုက်ကူးမှာမို့လို့ဟဲ့။ ဖိုရမ်မှာတော့ အဲဒီသတင်းကြောင့် ပေါက်ကွဲနေကြပြီ။"
"ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ဟုတ်လား" မီကိုက အံ့သြတကြီး ရေရွတ်လိုက်သည်။ သူတို့ကျောင်းမှာ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့က ဘာလို့ လာရိုက်ရတာလဲ။
"အင်းလေ... ယွမ်ရှီးလိုင်ရဲ့ သီချင်းအသစ် MV လာရိုက်မှာလေ။ အဲဒါကြောင့် လူတိုင်းက ရူးမတတ် ဖြစ်နေကြတာ" ကျူးလင်လင်က အချိန်ဆွဲမနေဘဲ အဖြေကို တိုက်ရိုက် ပြောပြလိုက်သည်။ သူမရှေ့က နှစ်ယောက်က သိပ်ပြီး စပ်စုချင်စိတ် မရှိတာကြောင့် အချိန်ဆွဲနေရင်လည်း သူမအတွက် ဂုဏ်ယူစရာ အောင်မြင်မှု ခံစားချက်မျိုး ရမှာမဟုတ်ပေ။
"အား... ယွမ်ရှီး။ ငါ သူ့သီချင်းတွေကို အရမ်းကြိုက်တာ၊ အထူးသဖြင့် ‘နေဝင်ချိန် ကမ်းရိုးတန်း’ ဆိုတဲ့ သီချင်းကိုဆိုရင် အရူးအမူးပဲ" မီကိုက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။ ဒါက အိပ်မက်တွေ တကယ်ဖြစ်လာတာလား၊ သူမရဲ့အိုင်ဒေါက သူတို့ကျောင်းမှာ သီချင်းဗီဒီယို လာရိုက်မယ်ဆိုတော့ သူ့ကို အနီးကပ် မြင်ခွင့်ရတော့မှာပေါ့၊ လက်မှတ်တောင် ရနိုင်ဦးမလား မသိဘူး။
တန်ယန် မှတ်မိသွားသည်။ ယွမ်ရှီးဆိုသည်မှာ လက်ရှိတွင် အောင်မြင်အကျော်ကြားဆုံး အဆိုတော်တစ်ဦးဖြစ်ပြီး အသံကောင်းရုံသာမက ကိုယ်တိုင်သီချင်း ရေးနိုင်သည့် ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။ သူမ၏ အရင်ဘဝတုန်းကလည်း သူသည် ဂီတလောကတွင် ထိပ်တန်းကနေ အမြဲရှိနေခဲ့သည့် "ဂီတဘုရင်" တစ်ဆူပင်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာပင် ထိပ်တန်းအနုပညာရှင် တစ်ဦးဖြစ်နေသော သူက ဘာကြောင့် S မြို့တော်ကိုလာပြီး MV ရိုက်ရတာလဲ။ ပြီးတော့ ဘာလို့ သူတို့ကျောင်းကိုမှ ရွေးရတာလဲ။ တန်ယန် သူမ၏ အရင်ဘဝက မှတ်ဉာဏ်များကို ပြန်လှန်ကြည့်သော်လည်း ဤကဲ့သို့ ဖြစ်ပျက်ခဲ့ဖူးသည်ကို မမှတ်မိပေ။
“ထားလိုက်ပါတော့... စဉ်းစားလို့ မရရင်လည်း တွေးမနေတော့ဘူး။ ဒါတွေက ငါနဲ့မှ မဆိုင်တာ။ ငါ့စာငါပဲ အာရုံစိုက်တာ ကောင်းပါတယ်” ဟု သူမတွေးလိုက်သည်။ သူမသည် ယခု အထက်တန်း ပထမနှစ် ကျောင်းသူလေးသာ ဖြစ်သော်လည်း တက္ကသိုလ် ပထမနှစ် သင်ခန်းစာများကို လေ့လာနေပြီ ဖြစ်သည်။ ဤအကြောင်းကို တစ်ယောက်ယောက်ကို သွားပြောလျှင်ပင် မည်သူမျှ ယုံကြည်မည် မဟုတ်သလို၊ အရင်ဘဝက တန်ယန်ကိုယ်တိုင်ပင် ယုံကြည်မည် မဟုတ်ပေ။
"တန်ယန်... အတန်းပိုင်ဆရာမက နင့်ကိုခေါ်နေတယ်" သင်္ချာအတန်းခေါင်းဆောင်က ဆရာမရုံးခန်းကို အိမ်စာသွားပို့ပြီး အပြန်တွင် ဆရာမ၏ စကားပါးသူအဖြစ် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
တန်ယန်သည် သူမဖတ်နေသော အဆင့်မြင့်သင်္ချာ စာအုပ်ကိုပိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ဆရာမအိုက သူမကို ဘာကိစ္စနှင့် ခေါ်သလဲဆိုသည်ကို တွေးရင်း လမ်းလျှောက်လာခဲ့သည်။ လမ်းလျှောက်ရင်း အတွေးလွန်နေခြင်းမှာ မကောင်းသော အကျင့်တစ်ခု ဖြစ်ကြောင်း သူမ ဝန်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော်... လူတစ်ဦးဦးနှင့် တိုက်မိဖို့ အလွန် လွယ်ကူသောကြောင့်ပင်။
မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသော မှတ်စုစာအုပ်များကို မြင်လိုက်ရမှ တန်ယန် သတိပြန်ဝင်လာပြီး တစ်ဖက်လူကို ကူညီကောက်ပေးရန် အမြန်ထိုင်လိုက်သည်။
"တောင်းပန်ပါတယ်... ငါအတွေးလွန်သွားလို့ ရှေ့မှာ လူရှိနေတာကို သတိမထားမိလိုက်ဘူး။" တန်ယန်က တတွတ်တွတ် တောင်းပန်နေစဉ်မှာပင် သူမ၏စိတ်ထဲမှ ယီတျန်ကတော့ သူမကို လှောင်ပြောင်နေလေသည်။
တစ်ဖက်လူမှာ အလွန် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ ပါးပြင်လေးများ နီမြန်းနေပြီး တိုးညှင်းသော လေသံဖြင့် "ရပါတယ်... ငါလည်းမှားပါတယ်၊ ငါက အရမ်းမြန်မြန် လမ်းလျှောက်လာမိလို့ပါ" ဟု ပြန်ပြောရှာသည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အိမ်စာစာအုပ်များကို သိမ်းဆည်းပေးပြီးနောက် ထိုမိန်းကလေးက ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ တန်ယန်လည်း ဆရာမရုံးခန်း ရှိရာသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
【ယီတျန်... လူသားတွေရဲ့စကားနဲ့ ပြောရရင်တော့ နင်အခု "ဘောင်ဘင်ခတ်" နေတာပဲ။】
【အရှင်... စနစ်ဆိုတာက နဂိုကတည်းက လေထဲမှာ ဝဲပျံနေရတာပဲလေ။ အဲဒီတော့ ဘောင်ဘင်ခတ်နေတာက ပုံမှန်ပဲ မဟုတ်ဘူးလား】 စနစ်လေးမှာ ဘာကိုဆိုလိုမှန်း မသိဘဲ ဝေခွဲမရဖြစ်ကာ ပြန်မေးနေသည်။
【ဟဲဟဲ။】
【အရှင်... အရှင့်ရဲ့အပြုံးက တစ်မျိုးကြီးပဲ... ကြောက်စရာ ကောင်းလိုက်တာ။ မဟုတ်ဘူး... စနစ်ကိုတောင် ခြောက်လှန့်နေသလိုပဲ။】
【အော်... ဟုတ်လား၊ ဒါဆိုရင်တော့ နင်ထင်တာမှန်တယ်။】
【ကျွန်တော်မှားသွားပါပြီ အရှင်။ အရှင့်ကို အန္တရာယ်ရှိတာ သတိမပေးခဲ့တဲ့အပြင် လှောင်တောင် လှောင်မိခဲ့လို့ပါ။】
【ဟင်း...】
【ဟိုလေ... အရှင် စနစ်ကို ခွင့်လွှတ်နိုင်အောင် ဘာလုပ်ပေးရမလဲ။ စနစ် လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်】 ထိုသို့ ပြောပြီးနောက် စနစ်လေးမှာ သူကိုယ်သူ အားပေးသည့် အနေဖြင့် လက်သီးကျစ်ကျစ် ဆုပ်ထားသည့် ပုံရိပ်ယောင်လေးကိုပါ ပြသလိုက်ရာ အတော်ပင် ယုံကြည်ချင်စရာ ကောင်းနေတော့သည်။
【ထားလိုက်ပါတော့... ငါက စိတ်သဘောထား ပြည့်ဝတဲ့သူဆိုတော့ နင့်ကို အပြစ်မယူတော့ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ ထပ်လုပ်ရင်တော့ နင့်ကို "အမှောင်အခန်း" ထဲမှာ ပိတ်ထားပစ်မယ်】