← Chapters

ယွင်ရှန်းအိမ်ရှေ့စံဖြစ်လာရမယ်

Vol. 1 Ch. 375

ယွင်ရှန်းအိမ်ရှေ့စံဖြစ်လာရမယ်

Vol. 1 Ch. 375

"သားရဲအရှင်"

ဂုဏ်ပုဒ်သည် ထူးဆန်းနေသော်လည်း ရှန်မိနိုင်ငံ၏ ဘုရင်သည် နတ်ဆိုးသားရဲတစ်ကောင်ရှေ့တွင် ဒူးထောက်ရန်အတွက် ထိုအဆင့်အတန်းမှာ အလွန်ထူးခြားနေလောက်သည်။ နားမလည်ကြသူများ အမြောက်အများ ရှိသော်လည်း ငွေပန်းပွင့်အဘွားအိုကဲ့သို့ ချက်ချင်းသဘောပေါက်သွားကြသူများလည်း ရှိသည်။

"သားရဲအရှင်...စုန်းနတ်ဘုရားရဲ့ သားရဲ...ဟုတ်သားပဲ။ အဲ့ဒါ မှတ်တမ်းတွေထဲကနဲ့ တူနေတယ်...ယာ့ဇီသားရဲပဲ"

ငွေပန်းပွင့်အဘွားအို၏ မျက်နှာထက်မှ ပျက်ယွင်းနေသည့် အမူအရာသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ နတ်ဆိုးသားရဲဘုရင် သူမကို မသတ်သည့် အကြောင်းအရင်းကို သူမနားလည်သွားပြီဖြစ်သည်။ သူမသည် အလျင်အမြန် လေထဲမှ ဆင်းလိုက်ပြီး ဒူးတစ်ဖက်ထောက်၍ တလေးတစား နှုတ်ဆက်လိုက်သည်။

"သားရဲအရှင်ကို အရိုအသေပေးပါတယ်"

ဘုရင်နှင့် ငွေပန်းပွင့်အဘွားအို နှစ်ယောက်လုံးသည် ဒူးထောက်နေကြသည်။ ကျန်သူများ နားလည်လည်မလည်လည် ကိစ္စမရှိတော့ချေ။ သူတို့သည် အလျင်အမြန် ဒူးထောက်ကြပြီး နှုတ်ဆက်လိုက်ကြသည်။

"သားရဲအရှင်ကို နှုတ်ခွန်းဆက်ပါတယ်"

လူတိုင်း ဒူးထောက်၍ နှုတ်ဆက်နေကြသည့် အသံများသည် ရှန်မိတစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"အာ..."

ထိုခဏတွင် ကျန်းရီသည်လည်း ဆွံ့အနေခဲ့သည်။ ရှန်မိနိုင်ငံတွင် စုန်းနတ်ဘုရား၏ အဆင့်အတန်းသည် ထိုမျှ မြင့်မားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူယဉ်ပါးစေခဲ့သည့် သားရဲတစ်ကောင်ကိုတောင် ဘုရင်ကိုယ်တိုင် ဒူးထောက်ပေးရသည်။ သို့သော် အကြောင်းအရင်းတစ်ခုမှာ ဤနတ်ဆိုးသားရဲဘုရင် အလွန်စွမ်းအားကြီးနေသောကြောင့်လည်း ဖြစ်သည်။

ယာ့ဇီသားရဲသည် ခေါင်းကိုမော့၍ ဘာကိုမှ ဂရုမစိုက်သည့်အလား ဂုဏ်ဆာစွာ ရပ်နေခဲ့သည်။ ၎င်းသည် ရှန်မိနိုင်ငံ၏ဘုရင်ကို အကြည့်တစ်ချက်တောင် မစွန့်ကြဲခဲ့ပေ။ မြို့သည် လုံးဝဆိတ်ငြိမ်သွားသည့်အခါတွင်မှ ၎င်းသည် ငွေပန်းပွင့်အဘွားအိုကို တစ်ချက်ကြည့်၍ အသံသြသြကြီးဖြင့် ပြောလာခဲ့သည်။

"ယွင်ဂိုဏ်းရဲ့ မျိုးဆက်တွေက တစ်ဆက်ထက်တစ်ဆက် ပိုုပြီးနိမ့်ကျလာနေတယ်။ သခင်သာ ဒါကိုမြင်ရင် တော်တော်ရင်ကွဲမှာ...ဟူး..."

"ကျွန်တော်တို့ အမှားကျူးလွန်မိပါတယ်...ဘိုးဘေးတွေနဲ့ စုန်းနတ်ဘုရားကို မျက်နှာပြရမှာတောင် ရှက်မိပါတယ်"

ယွင်ချင်းထျန်းနှင့် အခြားလူများသည် အရှက်ရနေသည့် မျက်နှာပေးဖြင့် အရိုအသေပေးလိုက်ကြပြန်သည်။ ကျန်းရီမှာ မှင်တက်နေသော်လည်း ရင်ထဲတွင် စိတ်အေးသွားရသည်။ အနည်းဆုံးတော့ ဤပြဿနာကို အကြမ်းနည်းသုံး၍ ဖြေရှင်းစရာ မလိုတော့ပေ။ သူသည် ယွင်ဂိုဏ်း၏ မျိုးဆက်များကို အတတ်နိုင်ဆုံး ကြိုးစား၍ ကာကွယ်ပေးမည်ဟု စုန်းနတ်ဘုရားထံ ကတိပေးထားခဲ့သည်။ ထို့ပြင် ယွင်ဖေးနှင့် သူ၏ ဆက်ဆံရေးကြောင့် ယွင်ဟဲ၊ ယွင်လုနှင့် စုန်းဧကရီအား သတ်ဖြတ်ပြီးနောက်တွင် ယွင်ဂိုဏ်းအပေါ် သူရန်ငြိုးထားမနေတော့ချေ။

သူသည် အချိန်အတန်ကြာ ငြိမ်သက်နေခဲ့သည်။ ထို့နောက် မြစိမ်းကြည်လင်ပန်းအိုးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး ခေါင်မိုးထပ်တွင် ပုံရိပ်သုံးခု ထွက်ပေါ်လာခဲ့သည်။ သူသည် ယွင်ဖေးတို့သုံးယောက် ယာ့ဇီသားရဲ၏ အရှိန်အဝါကြောင့် စိတ်ဒုက္ခရောက်နေမည်ကို စိုးရိမ်နေခဲ့သည်။ ယခု ဘေးကင်းသွားပြီဖြစ်ရာ ထိုသုံးယောက်ကို သူ ချက်ချင်းလွှတ်ပေးလိုက်တော့သည်။

"ဟူး...ဟူး..."

လူသုံးယောက်သည် အပြင်ရောက်သည်နှင့် အသက်လုရှူနေကြလေသည်။ ပန်းအိုးထဲတွင် မည်မျှ ကြောက်စရာကောင်းကြောင်း သိသာလှသည်။ ယာ့ဇီသားရဲသည် အပြင်သို့ ထွက်လာပြီး ဖြစ်သော်လည်း ၎င်း၏ အရှိန်အဝါတို့မှာ အိုးထဲတွင် ကျန်နေခဲ့သေးသည်။ အထဲရှိ သူတို့မှာ ဆီပူအိုးထဲတွင် ထည့်ကြော်ခံနေရသည့်အလား ခံစားနေရလေသည်။

"အမ်..."

ယွင်ဖေးသည် တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိသွားခဲ့ပြီး မျက်ဝန်းလှလှလေးများ ဝိုင်းစက်သွားခဲ့သည်။ ယွင်ရှန်းသည်လည်း သတိပြုမိသွားကာ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူသည် ကောင်းကင်ပေါ်မှ သားရဲကြီးကို မြင်သည်၊ ထို့နောက် မြေပေါ်တွင် ဒူးထောက်နေသည့် ယွင်ချင်းထျန်းကို မြင်လိုက်သည်။ သူသည် ထိတ်လန့်လွန်း၍ ခြေထောက်များ ပျော့ခွေသွားကာ ဒူးထောက်ကျသွားခဲ့သည်။

"ဟီးဟီး"

ဟဲလောင်သည် အခြေအနေအား သေချာတွေ့လိုက်ရသည်။ ယွင်ဖေးသည် ဒူးထောက်ထိုင်ချတော့မည်ကို သူမြင်လိုက်သောအခါ ယွင်ဖေးကို အလျင်အမြန် ဆွဲထူ၍ ပြောလိုက်သည်။

"ဟုတ်ပြီ ဒူးထောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့အားလုံး ဘေးကင်းသွားပြီး...ဟီးဟီး...မင်းသားယွင်ရှန်းရဲ့ အိမ်ရှေ့စံနေရာက တည်မြဲသွားပြီ"

"ဟမ်.."

ယွင်ဖေးသည် မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကျန်းရီအား လှမ်းကြည့်လိုက်သည်။ ကျန်းရီသည် ခပ်ရေးရေးပြုံးကာ ယွင်ချင်းထျန်းအား လက်ကာပြ၍ ပြောလိုက်သည်။

"ကောင်းပြီ...အားလုံးပဲ ထကြပါ။ ယွင်ချင်းထျန်း ခင်ဗျား တကယ်မှားတယ်။ ကျုပ်သာ ရျန်မိမြို့ကို အချိန်မှီမရောက်ရင် ယွင်ဖေးနဲ့ ယွင်ရှန်းက စုန်းဧကရီသတ်တာ ခံနေရလောက်ပြီ။ ငွေပန်းပွင့်ဘွားဘွား...ခင်ဗျားက အမှားအမှန် မကွဲပြားသေးခင် တိုက်ခိုက်ဖို့လုပ်ခဲ့တယ်။ စုန်းနတ်ဘုရားကြောင့်သာ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို သတ်ပြီးနေလောက်ပြီ "

"ဝိုး..."

ကျန်းရီ၏ စကားသည် အခြေအနေကို နားမလည်သေးသော လူများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူတို့သည် ကျန်းရီအား တစ်စစီလုပ်ပစ်ချင်လာကြသည်။ သူသည် မင်းကြီးအား အမှားကျူးလွန်ခဲ့သည်ဟု ပြောရဲသည်။ ငွေပန်းပွင့်အဘွားအိုကိုတောင် သတ်ချင်သည်ဟု ပြောလိုက်သေးသည်။

ယွင်ချင်းထျန်းနှင့် ငွေပန်းပွင့်အဘွားအို၏ သဘောထားမှာ သူတို့အား ပို၍ပင် နားမလည်နိုင် ဖြစ်စေသည်။ သူတို့သည် ကျန်းရီကိုတစ်လှည့် ယာ့ဇီသားရဲကိုတစ်လှည့် ကြည့်လိုက်ကြသည်။ သို့သော် သူတို့ ထမရပ်ရဲသလို ကျန်းရီကို ဒေါသထွက်နေကြောင်းလည်း မဖော်ပြရဲပေ။

နတ်ဆိုးသားရဲဘုရင်သည် ကျန်းရီ သူ့ထက်ဦးအောင် အမိန့်ပေးလိုက်သည်ကို မပျော်တော့ဟန်နှင့် ကျန်းရီအား ကြည့်လိုက်သည်။ ၎င်းသည် နှာမှုတ်လိုက်ပြီး ခေါင်းပိုမြှင့်ကာ စိတ်ဆိုးနေသည့် အမူအရာကို ဖော်ပြလိုက်သည်။

ကျန်းရီသည် မြင်ကွင်းကြောင့် ဒေါသထွက်သွားပြီး လက်ထဲမှ အနက်ရောင်တံဆိပ်ပြားကို မြှောက်ပြလိုက်သည်။ သူသည် တံဆိပ်ပြားအတွင်း အတွင်းအားများ ဖြည့်သွင်းလိုက်သော် တံဆိပ်ပြားမှ ကြောက်စရာ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

တံဆိပ်ပြား ထွက်လာသည်နှင့် နတ်ဆိုးသားရဲဘုရင်သည် ချက်ချင်း ခေါင်းငုံ့ကာ ကျန်းရီထံ နာခံတတ်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် အသံသြသြကြီးဖြင့် ပြောလာခဲ့သည်။

"ကျန်းရီက သခင့်ရဲ့ ဆက်ခံသူပဲ။ သူ့စကားက သခင့်စကားကို ကိုယ်စားပြုတယ်...သူက မင်းတို့အားလုံးကို ထခိုင်းထားတယ်။ သူပြောတဲ့အတိုင်း နားထောင်လိုက်ကြ"

"ဟမ်..."

ယွင်ချင်းထျန်းနှင့် ငွေပန်းပွင့်အဘွားအိုသည် ခန့်မှန်းထားကြပြီး ဖြစ်သော်လည်း အံ့အားသင့်နေကြဆဲပင်။ သူတို့သည် အလျင်အမြန် ထရပ်လိုက်ပြီး ယွင်ချင်းထျန်းသည် ကျန်းရီကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"ယွင်ချင်းထျန်းက....အရှင်ငယ်ကို အရိုအသေပေးပါတယ်"

ကျန်းရီသည် သူ့ထက် အသက်ငယ်သော်လည်း ကျန်းရီ၏ ဝါစဉ်မှာ သူ့ထက်မြင့်လေသည်။ ထို့ကြောင့် ယွင်ချင်းထျန်းသည် သူ့အား မည်သို့ခေါ်ရမည်မှန်း မသိချေ။ သူသည် ကျန်းရီအား 'အရှင်ငယ်'ဟု မရေမရာ ခေါ်၍သာ နှုတ်ဆက်နိုင်သည်။

ယွင်ချင်းထျန်း နှုတ်ဆက်ပြီးနောက်တွင် ငွေပန်းပွင့်အဘွားအိုနှင့် အခြားသူများမှာ ဆန္ဒမရှိသော်လည်း ရွေးချယ်စရာမရှိဘဲ ကျန်းရီအား ဦးညွှတ်၍ နှုတ်ဆက်ကြရတော့သည်။

ဟဲလောင်သည် ထိုနှုတ်ဆက်သံများကို မည်သို့မှ မခံစားမိသော်လည်း ယွင်ဖေးနှင့် ယွင်ရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ ခမည်းတော်နှင့် ရှန်မိနိုင်ငံ၏ ကာကွယ်သူသည် ကျန်းရီအား အရိုအသေပေးနေကြသည်။ သူတို့ မည်သို့ ခံစားနေရမည်နည်း။ သူတို့သည် အလျင်အမြန် ဒူးထောက်ထိုင်ချလိုက်ကြသည်။

"တော်သင့်နေပါပြီ"

ကိစ္စများသည် ဤအခြေအနေအထိ ရောက်လာရာ ကျန်းရီသည် အတော်လေး ကျေနပ်နေခဲ့သည်။

ရှန်မိနိုင်ငံတွင် စုန်းနတ်ဘုရား၏ အဆင့်အတန်းသည် သူမျှော်မှန်းထားသည်ထက် ပိုမိုလွန်ကဲနေခဲ့သည်။ ဤသို့ ဖြစ်လာမည်မှန်းသာ သူသိပါက အစွမ်းကုန်ကြိုးစားနေရန် စိတ်ပင်ကူးမည်မဟုတ်ဘဲ ရှန်မိနိုင်ငံသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်၍ ယွင်ရှန်းအား အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်မည်ဖြစ်သည်။

ကျန်းရီ၏ လက်ထဲမှ မြစိမ်းကြည်လင်ပန်းအိုးသည် အစိမ်းရောင်အလင်းများ တောက်ပလာခဲ့ပြီး ယာ့ဇီသားရဲအား ပြန်သိမ်းသွားခဲ့လေသည်။ ထို့နောက် ကျန်းရီသည် ယွင်ချင်းထျန်းအား ပြောလိုက်သည်။

"တစ်ယောက်ယောက်ကို အသုဘအခမ်းအနား လုပ်ဖို့ခိုင်းလိုက်...နန်းတော်ထဲသွားပြီး စကားပြောကြရအောင်"

"ကောင်းပါပြီ...အရှင်ငယ်...ဒီဘက်ကိုကြွပါ"

ယွင်ချင်းထျန်းသည် အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။ ကျန်းရီသည် ရှေ့နောက်မစဉ်းစားသည့် လူမျိုးမဟုတ်ပေ။ သူသည် ခေါင်မိုးပေါ်မှ ခုန်ချလိုက်ပြီး လမ်းလျှောက်လိုက်သည်။ ဟဲလောင်သည် သူ့နောက်မှ ကပ်၍ လိုက်ပါလာခဲ့သည်။ ယွင်ဖေးနှင့်ယွင်ရှန်း လိုက်မလာကြောင်း ကျန်းရီသတိပြုမိသည့်အခါ မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။

"သွားစို့...မင်းသားနဲ့မင်းသမီး"

ယွင်ရှန်း၏ နှုတ်ခမ်းများ လှုပ်သွားခဲ့သော်လည်း ဘာမှပြန်မပြောရဲပေ။ ယွင်ဖေးသည် မချိပြုံး ပြုံးလိုက်ပြီး ပြောလာခဲ့သည်။

"ကျန်းရီ...ရှင်အရင်သွားနှင့်ပါ။ ကျွန်မတို့ နောက်က လိုက်လာခဲ့မယ်"

"မင်းတို့နှစ်ယောက် ငါနဲ့အတူ လျှောက်ရမယ်"

"ကောင်းပါပြီ"

ယွင်ဖေးသည် ကျန်းရီ၏ ရည်ရွယ်ချက်ကို သိသည့်အတွက် သူမ၏မျက်ဝန်းဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ သူမသည် အံကြိတ်၍ ယွင်ရှန်းကိုခေါ်ကာ ကျန်းရီနှင့်အတူ နန်းတော်ထံ ပြန်သွားလိုက်သည်။ ငွေပန်းပွင့်အဘွားအိုနှင့် ယွင်ချင်းထျန်းသည် နောက်မှလိုက်လာကြပြီး ကျန်သူများမှာ ရာထူးအလိုက် အစဉ်အတိုင်း လိုက်ပါလာကြသည်။

ထူးဆန်းသော အစီအစဉ်ဖြင့် နန်းတော်သို့ ပြန်သွားကြသည့် ပုံစံကြောင့် ရှန်မိမြို့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသေးသည်။ သာမန်ပြည်သူတို့သည် ပြတင်းပေါက်များမှ ချောင်းကြည့်မိသောအခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။ ကျန်းရီ၊ ယွင်ဖေးနှင့် ယွင်ရှန်းတို့သည် မင်းကြီးနှင့် ငွေပန်းပွင့်အဘွားအို၏ ရှေ့မှ လမ်းလျှောက်နေကြသည်။ တစ်ခုခုလွဲနေသည် မဟုတ်ပါလော။

ယွင်ဖေးနှင့် ယွင်ရှန်းမှာ လမ်းလျှောက်နေကြသော်လည်း သူတို့၏ နောက်ကျောနှင့် လက်ဖဝါးများတွင် ချွေးများရွှဲနေခဲ့သည်။ သူတို့သည် အလွန်မသက်မသာ ခံစားနေကြရသည်။ ဖြောင့်တန်းနေသည့် ကျန်းရီ၏ နောက်ကျောကိုကြည့်ရင်း သူတို့မျက်ဝန်းများတွင် ရှုပ်ထွေးသည့် အရိပ်အယောင်များ ရှိနေကြသည်။

မိနစ်သုံးဆယ်ခန့်ကြာသော် နန်းတော်ထဲသို့ သူတို့ ရောက်သွားကြသည်။ ယွင်ချင်းထျန်းသည် စစ်သူကြီးအချို့အား ရှင်းလင်းစရာရှိသည်တို့ကို ရှင်းလင်းပြီး ဒဏ်ရာရသူများကို ကယ်ဆယ်၍ ပြည်သူများကို နှစ်သိမ့်လိုက်ရန် တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။ သူနှင့် ငွေပန်းပွင့်အဘွားအိုသည် ကျန်းရီအား ညီလာခံခန်းမကြီးအတွင်း ကိုယ်တိုင်ကြိုဆိုကြပြီး ယွင်ချင်းထျန်းသည် ကျန်းရီအား သူ့ပလ္လင်ကို ပေး၍ ထိုင်စေသည်။ ထိုသည်မှာ အလွန်လေးစားသည့် သင်္ကေတဖြစ်သည်။

ကျန်းရီသည် ရှက်ရွံ့ခြင်းမရှိဘဲ ပလ္လင်ပေါ်တွင် အေးအေးလူလူ ထိုင်ချလိုက်သည်။ သူသည် ရပ်နေကြသူများကို လက်ယမ်းပြရင်း ပြောလိုက်သည်။

"အားလုံးပဲ ထိုင်ကြပါဦး။ ခင်ဗျားတို့မှာ မေးချင်တာတွေ အများကြီး ရှိနေမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်ပြောချင်တာ ရှိပါတယ်...ကျွန်တော် ရှန်မိနိုင်ငံရဲ့ စစ်တပ်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်၊ ခင်ဗျားတို့ တိုင်းပြည်က လူတွေကိုလည်း သတ်ခဲ့ဖူးတယ်၊ စုန်းဧကရီက ဒီတစ်ခေါက်မှာ ကျွန်တော့်ကို သတ်ဖို့ အကွက်ချခဲ့တယ်၊ ငွေပန်းပွင့်ဘွားဘွားကလည်း ကျွန်တော့်ကို သတ်မိလုနီးပါး ဖြစ်သွားခဲ့သေးတယ်...ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးပါစေတော့...ကျွန်တော် မသေသေးသရွေ့ ခင်ဗျားတို့ရဲ့ ယွင်ဂိုဏ်းကို အတတ်နိုင်ဆုံး ကာကွယ်ပေးပါ့မယ်။ ကျွန်တော့်မှာ တောင်းဆိုချက် နှစ်ခုပဲ ရှိပါတယ်...တစ်ခုက ယွင်ရှန်း အိမ်ရှေ့စံ ဖြစ်လာရမယ်။ နောက်တစ်ချက်... ယွင်ဖေးက ကျန့်ဝူရွှမ်းကို လက်ထပ်ရမယ်"

*****

All Chapters