လေ့ကျင့်မှုများတွင် ပါဝင်ခြင်း
Vol. 7 Ch. 66
ညနေ ၃ နာရီ မထိုးမီမှာပင် ချင်ယွီရုံသည် တန်ယန်၏ ခရီးဆောင်အိတ်ကို ယူဆောင်ကာ ဟိုတယ်မှ ရောက်ရှိလာခဲ့သည်။
ယွီချန့်နျန်နှင့် လုမုန်လန်တို့ အနားယူရာမှ ထွက်လာသောအခါ တန်ယန်၏ဘေးတွင် ချင်ယွီရုံက ထိုင်နေပြီး အလုပ်ကိစ္စများအကြောင်း ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
ဤအတောအတွင်း သူတို့သည် တန်ယန်၏ အခြေအနေကို ယေဘုယျအားဖြင့် သိရှိထားပြီး ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ကြီးမားသော မိသားစု ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားနိုင်သည့်အတွက် သူမကို အလွန်ပင် ချီးကျူးမိကြသည်။ အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းသော်လည်း တန်ယန်သည် သာမန်လူ တစ်ယောက်ကဲ့သို့ ရှုမြင်၍ရသောသူမျိုး မဟုတ်သည်ကို သူတို့ နားလည်ထားကြသည်။
အသံကြားသဖြင့် တန်ယန် လှည့်ကြည့်လိုက်ရာ ဆရာနှင့် ဆရာကတော်တို့ ထွက်လာသည်ကို မြင်သောအခါ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည် - "ဆရာ၊ ဆရာကတော်... နိုးပြီလား၊ မမရုံက အရသာရှိတဲ့မုန့်တွေ ယူလာပေးတယ်၊ လာမြည်းကြည့်ကြပါဦး"
ချင်ယွီရုံသည်လည်း ထရပ်ကာ လူကြီးနှစ်ဦးကို ပြုံးလျက် နှုတ်ဆက်သည် - "မစ္စတာယွီ၊ ဆရာမလု... အခုလို လာနှောင့်ယှက်မိတာ အားနာပါတယ်ရှင်။"
"ရှောင်ချင်ရယ်... ထိုင်ပါဦး။ ရာသီဥတုကလည်း အေးနေတာကို အိတ်တွေ သယ်လာပေးရသေးတယ်။ အိမ်မှာအခန်းတွေ အများကြီး ရှိတာပဲ၊ မင်းလည်း ယန်ယန်နဲ့အတူ ဒီမှာပဲ တည်းလိုက်ပါလား၊ ဒါမှ ဟိုဟိုဒီဒီ သွားမနေရတော့မှာ" ယွီချန့်နျန်က ချင်ယွီရုံကို ပြုံးလျက် ခရီးဦးကြိုပြုပြီး လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်လိုက်သည်။
"ဟုတ်တယ်၊ ယန်ယန်အခန်းဘေးက အခန်းပဲ။ အရမ်းသန့်ရှင်းသလို အိပ်ရာခင်းတွေလည်း အသစ်လဲထားပြီးသားပါ" ဟု လုမုန်လန်ကလည်း ထပ်လောင်း ဖိတ်ခေါ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ ဒါပေမဲ့ နောက်တစ်ခါမှပဲ အနှောင့်ယှက်ခံပါ့မယ်။ အခုတစ်ခေါက်က အလုပ်ကိစ္စတွေ ရှိနေတာမို့ ဟိုတယ်မှာ နေတာက ပိုအဆင်ပြေလို့ပါ။ နောက်တစ်ခါ လာရင်တော့ သေချာပေါက် နှောင့်ယှက်ဦးမှာမို့လို့ အဲဒီကျရင်တော့ စိတ်မပျက်ကြပါနဲ့ဦးနော်။"
ချင်ယွီရုံက လူကြီးများ၏ ကမ်းလှမ်းမှုကို လိမ္မာယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ သူမသည် တန်ယန်ကို လိုက်ပါ စောင့်ရှောက်ရန်သာမက ကျိစု၏ ဥပဒေအကျိုးဆောင် လုပ်ငန်းအတွက် မြို့တော် H တွင် ရုံးခွဲဖွင့်လှစ်မည့် ကိစ္စများကိုလည်း ဝိုင်းဝန်း ကူညီပေးရဦးမည် ဖြစ်သည်။ သူမ၏ အချိန်မမှန်သော အဝင်အထွက်များက လူကြီးများ၏ အနားယူခြင်းကို နှောင့်ယှက်မိမည်ကို သူမ စိုးရိမ်သောကြောင့်ပင် ငြင်းဆိုခြင်းဖြစ်သည်။
အချိန်က နီးကပ်လာပြီ ဖြစ်သဖြင့် ယွီချန့်နျန်က တန်ယန်ကို အနွေးထည် ဝတ်ခိုင်းပြီး မြို့တော် H ရုပ်သံဌာနသို့ ဇာတ်တိုက်ရန်အတွက် ပြင်ဆင်ကြတော့သည်။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မှိုင်လာပြီး အေးစက်သော လေပြင်းများက တဝူးဝူး တိုက်ခတ်နေသည်။ တန်ယန် အိမ်ထဲက လှမ်းထွက်လိုက်သည်နှင့် ချမ်းစိမ့်သွားသဖြင့် တုန်တက်သွားတော့သည်။
ချင်ယွီရုံက အမြန်ပင် တန်ယန်၏ ဦးထုပ်ကို ဆွဲတင်ပေးပြီး လည်စည်းပုဝါကို လုံအောင် ပတ်ပေးလိုက်သည် - "အအေးမိသွားမယ် ယန်ယန်၊ သေချာပတ်ထား။"
"ကျေးဇူးပါ မမရုံ။" တန်ယန်သည် ချင်ယွီရုံ၏ ဂရုစိုက်မှုကို ခံစားရသဖြင့် ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကားကို ခြံဝင်းအဝင်ဝမှာပင် ရပ်ထားသည်။ တန်ယန်သည် ယွီချန့်နျန်ကို ကားပေါ်တက်ရန် ကူညီပေးပြီးနောက် အခြားတစ်ဖက်သို့ အမြန်ပြေးသွားကာ ကားတံခါးဖွင့်၍ တက်လိုက်တော့သည်။
ကားအတွင်းခန်းမှာ အေးစက်နေဆဲ ဖြစ်သော်လည်း အပြင်ဘက်တွင် ရပ်နေရသည်ထက်စာလျှင် အများကြီး သာလွန်လှသည်။ အနည်းဆုံးတော့ လေဒဏ်ကို ခံစရာ မလိုတော့ပေ။
ချင်ယွီရုံက ကားအပူပေးစက် ဖွင့်ပေးလိုက်တော့မှ တန်ယန်တစ်ယောက် လူပြန်ဖြစ်လာတော့သည်။ သူမသည် တကယ်ပင် အအေးဒဏ်ကို ကြောက်ရွံ့သူဖြစ်၏။
ယွီချန့်နျန်၏ ခြံဝန်းမှ မြို့တော် H ရုပ်သံဌာနသို့ ကားမောင်းလျှင် တစ်နာရီခန့် ကြာမြင့်ပြီး ထိုအချိန်တွင် ကားလမ်းပိတ်ဆို့မှုလည်း သိပ်မရှိလှပေ။ ဆရာနှင့် တပည့်နှစ်ဦးသည် ကားပေါ်တွင် သူတို့၏ ဖျော်ဖြေမှုကို ပိုမိုကောင်းမွန်အောင် မည်သို့ ပြုလုပ်ရမည်နည်း ဟူသောအချက်ကို ဦးစွာ ဆွေးနွေးကြပြီးနောက် ဖေဖော်ဝါရီလတွင် YL နိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ရှိုပင်စန္ဒရားပြိုင်ပွဲ အကြောင်းကို ဆက်လက် ပြောဆိုဖြစ်ကြသည်။
တန်ယန်သည် ထိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီး ဆုရရှိရန်လည်း ရည်မှန်းချက်ကြီးကြီး ထားထားသည်။ အကယ်၍ ယခုတစ်ခေါက် မဝင်ဖြစ်ပါက နောက်ထပ် အခွင့်အရေးရရန် နောက်ထပ် ၄ နှစ်တောင် စောင့်ရမည် မဟုတ်ပါလား။
ယွီချန့်နျန်သည် သူမဝင်ပြိုင်မည်ကို ခန့်မှန်းမိပြီးသားဖြစ်ရာ စိတ်ဓာတ်ကျစေမည့် စကားမျိုး တစ်ခွန်းမှ မပြောဘဲ သူ၏ အတွေ့အကြုံများနှင့် ရှေ့လာမည့် တစ်လခွဲခန့်အတွင်း တန်ယန်အဓိက အာရုံစိုက်ရမည့် အချက်များကိုသာ ဝေမျှပေးခဲ့သည်။
တန်ယန်ကလည်း ၎င်းတို့ကို နှိမ့်ချစွာ လက်ခံ သင်ယူခဲ့သည်။ ယွီချန့်နျန်နှင့် ဆုံတွေ့ခွင့်ရပြီး သူ၏တပည့် ဖြစ်လာရသည်မှာ သူမအတွက် အလွန် ကံကောင်းလှသည်ဟု ခံစားရသည်။ ဤအတွေ့အကြုံများမှာ ငွေနှင့်ဝယ်၍ မရနိုင်သော တန်ဖိုးရှိလှသည့် အရာများပင်။
ရုပ်သံဌာနသို့ ရောက်ရှိသောအခါ ချင်ယွီရုံက အရင်ပြန်သွားခဲ့သည်။ ပွဲပြီးလျှင်တော့ ရုပ်သံဌာန ဝန်ထမ်းများက သူတို့အိမ်ပြန်နိုင်ရန် ကားစီစဉ်ပေးမည် ဖြစ်သည်။
နှစ်သစ်ကူး ပါတီအတွက် ပြင်ဆင်ထားသည့် စင်မြင့်မှာ အလွန်ကြီးမားခြင်း မရှိသော်လည်း ပုံမှန်ဖျော်ဖြေပွဲခန်းမ အချို့ထက်စာလျှင် ပိုမိုကျယ်ဝန်းသည်။ တန်ယန်တွင် အတွေ့အကြုံများစွာ မရှိသော်လည်း သူမ၏ စွမ်းဆောင်ရည်ကို သူမကိုယ်တိုင် ကောင်းစွာသိရှိ နားလည်ထားသည်။ ထို့အပြင် ယွီချန့်နျန် ကဲ့သို့သော ဆရာကြီးနှင့်အတူ ရှိနေခြင်းကြောင့် သူမသည် သဘာဝအတိုင်းပင် စိတ်လက် ပေါ့ပါးနေတော့သည်။
စင်နောက်ဘက်တွင် လူအမျိုးမျိုးကို တွေ့ရသည်။ အချို့က စိတ်လှုပ်ရှားနေကြပြီး အချို့မှာမူ ဗျာများနေကြကာ အချို့မှာလည်း ကြောင်အအ ဖြစ်နေကြသည်။
ယွီချန့်နျန်၏ ဂုဏ်ဒြပ်ကြောင့် သူတို့အတွက် သီးသန့် နားနေခန်းတစ်ခု ရရှိထားသည်။ အခန်းမှာ အလွန်မကြီးသော်လည်း အေးအေးချမ်းချမ်း ရှိလှသည်။
ဆရာနှင့် တပည့်နှစ်ဦး နားနေခန်းတွင် ကြာမြင့်စွာ မစောင့်လိုက်ရမီမှာပင် ဝန်ထမ်းတစ်ဦးက လာရောက် အကြောင်းကြားသဖြင့် စင်မြင့်ပေါ်သို့ ဇာတ်တိုက်ရန် ထွက်လာခဲ့ကြသည်။
လမ်းညွှန် ဝန်ထမ်းများနှင့်အတူ စင်နောက်တွင် စောင့်နေစဉ် တန်ယန်သည် အောက်ဘက်မှ အမိန့်ပေးနေသော သာယာသည့် အမျိုးသားအသံ တစ်ခုကို ကြားလိုက်ရသည်။ “ဒါရိုက်တာ ဖြစ်မယ်ထင်တယ်” ဟု သူမ တွေးလိုက်မိသည်။
သူတို့ရှေ့က အစီအစဉ်မှာ အဖွဲ့လိုက်ကပြခြင်း ဖြစ်သည်။ လူတိုင်းကပြပြီး စင်ပေါ်မှ ဆင်းသွားသောအခါ ဝန်ထမ်းများက စန္ဒယားများကို စင်ပေါ်သို့ သယ်ဆောင်လာကြသည်။
အဖြူရောင်နှင့် အမည်းရောင် စန္ဒယားနှစ်လုံးကို စင်၏ တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင် ခွဲခြားထားရှိထားသည်။
ယခုတစ်ခေါက် သူတို့တီးခတ်မည့် တေးသွားမှာ ‘ပျော်ရွှင်ဖွယ်နှစ်သစ်’ ဟု အမည်ရသော တက်ကြွရွှင်လန်းသည့် တေးသွားလေးဖြစ်ပြီး ၎င်းမှာ ယွီချန့်နျန်ကိုယ်တိုင် ရေးစပ်ထားသည့် မူရင်းတေးသွားလည်း ဖြစ်သည်။
မူလက ဤတေးသွားကို တရုတ်ရိုးရာ တူရိယာများဖြင့် ဖျော်ဖြေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ခေါက်တွင် ပုံစံအချို့ ပြောင်းလဲကာ စန္ဒယားနှစ်လုံးတွဲ ဖျော်ဖြေမှုအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဒါရိုက်တာ၏ အချက်ပြမှုနှင့်အတူ ဆရာနှင့် တပည့်နှစ်ဦး စင်ပေါ်တက်ကာ စတင် တီးခတ်ကြတော့သည်။ ကြည်လင်တက်ကြွသော စန္ဒယားသံစဉ်များ လေထုထဲတွင် ပျံ့လွင့်သွားပြီး တန်ယန်၏ မျက်နှာထက်တွင်လည်း မသိမသာ ပြုံးယောင် သန်းလာခဲ့သည်။
"သူမက တကယ်လှတာပဲ။" ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသော အတွေးပင် ဖြစ်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်သည်ကို လူတိုင်း လက်ခံလိုက်ကြရသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယွီချန့်နျန်ကလည်း အချိန်ကိုက်ပင် စတင် ပူးပေါင်းလိုက်သည်။ သူတို့နှစ်ဦး၏ လက်ချောင်းများမှာ စန္ဒယား ခလုတ်များပေါ်တွင် ကခုန်နေကြပြီး တစ်ခါတစ်ရံ နူးညံ့ကာ တစ်ခါတစ်ရံတွင်မူ ရွှင်မြူးနေကြသည်။ ဂီတသံစဉ် အမြင့်ဆုံး အပိုင်းသို့ ရောက်ရှိလာသောအခါ သူတို့၏ လက်လှုပ်ရှားမှုများမှာ အမည်းရောင်နှင့် အဖြူရောင် ခလုတ်များပေါ်တွင် အရိပ်များပင် ကျန်ရစ်ခဲ့သည်အထိ မြန်ဆန်လှသည်။
စင်အောက်ရှိ ပရိသတ်များသည် စင်ပေါ်မှ ဆရာနှင့်တပည့်ကို ကြည့်ရင်း အားကျစိတ် သို့မဟုတ် လေးစားစိတ်များဖြင့် ငေးမောနေကြတော့သည်။
အစပိုင်းတွင် သူတို့သည် တန်ယန်၏ ကံကောင်းမှုကို မနာလို ဖြစ်ခဲ့ကြသည်။ သူမသည် ပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရုံနှင့် ဂီတလောက၏ သြဇာကြီး ပုဂ္ဂိုလ်တစ်ဦးကို ဆရာအဖြစ် ရရှိခဲ့ပြီး အနာဂတ်လမ်းကြောင်း ဖြောင့်ဖြူးသွားခဲ့သည်ဟု ထင်ခဲ့ကြ၍ ဖြစ်သည်။
သို့သော် ယခုမူ ဤမိန်းကလေး၏ အောင်မြင်မှုမှာ ကံကောင်းခြင်း သက်သက်ကြောင့် မဟုတ်ဘဲ သူမ၏ ထူးကဲသော အရည်အချင်းများကြောင့်သာ ဆရာကြီး၏ အသိအမှတ် ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်သည်ကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
စန္ဒရားအကြောင်း နက်နက်နဲနဲ မသိကြသော်လည်း ဆရာကြီးယွီ၏ စည်းချက်ကို အလိုက်သင့် လိုက်ပါနိုင်ကာ တစ်ဦးနှင့်တစ်ဦး အပေးအယူမျှမျှ တီးခတ်နိုင်သည်မှာ သာမန် အရည်အချင်းနှင့် မဖြစ်နိုင်ကြောင်း သူတို့သိကြသည်။
နောက်ဆုံးသံစဉ်လေး ပျောက်ကွယ်သွားချိန်တွင် ပရိသတ်များက ရိုးသားစွာပင် လက်ခုပ်တီး ချီးကျူးခဲ့ကြသည်။
တန်ယန်သည် ခပ်ဖွဖွလေး ပြုံးပြကာ ယွီချန့်နျန်နှင့်အတူ အရိုအသေပေး နှုတ်ဆက်လိုက်သည်။ ထိုစဉ်မှာပင် စင်နောက်တွင် ကြားခဲ့ရသော သာယာသည့် အမျိုးသားအသံကို ထပ်မံ၍ ကြားလိုက်ရပြန်သည် - "အိုကေ... ခက်ခက်ခဲခဲ ကြိုးစားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝန်ထမ်းတွေ... စန္ဒယားရဲ့ ထောင့်ချိုးကို နည်းနည်းပြန်ညှိပေးဖို့ မှတ်ထားပေးပါ..."
တန်ယန်သည် စကားပြောလိုက်သူကို လှမ်းကြည့်လိုက်မိသည်။ အကယ်၍ သူသည် ဒါရိုက်တာတစ်ဦး ဖြစ်ကြောင်း ကြိုမသိခဲ့လျှင် ဤအလုပ်နှင့် သူ့ကို မည်သို့မျှ ဆက်စပ်တွေးမိမည် မဟုတ်ပေ။ သူသည်... အနုပညာရှင် တစ်ဦးနှင့် ပိုတူနေသည် မဟုတ်ပါလား။
သူသည် လည်ကတုံးဆွယ်တာ အဖြူရောင်ပေါ်တွင် မီးခိုးရောင်ရင့်ရင့် V-လည်ပင်း ချည်ထည် အပေါ်အင်္ကျီကို ထပ်ဝတ်ထားသည်။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော်လည်း သူ၏ အလွန်ချောမောသော မျက်နှာကို မဖုံးကွယ်နိုင်ပေ။ အသားအရေမှာ အလွန်ဖြူဝင်းပြီး မျက်ခုံးတန်းများတွင် မြင့်မြတ်သော အရှိန်အဝါကို မှိန်ပျပျ မြင်နေရသည်။
"ယန်ယန်... သွားကြစို့။" ယွီချန့်နျန်က အတွေးလွန်နေသော တပည့်မလေးကို ပင်ပန်းနေပြီဟု ထင်ကာ ခပ်ဖွဖွလေးပုတ်၍ သတိပေးလိုက်သည်။ ထို့နောက် ဝန်ထမ်းများကို ကားစီစဉ်ခိုင်းကာ အိမ်ပြန်ရန် ပြင်ဆင်ကြသည်။
တန်ယန်သည် သူမ၏ဆရာနောက် ကားပါကင်ဆီသို့ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။
သူမ ထိုဒါရိုက်တာကို မြင်ဖူးသည်။ ယခုဘဝတွင် မဟုတ်ဘဲ အရင်ဘဝတုန်းက ဖြစ်သည်။
တန်ယန်၏ စိတ်အပြောင်းအလဲကို သတိပြုမိလိုက်သည်နှင့် ယီတျန် ထွက်ပေါ်လာတော့သည်။
【အရှင်... အရှင့်အတွက် သတင်းကောင်းတစ်ခု ရှိတယ်ဗျ】
【ဘာသတင်းကောင်းလဲ】
【အရိပ်အမြွက် ပြောရရင်တော့... ကျန်းမိသားစုဟာ အခုအချိန်မှာ လုံးဝကို စိတ်ပျက် အားငယ်နေတဲ့ အခြေအနေကို ရောက်နေပြီ ဆိုတာပါပဲ။】
【အဲဒီမြေကွက်ကိစ္စလား၊ သူတို့ သိသွားကြပြီလား】 တန်ယန် ရုတ်တရက် ပျော်ရွှင်သွားသည်။ သူမ ကျန်းမိသားစုကို ဒီအချိန်အထိ လွှတ်ထားပေးခဲ့တာက ဒီလို အခိုက်အတန့်ကို စောင့်နေခဲ့တာ မဟုတ်ပါလား။
နောက်ထပ်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို သူမအရမ်း သိချင်နေမိသည်။ သူမက စိတ်ပုတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ဘာအကြောင်းမှ မရှိဘဲ သူမကို အမြဲတမ်း ဘာလို့ ပြဿနာ လာရှာနေကြတာလဲ။
【ကျန်းဟွေက အတွင်းသတင်း ရထားတာကတော့ အဲဒီမြေကွက်ပေါ်က တည်ဆောက်ရေး လုပ်ငန်းတွေကို မဖြစ်မနေ ရပ်နားခိုင်းလိုက်ပြီတဲ့။ ကျွတ် ကျွတ် ကျွတ်... ကျွန်တော်တောင် သူ့ကို သနားမိတယ်ဗျာ။ ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံထားပြီး ဘာအကျိုးအမြတ်မှ ပြန်မရတော့ဘူးလေ။ တကယ်ကို ကြေကွဲစရာပဲ】
【အဲဒီမြင်ကွင်းကို တိုက်ရိုက် ထုတ်လွှင့်ချက်နဲ့သာ ကြည့်လိုက်ရရင် သိပ်ကောင်းမှာပဲ။】 တန်ယန်က သူမ၏ ကံကောင်းမှုကို အခွင့်ကောင်းယူကာ ထပ်ဆင့် တောင်းဆိုလိုက်သည်။
【အရှင်... ကြိုးစားထားပါဦး၊ အရှင့်ရဲ့ အိပ်မက်တွေက တကယ်ဖြစ်လာမှာပါ။】 ယီတျန်သည် သူ၏အရှင်မှာ အတင်းအကျပ် ခိုင်းစေခြင်းထက် နူးညံ့စွာပြောဆိုခြင်းကို ပို၍ တုံ့ပြန်တတ်မှန်း သိထားသဖြင့် အားပေးစကားကို အလွန်ထိရောက်စွာ အသုံးပြုတတ်နေပြီ ဖြစ်သည်။