အခန်း (၆၄၅-၆၄၆)
Vol. 42 Ch. 645-646
အပိုင်း (၆၄၅)
ကျင်းမင်းသားက မြင်းမစီးဘဲ လမ်းလျှောက်လိုက်ပါ၏။ လမ်းလျှောက်နေစဉ်မှာပဲ သူက လုံးဝ တိတ်ဆိတ်နေ၏။ ဘုရင်တစ်ပါး၏ ဟန်ပန် အမူအရာမျိုး ဟူ၍ မရှိချေ။ နင်ယီနှင့် ဆေးမှူးများကသာလျှင် မြင်းစီးကြ၏။ ၂ နာရီကျော် ကြာပြီးနောက် လူ ၂,၀၀၀ တို့က လော်ရီမြို့ဆီသို့ ရောက်ရှိလာ၏။ အမြန်နှုန်းက တကယ်ကို မြန်ဆန်လွန်း၏။
ယခုအချိန်မှာတော့ နင်ယီက မြင်းတပ် ၁၀,၀၀၀ ကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ရသည်မှာ ၂ ရက်ပင် မပြည့်သေးချေ။ နန်းကုန်းအို၏ အဓိကတပ်တော်ကြီးက အဓိကကင်းထောက်များကို လော်ရီမြို့သို့ စေလွှတ်ခဲ့သည်မှာ မှန်၏။ သို့ပေမည့် အသုံးမဝင်ခဲ့ချေ။ မြင်းတပ်၏ လမ်းကြောင်းက ပုံသေ ဖြစ်သောကြောင့် သဲကန္တာရလူရိုင်း စစ်သည်များ၏ တိုက်ခိုက်မှုကို ခံလိုက်ကြရသည်။
လော်ရီမြို့မှ ကင်းထောက်များကလည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် လော်ရီမြို့က လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သတင်းကိုသာ သိရှိထားကြ၏။ အိမ်ရှေ့စံ ထွက်ပြေးသွားသည်ဆိုသော နောက်ဆုံးသတင်းအချက်အလက်ကို မသိရှိကြချေ။ အိမ်ရှေ့စံအဖမ်းခံလိုက်ရသည်ဆိုခြင်းကို မည်သူမျှပင် မသိကြပေ။
“သွား” ကျင်းမင်းသားက ပြော၏။ ခြိမ်းခြောက်မှု မရှိချေ။
အိမ်ရှေ့စံမင်းသားနင်ယီက မြင်းကို ရှေ့သို့ မောင်းနှင်လိုက်၏။ “လော်ရီမြို့က စစ်သူကြီး ကျူးထန် ဘယ်မှာလဲ” ကျူးလင်း၏ အစ်ကိုဝမ်းကွဲ ကျူးထန်က ရာထူး အဆင့်အတန်း သိပ်မမြင့်ချေ။
မြို့တံခါးပေါ်မှ တပ်မှူးက အိမ်ရှေ့စံကို မြင်လိုက်သည့် အချိန်မှာတော့ ရုတ်တရက် ကြောင်အသွား၏။ အိမ်ရှေ့စံ ဤမျှလောက် မြန်ဆန်နေသည်လား။ “အရှင်မင်းသား”
ထိုအချိန်မှာပဲ နင်ယီ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွား၏။ အကယ်၍ သူက သူရဲကောင်း တစ်ယောက်သာဆိုလျှင် ဒီအချိန်၌ ‘ဒါ ထောင်ချောက်ပဲ။ ကျင်းမင်းသားက ငါ့နောက်မှာ ပါလာတယ်’ ဟု အော်ပြောသင့်၏။ ထိုသို့ဆိုလျှင် သူ၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်ပေလိမ့်မည်။ သို့ပေမည့် ကံဆိုးစွာဖြင့် “အကယ်၍” ဆိုသည်က အကယ်၍သာ ရှိခဲ့သည်။ သူ နင်ယီက အမြဲတမ်း တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက်ဖြစ်ပြီး သူရဲကောင်း တစ်ယောက် မဟုတ်ချေ။
“ကျူးထန် ဘယ်မှာလဲ”
အိမ်ရှေ့စံမင်းသားနင်ယီက အော်ဟစ်လိုက်၏။ “တံခါးဖွင့်စမ်း”
“အမိန့်တော်အတိုင်းပါပဲ”
မမျှော်လင့်ထားသည့် ဖြစ်ရပ်မျိုး ဘာမှမရှိဘဲ လော်ရီမြို့၏ တံခါးက ပွင့်သွား၏။ အိမ်ရှေ့စံကိုယ်တိုင် ရောက်လာသည်ကို တံခါးမဖွင့်ဘဲ ကျူးထန်ဆီသို့ အရင်သတင်းပို့ရပါမည်လား။
ကျင်းမင်းသားက လူ ၂,၀၀၀ ကို ဦးဆောင်ပြီး လော်ရီမြို့ထဲသို့ ဝင်ရောက်လာသည်။
၃ နာရီခန့် ကြာပြီးသည့်နောက် လော်ရီမြို့က ကျဆုံးသွားခဲ့၏။ မူလက လော်ရီမြို့တွင် အစောင့်တပ် ၉,၀၀၀ ရှိပြီး ရွှဲ့ပြည်နယ်၏ စစ်သည် ၄,၀၀၀ နှင့် နန်အိုနိုင်ငံမှ အစေခံ စစ်သည်ပေါင်း ၅,၀၀၀ ကျော်ရှိ၏။ ရွှဲ့ပြည်နယ်၏ စစ်သည် ၄,၀၀၀ တို့က သတ်ဖြတ်ခံလိုက်ရ၏။ နန်အို၏ အစေခံ စစ်သည် ၅,၀၀၀ က ကျင်းမင်းသားထံ လက်နက်ချလိုက်သောကြောင့် လော်ရီမြို့၌ ကျင်းမင်းသား၏ တပ်က ၇,၀၀၀ အထိ ထိုးတက်သွား၏။
၂ ရက် ကြာပြီးနောက် အခက်အခဲများကို ဖြတ်ကျော်ပြီး နန်းကုန်းအိုက မြင်းတပ် ၂,၅၀၀ ကို ဦးဆောင်ကာ လော်ရီမြို့သို့ ရောက်ရှိလာ၏။ လမ်းခရီးတစ်လျှောက်လုံး တကယ့်ကို မလွယ်ကူခဲ့ချေ။ သဲကန္တာရလူရိုင်း စစ်သည် ရာပေါင်းများစွာတို့၏ ခြုံခိုတိုက်ခိုက်မှုများက ရူးသွပ်ချင်လောက်စရာပင်။ နန်းကုန်းအို၏ မြင်းတပ် ၂,၅၀၀ က ကုန်ခမ်းလုနီးပါးပင် ဖြစ်ခဲ့သည်။
မော့ကြည့်လိုက်သည့် အချိန်တွင် လော်ရီမြို့တစ်ခုလုံးက ရွှဲ့ပြည်နယ်၏ အလံတော်အောက်တွင် ရှိနေဆဲဖြစ်ပြီး ကျူးဟူသည့် စာလုံးကို ချိတ်ဆွဲထားဆဲ ဖြစ်သည်။ သူက သက်ပြင်းချလိုက်၏။ စိတ်ထဲတွင် သတိကြီးစွာ ထားဆဲ ဖြစ်၏။ သူက မြို့တံခါးကို လှမ်းကာ အော်ဟစ်၏။ “ကျူးထန် ဘယ်မှာလဲ”
ခဏအကြာမှာတော့ လော်ရီမြို့၏ တပ်မှူးကျူးထန်က မြင်ကွင်းရှေ့သို့ ရောက်ရှိလာသည်။
နန်းကုန်းအိုက စိတ်သက်သာရာရသွားသော်လည်း အစောင့်အကြပ်များကို လုံးဝ လျှော့ချရဲခြင်း မရှိသေးချေ။ သူက ကျင်းမင်းသားကို ကြောက်၏။ ကျူးထန်သာ လက်နက်မချသေးဘူးဆိုလျှင် ပထမဦးဆုံး မေးသင့်သည်က အိမ်ရှေ့စံ ဘယ်ရောက်သွားလဲ။ ကျူးလင်း ဘယ်မှာလဲ ဆိုသော မေးခွန်းများ ဖြစ်လိမ့်မည်ဟု စိတ်ထဲ၌ တွက်ချက်ထား၏။
ကျူးထန်က မေးလိုက်သည်။ “နန်းကုန်း... အိမ်ရှေ့စံ ဘယ်မှာလဲ။ စစ်သူကြီး ကျူးလင်းက ဘယ်မှာလဲ”
နန်းကုန်းအိုက ပြန်ဖြေ၏။ “စစ်သူကြီး ကျူးလင်းက အဓိက တပ်ကြီးကို ဦးဆောင်ပြီး နောက်က လိုက်လာနေတယ်။ ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ အိမ်ရှေ့စံလည်း မကြာခင် ရောက်လိမ့်မယ်”
အိမ်ရှေ့စံ ထွက်ပြေးသွားသည်ကို သူ ပြောမည် မဟုတ်ချေ။ စိတ်ထဲတွင် အထင်သေးလျှင်တောင်မှ အိမ်ရှေ့စံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရဦးမည်။ အိမ်ရှေ့စံ ထွက်ပြေးသွားသည်ဟု ပြောလိုက်ပါက လော်ရီမြို့၏ စိတ်ဓာတ်ခွန်အားက ကြီးမားစွာ ထိခိုက်သွားစေနိုင်သည်။
“တံခါးဖွင့်၊ ရိက္ခာတွေ ပြင်ဆင်ထား၊ မြို့တစ်ခုလုံးကို အသင့်အနေအထား ပြင်ကြ” နန်းကုန်းအိုက အေးစက်စက်နှင့် ပြော၏။
မြို့တံခါးက ဖြည်းညှင်းစွာ ပွင့်လာ၏။ နန်းကုန်းအိုက မြင်းတပ် ၂,၅၀၀ ကို ဦးဆောင်ပြီး လော်ရီမြို့ထဲသို့ ဒုန်းစိုင်း ဝင်ရောက်၏။ သို့ပေမည့် ဘာကြောင့်မှန်း မသိချေ။ မြို့တံခါးထဲသို့ ဝင်လိုက်သည်နှင့် သူက ဒိန်းကနဲ ရင်တွေခုန်သွား၏။ အလွန် စိတ်မသန့်သည့် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
ဘာမှားနေတာလဲ။ သူ စဉ်းစား၍ မရချေ။ အရာအားလုံးက ပုံမှန်သာ ဖြစ်၏။ လော်ရီမြို့၏ အစောင့်တပ်က သိပ် အကောင်းစား မဟုတ်ချေ။ တပ်သားများက အနည်းငယ် စနစ်မကျသည်ကလည်း ပုံမှန်ပင်။ သို့သော်ငြား ကျူးထန်၏ မျက်နှာအမူအရာက တစ်မျိုးကြီးပင်။ သူက ကျူးမိသားစုဝင် ဖြစ်သော်လည်း တိုက်ရိုက် သွေးမျိုးဆက် မဟုတ်သောကြောင့် နန်းကုန်းအိုကဲ့သို့ လူကိုတွေ့လျှင် အလွန်နှိမ့်ချပြီး ရင်းနှီးသည့် ပုံစံမျိုး ပြသတတ်၏။ သို့ပေမည့် ယခု မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းနေသည့်ပုံပင်။
နန်းကုန်းအိုက စိတ်ထဲတွင် တွေးလိုက်၏။ အလိုလို သူက မြင်းဇက်ကြိုးကို ဆွဲလှမ်းမိ၏။ သို့သော်ငြား သူက မြို့ထဲမှ ချက်ချင်း ပြန်လည် ဆုတ်ခွာ မသွားခဲ့ချေ။ ထိုအစား ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကာ မေးမြန်းနေမိသည်။ “ငါ အတွေးများ လွန်နေတာလား”
ထိုအချိန်မှာပဲ ဒုန်း ဒုန်း အနောက်ဘက်ရှိ မြို့တံခါးကြီးက ပိတ်သွား၏။
ရွှစ် ရွှစ် ရွှစ်...
မြားမိုးများ ရွာကျလာ၏။ မြို့ထဲသို့ ဝင်ရောက်လာသည့် နန်းကုန်းအို၏ လက်အောက်ရှိ မြင်းတပ်သား ၂,၀၀၀ ကျော်တို့က နေရာတစ်ခုတွင် မည်မျှ ပြွတ်သိပ်နေမည်ဖြစ်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်၏။ ထို့ကြောင့် မြားအများအပြားက ချိန်ရွယ်စရာပင် မလိုအပ်ချေ။ မျက်စိတစ်မှိတ်အတွင်း မြင်းရာပေါင်းများစွာတို့ မြားထိမှန်ကုန်၏။ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ မြင်းများက မြေပြင်ပေါ်သို့ လဲကျသွားပြီး ပုံထသွားခဲ့သည်။
ထိုနောက် ကျင်းမင်းသား၏ ထောင်ချီသည့် တပ်များက ပေါ်ထွက်လာခဲ့၏။ ထောင်ပေါင်းများစွာသော မြားသမားတို့က နန်းကုန်းအို၏ မြင်းတပ်သား ၂,၀၀၀ ကို ချိန်ရွယ်ထားခဲ့ကြ၏။
“မကောင်းတော့ဘူး။ ထောင်ချောက်ပဲ” နန်းကုန်းအိုက အသက်များ ပြာအက်သွားခဲ့၏။
“ဖောက်ထွက်ကြ။ အပြင်ကို ဖောက်ထွက်ကြ။ မြို့တံခါးကို ဖွင့်စမ်း” နန်းကုန်းအိုက ဟိန်းဟောက်ကာ အမိန့်ပေးလိုက်၏။ သို့သော်ငြား တံခါးကို ဖွင့်၍ မရနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ သော့ခတ်ထားခဲ့သောကြောင့်ပင်။
“ဖောက်ထွက်ကြ။ မြို့ထဲကို ဝင်တိုက်ကြ” နန်းကုန်းအိုက ထပ်မံ အမိန့်ပေးလိုက်၏။ သို့သော်ငြား မဖြစ်နိုင်တော့ချေ။ ဤမျှ တိုတောင်းသည့် အကွာအဝေးတွင် သူတို့က အရှိန်မြင့်ရန် သို့မဟုတ် ဝင်ဆောင့်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ကျင်းမင်းသား၏ ပထမဦးဆုံး မြားအသုတ်က မြင်းများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မြင်းရာပေါင်းများစွာတို့ သေဆုံး သို့မဟုတ် ဒဏ်ရာရကာ မြေပေါ်တွင် လဲကျနေခဲ့၏။ ထိုအရာက ကြီးမားသည့် အတားအဆီးတစ်ခု ကဲ့သို့ပင် ဖြစ်၏။ မြို့ထဲတွင် တဲများ၊ မြေကြီးများဖြင့် ပြုလုပ်ထားသည့် အတားအဆီးများစွာ ရှိနေသည်ကို ထည့်မတွက်လျှင်တောင်မှ မြင်းများက သူတို့ကို ပြန်လည်ကာ လမ်းပိတ်ထားခဲ့သည်။
ကျင်းမင်းသားက ထပ်မံ ပေါ်ပေါက်လာ၏။
“စစ်သူကြီးနန်းကုန်းအို... ကျုပ် မြို့ထဲက ရွှဲ့ပြည်နယ် အစောင့်တပ်တွေကို အကုန်လုံး သတ်ပစ်ခဲ့ပေမယ့် ခင်ဗျားရဲ့ မြင်းတပ်ကိုတော့ ချမ်းသာပေးချင်တယ်။ အများစုက ခင်ဗျားရဲ့ တပည့်အရင်းတွေ ဖြစ်လောက်တယ် မဟုတ်လား။”
ကျင်းမင်းသားက ဆက်ပြောသည်။ “ခင်ဗျား လက်နက်ချမလား”
ကျင်းမင်းသားဆီ၌ လက်နက်ချရမည်။ နန်းကုန်းအို ဤကိစ္စကို တစ်ခါမှ မစဉ်းစားဖူးချေ။ သူက ရွှဲ့ပြည်နယ်၏ စစ်သူကြီး တစ်ယောက်ဖြစ်ပြီး ရာထူးတက်ရန်လည်း မဖြစ်နိုင်သလို ထပ်ပြီးကောင်းစားဖို့လည်း မဖြစ်နိုင်ချေ။ ကျင်းမင်းသားထံ လက်နက်ချလိုက်သည် ဆိုလျှင်လည်း ပိုမို မြင့်မားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တာ့နန်နိုင်ငံဆိုသည်က လူရိုင်းများသာ ဖြစ်၏။
သို့သော်ငြား နန်းကုန်းအို ယခု စဉ်းစားရတော့မည်။ ကျင်းမင်းသားက သူ့ကို မတိုက်တွန်းဘဲ တိတ်ဆိတ်စွာ စောင့်နေ၏။ ခြိမ်းခြောက်ခြင်း သို့မဟုတ် ဖြောင်းဖျခြင်း ဟူ၍ မရှိချေ။ နန်းကုန်းအို ... သူ၏ သေရေးရှင်ရေး ဆုံးဖြတ်ချက်သာလျှင် ရှိ၏။ အကယ်၍ သူ လက်နက်မချလျှင် တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ သေရပေလိမ့်မည်။ သူ၏သား နန်းကုန်းရှဲ့လည်း သေရမည်။ သူ၏ မိသားစုတောင်မှ မျိုးပြုတ်ပါသွားနိုင်သည်။
နန်းကုန်းအိုက ထျန်းဖေးပြည်နယ်တွင် တာဝန်ထမ်းဆောင်သည့် မြောက်ဘက်ပိုင်း စစ်သူကြီး တစ်ယောက် ဖြစ်သော်လည်း သူ၏ မိသားစုက ထျန်းနန်ပြည်နယ်ထဲတွင် ရှိ၏။ ယခင်က ပြောခဲ့သလိုပင် မူဝါဒသစ်၏ အရိပ်အယောင် ကျလာသည့် အချိန်တွင် ကျင်းမိသားစုက နန်းကုန်းအို၏ မိသားစုထဲသို့ လာရောက်ကာ ခိုဝင်ခဲ့၏။
နန်းကုန်းအိုက နယ်စားတစ်ဦး ဖြစ်သော်လည်း နောက်မှ ရာထူးတက်လာသူ ဖြစ်၏။ သူ၏ ပိုင်နက်နယ်မြေက မကြီးမားသလို ကိုယ်ပိုင်တပ်ကလည်း မများပေ။ သို့သော်ငြား သူ၏ မိသားစု အခြေခံ အုတ်မြစ် အားလုံးကတော့ ထျန်းနန်ပြည်နယ်ထဲတွင် ရှိနေသည်။
ယခု နန်းကုန်းအို၏ ရှုံးနိမ့်မှုက မလွဲမသွေ ဖြစ်ပေါ်လာခဲ့၏။ နောက်တစ်ဆင့်တွင် ထျန်းနန်ပြည်နယ် တစ်ခုလုံး ဟာလာ ဟင်းလင်းဖြစ်ပြီး ကျင်းမင်းသား၏ တပ်တော်က ရွှဲ့ပြည်နယ် တောင်ဘက်ပိုင်းကို ဝင်ရောက် သိမ်းပိုက်ပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် နန်းကုန်းမိသားစုက လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သူ လက်နက်ချလျှင် မိသားစု ဘေးကင်းနိုင်၏။ လက်နက်မချလျှင် ကျင်းမင်းသား၏တပ်တော်က မြောက်ဘက်သို့ ခြေချလျှင် သူ၏မိသားစုက ပျက်စီးပေလိမ့်မည်။ သို့ပေမည့် လက်နက်ချလျှင် သူ နန်းကုန်းအို၏ ဂုဏ်သိက္ခာတစ်ခုလုံးက ပျက်စီးသွားပေလိမ့်မည်။ သို့သော်ငြား အရေးအကြီးဆုံးက မိသားစု မျိုးဆက်ပြန့်ပွားရေး ဖြစ်၏။ ဂုဏ်သိက္ခာဆိုသည်က မည်သည့်အရာ ဖြစ်သနည်း။ အဓိပ္ပာယ်မရှိချေ။
အကယ်၍ သူ နန်းကုန်းအို လက်နက်ချလျှင် မိသားစု အသက်ရှင်နိုင်ဖွယ် ရှိမည်လား။ ဖြစ်နိုင်ချေ ရှိ၏။ ကျင်းမင်းသား၏ သဘောထားကြီးမှုက အလွန်အမင်းလည်း ကြီးမားပုံပေါ်၏။ သူက အဓိက တပ်မကြီးကိုပင် စုနန်အား လွှဲအပ်ပေးခဲ့၏။ ဤအရာက မည်ကဲ့သို့သော သဘောထားကြီးမှုမျိုးနည်း။ သူ နန်းကုန်းအိုကိုလည်း လက်ခံနိုင်မှာ သေချာ၏။ ကျင်းမင်းသား၏ တာ့နန်နိုင်ငံက ဟန်ချက်ညီရန် လိုအပ်၏။
သဲကန္တာရလူရိုင်းများ၏ အင်အားက ကြီးမားလွန်းနေပြီး စုနန် တစ်ယောက်တည်းနှင့် မလုံလောက်ချေ။ သို့ပေမည့် လက်နက်ချရသည်က တကယ်ကို ရှက်ရွံ့စရာကောင်း၏။ နန်းကုန်းအိုက မြင်းပေါ်မှဆင်း၍ ကျင်းမင်းသား၏ ရှေ့သို့သွားကာ ဒူးထောက်၏။ သူ၏ဓားကို ခေါင်းပေါ်သို့ မြှောက်လိုက်သည်။ “ကျုပ် လက်နက်ချပါပြီ။”
ကျင်းမင်းသားက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ လက်ခံတယ်”
နန်းကုန်းအိုက အံ့အားသင့်သွား၏။ ဘေးတစ်ဖက်ရှိ ကျူးထန်ကို ကြည့်၏။
ချက်ချင်းပဲ ကျူးထန်က ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “အရှင်မင်းကြီး... ကျုပ်တို့ အသုံးဝင်ပါသေးတယ်။”
အသုံးမဝင်တော့ချေ။ နန်းကုန်းအိုက ရှေ့သို့ တိုးပြီး ဓားနှင့် ပိုင်းချလိုက်၏။ ကျူးထန်၏ ခေါင်းက ပြတ်ကျသွား၏။ ပြီးနောက် ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
ကျင်းမင်းသားက အမိန့်ပေးလိုက်၏။ “မလုံလောက်သေးဘူး။ နင်ယီရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်လိုက်”
ထိုစကားကိုကြားချိန်မှာတော့ နင်ယီက ထိတ်လန့်သွား၏။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် ပြောသည်။ “ကျင်းမင်းသား... ယောက်ဖ၊ ဘာလို့ ဒီလို လုပ်ရတာလဲ။ ဘာလို့လဲ”
နင်ယီက ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံဖြစ်သည်ဟု ခံယူထားဆဲပင်။ ကျင်းမင်းသားထံ လက်နက်ချလိုက်သည်နှင့် သူ၏ အသက်အန္တရာယ် မရှိတော့ဟု တွေးထား၏။ ယခု တစ်ဖက်လူက သူ၏ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်ချင်နေ၏။ ကျင်းမင်းသားက ဤမျှလောက် စိတ်ပြောင်းလွယ်နေသည်လား။
နန်းကုန်းအို၏ နှလုံးသားများက တုန်လှုပ်သွားခဲ့၏။ ကျူးထန်ကို သတ်လိုက်လျှင် သူက ရွှဲ့ပြည်နယ်သို့ ပြန်လှည့်ကောင်း လှည့်နိုင်ပေဦးမည်။ အိမ်ရှေ့စံမင်းသား၏ လက်မောင်းကို ဖြတ်လိုက်လျှင်တော့ ဘယ်တော့မှ ပြန်လှည့်နိုင်တော့မည် မဟုတ်ဘဲ ကျင်းမင်းသားအပေါ် ထာဝရ သစ္စာခံရပေတော့မည်။
ဤကျင်းမင်းသားက သဘောထားကြီးသော်လည်း ရိုးရှင်းသည့် လူတစ်ယောက်တော့ မဟုတ်ချေ။ သို့ပေမည့် နန်းကုန်းအို၌ တခြားသော ရွေးချယ်စရာ မရှိတော့ချေ။ ထို့အပြင် သူက နင်ယီအပေါ် မကျေနပ်ချက်များ ရှိ၏။ အိမ်ရှေ့စံသာ အရည်အချင်း ရှိခဲ့သည်ဆိုပါက အခြေအနေက ဤကဲ့သို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ချေ။
“နန်းကုန်းအို... ခင်ဗျား လုပ်ရဲရင် လုပ်ကြည့်လိုက်။ ခင်ဗျား လုပ်ရဲရင် လုပ်ကြည့်လိုက်လေ”
နန်းကုန်းအို၏ အမူအရာကို မြင်ချိန်မှာတော့ အိမ်ရှေ့စံမင်းသားနင်ယီက ချက်ချင်းပဲ အော်ဟစ်လိုက်၏။
ထိုစကားများက နန်းကုန်းအို၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား၏။ သူက ဓားကို ကိုင်ကာ လျှောက်သွား၏။ အိမ်ရှေ့စံမင်းသားနင်ယီက ထိုအခြေအနေကို မြင်ချိန်မှာတော့ ချက်ချင်းပဲ ထွက်ပြေး၏။ သို့ပေမည့် နန်းကုန်းအိုကို အဘယ်သို့ လွတ်အောင် ပြေးနိုင်မည်နည်း။ နန်းကုန်းအိုက ခြေလှမ်း အနည်းငယ်ဖြင့် မှီသွား၏။ ဓားဖြင့် ပိုင်းချလိုက်သည်။
“အား”
နင်ယီက အော်ဟစ်၏။ သူ၏ ဘယ်ဘက်လက်မောင်း တစ်ခုလုံး ပြတ်ထွက်သွား၏။ လတ်ဆတ်သည့် သွေးများက ပန်းထွက်လာပြီး မေ့မျောလုနီးပါးပင်။
တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ သမားတော်ကြီးနှစ်ဦးက ရှေ့သို့ ထွက်လာခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံး သွားမည်ကို ကာကွယ်ရန်အတွက် နင်ယီကို ဆေးကုသပေး၏။
လူတိုင်းက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။
နန်းကုန်းအို လက်နက်ချလိုက်ချိန်မှာတော့ သူ၏နောက်မှ မြင်းတပ်သားများ အားလုံးက စိတ်သက်သာရာ ရသွားခဲ့၏။ အိမ်ရှေ့စံ၏ ဘယ်ဘက်လက်မောင်းကို သူတို့၏ စစ်သူကြီး ခုတ်ဖြတ်လိုက်ကြောင်းမြင်တော့ အလွန်ပင် ဝမ်းသာသည့် အမူအရာများကို ပြသကြ၏။ အရေးကြီးဆုံးအချိန်တွင် သူတို့ကို သစ္စာဖောက်ခဲ့သည့် အိမ်ရှေ့စံကို သူတို့ မုန်းတီးကြသည်က သဘာဝပင်။
ဤတိုက်ပွဲ၌ မြင်းတပ်သား ၂,၀၀၀ တို့က ကျင်းမင်းသား၏ ချေမွခြင်းကို ခံလိုက်ရပြီး ယုံကြည်မှု အားလုံး ပျောက်ဆုံးသွားခဲ့၏။ သူတို့၏ စိတ်နှလုံးက ကိုးကွယ်မှု အဆင့်ထိပါ ရောက်ရှိသွား၏။ ယခု ကျင်းမင်းသားထံ လက်နက်ချလိုက်သည့် အချိန်မှာတော့ မည်သည့် စိတ်ပိုင်းဆိုင်ရာ တားဆီးမှုမှ မရှိတော့ပေ။ ကျင်းမင်းသားကဲ့သို့ သူရဲကောင်း တစ်ဦး၏ နောက်သို့ လိုက်ရခြင်းက အိမ်ရှေ့စံ နင်ယီကဲ့သို့သော လူမျိုး၏နောက် လိုက်ရခြင်းထက် ပို၍ သာလွန် ကောင်းမွန်၏။
ကျင်းမင်းသားက နန်းကုန်းအိုဘက်သို့ ခေါင်းညိတ်လိုက်ပြသည်။ “ခင်ဗျားရဲ့တပ်တွေကို ခင်ဗျားပဲ ဆက်ပြီး ကွပ်ကဲပါ။ ကောင်းကောင်း အနားယူကြ။ ရိက္ခာတွေ ပြင်ဆင်ထားပြီးပြီ။ ကျုပ်တို့ကြား နောက်ထပ်တိုက်ပွဲ ဆိုတာ မရှိတော့ဘူး။ ကောင်းကောင်း အနားယူကြပါ”
“အမိန့်တော်အတိုင်းပါပဲ အရှင်မင်းကြီး” နန်းကုန်းအိုက ဒူးထောက်ပြီး နောက်တစ်ကြိမ် ဦးတိုက်၏။
အပိုင်း (၆၄၆)
ကျင်းမင်းသားက လက်ကို ဝှေ့ယမ်းပြလိုက်သည့် အချိန်မှာတော့ ထောင်ချီသည့် တပ်များက ဘေးဖယ်ပေး၏။ နန်းကုန်းအိုက အံ့အားသင့်သွား၏။ ကျင်းမင်းသားက လက်နက်လည်း မသိမ်းသလို စစ်သည် အင်အားကိုလည်း မခွဲချေ။ သူ၏ မြင်းတပ်ထဲသို့ပင် သူလျှို မထည့်ခဲ့ချေ။
“အရှင်မင်းကြီး.... ကျုပ်မှာ နန်းကုန်းရှဲ့ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ သူက အရှင်မင်းကြီးဆီမှာ ပညာသင်ချင်ပါတယ်” နန်းကုန်းအိုက ပြောလိုက်၏။ ဝါရင့် အရာရှိတစ်ဦးဖြစ်သည့်အတိုင်း သူက သူ၏ သဘောထားကို ပြသရန်အတွက် သားဖြစ်သူကို ကျင်းမင်းသားထံ ဓားစာခံအဖြစ် ပို့ဆောင်ပေးခြင်း ဖြစ်၏။
ကျင်းမင်းသားက ခေါင်းညိတ်လိုက်သည်။
နန်းကုန်းရှဲ့က မြင်းတပ်ဆီမှ ထွက်ခွာပြီး ကျင်းမင်းသား၏ ဘေးသို့ရောက်ရှိလာ၏။
“အရင်ဆုံး နေရာချပြီး အနားယူလိုက်ကြအုံး။ နောက်မှ အတူတူ ထမင်းစားကြတာပေါ့”
ဤအဆင့်တွင် လော်ရီမြို့၌ ကျင်းမင်းသား၏ တပ်အင်အားက ၁၀,၀၀၀ ခန့် ရှိလာပြီ ဖြစ်၏။ အိမ်ရှေ့စံ လက်နက်ချသွားပြီ ဖြစ်သလို နန်းကုန်းအိုကလည်း လက်နက်ချသွားခဲ့၏။ ရွှဲ့ပြည်နယ်၏ အဓိက တပ်မကြီးတွင် စစ်သူကြီး နှစ်ဦးသာ ကျန်တော့၏။ ကျူးလင်းနှင့် ကျန်ကျောင်းတို့ပင်။
နန်အိုမြို့တွင် ကျန်ကျောင်းက တပ်သား ၅၀,၀၀၀ ကို ဦးဆောင်ပြီး နောက်တန်းမှ ကာကွယ်ပေးနေ၏။ စုနန်က သဲကန္တာရလူရိုင်း စစ်သည် ၃၀,၀၀၀ ကို ဦးဆောင်ပြီး တိုက်ခိုက်၏။
၃၀,၀၀၀ နှင့် ၅၀,၀၀၀။ ကျန်ကျောင်းက အလွန် ရဲရင့်သော်လည်း အသုံးမဝင်ခဲ့ချေ။ တိုက်ခိုက်ရေး စွမ်းရည် ဖြစ်စေ၊ စိတ်ဓာတ်ခွန်အား ဖြစ်စေ၊ နှစ်ခုလုံးက ကွာခြားချက် ကြီးမားလွန်းသည်။
၂ နာရီခန့် ကြာပြီးသည့်နောက် ကျန်ကျောင်း၏ စစ်တပ်များက လုံးဝ ရှုံးနိမ့်သွားခဲ့၏။ တပ်သား ၅၀,၀၀၀ က ရေမတွက်နိုင်သည့် ထိခိုက် သေဆုံးမှုများ ရရှိခဲ့ပြီး အများအပြားက ထွက်ပြေးကုန်၏။ ကျန်ကျောင်းက တပ်သား ၁၀,၀၀၀ ကို ဦးဆောင်ပြီး ထွက်ပြေး၏။ ကျူးလင်း၏ အဓိက တပ်မကြီးနှင့် သွားရောက် ပူးပေါင်း၏။
ယခုအချိန်မှာတော့ နန်အိုရှိ ရွှဲ့ပြည်နယ်၏ အဓိကတပ်တော်ကြီးတွင် စစ်သည် ၁၁၀,၀၀၀ သာ ကျန်တော့၏။ သို့သော်ငြား အိမ်မက်ဆိုးက ယခုမှ စတင်ခြင်း ဖြစ်၏။ လော်ရီမြို့ဆီသို့ သွားသည့် ခရီးစဉ်က မိုင်ရာချီဝေးပြီး တောင်နှင့် သစ်တောများကို ဖြတ်သန်းရသည်။
စုနန်က သဲကန္တာရ လူရိုင်း စစ်သည် ၃၀,၀၀၀ ကို ဦးဆောင်ပြီး လိုက်လံ တိုက်ခိုက်၏။ သူတို့က တိုက်ပွဲပုံစံ မဟုတ်ဘဲ ဘဲမောင်းသလို လိုက်လံတိုက်ခိုက်ခြင်း ဖြစ်၏။ ခဏလောက် လိုက်လိုက်၊ ခဏလောက် သတ်လိုက်၊ ခဏလောက် ပြေးလိုက်နှင့် လုပ်နေကြ၏။
ရွှဲ့ပြည်နယ်၏ စစ်သည် ၁၁၀,၀၀၀ က အေးအေးဆေးဆေး မသွားလာနိုင်၊ အေးအေးဆေးဆေးလည်း မနားနိုင်ကြချေ။ ဘုရားသခင် စွန့်ပစ်ထားခဲ့သည့် ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ငရဲခန်းကြီးကို ကြုံဆုံနေရ၏။ စစ်သည် ၁၁၀,၀၀၀ တို့ စခန်းချသည့် အချိန်တွင် မိုင်ပေါင်း ဒါဇင်ချီ ရှည်လျား၏။ ထို့ကြောင့် သူတို့က မြွေတစ်ကောင်ကဲ့သို့ တန်းစီသော ပုံစံမျိုး တပ်ဖြန့်ထားသည်။ ဤကဲ့သို့သော တပ်ဖြန့်မှုက အလုံးစုံ ခံစစ်သက်သက်သာလျှင် ဖြစ်သော်လည်း တခြားသော နည်းလမ်း မရှိတော့ချေ။ အခွင့်အရေးက လုံးဝ မရှိသောကြောင့်ပင်။
အမှန်တကယ်တော့ ကျူးလင်းကလည်း သိရှိပြီးသားပင်။ ရွှဲ့ပြည်နယ်က နန်အိုမြို့တော်ကို လက်လွှတ် လိုက်ရတည်းက စစ်ရှုံးပြီးသား ဖြစ်၏။ သူတို့က လော်ရီမြို့နှင့် မိုင် ၄၀၀ ကွာဝေး၏။ တပ်တော်ကြီးက တစ်နေ့လျှင် ၁၅ မိုင်အောက်သာ ခရီးနှင်နိုင်၏။ ဤနှုန်းအတိုင်းဆိုလျှင် ရောက်ရှိရန် အနည်းဆုံး လဝက်ခန့် ကြာမြင့်ပေလိမ့်မည်။
ကျန်ကျောင်းက နောက်တန်းကနေ ကာကွယ်ပေးထားတုန်းပင်။ သို့သော်ငြား သူက တပ်သား မည်မျှပဲ သုံးပြီး ကာကွယ်စေကာမူ ရလဒ်က အတူတူပင် ဖြစ်၏။ တပ်သားများက နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေ၏။ နေ့တိုင်းကလည်း ထွက်ပြေးသူများ ရှိနေ၏။ နန်အိုတွင်လည်း သစ်တောများနှင့် တောင်တန်းများက နေရာတိုင်းတွင် ရှိသောကြောင့် ထွက်ပြေးရန် မဖြစ်နိုင်သလို လမ်းပျောက်သွားပေလိမ့်မည်။
သို့သော်ငြား တပ်တော်ကြီး တစ်ခုလုံးက စိတ်ဓာတ်ခွန်အား အလွန်အမင်း ကျဆင်းနေ၏။
ပဉ္စမမြောက်နေ့မှာတော့ တပ်သား ၁၁၀,၀၀၀ ထဲမှာ ၃၀,၀၀၀ ကျော်ကို ထပ်မံ ဆုံးရှုံးခဲ့ရ၏။ ကျန်ရှိသည့် ၇၀,၀၀၀ မှ ၈၀,၀၀၀ ခန့် စစ်သည်များက အလုံးစုံ ပြိုလဲနေကြသည်။
သူတို့ ထွက်မပြေးခဲ့ရသည့် အကြောင်းအရင်းက လူများသောနေရာက အနည်းငယ် ပိုမို လုံခြုံသည်ဟု ခံစားရသောကြောင့်ပင်။ မဟုတ်ပါက ထွက်ပြေးသည်မှာ ကြာပြီဖြစ်၏။ ဤနေရာကြီးက နတ်ဆိုး၏ ပါးစပ်ပေါက်နှင့် ဆင်တူ၏။ ဝင်သွားသည်နှင့် ပြန်မထွက်နိုင်ပေ။
ညဘက်မှာတော့ ရွှဲ့ပြည်နယ်တပ်တော်၏ စခန်းချရာနေရာ၌ ကျူးလင်းနှင့် ကျန်ကျောင်းတို့က လျှို့ဝှက်စွာ စကားပြောဆိုနေ၏။
“ကျုပ်တို့တော့ သွားပြီ။ ပြီးသွားပြီပဲ”
ကျူးလင်းက ပြောလိုက်သည်။ “နန်းကုန်းအိုနဲ့ အိမ်ရှေ့စံမင်းသားတို့က လော်ရီမြို့ကို ရောက်သင့်နေတာ ကြာပြီ။ သူတို့ ကင်းထောက်တွေ လွှတ်ပြီးတော့ သတင်းပို့သင့်ပြီ။ ဒါပေမယ့် ရောက်မလာသေးဘူး”
ကျန်ကျောင်းက ပြောလိုက်၏။ “ကင်းထောက်တွေ လမ်းမှာ အသတ်ခံရတာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လမ်းက တစ်လမ်းပဲ ရှိတာ။”
“အင်း... ဖြစ်ကောင်းဖြစ်နိုင်တယ်”
ကျူးလင်းက ပြောသည်။ “ဒါပေမယ့် စုနန်ကို ကြည့်။ သူ့ရဲ့ တပ်အင်အားက ၃၀,၀၀၀ ကျော်က ကျုပ်တို့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလို့ရရဲ့သားနဲ့ ဘာလို့ အဲလို မလုပ်ရတာလဲ။ အဲဒီအစား သူက သိုးတွေကို မောင်းနေသလို၊ ဘဲတွေ မောင်းနေသလို လုပ်နေတာ မဟုတ်ဘူးလား။”
ဟုတ်ပေ၏။ ဤအရာက ကြောက်စရာ အကောင်းဆုံး အချက်ဖြစ်သည်။ ထိုအရာက အချက်တစ်ခုကို သက်သေပြနေ၏။ လော်ရီမြို့ ကျဆုံးသွားခဲ့ခြင်းပင်။ စုနန်က သိုးများကို ခြံဝန်းထဲသို့ မောင်းသွင်းနေခြင်းလည်း ဖြစ်နိုင်၏။ ခြံထဲသို့ ရောက်မှ အကုန်လုံးကို သတ်ဖြတ်မည်လား။ ဖမ်းဆီးမည်လား ဆိုသည်ကို လုပ်ဆောင်ပေလိမ့်မည်။
စစ်ပွဲမတိုင်ခင်က ကျူးလင်း၏ ဆံပင်များက တစ်ဝက်ခန့်သာ ဖြူသေးသော်လည်း ယခုမူ အလုံးစုံ ဖြူဖွေးလို့ နေ၏။
“ကျန်ကျောင်း၊ မင်း သွားတော့”
ကျူးလင်းက အံကို ကြိတ်ကာ ပြောလိုက်၏။ “လူအင်အား ရာဂဏန်းလောက် ခေါ်ပြီး ထွက်သွားတော့။ ငါတို့ ကျူးမိသားစုရဲ့ လူငယ်တွေကို ခေါ်သွား။ ငါတို့ရဲ့ အကောင်းဆုံး လူငယ်တွေကိုလည်း ခေါ်ထုတ်သွား။”
ကျန်ကျောင်းက မှင်သက်သွား၏။ သူ၏ စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အပြုအမူကြောင့် သူက လူချစ်လူခင် နည်းပါး၏။ သို့သော်ငြား ယခု အချိန်တွင် ကျူးလင်းက သူ့ကို လက်လွှတ်ပေးတော့မည်လား။
“အရင်တုန်းက အနောက်ကနေ တပ်ပိတ်လိုက်ခဲ့တာက မင်းပဲ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ငါတို့ရဲ့ တပ်သား ၈၀,၀၀၀ က မင်းရဲ့နောက်ကနေ ကာကွယ်ပြီး တပ်ပိတ်ပေးမယ်။ စစ်တပ်ရဲ့ နောက်မျိုးဆက်တွေကို မင်းနဲ့အတူ ခေါ်ဆောင်သွားတော့” ကျူးလင်းက ပြောလိုက်၏။
ကျန်ကျောင်း၏ နှလုံးသား တစ်ခုလုံး လှုပ်ရှားသွားခဲ့၏။ သူက ချက်ချင်းပဲ ဒူးထောက်ချလိုက်သည်။ “စစ်သူကြီး... ဘာလို့ ဒီလိုပြောရတာလဲ။ လူအင်အား ရာဂဏန်းလောက်ခေါ်ပြီး ထွက်ပြေးပါ။ ကျုပ်က စစ်သူကြီးအတွက် နောက်ကနေ တပ်ပိတ်ပြီး ကာကွယ်ပေးထားပါ့မယ်”
ကျူးလင်းက မျက်ရည်များ ဝဲနေ၏။ “ကျုပ်က နန်အိုစစ်မြေပြင်ရဲ့ စစ်သူကြီး အစစ်ပဲ။ ဒီလောက် အကြီးအကျယ် စစ်ရှုံးနေတာတောင် ဘယ်လို မျက်နှာမျိုးနဲ့ ပြန်သွားရမှာလဲ။”
ကျန်ကျောင်းက ပြောလိုက်သည်။ “စစ်သူကြီး...အသက်ရှိသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်”
ကျူးလင်းက ခေါင်းခါယမ်းလိုက်၏။ “ကျန်ကျောင်း... ငါသေမှ ကျူးမိသားစုရဲ့ ဂုဏ်သိက္ခာက အနည်းငယ် ကျန်ရစ်နိုင်မှာ။ ငါသာ ထွက်ပြေးလိုက်ရင် ကျူးမျိုးနွယ်စုက ရွှဲ့ပြည်နယ်မှာ ရပ်တည်ဖို့ ဂုဏ်သိက္ခာ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မင်း နားလည်လား။ ငါသေမှကို ဖြစ်မှာ”
ကျန်ကျောင်းက တကိုယ်လုံး တုန်ယင်သွား၏။ သူက မြေနှင့် ခေါင်းကို ဦးတိုက်ကာ ပြောဆိုလိုက်၏။
“စစ်သူကြီး.... ကျုပ်က ဘယ်ကို ထွက်ပြေးရမှာလဲ။ ထျန်းနန်မြို့ကိုလား”
ကျန်ကျောင်းက မေးမြန်းလိုက်သည်။ “အဲဒီမှာ ခံတပ်တည်ဆောက်ဖို့ အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို ကူညီတောင်းရမှာလား။”
“မသွားနဲ့။ အချိန်နှောင်းသွားပြီ”
ကျူးလင်းက နာကျင်စွာ ပြောလိုက်၏။ “ငါတို့တွေ သိပ်ပြီး အသုံးမကျခဲ့ဘူး။ ငါတို့ရဲ့ အဓိက အင်အားကြီးဖြစ်တဲ့ တပ်မ ၂၀၀,၀၀၀ ကျော်က နန်အိုပြည်နယ်မှာ ပျက်စီး ဆုံးရှုံးခဲ့ပြီ။ အခု ထျန်းနန်ပြည်နယ် တစ်ခုလုံးကလည်း ဟာလာဟင်းလင်း ဖြစ်နေပြီ။ ထျန်းနန်မြို့ရဲ့ ခံစစ်စည်းထဲမှာ စစ်သည်က ၁၀,၀၀၀ တောင် ရှိတာ မဟုတ်ဘူး။ ကျင်းမင်းသားရဲ့တပ်ကို တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ထျန်းနန်မြို့ကို ကယ်တင်လို့ မရတော့ဘူး။ ထျန်းနန်ပြည်နယ်ကိုလည်း ကယ်တင်လို့ မရတော့ဘူး”
ကျန်ကျောင်း၏ ဦးရေပြားများက ထုံကျင်သွား၏။ ထျန်းနန်ပြည်နယ်ကို ကယ်တင်၍ မရတော့ပေဘူးလား။ ထိုသို့ဆိုလျှင် ရွှဲ့ပြည်နယ်က နယ်မြေ၏ လေးပုံ တစ်ပုံကို လက်လွှတ် ဆုံးရှုံးလိုက်ရသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ကျူးလင်းက ဆက်ပြောလိုက်၏။ “မြို့တော်ကို ပြန်ပြီးတော့ ငါ့အဖေနဲ့ တွေ့လိုက်။ အဲဒီမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ပြောပြလိုက်။ ငါ့အဖေ ဘာလုပ်ရမယ်ဆိုတာ သိပါလိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီးနဲ့ တွေ့တဲ့ အချိန်မှာ ငါ့ရဲ့ နောက်ဆုံး စကားကို လျှောက်တင်ပေး။ ကျင်းမင်းသားနဲ့ ချက်ချင်း ဆွေးနွေးပြီး ထျန်းနန်ပြည်နယ်ရဲ့ တောင်ဘက် ခရိုင် ၅ ခုကို သူ့လက်ထဲ အပ်လိုက်ပါလို့။ ဒါမှ စစ်မီးကို ငြိမ်းသတ်နိုင်လိမ့်မယ်။ လိုအပ်ရင် တော်ဝင်တပ်တွေကို ခေါ်ပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားပါ။ ပြီးရင် ရှိသမျှ တပ်အင်အား၊ ရှိသမျှ အစွမ်းကုန် သုံးပြီး ချောင်ပြည်နယ်ကို တိုက်ဖို့”
ကျန်ကျောင်းက တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။ “စစ်သူကြီး.... ချောင်ပြည်နယ်က စစ်သည် ၃၀၀,၀၀၀ နီးပါး စုဆောင်းထားတာ။ ကျုပ်တို့ နိုင်ပါ့မလား”
ဤအချိန် နန်အိုနိုင်ငံနှင့်စစ်ပွဲတွင် ရဲရင့်သည့် စစ်သူကြီး ကျန်ကျောင်းပင် ယုံကြည်မှု အားလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ကျင်းမင်းသား၌ စစ်သည် ၁၀၀,၀၀၀ သာ ရှိသေးသည် ဆိုသော်လည်း ရွှဲ့ပြည်နယ်၏ စစ်သည် ၂၅၀,၀၀၀ ကို ပြန်မတိုက်နိုင်သည်အထိ အမြစ်ပြတ် ချေမှုန်းခဲ့သည်။ ချောင်ပြည်နယ်၏ စစ်သည် ၃၀၀,၀၀၀ ကို မည်သို့ သွားရောက်ကာ တိုက်ခိုက်မည်နည်း။ နယ်မြေတစ်ဝက်လောက်သာ ကျန်တော့သည့် ရွှဲ့ပြည်နယ်က အနိုင်ရပါဦးမည်လား။
ကျူးလင်းက ခေါင်းညိတ်လိုက်၏။ “ကျင်းမင်းသားနဲ့ စစ်ပွဲကို ရပ်တန့်နိုင်ရင် ငါတို့က အနောက်ဘက် နယ်စပ်ကို ထိန်းသိမ်းထားနိုင်သေးတယ်။ မမေ့နဲ့။ ငါတို့မှာ ချင်နိုင်ငံဆိုတဲ့ မဟာမိတ် ရှိသေးတယ်။ ချင်နိုင်ငံမှာ သဲကန္တာရ လူရိုင်း၊ ကြေးစားစစ်သည်တွေ အများကြီး ရှိတယ်။ သူတို့က တော်ဝင်အစောင့်တပ်ကို မတိုက်ခိုက်ချင်ဘူး ဆိုပေမယ့် ချောင်ပြည်နယ်ကို တိုက်ခိုက်ချင်ကြတယ်။
ထျန်းနန်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းက ကျုံးမိသားစုရဲ့ အခြေစိုက်စခန်းပဲ။ ကျုံးယောင်က သေချာပေါက် အစွမ်းကုန် တိုက်ခိုက်လိမ့်မယ်။ ငါတို့က အနောက်ဘက်နယ်စပ်ကို ထိန်းသိမ်းထားနိုင်ပါသေးတယ်။ အဓိက အချက်ကတော့ မြန်ဖို့ပဲ။ မြန်မြန် လုပ်မှ ရမယ်”
ကျူးလင်းက စိတ်မချနိုင်တော့သောကြောင့် သေတမ်းစာစောင်ကို ရေးသားလိုက်၏။ ထိုစာထဲတွင် သူ့ကိုယ်သူ အကြီးအကျယ် အပြစ်တင် ရှုတ်ချထား၏။ ပြီးနောက် ကျင်းမင်းသားနှင့် ညှိနှိုင်းဆွေးနွေးရန် ၊ လိုအပ်ပါက မဟာမိတ်ဖွဲ့ရန် နင်ယွမ်ရှန်းအား ရိုကျိုးစွာ တောင်းဆိုထားခဲ့ပြီး ထိုမှသာ ချောင်ပြည်နယ်နှင့် စစ်ပွဲကို အာရုံစိုက်နိုင်မည် ဖြစ်ကြောင်း ရေးသားထားသည်။
သေတမ်းစာကို ရေးပြီးနောက် ကျူးလင်းက မတ်တပ်ထရပ်ပြီး ကျန်ကျောင်းကို ဦးညွတ်ကာ ပြော၏။ “အရာအားလုံးက စစ်သူကြီးကျန်ရဲ့ လက်ထဲ ရောက်သွားပြီ။ အသက်ရှင်အောင်နေပါ”
“အမိန့်အတိုင်းပါပဲ စစ်သူကြီး” ကျန်ကျောင်းက ဒူးထောက်၏။ ပြီးနောက် သေတမ်းစာကို လှမ်းယူသည်။
ထိုအချိန်မှာပဲ ကျန်ကျောင်းက တပ်တော်ထဲမှ အကောင်းဆုံးသော လူငယ် စစ်သည် ရာဂဏန်းနှင့် ကျူးမိသားစုမှ လူငယ်များကို ဦးဆောင်ကာဖြင့် တပ်မကြီးထဲမှခွဲထွက်ပြီး မြောက်ဘက် ထူထပ်သည့် တောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့၏။
နောက်တစ်နေ့မှာပဲ စစ်သူကြီး ကျူးလင်းက အဓိက တပ်မကြီး စစ်သည် ၇၀,၀၀၀ ကို ဦးဆောင်ပြီး လော်ရီမြို့ရှိရာ ရှေ့ဘက်သို့ ဆက်လက် ချီတက်၏။ တကယ်တမ်းမှာတော့ သူတို့က တပ်ခွဲကာ သွားလျှင် ပိုကောင်းပေလိမ့်မည်။ သို့သော်ငြား သူတို့က ကျန်ကျောင်းတို့ ထွက်ပြေးသွားခဲ့သည့် အဖွဲ့ကို တစ်ဖက်လူများ လျစ်လျူရှုထားနိုင်ရန်၊ စုနန်၏ အဓိကတပ်မကြီးကို နည်းလမ်းတမျိုးနှင့် ဆွဲဆောင်ရန် လိုအပ်လို့နေသည်။
ကျူးမိသားစု၏ ထူးချွန်လွန်းသည့် လူငယ်စစ်သည်များနှင့် တပ်မ၏ ထူးချွန်လူငယ်အားလုံးက ထိုအဖွဲ့ထဲတွင် ပါသွားခဲ့ပြီး ဖြစ်၏။ ထိုလူငယ်စစ်သည်များအတွက် ကျူးလင်းက ငရဲလမ်းကို ဖြတ်သန်းရပေလိမ့်မည်။ ထို့ဖြင့် ကျူးလင်းက ဂုဏ်သိက္ခာရှိစွာ သေဆုံးရန် လိုအပ်၏။ သူရဲကောင်းဆန်သည့် သေဆုံးမှုမျိုး ဖြစ်ရမည်။ ထိုမှသာလျှင် ကျူးမိသားစု၌ ဂုဏ်သိက္ခာ အနည်းငယ် ကျန်ရစ်ပေလိမ့်မည်။
နောက်ထပ် မိုင်ပေါင်း ၂၆၀ ခရီးကို ၁၂ ရက်အကြာ ချီတက်ခဲ့၏။ ကျူးလင်းက သူ၏ စစ်တပ်ဖြင့် လော်ရီမြို့ဆီသို့ ရောက်ရှိလာ၏။ ထိုအချိန်မှာတော့ သူ၏ နောက်တွင် စစ်သည်ပေါင်း ၅၀,၀၀၀ အောက်သာ ကျန်ရှိတော့သည်။
ဤတစ်ခေါက်တွင်တော့ ကျင်းမင်းသားက မည်သည့် လှည့်ကွက်ကိုမှ မသုံးထားချေ။ လော်ရီမြို့၏ အထက်တွင် တာ့နန်နိုင်ငံ၏ အလံတော်က တလူလူနှင့် လွင့်ပျံနေ၏။
စစ်သူကြီးကျူးလင်း၏ စစ်သည် ၅၀,၀၀၀ က မြို့ရိုးအောက်သို့ ရောက်ရှိလာ၏။ နောက်ကျောဘက်တွင် စုနန်၏ သဲကန္တာရလူရိုင်း စစ်သည် အင်အား ၃၀,၀၀၀ ပါဝင်သည့် အဓိက တပ်မကြီးက အမှီလိုက်ခဲ့သည်။
ရှေ့တွင် ရန်သူ သိမ်းပိုက်ထားသည့် မြို့တစ်မြို့၊ ထိုနေရာတွင် ကျင်းမင်းသား၏ စစ်သည် ၁၀,၀၀၀ က စောင့်ကြပ်နေ၏။ နောက်ဘက်မှာတော့ လူရိုင်းစစ်သည် ၃၀,၀၀၀ ခန့် ရှိ၏။ ရွှဲ့ပြည်နယ်၏ အဓိက စစ်သည် အင်အား ၅၀,၀၀၀ က စစ်မှန်သည့် ငရဲခန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ကျူးလင်းက မော့ကြည့်၏။ လက်တစ်ဖက် ပြတ်နေသည့် အိမ်ရှေ့စံနှင့် ကျင်းမင်းသားကို မြင်လိုက်ရ၏။ ပြီးနောက် နန်းကုန်းအို ....
“ဟား ဟား”
သူ ထင်ထားသည့် အတိုင်းပင်။ အဆိုးဝါးဆုံး အခြေအနေက မျှော်လင့်ထားသည်ထက် ပိုမိုကာ ဆိုးခဲ့၏။ ၂ ဦးလုံးက လက်နက်ချ အရှုံးပေးခဲ့သည်။
“နန်းကုန်းအို... ကျုပ် ခင်ဗျားကို အပြစ်မတင်ဘူး။ မိသားစုအတွက် ခင်ဗျား ဘယ်လိုရွေးချယ်မှုပဲ လုပ်လုပ် ဒါက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ အိမ်ရှေ့စံ နင်ယီကတော့...”
ကျူးလင်းက သူ့ကို မမုန်းချေ။ သူက ကျူးမိသားစုမှ ပံ့ပိုးပေးထားသည့် အိမ်ရှေ့စံမင်းသားဖြစ်၏။ နှလုံးသား ထဲမှ အသုံးမကျသည့် အိမ်ရှေ့စံလည်း ဖြစ်၏။ သို့သော် ထိုကဲ့သို့သော အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံခြင်းက ကျူးမိသားစုအတွက် အကျိုးရှိဆုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်ရ လွယ်ကူသောကြောင့်ပင်။
အနာဂတ်တွင် တော်ဝင်ရန်အင်ပါယာက လောကကြီးတစ်ခုလုံးကို တစ်စုတစည်းတည်း ဖြစ်အောင် လုပ်ဆောင်သည့်အချိန်တွင် ဤကဲ့သို့သော ဘုရင်မျိုးက အလျှော့ပေး ၊ လိုက်လျောဖို့ ပိုမိုကာ လွယ်ကူပေးလိမ့်မည်။
သို့သော်ငြား... သို့သော်ငြား ဆိုတာတွေ မရှိတော့ချေ။
နန်းကုန်းအိုက စစ်သူကြီးကျူးလင်း၏ ခံစားချက် မပါသော မျက်နှာကို ကြည့်နေ၏။ အိမ်ရှေ့စံ နင်ယီ၏ မျက်နှာတွင် ရှက်ရွံ့မှုများ ရှိသော်လည်း သူက အလျှင်အမြန်ပင် ခံစားချက် ကင်းမဲ့သည့် မျက်နှာထားကို ပြန်လည် ပြောင်းလဲလိုက်၏။
စစ်သူကြီး ကျူးလင်းက ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်၏။ “ရွှဲ့ပြည်နယ်က စစ်သည် အပေါင်းတို့.. ငါနဲ့အတူ လော်ရီမြို့ကို ပြန်လည် သိမ်းပိုက်ပြီး ကျင်းမင်းသားကို သုတ်သင်ကြမယ်။ ရွှဲ့ပြည်နယ် အတွက် တိုက်ကြ။”
ပြီးနောက် ဆံပင်များ ဖြူဖွေးလျက် ရှိနေသည့် ကျူးလင်းက ရှေ့သို့ ပြေးထွက်သွား၏။ သူ၏ နောက်မှ ကျူးမိသားစု၏ သစ္စာရှိသော စစ်သည် ၂,၀၀၀ တို့က အတူတကွ လိုက်ပါ တိုက်ခိုက်၏။ သို့သော်ငြား ကျန်ရစ်သည့် စစ်သည် ၅၀,၀၀၀ ကတော့ တုတ်တုတ်မှ မလုပ်ဘဲ ကျူးလင်း ပြေးထွက်သွားသည်ကိုသာ အတိုင်းသား ငေးကြည့်နေလေသည်။