← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 42 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 42 Ch. 649-650

အပိုင်း (၆၄၉)

ယခင်တုန်းက ကျင်းမိသားစုက ဝူပြည်နယ်ဘက် ကူးပြောင်းသွားမှာကို စိုးရိမ်ရသော်လည်း ယခုတော့ စိတ်ပူစရာ မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းမိသားစုနှင့် ဝူပြည်နယ်တို့၏ ကြားထဲတွင် သွေးကြွေး ရှိသောကြောင့်ပင်။ လွန်ခဲ့သည့်တစ်နှစ်လောက်က သူတို့ တိုက်ခိုက်ခဲ့ကြ၏။ ထိခိုက်သေဆုံးသူများက မရေတွက်နိုင်အောင် များပြားခဲ့သည်။

သို့သော်ငြား တကယ့် အပြစ်ပေးမှုဖြစ်သည့် ရာထူး လျှော့ချခြင်းမျိုး၊ ကျင်းမိသားစု၏ ကိုယ်ပိုင်စစ်တပ်များကို လျော့ချပစ်ရန်ကိုတော့ ချောင်ပြည်နယ်တစ်ခုလုံး လုံးဝ ဆုတ်ခွာ သွားသည်အထိ စောင့်ရပေလိမ့်မည်။

....................

နောက်တစ်ရက် ညီလာခံမှာတော့ ရေမတွက်နိုင်သည့် မြို့ပြအရာရှိများက ရှမ့်လန်က ယုတ်မာသည့် ရည်ရွယ်ချက်များ ရှိကြောင်း၊ စစ်ပွဲကို နှောင့်နှေးစေခဲ့ကြောင်း စတင် စွပ်စွဲကြ၏။ ထို့အပြင် အရေးကြီးသော အခြေအနေတွင် စစ်တပ်ကို မလွှတ်ခဲ့သော ရွှမ်ဝူနယ်စား ကျင်းကျိုးကိုလည်း စွပ်စွဲ အပြစ်တင်ကြ၏။

ဤတစ်ကြိမ် အိမ်ရှေ့စံ တောင်ဘက်သို့ ဆင်းသည့်အချိန်တွင် ရွှဲ့ပြည်နယ်တောင်ဘက်ပိုင်းရှိ တော်ဝင် မျိုးနွယ် အားလုံးက မိမိတို့၏မိသားစုဝင်များနှင့် ထိပ်တန်းစစ်သည်များကို စေလွှတ်ခဲ့ကြ၏။ ရွှမ်ဝူနယ်စား အိမ်တော် တစ်ခုတည်းကသာလျှင် မသိချင်ယောင်ဆောင်နေကြသည်။

ထိပ်တန်းမင်းမှုထမ်းကြီးတစ်ယောက် ဖြစ်သည်နှင့်အညီ ကျင်းကျိုး၏အမူအရာက ဘုရင်မင်းမြတ်အပေါ် မလေးစားလွန်းရာကြပြီး ပုန်ကန်လိုသည့် ရည်ရွယ်ချက် ရှိကြောင်း သိသာထင်ရှား၏။ သူတို့က နှစ်ပေါင်း ရာနှင့်ချီ ရွှဲ့ပြည်နယ်၏ လစာရိက္ခာကို စားသုံးသော်လည်း တိုင်းပြည် အန္တရာယ်ကြုံသည့်အချိန်တွင် ဘေးထွက် ထိုင်ကာဖြင့် အားရ ဝမ်းသာစွာ ကြည့်ရှုနေခဲ့ကြ၏။

ဤကဲ့သို့သော လူယုတ်မာမျိုးက မည်ကဲ့သို့သောမျက်နှာဖြင့် နယ်စားမင်း ရာထူးကို ဆက်လက်ကာ ရယူထား မည်နည်း။ အပြစ်ပေးရန် တောင်းဆိုကြ၏။ ကျင်းကျိုးကို နယ်စားမင်းရာထူးမှ လျှော့ချပြီး ကျင်းမိသားစု၏ ကိုယ်ပိုင်စစ်တပ်များကို လျှော့ချပစ်ရန်ပင်။ တကယ်တော့ အရှင်မင်းကြီးအား တင်ပြခဲ့သည့် ကျင်းကျိုးအတွက် စွပ်စွဲချက်များက အလွန်များပြား၏။

ပြီးနောက် ကျူးလင်းနှင့် နန်းကုန်းအိုတို့၏ လျှို့ဝှက်အစီရင်ခံစာများက နန်းမြို့တော်သို့ ရောက်ရှိလာ၏။ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ပုဒ် ပေါက်ကြားလာခဲ့၏။ စုနန် မသေသေးချေ။ ရှမ့်လန်က စုနန်ကို တိတ်ဆိတ်စွာ လွှတ်ပေးလိုက်ကြောင်း ငြင်းမရသည့် သက်သေသာဓကများ ပေါ်ပေါက်လာ၏။ ရှမ့်လန်က ကျင်းမင်းသားနှင့် ပူးပေါင်းကြစည်ခဲ့ကြောင်း ငြင်းမရသည့် သက်သေများ ရှိနေ၏။ ဤအကောင်က သေကို သေမှ ဖြစ်မည်။

ဤအချိန်မှာတော့ အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားအရာရှိများက ဒေါသအမျက်ချောင်းထောင်း ထွက်နေ၏။ သူတို့က ရှမ့်လန်ကို ဘယ်တော့မှ ပြန်မထနိုင်အောင် ကဲ့ရဲ့ရှုတ်ချပြီး အလုံးစုံ တစ်ခါတည်း သုတ်သင်ပစ်ရန် ကြံစည်ကြတော့၏။

“အရှင်မင်းကြီး၊ သူ့ကို အပြစ်ပေးတော်မူပါ။ သက်သေတွေကလည်း ခိုင်လုံနေပါပြီ။ ရှမ့်လန်ကို ဖမ်းဖို့အတွက် ရေနက်တပ်ဖွဲ့ကို စေလွှတ်ပေးပါ။”

“အရှင်မင်းကြီး... တိုင်းသူပြည်သားတွေကို နှစ်သိမ့်ဖို့အတွက် ရှမ့်လန်ကို သတ်ပစ်ပါ။ ရှမ့်လန်ကို မသတ်ရင် ကောင်းကင်ဘုံက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။”

ဤတစ်ကြိမ်မှာတော့ အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားများသာမက တတိယမင်းသား၏ ဘက်တော်သား များပါ ဝင်ရောက် ပြောဆိုကြ၏။ ရှမ့်လန်ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ အိမ်ရှေ့စံရော တတိယမင်းသားကပါ

သဘောထား တူညီကြသည်။

“အရှင်မင်းကြီး... ရှမ့်လန်ကို သတ်ပစ်ပါ။”

နင်ယွမ်ရှန်းက ဒေါသထွက်လာ၏။ စုနန်ကိစ္စနှင့်ပတ်သက်၍ ရှမ့်လန်က သူ့ကို အစောကြီးတည်းက တိတ်တဆိတ် ပြောဆိုခဲ့ပြီးသားဖြစ်၏။ ထိုအချိန်တုန်းက သူ မယုံကြည်နိုင်ဖြစ်ခဲ့ပြီး အံ့အားသင့်ခဲ့၏။ ယခုတော့ ထိုအရာက အမှန် ဖြစ်နေပုံပေါ်၏။

မှူးမတ်များက ရှမ့်လန်ကို သတ်ဖြတ်ရန် ဓားသွေးနေကြကြောင်း သိရချိန်မှာတော့ နင်ယွမ်ရှန်းက အေးစက်စွာ ပြောသည်။ “နေအုံး.. အဲဒီနေ့က စုနန်ကိုသတ်လိုက်ပါပြီလို့ ရှမ့်လန်က မင်းတို့ကို ပြောလို့လား။ သူက လောကကြီး ကို စုနန်ကို သူ သတ်လိုက်ကြောင်း ကြေညာခဲ့လို့လား။”

ရှမ့်လန်က တစ်ခါမှ မပြောခဲ့ချေ။ စုမိသားစု ပျက်စီးသွားသည်ဆိုသည့် သတင်းကောင်းက ရေနက်တပ်ဖွဲ့နှင့် အကြီးဆုံးမင်းသမီး နင်ကျဲ့တို့ဆီမှာ လာခြင်းဖြစ်၏။

နင်ယွမ်ရှန်းက ဒေါသတကြီးဖြင့် ဆက်ပြောသည်။ “ရှမ့်လန်က စုမိသားစုကို ချေမှုန်းခဲ့တဲ့ သူရဲ့ လုပ်ဆောင်ချက်တွေ အတွက် ဆုလာဘ်တွေ ဘာတွေများ တောင်းခဲ့ဖူးလား။ သူ ဘာဆုလာဘ်ကို တောင်းခဲ့ဖူးလဲ။”

မှူးမတ်များက တိတ်ဆိတ် ငြိမ်သက်သွား၏။ လူတိုင်းက ကောင်းကောင်း သိ၏။ လွန်ခဲ့သည့် တစ်ခေါက် စုမိသားစု ပုန်ကန်မှုကို ချေမှုန်းသည့်နေရာတွင် ရှမ့်လန်က ကြီးမားသော အကျိုးပြုခဲ့သူ တစ်ယောက် ဖြစ်၏။ သို့သော်ငြား သူက သူ၏အကျိုးပြုမှုကို လုံးဝထုတ်မပြောခဲ့သလို ရွှဲ့ပြည်နယ်ကလည်း မသိချင်အောင် ဆောင်နေ၏။

ဤကဲ့သို့သော အကျိုးပြုမှုဆိုလျှင် နယ်စားဘွဲ့တောင် ပေး၍ ရ၏။ သို့သော်ငြား ရှမ့်လန်က ဘာဆုလာဘ်ကို ရရှိခဲ့သနည်း။ ဘာမှ မရခဲ့ချေ။ ယခင်တုန်းက ကျန်းယွမ်မြို့၏ မြို့တော်ဝန် ဖြစ်ခဲ့ဖူး၏။ ပြန်ရောက် လာခဲ့ပြီးနောက် ရာထူးတိုးဖို့ နေနေသာသာ ချန်းဖန်မြို့စားအိမ်တော်၏ စာရေးတစ်ယောက်ကဲ့သို့ပင် ဖြစ်ခဲ့ရ၏။ အဆင့်ခြောက် အရာရှိ အဆင့်သာရှိသည်။

အရှင်မင်းကြီး နင်ယွမ်ရှန်းက လှောင်ပြုံး ပြုံးလိုက်မိ၏။ “လူတွေက မသိချင်အောင်ဆောင်ရတာကို သဘောကျတယ်။ အရာရှိတစ်ယောက် ဖြစ်လာရင် မျက်နှာဖုံးတပ်ပြီး စိတ်ဓာတ်မဲညစ်နိုင်ရမယ်ဆိုတာ တကယ် ဟုတ်နေပြီ။ ဘာပဲဖြစ်ဖြစ် ညီလာခံထဲမှာ ရပ်နေတာဆိုတော့ ခင်ဗျားတို့ အရှက်ဆိုတာ ရှိသင့်တယ်။”

နင်ယွမ်ရှန်းက ပါးပိတ်ရိုက်မည့်ပုံစံမျိုး လက်ကိုမြှောက်ကာ ရုတ်တရက် အသံကို မြှင့်လိုက်သည်။ “ခင်ဗျားတို့ အားလုံး အရှက်ဆိုတာ ရှိကြအုံး။”

မှူးမတ်အားလုံးက လန့်ဖြန့်သွားခဲ့၏။ အရှင်မင်းကြီးက သူတို့နှင့်ဤကဲ့သို့ အပြတ်သတ် ရန်ဖြစ်ရဲလို့ နေခဲ့၏။ ညီလာခံတွင် အရာရှိများ၏ မျက်နှာကို ဤကဲ့သို့ ဗြောင်ကျကျ ရိုက်နှက်ရန် ပြင်ဆင်နေ၏။

နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “ဘယ်သူက ရှမ့်လန်ကို ဖမ်းပြီး သတ်ချင်တာလဲ။ ကိုယ်တိုင် သွားဖမ်း။ ရေနက်တပ်ဖွဲ့ကို ကိုယ်တိုင်သွားပြောကြ။ ဘာပဲဖြစ်ဖြစ် ရေနက်တပ်ဖွဲ့က မင်းတို့နဲ့ တစ်ဖွဲ့တည်းပဲ။”

ထိုအရာကိုကြားတော့ ရွှယ်ချီ၏ မျက်နှာပေါ်မှ ကြွက်သားများက တုန်ခါသွားခဲ့၏။

နင်ယွမ်ရှန်းက မတ်တပ် ထရပ်လိုက်၏။ သူက သူကိုင်ကာ ဆော့ကစားနေကြ ရွှေရောင်စက္ကူကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ “သရုပ်ဆောင်တာ ကောင်းတယ်။ ဒါပေမယ့် သိပ်ပြီး လွန်မလာကြနဲ့။ ပြည်သူတွေကို အရူးလုပ်ချင် လုပ်ကြ၊ ငါ့ကိုတော့ အရူးလာမလုပ်နဲ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး အရူးမလုပ်ကြနဲ့။”

နင်ယွမ်ရှန်းက ကျူးဟုန်ကျူးကို တစ်ချက် လှမ်းကြည့်၏။ “ညီလာခံသိမ်းပြီ”

မှူးမတ်အားလုံးက ငြိမ်သက်စွာ ကျန်ရစ်ခဲ့၏။ အရှင်မင်းကြီးက ထွက်ခွာသွား၏။ ယနေ့ ဘုရင်မင်းမြတ်နှင့် မှူးမတ်များက ထပ်ပြီး သွေးကွဲကြပြန်သည်။

....................

ထိုညမှာပဲ အရာရှိများစွာတို့က ဝန်ကြီးချုပ်ကျူးဟုန်ကျူး၏ အိမ်သို့ရောက်ရှိလာပြီး ဒေါသစိတ်များ ပြည့်နှက်စွာဖြင့် တိုင်တည်ကြ၏။

“အရှင်မင်းကြီးက ဘာသဘောလဲ။ ကျုပ်တို့ ဘာမှားလို့လဲ။ ရှမ့်လန်ကို သတ်ချင်တာ ကျုပ်တို့ မှားလို့လား။”

“ကျုပ်တို့က ကိုယ့်အတွက်ကိုယ် လုပ်နေတာလား။ ရွှဲ့ပြည်နယ်အတွက် လုပ်နေတာလား။”

“ဒီလူက တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးတာ။ ဘုရင်မင်းမြတ်ကို မြှောက်ပေးနေတာ။ သူ့ကို မသတ်ရင် ပြည်သူတွေ ကျေနပ်မှာ မဟုတ်ဘူး။ အပြင်ထွက်ပြီး မေးကြည့်လိုက်၊ ရှမ့်လန်ကို မမုန်းတဲ့ ဘယ်ပြည်သူ ရှိလဲ။”

“အိမ်ရှေ့စံက ရန်သူကိုသတ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ အချိန်မှာ ရှမ့်လန်က ရန်သူနှင့် ပေါင်းပြီး ကျုပ်တို့ကို ဆွဲချခဲ့တယ်။ ဒီလို လူက သေသင့်တယ် မဟုတ်ဘူးလား”

ကျူးဟုန်ကျူးက မျက်လုံးကို ဖွင့်လိုက်၏။ “တော်ကြတော့၊ တော်ကြတော့... တိုင်းပြည် အန္တရာယ် ကြုံတွေ့နေတဲ့ အချိန်မှာ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီး သည်းခံကြ။”

ထိုသို့ဆိုလျှင် ကျူးဟုန်ကျူးက ရှမ့်လန်သေသင့်သည်ဟု ထင်သလား။ ဟုတ်ပေ၏။ သေသင့်သည်။ ယခင်တုန်းက သူ ရှမ့်လန် သေမည့်ရက်ကိုပင် စောင့်နေခဲ့၏။ သို့သော်ငြား ယခုအချိန်တွင် ဖော်ပြရခက်သည့် အန္တရာယ် အငွေ့အသက်ကို သူက ရရှိနေသည်။

အထူးသဖြင့် ရှမ့်လန်နှင့် နင်ကျန်းတို့က ကျင်းမင်းသားဘက်တွင် ကြံစည်မှုရှိသည်ဟုပြော၍ အိမ်ရှေ့စံမင်းသား တောင်ဘက် ဆင်းသည့် ခရီးစဉ်ကို ပြင်းထန်စွာ ကာကွယ်ခဲ့၏။ ကျူးဟုန်ကျူး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့၏။ ကံကောင်း၍ သီသီလေး လွတ်သွားခဲ့၏။ စစ်ပွဲက ကောင်းမွန်သည့် စစ်ပွဲတစ်ခု မဟုတ်သော်ငြားလည်း ဘာပဲဖြစ်ဖြစ် အနိုင်ယူရရှိခဲ့၏။ အိမ်ရှေ့စံ၏ နေရာက ခိုင်မာသွားခဲ့၏။

သို့သော်ငြား အရှင်မင်းကြီးနင်ယွမ်ရှန်း၏ အကူအညီနှင့် ရှမ့်လန်ကို သတ်ဖို့ မဖြစ်နိုင်ဘူး ဆိုသည်ကို ကောင်းကောင်း သိ၏။ လွန်ခဲ့သည့်တစ်ခေါက် တတိယမင်းသား ရှမ့်လန်ကိုသတ်ရန် စေတီတောင်ကို အသုံးပြုခဲ့၏။ သို့ပေမည့် မအောင်မြင်ခဲ့ချေ။ ဤကဲ့သို့သောသူမျိုးကို ဘယ်သို့ သတ်ရမည်နည်း။ သူက သာမန် လူတွေထက် အများကြီး ပိုသည်။

အထူးသဖြင့် ကောင်းကင်ပင်လယ်နန်းဆောင်ပင်။ ယင်ယွမ်အဖွဲ့အစည်း၏ တိုက်တွန်းမှုဖြင့် ကောင်းကင်ပင်လယ် နန်းဆောင်မှ လူတစ်ယောက်က ရှမ့်လန်ကို သတ်ရန် အကြံပြုခဲ့၏။ ဘာကြောင့်ဆိုသော် ကျင်းမူလန်က သွေးမျိုးဆက်ပြောင်းလဲထားသည့် ဒုတိယ မျိုးဆက်ကို မွေးဖွားလာနိုင်မည် မဟုတ်သောကြောင့် ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင် ရှာဖွေနေသည့်လူ မဟုတ်မှန်း သက်သေပြလိုက်သလို ဖြစ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ဤလူက တန်ဖိုးမရှိတော့ချေ။ သေလို့ရပြီ ဖြစ်၏။

သို့ပေမည့် ရှမ့်လန်က စေတီတောင်၏ အကြီးအကဲဝူတူကျိ၏ နောက်ဆုံးတပည့် ဖြစ်လာ၏။ တကယ်တော့ ဝူတူကျိက ထည့်ပြောရလောက်သည် မဟုတ်ချေ။ စေတီတောင်သခင်မရှိလျှင် သူမလို အရည်အချင်းနှင့် အဘယ်သို့ အကြီးအကဲ ဖြစ်မည်နည်း။

အဓိကအချက်က စေတီတောင်သခင်ပင်။ ဤလူ၏သဘောထားက ရှင်းလင်းပြတ်သား၏။ ရှေးဟောင်း အမွေအနှစ် တည်နေရာကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း အတွင်း၌ ပြဿနာတချို့ ရှိနေနိုင်သေး၏။ ရှမ့်လန်၏ သင်္ချာတွက်ချက်မှုက တကယ်ကို ပါရမီ လွန်ကဲ၏။ ရှေးဟောင်း အမွေအနှစ် နေရာထဲတွင် နာမည်ကျော် ပုစ္ဆာတစ်ခုခု ထပ်မံကာ ကြုံလာသည် ဆိုပါက ရှမ့်လန်၏ ပါရမီကို လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ရန်နန်းဖေးနှင့် စေတီတောင်မှ ဥပဒေအကြံပြုခန်းမ အကြီးအကဲခုန်းတို့က ရှမ့်လန်ကို လိုက်မဖမ်းခြင်းလည်း ဖြစ်၏။

ပြီးနောက် ရှန့်ကုန်းဘုရားကျောင်းမှ အကြီးအကဲ ကျိမင်က ရှမ့်လန်ကို လေးစားကြောင်း လူသိရှင်ကြား ထုတ်ပြောထား၏။ တကယ်တော့ ရှန့်ကုန်းဘုရားကျောင်းက သဘာဝလွန် ဂိုဏ်းကြီး ၆ ခု ထဲတွင် အသေးဆုံး ဖြစ်ပြီး သိပ်ပြီး အသုံးမဝင်လှချေ။ သို့သော်ငြား အကြီးအကဲကျိမင်က ရှမ့်လန်ကို လေးစားကြောင်း ပြောလျှင် အသုံးမဝင်သော်လည်း ကျောင်းထိုင်ဆရာတော် ကျိခုန်းကပါ ရှမ့်လန်ကို လေးစားကြောင်း ပြောထားသောကြောင့် ရှမ့်လန်ကို တစ်ခုခုလုပ်ချင်သည်ဆိုလျှင်တောင် ကောင်းကင်ပင်လယ် နန်းဆောင်အနေ နှင့် အထူး သတိထားရပေလိမ့်မည်။

သို့သော်ငြား နယ်စားကြီးကျင်းကျိုးဘက်မှာတော့ အိမ်ရှေ့စံ ထီးနန်းဆက်ခံပြီးသည်နှင့် သေချာပေါက် အရေးယူ၍ ရပေလိမ့်မည်။ အရေးလည်း ယူရပေလိမ့်မည်။ အကြောင်းအရာက ရှင်းရှင်းလေးပင်။ မူဝါဒသစ် ချမှတ်ဖို့ပင်။ စစ်အင်အားကို လျှော့ချပြီး နယ်မြေများကို ပြန်လည်ကာ သိမ်းပိုက်ဖို့ပင်။

ယင်ယွမ်အဖွဲ့အစည်းက နုရှောင့်မြို့ကို ရယူဖို့ ဆုံးဖြတ်ပြီးသားပင်။ ကောင်းကင်တာအိုအဖွဲ့အစည်းကို ဖျက်ဆီးဖို့ ဆိုလျှင် နုရှောင့်မြို့ကို သိမ်းပိုက်ရပေလိမ့်မည်။

ရှမ့်လန်၏ကိစ္စကြောင့် အရှင်မင်းကြီးနှင့် မှူးမတ်တွေ ရန်ဖြစ်သည်ဆိုခြင်းက ကောင်းသည့် ကိစ္စပင် ဖြစ်၏။ အရှင်မင်းကြီးက ရောဂါ တစ်ခုခုရနေ၏။ ဖုံးကွယ်ဖို့ ကြိုးစားနေသည် ဆိုသော်လည်း လက်များက တုန်ယင်နေသည်က ပိုမိုကာ သိသာလာ၏။

ကောင်းကင်ပင်လယ်နန်းဆောင်က ရောဂါလက္ခဏာ အတိအကျနှင့် သုံးသပ်ချက်ကို ပေး၏။ နောင်နှစ် အနည်းငယ်အတွင်း နင်ယွမ်ရှန်း တစ်ယောက် တစ်ပိုင်းသေသွားနိုင်၏။ တစ်ဖက်မှာတော့ တစ်ပိုင်းသေ ဖြစ်နေသည့် ဘုရင်မင်းမြတ် ၊ နောက်တစ်ဖက်မှာတော့ ကြီးမားသည့်အကျိုးပြုမှုကို ပြုလုပ်ထားခဲ့သည့် အိမ်ရှေ့စံ ... မှူးမတ်များ မည်သူ့ကို ရွေးမည်နည်းဆိုသည်ကို သိကြပေမည်။

ထိုအချိန်မှာတော့ အိမ်ရှေ့စံအနေဖြင့် စောစောစီးစီး ထီးနန်းကို ဆက်ခံဖို့ မလိုတော့ချေ။ နင်ယွမ်ရှန်းကို ရုပ်ပြဘုရင်အဖြစ်ထားပြီး အကုန်ပြုလုပ်၍ရ၏။ ကျူးဟုန်ကျူးက နင်ယွမ်ရှန်းကို ငယ်ငယ်တည်းက မြင်လာ ခဲ့သောကြောင့် နင်ယွမ်ရှန်း၏ အကြောင်းကို ကောင်းကောင်း သိ၏။ နင်ယွမ်ရှန်းက စိတ်ခံစားမှု ပြင်းထန်လွန်း၏။

ထို့အပြင် လွန်ခဲ့သည့် ရှစ်လလောက်တည်းက ကျူးဟုန်ကျူးနှင့် နင်ယွမ်ရှန်းတို့၏ အကြားတွင် အဖုအထစ်များ ဖြစ်ခဲ့၏။ ပြန်ပြင်၍ မရတော့ဘူး ဆိုမှတော့ တစ်ဖက်ဖက်က အလုံးစုံ ကျဆုံးသွားတဲ့အထိ တိုက်ခိုက်ဖို့သာ ရှိတော့၏။ ယခု သူက သိပ်ကို ကံကောင်းနေ၏။ အိမ်ရှေ့စံ၏ နန်အိုစစ်ပွဲက အောင်မြင်သည်ဟု ယူဆ၍ ရ၏။ အချိန်အခါ၊ နေရာဒေသနှင့် လူအင်အား အားလုံးက သူ့ဘက်၌ ရှိသည်။

ဤအချိန်တွင် သူ၏ ဘေးတွင် ရှိနေသည့် လူယုံတစ်ယောက်က မေးလိုက်၏။ “သခင်ကြီး... ရှမ့်လန်ကို စွပ်စွဲ ပြစ်တင်တာ ဆက်လုပ်ရမလားလို့ သူတို့ မေးခိုင်းလိုက်ပါတယ်။

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဆက်လုပ်။”

လူယုံက မင်သက်သွား၏။ ဆက်လုပ်နေ၍ ဘာထူးမည်နည်း။ အရှင်မင်းကြီးက ဘယ်တော့မှ ရှမ့်လန်ကို ဖမ်းမှာ မဟုတ်သလို သတ်မှာလည်း မဟုတ်ချေ။

“ဆက်သာ လုပ်။” ကျူးဟုန်ကျူးက လက်ကို ဝှေ့ယမ်းလိုက်၏။ ကျူးဟုန်ကျူးက မှူးမတ်များကို စွပ်စွဲ ပြစ်တင်မှုတွေ ဆက်လုပ်ပြီး ရှမ့်လန်ကို သတ်ရန် အော်ခိုင်းနေခြင်း ဖြစ်၏။ ဤအရာက ရှမ့်လန်ကို ရည်ရွယ်တာ လုံးဝ မဟုတ်ချေ။ ထိုအစား မှူးမတ်နှင့် ဘုရင်မင်းမြတ်ကြားက ဆက်ဆံရေးကို ပိုမိုက ဆိုးဝါးသွားအောင် လုပ်ဖို့ပင်။

အိမ်ရှေ့စံက နိုင်ပြီးသား ဖြစ်၏။ နောက်ဆုံးတွင် သူက ကောင်းကင်က နေမင်းကြီးလို တောက်ပလာတော့မှာ ဖြစ်သည်။ မှူးမတ်တွေနှင့် အရှင်မင်းကြီးတို့ ပိုမိုကာရန်ဖြစ်လေ မှူးမတ်တွေက အိမ်ရှေ့စံဘက်ကို ပိုမိုကာ ထောက်ခံလေ ဖြစ်မည်။ နောက်ဆို အိမ်ရှေ့စံ၏အာဏာက ကြီးထွားလာပြီး တစ်ပိုင်းသေသွားခဲ့သည့် ဘုရင် နင်ယွမ်ရှန်းကို လွှမ်းမိုးသွားနိုင်ပေလိမ့်မည်။ အကောင်းဆုံး အခြေအနေကတော့ အရှင်မင်းကြီးနှင့် မှူးမတ်တို့ လုံးဝ အဆင်မပြေဖြစ်ပြီး ညီလာခံ မတက်သည့် အခြေအနေမျိုးကို ရောက်ရှိဖို့ပင်။

.............

မျှော်လင့်ထားသည့်အတိုင်းပင် အရှင်မင်းကြီးက မနေ့က ပြစ်တင်ကြိမ်းမောင်းခဲ့သည်ဆိုသော်လည်း ကျူးဟုန်ကျူး၏ဆန္ဒအရ မှူးမတ်များက ရှမ့်လန်ပေါ် စွပ်စွဲပြစ်တင်မှုများ ရပ်တန့်မသွားခဲ့ချေ။ ထိုအစား ပိုမိုကာ ပြင်းထန်လာခဲ့၏။ စွပ်စွဲပြစ်တင်လွှာများက တောင်လိုပုံနေ၏။

အိမ်ရှေ့စံ ဘက်တော်သား အရာရှိများက နန်းမြို့တော်တွင် ကြီးကျယ်ခမ်းနားသည့် အောင်ပွဲခံ အခမ်းအနားကို စီစဉ်၏။ သူတို့က ပြည်သူလူထုကို ဦးဆောင်ပြီး အိမ်ရှေ့စံ၏ ကြီးမားသည့် အောင်မြင်မှုများနှင့် ဤစစ်ပွဲ၏ ဘုန်းကြီးသော အောင်ပွဲအကြောင်းကို ဂုဏ်ပြုလျက် ရှိ၏။ သူတို့က ရှမ့်လန်၏အပြစ်များကိုလည်း အရူးအမူး ပြောဆိုနေ၏။ ပြည်သူလူထုကို ဦးဆောင်ပြီး ရှမ့်လန်နှင့် နင်ကျန်းတို့ကို တစ်ဖက်သတ် တိုက်ခိုက်နေခြင်းပင်။

နင်ကျန်းက အိမ်ထဲမှာ ပုန်းအောင်းနေလျက် ရှိနေပြီး သူ၏ အပြစ်ကို ပြန်လည်ဆင်ခြင် သုံးသပ်နေရသော်လည်း သူတို့က ဤကျားကို သတ်ပစ်ချင်လျက် ရှိနေတုန်းပင်။

ညီလာခံမစခင်တွင် မရေမတွက်နိုင်သည့် အရာရှိများက ထွက်ပေါ်လာပြီး ရှမ့်လန်နှင့် ကျင်းကျိုးတို့ကို စွပ်စွဲ ပြစ်တင်ကြ၏။ အရှင်မင်းကြီးက ထိုသူတို့ကို ကြိမ်ဒဏ်ပေးပြီး အပြစ်ပေးရန် အမိန့်ချ၏။ သို့သော်ငြား ထိုအရာရှိများက သူရဲကောင်းများ ဖြစ်လာကြ၏။ အရှင်မင်းကြီးက ဒေါသထွက်ပြီး လူ ၁၃ ယောက်ကို ရိုက် သတ်ပစ်၏။

နန်းမြို့တော် အရာရှိများနှင့် ပြည်သူလူထုတို့က ဒေါသချောင်းချောင်း ထွက်ကြ၏။ သူတို့က နင်ယွမ်ရှန်းကို အရည်အချင်းမရှိသည့် ဘုရင်တစ်ပါးဟု ကွယ်ရာတွင် ခေါ်ဝေါ်ကြသည်။

ရှမ့်လန် တစ်ယောက်တည်းအတွက် အမှားအမှန် မခွဲခြားဘဲ သစ္စာရှိသည့် အရာရှိများကို သတ်ပစ်ခဲ့၏။ စည်းမရှိသည့် ဘုရင် တစ်ပါးပင်။ အရည်အချင်း မရှိသည့် ဘုရင် တစ်ပါးပင်။ အာဏာရှင်စစ်စစ် ဖြစ်၏။

ပြီးနောက် အရာရှိများနှင့် စာပေ ပညာရှင်များက သူ့နေရာတွင် အစားထိုးရန် ပညာရှိသည့် ဘုရင်တစ်ပါးကို မျှော်လင့် တောင့်တလာကြ၏။ သေချာပေ၏။ ထိုအရာက အိမ်ရှေ့စံပင်။

“အရှင်မင်းသား အောင်ပွဲနဲ့အတူ ဘယ်တော့ ရောက်လာမှာလဲ။ ရွှဲ့ပြည်နယ် နန်းတွင်းက မှောင်မိုက်နေပြီ။ ကယ်တင်ဖို့အတွက် အိမ်ရှေ့စံ၏ အလင်းရောင်ကို စောင့်နေကြရပါပြီ”

ယနေ့မှာတော့ အရှင်မင်းကြီးက မနက်အစောပိုင်းမှာပင် ညီလာခံကို ရုတ်သိမ်းကြောင်း ကြေညာ၏။

အရာရှိများက နန်းတော်တံခါးကို တစ်ယောက်ပြီးတစ်ယောက် လာခေါက်၍ နင်ယွမ်ရှန်းက ရွှယ်ချီနှင့် ရန်အီတို့ကို စေလွှတ်ပြီး ထိုအရာရှိများကို ဖမ်းဆီးစေခဲ့သည်။

...................

အပိုင်း (၆၅၀)

ကျူးဟုန်ကျူး၏ ပထမအဆင့်စီမံကိန်းက အောင်မြင်သွားခဲ့၏။ အရာရှိများနှင့် အရှင်မင်းကြီးတို့က လုံးဝ ရန်ဘက် ဖြစ်သွားခဲ့ပြီး နင်ယွမ်ရှန်းက မနက်ခင်း စောစောစီးစီးမှာပင် ညီလာခံကို ရုတ်သိမ်းလိုက်၏။

တကယ်တော့ ညီလာခံ ရုတ်သိမ်းလိုက်သည် ဆိုလျှင်တောင်မှ အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုတို့အပါအဝင် ရွှဲ့ပြည်နယ်၏ အဓိက အစိုးရရုံးများက ပုံမှန်တိုင်း လည်ပတ်နေဆဲပင်။

နန်အိုကို အနိုင်ရရှိခဲ့၏။ အဓိကရည်ရွယ်ချက်က ရွှဲ့ပြည်နယ်၏ ချောင်ပြည်နယ်စစ်ပွဲပင်။ ကျူးဟုန်ကျူး၏ အတွင်းဝန်ရုံးက တတိယမင်းသား၏ ဘက်တော်သားများကို ကြင်နာမှု ပြသခဲ့၏။ ပိုက်ဆံ လိုချင်ရင် ပိုက်ဆံပေး၏။ စားနပ် ရိက္ခာ လိုချင်ရင် စားနပ်ရိက္ခာပေး၏။ အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုတို့က ချောင်ပြည်နယ်ကို တွန်းလှန်ရန် ညီညွတ်နေကြသည်။

ဒေါသထွက်နေပုံရသည့် နင်ယွမ်ရှန်းက အရည်အချင်းရှိသည့် ဘုရင် တစ်ပါးနှင့် မတူတော့ချေ။

ကျူးဟုန်ကျူးက ဓားပျော့နှင့် လူသတ်သည့် နေရာတွင် အလွန်ပင်တော်၏။ သူ၏ သဘောထားက အရှင်မင်းကြီး ညီလာခံ မတက်လျှင်လည်း ကိစ္စမရှိချေ။ လူတွေက လုပ်စရာ ရှိသည့်အလုပ် လုပ်ရပေလိမ့်မည်။

ဤအရာက အမှန်တရားပင် ဖြစ်၏။ အရှင်မင်းကြီးနှင့် မှူးမတ်တို့ မတည့်လျှင်တောင် ချောင်ပြည်နယ်ကို တွန်းလှန်သည့် ကိစ္စမှာတော့ တိုင်းပြည်အတွက် လက်တွဲပြီး သည်းခံလုပ်ရမှာပင်။ တကယ်တမ်း မှာတော့ အစိုးရ ကိစ္စများနှင့် စစ်ရေးကိစ္စအားလုံးကို နင်ယွမ်ရှန်းက အတည်ပြုနေရခြင်း ဖြစ်၏။ သူက ညီလာခံ မတက်ရုံသာ ရှိ၏။

သို့သော်ငြား လူအများ၏ မျက်လုံးထဲတွင် အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုတို့ကသာ တိုင်းပြည်ကို လည်ပတ် မောင်းနှင်နေသည်ဟု ထင်မှတ်ကြ၏။ အရှင်မင်းကြီးကပျင်းရိပြီး မှူးမတ်များက အသက်နှင့်ရင်းကာ ကြိုးစားနေရ၏။ ကျူးဟုန်ကျူး၏ နိုင်ငံရေးကစားကွက်က တကယ်ကို ပါးနပ်ပြီး ရက်စက်လွန်း၏။ အံ့အားသင့်စရာလည်း ကောင်းသည်။

................

“နောက်တစ်ဆင့်အနေနဲ့ ဘုရင်မင်းမြတ် နာမကျန်း ဖြစ်နေတဲ့သတင်းကို ဖြန့်လိုက်ကြမလား။” သူ၏ လူယုံက မေးလိုက်၏။

ကျူးဟုန်ကျူးက ခေါင်းကို ခါယမ်းသည်။ “ခဏလောက် နေအုံး။ အိမ်ရှေ့စံ ပြန်ရောက်လာပြီး ချောင်ပြည်နယ် ဆုတ်ခွာသွားတဲ့အချိန်မှ အရှင်မင်းကြီး၏ရောဂါအကြောင်းကို လူသိရှင်ကြား ကြေညာရမယ်။ အဲဒီအချိန်ရောက်ရင် မှူးမတ်အားလုံးက အိမ်ရှေ့စံကိုပဲ အားကိုးကြတော့မယ်။ အရှင်မင်းကြီးက စင်ပေါ် တင်ထားခံရတဲ့ အရုပ်ဖြစ်တော့မှာ။”

သို့သော်ငြား ထိုအချိန်မှာပဲ ...

“ဝန်ကြီးချုပ်... စစ်သူကြီးကျန် လာတွေ့ပါတယ်”

ကျူးဟုန်ကျူးက အံ့အားသင့်သွားမိ၏။ ရွှဲ့ပြည်နယ်၏ စစ်သူကြီးကျန်၊ သူက အိမ်ရှေ့စံနှင့် အတူရှိနေသည် မဟုတ်ပါလား။ ‘ဘာကိစ္စ ရှိလို့လဲ။ ပြဿနာ တစ်ခု ဖြစ်လို့လား။ ကျေးဇူးပြုပြီး ကြီးကြီးမားမား မဖြစ်ပါစေနဲ့။’

ခဏအကြာမှာပဲ ပိန်ချုံးပြီး တစ်ကိုယ်လုံး နံစော်နေသည့် ကျန်ကျောင်းက ကျူးဟုန်ကျူး၏ရှေ့တွင် ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “ဝန်ကြီးချုပ်.. သတင်းဆိုးပါပဲ။ ကျုပ်တို့ တပ်သားတွေ အားလုံး စစ်ရှုံးခဲ့ပါပြီ။ နန်အိုနိုင်ငံတစ်ခုလုံးလည်း ကျဆုံးသွားခဲ့ပါပြီ။ ကျုပ်တို့ရဲ့ အဓိကတပ်မကြီးက လုံးဝဥသုံ ရှင်းလင်းခြင်းကို ခံခဲ့ရတယ်။ စစ်သူကြီးကျူးလင်းလည်း သေသွားလောက်ပြီလို့ ထင်ပါတယ်။”

ရုတ်တရက် ဝန်ကြီးချုပ် ကျူးဟုန်ကျူးက တကိုယ်လုံး မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

….

ရှုံးသွားပြီလား။ ရှုံးနိမ့်သွားပြီလား။ ကျူးမိသားစုမှ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းတည်ဆောက်ခဲ့သမျှ အရာအားလုံးက ပျက်စီးဆုံးရှုံးသွားခဲ့လေပြီလား။ သူ၏အနာဂတ်၊ နိုင်ငံရေးရာ အမြင်အားလုံးက သဲထဲရေသွန် ဖြစ်သွားခဲ့လေပြီလား။

ဤစစ်ပွဲအတွက် ကျူးဟုန်ကျူးက သူ၏ မူလရာထူးနေရာကိုပင် စွန့်လွှတ်လုနီးပါး ပြုလုပ်ခဲ့ရသည်။ တိုင်းပြည်အတွင်းရှိ ကြီးငယ်မဟူ မှူးမတ်အပေါင်းတို့ကို ကိုင်တွယ်ရန် သူက ဦးဆောင်ခဲ့ရ၏။

ဤစစ်ပွဲအတွက် ကျူးမိသားစုက ယင်ယွမ်အဖွဲ့အစည်းထံမှ ငွေချေးငှားရန် သူတို့၏ ဂုဏ်သိက္ခာကိုပင်လျှင် ပေါင်နှံခဲ့ရသည်။

ဤစစ်ပွဲအတွက် ကျူးဟုန်ကျူးက ဘုရင်မင်းမြတ်နှင့် ဆက်ဆံရေး ပျက်တောက်လုနီးပါး ဖြစ်ခဲ့၏။

ဤမျှကြီးမားသည့် တန်ဖိုးများကို ပေးဆပ်ခဲ့ပြီးသည့်နောက် သူတို့က အစစ်အမှန်ပင် စစ်ရှုံးခဲ့သည်လား။ သူ၏ အသက်က ၇၀ ကျော် အရွယ်သို့ ရောက်ရှိခဲ့ပြီ။ ဤဆိုးဝါးသည့် သတင်းကို ကြားရသည့်အချိန်မှာတော့ ဦးနှောက်သွေးကြောများက ကျဉ်းမြောင်းသွားသကဲ့သို့ပင် ခံစားရပြီး လေဖြတ်လုနီးပါး ဖြစ်သွားသည်။

သူက တစ်ကိုယ်လုံးရှိ ခွန်အားတို့ ဆုံးရှုံးသွားသကဲ့သို့ပင် ခန္ဓာကိုယ် တစ်ခုလုံးက အေးစက်သွားခဲ့သည်။ မျက်စိတမှိတ်အတွင်း ဘာမှမမြင်ရသကဲ့သို့ပင် မိုက်ခနဲ ဖြစ်သွား၏။ အသက်အရွယ်ကြီးရင့်နေခဲ့ပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ပြင်းထန်သည့် ထိုးနှက်ချက်မျိုးကို သူ အမှန်တကယ် မခံနိုင်တော့ချေ။

စစ်သည်အင်အား နှစ်သိန်းခွဲအနက် တစ်သိန်းခွဲခန့်က ဘုရင်မင်းမြတ် နင်ယွမ်ရှန်း စေလွှတ်လိုက်ခြင်း ဖြစ်ပြီး ကျန်သည့်တစ်သိန်းက ကျူးမိသားစုက နိုင်ငံအနှံ့မှ စုဆောင်းထားခဲ့ခြင်း ဖြစ်၏။ ယခုမူ စစ်တပ်ကြီးတစ်ခုလုံးက ပျက်စီးသွားခဲ့လေပြီလား။

“ဝန်ကြီးချုပ်... ဝန်ကြီးချုပ်” သူ၏ ယုံကြည်ရသည့် လူယုံတပည့်တချို့က ရှေ့သို့ တိုးလာ၏။ ကျူးဟုန်ကျူး၏ ရင်ဘတ်ကို ပုတ်ပေးခြင်း၊ နှာခေါင်းအောက် နှုတ်ခမ်းပေါ် တည်နေရာကို လက်ဖြင့် ဖိနှိပ်ပေးခြင်းတို့ကို ပြုလုပ်၏။ ပြီးနောက် ဂျင်ဆင်းပြုတ်ရည်တို့ကို တိုက်ကျွေးကြပြန်၏။

၁၅ မိနစ်ခန့် ကြာချိန်မှာတော့ ကျူးဟုန်ကျူးက သူ၏ ခန္ဓာကိုယ်အပူချိန်နှင့် အာရုံခံစားမှုမျိုး တဖြည်းဖြည်းနှင့် ပြန်လည်ကာ ရရှိလာသည်။

သူက မျက်လုံးကို မှိတ်ထားသည်။ အဆုံးမဲ့သည့် အမှောင်ထုနှင့် နာကျင်မှုများက သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်နေသကဲ့သို့ပင်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မြန်မြန်ပင် ကုန်ဆုံးသွားပါစေတော့ဟု သူက ဆုတောင်းနေမိ၏။ ခေတ္တမျှကြာပြီးနောက် သူက မျက်လုံးကို အသာပင် ပြန်ဖွင့်ကြည့်လိုက်၏။ “တကယ်တမ်း ဘာတွေဖြစ်နေတာလဲ ငါ့ကို ပြောစမ်း။”

ကျန်ကျောင်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည်ကာ လျှောက်တင်လိုက်သည်။

ကျူးဟုန်ကျူး၏ မျက်လုံးများက ချက်ချင်းပင် စိုစွတ်သွားခဲ့၏။ သူ၏သား ကျူးလင်းက သေဆုံးသွားလောက်ပြီ။ စစ်သည် နှစ်သိန်းကျော်တို့ကလည်း အသက်ရှင် လွတ်မြောက်နိုင်ဖွယ်ရာ မရှိတော့ချေ။

ခဏကြာချိန်မှာတော့ ကျူးဟုန်ကျူးက ပြောလိုက်၏။ “တကယ်တော့ မင်းတို့ဆီမှာ အမှားမရှိဘူး။ ရန်သူဘက်ကို အားကြီးလွန်းနေတာပါ။”

ကျန်ကျောင်းက ဦးတိုက်ငိုကြွေးရင်းမှ ထိုအချက်ကို ဝန်ခံမိ၏။ အစပိုင်းက အိမ်ရှေ့စံမင်းသား မှားယွင်းခဲ့ကြောင်း၊ သဲမြို့သို့ အဓိကတပ်မကြီးကို မချီတက်စေသင့်ကြောင်း သူက ဝင်ရောက်ကာ ပြောဆိုခဲ့၏။ ကျူးလင်းနှင့် နန်းကုန်းအိုတို့က ဦးနှောက်မရှိသူများ ဖြစ်ပြီး သူတစ်ယောက်တည်းသာ မှန်ကန်သည်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား နောက်ပိုင်းမှာတော့ သူကလည်း မှားယွင်းကြောင်း သက်သေပြခဲ့၏။ ကျင်းမင်းသား၏ ဉာဏ်ဆင်ကစားခြင်းကို သူကိုယ်တိုင်ပင် ခံလိုက်ရသည်။

သဲမြို့ကျဆုံးသွားကြောင်း သတင်းရရှိသည့်အချိန်တွင် အိမ်ရှေ့စံက မြောက်ဘက်သို့ စစ်ချီပြီး သဲမြို့ကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားလိုခဲ့၏။ သို့သော်ငြား ကျန်ကျောင်းက နန်အိုမြို့တော်ကို တိုက်ခိုက်ရန် အတင်းအကျပ် တိုက်တွန်းခဲ့၏။ အကြောင်းမှာ စစ်တပ်ကို ထိုနေရာတွင်သာ အသုံးပြုနိုင်တော့မည် ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ကျင်းမင်းသားက နန်အိုနိုင်ငံတော်ကို ပြန်လည်ရောက်ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူ ကျန်ကျောင်းကလည်း ကျင်းမင်းသားနှင့် ယှဉ်ပါက အိမ်ရှေ့စံ၊ ကျူးလင်း၊ နန်းကုန်းအိုနှင့် အခြားသူများကဲ့သို့ပင် ထူးချွန်ပြောင်မြောက်သည့် လူတစ်ယောက် မဟုတ်ခဲ့ပေ။

ကျူးဟုန်ကျူးက ဆက်လက်ကာ ပြောကြားလိုက်၏။ “ဒါပေမဲ့ ငါတို့အားလုံး မှားခဲ့တယ်။ ရှမ့်လန်နှင့် နင်ကျန်းတို့ ပြောတာ မှန်တယ်။ စစ်တပ်က မြို့ထဲကနေ လုံးဝမထွက်ခွာသင့်ဘူး။ မြို့ကို အခိုင်အမာ ကာကွယ်ပြီး စစ်ပွဲကို ရေရှည်ဆင်နွှဲသင့်တာ။ နယ်စပ်မှာ ခံတပ်ပေါင်းများစွာကို တည်ဆောက်ထားခဲ့သင့်တာ။ ရှမ့်လန်ရဲ့ အရင် မဟာဗျူဟာက မှန်ကန်ခဲ့တယ်။”

သို့သော်ငြား ယခုအခါမှာတော့ အရာအားလုံးက အချည်းနှီး ဖြစ်သွားခဲ့၏။ ထိုစဉ်က ကျူးဟုန်ကျူး ကိုယ်တိုင်ပင်လျှင် ရှမ့်လန်နှင့် နင်ကျန်းတို့၏ အစီအစဉ် မှန်ကန်ကြောင်း ခံစားမိခဲ့၏။ သို့သော်ငြား မြားက လေးညှို့ပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ပစ်လွှတ်ရုံသာလျှင် ရှိတော့သည်။

အိမ်ရှေ့စံမင်းသားက သူ၏နေရာ ပိုမိုခိုင်မာစေရန်အတွက် ဤစစ်ပွဲ၏ အောင်မြင်မှုကို လိုအပ်ခဲ့၏။ ရွေးချယ်စရာဟူ၍ မရှိခဲ့ချေ။ ဤစစ်ပွဲက အစတည်းက အနိုင်ရရေးကို ဦးတည်သော စစ်ပွဲတစ်ခု ဖြစ်ခဲ့၏။

“အိမ်ရှေ့စံ ဘယ်မှာလဲ” ကျူးဟုန်ကျူးက မေးလိုက်သည်။

ကျန်ကျောင်းက ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကျုပ်တို့ အဓိကတပ်မကြီးကနေ ခွဲထွက်ပြီး မြောက်ဘက်ကို ဦးတည်တဲ့အချိန်မှာ အိမ်ရှေ့စံက ကောင်းကင်ပင်လယ်နန်းဆောင် သိုင်းပညာရှင်တွေရဲ့ အစောင့်အရှောက်နှင့် ပင်လယ်ဘက်ကို ထွက်ပြေးသွားပါတယ်။”

ကျူးဟုန်ကျူးက တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ “အသေးစိတ်ကို ပြောစမ်း။”

ကျန်ကျောင်းက ဆက်လက်ကာ လျှောက်တင်၏။ “အိမ်ရှေ့စံနဲ့ နန်းကုန်းအိုတို့က မြင်းတပ်သားတစ်သောင်းကို ဦးဆောင်ပြီး လော်ရီမြို့ဆီ အချိန်မီ သွားကြတယ်။ ဒါပေမဲ့ သဲကန္တာရလူရိုင်း စစ်သည်တွေရဲ့ ခြုံခို တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ ကျင်းမင်းသားက တောကိုမီးရှို့လိမ့်မယ်လို့ သံသယဝင်ပြီး အိမ်ရှေ့စံက မြင်းသည်တစ်သောင်းကို စွန့်ခွာပြီး ထွက်ပြေးသွားခဲ့တာပါ။”

ထိုစကားကိုကြားချိန်မှာတော့ ကျူးဟုန်ကျူးက သတိလစ်မတတ် ဖြစ်သွား၏။ “ပြီးပြီ။ အရာအားလုံး ပြီးဆုံးသွားပြီ။ အရူး... ဒီကောင် တကယ့်အရူးပဲ။ နန်အိုဆိုတာ ကျင်းမင်းသားရဲ့ တိုင်းပြည်။ နန်အိုပြည်သူတွေက သူ့ရဲ့ပြည်သူတွေပဲ။ သူက ဘယ်လိုလုပ် တောကို မီးရှို့မှာလဲ။ သူတို့က အိမ်ရှေ့စံစစ်တပ်ကို စွန့်ခွာပြီး ထွက်ပြေးအောင် တမင်ဖိအားပေးကြတာ။ ပင်လယ်ပြင်မှာ သူတို့ကို ထောင်ချောက်ဆင်ပြီး ဖမ်းလောက်ပြီ။”

ကျူးဟုန်ကျူး၏ မျက်လုံးထဲမှ မျက်ရည်များက ဒရဟောပင် စီးကျလာခဲ့သည်။ “ဒီအရူးကောင်... သူ အဖမ်းခံလိုက်ရပြီ။”

အဆိုးဝါးဆုံးသော အခြေအနေက တကယ်ပင် ဖြစ်ပေါ်လာခဲ့၏။ အကယ်၍ အိမ်ရှေ့စံသာ အမှန်တကယ် အဖမ်းခံလိုက်ရသည်ဆိုပါက အရာအားလုံးက ပြီးဆုံးသွားပြီ ဖြစ်၏။

ကျန်ကျောင်းက ပြောလိုက်သည်။ “ဝန်ကြီးချုပ်... ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျုပ်တို့နန်းတော်ထဲကို ဝင်ပြီး အရှင်မင်းကြီးကို သတင်းပို့ရအုံးမယ်။”

ကျူးဟုန်ကျူးက ပြော၏။ “အင်း စစ်သူကြီးကျန်... သွားပြီး ရေမိုးချိုး အဝတ်အစားလဲလိုက်။ ကျုပ်လည်း မင်းနဲ့အတူတူ အရှင်မင်းကြီးကို သွားတွေ့မယ်။”

............................

လွန်ခဲ့သည့် နှစ်ရက်အတွင်း နင်ယွမ်ရှန်းက ကျူးဟုန်ကျူးအပေါ်တွင် အလွန်အမင်း စိတ်ပျက်ခဲ့၏။ သူ မသိဘူး ထင်မှတ်နေသည်လား။ ရှမ့်လန်ကို သုတ်သင်ရန် တွန်းအားပေးခဲ့သည်မှာ ကျူးဟုန်ကျူးပင် ဖြစ်၏။

“ခင်ဗျားက ကျုပ်နဲ့မှူးမတ်တွေကြားထဲမှာ ပဋိပက္ခဖြစ်အောင်လို့ ဖန်တီးခဲ့တယ်။ ကျုပ်ကို ရုပ်ပြဘုရင်တစ်ပါး ဖြစ်စေချင်ခဲ့တာ။ အိမ်ရှေ့စံ စစ်ပွဲကိုနိုင်ပြီး ပြန်လာတဲ့အချိန်ကျရင် မှူးမတ်တွေက ကျောထောက်နောက်ခံ ဖြစ်လာပြီးတော့ ကျုပ်ကို အာခံနိုင်အောင်လို့ ကြံစည်ခဲ့တာပဲ။”

နင်ယွမ်ရှန်းက တကယ်ပင် ဉာဏ်ကောင်းသူဖြစ်၍ အရာအားလုံးကို သိ၏။ သို့သော်ငြား တစ်ခါတစ်ရံတွင် သူက မိမိ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပေ။ ထိုအရာက သူ့ကို အထီးကျန်ဖြစ်စေသည်။ ကျူးဟုန်ကျူး၏ နိုင်ငံရေး လှည့်ကွက်မှန်း သိသော်လည်း ဒေါသထွက်ခြင်းကိုတော့ မထိန်းချုပ်နိုင်ခဲ့ချေ။ လူတွေကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့မိ၏။

သို့ပေမည့် ရှက်စရာကောင်းသည်က အရိုက်ခံပြီး သေဆုံးသွားသည့်သူက သေသင့်လို့ သေသွားကြခြင်း ဖြစ်၏။ အလကားသက်သက် အသေခံလိုက်ရခြင်းပင်။ သို့ပေမည့် အဖမ်းခံပြီး ရိုက်နှက်ခံရသည့်လူအားလုံးက သူရဲကောင်းများ ဖြစ်ကုန်ကြ၏။ ပညာရှိတို့၏ မျက်လုံးထဲတွင် သူရဲကောင်း ဖြစ်ရုံသာမက ပြည်သူလူထု၏ နှလုံးသားထဲတွင်လည်း သူရဲကောင်းများ ဖြစ်လာကြသည်။

နင်ယွမ်ရှန်းက မောက်မာသည့် အာဏာရှင်တစ်ယောက် ဖြစ်သွားရ၏။ မိုက်မဲသည့် ဘုရင်၊ ရက်စက်သည့် ဘုရင်တစ်ယောက်ပင်။ ယခုဆိုလျှင် သူ၏ကွယ်ရာတွင် လက်ညှိုးထိုးပြီး ကျိန်ဆဲနေသည့် လူများက မရေမတွက်နိုင်အောင် များပြားလာခဲ့၏။ အိမ်ရှေ့စံမင်းသား စစ်ပွဲမှပြန်လာပြီး တိုင်းပြည်ကို ဦးဆောင်မည့် အချိန်ကို စောင့်မျှော်သည့် ပြည်သူများက မရေမတွက်နိုင်အောင် ရှိလာကြ၏။

ရှမ့်လန်က လူတွေကို ခွေးတွေ ဝက်တွေကဲ့သို့ ဆက်ဆံခဲ့သည်မှာ မဆန်းတော့ချေ။ သတ်ချင်သည့် အချိန်တွင် သတ်၏။ နင်းချေချင်သည့် အချိန်တွင် နင်းချေ၏။ လောကကြီးတွင် အမှားအမှန် ဆိုတာ မရှိချေ။ သို့မဟုတ် အမှားအမှန် ရှိချင်လည်း ရှိပေမည်။ သို့ပေမည့် မည်သူမှန်သည်၊ မည်သူမှားသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရသည့်အချိန်တွင် လူတွေက သေချင်သေကုန်ကြပေလိမ့်မည်။ အဖြူနှင့် အမဲဆိုသည်က အသုံးမလိုသည့် အချိန်ကျမှသာ ပေါ်လွင် ထင်ရှားတတ်သည်။

“ရှမ့်လန်... မင်းက တကယ့်ကောင်ပဲ။” နင်ယွမ်ရှန်းက ဒေါသကြောင့် လက်များပင် တုန်ယင်လျက်ရှိနေ၏။

မိန်းမစိုးကြီး လီစွမ်းက လာရောက်ကာ လျှောက်တင်သည်။ “အရှင်မင်းကြီး... မနက်ဖြန် ညီလာခံ ဝင်တော့မလား။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ညီလာခံဝင်ရမယ် ဟုတ်လား။ ဒီလူတွေက မှန်ကန်တာကို လုပ်ချင်ကြတာ မဟုတ်ဘူး။ သူတို့က ချောင်ပြည်နယ်က စစ်သည် သုံးသိန်းကျော်ကို ဂရုမစိုက်ဘူး။ သူတို့က ရှမ့်လန်နဲ့ ကျင်းကျိုးကို စွပ်စွဲပြစ်တင်ချင်ကြတာပဲ။ တချို့လူတွေက ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ငါနဲ့ မှူးမတ်တွေကို ရန်တိုက်ပေးချင်တာပဲ။ တချို့လူတွေကတော့ အိမ်ရှေ့စံကို ချက်ချင်း အာဏာလွှဲပြောင်း စေချင်တယ်။ တချို့က ပြန်ပြီး တိုက်ခိုက်ချင်နေကြပြီ။”

လီစွမ်းက ပြောလိုက်သည်။ “ဒါကြောင့် အရှင်မင်းကြီး ညီလာခံ ဝင်ဖို့ လိုတာပါ။”

နင်ယွမ်ရှန်းက မဲ့ပြုံးပြုံးလိုက်၏။ “အခု ကျူးမိသားစုက နင်ချီအပေါ် အရမ်းကောင်းနေကြတယ်။ ငွေတွေ၊ ရိက္ခာတွေ ပေးနေကြတယ်။ တတိယမင်းသားနဲ့ သူ့ရဲ့လူတွေက ငါ့ရဲ့ လက်နက် ဖြစ်မလာနိုင်တော့ဘူး။ ပြီးတော့ တတိယမင်းသားကို ဆွဲမထည့်တာ ပိုကောင်းလိမ့်မယ်။ ချောင်ပြည်နယ်ကို ကာကွယ်ဖို့အတွက် ကျုံးမိသားစုကို အားကိုးရအုံးမယ်။ ဝူပြည်နယ်ကို ကာကွယ်ဖို့အတွက် တတိယမင်းသား နင်ချီကိုလည်း အားကိုးရအုံးမယ်။”

ဤအရာက ဝမ်းနည်းစရာကောင်းသည့် အချက်အလက်ပင်။ အပြန်အလှန် သည်းခံခြင်း ဆိုသည်က တိုင်းပြည် အတွက်ပင် ဖြစ်လာခဲ့၏။ သို့ပေမည့် အိမ်ရှေ့စံနှင့် သူ၏လူများကတော့ သူတို့နိုင်ပြီဟု ထင်နေကြ၏။ တိုင်းပြည်အတွက် အပြန်အလှန် သည်းခံစရာ မလိုဘူး ထင်နေကြသည်။

သို့သော်ငြား ဘုရင်ဖြစ်သူကတော့ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး တိုင်းပြည်အတွက် သည်းခံနေရ၏။

“ကျူးဟုန်ကျူး... ဟားဟားဟား... သူက သူ့ကိုယ်သူ ရွှဲ့ပြည်နယ်သားလို့ တကယ့်ကို မသတ်မှတ်ထားတာပဲ။”

မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး... ညနက်နေပါပြီ။ အနားယူဖို့ အချိန်တန်ပါပြီ။”

နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့နန်းဆောင်ဆီသို့ အလိုလျောက် ခြေဦးလှည့်လိုက်မိ၏။ ထိုနေရာတွင်သာ စစ်မှန်သည့် နူးညံ့သိမ်မွေ့မှုကို သူ ခံစားရ၏။ ထင်မှတ်ထားသည့်အတိုင်းပင် မိဖုရားကြီးပျံ့က သူ့အတွက် စံပယ်ပန်းဝိုင်မွှေးမွှေးလေးကို ပြုလုပ်ထား၏။ သောက်သုံးပြီးသည့်နောက် သူမက သူ၏ထုံကျဉ်နေသည့် လက်မောင်း ကို နှိပ်နယ်ပေး၏။

“အရှင်မင်းကြီး... ဒီညတော့ မိဖုရားကြီးကျူးဆီ ကြွလိုက်ပါလား။ ဒီညက သူမရဲ့ အလှည့်ပါပဲ။” မိဖုရားကြီးပျံ့က ညင်သာစွာ ပြောဆိုလိုက်သည်။

“မသွားဘူး။” နင်ယွမ်ရှန်းက ငြင်းလိုက်၏။

မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “အရှင်မင်းကြီး”

နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့၏ စေတနာကို နားလည်၏။ ယခုအချိန်တွင် မှူးမတ်နှင့် ဘုရင်များကြားက ဆန့်ကျင်ဘက် ဖြစ်လို့နေပြီး ကျူးမိသားစုက အဓိကသော့ချက် ဖြစ်၏။ မိဖုရားကြီးကျူးကို အသုံးချပြီး ဘုရင်နှင့် ကျူးဟုန်ကျူးတို့ကြား ဆက်ဆံရေးကို ပြေလျော့စေခြင်းပင် ဖြစ်၏။ ထို့အပြင် ယနေ့ညက ဘုရင်မင်းမြတ် အိမ်ဆောင်ဝင်ရမည့် နန်းဆောင်က မိဖုရားကြီးကျူး၏ နန်းဆောင်ဖြစ်သည်။ မိဖုရားကြီးပျံ့က မည်မျှ အချစ်ခံရပါစေ၊ စည်းမျဉ်းများကို မချိုးဖောက်ရဲပေ။

All Chapters