အခန်း (၆၄၇-၆၄၈)
Vol. 42 Ch. 647-648
အပိုင်း (၆၄၇)
“ရွှဲ့ပြည်နယ်အတွက်၊ အရှင်မင်းကြီးအတွက် တိုက်ကြ” ကျူးလင်းက သူရဲကောင်းပီသစွာဖြင့် အော်ဟစ်၏။ လော်ရီမြို့ဆီသို့ သူက ပြေးဝင်သွား၏။
မူလက သူ၏အနောက်တွင် လူ ၂၀၀၀ လိုက်ပါလာ၏။ သို့သော်ငြား တချို့က နောက်မှ လူသောင်းချီတပ်ကြီး ကျန်ရစ်သည်ကို မြင်ရတော့ ပြေးနေရာမှ ရပ်တန့်လိုက်ကြ၏။ နောက်ဆုံးမှာတော့ မြို့ကို တိုက်ခိုက်ရန် ကျူးလင်း၏ နောက်သို့ လိုက်ပါလာသည့် စစ်သည် အရေအတွက်က တဖြည်းဖြည်းနှင့် လျော့နည်းသွားသည်။
စစ်မြေပြင်တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေ၏။ ကျင်းမင်းသား၊ နန်းကုန်းအိုနှင့် အိမ်ရှေ့စံတို့က ကျူးလင်း ပြေးဝင်လာခဲ့သည်ကို တိတ်တဆိတ်နှင့် ကြည့်ရှုနေ၏။
သူ၏ နောက်ဘက်မှ ရွှဲ့ပြည်နယ် စစ်သည် သောင်းပေါင်းများစွာတို့ကလည်း သူတို့၏ စစ်သူကြီး ပြေးဝင်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
နောက်ကျောဘက်မှ စုနန် ဦးဆောင်သည့် သဲကန္တာရလူရိုင်း စစ်တပ်ကလည်း ကျူးလင်း ပြေးဝင်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။
အကယ်၍ ရှမ့်လန်သာ မြင်တွေ့သည်ဆိုပါက တကယ်ကို ဂန္တဝင် ရုပ်ရှင်ကား တစ်ကားကဲ့သို့ပင် ကြည့်ရှုနေမိမှာ သေချာသည်။ ကျူးလင်းက အော်ဟစ်နေ၏။ သို့သော်ငြား အသံ မထွက်သကဲ့သို့ပင်။ လောကကြီး တစ်ခုလုံးက မီးခိုးရောင် သက်သက်သာ ကျန်ရစ်တော့သလိုမျိုးပင် အရောင်အဆင်း ကင်းမဲ့နေသည်။
ကျင်းမင်းသားက လက်ကို ဝှေ့ယမ်း၏။ မြားမိုးများ ရွာကျလာ၏။ မြားပေါင်း သောင်းချီတို့က မိုးရွာသကဲ့သို့ ကျဆင်းလာ၏။ ကျူးလင်း၏ နောက်မှ လိုက်ပါလာသည့် ကျူးမိသားစုမှ စစ်သည် ၃၀၀ ကျော်တို့က မြားထိ မှန်ပြီး သေဆုံးကုန်၏။ သူတို့၏ ခန္ဓာကိုယ်၌ ဖြူကောင်များသဖွယ် မြားများက စိုက်ဝင်နေ၏။
ကျူးလင်း တစ်ယောက်တည်း ဆက်လက် ပြေးလာသည်။ “ရွှဲ့ပြည်နယ်အတွက်၊ အရှင်မင်းကြီးအတွက်”
သူက အော်ဟစ်၏။ သို့ပေမည့် သူ၏ စိတ်ထဲတွင်တော့ အဖေ့အတွက်၊ ကျူးမိသားစုအတွက်ဟု ရေရွတ်နေမိသည်။ ကျူးလင်းက မြို့ရိုးဆီသို့ ကျင်းမင်းသား၏ စစ်သည် ၁၀,၀၀၀ ရှိရာဆီသို့ ပြေးဝင်လာ၏။ သူက အားကုန်သုံးကာဖြင့် မြို့ရိုးပေါ်သို့ တွယ်တက်၏။ ကျင်းမင်းသားရှိရာဆီသို့ တစ်ကိုယ်တည်း ပြေးဝင်သွားခဲ့၏။
“ရွှဲ့ပြည်နယ်အတွက်၊ အရှင်မင်းကြီးအတွက် သေစမ်း” ကျူးလင်း၏ လက်ထဲမှဓားက ကျင်းမင်းသားဆီသို့ ကျဆင်းလာ၏။ ကျင်းမင်းသားက လျှပ်စီးလက်သကဲ့သို့ပင် လှုပ်ရှားသည်။
ရွှီး.. ခေါင်းတစ်လုံးက ပြတ်ကျသွားခဲ့၏။ မြို့ရိုး၏အထက်သို့ ရောက်ရှိလာသည့် ကျူးလင်း၏ ခန္ဓာကိုယ်က ချက်ချင်းပဲ နောက်ပြန်လဲကျသွား၏။ သူ၏ ခေါင်းနှင့်ကိုယ်က အိုးစားကွဲ သွားခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်သူကြီးက ကျဆုံးသွားခဲ့၏။
လူပေါင်း ၁၀၀,၀၀၀ နီးပါးတို့က ခေါင်းပြတ်ကျသွားသော ကျူးလင်း၏ ခန္ဓာကိုယ်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။
ကျင်းမင်းသားက သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်၏။ “ဒါက ခင်ဗျား လိုချင်တဲ့ သူရဲကောင်းဆန်တဲ့ သေဆုံးခြင်းပဲ ကျူးလင်း။ ခင်ဗျားရဲ့ ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးလိုက်မယ်”
အောက်ဘက်မှာတော့ ရွှဲ့ပြည်နယ်မှ စစ်သည် ၅၀,၀၀၀ တို့က ကျင်းမင်းသားကို မော့ကြည့်လိုက်၏။ သူတို့ကို လက်နက်ချဖို့ မပြောတော့ဘူးလား။ စကားတစ်ခွန်းတောင် မပြောတော့ပေဘူးလား။ တစ်ခွန်းလောက် ပြောလိုက်လျှင်လည်း အဆင်ပြေသေး၏။ စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူတို့က ဒူးထောက်ပြီး အရှုံးပေးကြတော့မှာပင်။
ကျင်းမင်းသားက စစ်သည် ၅၀,၀၀၀ ကို လျစ်လျှူရှုစွာဖြင့် တစ်ချက်ကြည့်ပြီး လှည့်ထွက်သွား၏။ ရုတ်တရက် မြို့ရိုးအောက်ရှိ စစ်သည် ၅၀,၀၀၀ တို့က ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။ သူတို့၏ လက်ထဲတွင် ရှိနေသည့် လက်နက်များကို လွှင့်ပစ်ပြီး မြေပေါ်သို့ ညီညာစွာ ဒူးထောက်ထိုင်ကြ၏။ “ကျုပ်တို့ အရှုံးပေးပါပြီ”
“ကျုပ်တို့ လက်နက်ချပါတယ်” စစ်သည် ၅၀,၀၀၀ က ကျူးလင်း သေဆုံးသွားသည်ကို မျက်မြင် တွေ့ရပြီးနောက် ဒူးထောက်ကာ အရှုံးပေးလိုက်၏။ ဤအချိန်မှာတော့ နန်အို စစ်ပွဲကြီးက အဆုံးသတ် သွားခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်သည် ၂၅၀,၀၀၀ က အလုံးစုံ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
………..
“သတင်းကောင်း... သတင်းကောင်းပဲဟေ့... အိမ်ရှေ့စံမင်းသားက ကျင်းမင်းသားကို စစ်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိသွားပြီ။ ရန်သူ့ရဲ့ခေါင်းပေါင်း ၈၀,၀၀၀ ကျော်ကို ဖြတ်နိုင်ခဲ့တယ်။ ၅၀,၀၀၀ လောက် ထိခိုက် ကျဆုံးခဲ့တယ်။”
“ကျင်းမင်းသား၏ အဓိကတပ်မကြီး တစ်ခုလုံးက အလုံးစုံ ချေမှုန်းခံလိုက်ရပြီ။ သတင်းကောင်းပဲဟေ့... သတင်းကောင်းပဲ...။”
ဘာတွေ ဖြစ်ကုန်သနည်း။ ရေနက်ခံတပ်ဆီမှ တိုက်ပွဲပြီးဆုံးသည့်နောက် အိမ်ရှေ့စံမင်းသားက သတင်းပို့ရန် မစောင့်ဆိုင်းနိုင်တော့ချေ။ ထို့ကြောင့် စာပို့ဆက်သားများကို စေလွှတ်ခဲ့သည်။ နာရီအနည်းငယ်အတွင်း သူတို့က အလျင်အမြန်နှင့် ထွက်ခွာသွားခဲ့ကြသည်။ သတင်းပို့ဆက်သားများက အယောက်တစ်ရာကျော်ပင် ရှိနေပြီး အားလုံးက မြောက်ဘက်အရပ်၏ အရပ်မျက်နှာ အသီးသီးဆီသို့ လူခွဲကာ ဖြန့်ထွက်သွားခဲ့ကြသည်။
ကျူးလင်းတို့က ထိုသူတို့ကို လိုက်လံကာ တားဆီးခိုင်းခဲ့သော်လည်း ရလဒ်အားဖြင့် တစ်ဝက်ကျော်ကိုသာ လမ်းမှ တားဆီးနိုင်ခဲ့သည်။ ဆက်သားများက လမ်းအမျိုးမျိုးမှ ခရီးသွားခဲ့ပြီး ရွှဲ့ပြည်နယ်ထဲသို့ အောင်မြင်စွာ ဝင်ရောက် သွားခဲ့ကြလေသည်။ ပြီးနောက် သူတို့က မိုင် ၈၀၀ ခရီးကို အမြန်ချောပို့ဖြင့် အောင်ပွဲသတင်းကို လိုက်ပါ ပို့ဆောင်၏။
သူတို့က သာမန် သတင်းပို့ ဆက်သားများသာ ဖြစ်သော်လည်း သူရဲကောင်းများကဲ့သို့ ဆက်ဆံခံရ၏။ ရွှဲ့ပြည်နယ် ထဲသို့ ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် မိုင် ၅၀ ရောက်တိုင်း မြင်းလဲလှယ် စီးနင်းခွင့်ကို ခံစားရ၏။ မိုင် ၁၀၀ ရောက်တိုင်း ပျားရည်စိမ်ရေများဖြင့် ချိုးရပြီး ဇိမ်ခံအစားအသောက်များကို စားသောက်ရ၏။ ထို့ထက် ပိုမိုသည်က သူတို့အတွက် မိန်းမလှလေးများကိုပင် ပြင်ဆင်ပေးထားခဲ့သည်။
တကယ်တမ်း ကိစ္စပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် အချိန်မလုံလောက်သော်လည်း မြင်းလဲနေစဉ် အတောအတွင်း ထိုအလှလေးများ၏ နူးညံ့မှုကို ခံစားနိုင်ကြသည်။ ခရီးဆက်လာစဉ်အတောအတွင်း ပြုစု ဧည့်ခံမှုများက ပိုမိုကာ ချဲ့ကားပြီး လွန်ကဲလာလေပင်။
အစပိုင်းက သတင်းပို့ဆက်သားများက စိတ်မလုံမလဲ ဖြစ်မိသေး၏။ အဘယ်ကြောင့်ဆိုသော် နန်အိုစစ်ပွဲ၏ အမှန်တရားကို သူတို့ သိနေသောကြောင့်ပင်။ ရွှဲ့ပြည်နယ်၏ စစ်သည် ၂၀၀,၀၀၀ တို့က ရန်သူ့ စစ်သည် ၄၀,၀၀၀ ကို ရင်ဆိုင် တိုက်ခိုက်ခဲ့ရခြင်းဖြစ်၏။ သူတို့ဘက်မှာ ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့် ထိခိုက် နာကျင်ခဲ့ရသော်လည်း ရန်သူ့ဘက်မှာ စစ်သည် ၁၀,၀၀၀ ခန့်သာ သေဆုံးခဲ့၏။ ထို့အပြင် ရန်သူက အလွယ်တကူပင် ဖောက်ထွက် သွားနိုင်ခဲ့သေး၏။
ဤကဲ့သို့သော အရာမျိုးကို အောင်ပွဲဟု ပြောဆိုနေရခြင်းက သူတို့အတွက် လိပ်ပြာမလုံ ဖြစ်စေခဲ့၏။ သို့သော်ငြား ပြုစုဧည့်ခံမှုများကို ပိုမို ကောင်းမွန်စွာ ရရှိလာသည်နှင့်အမျှ သူတို့က တဖြည်းဖြည်းနှင့် စိတ်သက်သာရာ ရခဲ့၏။ မည်သို့ပင် ဆိုစေကာမူ သူတို့က အနိုင်ရရှိခဲ့သည်ပင်။
ကျင်းမင်းသား၏ အဓိကတပ်မကြီးက စစ်ရှုံးပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်၏။ တပ်မကြီး တစ်ခုလုံး ချေမှုန်းခံလိုက်ရသည်ဟု ပြောဆိုပါက မှားမည် မထင်ပေ။
ရှေးပဝေသဏီ ခေတ်တည်းက စစ်ရေးအောင်မြင်မှုများကို ချဲ့ကား ပြောဆိုတတ်သည်က သဘာဝပင်။ သူတို့က ရိုးသားသည်ဟု ပြောဆို၍ရ၏။ ထို့အပြင် နောက်တစ်ချိန် ဤကိစ္စ ပေါ်ပေါက်သွားသည် ဆိုလျှင်တောင် သူတို့ကို အပြစ်တင်ကြမှာ မဟုတ်ပေ။ သူတို့က သတင်းပို့ဆက်သားများသာ ဖြစ်သောကြောင့်ပင်။
သေချာ တွေးတောပြီးနောက် သူရဲကောင်းများကဲ့သို့ ဆက်ဆံခံရမှုကို ခံယူရန် သူတို့က ယုံကြည်မှု ရှိလာ၏။ သူတို့က ထျန်းနန်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ အခြေအနေက ပို၍ပင် အံ့မခန်းဖြစ်၏။ အုပ်ချုပ်ရေးမှူးရုံး၏ အတွင်းရေးမှူးချုပ် ယန်ဝူကျိ ကိုယ်တိုင် မှူးမတ် ရာပေါင်းများစွာကို ဦးဆောင်ပြီး အောင်ပွဲ သတင်းကို ရယူရန် မြို့တံခါးဘဝသို့ ရောက်ရှိလာ၏။
မြို့၏ တံခါးနှင့် မီတာ အနည်းငယ် အဝေးသို့ ရောက်ချိန်မှာတော့ တီးမှုတ် ကခုန်သံများကိုပါ ကြားရ၏။ စည်တော်များ၊ မောင်းသံများ ဆူညံနေပြီး ရောင်စုံအလံများ တလူလူ လွှင့်ပျံကာ လူပင်လယ်ကြီး ဖြစ်နေသည့် မြင်ကွင်းပင်။
သတင်းပို့ မြင်းသည်တော်က မြို့တံခါးဝသို့ ရောက်ရှိလာသည်။
ယန်ဝူကျိက လက်ကို ဝှေ့ယမ်းလိုက်သည်။ လူတိုင်းက မိမိ လုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်၏။ အုပ်ချုပ်ရေးမှူးရုံး၏ အတွင်းရေးမှုးချုပ် ယန်ဝူကျိက မေးမြန်းလိုက်၏။ “သူရဲကောင်းလေး... ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ”
သတင်းပို့ တပ်သားက လှမ်းကာ ဖြေဆိုလိုက်သည်။ “ကံကောင်းထောက်မစွာနဲ့ တပ်တော်က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်ခဲ့ပြီး ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အိမ်ရှေ့စံမင်းသားကိုယ်တိုင် ဦးဆောင်ပြီး အခြေအနေ အရပ်ရပ်ကို ကွပ်ကဲခဲ့ပါတယ်။ အိမ်ရှေ့စံက စစ်တပ်ကို နတ်ဘုရားတစ်ပါးလို ကွပ်ကဲပြီး ရန်သူရဲ့ ခေါင်းပေါင်း ရှစ်သောင်းကို ဖြတ်နိုင်ခဲ့ပါတယ်။ ကျင်းမင်းသားရဲ့ တပ်မကြီးကတော့ အလုံးစုံ သုတ်သင်ခြင်း ခံလိုက်ရပါပြီ”
တကယ်တော့ ထိုအရာများက ယန်ဝူကျိကို မလှည့်စားနိုင်ချေ။ သူက စစ်ပွဲအစီရင်ခံစာ၏ အမှန်တရားကို လျင်မြန်စွာ တွေးဆနိုင်၏။ သို့သော်ငြား စစ်ရေးအရာကို မဟုတ်မမှန် သတင်းပို့ခြင်းက ပုံမှန် ကိစ္စသာ ဖြစ်၏။ ရန်သူ၏ခေါင်း ရှစ်သောင်းကို ဖြတ်ခဲ့သည်ဟု ပြောမှတော့ အမှန်ပဲ ဖြစ်ရပေမည်။ မဟုတ်လျှင် အရေအတွက် ပြည့်မှီအောင် နန်အိုနိုင်ငံသားများကို သတ်ပြီး ဖြည့်စွက်ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အားလုံးက သဲကန္တာရ လူရိုင်းမျိုးနွယ်များသာ ဖြစ်၏။ အတုဆိုလျှင်တောင်မှ အစစ်ဖြစ်ရပေမည်။
သို့သော်ငြား ယန်ဝူကျိက သူ၏ ခံစားချက်ကို ပြင်ဆင်ရန် အချိန်အနည်းငယ် လိုအပ်၏။ မည်သို့ပင် ဆိုစေကာမူ သူက သူ၏ သရုပ်ဆောင်စွမ်းရည်ကို ထုတ်ပြရမည့် အချိန်သို့ ရောက်နေ၏။
“အင်း... ခမ်းနား ကြီးကျယ်လိုက်တာ။ ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တော်တွေက သိပ်ကို ခမ်းနားကြီးကျယ်တာပဲ။ ကောင်းကင်ဘုံက ကျုပ်တို့ ဘုရင်မင်းမြတ်ကို ကောင်းချီးပေးသနားခဲ့တာပဲ။ ကောင်းကင်ဘုံက ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံမင်းသားကို ကောင်းချီး ပေးသနားခဲ့တယ်။
ကောင်းကင်ဘုံမှာရှိနေတဲ့ ဘိုးဘေးတွေရဲ့ ကောင်းချီးမင်္ဂလာအတွက် ကျုပ်တို့ ရွဲ့ပြည်နယ်က ဒီလို ကြီးကျယ် ခမ်းနားတဲ့အောင်ပွဲကို ရရှိခဲ့တာပဲဖြစ်တယ်။ ဒီနေ့ကစပြီး ကျုပ်တို့ရွှဲ့ပြည်နယ်က ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို ခံစားရတော့မယ်။ ကျုပ်တို့ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ ကျုပ်တို့မှာ ဒီလို ဘုရင်တစ်ပါးရှိတယ်။ ကျုပ်တို့မှာ ဒီလို အိမ်ရှေ့စံမင်းသားတစ်ပါးရှိတယ်။”
ပြီးနောက် ယန်ဝူကျိက နွေးထွေးနေသည့် ဝိုင်ခွက်တစ်ခွက်ကို သတင်းပို့ဆက်သားအား ကမ်းပေးလိုက်သည်။ “သူရဲကောင်း... ဒီဝိုင်ခွက်ကို သောက်ပြီးမှ မြောက်ဘက်ကို ခရီးဆက်ပါ။ နေရာတိုင်းမှာ သတင်းကောင်းကို ဖြန့်ဝေပေးပါ”
“ကျေးဇူးတင်ပါတယ် အရှင်”
သတင်းပို့ဆက်သားက ခွက်ကိုယူပြီး တစ်ခါတည်း မော့သောက်၏။ “အရှင်တို့... ကျုပ် မြောက်ဘက်ကို ခရီးဆက်ပါရစေ။ ဒီအောင်ပွဲသတင်းကို အရှင်မင်းကြီးဆီ လျှောက်တင်ရပါအုံးမယ်”
ယန်ဝူကျိက ဦးညွတ်လိုက်သည်။ “ခရီးလမ်း ဖြောင့်ဖြူးပါစေ သူရဲကောင်း”
ပြီးနောက် သာယာနာပျော်ဖွယ် တေးဂီတသံများ ထွက်ပေါ်လာ၏။ သတင်းပို့ဆက်သားက မြင်းကို စီးပြီး မြို့လယ်ကောင်မှ လမ်းမအတိုင်း ဖြတ်သန်းသွား၏။ လမ်းတစ်လျှောက်လုံးတွင် မည်သည့် အတားအဆီးမှ မရှိချေ။ ညီညာပြန့်ပြူးနေသည့် လမ်းမကြီးသာ ရှိ၏။ အကြောင်းက သူ သွားလေရာ နေရာတိုင်းတွင် လမ်းများကို ရှင်းလင်းထားခဲ့သောကြောင့်ပင်။ ကားလုံးဝမရှိသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် မောင်းနှင်နေရသကဲ့သို့ပင် သိပ်ကို ကောင်းမွန်လွန်းလှ၏။
သတင်းပို့ဆက်သားထွက်ခွာသွားပြီးနောက် ထျန်းနန်မြို့တစ်ခုလုံးက ပျော်ရွှင်မှု ပင်လယ်ထဲသို့ ရောက်ရှိ သွား၏။ နှစ်သစ်ကူးရန် ရက်အနည်းငယ် လိုသေး၏။ သို့သော်ငြား နှစ်သစ်ကူးက စောရောက်လာသကဲ့သို့ပင်။ မရေမတွက်နိုင်သည့် မီးရှုးမီးပန်းများ ပစ်ဖောက်သည်။
နောက်ဆုံးမှာတော့ ဆောင်ကြာမြိုင်များကို ပြန်လည် ဖွင့်လှစ်လာခဲ့၏။ မိန်းကလေးများက အခွင့်ကောင်းယူ၍ လျှောဈေးများပေး၏။ နိုင်ငံ၏ကံကြမ္မာအတွက် အရေးပါသော စစ်ပွဲအောင်မြင်မှုကို ဂုဏ်ပြုရန်အတွက်၊ အိမ်ရှေ့စံမင်းသား၏ အောင်မြင်မှုကို ဂုဏ်ပြုရန်အတွက် သူတို့က ဈေးချပေး၏။ ပန်းတစ်ရာ ဆောင်ကြာမြိုင်ဆိုလျှင် ၂၀ ရာခိုင်နှုန်း လျှော့ဈေးပင် ပေး၏။ ချစ်ကြည်နူးဆောင်ကြာမြိုင်က ၄၀ ရာခိုင်နှုန်း လျှော့ဈေးပေး၏။ ထို့ကြောင့် ဆောင်ကြာမြိုင်တိုင်းက လူပြည့်ကြပ်လို့နေ၏။
မရေမတွက်နိုင်သည့် ပညာရှင်များ၊ နန်းတွင်း အမှုထမ်းများက ဆောင်ကြာမြိုင်များထံသို့ တိုးဝှေ့ ဝင်ရောက် ကြသည်။ သောက်ကြ၊ စားကြ၊ သီချင်းဆိုကြ ၊ ကဗျာတွေစပ်ကြ၊ သူတို့က ယနေ့တွင် သိပ်ကို ပျော်ရွှင်နေကြသည်။
ခဏအတွင်းမှာပဲ ထျန်းနန်မြို့ တစ်ခုလုံး၌ ကဗျာပုဒ်ရေ ထောင်ပေါင်းများစွာတို့နှင့် ပြည့်နှက်သွား၏။
အားလုံးက နန်အို စစ်မြေပြင်၏ အောင်ပွဲကို ချီးကျူးကြ၏။ အားလုံးက အိမ်ရှေ့စံမင်းသား၏ စွမ်းဆောင်ရည်ကို ကြွားလုံး ထုတ်ကြ၏။ ကဗျာထဲတွင် အိမ်ရှေ့စံမင်းသား နင်ယီက လူသားပင် ဟုတ်ပါသေးရဲ့လား။ သူက နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်လုနီးပါးပင်။ ဤကဲ့သို့သောလူမျိုး ဤလောကတွင် မရှိတော့သည့်ပုံပင်။
နှစ် ၁၀၀ တွင် တစ်ခါသာပေါ်တက်သည့် ပညာရှိအရှင်သခင်ပင်။ နင်ယီသာမရှိပါက ရွှဲ့ပြည်နယ်က ရှည်လျားလွန်းသည့် အိမ်မက်ဆိုးနှင့် ညကြီးကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
စာပေပညာရှင်များက သိပ်ကို ချဲ့ကားလွန်း၏။ သို့ပေမည့် မတတ်နိုင်ချေ။ မချဲ့ကားလျှင်လည်း ထင်ပေါ် ကျော်ကြားနိုင်မည် မဟုတ်ပေ။ စာပေပညာရှင်များက အချက်တစ်ချက်ကို အထူးဂရုပြုကြ၏။ လူတွေကို တုန်လှုပ်အောင် မလုပ်နိုင်မချင်း သူတို့က ဘာမှ အသုံးမဝင်ချေ။
တကယ်တမ်းမှာတော့ ထိုဆောင်းပါးများ၊ ထိုကဗျာများကို ဟိုးယခင်ကတည်းက သူတို့က ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ တစ်ခုချင်းစီတိုင်းတွင် ဈေးနှုန်းတစ်ခုစီရှိ၏။ အောင်ပွဲသတင်း ရောက်လာသည်နှင့် တပြိုင်နက် ဤဆောင်းပါးနှင့် ကဗျာများက ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲ ထွက်လာ၏။ လောကအနှံ့သို့ ပြန့်နှံ့သွားခဲ့၏။
ထိုအရာက ကြွားလုံးထုတ်ဖို့ ရေးသားထားသည့် အရာများသက်သက်ပင် ထင်နေသည်လား။ မဟုတ်ပေ။ သူတို့ဆီ၌ နောက်ထပ် ရည်ရွယ်ချက်များ ရှိနေသေး၏။ အိမ်ရှေ့စံမင်းသားက လောကရှိ စာပေပညာရှင်များ၏ အကျိုးကျေးဇူးကို ကိုယ်စားပြု၏။ သူ၌ အောင်မြင်မှု ၃၀ ရာခိုင်နှုန်း ရှိလင့်ကစား သူတို့က ၁၂၀ ရာခိုင်နှုန်း လောက်ထိ ချီးမြှင့်မြှောက်စားကာ ရေးသားရပေလိမ့်မည်။ သူတို့က နင်ယီအား နှစ်ပေါင်း ၃၀၀အတွင်း ရွှဲ့ပြည်နယ်၏ အကြီးမြတ်ဆုံးသော ဘုရင်အဖြစ် မချီးကျူးလျှင် ရှုံးနိမ့်သည်ဟု ခံစားရပေလိမ့်မည်။
ပြီးနောက် သတင်းပို့လွှာအား သယ်ဆောင်လာခဲ့သည့် နောက်ထပ်ဆက်သားများက ရွှဲ့ပြည်နယ်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ပြီးနောက် ဤသတင်းကောင်းကြီးက ရွှဲ့ပြည်နယ်အနှံ့ဆီသို့ တကယ်ပင် ပြန့်နှံ့သွား၏။ သတင်းရောက်လေရာ အရပ်တိုင်း လူတိုင်းက စိတ်လှုပ်ရှား တက်ကြွ၏။
ဤလမ်းကြောင်းကို တခြားသောသူများ ရောက်ရှိလာပြီးပြီဆိုပါက အရင်လူများက ခံစားခွင့်အကုန်လုံး ရယူသွားလောက်ပြီဟု ဆက်သားများက သိကြသည်။။ ထို့ကြောင့် သူတို့က တခြား လမ်းကြောင်းကို သွား၏။ သူတို့ကလည်း သူရဲကောင်းဆိုသည့် ဆုလာဘ်ကို ခံစားချင်ကြသည်။ ထို့ကြောင့် ဆက်သားများက နေရာအနှံ့ကို သွားသည်။
မရေမတွက်နိုင်သည့် စာပေပညာရှင်များကလည်း စိတ်လှုပ်ရှားစွာဖြင့် ကဗျာများကို ဆက်တိုက် ထုတ်ဖော်နေ၏။
နန်းမြို့တော်သို့ ပထမဦးဆုံး ရောက်သည့် သတင်းပို့ဆက်သား ... ထိုသူက ၁ နာရီလျှင် မိုင် ၈၀၀ နှုန်းဖြင့် အမြန်ဆုံး ခရီးနှင်လာခဲ့ခြင်းပင်။
သတင်းပို့ ဆက်သားက တကယ်ပဲ ပင်ပန်းနွမ်းနယ်နေ၏။ လမ်းတစ်လျှောက်လုံး စစ်မြင်းပေါ်တွင်သာ အိပ်စက်ခဲ့ရ၏။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ထို့အပြင် သူ ချမ်းသာပြီဖြစ်၏။ သူ တောင့်ခံထား ရပေလိမ့်မည်။ သူက အရှင်မင်းကြီးကို ပထမဦးဆုံးတွေ့သည့်လူ ဖြစ်ချင်၏။ သတင်းကောင်းကို သူ ကိုယ်တိုင် လျှောက်တင်ရမည်။
ရက်အနည်းငယ်ဆိုလျှင် နှစ်သစ်ကူးသို့ ရောက်ပြီဖြစ်၏။ သူက ကောင်းကောင်းမွန်မွန် နှစ်သစ်ကူး နိုင်ပေလိမ့်မည်။ နှစ်သစ်မကူးခင် သတင်းကောင်းကို လျှောက်တင်လိုက်လျှင် သေချာပေါက် ကြီးမားသည့် ဆုလာဘ်ကို ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ကောင်းကောင်းမွန်မွန် နှစ်သစ်ကူးနိုင်ပြီ မဟုတ်ပါလား။
မြို့တော်နှင့် မီတာ အနည်းငယ်အဝေးသို့ ရောက်ချိန်မှာတော့ သူက လည်ချောင်းကို ရှင်းပြီး အော်ဟစ် လိုက်၏။
“သတင်းကောင်း... သတင်းကောင်း... အိမ်ရှေ့စံမင်းသားက ကျင်းမင်းသားကို တိုက်ခိုက်ပြီး ကြီးမားတဲ့ အောင်ပွဲကို ရရှိပြီ။ ရန်သူ့ရဲ့ ခေါင်းပေါင်း ၈၀,၀၀၀ ကို ဖြတ်နိုင်ခဲ့ပြီ။ ကျင်းမင်းသား၏ စစ်တပ်ကို လုံးဝ ဥသုံ သုတ်သင်နိုင်ခဲ့ပြီ။” သတင်းပို့ ဆက်သားက ဆက်တိုက် အော်ဟစ်သည်။
အပိုင်း (၆၄၈)
တကယ်တော့ အကုန်လုံးနီးပါးဟု အော်ရမည်ပင်။ သို့ပေမည့် သူက နီးပါးဆိုသည့် စကားလုံးကို ဖြုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။ အိမ်ရှေ့စံမင်းသား၏ လေယူလေသိမ်းနှင့်တူအောင် ကျင်းမင်းသား၏ စစ်တပ်ကို လုံးဝ သုတ်သင် ရှင်းလင်းလိုက်ပြီဟု ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။ သူက ထိုကဲ့သို့ လုပ်ရသည်ကို သဘောကျ၏။
“သတင်းကောင်း... အောင်ပွဲကြီးဟေ့။ ရန်သူ့ရဲ့ ခေါင်းပေါင်း ၈၀,၀၀၀ ကို ဖြတ်နိုင်ခဲ့ပြီ။ ကျင်းမင်းသား၏ စစ်တပ်ကို လုံးဝ ဥသုံ သုတ်သင်နိုင်ခဲ့ပြီ။” သတင်းပို့ဆက်သားက ဆက်တိုက်အော်ဟစ်နေသည်။
ဤအချိန်မှာတော့ မြို့တော်၏ ရွှမ်ဝူတံခါးကို စောင့်ကျပ်နေသည့် သူက လန် ၃ ဖြစ်၏။ ထိုစကားကို ကြားသည့်အချိန်မှာတော့ သူ မလန့်ဘဲ မနေနိုင်တော့ချေ။ ဤမျှပင် မြန်ဆန်လေသည်လား။ တစ်လပင် မပြည့်သေးချေ။ စစ်ပွဲက ပြီးသွားပြီလား။ အိမ်ရှေ့စံမင်းသားက အောင်ပွဲ ရရှိသွား၏။ ထိုသို့ဆိုလျှင် သူတို့၏ မင်းသား နင်ကျန်းအတွက် မျှော်လင့်ချက် မရှိတော့ချေ။
“တံခါးဖွင့်... တံခါးဖွင့်။”
သတင်းပို့ဆက်သားက ဆက်တိုက် အော်ဟစ်၏။ သူက ရွှမ်ဝူလမ်းမကြီး အလယ်တည့်တည့်ဆီမှာ နန်းတော်ဆီသို့ ဟိတ်ဟန်အပြည့်နှင့် မောင်းနှင်သွားခဲ့၏။ “သတင်းကောင်း... အိမ်ရှေ့စံမင်းသား အောင်ပွဲ ရပြီ။”
ရုတ်တရက် နန်းမြို့တော် တစ်ခုလုံးက တုန်လှုပ် ခြောက်ခြားသွားခဲ့၏။ လွန်ခဲ့သည့် ၂ လ နီးပါးက အောင်ပွဲ အသေးစားတစ်ခု ဖြစ်ခဲ့၏။ ပြီးခဲ့သည့် တစ်ခေါက်ကလည်း အောင်ပွဲကြီး ရခဲ့၏။
“ကျင်းမင်းသားရဲ့ စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့ပြီ။”
ဤအချိန်မှာတော့ ရန်သူ ၈၀,၀၀၀ ကို ခေါင်းပြတ်သတ်ပြီး ကျင်းမင်းသား၏ စစ်တပ်ကို အလုံးစုံ သုတ်သင် ရှင်းပစ်ခဲ့၏။ ဤအရာက အလုံးစုံ ကြီးမားသည့် အောင်ပွဲကြီး တစ်ခုကဲ့သို့ပင်။
“အိမ်ရှေ့စံ... ဘုန်းတော်ကြီးပါစေ။”
“အိမ်ရှေ့စံမင်းသား ဘုန်းတော်ကြီးပါစေ။”
“ရွှဲ့ပြည်နယ် ဘုန်းတော်ကြီးပါစေ။ အသက်ရှည် ကျန်းမာပါစေ။”
“အိမ်ရှေ့စံမင်းသား အသက်ရှည် ကျန်းမာပါစေ။”
“သစ္စာဖောက်ကို ကောင်းကင်ဘုံက ဒဏ်ခတ်ပါစေ။ သစ္စာဖောက် ရှမ့်လန်ကို ကောင်းကင်ဘုံက ဒဏ်ခတ်ပါစေ။”
ထိုအရာအစပြုလိုက်သည်နှင့်တပြိုင်နက် နန်းမြို့တော်တစ်ခုလုံးက ရှမ့်လန်ကို ကောင်းချီး ထောပနာ ပေးအပ်ကြတော့၏။ တိုက်ဆိုင်လိုက်ချေ၏။ ဤတစ်ကြိမ် သတင်းပို့ဆက်သား နန်းတော်ထဲသို့ ဝင်ရောက် သွားသည့်အချိန်မှာတော့ ညီလာခံ ကျင်းပနေဆဲ ဖြစ်၏။
သတင်းပို့ဆက်သားက ပြေးဝင်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာဖြင့် ဦးတိုက်လိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ သတင်းကောင်းပါ။ နန်အိုနိုင်ငံက အောင်ပွဲ ရရှိခဲ့ပါပြီ။ ရန်သူ၏ ခေါင်းပေါင်း ၈၀,၀၀၀ ကို ဖြတ်နိုင်ခဲ့ပါပြီ။ ကျင်းမင်းသား၏ စစ်တပ်တွေကို လုံးဝဥသုံ သုတ်သင်နိုင်ခဲ့ပါပြီ။”
အရှင်မင်းကြီး၏ ရှေ့မှောက်တွင်လည်း သူက နီးပါးဆိုသည့် စကားလုံးကို ဖြုတ်ကာ လျှောက်၏။ ပြီးနောက် နန်းကုန်းအိုနှင့် ကျူးလင်းတို့ ပူးတွဲရေးသားထားသည့် အစီရင်ခံစာကို ခေါင်းပေါ် မြှောက်ကိုင်ထားသည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဖတ်ကြည့်၏။ သူက စိတ်ထဲတွင် လှောင်ပြုံး ပြုံးမိ၏။ လူ ၈၀,၀၀၀ ကို ခေါင်းဖြတ်ခဲ့သည် ဟုတ်လား။ ဘာတွေ ပြောနေသနည်း။ အများဆုံး ၂၀,၀၀၀ လောက်သာ ရှိပေလိမ့်မည်။ ရွှဲ့ပြည်နယ်ဘက်မှာ လူ ၅၀,၀၀၀ လောက် ထိခိုက်ကျဆုံးသည်ဆိုသည်က အမှန် ဖြစ်နိုင်၏။
ထို့အပြင် ကျင်းမင်းသား၏ စစ်တပ်ကို လုံးဝဥသုံ ရှင်းလင်းပစ်နိုင်ခဲ့သည်တဲ့လား။ ကျင်းမင်းသားကို ဖမ်းမိသလား။ သတ်လိုက်သလား ဆိုသည်က မပါချေ။ သိသာသည်က ထွက်ပြေးသွားခဲ့ခြင်းပင်။
နည်းဗျူဟာရှုထောင့်က ကြည့်မည်ဆိုလျှင် ဤစစ်ပွဲက အတော်ပင် ရုပ်ဆိုးအကျည်းတန်၏။ အစီရင်ခံစာထဲတွင် ကျူးလင်းနှင့် နန်းကုန်းအိုတို့က အရင်ဆုံး အရှင်မင်းကြီးနင်ယွမ်ရှန်းကို ဖားလျားထား၏။ ပြီးမှ အိမ်ရှေ့စံမင်းသားကို ဖား၏။ နင်ယွမ်ရှန်းက ကောင်းကောင်း သိ၏။ သူ့ကို ဖားလျားသည် ဆိုခြင်းက လမ်းကြုံခြင်းပင် ဖြစ်၏။ အဓိကက အိမ်ရှေ့စံမင်းသားကို မြှောက်ပေးချင်တာသာလျှင် ဖြစ်မည်။
စစ်သည်တို့ကို သားသမီးအရင်းလို ချစ်ခင်ခြင်း၊ ရှေ့ကနေ ဦးဆောင်ခြင်း၊ ကြိုးစား အားထုတ်ခြင်း၊ တည်ငြိမ်စွာ ကွပ်ကဲခြင်း၊ စစ်တပ်ကို နတ်ဘုရားလို ကွပ်ကဲနိုင်ခဲ့ခြင်း။ ရှိသမျှ အရာအားလုံးက စကားကောင်းများကို ရွေးချယ်ကာ မြှောက်ပင့်ထားခဲ့၏။ ဤပွဲကို အိမ်ရှေ့စံမင်းသား ကွပ်ကဲခဲ့သည် ဆိုသော စကားကို အကြိမ်ပေါင်းများစွာ ရေးသားခဲ့၏။
နင်ယွမ်ရှန်းက ဖတ်ရင်း မျက်မှောင်ကြုတ်မိ၏။ တကယ်ကို လေလုံးကြီးလွန်းလှ၏။ ထို့အပြင် အရှက်ကလည်း မဲ့လွန်းခဲ့ချေ၏။ သို့ပေမည့် နောက်ဆုံးမှာတော့ အနိုင်ရရှိခဲ့၏။ နောက်ဆုံးမှာတော့ ကျင်းမင်းသားကို မောင်းထုတ်နိုင်ခဲ့သည်။
အိမ်ရှေ့စံ နင်ယီ စွမ်းဆောင်ရည်က မဆိုးချေ။ အနည်းဆုံးတော့ သူ ဝင်ရောက်သွားခဲ့ပြီးနောက် အမိန့်တွေ လျှောက်ပေးပြီး အိမ်ရှင်ကို လွှမ်းမိုးခြင်း၊ စစ်ပွဲကို ဝင်ရှုပ်ခြင်းမျိုး မလုပ်ခဲ့ချေ။ ပါးစပ်ပိတ်ကာဖြင့် နေရာအနှံ့ကို လိုက်လံ ကြည့်ရှုပြီး စစ်ပွဲကို အနိုင်ရရှိခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သို့သော်ငြား မဟာဗျူဟာ ရှုထောင့်က ကြည့်မည်ဆိုလျှင် စစ်ပွဲကလည်း ပြောင်မြောက်လွန်း၏။
“ဂုဏ်ယူပါတယ် အရှင်မင်းကြီး။” ညီလာခံခန်းမထဲတွင် ရှိနေသည့် မှူးမတ်များက တစ်ယောက်ပြီး တစ်ယောက် ဦးညွတ်လိုက်ကြသည်။
“ကျုပ်တို့ ရွှဲ့ပြည်နယ်မှာ အိမ်ရှေ့စံမင်းသားလို ပုဂ္ဂိုလ်မျိုးရှိတာက တိုင်းသူပြည်သားတွေအတွက် ကံကောင်းခြင်း ပါပဲ။ ပွဲတော်ရက်ရောက်တိုင်း အားလုံးက ကိုယ်ချစ်ရတဲ့သူကို လွမ်းဆွတ်နေကြစမြဲပါပဲ။ အခု နှစ်သစ်ကူး ရောက်ပြီဆိုတော့ အိမ်ရှေ့စံမင်းသားက အန္တရာယ်များတဲ့ နန်အိုနိုင်ငံမှ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေရတာကို တွေးမိရင် ကျုပ်တို့ရဲ့ နှလုံးသားကို ဓားနဲ့မွှန်းသလိုပဲ ခံစားရစေပါတယ်။ အိမ်ရှေ့စံမင်းသားနဲ့ ရှေ့တန်းက စစ်သည်တော်တွေရဲ့ ကျေးဇူးကြောင့် ကျုပ်တို့က ငြိမ်းချမ်းစွာ နေထိုင်နေကြတာပါ။”
ရုတ်တရက် အိမ်ရှေ့စံ ဘက်တော်သား အရာရှိများက တောင်ဘက်သို့ ဦးညွတ်ကာ ပြောလိုက်၏။ “အရှင်မင်းသား ပင်ပန်းပါပြီ။ ရွှဲ့ပြည်နယ်က ကံကောင်းလိုက်တာ။ နောက်ဆုံးတော့ နိုင်ငံရဲ့ ကံကြမ္မာစစ်ပွဲကြီးကို အနိုင်ရလိုက်ပြီ။ ငါတို့ ရွှဲ့ပြည်နယ် ဘေးကင်းပြီ။”
နင်ယွမ်ရှန်းက သက်ပြင်းချလိုက်သည်။ “ရှမ့်လန်... ဒီတစ်ကြိမ် တွက်ချက်တာ မှားသွားခဲ့ပြီ။”
နင်ယီက မိုက်မိုက်ကဲကဲ မလုပ်ခဲ့ချေ။ စစ်အောင်ပွဲက သိပ်ပြီး ကောင်းလှသည် မဟုတ်သော်လည်း နိုင်သွားခဲ့၏။ ထိုသို့ဆိုလျှင် ရှမ့်လန်အနေနှင့် ပြန်ထလာဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ နင်ကျန်းက ထီးနန်းလုဖို့ အခွင့်အရေး လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်၏။
“နှမြောစရာပဲ။”
အိမ်ရှေ့စံမင်းသား၏ ဘက်တော်သား အရာရှိများနှင့် နိုင်ငံရှိ စာပေပညာရှင်များက ဤအောင်ပွဲအတွက် အသည်းအသန် ကြွားလုံး ထုတ်နေကြလေသည်။
ကျူးလင်းနှင့် နန်းကုန်းအိုတို့က သူတို့၏ အောင်မြင်မှုကို အတုလုပ်ထားသယောင်ရှိ၏။ သို့သော်ငြား နင်ယွမ်ရှန်းက ဘုရင်တစ်ပါးအနေနှင့် ထိုအရာကို ဖော်ထုတ်မည်လား။ လုံးဝ မလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူက ရွှဲ့ပြည်နယ်၏ ဘုရင်တစ်ပါးဖြစ်ပြီး သူက ဤအောင်ပွဲကို ဘာနှင့်မှ မလဲအောင် လိုအပ်လျက် ရှိနေသောကြောင့်ပင်။
ရှမ့်လန် ပြန်မလာနိုင်သည်ကို နှမြော၏။ နင်ကျန်း ပြန်မလာနိုင်သည်ကို နှမြောမိ၏။ ထို့အပြင် သူက သတိထား စောင့်ကြည့်မိ၏။ ယခင်တုန်းက အိမ်ရှေ့စံကို ဖိနှိပ်ဖို့ တတိယမင်းသားကို သူ အသုံးပြု၏။ ယခု အိမ်ရှေ့စံ အနိုင်ရသွားပြီဆိုတော့ ဤအခွင့်အရေးကို အသုံးပြုပြီး ပြန်လည် တိုက်ခိုက်လာမည်ဟု စိုးရိမ်မိ၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက တည်ငြိမ်အောင် ထိန်းချုပ်ပြီး ရယ်မောလိုက်သည်။ “ကောင်းတယ်... ကောင်းတယ်... နင်ယီ လုပ်တာ သိပ်ကောင်းတယ်။ ကျူးလင်းကလည်း တော်တယ်။ နန်းကုန်းအိုကလည်း တော်တယ်။”
အောင်ပွဲသတင်းက သိပ်ပြီး အရေးမကြီးသော်လည်း နင်ယွမ်ရှန်းက လက်ခံရပေလိမ့်မည်။ လောကကြီး တစ်ခုလုံးကို ကြေညာရပေလိမ့်မည်။ ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကြီးအဖြစ် ကြွားလုံးထုတ်ရပေလိမ့်မည်။ ပထမအချက်အနေနှင့် လူတွေကို စိတ်ဓာတ်တက်ကြွစေဖို့၊ ဒုတိယအချက် အနေဖြင့် ချောင်နှင့်ဝူပြည်နယ်ကို တုန်လှုပ်သွားစေဖို့ပင်။
ဤအချိန်မှာပဲ လက်ထောက်ဝန်ကြီးက ရှေ့သို့ ထွက်လာပြီး ဦးညွတ်၏။ “အရှင်မင်းကြီး... အိမ်ရှေ့စံ မင်းသားကို ရွှဲ့ပြည်နယ်၏ မင်းကြီးဘွဲ့ကို ပေးသနားတော်မူပါ။”
ဦးရီးတော် နင်ယုက ရှေ့သို့ ထွက်လာသည်။ “အရှင်မင်းကြီး... အိမ်ရှေ့စံမင်းသားကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ ပေးသနားတော်မူပါ။”
နင်ယွမ်ရှန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ သိကြသည့်အတိုင်း ရွှဲ့ပြည်နယ်ကို ဘုရင်နိုင်ငံအဖြစ် မသတ်မှတ်ခင်တည်းက အုပ်ချုပ်သူအား ရွှဲ့ပြည်နယ်၏နယ်စားဘုရင် (မင်းကြီး)အဖြစ် သတ်မှတ်ခဲ့၏။ နင်ယွမ်ရှန်း အိမ်ရှေ့စံ ဖြစ်စဉ်ကလည်း ရွှဲ့ပြည်နယ်၏ နယ်စားဘုရင် (မင်းကြီး) ဘွဲ့ကို ပေးအပ်ခြင်း ခံခဲ့ရ၏။
သို့သော်ငြား သူက ရွှဲ့ပြည်နယ်၏ နယ်စားဘုရင်ဘွဲ့ကို နင်ကျန်းအား ပေးမည်ဟု ရှမ့်လန်ကို ကတိပေးခဲ့၏။ ယခုတော့ နင်ကျန်းကို ဤဘွဲ့ပေး၍ မဖြစ်နိုင်တော့ချေ။ ကတိဖျက်သလို မဖြစ်ချင်သောကြောင့် အိမ်ရှေ့စံမင်းသားကို ရွှဲ့ပြည်နယ်မင်းကြီးဘွဲ့ မပေးချင်ပေ။ ဤဘွဲ့ကို ဘေးတစ်ဖက်ဆီသို့ ဖယ်ရှားထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မထင်မှတ်ဘဲ တစ်စုံတစ်ယောက်က ဤအကြောင်းကို ထုတ်ပြောလာခဲ့၏။ ပိုမို၍အရေးကြီးမှာသည်က ဦးရီးတော် နင်ယု ဝင်ပါလာခဲ့ခြင်းပင်။ နင်ယွမ်ရှန်းအနေဖြင့် ငြင်းပယ်ရန် ခက်ခဲနေ၏။ နန်အိုနိုင်ငံတွင် အိမ်ရှေ့စံ မင်းသား ယူဆောင်ခဲ့သည့် အောင်မြင်မှုများကို သူ အသိအမှတ်ပြုသည်လား။ ဟုတ်ပေ၏။ အကယ်၍ အသိအမှတ် ပြုသည်ဆိုလျှင် ဆုချီးမြှင့်ပေးရမည်။
ထိုအရာက နင်ယွမ်ရှန်းကို သဘောထား ကြေညာခိုင်းခြင်းဖြစ်ပြီး အိမ်ရှေ့စံနေရာကို ခိုင်မာအောင် လုပ်ခိုင်းသည့် အိမ်ရှေ့စံ၏နည်းလမ်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။ ရွှဲပြည်နယ်နယ်စားဘုရင် ဘွဲ့ပေးအပ်လိုက်သည်နှင့် တပြိုင်နက် နင်ယီ၏အိမ်ရှေ့စံနေရာက မည်သို့မှ ယိမ်းယိုင်တော့မည် မဟုတ်ချေ။ ထိုအရာကို လောကကြီးသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်းနှင့် အတူတူပင်။
နင်ယွမ်ရှန်းက ဗျာများနေ၏။ သူက ဤဘွဲ့ကို မပေးချင်သော်လည်း ပြတ်ပြတ်သားသား ငြင်းပယ်ဖို့ကလည်း မဖြစ်နိုင်ချေ။
ထိုအချိန်မှာတော့ ဦးရီတော်နင်ချီက ရှေ့သို့ ထွက်လာလေ၏။ “အရှင်မင်းကြီး... အရှင်မင်းသား ပြန်မလာသေးပါဘူး။ ရောက်လာမှ ဒီဘွဲ့ကို ပေးတာ ပိုမကောင်းဘူးလား။”
ဤစကားက နင်ယွမ်ရှန်းကို အကြပ်အတည်းဆီမှ လွတ်မြောက်ဖို့ လမ်းစတစ်ခု ပေးလိုက်ကဲ့သို့ပင် ဖြစ်သည်။
ပြီးနောက် စစ်ဘက်ရေးရာဝန်ကြီးဌာနမှ လက်ထောက် ဝန်ကြီးက ရုတ်တရက် ပြော၏။ “ချန်းဖန်မြို့စား... အခု အိမ်ရှေ့စံမင်းသားက အောင်ပွဲကို ရယူခဲ့ပြီ။ ကျင်းမင်းသား၏စစ်တပ်က လုံးဝဥသုံ သုတ်သင်ခြင်း ခံလိုက်ရပြီဆိုတော့ အရင်က အမြင်တွေကို ဆုပ်ကိုင်ထားတုန်းပဲလား။ အိမ်ရှေ့စံမင်းသားက နန်အိုကို သွားခွင့် မရှိဘူး။ ခွင့်ပြုချက် မရှိဘဲ စစ်တိုက်လို့ မရဘူး။ မြို့ကိုပဲ ကာကွယ်ရမယ်လို့ ပြောချင်တုန်းပဲလား။”
ထင်မှတ်သည့်အတိုင်းပင်။ တစ်ဖက်လူများက မစောင့်နိုင်တော့ချေ။ နင်ကျန်းကို တိုက်ရိုက်ပဲ တိုက်ခိုက် လာခဲ့၏။ နင်ကျန်းက ဘာတစ်ခုမှ မပြောချေ။
စစ်ဘက်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးက ဦးညွတ်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး... စစ်ပွဲမတိုင်ခင်က နင်ကျန်းနှင့်ရှမ့်လန်တို့က ကောလဟာလတွေလွှင့်ပြီး ခြောက်လှန့်ခဲ့ပါတယ်။ လက်နက်ချ အရှုံးပေးရေးနဲ့ ပတ်သက်ပြီး စည်းလွှတ်ဝါးလွှတ် ပြောဆိုခဲ့တယ်။ တပ်တော်ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေရုံသာ မကဘူး။ စစ်တိုက်ဖို့ အခွင့်အရေးကိုလည်း နှောင့်နှေးစေခဲ့တယ်။
အကယ်၍ အိမ်ရှေ့စံမင်းသားကသာ တောင်ဘက်ကို စောစောဆင်းသွားခဲ့ရင် စစ်ပွဲက ပြီးတာ ကြာနေပြီ။ ကျင်းမင်းသားကလည်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလူနှစ်ယောက်ကြောင့် ကျုပ်တို့ ၁၀ ရက်ကျော်လောက် နှောင့်နှေးခဲ့ရတယ်။ ပြည်သူတွေရဲ့သွေးတွေ၊ ချွေးတွေ အလဟဿ ဖြစ်စေခဲ့တယ်။ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲ။ သူတို့ကို အပြစ်ပေးတော်မူပါ အရှင်မင်းကြီး။”
ယခု စာရင်းရှင်းရမည့်အချိန် ရောက်၏။ အိမ်ရှေ့စံ၏ နိုင်ငံရေးဘက်တော်သားများက တကယ်ပဲ ထက်မြက်၏။ သူတို့က နင်ကျန်းနှင့် ရှမ့်လန်ကို စာရင်းရှင်းဖို့ နှစ်သစ်ကူးအထိပင် မစောင့်နိုင်တော့ချေ။
“အပြစ်ပေးတော်မူပါ အရှင်မင်းကြီး။”
ချက်ချင်းပဲ ရောက်ရှိနေသည့် အရာရှိ ထက်ဝက်ကျော်တို့က ဒူးထောက်ချ၏။
အမှုထမ်းဝန်ကြီး တစ်ယောက်က လျှောက်တင်သည်။ “အရှင်မင်းကြီး.. ရှမ့်လန်နှင့် နင်ကျန်းတို့က သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အိမ်ရှေ့စံမင်းသား တောင်ဘက်ကို ဆင်းသွားမှာ တားဆီးခဲ့ကြတယ်။ သူတို့က ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားကို ဂရုမစိုက်ခဲ့ကြဘူး။ အခု အိမ်ရှေ့စံမင်းသားက အောင်ပွဲကြီးကို ရယူနိုင်ခဲ့ပြီ ဆိုတော့ ဒီနှစ်ယောက်က အိမ်ရှေ့စံမင်းသားရဲ့ အရည်အချင်းကို မနာလို ဖြစ်နေကြတယ်ဆိုတာ သက်သေပြ လိုက်တာပါပဲ။
ဒီလို ဖျက်လိုဖျက်ဆီးနဲ့ စိတ်သဘောထားသေးသိမ်ပြီး ယုတ်ညံ့တဲ့လူတွေကို ကောင်းကင်ဘုံက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ သူတို့ကို အပြစ်ပေးတော်မူပါ အရှင်မင်းကြီး။ မဟုတ်ရင် သိန်းပေါင်းများစွာသော စစ်သည်တော်တွေ ရဲ့ စိတ်ပျက်မှုကို ခံရပါလိမ့်မယ်။”
“ဟမ့်”
နင်ယွမ်ရှန်း၏ မျက်စိ သူငယ်အိမ်များက ကြုံ့ဝင်သွားခဲ့လေ၏။ ဤအရာရှိကို သူ အမုန်းဆုံးပင်။ နေ့တိုင်း တောင်စဉ်ရေမရ လျှောက်ကာ အော်ဟစ်လျက် ရှိနေ၏။ သူက လောကကြီး၏ တရားမျှတမှုနှင့် ပြည်သူလူထုအား ကိုယ်စားပြုနေသကဲ့သို့ပင် လုပ်ဆောင်နေ၏။
သို့ပေမည့် သူ နင်ယွမ်ရှန်းက နင်ကျန်းကို အပြစ်ပေးရတော့မည်လား။ မည်သို့ပင်ဆိုစေကာမူ အိမ်ရှေ့စံက ဤစစ်ပွဲကို နိုင်ခဲ့၏။ သူ၌ မြို့ပြအရာရှိများ၏ ထောက်ခံမှုကို ရရှိထားသေး၏။ သိန်းပေါင်းများစွာသော စစ်သည်တော်များ၏ ထောက်ခံမှုကိုပါ ရရှိသွား၏။ ပြန်ရောက်သည့်အချိန်တွင် သေချာပေါက် မောက်မာပေ လိမ့်မည်။
သို့သော်ငြား ယခုအချိန်တွင် သူက အရှင်မင်းကြီး ဖြစ်သော်လည်း အိမ်ရှေ့စံကို ဆန့်ကျင်၍ မရတော့ချေ။ အန္တရာယ်က မပြီးသေးချေ။ ချောင်ပြည်နယ်ကလည်း မဆုတ်ခွာသေးချေ။ နင်ကျန်းကို တစ်နေရာတွင် ခဏ ပုန်းအောင်းစေခြင်းဖြင့် အကာအကွယ်တစ်ခု ဖန်တီးပေးရမည်။
နင်ယွမ်ရှန်းက ချက်ချင်းပဲ အမိန့် ထုတ်ပြန်လိုက်၏။ “နင်ကျန်းကို ထျန်းရွဲ့ကာကွယ်ရေးတပ်မှုး ရာထူးကနေ ဆိုင်းငံ့လိုက်။ ပြီးတော့ တံခါးပိတ်ပြီး သူရဲ့အပြစ်ကို ပြန်လည် ဆင်ခြင် သုံးသပ်စေ။”
နင်ကျန်းက ရှေ့သို့ ထွက်လာပြီး ဦးညွတ်လိုက်သည်။ “အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။”
ညီလာခံ ပြီးဆုံးသွားခဲ့၏။ နင်ကျန်းက အိမ်ပြန်သွားရ၏။ နန်းမြို့တော်တစ်ခုလုံးက ပွက်လော ရိုက်နေ၏။ နောက်တစ်ကြိမ် စားပွဲသောက်ပွဲများ ကျင်းပ၏။ ဤတစ်ကြိမ် မီးရှုးမီးပန်းများပင် ပစ်ဖောက်ကြ၏။ ကဗျာများ၊ သီချင်းများကလည်း ပိုမိုကာ များပြားလာသလို ပိုမို၍လည်း အဆင့်အတန်း မြင့်မားခဲ့၏။ နန်းမြို့တော် ဖြစ်သောကြောင့်ပင်။
အိမ်ရှေ့စံ၏ ဘက်တော်သားများက အောင်ပွဲခံလျက် ရှိနေ၏။ ပြီးပြည့်စုံသည့် အောင်ပွဲပင်။
နင်ကျန်းကတော့ တက်လာကာစသာ ရှိသေးလေ၏။ သို့ပေမည့် အောက်သို့ ပြန်လည်ရိုက်ချခြင်းကို ခံခဲ့ရ၏။ တတိယမင်းသား နင်ချီကိုတော့ သူတို့ ထိလို့ မရသေးချေ။ အဘယ်ကြောင့်ဆိုသော် ချောင်နှင့်ဝူပြည်နယ်ကို ရင်ဆိုင်ရန် တတိယမင်းသား၏ အင်အားစုကို လိုအပ်နေသောကြောင့်ပင်။ သို့သော်ငြား နန်အိုကို နိုင်သွားပြီဆိုလျှင် ချောင်ပြည်နယ်က ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားပြီ ဖြစ်၏။
ယခုအချိန်မှစ၍ အိမ်ရှေ့စံမင်းသား၏နေရာက တောင်ကြီးတစ်လုံးကဲ့သို့ပင် ခိုင်ခံ့သွားခဲ့၏။ အလွန်ပင် ကောင်းမွန်လွန်း၏။ ကျင်းမင်းသားကို အနိုင်ယူရရှိခြင်း သက်သက် မဟုတ်ချေ။ အရှင်မင်းကြီး၏ ဘက်တော်သား အင်အားစုများကိုပါ အနိုင်ယူလိုက်ခြင်း ဖြစ်၏။
‘မင်းတို့က အိမ်ရှေ့စံကို အစားထိုးချင်တယ် ဟုတ်လား။ အိမ်ရှေ့စံကို ဖိနှိပ်ချင်ခဲ့တာ မဟုတ်လား။’
‘အရှင်မင်းကြီး... အိမ်ရှေ့စံရဲ့နေရာကို မထိပါးနိုင်တောဘူး။ အိမ်ရှေ့စံက ထီးနန်းကို ဆက်ခံခွင့်မရသေးဘူး ဆိုပေမယ့် သူက အရှိန်အဟုန်တစ်ခုကို ရသွားခဲ့ပြီ။ မှူးမတ်တွေရဲ့ ထောက်ခံမှုနဲ့အတူ အရှင်မင်းကြီးလို ကျေးဇူးကန်းပြီး ရက်စက်တတ်တဲ့ ဘုရင်တစ်ပါးရဲ့ အာဏာက တဖြည်းဖြည်း အားနည်းသွားဖို့ပဲ ကျန်တော့တယ်’
‘နင်ကျန်းကတော့ အပြစ်တွေ အားလုံးကို ဆင်ခြင် သုံးသပ်ဖို့ အိမ်ပြန် မောင်းထုတ်ခံရပြီ။ ရှမ့်လန်ကကော’
ရှမ့်လန်က လက်နက်ချအရှုံးပေးသည့် အုပ်စု၏ ခေါင်းဆောင် ဖြစ်၏။ သို့ပေမည့် ပူပန်စရာဟူ၍ မရှိချေ။ ပြည်နှင်ဒဏ်သင့်ပြီးသားပင်။ သူ့ကို ဘာထပ်လုပ်၍ ရမည်နည်း။ ရာထူး လျှော့ချရမည်လား။ ကျင်းမိသားစုကို ရာထူး လျှော့ချရမည်။ နယ်စားမင်းရာထူးမှ မြို့စားမင်း ရာထူးထိ ပြန်လည် လျှော့ချပစ်ရမည်။ ထိုအရာကို ပြုလုပ်၍တော့ ရ၏။