အခန်း (၆၅၁-၆၅၂)
Vol. 42 Ch. 651-652
အပိုင်း (၆၅၁)
“ကောင်းပြီ... ကောင်းပြီ” နင်ယွမ်ရှန်းက ရွေးချယ်စရာ မရှိတော့ချေ။ သူက မိဖုရားကြီးပျံ့၏ နန်းဆောင်မှ ထွက်ခွာပြီး မိဖုရားကြီး၏ နန်းဆောင်ဆီသို့ လျှောက်သွား၏။
နောက်ဆုံးမှာတော့ သူက ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် မိဖုရားကြီး၏ နန်းဆောင်တံခါးက တင်းကြပ်စွာ ပိတ်ထားသောကြောင့်ပင်။
“အရှင်မင်းကြီး.. မိဖုရားကြီးကျူး အိပ်ယာဝင်သွားပါပြီ။” နန်းတွင်းအပျိုတော်လေး တစ်ယောက်က ကြမ်းပြင်ပေါ် ဒူးထောက်ရင်း တုန်တုန်ယင်ယင်နှင့် လျှောက်တင်သည်။
“ဘာ... ဒါ ဘာသဘောလဲ။ မိဖုရားကြီးကျူးက ငါနဲ့အတူအိပ်ဖို့ ငြင်းပယ်ချင်တာလား”
သူ့ကို ဝင်ခွင့်မပေးဘဲ ငြင်းပယ်ချင်သည်လား။ ဘုရင်မင်းမြတ်၏ နန်းတော်ရော ဟုတ်ပါရဲ့လား။
“ဟား ဟား ဟား”
ဤအရာက လောကတွင် ရယ်စရာအကောင်းဆုံးသော ပျက်လုံးတစ်ခုပင်ဖြစ်၏။ အိမ်ရှေ့စံမင်းသား နင်ယီက အဆင်မပြေသေးသည့် သေးငယ်သော တိုက်ပွဲလေးတစ်ခုကို အောင်နိုင်ရုံသာ ရှိသေး၏။ အဘယ်ကြောင့် နှစ်တစ်ရာသက်တမ်းရှိသည့် အောင်မြင်မှုကြီး ရထားသလို လုပ်နေကြရသနည်း။ သူ၏ မိဖုရားကြီးကတောင်မှ သူ့ခေါင်းပေါ်သို့ တက်နင်းနေချင်၏။
“ရွှဲ့ပြည်နယ်ရဲ့ ဘုရင်က ငါ နင်ယွမ်ရှန်း၊ နင်ယီ မဟုတ်ဘူး။ ကျူးမိသားစုက ရွှဲ့ပြည်နယ်ရဲ့ဘုရင် ဖြစ်မလာနိုင်ဘူး” နင်ယွမ်ရှန်းက တစ်ခါမှ မကြုံဖူးလောက်အောင်ပင် အရှက်ရ သိမ်ငယ်ခြင်းကို ခံစားရ၏။ သူက မဲ့ပြုံး ပြုံးလိုက်သည်။
ပြီးနောက် သူက မိဖုရားကြီးကျူး၏ နန်းဆောင်မှ ထွက်ခွာကာ မိဖုရားကြီးပျံ့ဆီသို့ ပြန်လှည့်လိုက်၏။ ရယ်စရာ ကောင်းသလို ရှက်ရွံ့စရာကောင်း၏။ နင်ယွမ်ရှန်းက တစ်ကိုယ်လုံး တုန်ယင်နေပြီး လက်များက ပိုမို၍ တုန်ခါနေ၏။ “ကျူးမိသားစု... မင်းတို့ ဒီလောက် မောက်မာမှန်း ငါ အရင်က မသိခဲ့ဘူး။”
မိဖုရားကြီးပျံ့၏ နန်းဆောင်ကို မရောက်ခင်မှာပင် မိန်းမစိုးကြီးရှောင်လီက ရောက်လာကာ သတင်းပို့သည်။ “အရှင်မင်းကြီး...ကျူးဟုန်ကျူးနှင့် ကျန်ကျောင်းတို့ အရှင်မင်းကြီးကို လာတွေ့ပါတယ်။”
နင်ယွမ်ရှန်းက အံ့အားသင့်သွား၏။ ညအချိန်ကြီး ကျူးဟုန်ကျူး လာတွေ့သည်မှာ ထူးဆန်းနေ၏။ ထို့ပြင် ကျန်ကျောင်းလည်း ပါလာ၏။ ကျန်ကျောင်းက နန်အိုစစ်မြေပြင်တွင် ရှိနေသည် မဟုတ်ပါလား။ ရုတ်တရက် နင်ယွမ်ရှန်း၏ စိတ်ထဲတွင် မကောင်းသည့် နိမိတ်ကို ခံစားရ၏။ သူက စာကြည့်ခန်းဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။
...........................
နင်ယွမ်ရှန်း စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျူးဟုန်ကျူးနှင့် ကျန်ကျောင်းတို့က မြေပြင်ပေါ်တွင် ညီညီညာညာ ဒူးထောက်နေသည်ကို တွေ့ရသည်။
“အရှင်မင်းကြီး... ကျုပ်တို့ နန်အိုစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်သည်တွေအကုန်လုံး သုတ်သင်ရှင်းလင်း ခံလိုက်ရပါတယ်။” ကျန်ကျောင်းက တည့်တိုးပင် လျှောက်တင်ခဲ့၏။
နင်ယွမ်ရှန်းက တစ်ကိုယ်လုံး မလှုပ်မယှက်နှင့် တောင့်တင်းသွားခဲ့၏။ ရှုံးပြီ ဟုတ်လား။ စစ်သည် နှစ်သိန်းကျော်ပါသည့် တပ်ကြီးတစ်ခုလုံးက သုတ်သင်ခံလိုက်ရသည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။
လွန်ခဲ့သည့်ရက် အနည်းငယ်ကမှ အောင်ပွဲရ သတင်း ရောက်လာခဲ့၏။ အကြီးအကျယ် နိုင်ခဲ့သည်ဟုပင် ပြောဆိုခဲ့၏။ ကျင်းမင်းသား၏ စစ်တပ်က အလုံးစုံ သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။ ယခု အဘယ်ကြောင့် ရွှဲ့ပြည်နယ်၏ စစ်တပ်က သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသနည်း။
“အရှင်မင်းကြီး... အရှင်မင်းကြီး” လီစွမ်းက ရှေ့သို့တိုးလာပြီး နင်ယွမ်ရှန်းကို တွဲထူပြီး ထိုင်ခုံပေါ်တွင် ထိုင်စေသည်။
“ပြောစမ်း... အကုန်လုံး ပြောကြစမ်း။” လီစွမ်းက ဒေါသတကြီးဖြင့် အော်လိုက်၏။
ဤအချိန်မှာတော့ နင်ယွမ်ရှန်းက စကားပင် မပြောနိုင်တော့ချေ။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး အပူချိန်ပင် မရှိတော့ချေ။
ကျန်ကျောင်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်နှင့် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် လျှောက်တင်၏။ ပြီးနောက် စာကြည့်ခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
..............................
ဤအရာက အင်ပါယာကျန်းလီ ရုတ်တရက် နတ်ရွာစံပြီးနောက်တိုင်း အဆိုးဝါးဆုံး သတင်းဆိုးတစ်ခုပင်။ နင်ယွမ်ရှန်းက နောက်သို့ မှီချလိုက်ပြီး နာကျင်စွာဖြင့် မျက်လုံးကို မှိတ်ထားလိုက်မိ၏။ သူ၏ မျက်လုံးများက အမှန်တကယ် မဖွင့်နိုင်တော့ချေ။ မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းမူး၏။
လီစွမ်းက ရှမ့်လန် ပေးထားသည့်ဆေးကို အမြန်ဖွင့်ပြီး နင်ယွမ်ရှန်း၏ ပါးစပ်ထဲသို့ ထည့်၏။ ပြီးနောက် ဂျင်ဆင်းပြုတ်ရည်နှင့် မျှောချစေသည်။
“ကျူးဟုန်ကျူး... ခင်ဗျားက တကယ့်ကို အရှက်မရှိတဲ့လူပဲ။ ခဏကြာပြီးနောက် နင်ယွမ်ရှန်း၏ နှုတ်မှ ပထမဦးဆုံး စကားထွက်လာ၏။ သူ့အသံက အလွန်ပင် မောပန်းနွမ်းနယ်နေသည်။
ကျူးဟုန်ကျူးက နဖူးနှင့် ကြမ်းပြင်ကို ထိကပ်၏။
“တကယ့်ကို အရှက်မရှိတာပါ။ တကယ့်ကို အရှက်မရှိတာပါပဲ။”
“တစ်ခုခု ပြောလေ... ကျူးဟုန်ကျူး”
ကျူးဟုန်ကျူးက တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ကျုပ်... ကျုပ် သေဒဏ်ထိုက်ပါတယ်။”
နင်ယွမ်ရှန်းက တိုးညှင်းစွာ ပြောလိုက်၏။ “အိမ်ရှေ့စံ ဒီအောင်ပွဲရဖို့ ခင်ဗျားက ခင်ဗျားရဲ့ ရှိရှိသမျှ အာဏာတွေကို သုံးပြီး အိမ်ရှေ့စံကို တောင်ဘက်ဆီလွှတ်ဖို့ တွန်းအားပေးခဲ့တယ်။ ရှမ့်လန်နဲ့ နင်ကျန်းတို့က ကန့်ကွက်တယ်။ ကျုပ်က အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ရှမ့်လန်ကို ကျုပ်က ယုံကြည်တယ်။ ဒါကြောင့် နင်ယီကို တောင်ဘက်မလွှတ်ဘဲ အချိန်ဆွဲထားခဲ့တယ်။
ခင်ဗျားက ငြင်းဆန်တယ်။ ကျူးလင်းနှင့် နန်းကုန်းအိုက သနားခံစာတစ်စောင်ပြီး တစ်စောင် ပို့တယ်။ အိမ်ရှေ့စံသာ မသွားရင် သူတို့က စစ်မတိုက်ချင်သလိုလို ဖြစ်နေတယ်။ ကျူးလင်းက နေမကောင်းဖြစ်ပြီး အသက်အန္တရာယ် ရှိနေတယ်။ ခင်ဗျားက ပညာရှင်အားလုံးကို ဆော်ဩပြီး ရှမ့်လန်နှင့် နင်ကျန်းကို တိုက်ခိုက် စေတယ်။ သူတို့ကို တိုင်းပြည်ရဲ့ သစ္စာဖောက်တွေအဖြစ် သမိုင်းမှတ်တမ်းမှာ ရေးထိုးစေတယ်။ ကျုပ်ကိုတော့ အရည်အချင်းမရှိတဲ့ မင်းဆိုးမင်းညစ်အဖြစ် သမိုင်းမှတ်တမ်းမှာ ရေးထိုးစေတယ်။”
ကျူးဟုန်ကျူးက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲပင်။
“ကျူးဟုန်ကျူး... ခင်ဗျားရဲ့ မဟာဗျူဟာအမြင်က ကျုပ်ထက်သာတယ်။ ပြောစမ်းပါအုံး။ အဲဒီတုန်းက ရှမ့်လန်က တောင်ဘက်ကို မသွားသင့်ဘူး။ စစ်တပ်က မတိုက်ခိုက်သင့်ဘူးလို့ အခိုင်အမာ ပြောထားတယ်။ အဲဒီအစား မြို့ကို ကာကွယ်ပြီး နယ်စပ်မှာ ခံတပ်တွေဆောက် ကျင်းမင်းသားနဲ့ စစ်ပွဲတိုက်သင့်တယ်လို့ ပြောခဲ့တယ်။ ကျုပ် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဘူး။ ခင်ဗျားကော ရှမ့်လန်ပြောတာတွေ အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့လား။”
ကျူးဟုန်ကျူးက ဦးတိုက်လိုက်၏။ “ထင်ပါတယ်။”
နင်ယွမ်ရှန်းက မေးလိုက်သည်။ “ဒါဆိုရင် ဘာလို့ အိမ်ရှေ့စံကို တောင်ဘက်ကိုလွှတ်ပြီး ကျင်းမင်းသားကို တိုက်ခိုက်စေရတာလဲ။”
ကျူးဟုန်ကျူးက တုန်ယင်နေသည့် အသံဖြင့် ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ အိမ်ရှေ့စံရဲ့နေရာ ခိုင်မာစေဖို့ ဒီအောင်မြင်မှုကို လိုချင်လို့ပါ။”
နင်ယွမ်ရှန်းက ပြောသည်။ “နှစ်သိန်းနဲ့ လေးသောင်းကို ဝိုင်းတိုက်တာတောင်မှ ရန်သူကို မနိုင်ဘဲနဲ့ တစ်ဖက်လူက ဖောက်ထွက်သွားတယ်။ ခင်ဗျားတို့ဆီမှာ လူသုံး၊ လေးသောင်း ထိခိုက်မှုရှိပြီး ကျင်းမင်းသားဘက် က တစ်သောင်းပဲ ထိခိုက်မှု ရှိတယ်တဲ့။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စကားလုံးထဲမှာတော့ ရန်သူ ရှစ်သောင်းကို သုတ်သင်ရှင်းလင်းပစ်နိုင်ပြီး ကျင်းမင်းသားရဲ့ စစ်တပ်ကို သုတ်သင်လုနီးပါးဖြစ်အောင် လုပ်ခဲ့တယ်။ ကျူးဟုန်ကျူး... ခင်ဗျား အဲလောက်ထိ အရှက်မရှိဘူး။”
“ကျုပ် သေထိုက်ပါတယ်။ ကျုပ် သေထိုက်ပါတယ်။”
နင်ယွမ်ရှန်းက ပြော၏။ “ခင်ဗျား သေထိုက်တယ်။ ရှမ့်လန်က ကျုပ်ကို ပြောဖူးတယ်။ ခင်ဗျားက တော်ဝင်ရန် အင်ပါယာရဲ့ လက်အောက်ခံပဲတဲ့။ ခင်ဗျား လုပ်သမျှ အရာအားလုံးက တော်ဝင်ရန်အင်ပါယာကို အလုပ်အကျွေး ပြုဖို့ပဲ။ ခင်ဗျားက ရွှဲ့ပြည်နယ်အပေါ် ဘာသစ္စာမှ မရှိဘူး။ ကျုပ် မယုံခဲ့ဘူး။ ခင်ဗျားက ကျုပ်နဲ့ ရွှဲ့ပြည်နယ် အပေါ် သစ္စာရှိတယ်လို့ ကျုပ် ထင်ခဲ့တယ်။ အခုတော့ ကျုပ် အတွေးလွန်ခဲ့တာပဲ။”
ကျူးဟုန်ကျူး ကြမ်းပြင်ပေါ်တွင် ဝပ်စင်းရင်း ဆိုသည်။ “ကျုပ်... ကျုပ် သေထိုက်ပါတယ်။”
“ခင်ဗျားကို သတ်လိုက်လို့ ကျုပ်တို့ရှိတဲ့ပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် အခု ခင်ဗျားကို ကျုပ် အပိုင်းပိုင်း ဆွဲဖြတ်ပစ်ပြီ။”
နင်ယွမ်ရှန်းက ရုတ်တရက် ထရပ်ပြီး အော်ဟစ်လိုက်၏။ “အဘိုးကြီး... ခွေးအိုကြီး... ခင်ဗျားက စုနန်လောက်တောင် ဦးနှောက်မရှိပါလား။”
“ကျုပ်... ကျုပ် သေထိုက်ပါတယ်။”
နင်ယွမ်ရှန်းက မျက်လုံးကို ပြန်မှိတ်လိုက်၏။ ဖြစ်ပြီးသည်တာတွေက ဖြစ်သွားခဲ့ပြီ။ ဒေါသထွက်နေ၍လည်း အဓိပ္ပာယ်မရှိတော့ချေ။ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။
“နန်အိုနိုင်ငံကို ကယ်လို့မရတော့ဘူး။ ထျန်းနန် ခံစစ်စည်းက စစ်သည်တစ်သိန်းကိုလည်း ရွှေ့ပြောင်းလိုက်ရပြီ။ ထျန်းနန်ခံစစ် တစ်ခုလုံးမှာ စစ်သည် ဘယ်လောက် ကျန်သေးလဲ။ ကျုပ်ကို ပြောစမ်း။” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။
ထိုအချိန်မှာပဲ အပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်လာခဲ့၏။
“ကျုံးအီ လာရောက်ခစားပါတယ်။ အရှင်မင်းကြီး။”
“နင်ချီ လာရောက်ခစားပါတယ်။”
စစ်ရေးဗျူရိုမှ ဒုတိယအကြီးအကဲနှစ်ယောက်တို့ ရောက်ရှိလာခဲ့ခြင်းပင်။ ထို့နောက် သူတို့နှစ်ဦးက ဝမ်းနည်းဖွယ်ရာ သတင်းဆိုးကို ပြောကြားသည်။
“ထျန်းနန်ပြည်နယ်မှာ စစ်သည် ထောင်ဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။ တိုက်ခိုက်နိုင်တဲ့အင်အားဆိုလို့ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးရဲ့ ကိုယ်ပိုင်စစ်သည် ၅၀၀၀ လောက်ပဲ ရှိပါတော့တယ်။” ဦးရီးတော်နင်ချီက တင်ပြ၏။
နင်ယွမ်ရှန်း မေးလိုက်သည်။ “ကျင်းမင်းသားဆီမှာ စစ်သည် ဘယ်လောက်ရှိလဲ။”
ကျန်ကျောင်းက ပြောပြ၏။ “အနည်းဆုံး ငါးသောင်း၊ ခြောက်သောင်း၊ တစ်သိန်းကျော်လောက် ရှိနိုင်ပါတယ်။”
နင်ယွမ်ရှန်းက မေးလိုက်သည်။ “နန်အိုနိုင်ငံမှာ ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တစ်သိန်းခုနစ်သောင်းကို ဖိနှိပ်ဖို့အတွက် စစ်သည် သုံးလေးသောင်းလောက် သုံးခဲ့တယ်။ ဒါဆိုရင် ထျန်းနန်ပြည်နယ်မှာ သူ့ကို တားဆီးနိုင်မယ်လို့ ခင်ဗျားတို့ ထင်လား။”
အားလုံးက နာနာကျင်ကျင်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ စစ်သည်နှစ်သိန်းခွဲကို ဆုံးရှုံးပြီးနောက် ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်းဒေသတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။
ယခု စစ်သည်ရှိသည့်နေရာ ဟူ၍ နှစ်နေရာသာ ကျန်တော့၏။ ပျံ့ရှောင်နှင့် နင်ချီတို့ထံတွင် စစ်သည် တစ်သိန်းကျော်၊ အနောက်ဘက်ရှိ ကျုံးယောင်ထံတွင် စစ်သည် တစ်သိန်းကျော်သာလျှင် ရှိ၏။ မြို့တော်တွင် စစ်သည်ပေါင်း သောင်းဂဏန်းသာ ကျန်ရှိတော့ပြီး ကျန်းကျိရှုထံတွင်လည်း စစ်သည် အနည်းငယ် ရှိ၏။ ကျန်သည့်နေရာများက ဟာလာဟင်းလင်းပင်။
ယခု ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်း ဒေသတစ်ခုလုံးက အကာအကွယ်မဲ့နေသည့်အမျိုးသမီးဖြစ်ရုံသာမက သူတစ်ပါးအဓမ္မပြုခြင်းကို ခံရနိုင်သော အဝတ်ဗလာနှင့် အမျိုးသမီးသဖွယ် ဖြစ်လို့နေ၏။ ဘာဆက်လုပ်သင့်သနည်း။
ကျန်ကျောင်းက လျှောက်တင်သည်။ “အရှင်မင်းကြီး... စစ်သူကြီးကျူးလင်းက သေတမ်းစာ ထားခဲ့ပါတယ်။”
နင်ယွမ်ရှန်းက ရွံရှာစွာဖြင့် ပြောလိုက်၏။ “ကျုပ် မဖတ်ချင်ဘူး။ ခင်ဗျားပဲ ဖတ်ပြ”
ကျန်ကျောင်းက သေတမ်းစာကို ဖတ်ပြ၏။ အစပိုင်းက ကျူးလင်းက သူ၏ ပြစ်မှုအားလုံးကို ဝန်ခံထားသည့် အကြောင်းများသာ ဖြစ်သည်။
“အဲဒါတွေ ကျော်လိုက်စမ်း။ အရေးကြီးတဲ့ အကြောင်းအရာတွေကိုပဲ ဖတ်” နင်ယွမ်ရှန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
ကျန်ကျောင်းက ပြောလိုက်သည်။ “ကျင်းမင်းသားနဲ့ ညှိနှိုင်းဆွေးနွေးပြီး မဟာမိတ်ဖွဲ့သင့်ပါတယ်။ ပြီးရင် ချောင်ပြည်နယ် စစ်ပွဲကို အာရုံစိုက်သင့်ပါတယ်။ ထျန်းနန်ပြည်နယ်က ခရိုင်ငါးခုကို ကျင်းမင်းသားဆီ ပေးအပ်လိုက်တယ်ဆိုရင်တောင် ဖြစ်ပါတယ်။”
ထိုစကားထွက်ပေါ်လာသည်နှင့် အားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူမှ ထကာ မဆဲကြတော့ပေ။ ကျင်းမင်းသား၏ လောဘက ဤလောက်ပင်လား။ ခရိုင်ငါးခုနှင့် လုံလောက်နေပြီလား။
အချုပ်အချာအာဏာကို ဆုံးရှုံးပြီးနောက် တိုင်းပြည်ဂုဏ်သိက္ခာဆိုသည်က မည်သူ့မှ ထုတ်ဖော် ပြောနိုင်မည့် အရာမျိုး မဟုတ်တော့ချေ။ ရှိနေသည့်သူများက လူအနည်းစုသာ ဖြစ်ပြီး အားလုံးက ထိပ်တန်းအရာရှိများ ဖြစ်သဖြင့် ဟန်ဆောင်နေစရာ မလိုတော့ချေ။
အကယ်၍ ခရိုင်ငါးခုကို ပေးအပ်လိုက်ခြင်းဖြင့် ကျင်းမင်းသားကို ကျေနပ်စေနိုင်သည်ဆိုလျှင် ကံကောင်းခြင်း တစ်ခုပင်။ ယခု ရွှဲ့ပြည်နယ်က အန္တရာယ် အရှိဆုံးကာလကို ရောက်ရှိနေ၏။ ကျင်းမင်းသားသာ မြောက်ဘက်သို့ နယ်စပ်ဖြတ်ကျော်လာပါက ရွှဲ့ပြည်နယ်၏ တောင်ပိုင်းဒေသတစ်ခုလုံးက ကျရှုံးသွားပေလိမ့်မည်။ ကျင်းမင်းသား ၏စစ်တပ်က လမ်းတစ်လျှောက်ရှိ အရာအားလုံးကို သုတ်သင်ရှင်းလင်းသွားနိုင်ပြီး နန်းမြို့တော်ကိုပင် တိုက်ခိုက်လာနိုင်သည်။
ထျန်းနန်ပြည်နယ်ကို ကာကွယ်ရန် တောင်ဘက်သို့ စစ်သည်များ ဖြန့်ကျက်ရန် မဖြစ်နိုင်တော့ချေ။ ပထမအချက် အချိန်မလုံလောက်ခြင်း။ ဒုတိယအချက် ဖြန့်ကျက်စရာ စစ်တပ်မရှိခြင်းပင်။
ချောင်ပြည်နယ်ကသာ သတင်း ရရှိပါက ရူးသွပ်စွာဖြင့် စစ်ခင်းပြီး ရွှဲ့ပြည်နယ်၏ အနောက်ဘက် နယ်စပ်ကို တိုက်ခိုက်လာပေလိမ့်မည်။ ကျုံးယောင်၏ စစ်သည်တစ်သိန်းကျော်က ချောင်ပြည်နယ်၏ စစ်သည်သုံးသိန်းကို ကာကွယ်ရန် အသည်းအသန် ဖြစ်နေပေမည်။ ထို့သို့ဆိုလျှင် ပိုလျှံသည့် အင်အားဆို၍ ရှိပါတော့မည်လား။
ရွှဲ့ပြည်နယ်အနေနှင့် စစ်မျက်နှာနှစ်ခုကို တပြိုင်နက် ဖွင့်လှစ်နိုင်စွမ်းမရှိချေ။ ကျင်းမင်းသားနှင့် ချောင်ပြည်နယ်တို့ ၏ တိုက်ခိုက်ခြင်းကို ခံရပါက ဝူပြည်နယ်ကလည်း စစ်တပ်ကို စေလွှတ်ပေလိမ့်မည်။ ထို့သို့ဆိုလျှင် ကပ်ဘေးကြီးကျမှာ သေချာ၏။
ရွှဲ့ပြည်နယ်သည် အစိတ်အပိုင်း အပိုင်းပိုင်းဖြစ်မည့် ကံကြမ္မာမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ အနည်းဆုံး တိုင်းပြည်၏ သုံးပုံနှစ်ပုံလောက် ပါသွားပေလိမ့်မည်။
“ဒါဆိုရင် ဆွေးနွေးကြတာပေါ့။ ကျင်းမင်းသားနဲ့ ဆွေးနွေးဖို့ လျှို့ဝှက်သံတမန်ကို စေလွှတ်လိုက်။” နင်ယွမ်ရှန်းက ပြောသည်။
“ဘယ်သူသွားမလဲ။ ရှမ့်လန်ဆိုရင်ရော” ကျုံးအီက မေး၏။
“မဖြစ်နိုင်ဘူး။” နင်ယွမ်ရှန်းက တိတိကျကျ ငြင်းပယ်လိုက်၏။ ညှိနှိုင်းဆွေးနွေးဖို့ သွားသည်ဆိုသည်က အသနားခံခြင်း၊ နယ်မြေပေးအပ်ကာ တိုင်းပြည်၏သိက္ခာကို သွားရောက်ကာ ချခြင်းနှင့် တူတူပင်။
ဦးရီးတော် နင်ချီက ပြော၏။ “ကျုပ်သွားပါမယ်။”
နင်ယွမ်ရှန်းက အလွန်မင်း စိတ်ထိခိုက်သွားသည်။ “ထားလိုက်တော့” ဦးရီးတော်နင်ချီက ရိုးသားလွန်းပြီး ခေါင်းမာ၏။ ညှိနှိုင်းဆွေးနွေးဖို့ မသင့်တော်ချေ။
ကျူးဟုန်ကျူးက ပြောလိုက်၏။ “ကျူးကျွင်းကို လွှတ်လိုက်ပါ။ မတော်တဆ ကိစ္စရပ်သာ မရှိရင် ကျူးကျွင်းက အဲဒီကို ရောက်နေလောက်ပါပြီ။”
ရုတ်တရက် ကျူးဟုန်ကျူးက မေးလိုက်သည်။ “အရှင်မင်းကြီး... ရွှယ်ချီဆိုရင်ရော။”
အပိုင်း (၆၅၂)
ရွှယ်ချီ... ဤလူက လူကောင်းတစ်ယောက်ပင်။ ဤလူက တော်ဝင်ရန်အင်ပါယာ၌ တာဝန်ကျခဲ့ဖူးပြီး ထောက်လှမ်းရေးနှင့် သံတမန်ရေးရာတွင် တာဝန်ယူခဲ့ဖူး၏။ အလွန်လည်း အရည်အချင်းရှိ၏။
...................
နောက်ရက် အနည်းငယ်အတွင်းမှာပဲ သတင်းဆိုးများ ဆက်တိုက် ရောက်ရှိလာ၏။ မူလက စိတ်လှုပ်ရှား တက်ကြွနေသည့် နန်းမြို့တော်သူ၊ နန်းမြို့တော်သား အားလုံးက ငြိမ်ကျသွားသည်။
အောင်ပွဲခံနေသည့် မင်းမှုထမ်းအားလုံးက တုန်လှုပ်ခြောက်ခြားနေ၏။ သတင်းဆိုးများက ပိုမိုကာ ဆိုးဝါးလာခဲ့၏။ နန်အိုနိုင်ငံ လုံးဝ ကျဆုံးသွားပြီ ဖြစ်၏။ ရွှဲ့ပြည်နယ်၏ စစ်သည် နှစ်သိန်းခွဲလုံး သုတ်သင်ခံလိုက်ရ၏။ စစ်သူကြီး ကျူးလင်းက စစ်ပွဲအတွင်း သေဆုံးသွား၏။
ဤအရာက တရားဝင်သတင်းသာ ရှိသေး၏။ တခြားသတင်းများလည်း ကျန်ရှိနေသေး၏။ မြောက်ပိုင်း ကာကွယ်ရေး စစ်သူကြီး နယ်စားကြီး နန်းကုန်းအိုက လက်နက်ချလိုက်၏။ အိမ်ရှေ့စံမင်းသား နင်ယီ လက်နက်ချလိုက်၏။ တကယ့်ကို သေစေနိုင်လောက်သည့် ထိုးနှက်ချက်များပင်။
ဤအရာက အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ မှူးမတ်များနှင့် နန်းမြို့တော်ရှိ ပြည်သူများအတွက် သေစေနိုင် လောက်သည့် ထိုးနှက်ချက်ပင် ဖြစ်၏။ ပါးစပ်ကို ပိတ်ရိုက်လိုက်သကဲ့သို့ပင်။ လွန်ခဲ့သည့် ရက်အနည်းငယ် ကမှ အိမ်ရှေ့စံကို မိုးထိအောင် မြှောက်စားခဲ့သေး၏။
နင်ယီသာ မရှိလျှင် ရွှဲ့ပြည်နယ်က ညနက်သကဲ့သို့ပင် မှောင်မိုက်နေတော့မည်။ နှစ်တစ်ရာတွင် တစ်ကြိမ်သာ ပေါ်ထွန်းမည့် သူရဲကောင်း မင်းမြတ်လောင်းပင်။ ဤကဲ့သို့ အမွှန်းတင်ရေးသားခဲ့သည့် သူရဲကောင်းမင်းမြတ်လောင်းက ကျင်းမင်းသားထံ လက်နက်ချလိုက်သည်။
မင်းသားပျိုတစ်ယောက်အနေနှင့် စစ်ရှုံးသည့် အချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် သတ္တိ မရှိပေဘူးလား။
“တကယ့်ကို သိက္ခာကျလိုက်တာ။ ငါတို့က ဒီလိုလူမျိုးကို ဘာလို့ မင်းကောင်းမင်းမြတ်အဖြစ် သတ်မှတ်ခဲ့ရတာလဲ။ ငါတို့က သူ့ကို ရွှဲ့ပြည်နယ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်အဖြစ် သတ်မှတ်ခဲ့တာလေ။”
နင်ယွမ်ရှန်းက အိမ်ရှေ့စံနင်ယီ လက်နက်ချသည့် သတင်းကို ကြားရပြီးနောက် နောက်တစ်ကြိမ် သတိလစ် သွားပြန်၏။ ဤအချိန်မှာတော့ လေဖြတ်လုနီးပါးပင်။ ပြန်နိုးလာချိန်တွင် ခန္ဓာကိုယ်တစ်ခြမ်းက ထုံကျဉ်နေ၏။ သူ့တွင်ရှိသည့် ပါကင်ဆန်ရောဂါက ပိုမိုကာ ဆိုးဝါးလာ၏။ သူ၏လက်များ တုန်ယင်ခြင်းကို ဖုံးကွယ်၍ မရတော့ချေ။ ယခုအချိန်မှာတော့ နင်ယွမ်ရှန်းက သူ၏သားကို အပိုင်းပိုင်း ဆွဲဖြတ်ချင်၏။
“နင်ယီ... မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေတာလဲ။ မင်းဘာလို့ သတ်မသေတာလဲ။ မင်း သတ်သေလိုက်ရင် နင်မိသားစုရဲ့ ဂုဏ်သိက္ခာက ကျန်ရှိနေအုံးမယ်။ ကျင်းမင်းသားဆီမှာ လက်နက်ချလိုက်တယ် ဟုတ်လား။ မင်း ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်တောင် ထိုးနှက်လိုက်တာလဲ။ ငါ ဒီလောကမှာရှိတဲ့ ပြည်သူတွေကို ဘယ်လိုမျက်နှာပြရမလဲ။”
...........
နှစ်သစ်ကူး ရောက်ရှိပြီ။ နွေဦးပွဲတော်က ပြီးသွား၏။ ရွှဲ့ပြည်နယ်တစ်ဝန်းလုံးတွင် နှစ်သစ်ကူးပွဲ ကျင်းပသည့် မိသားစုဟူ၍ မရှိတော့သလောက်ပင်။
မျှော်လင့်ချက်မဲ့ခြင်း... မျှော်လင့်ချက်မဲ့ခြင်းက အရာအားလုံးကို လွှမ်းခြုံထား၏။
ပထမလ၏ တတိယမြောက်နေ့။ အဆိုးဝါးဆုံး သတင်းက ရောက်ရှိလာ၏။ ကျင်းမင်းသားက နန်အိုနိုင်ငံ၏ ဘိုးဘွားပိုင်နယ်မြေများကို တရားဝင် သိမ်းပိုက်လိုက်ကြောင်း တစ်လောကလုံးကို ကြေညာ၏။ ပြီးနောက် ကျင်းမင်းသား၏ တာ့နန်နိုင်ငံက စစ်သည်ပေါင်းတစ်သိန်းကို စုဆောင်းပြီး အရှေ့နှင့် အနောက်အဖြစ် လမ်းကြောင်း နှစ်ခုခွဲကာ မြောက်ဘက်သို့ ချီတက်လာသည်။
အရှေ့ဘက်တွင် တာ့နန်နိုင်ငံ၏စစ်သူကြီး ရှယန်က စစ်သူကြီးအဖြစ်၊ နန်းကုန်းအိုက ဒုတိယ စစ်သူကြီးအဖြစ် ဦးဆောင်ပြီး စစ်သည်ပေါင်းငါးသောင်းက လော်ရီမြို့မှ ထွက်ခွာလာ၏။
အနောက်ဘက်တွင်တော့ တာ့နန်နိုင်ငံ၏ အတိုင်ပင်ခံသံတမန်ကြီး စုနန်က စစ်သူကြီးအဖြစ် ဦးဆောင်ပြီး သဲမြို့မှ စစ်သည်ငါးသောင်းကို ဦးဆောင်ကာ ထွက်ခွာလာခဲ့၏။
ရွှဲ့ပြည်နယ်၏အခြေအနေက ပြိုလဲသွားပြီ ဖြစ်၏။ ထျန်းနန်စီရင်စုရှိ ပြည်သူများက ထွက်ပြေး တိမ်းရှောင်ကြ၏။ ရွှဲ့ပြည်နယ်၏ မြို့တော်တွင် ညမထွက်ရအမိန့်ကို နောက်တစ်ကြိမ် ထုတ်ပြန်ထား၏။ အစားအစာ ခွဲတမ်းစနစ်ကို နောက်တစ်ကြိမ် ကျင့်သုံးလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ အခြေအနေကို တကူးတက ထိန်းချုပ်ရန်ပင် မလိုသလောက်ပင်။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက်မဲ့နေသည့် အခြေအနေက နန်းတော်တစ်ခုလုံး ကို လွှမ်းမိုးနေသောကြောင့်ပင်။
နေ့စဉ်နေ့တိုင်း ထျန်းနန်စီရင်စုမှ ထွက်ပြေးလာသည့် ဒုက္ခသည်များက နန်းမြို့တော်သို့ ရောက်ရှိလာ၏။ ကောလာဟလများက ပိုမိုစွာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ ကျင်းမင်းသားက ထျန်းနန်စီရင်စု တစ်ခုလုံးကို သိမ်းပိုက်လိုက်၏။ ကျင်းမိသားစုကလည်း လက်နက်ချလိုက်၏။ ကျင်းမင်းသား၏ စစ်တပ်က မကြာခင် နန်းမြို့တော်ကို ရောက်ရှိလာပေတော့မည်။ နန်းမြို့တော် တစ်ခုလုံး ထိတ်လန့်တကြား ဖြစ်နေ၏။
ပထမလ၏ ပဉ္စမမြောက်ရက်နေ့မှာတော့
ကျင်းမင်းသား၏ သံတမန်က နင်ယွမ်ရှန်းကိုတွေ့ဆုံရန် နန်းမြို့တော်သို့ ဝင်ရောက်လာသည်။ “ကျုပ်တို့ ဘုရင်မင်းမြတ်က စစ်ပွဲကို ရပ်တန့်ဖို့ ဆန္ဒရှိပါတယ်။”
ထိုစကားကိုကြားချိန်မှာတော့ ရွှဲ့ပြည်နယ်၏ ဘုရင်နှင့် မှူးမတ်များက အလွန်အမင်း ဝမ်းသာသွားကြ၏။ နင်ယွမ်ရှန်းက ကျင်းမင်းသားနှင့် ညှိနှိုင်းဆွေးနွေးရန် လျှို့ဝှက်သံတမန်ကို စေလွှတ်ထားပြီး ဖြစ်၏။ သို့သော်ငြား ထိုသံတမန်က နန်အိုနိုင်ငံသို့ ယခုမှ ဝင်ရောက်ကာစသာ ရှိသေး၏။ ညှိနှိုင်းမှုက တရားဝင် မစတင်သေးချေ။
အဘယ်ကြောင့် ကျင်းမင်းသားက ဦးဆောင်ပြီး သံတမန်ကို စေလွှတ်လိုက်ရသနည်း။ ထို့အပြင် နင်ယွမ်ရှန်းကို တွေ့ဆုံရန်အတွက် လူသိရှင်ကြား တောင်းဆိုလာခဲ့၏။
“ငြိမ်းချမ်းရေးတောင်ဆိုချက်က အရမ်းလွယ်ကူပါတယ်။ ထျန်းနန်စီရင်စုတောင်ပိုင်းက ခရိုင်ငါးခုကို ပေးအပ်လိုက်ပါ။”
ထိုစကားကို ကြားသည်နှင့် နင်ယွမ်ရှန်းနှင့် ကျန်ရှိနေသည့် မှူးမတ်များက တုန်လှုပ်သွားခဲ့ကြ၏။ ဘာတွေ ဖြစ်နေသနည်း။ ခရိုင်ငါးခုကို ပေးအပ်မည့်ကိစ္စကို သိသူဆို၍ လူခုနစ်ယောက်ထက် မပိုသင့်ပေ။ နင်ယွမ်ရှန်း၊ ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ချီ၊ ကျန်ကျောင်း၊ လီစွမ်းနှင့် ရွှယ်ချီ။ ဤလူ ခုနစ်ယောက်ထဲမှ မည်သူမှ သတင်းပေါက်ကြားနိုင်စရာ အကြောင်းမရှိချေ။
သို့ပေမည့် ကျင်းမင်းသားက သူတို့ဗိုက်ထဲမှာ သန်ကောင်များကဲ့သို့ပင် ရွှဲ့ပြည်နယ်၏ သံတမန် မရောက်ခင်တွင် ထိုအချက်ကို တိုက်ရိုက်လာကာ တောင်းဆို၏။
ပြီးနောက် ကျင်းမင်းသား၏သံတမန်က မြေပုံတစ်ခုကို ထုတ်လိုက်ပြီး ပေးအပ်ရမည့် ခရိုင်ငါးခုကို ထောက်ပြ၏။ ထျန်းနန်၊ ရန်ဝူ၊ နုကျန့်၊ ဝူအန်း၊ နင်ရွှေ စသဖြင့်ပင်။ ထျန်းနန်စီရင်စု၏ မြို့တော်နှင့် ကျင်းမိသားစု နေထိုင်ရာ နုကျန့်ခရိုင်တို့ပါ ပါဝင်သည်။
ခရိုင်ငါးခု၏ အကျယ်အဝန်းက စတုရန်းကီလိုမီတာ ၇ သောင်းကျော်ရှိပြီး လူဦးရေ ၂ သန်းကျော် ရှိ၏။ ဤအရာက အရှက်ရဖွယ်ရာ လက်နက်ချခြင်း ဆိုတာ သေချာ၏။ မကြုံစဖူး အရှက်ရခြင်းမျိုးပင်။ လွန်ခဲ့သည့် နှစ် ၂၀ က ဝူပြည်နယ်က ခံတပ် ၉ ခု ပေးအပ်ခဲ့ပြီး ဒူးထောက်ခဲ့ရသည်က နှစ် ၂၀ ကျော် ရှိပြီ ဖြစ်၏။ ယခုထိ ဒူးထောက်ရာမှ ပြန်လည် မထနိုင်သေးချေ။
သို့ပေမည့် ရွှဲ့ပြည်နယ်၏ဘုရင်နှင့် မှူးမတ်များ၏ အမြင်တွင် ဤတန်ဖိုးက သိပ်ပြီး ကြီးမားသည် မဟုတ်ပေ။ ထို့ပြင် ကျင်းမင်းသား၏ လောဘက သိပ်မကြီးပေ။ လက်ခံနိုင်လောက်၏။
“ဘာပဲပြောပြော ဒါက သေရေးရှင်ရေး အချိန်ကာလပဲ”
အကယ်၍ ကျင်းမင်းသားကို သဘောမတူဘူးဆိုရင် ထျန်းနန်စီရင်စုတစ်ခုလုံး ပါသွားနိုင်၏။ ရွှဲ့ပြည်နယ်၏ နယ်မြေက တစ်ဝက်လောက် ကျရှုံးသွားနိုင်၏။ အကယ်၍ ခရိုင်ငါးခုကို ပေးလိုက်လျှင် ကျင်းမင်းသားက စစ်ပွဲကို ရပ်တန့်နိုင်၏။ ရွှဲ့ပြည်နယ်အနေနှင့် ချောင်ပြည်နယ်ကို ကာကွယ်ဖို့ အာရုံစိုက်နိုင်၏။ ဒါက လုံးဝကို ထိုက်တန်သည်။
ကျင်းမင်းသား၏ သံတမန်က ညီလာခံ၌ လူတိုင်းရှေ့ ဤအချက်ကို တင်ပြ၏။ အကယ်၍ နင်ယွမ်ရှန်းသာ သဘောတူညီလိုက်သည်ဆိုလျှင် သမိုင်း၏တရားခံ ဖြစ်သွားပေမည်။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “သံအမတ်ကြီး... ကျေးဇူးပြုပြီး သွားပြီး နားလိုက်ပါအုံး။ ဒီလို အရေးကြီးတဲ့ ကိစ္စကို ကျုပ်တို့ ဆွေးနွေးဖို့ လိုတယ်။”
ကျင်းမင်းသား၏ သံတမန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ဘုရင်မင်းမြတ်က မှာလိုက်ပါတယ်။ ကျုပ်ဒီမှာ သုံးရက်ပဲ နေပါမယ်။ အချိန်ပြည့်တာနှင့် ညှိနှိုင်းဆွေးနွေးမှု ပျက်ပြားတယ်လို့ သတ်မှတ်ပြီး တာ့နန်နိုင်ငံရဲ့ စစ်တပ်က ရွှဲ့ပြည်နယ်ရဲ့ တောင်ပိုင်းဒေသကို ဝင်ပြီး ရှင်းလင်းပါလိမ့်မယ်။ ခွင့်ပြုပါအုံး။”
ကျင်းမင်းသား၏ သံတမန်က ထွက်ခွာသွားခဲ့၏။ သူက ညှိနှိုင်းဖို့ လာခြင်း မဟုတ်ဘဲ အသိပေးဖို့ လာခြင်းနှင့် ဆင်တူ၏။ အလွန်ပင် တင်းမာဟန်ပြ၏။ သဘောတူမည်လား၊ စစ်တိုက်မည်လား။
ကျင်းမင်းသား၏ သံတမန် ထွက်ခွာသွားပြီးနောက် ရွှဲ့ပြည်နယ်၏ ညီလာခံက တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူမှ စကားမပြောရဲကြချေ။ ဤအချက်ကို တညီတညွတ်တည်း သဘောတူသင့်သည်ဟု လူတိုင်းက ထင်ကြ၏။ ကျင်းမင်းသား၏ ကမ်းလှမ်းချက်က တကယ်ပင် သဘောကောင်းလွန်း၏။
ဤကမ်းလှမ်းချက်ကို ရွှဲ့ပြည်နယ် သဘောတူလိုက်သည်နှင့် ကျင်းမိသားစု၏ နယ်မြေကို ဆုံးရှုံးသွား ပေလိမ့်မည်။ ရွှယ်မိသားစု၏ နယ်မြေလည်း ဆုံးရှုံးမည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူမြို့ နှင့် ဝူအန်းမြို့က ပေးအပ်ရမည့် နယ်မြေထဲ ပါဝင်နေသောကြောင့်ပင်။ ထို့ကြောင့် ဝင်ပြောသည့်သူက တိုင်းပြည်ကို သိက္ခာကျစေသည့် တရားခံပင် ဖြစ်ပေလိမ့်မည်။
နင်ယွမ်ရှန်းကတော့ ဘာမှမပြောပေ။ အတန်ကြာပြီးနောက် ဝန်ကြီးချုပ်ကျူးဟုန်ကျူးက ရှေ့သို့ ထွက်လာ၏။ “ကျုပ်... တာ့နန်နိုင်ငံရဲ့ သံတမန်နဲ့ ညှိနှိုင်းဖို့ ဆန္ဒရှိပါတယ်။”
နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်က မတ်တပ်ရပ်လိုက်ပြီ။ တိုင်းပြည်သိက္ခာကျစေသည့် အပြစ်ကို သူတစ်ယောက်တည်း ခေါင်းခံရန် စဉ်းစားလိုက်ခြင်းပင်။
နင်ယွမ်ရှန်းက စကားမပြောချေ။ ဦးရီးတော် နင်ချီက မေး၏။ “ကျင်းမင်းသားက သူ့ရဲ့စကားကို ပြန်ပြီး ရုတ်သိမ်းပါ့မလား။”
ရုတ်သိမ်းမှာ မဟုတ်ချေ။ ဤအရာက အလိုလျောက် တုန့်ပြန်မှုပင် ဖြစ်၏။ ဝူဘုရင်တောင်မှ လက်မှတ် ထိုးပြီးသား စာချုပ်ကို လွယ်လွယ်နှင့် ဖျက်၍ မရမှန်း သိ၏။ ကျင်းမင်းသားလို အရည်အချင်းရှိပြီး ရဲရင့်သည့် ဘုရင်တစ်ပါးဆိုလျှင် ပို၍တောင် မဖျက်နိုင်ချေ။ စာချုပ်လက်မှတ်ထိုးပြီးသည်နှင့် ကျင်းမင်းသားက အချိန်အကြာကြီး သူ၏စကားကို ပြန်လည် ရုတ်သိမ်းမှာ မဟုတ်ချေ။
ဘုရင့် ဦးရီးတော် နင်ချီက ပြောသည်။ “ကျင်းမင်းသားသာ သူ့စကားကို ပြန်ပြီးမရုတ်သိမ်းဘူးဆိုရင် ကျုပ်တို့ သဘောတူလို့ ရမယ်ထင်တယ်။”
ထိုစကားကို ကြားချိန်မှာတော့ အားလုံးက ကြောင်အသွား၏။ ဘုရင့် ဦးရီးတော် နင်ချီက တကယ်ပင် ရိုးသားပြီး ဖြူစင်၏။
‘ခင်ဗျား... ဒီလိုစကားမျိုးကို ဘယ်လိုလုပ် ပြောထွက်တာလဲ။ သမိုင်းမှတ်တမ်းထဲမှာ နှစ်ပေါင်းထောင်ချီ အဆဲခံရမှာ မကြောက်ဘူးလား။’
သို့ပေမည့် ဦးရီးတော်နင်ချီက ဒေါသထွက်နေသည်။ “ငါမပြောရင် အရှင်မင်းကြီးကို ပြောခိုင်းရမှာလား။ အရှင်မင်းကြီးက နေမကောင်း ဖြစ်နေပါတယ်။ ပြန်ပြီး နားယူလိုက်ပါ။ ဒီကိစ္စကို ကျုပ်တို့ကိုပဲ လွှဲထားလိုက်ပါတော့။”
သူ၏ စကားက ရှင်းလင်း၏။ အရှင်မင်းကြီးအနေနှင့် ဤကဲ့သို့ အရှက်ရစရာကိစ္စရပ်ကို ပါဝင်မပတ်သက်သင့်တော့ပေ။
နင်ယွမ်ရှန်းက ခါးသီးစွာ ပြောလိုက်၏။ “ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် မလှည့်စားနဲ့တော့။ ကျုပ်က ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျုပ်လိုချင်တာ ရှိသေးတယ်။ အမျိုးသားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဟန်ဆောင်မှုတွေကို စွန့်လွှတ်မယ်။ ဒါတွေကို ကျော်ဖြတ်ရအောင်။ အားလုံးပဲ ... ပြောလိုက်စမ်းပါ။ ကျင်းမင်းသားရဲ့ ကမ်းလှမ်းချက်ကို သဘောတူသင့်လား။”
အားလုံးက စကားမပြောရဲကြချေ။ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ဦးညွှတ်၏။ ပြီးနောက် လျှောက်တင်၏။ “ကျုပ်ကတော့ သဘောတူလို့ ရပါတယ်”
ဦးရီးတော်နင်ချီက စစ်ဖက်ဆိုင်ရာကို ကိုယ်စားပြုပြီး ကျူးဟုန်ကျူးက အရပ်ဖက် အရာရှိများကို ကိုယ်စားပြု၏။ ဤလူနှစ်ဦးစကားပြောပြီးသည့်နောက် အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက ဝင်ပြောသည်။
“ကျုပ်တို့ ထောက်ခံပါတယ်”
“ကျုပ်တို့လည်း ထောက်ခံပါတယ်”
ရှက်ရွံ့စရာ ကောင်းလှ၏။ တိုင်းပြည်ကို ဤမျှလောက် ပျော်ပျော်ကြီး သစ္စာဖောက်ကြ၏။ ခရိုင်ငါးခုကို ပေးအပ်ရသည်ကို တစ်ဖက်လူများဆီမှ အမြတ်ရသည်ဟု ထင်မှတ်နေသည်လား။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ကျင်းမင်းသားရဲ့ သံတမန်ကို သွားပြော။ တခြားခရိုင်နှစ်ခုနဲ့ လဲလှယ်လို့ ရမလား။ နုကျန့်နဲ့ ဝူအန်းခရိုင်ကို မပေးဘဲ နေလို့ရမလား”
ရှမ့်လန်၏မိသားစုက နုကျန့်ခရိုင်မှာရှိပြီး ရွှယ်ချီ၏ မိသားစုက ဝူအန်းခရိုင်မှာရှိ၏။ ထိုစကားကို ကြားချိန်မှာတော့ အားလုံးက အံ့အားသင့်သွား၏။
‘အရှင်မင်းကြီး.. ဒီလိုအချိန်မျိုးမှာတောင်မှ ကျင်းမိသားစုနဲ့ ရွှယ်မိသားစုကို ဂရုစိုက်နေသေးတာလား။ ကျင်းမိသားစုမှာ နုရှောင့်မြို့ရှိပြီးတော့ ရွှယ်မိသားစုမှာ တောင်ပင်လယ်ဓားဂိုဏ်း ရှိနေသေးတယ်။ အရှင်မင်းကြီး သူတို့ကို စိတ်ပူနေစရာ မလိုပါဘူး။’
“သွားပြီး သူတို့နဲ့ ပြောကြည့်။ နားချလို့ရရင် တခြားခရိုင်နဲ့ လဲလှယ်ဖို့ကြိုးစား၊ မရရင် ကျင်းမိသားစုနဲ့ ရွှယ်မိသားစု နစ်နာရတော့မယ်”
ကျူးဟုန်ကျူးက ဦးညွတ်ကာ ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါပဲ။”
ထိုစကားကို ကြားချိန်မှာတော့ အရာအားလုံးက ပြီးဆုံးသွားသလောက် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ ဘုရင်မင်းမြတ်နှင့် မှူးမတ်တို့က စစ်ပြေငြိမ်းရေးအတွက် ထျန်းနန်စီရင်စုရှိ ခရိုင်ငါးခုကို ကျင်းမင်းသားထံ ပေးအပ်ရန် သဘောတူလိုက်ကြ၏။ သူတို့က ချောင်ပြည်နယ်နှင့် စစ်ပွဲကိုသာ အာရုံစိုက်ပြီး နယ်မြေများကို ကာကွယ်ရ ပေတော့မည်။
ကျင်းမိသားစုနှင့် ရွှယ်မိသားစုအတွက်ကတော့ အသိုက် မှောက်သည်ဆိုပါက ဥက အကောင်းကျန်လိမ့်မည် မဟုတ်ချေ။ သူတို့က ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ်ဟောင်းများ ဖြစ်သည့်အတွက် ရွှဲ့ပြည်နယ်နှင့်အတူ ဒုက္ခခံသင့်၏။ ထို့ပြင် စစ်ပြေငြိမ်းရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးသင့်၏။ စစ်ပွဲက မည်သူ့ကိုမှ မစောင့်နိုင်ချေ။ အနောက်ဘက်ရှိ ချောင်ပြည်နယ်နှင့်စစ်ပွဲက ရွှဲ့ပြည်နယ်၏ ရှင်သန်ရပ်တည်ရေးကို ဆုံးဖြတ်ပေးပေလိမ့်မည်။
ကျူးဟုန်ကျူးက ညီလာခံမှ ထွက်ခွာပြီး အပြင်ဘက်သို့ လျှောက်သွား၏။ သူက ကျင်းမင်းသား၏ သံတမန် အဖွဲ့နှင့် သွားရောက်ကာ ညှိနှိုင်းပေတော့မည်။ ဤအရာက ရွှဲ့ပြည်နယ်၏ ဘုရင်နှင့် မှူးမတ်များ၏ ဆန္ဒပင် ဖြစ်၏။
ထိုအချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျုပ် ကန့်ကွက်ပါတယ်။” နင်ကျန်းပင် ဖြစ်၏။
နောက်ထပ် လူတစ်ယောက် ဝင်လာ၏။ မတွေ့ရတာ ကြာပြီဖြစ်သော ရှမ့်လန်ပင်။ တစ်နှစ်နီးပါး ရှိပြီ ဖြစ်၏။ သူက နောက်ဆုံးမှာတော့ နန်းမြို့တော်သို့ တဖန် ရောက်ရှိလာခဲ့သည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ မျက်ဝန်းများက စိုစွတ်လာ၏။ ‘ရှမ့်လန်... ခွေးကောင်လေး... မနှစ်က မင်း ထွက်သွားတုန်းက နန်အိုနိုင်ငံမှာ စစ်ပွဲရှုံးနိမ့်တော့မယ်။ မင်း ညီလာခံကို ပြန်လာမယ်လို့ ပြောခဲ့တယ်။ မင်းမှန်တယ်။ ဒါပေမဲ့ ဒီလောက်ကြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ တစ်နှစ်တောင် မပြည့်သေးဘူး။ ရွှဲ့ပြည်နယ်က မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို ရောက်သွားပြီ။ ရှမ့်လန်... မင်း ရောက်လာတာ နောက်ကျ သွားပြီ။ တောင်ပိုင်းအခြေအနေက မျှော်လင့်ချက် မရှိတော့ဘူး။ နတ်ဘုရားတွေတောင် မကယ်နိုင်တော့ဘူး။’
ရှမ့်လန်က ဝင်လာပြီး ဦးညွှတ်၏။ “အရှင်မင်းကြီး... ကျင်းမင်းသားနှင့် ဒီစစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ထိုးတာကို ကျုပ် ကန့်ကွက်ပါတယ်။”