အခန်း (၆၅၃-၆၅၄)
Vol. 42 Ch. 653-654
အပိုင်း (၆၅၃)
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှမ့်လန်... ဒီတစ်ခါ ပေးအပ်ရမယ့် နယ်မြေထဲမှာ မင်းရဲ့ မိသားစု နယ်မြေပါမှန်း ငါသိတယ်။ ဒါပေမဲ့ ညှိနှိုင်းပြီးတော့ ကျင်းမင်းသားကို တခြားခရိုင်နှင့် လဲလှယ်ပေးဖို့ မင်းရဲ့မိသားစုကို ချန်ထားဖို့ ကြိုးစားလို့ ရသေးတယ်။ ဒါပေမဲ့ တကယ်လို့ မချန်ထားရင်တောင်မှ မင်းတို့ ကျင်းမိသားစုမှာ နုရှောင့်မြို့နဲ့ လေ့ကျိုးကျွန်း ရှိနေသေးတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် ကန့်ကွက်တာက ကျုပ်တို့ ကျင်းမိသားစု တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ထျန်းနန်စီရင်စုတစ်ခုလုံးနဲ့ ရွှဲ့ပြည်နယ်တစ်ခုလုံးအတွက်ပါ။ ဒီတစ်ကြိမ်မှာ ရွှဲ့ပြည်နယ်က မြေတစ်လက်မတောင် မဆုံးရှုံးစေရဘူး။”
ရုတ်တရက် အေးစက်သည့် စကားတစ်ခု ထွက်ပေါ်လာခဲ့၏။ “ရှမ့်လန်... လူတိုင်းက တရားမျှတမှုကို ပိုပြီးနားလည်တယ်။ အခု ထျန်းနန်ခရိုင် တစ်ခုလုံးက ပြီးပြည့်စုံတဲ့ စစ်တပ်တစ်ခု မရှိဘဲနဲ့ ဗလာဟင်းလင်းကြီး ဖြစ်နေပြီ။ တကယ်လို့ ကျင်းမင်းသားရဲ့ ခရိုင်ငါးခု တောင်းဆိုမှုကိုသာ သဘောမတူရင် ကျင်းမင်းသားရဲ့ စစ်သည်တစ်သိန်းကို ဘယ်သူက ကာကွယ်မှာလဲ။ မင်း ကာကွယ်မှာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ အရှင်မင်းသားနင်ကျန်းနဲ့ ကျုပ်က ကျင်းမင်းသားရဲ့ စစ်သည်တစ်သိန်းကို ကာကွယ်မယ်။ ရွှဲ့ပြည်နယ်ရဲ့ မြေတစ်လက်မတောင် မဆုံးရှုံးစေရဘူး။ ကြီးမားတဲ့ အောင်ပွဲကို အရယူပေးမယ်။”
ဤစကားကို ကြားချိန်မှာတော့ အားလုံးက တုန်လှုပ်ကာဖြင့် အံ့အားသင့်သွားကြ၏။
......
အမှန်စစ်စစ်အားဖြင့် ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူကျူးကျွင်းက စစ်ရှုံးသည့်သတင်းကို ဘုရင်မင်းမြတ်ထက်ပင် စောစီးစွာ သိရှိထားခဲ့ပြီးသား ဖြစ်၏။ သူက ကျူးဟုန်ကျူးနှင့် ဘုရင်မင်းမြတ်ထံသို့ သတင်းပို့ရန် မြောက်ဘက်သို့ ဆက်သားများ စေလွှတ်ခဲ့၏။ သို့သော်ငြား ကျန်ကျောင်းက ပို၍ လျင်မြန်နေခဲ့ပြီး နန်းမြို့တော်ဆိသို့ နှစ်ရက်စောကာ ရောက်ရှိလာခဲ့ခြင်းပင်။
သတင်းပို့ဆက်သား စေလွှတ်ပြီးသည်နှင့် တပြိုင်နက် ကျူးကျွင်းက ထျန်းနန်စီရင်စု အုပ်ချုပ်ရေးမှူး ပီသစွာဖြင့် ကျင်းမင်းသားနှင့် တွေ့ဆုံရန် တောင်ဘက်သို့ ချက်ချင်း ခရီးနှင်တော့၏။ သံသယဖြစ်စရာ မလိုလောက်အောင်ပင် သူက တကယ့်ကို သတ္တိပြောင်မြောက်လွန်းသူပင်။ ရှရန်တောင်ကြားလမ်းမှ ဖြတ်ကျော်သွားသည့်အချိန်တွင် သူဘေး၌ မည်သူမှ ရှိမနေခဲ့ချေ။ သူက ရန်သူ၏ စစ်စခန်းအတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချိန်နှင့်အမျှ အရေးကြီး နေသောကြောင့်ပင်။
နန်အိုမြို့တော်သို့ ရောက်ရှိသည့်အချိန်တွင် စစ်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ ရွှဲ့ပြည်နယ်၏ စစ်သည်အင်အား ငါးသောင်းတို့က လက်နက်ချ အရှုံးပေးခဲ့ပြီး နန်အိုမြို့ကလည်း ကျရှုံးခဲ့ရ၏။ နောက်ထပ် နှစ်ရက်ခန့် စောင့်ဆိုင်း ပြီးသည့်နောက် ကျူးကျွင်းက ကျင်းမင်းသားနှင့် တွေ့ဆုံခွင့် ရရှိခဲ့၏။
နှစ်ဖက်လုံးက လျှို့ဝှက်ဆွေးနွေးမှုကို ချက်ချင်းပင် စတင်၏။ အိမ်ရှေ့စံမင်းသား လက်နက်ချလိုက်သည့် သတင်းက လုံးဝပျံ့နှံ့သွားသေးခြင်း မရှိကြောင်း သူက ခံစားမိ၏။ သို့ဖြစ်၍ အချိန်မီကောင်း ၊ မီနိုင်သေးသည်။
“ကျူးကျွင်းက ကျင်းမင်းသားကို ဂါရဝပြုပါတယ်”
ကျင်းမင်းသားက ကျူးကျွင်းကို ကြည့်လိုက်၏။ “အင်း အုပ်ချုပ်ရေးမှူးကျူးကျွင်း... ခင်ဗျား ဒီကို မလာသင့်ဘူး။”
ကျူးကျွင်းက အဘယ်သို့ မလာဘဲ နေနိုင်မည်နည်း။ အချိန်က မီးကဲ့သို့ပင် အရေးကြီး၏။ အကယ်၍ သူသာ ကြိုတင်မတားဆီးနိုင်ပါက တိုင်းပြည်တစ်ခုလုံးသို့ ပြန့်နှံ့သွားမည်ဖြစ်ပြီး မည်သည့်နည်းနှင့်မှ ရပ်တန့်နိုင်တော့မည် မဟုတ်ချေ။
“ကျုပ်မှာ တောင်းဆိုစရာ တစ်ခုတည်း ရှိပါတယ်။”
ကျူးကျွင်းက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားကို ပြန်လွှတ်ပေးပြီး သူ လက်နက်ချလိုက်တယ်ဆိုတဲ့ သတင်းကို ပိတ်ပင်ပေးပါ။”
ကျင်းမင်းသားက မည်သို့မှ မပြောချေ။
ကျူးကျွင်းက ဆက်ပြောသည်။ “ကျင်းမင်းသား... ထျန်းနန်စီရင်စုရဲ့ တောင်ဘက်ပိုင်းကို အရှင်မင်းသား ရယူနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကို ပြန်လွှတ်ပေးပါ။ လိုအပ်ရင် ကျုပ်တို့က ပူပေါင်းပြီး ပြဇာတ် တစ်ခုကို ကပြပေးမယ်။”
ကျင်းမင်းသားက နှုတ်ဆိတ်နေဆဲပင်။ ဘေးနားတွင် ရှိနေသည့် စုနန်က ရယ်မောလိုက်၏။ “ပြဇာတ်ဟုတ်လား။ ကျုပ်တို့တပ်တွေ ထျန်းနန်စီရင်စုကို ဖြတ်ကျော်ပြီး နန်းမြို့တော်ကို တိုက်ရိုက်ချီတက်တဲ့အခါ ရွှဲ့ပြည်နယ်ကြီးက ပြိုလဲလုနီးပါး ဖြစ်နေပြီ။ နင်ယီက စစ်တပ်ကို ဦးဆောင်ပြီး ကျင်းမင်းသားရဲ့ တပ်တွေကို တားဆီးပြီး မြို့တော်ကို ကယ်တင်လိုက်မယ်။ ပြီးရင် ကျုပ်တို့ကို မိုင်ပေါင်းရာချီ နောက်ဆုတ်သွားအောင် တိုက်ထုတ်ပြီး ပြည်နယ် ၇ ခု၊ ၈ ခု လောက်ကို ပြန်သိမ်းယူပြမယ်။ ဟုတ်တယ်မလား။”
စုနန် ပြောသည့် စကားလုံးများက သူ တွေးနေသည့် အကြံအစည်အတိုင်း တစ်သဝေမတိမ်းပင် ဖြစ်၏။ ဤသည်က တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်၏။ ထျန်းနန်စီရင်စု၏ တောင်ဘက်ပိုင်း တစ်ခုလုံးကို ကျင်းမင်းသားအား ပေးရန် လျှို့ဝှက်သဘောတူညီထားခဲ့ကြသည်။
ထို့ကြောင့်ပင်လျှင် ကျင်းမင်းသား၏ တပ်များက မြောက်ဘက်ပိုင်းသို့ ချီတက်သည့်အချိန်တွင် ထျန်းနန်စီရင်စု တစ်ခုလုံးက ခုခံခြင်း အလျဉ်းမရှိဘဲ လမ်းဖွင့်ပေးမှာ ဖြစ်၏။ ထျန်းနန်စီရင်စု တစ်ခုလုံးနှင့် ထျန်းရွှဲ့ဒေသ၏ အစိတ်အပိုင်းတချို့က ကျရှုံးသွားရ၏။
အိမ်ရှေ့စံမင်းသား၏ ဂုဏ်သိက္ခာက လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ဤကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးတွင် အိမ်ရှေ့စံမင်းသားက သူ၏တပ်ကို ဦးဆောင်ကာဖြင့် တိုက်ပွဲဝင်ခဲ့ပြီး ကျင်းမင်းသား၏ တပ်များကို မိုင်ပေါင်းရာချီ နောက်ဆုတ်သွားစေခြင်းဖြင့် ခရိုင် ၁၀ ခုကို ပြန်လည်ကာ သိမ်းပိုက်နိုင်ခဲ့သည်။
ဤအရာက မျှော်လင့်ချက်မဲ့သည့် အခြေအနေဆီမှ ပြန်လည်ကာ အသက်ရှင် နိုးထလာခဲ့ခြင်းဟူ၍ ယူဆနိုင်၏။ ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားနင်ယီက သူရဲကောင်းတစ်ယောက်အဖြစ် ပြန်လည်ရပ်တည်နိုင်ဦးမည်။ သို့သော်ငြား ဤအစီအစဉ်အောင်မြင်ဖို့က ကျင်းမင်းသား၏ ပူးပေါင်းဆောင်ရွက်မှုက လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက နင်ယီ ဆယ်ယောက် ရှိလျှင်ပင် အနိုင်ယူ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
ရွှဲ့ပြည်နယ်တွင် ကျူးမိသားစုက မည်မျှ အာဏာကြီးထွားစေကာမူ ဘုရင်မင်းမြတ်၏ အရိပ်ကို မှီခိုနေရသည် ဖြစ်ကြောင်း ကျူးကျွင်းက သိရှိနားလည်၏။ ထို့ကြောင့် အိမ်ရှေ့စံမင်းသား နင်ယီက ကျူးမိသားစု၏ အဓိက နိုင်ငံရေး အသက်သွေးကြောပင်။ ကျင်းမင်းသားက ကျူးကျွင်းကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်မိ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အိမ်ရှေ့စံကို ကယ်တင်ရန်ပင် ကြိုးစားနေသေးသည် မဟုတ်ပါလား။
စုနန်က မေးမြန်းလိုက်၏။ “ကျုပ်တို့ဘုရင်က သဘောတူခဲ့ပြီဆိုရင် ဘာပြန်ရမှာလဲ”
ကျူးကျွင်းက ပြန်လည်ကာ ဖြေသည်။ “တော်ဝင်ရန်အင်ပါယာရဲ့ဘွဲ့တော် ချီးမြှင့်ခံရခြင်းပါပဲ”
ထိုစကားကို ကြားချိန်မှာတော့ စုနန်၏ မျက်လုံးများက အရောင်လင်းလက်သွား၏။ တော်ဝင်ရန်အင်ပါယာ၏ အသိအမှတ်ပြုဘွဲ့တော် ရရှိခြင်းက ကျင်းမင်းသားအတွက် တန်ဖိုးအရှိဆုံး အရာပင် ဖြစ်၏။ လောလောဆယ်တွင် ကျင်းမင်းသား၏ တာ့နန်နိုင်ငံက ချောင်ပြည်နယ်အပါအဝင် လောကရှိ မည်သည့်အင်အားကြီးနိုင်ငံကမှ အသိအမှတ်ပြုခြင်း မရှိသေးချေ။
ကျင်းမင်းသား၏ ထီးနန်းတက်ပွဲ အခမ်းအနားက တကယ့်ကို ရိုးရှင်းခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် အနောက်တိုင်းမှ ကုန်သည်တချို့မှလွဲလျှင် နိုင်ငံခြားသံတမန်ဟူ၍ လုံးဝမရှိခဲ့ချေ။ တော်ဝင်ရန်အင်ပါယာ၏ ဘွဲ့တော်ကိုသာ ရရှိသည်ဆိုပါက ကျင်းမင်းသား၏ ဂုဏ်သတင်းက ခိုင်မာသွားပေလိမ့်မည်။
“အင်း... နယ်စားအဆင့်ဘွဲ့ကို အရင်ဆုံး ချီးမြှင့်မယ်။ ပြီးမှ ဘုရင်အဆင့်ကို တိုးမြှင့်ပေးဖို့ ကြိုးစားပါမယ်”
ကျူးကျွင်းက ပြော၏။ “ကျင်းမင်းသား... ကျူးမိသားစုမှာ ဒီလိုလုပ်ပေးနိုင်စွမ်း ရှိတယ်ဆိုတာကို အရှင်မင်းသား ယုံကြည်ပါသလား။”
မှန်ပေ၏။ ကျူးမိသားစုက တော်ဝင်ရန်အင်ပါယာတွင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် မင်းမျိုးမင်းနွယ် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ ကျူးမိသားစုက အကိုင်းအခက်တစ်ခုသာ ဖြစ်၏။ ကျူးမိသားစု၏ အခြေခံ အုတ်မြစ်က တော်ဝင်ရန်အင်ပါယာ မီးတောက်မြို့တော်တွင် ရှိသည်။
လက်ရှိအချိန်တွင် တော်ဝင်ရန်အင်ပါယာ၏ ဝန်ကြီးချုပ်လေးဦးအနက် တစ်ဦးက ကျူးမိသားစုမှ ဖြစ်၏။ ယခင်က ကျူးမိသားစုက နင်ယွမ်ရှန်းကို ကယ်တင်နိုင်ခဲ့၏။ ယနေ့တွင်လည်း သူတို့က ကျင်းမင်းသားကို ဘွဲ့ထူးဂုဏ်ထူး ရအောင် ကူညီပေးနိုင်၏။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောသည်။ “ကျင်းမင်းသား... အိမ်ရှေ့စံကို ပြန်လွှတ်ပေးခြင်းက အရှင့်အတွက် အကျိုးရှိစေပါလိမ့်မယ်”
သူ့စကားက ပိုမို၍ ပွင့်လင်းလာခဲ့၏။ အိမ်ရှေ့စံနင်ယီက အရှင့်သား၏ လက်ထဲတွင် စစ်ရှုံးခဲ့သူ ဖြစ်၏။ အကယ်၍ နောင်တစ်ကြိမ် တစ်ဖက်လူကသာ နန်းတက်လာပါက အရှင်အတွက်များစွာ အကျိုးရှိပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ရွှဲ့ပြည်နယ်တွင် ဉာဏ်ပညာကြီးမားပြီး စွမ်းအားမြင့်မားလွန်းသည့် အုပ်ချုပ်သူတစ်ယောက်က ပြောင်းလဲနန်းတက်သည် ဆိုပါက တာ့နန်နိုင်ငံအတွက် လုံးဝ အကျိုးယုတ်စေပေလိမ့်မည်။
“အချိန်တန်တဲ့အခါ ကောင်းကင်ပင်လယ် နန်းဆောင်က ဒီကျေးဇူးကို အောက်မေ့သတိရနေမှာပါ။” ကျူးကျွင်းက ဆို၏။
ဤကမ်းလှမ်းချက်က မည်သူမှ မငြင်းဆန်နိုင်လောက်သည့် ဆွဲဆောင်ဖွယ်ရာတစ်ခုပင် ဖြစ်၏။ ရည်မှန်းချက် ကြီးသူ တစ်ယောက်အနေနှင့် ကျင်းမင်းသားက တော်ဝင်ရန်အင်ပါယာ၏ ဘွဲ့ထူးကို ရယူရန် စိတ်ဆန္ဒ ပြင်းပြမှာ သေချာသည်။
သို့သော်ငြား ကျင်းမင်းသားက စကားတစ်ခွန်းမှ မဆိုသေးချေ။
ကျူးကျွင်းက ဆက်ပြော၏။ “အရှင်မင်းသား... ထျန်းနန်စီရင်စုမှာ ရှိတဲ့ ခရိုင် ၁၃ ခုအနက် ၁၀ ခုကို အရှင်မင်းသား ပိုင်ဆိုင်ရပါမယ်။ အချိန်တန်တဲ့အခါ အိမ်ရှေ့စံကို ခရိုင် ၃ ခုလောက်သာ ပြန်လည်သိမ်းယူခွင့် ပေးလိုက်ရုံပါပဲ။”
စုနန်က ကျင်းမင်းသားကို လှမ်းကြည့်သည်။
ကျင်းမင်းသားက ရုတ်တရက် ပြောလိုက်၏။ “ကျူးကျွင်း... ကျုပ်က ရွှဲ့ဘုရင်နဲ့တွေ့ဖို့ ရွှဲ့ပြည်နယ်မြို့တော်ကို သံတမန်တစ်ယောက် စေလွှတ်ခဲ့ပြီးပြီ။ တောင်ဘက်ပိုင်းက ခရိုင် ၅ ခုကို ပေးအပ်ဖို့ ကျုပ်ရဲ့စည်းကမ်းချက်တွေကိုလည်း ပြောထားပြီးပြီ”
ထိုစကားကို ကြားချိန်မှာတော့ ကျူးကျွင်းက တုန်လှုပ်ခြောက်ချားသွားသည်။ “ကျင်းမင်းသား... အရှင်ရဲ့ အလိုဆန္ဒက အဲလောက်တောင် သေးငယ်တာလား။”
တောင်ဘက်ပိုင်းရှိ ခရိုင် ၅ ခုကိုသာ လိုချင်သည်လား။ ကျုပ်က ခရိုင် ၁၀ ခုလုံး ပေးမည်ဟု ပြောဆိုနေသည်ကို တောင်မှ ဤမျှလောက် လျှော့ပြီး ပြောခဲ့သည်လား။
“ကျင်းမင်းသား... ကျေးဇူးပြုပြီး သံတမန်ကို ချက်ချင်းပြန်ခေါ်ပေးပါ။” ကျူးကျွင်းက တောင်းဆိုလိုက်၏။
“နောက်ကျသွားပြီ။ ပြီးတော့ အဲဒါက မလိုအပ်တော့ဘူး။”
ကျင်းမင်းသားက ပြောသည်။ “အုပ်ချုပ်ရေးမှူး ကျူးကျွင်း... ကောင်းကောင်း အနားယူပါတော့”
ပြီးနောက် ကျင်းမင်းသားက ဧည့်သည်ကို လက်ဖက်ရည်နှင့် ဧည့်ခံ၏။ တာ့နန်နိုင်ငံ၏ အတွင်းရေးမှူးချုပ် စုနန်က ကျူးကျွင်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်၏။
“စု... အဲ.. အတွင်းရေးမှူးချုပ်၊ အတွင်းရေးမှူးချုပ်... ကျင်းမင်းသားကို နားချပေးပါအုံး။” ကျူးကျွင်းက မည်သို့မှ မနေနိုင်တော့ချေ။ စိုးရိမ်ပူပန်မှုများက မီးကဲ့သို့ တောက်လောင်နေသည်။
စုနန်က ပြုံးကာ ပြော၏။ “အရှင်မင်းသားက မဟာဗျူဟာမြောက် တွေးခေါ်တတ်သူ တစ်ဦးပါပဲ။ ကျုပ်တို့လို အမှုထမ်းတွေ ခန့်မှန်းလို့ရတဲ့ လူမျိုး မဟုတ်ဘူး။”
.........................
နင်လော့က ဖမ်းဆီးခံရပြီးနောက် အလွန် တည်ငြိမ်နေခဲ့၏။ မည်သည့် နှိပ်စက်မှုကိုမှလည်း မခံရချေ။ သူမက မှန်ရှေ့တွင် ထိုင်လျက် ရှိနေပြီး သူမ၏ ရင့်ကျက်တည်ငြိမ် လှပသည့် အလှဖြင့် တည်ရှိနေသည်။
ကျင်းမင်းသားက အထဲသို့ ဝင်လာ၏။
နင်လော့၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ ဘာပြောရမှန်းမသိချေ။
“အိမ်ပြန်ချင်လား။” ကျင်းမင်းသားက မေးမြန်းလိုက်သည်။
နင်လော့က တိတ်ဆိတ်နေသည်။ နန်းမြို့တော်ရှိ သူမ၏ အိမ်သို့ ပြန်သင့်၊ မပြန်သင့်အား သူမ ဝေခွဲမရ ဖြစ်နေ၏။ နန်အို ဤမျှဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ပြီးနောက် သူမက အိမ်ပြန်ရန် ဂုဏ်သိက္ခာဟူ၍ ရှိပါမည်လား။
“ရှင်ဘာလိုချင်လဲ။” နင်လော့က မေးမြန်းလိုက်၏။
ကျင်းမင်းသားက ပြောလိုက်သည်။ “ငါလိုချင်တာက ငါ့ဘာသာယူမယ်။ မင်းကနေတဆင့် ယူစရာမလိုဘူးလေ။ ငါပြောပြီးသားပဲ။ မင်းကို ဘာအပေးအယူမှ မလိုဘဲ အိမ်ပြန်လွှတ်ပေးမယ်လို့။”
နင်လော့က မေးလိုက်၏။ “ရှင်ဘာလိုချင်တာလဲ။”
ကျင်းမင်းသားက ပြောသည်။ “တောင်ဘက်ပိုင်းက ခရိုင် ၅ ခုနဲ့ ပတ်သက်ပြီး ရွှဲ့ဘုရင်နဲ့တွေ့ဖို့ ငါ သံတမန်တွေကို လွှတ်လိုက်ပြီ။ သူ့ကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပြီ”
နင်လော့၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ခရိုင် ၅ ခုတည်းလား။ ရွှဲ့ပြည်နယ်၏ ထျန်းနန်စီရင်စု တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေ၏။ နယ်မြေတစ်ခုလုံးကို ရှင်းလင်းသိမ်းပိုက်နိုင်ပါလျက်နှင့် ခရိုင် ၅ ခု တည်းကိုသာ လိုချင်နေသည်လား။
“မင်း အိမ်ပြန်ချင်တဲ့ အချိန်ကျရင် ငါ့ကိုပြော”
ထိုသို့ပြောပြီးနောက် ကျင်းမင်းသားက နင်လော့၏ အခန်းမှ ထွက်ခွာသွား၏။
နင်လော့က ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့၏။ သူမကို အနိုင်မကျင့်တော့ဘူးလား။ သို့ပေမည့် ငယ်ရွယ်စဉ်ကတည်းက နှစ်ယောက်သားက တစ်ယောက်နှင့် တစ်ယောက် မရေတွက်နိုင်လောက်အောင်ပင် ချစ်ကြည်နူးခဲ့ဖူး၏။ သူတို့ လက်ထပ်ခဲ့သည်မှာ ၁၀ စုနှစ်နီးပါး ကြာခဲ့ပြီ ဖြစ်သည်။ နန်အိုသို့ မလာမီက သူတို့ တစ်ဦးနှင့်တစ်ဦး အလွန်ပင် ချစ်ခင်ခဲ့ကြ၏။
သို့ပေမည့် ယခုအချိန်မှာတော့ နင်လော့၏ ရင်ထဲက ပေါက်ကွဲလုမတတ် ဖြစ်လို့နေခဲ့ပြီး ကျင်းမင်းသားကို ပြန်လည် အနိုင်ကျင့်ချင်စိတ်များပင် တဖွားဖွား ပေါ်ပေါက်နေ၏။ သို့ပေမည့် တစ်ဖက်လူက ဂရုစိုက်ချင်စိတ် ရှိမနေတော့ချေ။
...............
စုနန်က လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး... ကျုပ် နားမလည်နိုင်ပါဘူး။”
ကျင်းမင်းသားက မေးသည်။ “ကျုပ်ရဲ့ အလိုဆန္ဒက သေးငယ်လွန်းနေလို့လား။”
စုနန်က ဖြေ၏။ “ဟုတ်ပါတယ်။”
စုနန်၏အမြင်တွင် ဤအချိန်က ရွှဲ့ပြည်နယ်ကို အပိုင်းပိုင်းခွဲစိတ်ရန် အကောင်းဆုံးအချိန် ဖြစ်၏။ အကယ်၍ ဝူ၊ ချောင်နှင့် တခြားနိုင်ငံတို့က ရွှဲ့ပြည်နယ်ကို ဝိုင်းရံတိုက်ခိုက်သည်ဆိုပါက တစ်နှစ်အတွင်း ရွှဲ့ပြည်နယ်က ပျက်စီးသွားပေလိမ့်မည်။
အကြီးမားဆုံး အောင်နိုင်သူ တစ်ယောက်အနေဖြင့် ကျင်းစစ်သည်များက ထျန်းနန်စီရင်စု တစ်ခုလုံးကို ရယူနိုင်ပြီး ချောင်ပြည်နယ်က ထျန်းရှစ်ပြည်နယ်ကို ရယူကာ ဝူပြည်နယ်က ထျန်းဖေးပြည်နယ်ကို ရယူနိုင်၏။ ထျန်းရွဲ့မြို့အတွက်မူ ရွှဲ့ပြည်နယ်၏ တော်ဝင်မိသားစုကို ထားရှိကာ ကြားခံနိုင်ငံတစ်ခုအဖြစ် ထားရှိနိုင်၏။
ကျင်းမင်းသားက ပြောလိုက်သည်။ “နယ်မြေက ပိုပြီးတော့ ကျယ်လေ ပိုကောင်းလေလို့ ထင်နေတာလား။ ကျုပ်တို့ရဲ့တာ့နန်တိုင်းပြည်က လုံလောက်အောင် ကြီးမားနေပြီ။ အကယ်၍ ကျုပ်တို့က ထျန်းနန်စီရင်စု တစ်ခုလုံးကို သိမ်းယူလိုက်မယ်ဆိုရင် လူဦးရေက ၆ သန်း၊ ၇ သန်းကျော် တိုးလာပြီး ကျုပ်တို့ တာ့နန်တိုင်းပြည်ရဲ့ မူလလူဦးရေထက် ကျော်လွန်သွားလိမ့်မယ်။ အဲကျရင် လူမျိုးစုနှစ်ခုကြားမှာ မသင့်မြတ်မှုတွေ ဖြစ်လာလိမ့်မယ်။”
အပိုင်း (၆၅၄)
စုနန်က တိတ်ဆိတ်သွား၏။ တာ့နန်တိုင်းပြည်ရှိ သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ လူဦးရေကို မည်သူမှ အတိအကျ မသိရှိကြချေ။ အဘယ်ကြောင့်ဆိုသော် အများစုက သစ်တောများ၊ လိုဏ်ဂူများထဲတွင် နေထိုင်ကြ သောကြောင့်ပင်။
တာ့နန်တိုင်းပြည်၏ တရားဝင်စာရင်းများအရ လက်ရှိစာရင်းသွင်းထားသည့် လူဦးရေက ၃ သန်းခန့်သာ ရှိ၏။ သို့သော်ငြား တာ့နန်တိုင်းပြည်၏ နယ်မြေများက ရွှဲ့ပြည်နယ် အထွတ်အထိပ် ရောက်ရှိစဉ်ကထက်ပင် ပိုမိုကာ ကျယ်ဝန်း၏။ လူနေထိုင်မှု အလွန်ကျဲပါးခြင်း တစ်ခုသာလျှင်ရှိ၏။
အကယ်၍ သူတို့က ရွှဲ့ပြည်နယ်၏ ထျန်းနန်ခရိုင်ကိုသာ သိမ်းပိုက်နိုင်သည်ဆိုပါက လူဦးရေ ၆ သန်း ထပ်တိုးလာပေလိမ့်မည်။ နောင်အနာဂတ်တွင် တာ့နန်တိုင်းပြည်ကို ရွှဲ့လူမျိုးများက လွှမ်းမိုးသွားမည်လား။ သို့မဟုတ် သဲကန္တာရလူရိုင်းများက လွှမ်းမိုးသွားမည်လား။
စုနန်က ပြောလိုက်သည်။ “ဒါက ရိုးရှင်းပါတယ်။ ပထမတန်းစားကတော့ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေပေါ့။ ဒုတိယတန်းစားက အနောက်ပိုင်းဒေသက ကုန်သည်တွေ၊ တတိယတန်းစားက ရွှဲ့လူမျိုးတွေပေါ့။”
ကျန်းရှစ်စီရင်စုတွင် စုနန်ပြုလုပ်ခဲ့သည့် နည်းလမ်းက ဤအတိုင်းပင် ဖြစ်၏။ သူက တကယ်ပင် တစ်ဖက်လူများကို ဖိနှိပ်ကာ နှိပ်ကွပ်ခဲ့ဖူး၏။
ကျင်းမင်းသားက ခေါင်းကို ခါယမ်းလိုက်သည်။ “အဲဒါက ကိုယ့်ကိုယ်ကိုယ် သင်းကွပ်လိုက်တာနဲ့ အတူတူပဲ။ တိုင်းပြည်တိုးတက်လာမယ့် မျှော်လင့်ချက်ကို ဖြတ်တောက်လိုက်တာပဲ။ ပတ်ဝန်းကျင်မှာ တခြားနိုင်ငံတွေ မရှိတော့ရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ချောင်ပြည်နယ်၊ ဝူပြည်နယ်နဲ့ ရွှဲ့ပြည်နယ်တို့ ရှိနေသေးတယ်။ အကယ်၍ ကျုပ်တို့က သူတို့ကို နိမ့်ကျတဲ့ လူတန်းစားတွေအဖြစ် အုပ်ချုပ်မယ်ဆိုရင် သူတို့က ပုန်ကန်ပြီး ထွက်ပြေးကြမှာ မဟုတ်ဘူးလား။”
စုနန်၏ မျက်နှာက နီရဲသွား၏။ “ကျုပ် ရှက်ရွံ့မိပါတယ်။”
ယခင်က ပုန်ကန်ခဲ့ပြီးနောက် ကိုယ်ပိုင်ရပ်တည်ရန် ကြိုးစားခဲ့စဉ်က သူက စုမျိုးနွယ် နှင့်ချင်နိုင်ငံတို့၏ ပေါင်းစည်းရေးကို လုပ်ဆောင်ခဲ့ပြီး အနောက်တိုင်းဒေသမှ ကုန်သည်များနှင့် စစ်သည်အများအပြားကို ခေါ်သွင်းခဲ့၏။ အကျိုးသက်ရောက်မှုက သိသာထင်ရှားလွန်းသည် ဆိုသော်လည်း အောင်မြင်မှုကို အလောတကြီးဖြင့် သူက ရယူချင်ခဲ့မိ၏။ နောက်ဆုံးမှာတော့ ရှမ့်လန်၏ တစ်ခုပြီး တစ်ခု တိုက်ခိုက် ဖြိုဖျက်ခြင်း ကို ခံခဲ့ရသည်။
ကျင်းမင်းသားက ဆက်ကာ ပြောလိုက်၏။ “ရွှဲ့ပြည်နယ်က လူတွေက သတ္တိနည်းပါးတယ်။ အရပ်ဖက် အရာရှိတွေကြောင့် ပျက်စီးနေပြီ။ ကျုပ်တို့ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေကျတော့ အရိုင်းဆန်လွန်းတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုက အားနည်းလွန်းတယ်။ ကျုပ်တို့က စစ်တိုက်တတ်တယ်ဆိုပေမဲ့ တိုင်းပြည်ရဲ့ အင်အားကို မတည်ဆောက်နိုင်သေးဘူး။ ဒါကြောင့် လူမျိုးစုနှစ်ခုကို နေရာပေးပြီး တစ်ဖက်ဆီရဲ့ အားသာချက်ကို အသုံးချနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်။”
စုနန်က ပြောသည်။ “အဲဒါက အရမ်းကို ခက်ခဲပါလိမ့်မယ်။”
“ဟုတ်တယ်။ အရမ်းကို ခက်ခဲတယ်။”
ကျင်းမင်းသားက ပြောလိုက်၏။ “ကောင်းကင်ကို တက်ရတာခက်ခဲပေမဲ့ အကယ်၍ ကျုပ်တို့သာ အောင်မြင်ခဲ့တယ်ဆိုရင် ထာဝရအုပ်ချုပ်သူတွေ ဖြစ်လာလိမ့်မယ်။”
သို့ပေမည့် စုနန်က နှမြောတသ ဖြစ်နေဆဲပင်။ ဤလောကကြီးတွင် နယ်မြေများပြားလွန်းသည်ကို မကြိုက်သည့် ဘုရင်ဟူ၍ ရှိပါသည်လား။
ကျင်းမင်းသားက မေးသည်။ “အကယ်၍ ကျုပ်ရယ်၊ ဝူပြည်နယ်ရယ်၊ ချောင်ပြည်နယ် နဲ့ပေါင်းပြီး ရွှဲ့ပြည်နယ်ကို အပိုင်းပိုင်း ခွဲလိုက်ရင် ဘာတွေ ဖြစ်လာမလဲ”
စုနန်က ဖြေ၏။ “ရွှဲ့ပြည်နယ် ပျက်စီးသွားရင် တောင်ဘက်ပိုင်းတစ်ခုလုံးမှာ ဝူ၊ ချောင်နဲ့ တာ့နန်နိုင်ငံ သုံးနိုင်ငံပဲ ကျန်တော့မယ်။”
ကျင်းမင်းသားက ပြောလိုက်သည်။ “အဲအချိန်ကျရင် ဘယ်သူက အားအကောင်းဆုံး ဖြစ်ပြီး ဘယ်သူက အားအနည်းဆုံး ဖြစ်မလဲ။”
စုနန်က သုံးသပ်လိုက်၏။ “နိုင်ငံရေးအရ တွက်ကြည့်မယ်ဆိုရင် ချောင်ပြည်နယ်က အသန်မာဆုံး ဖြစ်တယ်။ ကျုပ်တို့ရဲ့ တာ့နန်နိုင်ငံက အားအနည်းဆုံး ဖြစ်လိမ့်မယ်။ အဲအချိန်ကျရင် အသန်မာဆုံး ချောင်ပြည်နယ်ကို ပုန်ကန်ဖို့အတွက် ကျုပ်တို့က ဝူပြည်နယ်နဲ့ ပေါင်းသင်းရတော့မယ်။”
“ကြည့်ရတာ အဲလိုဖြစ်မယ့်ပုံပဲ”
ကျင်းမင်းသားက ပြောသည်။ “ဒါပေမဲ့ ချောင်ပြည်နယ်က ကျုံးမိသားစုကို ဖျက်ဆီးလိုက်တာနဲ့ အနောက်ဘက် ကျန်းရှစ်ပြည်နယ်ကို သိမ်းယူဖို့ ဘာအတားအဆီးမှ ရှိတော့မှာ မဟုတ်ဘူး။ ဝူပြည်နယ်ကလည်း ပျံ့ရှောင်းကို ဖျက်ဆီးလိုက်တာနဲ့ အဲဒီပြည်နယ်ကို သိမ်းယူဖို့ အတားဆီး မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က လူမျိုးတူတွေ မလို့ပဲ။ ဒါပေမဲ့ ကျုပ်တို့က တောင်ဘက်ပိုင်း တစ်ခုလုံးကို သိမ်းယူတဲ့အခါကျရင် အတားဆီးတွေ ရှိလာမလား။”
သေချာပေါက် အတားဆီးတွေက ကြီးမား၏။ မည်သို့ပင် ဆိုစေကာမူ တာ့နန်တိုင်းပြည်က ယခုအချိန်တွင် လူရိုင်းနိုင်ငံအဖြစ် လူများက သတ်မှတ်ထားသည့် မဟုတ်ပါလား။
ကျင်းမင်းသားက ဆက်ကာ ပြော၏။ “အဲအချိန်ကျရင် ကျုပ်တို့က သိုးတစ်ကောင်ကို မျိုချလိုက်တဲ့ မြွေလို ဖြစ်လိမ့်မယ်။ ခဏလောက် အစာမကျေ ဖြစ်ပြီး မလှုပ်သာ မလူးသာ ဖြစ်နေမယ်။ အဲဒီအချိန်မှာ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့က ကျုပ်ကို သနားပြီး အစာချေတဲ့ထိ စောင့်ပေးမယ်လို့ ခင်ဗျား မျှော်လင့်လို့ ရလား။”
ဤအရာက လုံးဝမဖြစ်နိုင်ချေ။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့က သဲကန္တာရ လူရိုင်းတပ်များကို မောင်းထုတ်ရန် စစ်သည်များကို သေချာပေါက် စေလွှတ်မှာဖြစ်ပြီး နှစ်နိုင်ငံက ဤပြည်နယ်ကို အညီအမျှ ခွဲဝေယူကြပေလိမ့်မည်။
ကျင်းမင်းသားက ပြုံးလိုက်သည်။ “ဒါကြောင့် ဘုရင်တစ်ယောက်အနေနဲ့ ကျုပ်တို့က လောဘကြီးရမယ်။ ဒါပေမဲ့ ကိုယ့်လောဘကို ကိုယ်ထိန်းချုပ်နိုင်ရမယ်။ ငတ်ပြတ်ပြီး သေတာ ပြဿနာဖြစ်သလို စားလွန်းလို့ သေသွားတာကလည်း ပြဿနာ အရမ်းများတယ်။”
ဤသည်က ခေတ်သစ်စီးပွားရေးလောကတွင် လူသိများသည့် စကားတစ်ခွန်း ဖြစ်နေ၏။ စီးပွားရေး လုပ်ငန်းရှင်များက ဘယ်နှစ်ယောက်လောက်များ ငတ်ပြတ်ပြီး သေခဲ့သနည်း။ သို့ပေမည့် အစာစားလွန်ပြီး သေဆုံးသွားခဲ့သည့်သူသာ ရှိ၏။
ကျင်းမင်းသားက ပြောသည်။ “ဒါအပြင် နောက်ထပ် ကျုပ်တို့လုပ်ရမယ့် အရေးကြီးဆုံး ကိစ္စက တာ့နန်နိုင်ငံကို ပုံမှန်နိုင်ငံတစ်ခုရဲ့ လမ်းကြောင်းပေါ် ပြန်ရောက်အောင် တင်ပေးဖို့ပဲ။ ကျုပ်ရဲ့ပြည်သူတွေကို ဖင်တုံးလုံးနဲ့ လှိုဏ်ဂူထဲမှာ ဆက်ပြီး နေခိုင်းလို့ မဖြစ်ဘူး။”
စုနန်က ပြော၏။ “ကျုပ် ရှက်ရွံ့မိပါတယ်။”
ကျင်းမင်းသားက ပြောလိုက်သည်။ “ဒါဆိုရင် ရွှဲ့ပြည်နယ်ကို အခု ဖျက်ဆီးလို့ မဖြစ်သေးဘူး။ သူတို့နဲ့ ဝူပြည်နယ်၊ ချောင်ပြည်နယ်တို့တိုက်ပြီး အားကုန်တဲ့အထိ လွှတ်ထားတာ ကျုပ်တို့အတွက် အကောင်းဆုံးပဲလေ။”
“ကောင်းပါပြီ။”
ကျင်းမင်းသားက မေးလိုက်၏။ “အတွင်းရေးမှူးချုပ်... တောင်ဘက်ပိုင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”
စုနန်က ပြောသည်။ “ဒီလောက် သေးငယ်တဲ့ အပေးအယူမျိုးနဲ့ဆိုရင် ရွှဲ့ပြည်နယ်က သဘောတူဖို့ အခြေအနေ ဖြစ်နေပါပြီ။”
ကျင်းမင်းသားက ပြောလိုက်၏။ “ဘာလုပ်မလဲ ဆိုတာ ကြည့်ကြတာပေါ့။”
......................
ရွှဲ့ပြည်နယ်၏ တော်ဝင်နန်းတွင်းတွင်တော့ ...
ရှမ့်လန်ကြောင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်ပြီး တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြ၏။ ယခင်တုန်းကသာဆိုလျှင် မရေမတွက်နိုင်သည့်လူများက သူ့ကို ပြစ်တင်ဝေဖန်ရန် ရှေ့သို့ တိုးလာကြပေမည်။ အရှက်မရှိ ကြွားလုံးထုတ်သူ၊ တိုင်းပြည်ကို ဘေးဒုက္ခရောက်အောင်လုပ်သူစသဖြင့် ဝိုင်းဝန်းကာ ပြောဆိုကြပေလိမ့်မည်။ သို့သော်ငြား ယခုအချိန်မှာတော့ ရွှဲ့ပြည်နယ်၏ အရပ်ဘက်နှင့် စစ်ဖက်ဆိုင်ရာ အရာရှိများက ပါးပိတ်ရိုက်ခံရသကဲ့သို့ပင် အခြေအနေရောက်နေ၏။ သူတို့က တွေဝေငေးငိုင်စွာ ကြည့်ရှုနေသည်။
ကျင်းမင်းသားနှင့် တိုက်ပွဲတွင် ရှမ့်လန်၏ မဟာဗျူဟာက မှန်ကန်ကြောင်း လက်တွေ့အခြေအနေက သက်သေပြခဲ့ပြီး ဖြစ်၏။ ထို့ပြင် ရှမ့်လန်က ယခင်ကတည်းက အံ့ဖွယ်ရာ ကိစ္စရပ်များကို ဖန်တီးခဲ့ဖူးသူ ဖြစ်သောကြောင့် သူတို့ မဝေဖန်ရဲတော့ပေ။
အချိန်တော်ကြာပြီးနောက် ကျူးဟုန်ကျူးက မေးလိုက်၏။ “ရှမ့်လန်... မင်းမှာ တပ်အင်အား ဘယ်လောက်ရှိလဲ။ မင်း ဘယ်လောက်လိုချင်လဲ။”
ရှမ့်လန်က ဖြေသည်။ “တစ်သောင်း”
ထိုစကားကို ကြားချိန်မှာတော့ လူအုပ်ကြီးက ဆွံ့အသွားခဲ့၏။ တစ်သောင်း ဟုတ်လား။ နောက်နေသည်လား။ စုစုပေါင်း စစ်သည်နှစ်သိန်းခွဲ ချေမှုန်းခံရပြီး ကျင်းမင်းသား၏ စစ်သည်သုံးသောင်းက ရွှဲ့ပြည်နယ်၏ စစ်သည် နှစ်သိန်းကို လုံးဝဖိနှိပ်ထားနိုင်ခဲ့၏။
“ရှမ့်လန်... နိဗ္ဗာနစစ်သည်၂၀၀၀ က ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ငါတို့သိတယ်။ ဒါပေမဲ့ အဲဒါက ၂၀၀၀ ပဲ ရှိတာ။ အရေးကြီးဆုံးက အဲဒီ နိဗ္ဗာနဓားတပ်ဖွဲ့က မြေပြန့်မှာ တိုက်ခိုက်ဖို့ပဲ သင့်တော်တာ။ တောင်ပေါ်ပိုင်းအတွက် မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် နိဗ္ဗာနစစ်သည် ၂၀၀၀ ကို ခေါ်သွားမှာ မဟုတ်ဘူး။”
ထိုစကားကို ကြားသည့်အချိန်မှာတော့ လူတိုင်းက ပို၍ တုန်လှုပ်သွား၏။
“ရှမ့်လန်.. မင်းရူးသွားပြီလား။ နိဗ္ဗာနစစ်သည်နှစ်ထောင်က မင်းရဲ့တစ်ခုတည်းသော လျှို့ဝှက်ဖဲချပ်ပဲ။ ဘယ်လိုလုပ်ပြီးတော့ မခေါ်ဘဲ နေနိုင်ရတာလဲ”
ရှမ့်လန်က ပထမနိဗ္ဗာနတပ်မတော်ကို တကယ်မခေါ်ချင်ခဲ့ချေ။ ယခုအချိန် ကျင်းမင်းသား၏ တပ်များကို ရင်ဆိုင်သည့်နေရာတွင် ခံစစ်တိုက်ပွဲများ၊ လှုပ်ရှားစစ်ဆင်ရေးများ ရှိသော်လည်း နေရာယူတိုက်ခိုက်သည့် တိုက်ပွဲများ မရှိသလောက် နည်းပါး၏။ ထို့ကြောင့် ချီတက်မှု အမြန်နှုန်းနှင့် ပြောင်းလွယ်ပြင်လွယ် ဖြစ်သည့် လိုအပ်ချက်က ကြီးမား၏။
ပထမနိဗ္ဗာနတပ်မတော်က နေရာယူ တိုက်ပွဲများတွင် ပြိုင်ဘက်ကင်း၏။ သို့ပေမည့် လေးလံသည့် သံချပ်ကာများကို ဝတ်ဆင်ပြီး ပေါင်ရာနှင့်ချီသည့် ဓားများကို ကိုင်ဆောင်၏။ မိုင်ထောင်များစွာ ခရီးနှင်ပြီး တိုက်ခိုက်ဖို့ ဆိုသည်မှာ အဆင်မပြေချေ။ ထို့အပြင် ပထမ နိဗ္ဗာန တပ်တော်အား ပိုမိုလိုအပ်သည့် တခြား နေရာများ ရှိနေသေးသည်။
ကျုံးအီက မေးမြန်းလိုက်၏။ “ဒါဆိုရင် ရှမ့်လန်... ကျင်းမင်းသားရဲ့တပ်ကို ခုခံဖို့ မင်းဘာကို အားကိုးဖို့ စိတ်ကူးထားတာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “မြို့စောင့်တပ် ငါးထောင်နဲ့ ကျင်းမိသားစုရဲ့ ကိုယ်ပိုင်စစ်သည် ငါးထောင်ပါပဲ”
ထိုစကားကို ကြားချိန်မှာတော့ အရာရှိပေါင်း များစွာတို့က မယုံကြည်နိုင်သလို ဖြစ်နေ၏။ ထျန်းရွှဲ့မြို့စောင့်တပ် ဟုတ်လား။ ဤအရာက ဘယ်လိုစစ်သည်မျိုး ဖြစ်သနည်း။ ဒုတိယတန်းစား စစ်တပ်ဟု အားလုံးက သိရှိပြီး ဖြစ်၏။ ထို့အပြင် ကျင်းမိသားစု၏ ကိုယ်ပိုင်စစ်သည် ငါးထောင်ဆိုသည်ကလည်း ဒုတိယတန်းစား စစ်သည်များပင်။
ဤစစ်တပ်နှစ်ခု၏ တိုက်ခိုက်ရေးစွမ်းအင်က ကျူးလင်း ဦးဆောင်သည့် တောင်ဘက်နယ်ခြားစောင့်တပ်ထက် အများကြီး နိမ့်ကျ၏။ အဓိက အင်အားစုဖြစ်သည့် စစ်သည်ပေါင်း နှစ်သိန်းကျော်တောင် ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။
သို့ပေမည့် စစ်သည်ပေါင်း တစ်သောင်းတည်းနှင့် ရှမ့်လန်က တစ်ဖက်လူ၏ စစ်သည်ပေါင်းတစ်သိန်းကို သွားရောက်ကာ ခုခံချင်နေသည်လား။ ထို့အပြင် လုံးဝ အောင်ပွဲခံမည်ဟု ပြောဆိုနေ၏။ ဤအရာက လူမိုက် တစ်ယောက်၏ အိမ်မက်ပင် ဖြစ်ပေမည်။
သို့ပေမည့် ရှမ့်လန်က အံ့ဖွယ်ကိစ္စများကို ဖန်တီးခဲ့ဖူး၏။ လူတိုင်းက စိတ်ထဲတွင် ကျိန်ဆဲနေသည် ဆိုသော်လည်း အသံတော့ မထွက်ရဲကြချေ။ ရှိရှိနေသည့် အရာရှိများအား အပြစ်တင်၍လည်း မရပေ။ ဘာပဲပြောပြော နားထောင်ရတာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။
ကျင်းမင်းသား၏ တပ်သားများက တကယ့်ကို အင်အားကြီးမား၏။ ရှမ့်လန် ဦးဆောင်မည့် စစ်သည်ပေါင်း တစ်သောင်းဆိုသည်က ဒုတိယတန်းစား စစ်သည်များသာဖြစ်၏။ သူတို့က ကျင်းမင်းသားအတွက် သွားကြားထိုးဖို့လောက်ပင် ခက်ခဲလိမ့်မည် မဟုတ်ချေ။ တစ်နာရီ မပြည့်ခင်မှာပဲ အမြစ်ဖြတ် သုတ်သင်ခြင်းကို ခံရပေမည်။
တကယ်ပဲ ကျင်းမင်းသားကို အနိုင်ယူချင်သည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ ကျင်းမင်းသားက သူ၏ အင်အားကို အပြည့်အဝ သက်သေပြခဲ့ပြီး ဖြစ်၏။ ဤအရာက မျှော်လင့်ချက်မဲ့သည့် ကိစ္စပင်။ အကယ်၍ ရှမ့်လန်သာ ထုတ်မပြောခဲ့ပါက စိတ်ဖောက်ပြန်သွားပြီဟု လူတိုင်းက သံသယဝင်ပေလိမ့်မည်။
အချိန်အတော်ကြာပြီးသည့်နောက် မင်းသားနင်ချီက ပြော၏။ “ရှမ့်လန်... ကျင်းမင်းသားရဲ့ စည်းကမ်းချက်တွေက လုံးဝ မတင်းကျပ်ဘူးဆိုတာ သိသင့်တယ်”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။
နင်ချီက မေးလိုက်၏။ “အကယ်၍ ကျင်းမင်းသားရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရင် ဘာအဓိပ္ပာယ် သက်ရောက်သွားမလဲ စဉ်းစားမိလား”
ဤအရာက ကျင်းမင်းသား၏ စစ်သည်တစ်သိန်း ရှေ့ကိုတက်လာမည်ဟု အဓိပ္ပာယ်ရပြီး ထျန်းနန်စီရင်စု တစ်ခုလုံးနှင့် ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်းတစ်ခုလုံး ကျရှုံးသွားမည်ဟု အဓိပ္ပာယ်ရသည်။
“ကျုပ်တို့ ရွှဲ့ပြည်နယ်မှာ စစ်မြေပြင်နှစ်ခုဖွင့်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မရှိဘူး”
နင်ချီက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ “ကျင်းမင်းသားရဲ့ အပစ်အခတ် ရပ်စဲရေးကို ငြင်းပယ်လိုက်တာက တိုင်းပြည်ကို ဖျက်ဆီးခြင်းပဲ။ ရှမ့်လန်... မင်းက နိုင်နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါတို့ကတော့ မျှော်လင့်ချက်ကို လုံးဝ မမြင်ရဘူး။”
“ဒုတိယတန်းစား စစ်သည်လေး တစ်သောင်းနဲ့ ကျင်းမင်းသားရဲ့ စစ်တပ်ကို အနိုင်ယူချင်တာလား။ အရင်တုန်းက အံ့ဖွယ် ကိစ္စရပ်တွေကို ဖန်တီးခဲ့ဖူးတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ငါတို့ မယုံနိုင်ဘူး။ မင်းတစ်ယောက်တည်း စွန့်စားချင် စွန့်စားလို့ ရပေမယ့် ရွှဲ့ပြည်နယ်က မစွန့်စားနိုင်ဘူး။ ပျက်စီးသွားလိမ့်မယ်။”
တည်နေရာတစ်ခုလုံးက တိတ်ဆိတ်နေပြီး မင်းသားနင်ချီ၏ ဟိန်းဟောက်သံကသာ ပဲ့တင်ထပ်နေ၏။ သို့ပေမည့် ရှမ့်လန်က ထိုသူကို စိတ်မဆိုးချေ။
နန်းတွင်းအရာရှိ အားလုံးက ရှမ့်လန်မှာ ရယ်စရာကောင်းသူ တစ်ယောက် ဖြစ်ကြောင်း ခံစားနေရသော်လည်း ထုတ်မပြောချေ။ မင်းသား နင်ချီကမူ စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြောခြင်းပင်။
မင်းသား နင်ချီက ဒူးထောက်ပြီး ဦးတိုက်လိုက်၏။ “အရှင်မင်းကြီး... စွန့်စားလို့ မဖြစ်ပါဘူး။ တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေးအတွက် ခရိုင်ငါးခုကို ပေးအပ်လိုက်တာက အကောင်းဆုံးပါပဲ။ ပြီးမှ ချောင်ပြည်နယ်ကို အစွမ်းကုန် တိုက်ခိုက်ခြင်းကသာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ ဒီလိုမဟုတ်ဘဲ ကျင်းမင်းသားကို ဒေါသထွက်စေမယ်ဆိုရင် သူ့ရဲ့တပ်တွေက ကျုပ်တို့ဆီကို ရောက်လာမယ်ဆိုရင် ကျိန်းသေပေါက် ဒုက္ခရောက်လိမ့်မယ်။ အဲဒါဆိုရင် ဝူပြည်နယ်ကလည်း အခွင့်အရေးကို လက်လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အကုန်လုံးကို အလှူလုပ်သလို ဖြစ်နေပါလိမ့်မယ်။”
ကျူးဟုန်ကျူးက ဘာမှမပြောသော်လည်း ဒူးထောက်ပြီး ကြမ်းပြင်နှင့် နဖူးနှင့် ထိတွေ့လျက် ရှိနေသည်။
အရာရှိပေါင်းများစွာတို့ကလည်း ဒူးထောက်ချ၏။ အားလုံးက ခရိုင်ငါးခုကို ပေးအပ်ရန် ကျင်းမင်းသားနှင့် စစ်ပွဲကို ရပ်စဲရန် သဘောတူညီကြ၏။
ရှမ့်လန်နှင့် နင်ကျန်းတို့သာလျှင် မတ်တပ်ရပ်ကာ ကျန်ရှိခဲ့၏။ ဤလူနှစ်ယောက်တို့က လောကကြီးတစ်ခုလုံးကို ဆန့်ကျင်၍ ရပ်တည်နေကြပြန်သည်။
အရှင်မင်းကြီး နင်ယွမ်ရှန်းက ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် မိန့်ကြားလိုက်၏။ “ညီလာခံ သိမ်းပြီ။ ရှမ့်လန် ငါ့နောက်လိုက်ခဲ့။”
..................