← Chapters

မြို့တော်သို့ ဖိတ်ခေါ်ခံရခြင်း

Vol. 7 Ch. 65

မြို့တော်သို့ ဖိတ်ခေါ်ခံရခြင်း

Vol. 7 Ch. 65

ယွမ်ရှီး ထွက်ခွာသွားပြီးနောက် တန်ယန်၏ဘဝသည် ကျောင်းတက်မြဲအတိုင်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ သူမသည် ပိတ်ရက်များတွင် ဘေကျင်းရှိ ကျိုးချီထံ ဖုန်းဆက်၍ အလုပ် အခြေအနေများကို မေးမြန်းလေ့ရှိသည်။

ဘေကျင်းရှိ S-Land မြေကွက်နှင့် ဘိုင်ရှာကျွန်းစီမံကိန်း နှစ်ခုလုံးမှာ လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။ တန်ယန်၏ ဘဏ်အကောင့်ထဲမှ ငွေများမှာလည်း အဆက်မပြတ် စီးဆင်းနေပြီး သူမ၏ "ယွမ် ဘီလီယံ ၅၀ သုံးစွဲရန်" ရည်မှန်းချက်မှာလည်း ပြည့်မီရန် ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ဒီဇင်ဘာလ ကုန်ခါနီးအချိန်...

ယွီချန့်နျန်က တန်ယန်ကိုဖုန်းဆက်၍ မြို့တော် H တွင် ကျင်းပမည့် နှစ်သစ်ကူးညပါတီသို့ တက်ရောက်ရန်နှင့် သူနှင့်အတူ စန္ဒယားလက်စွမ်းပြရန် ဖိတ်ခေါ်ခဲ့သည်။ တန်ယန်ကလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။

မြို့တော် H သို့ မထွက်ခွာမီ တစ်ရက်အလိုတွင် တန်ယန်သည် သူမ စောင့်မျှော်နေသော ဆွစ်ယူနီယံ အနက်ရောင်ကတ်ကို လက်ခံရရှိခဲ့သည်။ သူမသည် JD.com သို့ ချက်ချင်းဝင်ရောက်ကာ အနက်ရောင်ကတ် ရှိသူများသာ ဝယ်ယူခွင့်ရှိသည့် "ကြယ်ရောင်ကောင်းကင်" နာရီကို မှာယူလိုက်တော့သည်။

ထွက်ခွာမည့်နေ့တွင် S မြို့တော်၌ နှင်းမှုန်လေးများ စတင် ကျဆင်းနေ၏။

"ယန်ယန်... လမ်းမှာ ဂရုစိုက်သွားဦးနော်။ ၃၁ ရက်နေ့ ညကျရင် မေမေတို့ တီဗီရှေ့ကနေ သမီးကို အားပေးနေမယ်" တန်ယန်၏မိခင်က သမီးဖြစ်သူကို ဖက်ကာ နှုတ်ဆက်သည်။

"ဟုတ်ကဲ့ပါမေမေ၊ သမီးသွားပြီနော်။ ဖေဖေနဲ့မေမေလည်း အရမ်းကြီး အလုပ်မရှုပ်ကြနဲ့ဦး၊ သမီးပြန်လာတာကို စောင့်နေကြနော်" ဟု တန်ယန်က ဆိုသော်လည်း သူမ၏ မိဘများမှာ အလုပ်မရှုပ်ဘဲ မနေနိုင်မှန်း သူမသိသည်။ သူတို့ ကျန်းမာရေးကိုသာ ဂရုစိုက်ကြပါစေဟု သူမ ဆုတောင်းနေမိသည်။ ကျန်းမာရေးထက် အရေးကြီးသောအရာ ဘာမှမရှိပေ။

ချင်ယွီရုံက ကားမောင်း၍ မြို့တော် H သို့ ခေါ်ဆောင်လာခဲ့သည်။ ရောက်ရောက်ချင်းမှာပင် သူမပထမဆုံး လုပ်သည့်အလုပ်မှာ ဆရာဖြစ်သူထံ သွားရောက် ကန်တော့ခြင်းပင် ဖြစ်သည်။

ယွီချန့်နျန် နေထိုင်သည့် ရပ်ကွက်မှာ အလွန် သာယာလှသည်။ အိမ်တိုင်းတွင် ကိုယ်ပိုင်ခြံဝန်းလေးများ ရှိကြ၏။ အနီရောင် အုတ်ခဲများ၊ အဖြူရောင် နံရံများနှင့် အိမ်တိုင်းလိုလိုတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်လေးများ သို့မဟုတ် ပန်းပင်လေးများ စိုက်ပျိုးထားကြသည်။ အိမ်တစ်အိမ်တွင်ဆိုလျှင် ခြံထဲ၌ ဖန်စီ မှန်အိမ်လေးတစ်ခု ဆောက်ထားပြီး အထဲတွင် မာဂျောင်ဝိုင်း ပြင်ထားသည်မှာ အိမ်ရှင်၏ ဧည့်ဝတ်ကျေပွန်မှုကို ဖော်ပြနေသယောင် ရှိသည်။

တန်ယန်သည် သူမ၏ဖခင် ပြင်ပေးလိုက်သော လက်ဖက်ခြောက်ကောင်းများနှင့် ဒေါ်လေးကိုယ်တိုင် လုပ်ထားသော မုန့်များကို လက်ဆောင်အဖြစ် ယူဆောင်လာခဲ့သည်။ ယွီချန့်နျန်၏ ခြံဝန်းလေးထဲတွင် ဆောင်းရာသီတွင်ပွင့်သည့် ဆောင်းပွင့်ပန်းပင်လေးများ ရှိနေပြီး အကိုင်းခက်များပေါ်တွင် အဖူးလေးများကို ခပ်မှိန်မှိန် မြင်တွေ့နေရသည်။ ပန်းတွေ အပြည့်အဝ မပွင့်သေးသော်လည်း မြင်ရသူကို ဆွဲဆောင်နေသည့် မြင်ကွင်းလေးပင် ဖြစ်သည်။

ယွီချန့်နျန်သည် ပြတင်းပေါက်ကြီးရှေ့တွင် ထိုင်ကာ စာဖတ်နေပြီး အပြင်ဘက်ရှိ ခြံဝန်းအလှကို ခံစားနေသည်။ တန်ယန်ခြံထဲသို့ လှမ်းဝင်လိုက်ချိန်တွင် တွေ့လိုက်ရသည့် ဤမြင်ကွင်းလေးမှာ အလွန်ပင် အေးချမ်းလှသည်။

တန်ယန် အိမ်ထဲသို့ဝင်လာပြီး တံခါးဖွင့်ပေးသော အဒေါ်ကြီးထံ လက်ဆောင်များကို ပေးအပ်လိုက်သည်။ ဆရာကတော်လုမုန်လန် မီးဖိုချောင်ထဲမှ ထွက်လာပြီး တန်ယန်ကို မြင်လိုက်ရသောအခါ မျက်နှာလေးမှာ အပြုံးများဖြင့် ဝင်းပသွားတော့သည်။

"ယန်ယန် ရောက်လာပြီပဲ။ သမီးရဲ့ ဆရာကတော့ မနက်စောစောကတည်းက သမီးလာမှာကို မျှော်နေတာ။"

"အဟမ်း... ယန်ယန်၊ လာထိုင်ဦး။ ဆရာကတော်ကတော့ တစ်မနက်လုံး အလုပ်ရှုပ်နေတာ၊ သမီးအတွက် ကြက်သားမှိုစွပ်ပြုတ် ချက်ပေးမယ်တဲ့။ ခဏနေရင် ထမင်းစားကြတာပေါ့။" ယွီချန့်နျန်က လည်ချောင်းဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကတော်ရှင့်။ အိမ်ထဲဝင်ဝင်ချင်း ဘာလို့ ဒီလောက် မွှေးနေတာလဲလို့ သမီး စဉ်းစားနေတာ၊ ဆရာကတော်ချက်တဲ့ စွပ်ပြုတ်ကိုး။ ဒီနေ့တော့ သမီး သေချာပေါက် နှစ်ပန်းကန်လောက် ပိုသောက်မိတော့မှာပဲ။" တန်ယန်သည် ထူထဲသော အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ဆရာကတော် ကိုယ်တိုင် သူမအတွက် အထူး ပြင်ဆင်ပေးထားသော အမွေးပွ ဖိနပ်လေးကို လဲစီးကာ အထဲသို့ လှမ်းဝင်လိုက်သည်။

"ဆရာ... ဘာတွေကြည့်နေတာလဲဟင်" တန်ယန်က အနားသို့ တိုးကပ်ရင်း စပ်စုလိုက်သည်။ "ရွှမ်းချီလား၊ ဆရာက တကယ်ပဲ စစ်တုရင် ကစားနည်းတွေကို လေ့လာနေတာလား"

ယွီချန့်နျန်က တန်ယန်၏ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည် - "ဘာလဲ... မင်းရဲ့ဆရာက ကြိုးစားပမ်းစား လေ့လာပြီး ကစားကွက်တွေ တိုးတက်အောင် လုပ်လို့မရဘူးလား"

တန်ယန်သည် အခေါက်ခံလိုက်ရသော သူမ၏ခေါင်းကို ပွတ်ရင်း စိတ်ဆိုးသလိုမျိုး ကြည့်လိုက်သည်။ သူမဆရာသည် စစ်တုရင် ကစားရာတွင် အလွန်ညံ့သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ခေါက် ထမင်းလာစားစဉ်က ဆရာဖြစ်သူက ရုတ်တရက် စိတ်ပါလာပြီး သူမနှင့် စစ်တုရင် ကစားရန် ဖိတ်ခေါ်ခဲ့ဖူးသည်။

တန်ယန်၏ ဂိုကစားနည်း အသိပညာမှာ မူလတန်းတုန်းက မိခင်ဖြစ်သူ တက်ခိုင်းခဲ့သော သင်တန်းလေးမှ အခြေခံလောက်သာ ရှိသည်မဟုတ်ပါလား။ သူမ၏ ဆရာမှာ စတင်သင်ယူသူ အဆင့်လေးကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား။

သို့သော် အံ့သြစရာ ကောင်းသည်မှာ သူမ၏ ကစားနိုင်စွမ်းက ဆရာဖြစ်သူနှင့် တန်းတူအဆင့် ဖြစ်နေခြင်းပင်။

ထို့ကြောင့်ပင် သူမသည် နိုင်ငံရပ်ခြားရှိ စီနီယာအစ်ကိုကြီး နှစ်ယောက်ထံ စာပို့ပြီး အခြေအနေကို စုံစမ်းကြည့်ခဲ့သည်။ ရလဒ်အနေဖြင့် စီနီယာအစ်ကိုကြီး နှစ်ယောက်က ဆရာဖြစ်သူ၏ "ကစားကွင်း အတွင်းက ရာဇဝင်ဆိုးများ" အကြောင်းကို အကျဉ်းချုပ် ရှင်းပြပေးခဲ့ကြသည်။

တကယ်ပင် လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်၍ မရပေ။ သူမ၏ ဆရာမှာ မြင်ရသူအဖို့ နက်နဲသိမ်မွေ့ပုံ ပေါ်သော်လည်း စစ်တုရင် ကစားရာတွင်တော့ လုံးဝကို အတွေ့အကြုံမရှိသူ တစ်ဦးသာဖြစ်သည်။ "ကစားတာ ညံ့လေလေ၊ ကစားရတာ ပိုကြိုက်လေလေ" ဆိုသည့် စကားမှာ သူမ၏ဆရာနှင့် အလွန်ကို ကိုက်ညီလှသည်။

"ကဲ... ထမင်းအဆင်သင့်ဖြစ်ပြီ" လုမုန်လန်က သူတို့နှစ်ဦးကို ထမင်းစားခန်းသို့ လာရန် လှမ်းခေါ်လိုက်သည်။

တန်ယန်သည် ဆရာကတော်၏လက်ကို ချက်ချင်းဆွဲကာ ထမင်းစားပွဲဆီသို့ လျှောက်သွားတော့သည်။ ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်ပါသော ရိုးရှင်းသော ထမင်းဝိုင်းမှာ သူတို့ သုံးဦးအတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

"ဗိုက်လေးနွေးသွားအောင် ထမင်းမစားခင် စွပ်ပြုတ်လေး အရင်သောက်ဦးနော်။" လုမုန်လန်က ပြုံးလျက် တန်ယန်ကို စွပ်ပြုတ် ခပ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကတော်ရှင့်" ဆရာကတော်၏ နူးညံ့သိမ်မွေ့သော လေသံမှာ တန်ယန်၏ နှလုံးသားကို ပျော့ပြောင်းသွားစေသည်။ အချိန်တွေက ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲနိုင်သော်လည်း ယဉ်ကျေး ကျော့ရှင်းမှုကိုတော့ မဖျက်ဆီးနိုင်ပါလား။

ဆရာကတော်တွင် စာအုပ်များထဲ၌ ဖော်ပြလေ့ရှိသည့် "နူးညံ့ပြီး သိမ်မွေ့ကျော့ရှင်းသော" အရှိန်အဝါမျိုး ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

ဆရာကတော်မှာ ငယ်စဉ်က ကချေသည်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ကျော့ရှင်းသော ကိုယ်ဟန်အနေအထားကို အမြဲ ထိန်းသိမ်းထားခြင်းမှာ သူမ၏ အရိုးထဲအထိ စွဲမြဲနေသော အလေ့အထတစ်ခု ဖြစ်ဟန်တူသည်။

"ဟင်း" ယွီချန့်နျန်က ကလေးဆိုးကြီး တစ်ယောက်လို နှာမှုတ်လိုက်သည်။

လုမုန်လန်က သူ့ကို ပြုံးလျက် တစ်ချက်ကြည့်ကာ ဘေးနားက ပန်းကန်လုံးအလွတ်ကို ယူပြီး စွပ်ပြုတ် ခပ်ပေးလိုက်တော့မှ "စားဖိုမှူးကြီး" မှာ ကျေနပ်သွားတော့သည်။

ကြက်စွပ်ပြုတ်မှာ ကြည်လင်နေပြီး ဆီဦးဆီဖတ်များ မပါဘဲ ပေါ့ပေါ့ပါးပါး ရှိလှသည်။ လတ်ဆတ်သောမှိုများ ထည့်ထားသဖြင့် အရသာမှာ ထူးထူးခြားခြား ချိုမြိန်နေ၏။ ထမင်းဝိုင်းလေးမှာ နွေးထွေးသာယာသော အငွေ့အသက်များဖြင့် ပြီးဆုံးသွားခဲ့သည်။

ထမင်းစားပြီးနောက် တန်ယန်က ပန်းကန်ဆေးရန် ကူညီပေးဖို့ ပြင်သော်လည်း လုမုန်လန်က သူမကို တွန်းထုတ်လိုက်သည် - "ဖန်းအဒေါ် ရှိတာပဲ၊ သမီးကူစရာ မလိုပါဘူး။ စန္ဒယားတီးမယ့် လက်တွေကို ပန်းကန်ဆေးတာတို့၊ အိမ်အလုပ် လုပ်တာတို့မှာ မသုံးရဘူးလေ။ သမီးရဲ့ဆရာတောင် အိမ်အလုပ် တစ်ခါမှ မလုပ်ဘူး၊ သူ့ဆီကနေ အဲဒါပဲ အတုယူလိုက်။"

ထိုစကားကို ကြားသောအခါ ယွီချန့်နျန်မှာ ရင်ထဲတစ်မျိုးကြီး ဖြစ်သွားပြီး - "ဒီလောက်တော်တဲ့ ဇနီးသည်ကို ရထားတော့လည်း ငါက ကံကောင်းတာပေါ့" ဟု ရေရွတ်လိုက်သည်။

"အင်းပါ၊ အင်းပါ... ရှင်တို့နှစ်ယောက်ပဲ ကိုယ့်ကိစ္စကိုယ် သွားလုပ်ကြတော့၊ ဒီအလုပ်တွေအတွက် ပူမနေနဲ့" ဟု လုမုန်လန်က စနောက်သလို ပြောလိုက်သည်။

ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာ ဆိုသည်မှာ စကားလုံးများထက် လုပ်ရပ်များဖြင့်သာ အမြဲ သက်သေပြရခြင်း ဖြစ်သည်။ ဆရာကတော်သည် ဆရာဖြစ်သူ၏ ဘဝကဏ္ဍ ပေါင်းစုံကို ဂရုတစိုက် ပြုစုပေးပြီး၊ ဆရာကလည်း ထိုမေတ္တာကို လက်ခံရရှိကာ ချစ်ခြင်းနှင့် တာဝန်သိမှုတို့ဖြင့် ပြန်လည်တုံ့ပြန်သည်။ ‘တစ်သက်လုံး အတူလက်တွဲ သွားကြခြင်း’ မည်မျှလှပသော စကားစုလေးပါနည်း။

တန်ယန်သည် သူမ ယူဆောင်လာသော လက်ဖက်ခြောက်ကို ထုတ်ယူကာ ဆရာဖြစ်သူအတွက် လက်ဖက်ရည်တစ်အိုး ဖျော်ပေးလိုက်သည်။ ထိုအခါမှသာ ဆရာနှင့်တပည့်ကြား အရေးကြီးသော ကိစ္စရပ်များကို စတင် ဆွေးနွေးဖြစ်ကြတော့သည်။

"ဒီနေ့ညနေ ၄ နာရီလောက်မှာ တို့တွေ ဇာတ်တိုက်ဖို့ သွားကြမယ်နော်။ ကြာလှရင် တစ်နာရီပေါ့။ ဒီညတော့ ဆရာ့အိမ်မှာပဲ အိပ်လိုက်ပါ၊ ဆရာကတော်က အခန်းကို အသင့်ပြင်ပေးထားတယ်။ ဖျော်ဖြေပွဲက ညပိုင်းမှဆိုပေမဲ့ တို့တွေ မနက်စောစောကတည်းက ပွဲကျင်းပမယ့် နေရာကို သွားကြရမှာ" ဟု ယွီချန့်နျန်က လက်ဖက်ရည် တစ်ငုံသောက်ရင်း နောက်နှစ်ရက်အတွင်း လုပ်ဆောင်မည့် အစီအစဉ်များကို ရှင်းပြသည်။

"ဟုတ်ကဲ့ပါဆရာ၊ ဒါဆိုရင် ခဏနေရင် မမရုံကို သမီးရဲ့ အထုတ်အပိုးတွေ ယူလာခိုင်းလိုက်ပါ့မယ်။" တန်ယန်က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ယွီချန့်နျန်နှင့် ညနေခင်းတစ်လျှောက် စကားပြောဖြစ်ခြင်းက တန်ယန်အတွက် အလွန်ပင် အကျိုးရှိလှသည်။ ဆရာတစ်ဆူအဆင့် ဂီတအာရုံနှင့် အမြင့်ဆုံး အရည်အချင်းများ ရှိနေသော်လည်း သူမကိုယ်သူမ စတင်သင်ယူသူ တစ်ဦးအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်သည်။ အမှန်စင်စစ် သူမတွင် အတွေ့အကြုံများစွာ လိုအပ်နေသေးပြီး ဂီတအပေါ် နားလည်မှုမှာလည်း ပိုမိုနက်ရှိုင်းရန် လိုအပ်သည်။ ဤသည်မှာ သူမ၏ အနာဂတ် တိုးတက်မှုအတွက် အဓိက သော့ချက်ပင် ဖြစ်ပေလိမ့်မည်။

ယွီချန့်နျန်၏ အမြင်တွင်မူ သူအသစ်စက်စက် လက်ခံလိုက်သော ဤတပည့်မလေးမှာ သဘာဝက ပေးသနားထားသော ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။ သာမန် စန္ဒယား ကျောင်းသားတစ်ဦး တစ်နှစ်ပတ်လုံး ကြိုးစားလေ့ကျင့်မှ ရနိုင်မည့် အောင်မြင်မှုမျိုးကို သူမက ဆယ်မိနစ်အတွင်း ရရှိနိုင်စွမ်း ရှိသည်။

ယခင်ကဆိုလျှင် ဤကဲ့သို့သောလူမျိုး ရှိလိမ့်မည်ဟု သူဘယ်သောအခါမှ ယုံကြည်ခဲ့မည် မဟုတ်သော်လည်း ယခုမူ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

သူ၏ တပည့်မလေးမှာ စန္ဒယားသင်ယူခဲ့သည်မှာ ခြောက်လခန့်သာ ရှိသေးသော်လည်း သူမ၏ ကျွမ်းကျင်မှုနှင့် ဂီတအာရုံ ခံစားနိုင်စွမ်းမှာ စန္ဒယားလောက၏ ထိပ်သီးနေရာတွင် ကြာမြင့်စွာ ရပ်တည်နေခဲ့သော ဆရာကြီးများနှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။ တီးခတ်မှု နည်းစနစ် သက်သက်ကိုသာ ကြည့်မည်ဆိုလျှင် သူကိုယ်တိုင်ပင် သူမကို အနိုင်ယူနိုင်ပါမည်ဟု အသေအချာ မပြောရဲပေ။

သူမထက် သာလွန်နေသည်မှာ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် စန္ဒယားအပေါ် နက်နဲစွာ နားလည်မှုတို့သာ ဖြစ်သည်။ ဤအချက်များမှာ တန်ယန် လောလောဆယ် လိုအပ်နေသော အရာများပင်။ အချိန်တစ်ခုသာ ပေးလိုက်မည် ဆိုပါက သူကိုယ်တိုင်ပင် အကောင်အထည် မဖော်နိုင်ခဲ့သော အိပ်မက်များကို သူမက သေချာပေါက် ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်သည်။

ယွီချန့်နျန်နှင့် လုမုန်လန်တို့ ဇနီးမောင်နှံတွင် နေ့ခင်းဘက် တစ်ရေးအိပ်လေ့ရှိသော အလေ့အကျင့် ရှိသည်။ တန်ယန်နှင့် စကားပြောပြီးနောက် သူတို့နှစ်ဦးမှာ ခေတ္တအနားယူရန် အိပ်ခန်းထဲသို့ ဝင်သွားကြသည်။

တန်ယန်သည် ဆိုဖာပေါ်တွင်ထိုင်ရင်း သူမ၏ဆရာ စုဆောင်းထားသော စာအုပ်များကို ဖတ်နေလိုက်သည်။ ခေတ္တမျှအတွင်း အခန်းထဲတွင် စာရွက်လှန်သံနှင့် အပြင်ဘက်မှ တိုက်ခတ်နေသော အေးစက်သည့် လေပြင်းသံတို့မှလွဲ၍ တိတ်ဆိတ် ငြိမ်သက်နေတော့သည်။

All Chapters