← Chapters

နိုင်ငံ၏ စစ်သေနာပတိချုပ်

Vol. 1 Ch. 376

နိုင်ငံ၏ စစ်သေနာပတိချုပ်

Vol. 1 Ch. 376

"ယွင်ရှန်း အိမ်ရှေ့စံ ဖြစ်လာရမယ်။ ယွင်ဖေးက ကျန့်ဝူရွှမ်းကို လက်ထပ်ရမယ်"

ခန်းမထဲတွင် ရှန်မိနိုင်ငံမှ အရေးပါသော ပုဂ္ဂိုလ်များနှင့် ပြည့်နေခဲ့သည်။ သူတို့သည် ကျန်းရီ၏ ကြားသည့်အခါ မူမမှန်သော မျက်နှာထားများ ဖြစ်ကုန်ကြသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသောသူသည် ကျန်းရီမဟုတ်ပါက သူတို့ လက်ခံနိုင်ချေ ရှိသေးသည်။

ကျန်းရီသည် ဘာကောင်နည်း။

သူသည် ရှားနိုင်ငံ၏ ကိုယ်စားအုပ်ချုပ်သူဖြစ်ပြီး အင်အားစုကြီးခြောက်ခုနှင့် ရန်လိုသည့်ဘက်တွင် ရှိနေသည်။ ယနေ့အထိ သူတို့သည် သုံးနှစ်ပြည့်လျှင် ရှားနိုင်ငံသို့ ချီတက်၍ ကျန်းရီကို အမှုန့်ချေပစ်ရန် စိတ်ကူးနေကြတုန်းပင် ရှိသေးသည်။ သူတို့စိတ်ထဲတွင် ကျန်းရီသည် ကံကောင်း၍ လက်ရှိအဆင့်သို့ ရောက်လာသည့် ကလေကချေတစ်ယောက်သာ ဖြစ်သည်။ ယခု ရောက်ရှိနေကြသော လူအများစုသည် ကျန်းရီအား အထင်သေးနေကြတုန်း ဖြစ်သည်။

ကျန်းရီသည် အပြင်လူတစ်ယောက်သာဖြစ်လျက်နှင့် ပလ္လင်ပေါ်တွင် ထိုင်နေရုံသာမကသေး ရှန်မိနိုင်ငံ၏ အတွင်းရေးကိစ္စတွင် ဝင်ရှုပ်နေသေးသည်။ ထို့ပြင် သူသည် ဧကရာဇ်က အမိန့်ချသည့်အလား မောက်မောက်မာမာ အမူအရာနှင့် ပြောလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုသူများ မကျေမနပ်သည့် အရိပ်အယောင်တို့ မပြရသေးခင်တွင် ယွင်ချင်းထျန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"အရှင်ငယ် ပြောတာ မှန်ပါတယ်။ ဒီနေ့ကစပြီး ရှန်းအာက အိမ်ရှေ့စံအဖြစ် ရာထူးတိုးမြှင့်ခံရမယ်။ ဖေးအာနဲ့ ကျန့်ဝူရွှမ်းရဲ့ လက်ထပ်ပွဲကတော့ ကျန့်ဂိုဏ်းဘက်က သဘောတူသရွေ့ ကျွန်တော်တို့ဘက်က ကန့်ကွက်စရာ မရှိပါဘူး။ အရှင်ငယ်က အမြင်ကျယ်ပြီး ရန်ငြိုးမထားဘဲ သဘောထားကြီးလှပါပေတယ်။ ချင်းထျန်းက ရှန်မိနိုင်ငံရဲ့ သန်းချီတဲ့ ပြည်သူတွေရဲ့ကိုယ်စား ကျေးဇူးတင်ပါရစေ။ အနာဂတ်မှာ အရှင်ငယ်ရဲ့ပြဿနာက ရှန်မိနိုင်ငံရဲ့ ပြဿနာပါပဲ။ အရှင်ငယ်ကို ဆန့်ကျင်တဲ့သူက ရှန်မိနိုင်ငံရဲ့ ရန်သူဖြစ်တာနဲ့ ညီမျှပါတယ်"

"ဟမ်..."

လူတိုင်းသည် ဆွံ့အသွားကြသည်။ ငွေပန်းပွင့်အဘွားအိုသည်ပင် မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ ယွင်ချင်းထျန်း၏ ခေါင်းအား မြည်းအကန်ခံလိုက်ရသည်လော။ ကျန်းရီသည် စုန်းနတ်ဘုရား၏ ဆက်ခံသူ ဖြစ်နေလျှင်ရော ဘာလုပ်ရမည်နည်း။ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲအား သူပိုင်ဆိုင်ခဲ့လျှင်ရော ဘာလုပ်ရမည်နည်း။

သုံးနှစ်ပြည့်သွားလျှင် သူနှင့် နတ်ဆိုးသားရဲဘုရင်သည် မိုးပြာနဂါးအင်ပါယာနှင့် ကျန်နိုင်ငံလေးခုကို ရင်ဆိုင်နိုင်မည်လော။ မိုးပြာနဂါးအင်ပါယာနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ဗာဂျရာအဆင့် ပုဂ္ဂိုလ်များလည်း ရှိနေသေးသည်။

ယွင်ရှန်း အိမ်ရှေ့စံအဖြစ် ရာထူးအပ်နှင်းခံရခြင်းက ကိစ္စမရှိချေ။ ကျန့်ဂိုဏ်းနှင့် မဟာမိတ်လက်ထပ်ပွဲကလည်း ကိစ္စကြီးမဟုတ်သေး။ ရှန်မိနိုင်ငံမှ ကျန်းရီကို ထောက်ပံ့မည်ဆိုခြင်းမှာ သူတို့သည်လည်း အခြားအင်အားစုကြီးများကို ဆန့်ကျင်ရလိမ့်မည်။ တစ်ခုခုသာ လွဲချော်သွားပါက ရှန်မိနိုင်ငံပါ ဖျက်စီးခံရလိမ့်မည်။

ကျန်းရီသည်လည်း အံ့အားသင့်နေခဲ့သည်။ သို့သော် ယွင်ချင်းထျန်း၏ သူ့ရပ်တည်ချက်ကို ကြေငြာပုံသည် သူ့အား စိတ်ကျေနပ်သွားစေသည်။ ထိုအရာသည် သူ၏ရည်ရွယ်ချက် အစစ်အမှန်ဖြစ်စေ၊ သရုပ်ဆောင်ပြရုံဖြစ်စေ ကိစ္စမရှိ။  ယွင်ချင်းထျန်း၏ ထိုသို့ ပြောရသည့် အကြောင်းအရင်းကို မေးခွန်းထုတ်လိုသော ဆန္ဒလည်း သူ့တွင် မရှိချေ။ သူသည် ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီ။ ကျွန်တော် အသက်ရှင်နေသရွေ့ ယွင်ဂိုဏ်းရဲ့ မျိုးဆက်တွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ကျန်းရီက အစွမ်းအစ မရှိရင်သာ မရှိမယ်၊ သူ့စကားတစ်ခွန်းက ကတိပါပဲ။ ယွင်ဂိုဏ်းကို ဖျက်စီးချင်တဲ့သူမှန်သမျှ ကျုပ်အလောင်းပေါ် နင်းသွားမှရမယ်"

"အရှင်ငယ်က သဘောထားကြီးလှပါပေတယ်။ ချင်းထျန်းက ကျေးဇူးတင်ပါရစေ"

ယွင်ချင်းထျန်းသည် အားလုံးအား ထိုင်ကြရန် လက်ဟန်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ဘယ်ဘက်ခြမ်းရှိ ပထမဆုံး ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အရှင်ငယ်...ဘိုးဘေးစုန်းနတ်ဘုရား အသက်ရှင်နေတုန်းလား"

ဝိုး...

ခန်းမထဲတွင် ခပ်တိုးတိုး အသံများ ထွက်ပေါ်လာခဲ့သည်။ ယွင်ချင်းထျန်း၏ ဦးနှောက်သည် ကောင်းကောင်း အလုပ်လုပ်သေးပါရဲ့လော။ နှစ်ပေါင်းသုံးထောင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ စုန်းနတ်ဘုရားသည် နတ်ဘုရားအစစ် ဖြစ်လာခဲ့ခြင်း မဟုတ်ပါက မည်သို့ အသက်ရှင်နေပါဦးမည်နည်း။

ကျန်းရီသည် တွေးတောကြည့်လိုက်ပြီး စတင်ရှင်းပြလိုက်သည်။

"သေပြီ။ ဒါပေမယ့် သူက စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲမှာ ဝိဉာဉ်အပိုင်းအစတစ်ခု ချန်ထားခဲ့တယ်။ သူက အစွမ်းထက်တဲ့ မှော်ပညာတွေ အများကြီး အသုံးချပြီးမှ ဝိဉာဉ်အပိုင်းအစကို ချန်ထားနိုင်ခဲ့တာ...ကံမကောင်းစွာနဲ့ နောက်နှစ်ဝက်ကြာရင် သူ့ရဲ့ ဝိဉာဉ်အပိုင်းအစရဲ့ စွမ်းအားကုန်ဆုံးသွားပြီး သူလုံးဝပျောက်ကွယ်သွားတော့မယ်"

"ကျွန်တော် သိပါပြီ"

ယွင်ချင်းထျန်းသည် တစ်ခုခုကို နားလည်သွားဟန်နှင့် မျက်လုံးများ တောက်ပသွားခဲ့သည်။ ထို့နောက် သူသည် ခပ်ဖြည်းဖြည်းချင်း ရေရွတ်လိုက်သည်။

"ဘိုးဘေးစုန်းနတ်ဘုရားက တကယ့်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာ...ကံမကောင်းစွာနဲ့ နောက်ဆုံးခြေလှမ်းကို သူမလှမ်းနိုင်ခဲ့ဘူး။ သူသေသွားခဲ့တာက တကယ်နှမြောစရာပဲ"

ထို့နောက် ယွင်ချင်းထျန်းသည် စုန်းနတ်ဘုရား၏ အခြေအနေအချို့နှင့် တားမြစ်နယ်မြေအကြောင်းတို့ကို ထပ်မေးလာခဲ့သည်။ သို့သော်လည်း သူသည် ယွင်လုနှင့် ယွင်ဟဲတို့အကြောင်းကို လုံးဝထည့်မပြောခဲ့ပေ။ သူမမေးရာ ကျန်းရီကလည်း သွားပြောပြနေမည်မဟုတ်။ သူသည် ယွင်ချင်းထျန်း၏ သားများကို သတ်ထားပြီးမှ မည်သည့်မျက်နှာနှင့် ကြွားလုံးထုတ် ပြောပြနေရမည်နည်း။

"အရှင်ငယ်...ဘိုးဘေးမှာ နှစ်ဝက်ပဲ အချိန်ရှိတော့ အပြင်ကိစ္စတွေ မြန်မြန်ရှင်းပြီး ဘိုးဘေးရဲ့အမွေအနှစ်တွေကို ဆက်ခံဖို့ မြန်မြန်ပြန်သွားသင့်တယ်။ မဟုတ်ရင် ဘိုးဘေးရဲ့ အံ့မခန်းတဲ့ မှော်ပညာတွေနဲ့ အစီအရင်တွေက အလဟဿ ပျောက်ဆုံးသွားရလိမ့်မယ်"

ယွင်ချင်းထျန်းသည် ကိစ္စတစ်ချို့ကို မေးမြန်းပြီးနောက် ထရပ်ကာ ပြောလာခဲ့သည်။ တစ်ဆက်တည်းတွင် သူသည် ဝတ်ရုံထဲမှ ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ကျန်းရီထံ ကမ်းပေးလာခဲ့သည်။

"အရှင်ငယ်...ဒါက ချင်းထျန်းရဲ့ တံဆိပ်ပြားပါ။ ရှန်မိနိုင်ငံမှာ အရှင်ငယ်ရဲ့အာဏာက ကျွန်တော်နဲ့ အတူတူပါပဲ။ ဒီတံဆိပ်ပြားကို မြင်ရင် ကျွန်တော့်ကို မြင်တာနဲ့ အတူတူပဲ...သူတို့ အရှင်ငယ်ကို မလေးမစား လုပ်ရဲရင် သူတို့ကို နေရာမှာတင် သတ်ပစ်နိုင်ပါတယ်။ ပြီးရင် အရှင်ငယ်က ရှန်မိနိုင်ငံရဲ့ စစ်သေနာပတိချုပ်ဖြစ်ကြောင်း ကျွန်တော် တစ်လောကလုံးကို ကြေငြာလိုက်မယ်"

"ကောင်းပြီ...ဒီတံဆိပ်ပြားနဲ့ နိုင်ငံရဲ့ စစ်သေနာပတိချုပ်ရာထူးကို ကျွန်တော် လက်ခံလိုက်မယ်"

ကျန်းရီသည် တံဆိပ်ပြားအား သိမ်းဆည်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"တစ်လောကလုံးကို ကြေငြာဖို့ မလိုပါဘူး။ ကျွန်တော်နဲ့ ရှန်မိနိုင်ငံရဲ့ ပတ်သက်မှုကိုတော့ မင်းကြီးက သတင်းမပြန့်အောင် ပိတ်လိုက်ပါ။ သုံးနှစ်ကြာလို့ ကျွန်တော်အသက်ရှင်နိုင်တဲ့အခါမှ ကြေငြာလို့လည်း နောက်မကျသေးပါဘူး။ ကောင်းပြီ...ဒီလောက်ပါပဲ။ ခင်ဗျားတို့ ဆွေးနွေးစရာရှိတာ ဆွေးနွေးကြပါ။ မနက်ဖြန် ကျွန်တော်ရှားနိုင်ငံကို ပြန်ပါတော့မယ်။ အဲ့ဒီမှာ ကျွန်တော့်ကိစ္စတွေ ဖြေရှင်းပြီးသွားရင် စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေကို ချက်ချင်းဝင်လိုက်ပါ့မယ် "

"ဒါက...ဒါဆိုလည်း ကောင်းပါပြီ"

ယွင်ချင်းထျန်း၏ မျက်လုံးများတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ကျန်းရီသည် ရှန်မိနိုင်ငံအတွက် စဉ်းစားပေးပြီး သူတို့ကို အတူဆွဲချ မသွားလိုပေ။ ထို့နောက် သူသည် လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး ယွင်ဖေးဘက်လှည့်ကာ ပြောလိုက်သည်။

"ဖေးအာ...ရှန်းအာ...စစ်သေနာပတိချုပ်ကို အနားယူဖို့ လိုက်ပို့ပေးလိုက်။ စစ်သေနာပတိချုပ်...အနာဂတ်မှာ ဒီနေရာကို ကိုယ့်အိမ်လိုပဲ သဘောထားပါ။ ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့ မလိုပါဘူး"

"ကျန်း...စစ်သေနာပတိချုပ်...ဒီဘက်ကို ကြွပါ

ယွင်ဖေးသည် ပျာယာခတ်သွားခဲ့သည်။ သူမသည် ကျန်းရီအား ခေါ်နေကျအတိုင်း ခေါ်မိတော့မလို့ပင်။ သို့သော် အသံထွက်ပြီးပြီးချင်း ချက်ချင်း သတိရသွားကာ စကားပြောပုံကို ပြောင်းလဲလိုက်ပြီး တလေးတစား အမူအရာနှင့် လမ်းပြလိုက်သည်။ ထိုခဏ၌ ယွင်ရှန်းမှာ သူအိပ်မက်မက်နေသည့်အလား ခံစားနေရပြီး ကျန်းရီနှင့် ယွင်ဖေး၏ နောက်ကျောကို ကြောင်တောင်တောင် စိုက်ကြည့်၍ လိုက်ပါသွားခဲ့သည်။

"မင်းကြီး"

ကျန်းရီထွက်သွားပြီးပြီးချင်း ရှန်မိနိုင်ငံ၏ အရေးပါသူများသည် တစ်ယောက်တစ်ပေါက် စကားစကြတော့သည်။ သူတို့သည် ယွင်ချင်းထျန်းကို ဝိုင်းကြည့်ကာ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေကြသည်။ အစောပိုင်းက ကျန်းရီ ရှိနေသဖြင့် သူတို့ပွင့်ပွင့်လင်းလင်း ပြောဆိုကြရန် အဆင်မပြေပေ။ ယွင်ချင်းထျန်းသာ သူတို့အား သင့်တော်သည့် အကြောင်းပြချက်မပေးပါက သူတို့စိတ်အေးနိုင်ကြမည်မဟုတ်။

"ဟားဟား"

ယွင်ချင်းထျန်းသည် ငွေပန်းပွင့်အဘွားအိုအားကြည့်ကာ စကားစလိုက်သည်။

"အဘွား...ဒီဘုရင်က ရူးသွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စုန်းနတ်ဘုရားတောင်မှာ ရှိနေတုန်းက စုန်းနတ်ဘုရားရဲ့ရုပ်တု လှုပ်လာတာကို မှတ်မိသေးတယ်မလား"

"အဲ့ဒါ...စုန်းနတ်ဘုရား တမင် ပြတာလား"

ငွေပန်းပွင့်အဘွားအိုသည် နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ စုန်းနတ်ဘုရား၏ ရုပ်တု လှုပ်ခါလာသောကြောင့် ယွင်ချင်းထျန်းသည် ရှန်မိမြို့ထဲ၌ မူမမှန်သည်တို့ ဖြစ်ပေါ်နေလောက်ကြောင်း ခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူမ ချက်ချင်းပြန်လာခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူမသည် အကြားအမြင် ရနေသူမဟုတ်ပါဘဲ မည်သို့အချိန်မှီ ရောက်လာနိုင်မည်နည်း။

သူမသည် လေးနက်စွာ ပြောလာခဲ့သည်။

"စုန်းနတ်ဘုရားက ကျန်းရီ သူ့ဆက်ခံသူဖြစ်ကြောင်း မင်းကြီးကို အချက်ပြခဲ့တယ်ဆိုရင်တောင် မင်းကြီးက ကျန်းရီဘက်မှာ ရပ်တည်ပေးလိုက်တာက လောကြီးလွန်းရာ မကျဘူးလား"

"မှန်ပေတယ်...မှန်ပါပေတယ်"

လူအုပ်သည် ခေါင်းငြိမ့်၍ ချက်ချင်းထောက်ခံလာကြသည်။ စုန်းနတ်ဘုရား အသက်ရှင်နေသေးလျှင် ကျန်းရီ၏အဆင့်အတန်းသည် အရေးပါမည်ဖြစ်ပြီး ရှန်မိနိုင်ငံက သူ့အားကာကွယ်ပေးသင့်သည်။ သို့သော် စုန်းနတ်ဘုရား၏ ဝိဉာဉ်အပိုင်းအစသည် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ ကျန်းရီနှင့် နတ်ဆိုးသားရဲဘုရင် နှစ်ယောက်ပေါင်းမှ မဖြစ်စလောက် အင်အားလေးသာ ရှိသည့်အချိန်တွင် သူ့အတွက် အခြားနိုင်ငံများကို ဆန့်ကျင်ရန်မှာ အမျှော်အမြင်မဲ့ရာ ကျလွန်းသည်။

"ဟားဟား"

ယွင်ချင်းထျန်းသည် လက်ကာပြ၍ လူတိုင်း၏ ပြောဆိုသံများကို ရပ်တန့်စေလိုက်သည်။ ထို့နောက် လေးနက်စွာ စကားစလိုက်သည်။

"ခင်ဗျားတို့ ဘာတွေးနေကြတယ်ဆိုတာ ငါကိုယ်တော် သိတယ်။ ငါကိုယ်တော်ပြောချင်တာက စုန်းနတ်ဘုရားက ငါ့ကိုကိုယ်တိုင် ဆက်သွယ်ခဲ့တယ်ဆိုတာပဲ။ ကျန်းရီက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တာမို့ ကျန်းရီကို လှိုက်လှိုက်လှဲလှဲ ပေါင်းထားသင့်ကြောင်း သူကပြောခဲ့တယ်။ ကောင်းကင်ကြယ်တာရာနယ်မြေကနေ ဖောက်ထွက်ပြီး ပိုမြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်မယ့် လူတစ်ယောက်ရှိတယ်ဆိုရင် အဲ့လူက ကျန်းရီဆိုတာ အသေအချာပဲတဲ့"

"ပြီးတော့ အလယ်အလတ်အဆင့် တာအိုတစ်ခုကို ခဏတွင်းချင်း သဘောပေါက်သွားတဲ့သူရှိကြောင်း ခင်ဗျားတို့ ကြားဖူးကြလား။ ကျန်းရီက တားမြစ်နယ်မြေထဲမှာ အလတ်အလတ်အဆင့်တာအိုကို နားလည်သွားခဲ့တယ်။ သူ့ရဲ့အတွင်းအားကျင့်ကြံနှုန်းကသာ နိမ့်မနေသေးရင် ဗာဂျရာအဆင့်ကို သူအချိန်မရွေး တက်လှမ်းနိုင်နေပြီ။ ကျန်းရီအသက်က ဘယ်လောက်ရှိသေးလို့လဲ...မင်းတို့ သေချာတွေးကြည့်ကြ"

"ဘယ်လို"

လူတိုင်းသည် နောက်တစ်ကြိမ် ဆွံ့အသွားကြသည်။ ငွေပန်းပွင့်အဘွားအိုသည်ပင် စကားမပြောနိုင်တော့ပေ။ ဤခန်းမထဲတွင်ပင် ဗာဂျရာအဆင့်သို့ မတက်လှမ်းနိုင်ကြသည့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် မည်မျှ ရှိသနည်း။ ထို့ပြင် အကြောင်းအရင်းမှာ သူတို့သည် အဆင့်နိမ့်တာအိုများကိုပင် နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် ကျန်းရီကမူ အလယ်အလတ်အဆင့်တာအိုကို ချက်ချင်းနားလည်သွားခဲ့သည်။

ထိုခဏတွင် မည်သူမှ ကျန်းရီကို အထင်မသေးရဲကြတော့ပေ။ စုန်းနတ်ဘုရားကဲ့သို့သော လူကပင် ကျန်းရီ၏အနာဂတ်မှာ အကန့်အသတ်မဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကျန်းရီသည် မျိုးဆက်၏ ပါရမီရှင်အစစ်ဖြစ်ကြောင်း အချက်များစွာက သက်သေပြနေကြသည်။

အဓိပ္ပါယ်မှာ ယွင်ချင်းထျန်း၏ လုပ်ဆောင်ချက်များ မှန်ကန်ပေသည်။ တစ်နေ့တွင် ကျန်းရီသာ မြင့်မားသည့် တစ်နေရာသို့ ရောက်သွားခဲ့ပါက သူသည် ရှန်မိနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဂုဏ်သရေကို နှစ်သောင်းပေါင်းများစွာ တည်မြဲစေနိုင်လိမ့်မည်။

All Chapters