← Chapters

အခန်း (၆၅၅-၆၅၆)

Vol. 42 Ch. 655-656

အခန်း (၆၅၅-၆၅၆)

Vol. 42 Ch. 655-656

အပိုင်း (၆၅၅)

စာကြည့်ခန်းအတွင်းမှာတော့ ...

“ဘယ်ဘုရင်မင်းမြတ်မဆို ကျင်းမင်းသားနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးကြမယ့် အခြေအနေမျိုးပဲ။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဘယ်ဘုရင်မင်းမြတ်ကမှ ဒီလို အန္တရာယ်မျိုးကို စွန့်စားချင်မှာ မဟုတ်ဘူး။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်၏။ ရှမ့်လန်ကဲ့သို့သော အရူးတစ်ယောက်က သာလျှင် ထိုကဲ့သို့ ရူးသွပ်သည့် ကိစ္စရပ်မျိုးကို လုပ်ဆောင်ပေလိမ့်မည်။ စစ်သည်ပေါင်း တစ်သောင်းကို အသုံးပြု၍ ကျင်းမင်းသား၏ စစ်သည် တစ်သိန်းကျော်တို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ ထို့ပြင် ပထမ နိဗ္ဗာနတပ်တော်များ ပါဝင်မလာခဲ့ချေ။ ရှမ့်လန်၌ ဒုတိယ နိဗ္ဗာနတပ်တော်သာလျှင် ရှိသည်။

နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ရှမ့်လန်... မင်းနိုင်မယ်လို့ ထင်လား။”

ရှမ့်လန်က ခဏမျှ တိတ်ဆိတ်သွားသည်။ “၁၀ ပုံမှာ ၆ ပုံ ၊ ၇ ပုံလောက်ပေါ့။ အဲဒီထက်တောင် နည်းကောင်း နည်းပါလိမ့်မယ်။”

မူလက ရှမ့်လန်အနေနှင့် နိုင်ခြေ ၈၀ ရာခိုင်နှုန်းလောက် ရှိသည်ဟု ယုံကြည်ထားခဲ့၏။ သို့သော်ငြား ယခုအချိန်မှာတော့ တောင်ဘက်ပိုင်း၏ စစ်မြေပြင် အခြေအနေကို ကြည့်ပြီးနောက် သူ၏ယုံကြည်ချက်က ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်သာ ရှိတော့၏။ ကျင်းမင်းသားက တကယ့်ကို ထူးကဲလွန်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်၏။

ရှမ့်လန်က ဆက်ပြောသည်။ “ပြီးတော့ ဒီနိုင်ခြေ ၇၀ ရာခိုင်နှုန်း ဆိုတာကလည်း ကျင်းမင်းသားရဲ့ ကြီးမားတဲ့ အရည်အချင်းနဲ့ မဟာဗျူဟာအပေါ်မှာ အပြည့်အဝ အခြေခံထားတာပါ။ အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာ ဘယ်အချိန်မှာ ရပ်တန့်ရမယ်၊ ဘယ်အချိန်မှာ ဆုတ်ခွာရမယ် ဆိုတာ သူက ကောင်းကောင်းသိပါတယ်။”

နင်ယွမ်ရှန်းက မေးလိုက်၏။ “တခြားနည်းနဲ့ ပြောရမယ်ဆိုရင် မျက်နှာချင်းဆိုင် စစ်တိုက်မယ်ဆိုရင် မင်း မနိုင် နိုင်ဘူးလို့ ပြောချင်တာလား။”

သေချာပေါက် မနိုင်နိုင်ချေ။ အကယ်၍သာ မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်ပါက ရှမ့်လန်က စစ်သည်ပေါင်း သုံးထောင့်ရှစ်ရာကျော်ဖြင့် ကျင်းမင်းသား၏ စစ်သည်တစ်သိန်းကို အနိုင်ယူချင်နေသည်လား။ ဤအရာက စိတ်ကူးယဉ်ခြင်းသားလျှင် ဖြစ်လိမ့်မည်။

“ဒီစစ်ပွဲမှာ နှစ်ဖက်လုံးရဲ့ စစ်တပ်အင်အား တစ်ခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ တစ်ဖက်နှင့် တစ်ဖက် ဉာဏ်ရည်နဲ့ စိတ်ကူးဉာဏ် ကွန့်မြူးမှုပါ ယှဉ်ပြိုင်ရတဲ့ ပွဲပဲ။ အတွေးအခေါ်ပိုင်းမှာ ရှုံးနိမ့်တဲ့သူက စစ်ရှုံးမှာပဲ။” ရှမ့်လန်က ပြော၏။

နင်ယွမ်ရှန်းက မျက်လုံးများကို မှိတ်လိုက်၏။ အသက်နှင့်ခန္ဓာ အိုးစားကွဲမည့် ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မည့် အချိန်ပင်။ အကယ်၍ ရှမ့်လန်သာ နိုင်ခဲ့ပါက တောင်ဘက်ပိုင်းမှာ ခရိုင်ငါးခုလုံးကို ကယ်တင်နိုင်မှာ ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်ပေလိမ့်မည်။ သူက တိုင်းပြည်အတွက် အရှက်ရစေသည့် ဘုရင်တစ်ပါး ဖြစ်လာတော့မည် မဟုတ်ချေ။ အကယ်၍ ရှမ့်လန်သာ ရှုံးနိမ့်ခဲ့ပါက သူတို့တိုင်းပြည်၏ နိဂုံးပင် ဖြစ်သည်။

အခြေအနေက တကယ့်ကို ရိုးရှင်း၏။ ကျင်းမင်းသားက သူ့ကိုယ်သူ ထိန်းချုပ်လွန်းနိုင်သူ တစ်ယောက်ပင်။ အကယ်၍ တစ်ကြိမ်တစ်ခါများ ဒေါသထွက်လာသည်ဆိုလျှင်တော့ ပြင်းထန်သည့် အမျက်ဒေါသများက သူတို့ဆီသို့ ကျဆင်းလာပေလိမ့်မည်။ တောင်ဘက်ပိုင်း ဒေသတစ်ခုလုံးက မီးဟုန်းဟုန်း တောက်လောင် ပေလိမ့်မည်။

ထိုအချိန်မှာတော့ ကျင်းမင်းသား၏ စစ်တပ်က မည်သည့် အတားအဆီးမှ မရှိတော့ဘဲ မြောက်ဘက်ပိုင်းသို့ ချီတက်လာပြီး ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် သုံးနိုင်ငံ ခွဲဝေခံရပြီး ရွှဲ့ပြည်နယ် ကလည်း ပျက်စီးပေလိမ့်မည်။ ဤအရာမှ ရရှိမည့် အကျိုးအမြတ်နှင့် စွန့်စားရမည့် အန္တရာယ်က လုံးဝကို မမျှတသည့် လောင်းကြေးတစ်ခုပင်။

စွန့်စားရမှုက တကယ့်ကို မြင့်မားလွန်းသော်လည်း ရရှိမည့် အကျိုးအမြတ်က ခရိုင်ငါးခုသာ ဖြစ်၏။ သေချာသည်က တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကိုတော့ ပြန်ရပေမည်။

သို့ပေမည့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကြားကာလတွင် ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာ ဆိုသည်မှာ ဘာဖြစ်မည်နည်း။ တခြားသောဘုရင်များသာ ဆိုပါက ထိုကဲ့သို့သော လောင်းကြေးမျိုးကို မည်သူမှ သဘောတူလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... သဘောမတူရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ်ကတော့ စစ်တိုက်မှာပဲ။ ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို အသုံးပြုပြီး စစ်တိုက်မယ်။”

အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူမြို့က ပေးအပ်ရမည့် နယ်မြေထဲတွင် ပါဝင်နေသောကြောင့်ပင်။

နင်ယွမ်ရှန်းက နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ “အင်း... ငါ့ရဲ့တိုင်းပြည် ပျက်စီးတော့မယ်။ ငါ့ရဲ့တိုင်းပြည် ပျက်စီးတော့မယ်။ ငါ ဒီလောက်ထိ ရူးသွပ်လို့ မဖြစ်ဘူး။ ရှမ့်လန်က အရူး။ ဒါပေမဲ့ ငါ အရူးမဟုတ်ဘူး။”

ရှမ့်လန်ကို ကျင်းမိသားစု၏ နာမည်ဖြင့် ကျင်းမင်းသားကို တိုက်ခိုက်ခိုင်းလိုက်ပြီး ဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့သည့် ဤတိုင်းပြည်အတွက်၊ ရွှဲ့ပြည်နယ်ကြီးအတွက် သူက တစ်ကြိမ်တော့ သရဲဘောကြောင်လိုက်လည်း ကိစ္စမရှိပေ။ ဤတစ်ကြိမ်တည်းပင် ဖြစ်၏။ နင်ယွမ်ရှန်း၏ လက်များက မထိန်းနိုင်အောင်ပင် တုန်ယင်နေခဲ့၏။

“ဟူး... ဟူး”

နင်ယွမ်ရှန်းက အသက်ကို ပြင်းပြင်းရှူသည်။ “ရှမ့်လန်... ဒီစစ်ပွဲသာ ရှုံးသွားပြီဆိုရင် နင်ကျန်းလည်း သွားပြီ။ ငါလည်း သွားပြီ။ ရွှဲ့ပြည်နယ်ကြီးလည်း သွားပြီ။ မင်းရဲ့ ကျင်းမိသားစုလည်း သွားပြီဆိုတာ မင်းသိတယ် မလား။”

နင်ယွမ်ရှန်းက ပြော၏။ “အကယ်၍ ငါတို့က ကျင်းမင်းသားကို ခရိုင်ငါးခု ပေးအပ်ဖို့ သဘောတူလိုက်မယ်ဆိုရင် မင်းရဲ့ မိသားစုက နုရှောင့်မြို့ကို သွားပြီး နေလို့ရတယ်။ ဘာမှ ထိခိုက်မှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီလောင်းကြေးကို ကျုပ်ကိုယ်တိုင် ထပ်ချင်တယ်။”

အိမ်ရှေ့စံမင်းသားက ပြီးသွားခဲ့ပြီ။ အကယ်၍ ကျင်းမင်းသားနှင့် တိုက်မည့်စစ်ပွဲကို အနိုင်ရခဲ့လျှင် ဒီရေလှိုင်းများ ပြန်လှည့်ပြီး တိုင်းပြည်ကို ကယ်တင်နိုင်ပေလိမ့်မည်။ နင်ကျန်းက ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး ထီးနန်းပေါ်သို့ ခြေလှမ်းတက်နိုင်ပေလိမ့်မည်။ အကယ်၍ ရှုံးနိမ့်သည်ဆိုပါက တိုင်းပြည်က လုံးဝ ပျက်စီးသွားပေလိမ့်မည်။

“၁၀ ပုံမှာ ၆ ပုံ ၊ ၇ ပုံလား။ မင်းလို ရှမ့်လန်တောင်မှ နိုင်ခြေ ၆၀၊ ၇၀ ရာခိုင်နှုန်းပဲ ရှိတယ်ပေါ့။”

နင်ယွမ်ရှန်းက အံကြိတ်ကာ ပြောလိုက်၏။ “ငါ သဘောမတူနိုင်ဘူး။ ငါရဲ့ တိုင်းပြည် ပျက်စီးသွားလိမ့်မယ်။ ငါ သဘောမတူနိုင်တော့ဘူး။ ဘိုးဘေးတွေရဲ့ တိုင်းပြည်ကို ငါ့လက်ထဲမှာ ပျက်စီးမခံနိုင်ဘူး”

ပြီးတော့ နင်ယွမ်ရှန်းက ရုတ်တရက် သူ၏ခုံကို ရိုက်ချလိုက်သည်။

“ကောင်းပြီ။ လုပ်လိုက်ကြတာပေါ့။ အဆိုးဆုံးက တိုင်းပြည် ပျက်စီးသွားရုံပဲ ရှိတယ်။” နင်ယွမ်ရှန်းက ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အော်ဟစ်လိုက်၏။

“လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းက အင်ပါယာကျန်းလီ အဖြုတ်ချခံရပြီးတဲ့နောက်မှာ ငါ ဘေးအန္တရာယ် ကြုံခဲ့တယ်။ အဲဒီတုန်းက ငါ့ကို ကယ်တင်ပေးဖို့ ကျူးမိသားစုကို တောင်းပန်သနားခံခဲ့ရတယ်။ အဲဒီအချိန်ကစတည်းက ငါ့ရဲ့ ခါးရိုးက ကျိုးသွားခဲ့ပြီ။ ဘယ်တော့မှ ခေါင်းမမော့နိုင်ခဲ့တော့ဘူး။ အဲဒီအချိန်ကစပြီးတော့ မိဖုရားကြီးက ငါ့ကို အထင်သေးခဲ့တယ်။ ကျူးဟုန်ကျူးက ငါ့ကို အထင်သေးခဲ့တယ်။ အိမ်ရှေ့စံက ငါ့ကို အထင်သေးခဲ့တယ်။ နင်ဟန်ကလည်း ငါ့ကို အထင်သေးခဲ့တယ်။

လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းက ငါ သရဲဘောကြောင်တဲ့ လူ ဖြစ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ငါ မတ်မတ်ရပ်ပြီး ခါးကို ဆန့်တန်းထားလိုက်မယ်။ ဖြစ်လာနိုင်တဲ့ အဆိုးဆုံးကိစ္စက တိုင်းပြည်ပျက်စီးသွားရုံပဲ။ ဒူးထောက်ပြီး အသက်ရှင်နေရတာထက် မတ်တပ်ရပ်ပြီးတော့ သေဆုံးသွားတဲ့ ဘုရင်တစ်ယောက် ဖြစ်ရတာကို ငါ ပိုလိုလားတယ်။”

နင်ယွမ်ရှန်းက အော်ဟစ်လိုက်၏။ ပြီးနောက် စားပွဲကို ရိုက်ချလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပြင်းထန်စွာဖြင့် တုန်ယင်လျက် ရှိသည်။ “ဘာကို ကြောက်ရမှာလဲ။ ငါက လေဖြတ်တော့မယ့် လူပဲ။ ဘာကို ကြောက်ရမှာလဲ။ ရှမ့်လန်... မင်းသွားတိုက်ချေ။ ကျင်းမိသားစုရဲ့နာမည်နဲ့ တိုက်စရာ မလိုဘူး။ ရွှဲ့ပြည်နယ်ရဲ့ နာမည်နဲ့သာတိုက်။ ငါတို့တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ ရှုံးရင်လည်း တိုင်းပြည်ပျက်စီးရုံပဲ ရှိတယ်။ ဆုံးဖြတ်ပြီးပြီ။”

ဤအရာက နင်ယွမ်ရှန်းပင် ဖြစ်၏။ အရေးကြီးသော အခိုက်အတန့်မှာ သူက လောင်းကစားသမား တစ်ယောက် ဖြစ်သွားတတ်၏။ မလျှော့သော ဇွဲလုံးလ ရှိသည့် လောင်းကစားသမား တစ်ယောက်ပင်။ ညဏ်ပညာကြီးမားပြီး အမျှော်အမြင်ရှိသည့် အုပ်ချုပ်သူ တစ်ယောက်တော့ မဟုတ်ပေ။ သို့ပေမည့် သူက လေးစားစရာ ကောင်းသည်ဟု ဆိုနိုင်၏။

တိုင်းပြည် ပျက်စီးသွားမည် ဆိုလျှင်တောင် သူက လိုက်လံကာ ကစားဦးမှာ ဖြစ်၏။ အလွန်ဆိုးဝါးသည့် လောင်းကြေးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက ရဲရဲဝံ့ဝံ့နှင့် ဖဲချပ်ကို ဝေရဲ၏။ ကြည့်ရသည်မှာ နိုင်မည့် အခြေအနေ မျှော်လင့်ချက်ဟူ၍ လုံးဝ မရှိသလောက် အခြေအနေမျိုးတွင်ပင်လျှင် သူက စွန့်စားရဲသည်။

အခြားတစ်ဖက်ရှိ အိမ်ရှေ့စံနင်ယီမှာတော့ အန္တရာယ်ရှိသည့် အခြေအနေနှင့် ကြုံတွေ့သည်ဆိုပါက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိချေ။ နောက်ဆုံး မည်သည့် ဆုံးဖြတ်ချက်ကိုမှ မချရဲဘဲ ဆုံးဖြတ်ပိုင်ခွင့် အားလုံးကို ကျူးလင်း ထံသို့ ထိုးပေးခဲ့၏။ ယခု နင်ယွမ်ရှန်းက ရူးသွပ်ဖွယ်ရာ ကောင်းသည့် ကိစ္စရပ်မျိုးကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ရဲ၏။

.......................................

နောက်တစ်ရက် ညီလာခံမှာတော့ ကျင်းမင်းသား၏သံတမန်က ညီလာခံထဲသို့ ထပ်မံ ရောက်ရှိလာသည်။ “အရှင်မင်းကြီး... ဆုံးဖြတ်ပြီးပြီလား။ တစ်ရက် အချိန်ကုန်သွားပါပြီ။”

နင်ယွမ်ရှန်းက တည်ငြိမ်စွာပဲ ပြောလိုက်၏။ “ကျင်းမင်းသားရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့နဲ့ မြေတစ်လက်မတောင် မပေးဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ။”

ကျင်းမင်းသား၏ သံတမန်က လန့်ဖြတ်သွား၏။ ရူးသွပ်သွားလေပြီလား။ ဤမျှ လျော်ညီသည့် အပေးအယူကိုတောင် လက်မခံပေ။ ဤအချိန်တွင် ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်း တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေ၏။ သူတို့ဘက်မှ အချိန်မရွေး စစ်တပ်ကို လွှတ်ပြီး သိမ်းပိုက်၍ရ၏။ ရွှဲ့ပြည်နယ် တစ်ဝက်လောက်ကို အောင်နိုင်နေပြီ ဖြစ်၏။ ‘ရွှဲ့ဘုရင်... ခင်ဗျား တော်တော် ညံ့ပါလား။’

ထိုအချိန်မှာတော့ ရွှဲ့ပြည်နယ်၏ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အရာရှိများက ပိုမို၍ တုန်လှုပ်ခြောက်ခြား သွားခဲ့ကြ၏။ သူတို့က ကြားနေရသည်ကို မယုံကြည်နိုင်သလိုပင် ဖြစ်နေ၏။

‘အရှင်မင်းကြီး... ရူးသွားပြီလား။ ကျင်းမင်းသားကို ငြင်းပယ်လိုက်တာနဲ့ အခွင့်အရေး နောက်ထပ် မရှိတော့ဘူး။ ကျင်းမင်းသားရဲ့တပ်က ရွှဲ့ပြည်နယ် တစ်ဝက်လောက်ကို သိမ်းပိုက်လိုက်တဲ့ အချိန်ကျရင် သူတို့ သိမ်းပိုက်ထားတဲ့ မြေတွေကို ပြန်ပြီး စွန့်လွှတ်မှာ မဟုတ်တော့ဘူး။ ရှမ့်လန်က အရှင်မင်းကြီးကို ဘယ်လိုများ ပြုစားလိုက်တာလဲ။’

ကျင်းမင်းသား၏ သံတမန်က မေးမြန်းလိုက်သည်။ “အရှင်မင်းကြီး... ဒါ အရှင်မင်းကြီးရဲ့ နောက်ဆုံးအဖြေဆိုတာ ဟုတ်ပါသလား။”

နင်ယွမ်ရှန်းက ဖြေ၏။ “ဟုတ်တယ်”

“ဒါဆိုရင် စစ်ဖြစ်တော့မယ်ဆိုတာ အရှင်မင်းကြီး သိပါသလား။ တာ့နန်နိုင်ငံက ရွှဲ့ပြည်နယ် တစ်ဝက်လောက်ကို သိမ်းပိုက်ပြီး နန်းမြို့တော်ကို ချီတက်လာတော့မယ် ဆိုတာကို သိပါသလား”

နင်ယွမ်ရှန်းက ဖြေသည်။ “သိတယ်။ စစ်တိုက်မှာလား။ တိုက်ကြတာပေါ့။”

ကျင်းမင်းသား၏သံတမန်က ထိုအရူး၏ မျက်နှာကို စူးစိုက်ကြည့်၏။ ပြီးနောက် နင်ယွမ်ရှန်းအား ပြော၏။ “ကောင်းပြီ။ သဘောပေါက်ပြီ။”

သံတမန်က ထွက်ခွာသွားခဲ့၏။ ကျူးဟုန်ကျူးက ကြောင်အမ်းအမ်းနှင့် ကျန်ခဲ့၏။ ပြီးနောက် သူက သံတမန်နောက်သို့ အပြေးလိုက်၏။ ဘုရင်မင်းမြတ်က ရူးသွပ်သွားပြီဖြစ်သော်လည်း ရွှဲ့ပြည်နယ်၏ အတွင်းဝန်များအဖွဲ့က မရူးသေးချေ။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အရာရှိအားလုံးက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို ငေးကြောင်ကြည့်နေ၏။ သူတို့၏ မျက်စိနှင့်နားများကိုပင် သူတို့ မယုံကြည်နိုင်သလို ဖြစ်လို့နေသည်။

အရှင်မင်းကြီးက ရူးသွပ်သွားခဲ့၏။ ရှမ့်လန်က စစ်သည်တစ်သောင်းနှင့် ကျင်းမင်းသား၏ စစ်သည်တစ်သိန်းကို အနိုင်ယူမည်ဟု ပြောဆိုနေ၏။ သို့ပေမည့် အရှင်မင်းကြီးက ယုံကြည်ခဲ့၏။ ရှမ့်လန် ခေါ်ဆောင်သွားမည်က ဒုတိယတန်းစား စစ်သည်များ ဖြစ်၏။ ပထမ နိဗ္ဗာန စစ်သည်များကိုပင် ခေါ်ဆောင်မသွားခဲ့ချေ။

ဦးရီးတော်နင်ချီက ဒူးထောက်ကာ ဦးတိုက်သည်။

စစ်ရေးဗျူရိုမှ ဒုတိယအကြီးအကဲ ကျုံးအီကလည်း ဒူးထောက်ကာ ဦးတိုက်၏။ အရာရှိအားလုံးက ဒူးထောက်ကာ ဦးတိုက်၏။ “အရှင်မင်းကြီး.... အမိန့်ကို ပြန်ပြီး ရုတ်သိမ်းပေးပါ။ တိုင်းပြည်ကို မစွန့်စားပါနဲ့။”

“ရှမ့်လန်... မင်းက သစ္စာဖောက်ကောင်ပဲ။ မင်း တိုင်းပြည်ကို ဖျက်ဆီးတော့မှာပဲ”

ထိုအချိန်မှာပဲ နင်ယွမ်ရှန်းက ဖြည်းညှင်းစွာဖြင့် မတ်တပ်ထရပ်၏။ “တိုင်းပြည်ပျက်စီးသွားတော့မှာကို ဖုံးကွယ်ထားစရာ မလိုဘူး။ တိုင်းပြည် ပျက်စီးသွားရုံ သက်သက်ပဲ မဟုတ်လား။ ပျက်စီးသွားတယ်ဆိုရင်လည်း နင်မျိုးနွယ်ရဲ့ ရွှဲ့ပြည်နယ် ပျက်စီးသွားရုံရှိတာ။ ဒီမှာရှိတဲ့ အရာရှိအားလုံးက ဗဟုသုတ ကြွယ်ဝသူတွေ၊ စာပေနှင့် စစ်ရေးကို ကျွမ်းကျင်သူတွေပဲ။ စည်းစိမ်ဥစ္စာ ဂုဏ်ရှိန်တွေလည်း ရှိနေတာပဲ။

တိုင်းပြည် ပျက်စီးသွားရင်တော့ နင်မိသားစုပဲ မျိုးပြုတ်သွားမှာ။ ခင်ဗျားတို့က ဒီအတိုင်းပဲ ရှိမယ်။ သေရင်တောင် ကျုပ် နင်ယွမ်ရှန်းပဲ သေရမှာ။ ဒါပေမဲ့ ကျုပ်နိုင်ခဲ့ရင်တော့ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်ရမယ်။ ရွှဲ့ပြည်နယ်ရဲ့ နယ်မြေပိုင်နက်တွေကိုလည်း အထိအခိုက်မရှိဘဲ ကျန်ရှိနေလိမ့်မယ်။ အကယ်၍ ကျုပ်ရှုံးခဲ့ရင် ရွှဲ့ပြည်နယ် ပျက်စီးမယ်။ နင်မျိုးနွယ်စု မျိုးပြုတ်မယ်။ ကျုပ် နင်ယွမ်ရှန်းက မြေမြှုပ်စရာနေရာ မရှိဘဲ သေရလိမ့်မယ်။ ဒါပဲ။ ဘယ်သူကများ ရာထူးက နှုတ်ထွက်ချင်တယ်။ အခုချက်ချင်း ထွက်သွားလို့ရတယ်။ ထပ်ပြောစရာ မလိုဘူး။ ကျုပ် ဆုံးဖြတ်ပြီးပြီ။”

နင်ယွမ်ရှန်း၏ အသံက ညီလာခံခန်းမတစ်ခုလုံးကို ဟိန်းထွက်သွား၏။ အရာရှိများအားလုံးက တုန်လှုပ် သွားခဲ့ကြပြီး အသက်ပင် ရဲရဲမရှူတော့ချေ။

ရူးသွားပြီပဲ။ အရှင်မင်းကြီးက လုံးဝ ရူးသွပ်သွားခဲ့၏။ အရာရှိများက လောကကြီးတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေသည့်အချိန်ကို ကြုံဆုံနေရသည့် သတ္တဝါငယ်လေးတစ်ကောင်ကဲ့သို့ပင် ခံစားနေမိ၏။ ဘေးဒုက္ခကြီးက သူတို့၏ ရှေ့တည့်တည့်ဆီသို့ ရောက်ရှိလာခဲ့၏။

မင်းသားနင်ချီက ရှမ့်လန်ကို မုန်းတီးသည့် မျက်လုံးများဖြင့် စူးစိုက်ကာ ကြည့်၏။ သူက ရှမ့်လန်ကို အပိုင်းပိုင်း အစစ ဆွဲဖြဲပြီး အရိုးကို ပြာကျအောင်ပင် မီးရှို့ချင်နေ၏။ သို့သော်ငြား ဘုရင်မင်းမြတ်က ဆုံးဖြတ်ချက် ချပြီးပြီဖြစ်၏။ နင်ချီ၌ အခြားသော ရွေးချယ်စရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူက တော်ဝင်မိသားစုတစ်ဦး ဖြစ်၏။ တိုင်းပြည် ပျက်စီးလျှင် သူလည်း သေရပေလိမ့်မည်။

“အမိန့်တော်အတိုင်းပါပဲ အရှင်မင်းကြီး။” မင်းသားနင်ချီက ဦးတိုက်ကာ မတ်တပ်ထရပ်၏။

“နင်ကျန်း” အရှင်မင်းကြီးက ခေါ်သည်။

နင်ကျန်းက ရှေ့သို့ ထွက်လာ၏။ “နင်ကျန်းကို တောင်ပိုင်းစစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်။ သူက မြို့စောင့်တပ် တစ်သောင်းကို ဦးဆောင်ပြီး တောင်ဘက်ပိုင်းကို ချီတက်မယ်။ ကျင်းမင်းသားကို တိုက်ခိုက်ရမယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန်နှင့် နင်ကျန်းတို့က မင်သက်သွားမိ၏။ မြို့စောင့်တပ် တစ်သောင်းကို ဦးဆောင်ပြီး တောင်ဘက်ပိုင်းကို သွားရမည် ဟုတ်လား။ ထိုသို့ဆိုလျှင် နန်းမြို့တော်တစ်ခုလုံး၌ မြို့စောင့်တပ် တစ်သောင်းပဲ ကျန်ရှိတော့မည်။ ထိုသို့ဆိုလျှင် မြို့တော်ကြီး ပျက်သွားသည်နှင့် ဘာမှခြားတော့မည် မဟုတ်ချေ။

“ရှမ့်လန်ကို ခန့်အပ်တာက...”

နင်ယွမ်ရှန်း ခဏမျှ စဉ်းစားလိုက်၏။ သို့ပေမည့် ရှမ့်လန်အတွက် သင့်တော်သည့် ရာထူးဟူ၍ ရှာမတွေ့ချေ။ “ကောင်းပြီ... ထားလိုက်တော့။ မင်းကြိုက်တဲ့ ရာထူးသာ မင်းယူလိုက်တော့။”

ရှမ့်လန်ဆိုသည့် ခွေးကောင်လေးက ရာထူးတစ်ခုကို လိုချင်မှာလည်း မဟုတ်ချေ။

“ကျင်းကျိုးကို ထျန်းနန်စီရင်စုရဲ့စစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်။ သူက ထျန်းနန်စီရင်စုရဲ့ ဒေသခံ တပ်စောင့်တွေကို ကွပ်ကဲခွင့်အာဏာ ရှိမယ်။ ဒါပဲ။ ညီလာခံ သိမ်းပြီ။”

“ညီလာခံ သိမ်းပြီ။” မိန်းမစိုး အကြီးအကဲ လီစွမ်းက အော်ဟစ်လိုက်သည်။

အပိုင်း (၆၅၆)

ညီလာခံမှာ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အရာရှိများက စကားတစ်ခွန်းမှ မပြောနိုင်ဘဲ မတ်တပ်ရပ်လျက် ကျန်ရှိခဲ့၏။ တချို့က ကြမ်းပေါ်တွင် ဒူးထောက်နေကြပြီး မထနိုင်ကြချေ။ သူတို့က အမှန်တကယ်ပင် ခန္ဓာကိုယ်များ အေးစက်တောင့်တင်းပြီး အားအင်များ ကုန်ခမ်းနေ၏။ ခက်ခက်ခဲခဲနှင့် မနည်းကြိုးစားကာ မတ်တပ်ထရပ်ပြီး အလောင်းကောင်များကဲ့သို့ပင် အသက်ဝိညာဉ် ကင်းမဲ့စွာဖြင့် နှေးကွေးစွာ ထွက်ခွာသွားခဲ့၏။

တိုင်းပြည်က ပျက်စီးပေတော့မည်။ ရွှဲ့ပြည်နယ်၏ ကောင်းကင်ကြီးက ပြိုကျပေတော့မည်။ သူတို့ ဘယ်ကို သွားရမည်နည်း။ သူတို့မိသားစုတွေရော ဘာဖြစ်မည်နည်း။ ပြီးနောက် အရာရှိများစွာက ရှမ့်လန်ကို အလိုလို လှမ်းကာ ကြည့်မိသည်။

‘တိုင်းပြည်နှင့် လူမျိုးကို ဘေးဒုက္ခရောက်အောင် လုပ်တဲ့ကောင်။ မင်းသာမရှိရင် ဘုရင်မင်းမြတ်က ကျင်းမင်းသားနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးမှာပဲ။ မင်းသာမရှိရင် ရွှဲ့ပြည်နယ်က ပျက်စီးမှာ မဟုတ်ဘူး။ သူ့ကို သတ်ပစ်ကြ။ သူ့ကို သတ်ပစ်နိုင်ရင် အခြေအနေကို ကယ်တင်နိုင်လိမ့်မယ်။’

ထိုအချိန်မှာတော့ အရာရှိများစွာက ကိုယ်ရေးကိုယ်တာ ဒေါသကြောင့် ဤကဲ့သို့ တွေးနေခြင်း မဟုတ်ချေ။ အကယ်၍ ရှမ့်လန်ကို သတ်လိုက်လျှင် ဘုရင်မင်းမြတ်၏စိတ် ပြန်လည်ပြောင်းလဲနိုင်ပြီး ကျင်းမင်းသားနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်မည်ဟု ယူဆမိ၏။

သို့သော်ငြား အလွန်အားကောင်းသည့် အရှိန်အဝါ တစ်ခုက ညီလာခံ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပြီးခဲ့သည့် အချိန် နင်ကျန်းကို အရာရှိများ ဝိုင်းဝန်းရိုက်နှက်သည့်နေရာတွင် လုံးဝ အငိုက်မိစေခဲ့၏။ သို့သော်ငြား ယခု လီစွမ်းနှင့် မိန်းမစိုးအကြီးအကဲ လီမူတို့က ညီလာခံတစ်ခုလုံးကို အချိန်ပြည့် စောင့်ကြည့်နေ၏။ လှုပ်ရှားရဲသည့် မည်သူမဆို သေဆုံးရပေလိမ့်မည်။

နင်ယွမ်ရှန်းက ယခုအချိန်၌ အရူးဖြစ်နေ၏။ အရာရှိများ မည်မျှ အာဏာရှိပါစေ လူသတ်ချင်လျှင် သတ်ပစ်မှာ ဖြစ်၏။ ဘုရင်မင်းမြတ်က တိုင်းပြည်ပျက်စီးမည့် အရေးကိုပင် မကြောက်လေရာ ညီလာခံအတွင်း ပုန်ကုန်မှုကို ကြောက်လန့်နေပါ့မည်လား။

........

ထိုနေ့မှာပဲ ကျင်းမင်းသား၏ သံတမန်က ထျန်းရွှဲ့မြို့မှ ထွက်ခွာသွားခဲ့ပြီး ကျင်းမင်းသားနှင့် ရွှဲ့ဘုရင်တို့၏ ဆွေးနွေးပွဲ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ပြသ၏။

လက်ရှိအခြေအနေမှာတော့ ရွှဲ့ပြည်နယ်က သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိနေ၏။ နောက်တစ်နေ့မှာတော့ အသစ်ခန့်အပ်ခံရသည့် စစ်သူကြီး နင်ကျန်းနှင့် အတွင်းဝန်ချုပ် ရှမ့်လန်တို့က မြို့စောင့်တပ် တစ်သောင်းကို ဦးဆောင်ပြီး တောင်ဘက်ပိုင်းသို့ ချီတက်ကြတော့သည်။

ပြီးခဲ့သည့်တစ်ကြိမ်က နင်ယီ တောင်ပိုင်းသို့ စစ်ချီသည့်ခရီးစဉ်တွင် လူများက စည်ကားသိုက်မြိုက်စွာဖြင့် လိုက်ပါပို့ဆောင်ကြ၏။ နန်းကုန်းအို၏ တောင်ပိုင်းသို့ စစ်ချီသည့် ခရီးစဉ်၌လည်း ထိုနည်းလည်းကောင်းပင် လူများဖြင့် ပြည့်နှက်ကာ စည်ကားခဲ့ဖူး၏။

သို့သော်ငြား ယခုတစ်ခေါက် နင်ကျန်း၏ ခရီးစဉ်မှာတော့ ခြောက်သွေ့လျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးကလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမှ လိုက်ပါပို့ဆောင်ခြင်း မပြုကြချေ။

ဘုရင်မင်းမြတ် ကိုယ်တိုင်လည်း လိုက်မပို့ချေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့်ပင်။ သူက ဤစစ်ပွဲတွင် တိုင်းပြည်၏ ကံကြမ္မာတစ်ခုလုံးကို ပုံအောပြီး လောင်းကြေးထပ်ထား၏။ ထို့ကြောင့် ဟန်ပြ လုပ်ရပ်များကို လုပ်ဆောင်နေစရာဟူ၍ မရှိချေ။

မှူးမတ်အရာရှိများသည်လည်း လိုက်မပို့ကြချေ။ အဘယ်ကြောင့်ဆိုသော် စစ်ချီသူများသည် နင်ကျန်းနှင့် ရှမ့်လန်တို့ ဖြစ်နေသောကြောင့်ပင်။ နန်းမြို့တော်ရှိ ပြည်သူများသည်လည်း လိုက်မပို့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤခရီးစဉ်က နမိတ်မကောင်းဟု ခံစားမိသောကြောင့် ဖြစ်၏။

ထို့ကြောင့် မြို့စောင့်တပ်သား တစ်သောင်းတို့က ရွှမ်ဝူလမ်းမကြီးအတိုင်း တောင်ဘက်သို့ ချီတက်သွားသည့် အချိန်မှာတော့ မရေမတွက်နိုင်သည့်မျက်လုံးများက သူတို့ကို တိတ်တဆိတ်နှင့် ငေးကြည့်နေခဲ့၏။ အမှန်စင်စစ်မှာတော့ ထိုမျက်လုံးများသည် မုန်းတီးရွံရှာစိတ်များဖြင့် ပြည့်နှက်နေသည်တော့ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော အချိန်ကာလမျိုးတွင် မိမိ၏အသက်ကို စွန့်လွှတ်ရန် ဆန္ဒရှိသည့် စစ်တပ်တစ်ခု ရှိနေသေးသည်ဟူသောအချက်က အံ့အားသင့်စရာပင် မဟုတ်ပါလား။

ဆုတောင်းမေတ္တာ ပို့သခြင်းများက အရာထင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကြည့်နေသည့် မျက်လုံးများက ဆွေးမြေ့ဖွယ်ရာများနှင့် ပြည့်နှက်လျက် ရှိ၏။ သူတို့က မြို့စောင့်တပ်သား တစ်သောင်းကို သေလူများဟု သဘောထား၍ ကြည့်နေကြ၏။

ယခင်က နန်းမြို့တော်ရှိ လူထုက နင်ကျန်းနှင့် ရှမ့်လန်ကို ရွံရှာမုန်းတီးခဲ့ကြပြီး လက်နက်ချ အညံ့ခံသူများဟု ကဲ့ရဲ့ရှုံ့ချခဲ့ကြ၏။ ယခုအခါမှာတော့ ထိုသူနှစ်ယောက်က စစ်ကို ပိုမိုလိုလားသူများ ဖြစ်လာ၏။ ယခင်က စစ်ကို လိုလားသည်ဟု ကြွေးကြော်ခဲ့သည့်လူများက လက်တွေ့တွင် အညံ့ခံသည့်လူများ ဖြစ်လာခဲ့၏။ တကယ့်ကို ကမောက်ကမနိုင်သည့် ဖြစ်ရပ်တစ်ခုပင်။

ထို့ကြောင့် နန်းမြို့တော်ရှိလူထုက ရှမ့်လန်နှင့် နင်ကျန်းကို အလွန်ရှုပ်ထွေးသည့်အကြည့်များဖြင့် ကြည့်ရှုနေ၏။ သူတို့က ထိုသူနှစ်ဦးကို အပြစ်တင်မိ၏။ အရှင်မင်းကြီးက ကျင်းမင်းသားနှင့် စစ်ပွဲကို ရပ်တန့်ပြီး တောင်ပိုင်းရှိ ခရိုင်ငါးခုကို ပေးအပ်ရန် စီစဉ်ထားကြောင်း လူတိုင်း ကြားသိ၏။ အရာရှိများသာမက ပြည်သူများကပါ ထိုသို့ ပေးအပ်လိုက်လျှင် တန်သည်ဟု ခံစားမိ၏။ အပေးအယူ အခြေအနေက လွန်ကဲသည်ဟု မဆိုသာချေ။

မှန်ပေ၏။ နယ်မြေကို ပေးအပ်ပြီး နှစ်နှစ်၊ သုံးနှစ်ကြာသည့် အချိန်တွင် ပြည်သူများက ကျိန်ဆဲကြအုံးမှာ ဖြစ်၏။ အရှင်မင်းကြီး နင်ယွမ်ရှန်းကို အာဏာမက်ပြီး တိုင်းပြည်သိက္ခာကျအောင် လုပ်သည်ဟု ဆဲဆိုကြပေဦးမည်။

သို့ပေမည့် နန်းမြို့တော်ရှိ လူထုက လတ်တလောတွင်တော့ နယ်မြေပေးအပ်လိုက်ခြင်းကို ပိုမိုကာ လိုလား၏။ အနည်းဆုံးတော့ စစ်မီးလျှံများ သူတို့၏ ခေါင်းပေါ်သို့ ကျဆင်းမလာအောင် တားဆီးနိုင်သည် မဟုတ်ပါလား။ လူတို့၏သဘာဝက ထိုကဲ့သို့ပင်။ မိမိ၏ အသိုက်အမြှုံကို တိုက်ရိုက်မထိသေးသရွေ့ တခြားသော အရာအားလုံးကို ပေးအပ်လိုက်ရမည် ဆိုလျှင်ပင် ကိစ္စမရှိကြချေ။

သို့သော်ငြား ရှမ့်လန်၏ ကန့်ကွက်မှုကြောင့် ဘုရင်မင်းမြတ်က အရာအားလုံးကို ပုံအောလိုက်ပြီး ကျင်းမင်းသား၏ ငြိမ်းချမ်းရေး သဘောတူညီမှုကို ဖယ်ရှားခဲ့၏။

တိုင်းပြည်ဖျက်ဆီးခြင်း - ဤစကားလုံးက လူတိုင်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့၏။ ပြည်သူများ၏ သူတို့၏ ဂုဏ်သိက္ခာကို အလေးထားကြဆဲပင်။ သို့သော်ငြား တချို့က ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အသက်ပေးလိုကြပြီး တချို့ကတော့ သတ္တိကြောင်ကြသည်။

ထို့ကြောင့် ရှမ့်လန်နှင့် နင်ကျန်းတို့ကို နှုတ်ဆက်လမ်းခွဲခြင်းအကြည့်များနှင့် သူ့တို့က ကြည့်နေကြ၏။ ကြည့်ရသည်မှာ ဈာပန အခမ်းအနားတစ်ခုနှင့်ပင် ဆင်တူ၏။ ရှမ့်လန်က ထိုလူများ၏ မျက်ဝန်းကိုကြည့်၏။ အကယ်၍သာ လွမ်းဆွေးဖွယ်ရာ နှဲသံလေးသာ ထည့်လိုက်ပါက ဈာပန အခမ်းအနားနှင့် ပိုမို၍ တူညီသွားပေမည်။

“အင်း... ထားလိုက်တော့။ ငါက ဒီမြို့တော်က လူတွေနဲ့ ပြန်ပြီး အဆင်ပြေအောင် နေလိုက်ပါမယ်။ မင်းတို့က နည်းနည်းလေး တုံးအကြတယ်ဆိုပေမဲ့ ကိုယ်ချင်းစာတရားလေးတော့ ရှိသေးတာပဲ။”

မြို့စောင့်တပ်သား တစ်သောင်းက လျင်မြန်စွာ ထွက်ခွာသွား၏။ နှစ်နာရီအတွင်းမှာပဲ သူတို့က နန်းမြို့တော်ရှိ ပြည်သူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ ဤသည်မှာ ဘယ်တော့မှ ပြန်မလာနိုင်သည့် စစ်ခရီးစဉ် တစ်ခုကဲ့သို့ပင်။ နန်းမြို့တော်ရှိ မရေတွက်နိုင်သည့် လူများကအိမ်တံခါးများကို ပိတ်လိုက်ကြတော့၏။

……………..

တိုင်းပြည်ပျက်ခါနီးလျှင် မိစ္ဆာများ ပေါ်ထွန်းလာစမြဲဟု ပညာရှိတို့က ဝိုင်သောက်ရင်း‌ ပြောဆိုနေကြ၏။ ယခုအချိန်မှာတော့ စားသောက်ဆိုင်များကဖွင့်ထားဆဲဖြစ်ပြီး ဖောက်သည်များနှင့် စည်ကားနေ၏။ အဘယ်ကြောင့်ဆိုသော် လူအများစုက သူတို့၏ တိုင်းပြည် ပျက်စီးတော့မည်ဖြစ်ပြီး ကြီးမားသည့် ဘေးဒုက္ခကြီး ကျရောက်လာတော့မည်ဟု ခံစားမိကြသည်။

ထို့ကြောင့် မူးအောင် အရက်သောက်ထားခြင်းက မကောင်းပေဘူးလား။ ပြည့်တန်ဆာမလေးများကတော့ သီချင်းဆိုနေဆဲပင်။ သီချင်းသံက ပျော်ရွှင်စရာကောင်းသော်လည်း လွှမ်းဆွေးမှုများလည်း ပါဝင်နေ၏။

ပြီးခဲ့သည့် နွေဦးရာသီက ရွှဲ့ပြည်နယ်တွင် နိုင်ငံတော်အဆင့် အထူးစာမေးပွဲ ကြီးကို ကျင်းပခဲ့၏။ သို့သော်ငြား ကြီးမားသည့် စစ်ပွဲကြီး ဆိုက်ရောက်လာသောကြောင့် ထိုစာမေးပွဲနှစ်ခုကို မေ့လျော့ခဲ့၏။ စစ်ဖက်ဆိုင်ရာ သိုင်းပညာရှင် ၈၀ ကျော်အနက် တစ်ဝက်လောက်က သေဆုံးခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက အိမ်ရှေ့စံမင်းသား၏ နောက်သို့ လိုက်ပါ၍ တောင်ဘက်ပိုင်းသို့ စစ်ချီသွားခဲ့သောကြောင့်ပင်။

စာပေပညာရှင်များကလည်း နန်အိုစစ်ပွဲကြောင့် ရာထူးရရှိရေး ကြန့်ကြာခဲ့ရ၏။ တချို့သောသူများက အရာရှိ ဖြစ်လာကြ၏။ မူလက အတွင်းဝန်ရုံးများနှင့် ဝန်ထမ်းရွေးချယ်ရေး ဝန်ကြီးဌာနတို့က နန်အိုစစ်ပွဲ အောင်မြင်ပြီး အိမ်ရှေ့စံမင်းသား ပြန်လာသည့်အခါတွင်မှ သူတို့ကို ရာထူးပေးရန် စီစဉ်ခဲ့၏။ ထို့ကြောင့် ဒါဇင်နှင့်ချီသည့် ပညာရှင်များက နန်းမြို့တော်တွင်း လပေါင်းများစွာ စောင့်ဆိုင်းခဲ့သော်လည်း ရာထူးနေရာကို မရရှိခဲ့ကြသေးချေ။

ဤလူများက ရွေးချယ်ခံရသည့် လူများဖြစ်၏။ ပညာရှင်များဖြစ်လာပြီးနောက် သူတို့က အခြားသောသူများထက် သာလွန်မြင့်မြတ်သည်ဟု ခံစားမိ၏။ သို့သော်လည်း အရာရှိလည်း မဖြစ်သေးသောကြောင့် မည်သည့် တာဝန်မှ မရှိချေ။ နေ့စဉ် ဝိုင်သောက်လိုက်၊ စကားစမြည် ပြောဆိုလိုက်နှင့်သာ အချိန်ကုန်၏။

သူတို့က တစ်ချိန်တည်းမှာပဲ အိမ်ရှေ့စံမင်းသားကို ချီးကျူးခဲ့သည့် သူများဖြစ်၏။ နင်ယီကို ချီးကျူးသည့် ကဗျာနှင့် သီချင်းများစွာကို သူတို့ ရေးသားခဲ့၏။ သူတို့တွင် ကျူးဟုန်ကျူးနှင့် အိမ်ရှေ့စံကို ဖားယားခြင်းမှလွဲလျှင် အခြား ဘာအလုပ်မှ မရှိခဲ့ချေ။ ထိုမှသာ အနာဂတ် ရာထူးခန့်အပ်သည့် အချိန်မျိုး၌ နေရာကောင်းကို ရရှိမည် မဟုတ်ပါလား။

ထို့ပြင် သူတို့က ရှမ့်လန်နှင့် နင်ကျန်းကို တိုက်ခိုက်ခဲ့သူများဖြစ်၏။ ထိုသူနှစ်ဦးက သူတို့ကြောင့် စုတ်ပြတ်သတ် သွားစေခဲ့၏။ တောင်ပိုင်းစစ်ရှုံးသည့်သတင်းနှင့် အိမ်ရှေ့စံ လက်နက်ချသည့်သတင်း ရောက်လာသည့် အချိန်မှာတော့ သူတို့က မိုးကြိုးပစ်ခတ်ခံရသည်ကဲ့သို့ပင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ ထို့ကြောင့် မူလက အသံတိတ်နေရန် ကြံစည်ထားခဲ့ကြ၏။

ကျင်းမင်းသား၏ သံတမန်က ရွှဲ့ပြည်နယ်သို့ ရောက်ရှိလာပြီး ခရိုင်ငါးခုကို ပေးအပ်ရန် ကမ်းလှမ်း၏။ ထိုပညာရှင်သစ်တို့က အသံမထွက်ကြသော်လည်း စိတ်နှလုံးတွင်းတွင် ‘မြန်မြန် လက်ခံလိုက်ကြ၊ မြန်မြန် လက်ခံလိုက်’ ဟု အော်ဟစ်နေခဲ့ကြ၏။ ရွှဲ့ပြည်နယ် တည်ရှိနေသရွေ့ သူတို့ အရာရှိ လုပ်နိုင်ပေဦးမည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူတို့အားလုံးက နှလုံးသားမဲ့ပြီး ယုတ်မာကြသူများတော့ မဟုတ်ကြချေ။ ဘုရင်မင်းမြတ်အား သစ္စာရှိသူများလည်း ပါဝင်၏။ ယခုရက်ပိုင်းတွင် သူတို့က တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့၏။ ရွှဲ့ပြည်နယ်ထဲက နောက်ဆုံးတွင် ဘေးကင်းတော့မည်ဟု သူတို့က ယူဆ၏။ ထို့နောက် သူတို့က ဘက်ပြောင်းပြီး တတိယမင်းသား နင်ချီကို အားကိုးရန် ကြံစည်ထားသည်။

အိမ်ရှေ့စံမင်းသား နင်ယီက သွားပြီဖြစ်၏။ ထီးနန်းက နင်ချီ၏ ခေါင်းပေါ်သို့ ကျရောက်လာတော့မည်မှာ သေချာသလောက်ပင်။ အရည်အချင်းရှိသည့် ပညာရှင်များက နင်ချီကို မျက်နှာလိုမျက်နှာရလုပ်ရန် ထျန်းဖေးပြည်နယ်ဆီသို့ သွားကြ၏။

အားနည်းသူများက ထျန်းရွှဲ့ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ရွှယ်ချီထံသို့ သွားရောက်၏။ ထို့ကြောင့် ဤရက်ပိုင်းအတွင်း ရွှယ်မိသားစု၏ အိမ်တော်က ဈေးတန်းပမာပင် စည်ကားလို့ နေ၏။ ဝူအန်းမြို့စားကြီး၏ ဆက်ခံသူ ရွှယ်ဖန်ကတော့ လုံးဝ ရေပန်းစားလာခဲ့၏။

မူလက အခြေအနေ မဆိုးချေ။ မထင်မှတ်ဘဲ ရှမ့်လန်က ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းမွန်သည့် အခြေအနေ အားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ အရှင်မင်းကြီးက တကယ်ကို ရှုပ်ထွေးသွားခဲ့ပြီး ရှမ့်လန်၏ တောင်းဆိုမှုကို တကယ်ပင် သဘောတူညီလိုက်၏။ ဤတစ်ကြိမ်တွင်တော့ တကယ်ပင် ပြီးသွားခဲ့၏။ မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။

“တိုင်းပြည် ပျက်ကာနီးရင် မိစ္ဆာပေါ်တတ်တယ်။ ရှမ့်လန်နဲ့ နင်ကျန်း သေတာက နှမြောစရာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ်ရဲ့ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့မြေကို ဆုံးရှုံးရတာက နှမြောစရာ ကောင်းတာပဲ။ ကျင်းမင်းသားက သဘောထားကြီးပြီး ပညာရှိမင်းတစ်ပါးရဲ့ အသွင်အပြင် ရှိတယ်လို့ ကျုပ် ကြားတယ်။ ဒါဆိုရင်…”

ထိုစကား ထွက်လာသည်နှင့်တပြိုင်နက် လူတိုင်း၏ မျက်လုံးများက သူ့ဆီသို့ ရောက်ရှိသွား၏။ ဘာကို ဆိုလိုချင်နေသနည်း။ ကျင်းမင်းသားထံ ခိုလှုံချင်နေသည်လား။ သို့ပေမည့် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ကျင်းမင်းသား၏ တာ့နန်နိုင်ငံက ယခုမှ တည်ထောင်ကာစဖြစ်၏။ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ပညာရှင်က ရှားပါး၏။ ထို့အပြင် သူတို့က အမြဲတမ်း ပညာရှင်ဆန်သူများပင်။ နန်းမြို့တော်တွင် ရှိစဉ်က ပညာရှင်များနှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သည် မဟုတ်ပါလား။

“အစ်ကိုရှု… နန်းမြို့တော်မှာရှိတုန်းက ကျင်းမင်းသားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ကြားတယ်”

ဤအစ်ကိုရှုဆိုသူက အသက်သုံးဆယ် ဝန်းကျင်ရှိ၏။ ပညာရှင်တစ်ဦး ဖြစ်လာရန် ဆယ်နှစ်ကျော်မျှ ကြိုးစားခဲ့ရသော်လည်း လူငယ်ပါရမီရှင် တစ်ဦးအဖြစ်သာ သတ်မှတ်ခံရ၏။

သူက ကျင်းမင်းသားနှင့် အမှန်တကယ် တွေ့ဆုံဖူး၏။ အတူတူပင် ဝိုင်သောက်ခဲ့ဖူး၏။ ထိုစဉ်က ကျင်းမင်းသားက မာန်မာန ထောင်လွှားခြင်း မရှိချေ။ ပညာရှင်တစ်ဦး ဖြစ်သည်ဆိုလျှင်တောင်မှ တကယ်ပင် နေ့ဝက်လောက် အချိန်ပေးပြီး စကားပြောခဲ့၏။ ထို့အပြင် ပညာရှင်အများအပြားကို ကျင်းမင်းသားက ဖိတ်ခေါ်ပြီး စားသောက်ပွဲ ပြုလုပ်ပေးတတ်၏။ ထို့ကြောင့် ဤပညာရှိရှုက ကျင်းမင်းသားကို သိရှိထားသည်မှာ မှန်၏။ သို့ပေမည့် ရင်းနှီးသည်ဟု ပြောဆိုရန်မှာတော့ အနည်းငယ် ပိုလွန်းရာကျသည်။

“မဟုတ်သေးဘူး” ဤပညာရှိရှုက မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာများ ထင်ပေါ်နေသော်လည်း လက်ကာပြ လိုက်၏။ သူက ကျင်းမင်းသားနှင့် အမှန်တကယ် အဆင်ပြေကြောင်း လူအများကို သိစေချင်သော်လည်း ရယ်စရာအဖြစ်ခံရမည်ကိုတော့ မလိုလားချေ။ သို့သော်ငြား သူ၏ စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပူလောင်လာခဲ့၏။ ကျင်းမင်းသားက မြင့်မြတ်သည့် လူတစ်ယောက် ဖြစ်သောကြောင့် ထိုသူ့ကို အားကိုးခြင်း ဆိုသည်က မကောင်းသည့် အကြံအစည်တစ်ခုတော့ မဟုတ်တန်ရာပေ။

‘ငါက ပညာရှင်အသစ်တစ်ယောက်ပဲ။ ရွှဲ့ပြည်နယ်မှာဆိုရင် အများဆုံး သတ္တမအဆင့်အရာရှိလောက်ပဲ ဖြစ်လာမှာ။ ကျင်းမင်းသားရဲ့ တာ့နန်နိုင်ငံကို သွားမယ်ဆိုရင်တော့ အနည်းဆုံး ခရိုင်အုပ်ချုပ်ရေးမှူး လောက်တော့ ဖြစ်လာနိုင်တယ်။’

ဤအချက်ကို တွေးမိချိန်မှာတော့ သူက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ ‘အကယ်၍ ငါ ကျင်းမင်းသားကို ခိုလှုံမယ်ဆိုရင် ဘယ်ခရိုင်မှာ အရာရှိ သွားလုပ်ရမလဲ။’

နုကျန့်ခရိုင်ဆိုရင် မဆိုးချေ။ ဤသည်က ရှမ့်လန်၏မွေးရပ်မြေပင်။ အကယ်၍ သူသာ နုကျန့်ခရိုင်၏ အုပ်ချုပ်ရေးမှူး ဖြစ်လာလျှင် ကျင်းမိသားစုကို သေမလို၊ ရှင်မလို အခြေအနေမျိုးရောက်အောင် ကောင်းကောင်း နှိပ်စက်လို့ရ၏။

ဤပညာရှင်ရှုက ရှမ့်လန်နှင့် ရန်ငြိုးရန်စ ရှိနေသည်လား။ ဟုတ်ပေ၏။ ရှိသည်။

ကျင်းရှိရှုက အသက် ၂၀ တွင် ထိပ်တန်းကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့၏။ သို့သော်လည်း နောက်ထပ် ၁၀ နှစ်ကြာသည်အထိ ကျောင်းတော်သားဘွဲ့ကို မရခဲ့ချေ။ သူက ရာထူးတိုးမြှင့်ခံရရန် မျှော်လင့်ရင်း နန်းမြို့တော်မှာ နေထိုင်၏။

ထိုအချိန်က မင်းသမီးနင်ယန် အလွန်သောင်းကျန်းနေချိန်ဖြစ်၏။ သူမက ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ပြီး ဆောင်ကြာမြိုင်တွင် ဝိုင်သောက်လေ့ရှိ၏။ ကျင်းရှိရှုက ထိုအရာကို မြင်တော့ အခွင့်အရေးတစ်ခုကို ခံစားရ၏။ နင်ယန်၏ အပြုအမူက စည်းလွတ်ဝါးလွတ်သည့် အမျိုးသမီးတစ်ဦး၏ အပြုအမူ ဖြစ်နိုင်သည်ဟု သူ ထင်မှတ်ခဲ့၏။

သူ့ကိုယ်သူ ရုပ်ချောပြီး အရည်အချင်းရှိသည်ဟု ယုံကြည်ထားသောကြောင့် နင်ယန်ကို မျက်နှာလိုမျက်နှာရ ချဉ်းကပ်ရန် လုပ်ခဲ့၏။ သူမ၏ အငယ်အနှောင်း ဖြစ်ခွင့်ရသည်ဆိုပါက ဘဝတစ်ဆစ်ချိုး မြင့်တက်သွားမည် မဟုတ်ပါလား။

ထို့ကြောင့် တစ်နေ့မှာတော့ သူက အရှက်မရှိ နင်ယန်ထံသို့ ကဗျာတစ်ပုဒ် ပေးပို့ခဲ့၏။ နင်ယန်က အပေါ်ယံတွင်သာ ရိုင်းစိုင်းသည်ဆိုသော်လည်း အမှန်တကယ်တွင်မူ ရေကဲ့သို့ ဖြူစင်ပြီး ကျောက်စိမ်းကဲ့သို့ သန့်ရှင်းသူဖြစ်ကြောင်း သူ သိရှိသည်။

တစ်စုံတစ်ယောက်က ကဗျာ လာပေးသည်ကို မြင်သည့်အချိန်မှာတော့ နင်ယန်က ချက်ချင်းပဲ ဒေါသထွက်၏။ ကိုယ့်ကိုယ်ကို ဘာမှတ်နေသနည်း။ “ငါ့ကို လာပြီး ရန်စရဲတယ် ဟုတ်လား။ ရိုက်ကြစမ်း။”

ပြီးနောက် သူက နင်ယန်၏ အမျိုးသမီးစစ်သည်တော်များ၏ ရိုက်နှက်မှုကို၏ ခံရပြီး သေလုမျောပါး ဖြစ်ခဲ့၏။ နံရိုးသုံးချောင်းပင် ကျိုးခဲ့၏။ ထိုအချိန်မှစ၍ သူက နင်ယန်ကို ရန်စရန် မဝံ့တော့ချေ။ သို့သော်လည်း မင်းသမီး နင်ယန်က ရှမ့်လန်အတွက်နှင့် တော်ဝင်ရန်အင်ပါယာမင်းသား၏ သားကိုပင် ကွာရှင်းခဲ့၏။ ထို့အပြင် သူမက ရှမ့်လန်၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့၏။

ရုတ်တရက် ကျင်းရှိရှုက ဒေါသထွက်လာ၏။ သူ့အား နှိပ်စက်ခံခဲ့ရသည်ကို ပြန်လည် သတိရမိသည်။ ‘ဒီကောင် ရှမ့်လန်က ငါ့ထက် ဘာများ သာလို့လဲ။ မင်းသမီး နင်ယန်... ကျုပ် ခင်ဗျားကို ဒူးထောက် ခယခဲ့တယ်ဆိုပေမဲ့ ခင်ဗျားက ကျုပ်ကို လျစ်လျူရှုခဲ့တယ်။ ကျုပ်ကို သေလုနီးပါးဖြစ်အောင် တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ခင်ဗျားကျတော့ ရှမ့်လန်ကို ဒူးထောက်ခဲ့တယ်။ မင်းသမီးတစ်ပါးဖြစ်ပြီးတော့ တစ်ဖက်လူရဲ့ ကိုယ်လုပ်တော် ဖြစ်နေရတာ အရှက်မရှိဘူးလား။’

ထိုအချိန်မှစ၍ သူက ရှမ့်လန်ကို သူ၏ နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ်လိုက်၏။

“တိုင်းပြည် ပျက်ခါနီးရင် မိစ္ဆာ ပေါ်တတ်တယ်။ ကျုပ်တို့ ရွှဲ့ပြည်နယ်က ရှမ့်လန်ရဲ့ လက်ထဲမှာ ပျက်စီးရလိမ့်မယ်။” ကျင်းရှိရှုက အံကြိတ်ကာ ပြောဆို၏။ ပြီးနောက် ဆောင်ကြာမြိုင်ထဲမှ ထွက်ခွာသွားသည်။ နှစ်နာရီ ကြာပြီးနောက် သူက နန်းမြို့တော်မှ ထွက်ခွာသွားလေတော့၏။ သူသည် ကျင်းမင်းသားထံ သွားရောက် ခိုလှုံတော့မည်။ နောင်တစ်ချိန်တွင် သူက ထိပ်ဆုံးအဆင့်သို့ ရောက်ရပေလိမ့်မည်။

“ရှမ့်လန်… မင်း ငါ့ရဲ့ အကျဉ်းသား ဖြစ်လာရလိမ့်မယ်။ မင်းကို သေမလို၊ ရှင်မလိုဖြစ်အောင် ငါလုပ်ပစ်ရမယ်”

………………..

All Chapters