အခန်း (၆၅၉-၆၆၀)
Vol. 42 Ch. 659-660
အပိုင်း (၆၅၉)
ထိုသူက တပ်ပြေးတစ်ဦး ဖြစ်သည်။
စုနန်၏ စစ်တပ်က ရန်ကော့မြို့ကို ချဉ်းကပ်ပြီး စတင်ဝန်းရံလာသည့် အချိန်တွင် မြို့တွင်း၌ စိတ်ပျက် အားငယ်မှုများက ပိုမို ပြင်းထန်လာခဲ့၏။ မြို့စောင့်တပ်သား တစ်သောင်းကျော်တွင် တပ်ပြေးများက နေ့စဉ် ပွားများလာ၏။ နေ့တိုင်းလိုလို ထွက်ပြေးရန် ကြိုးစားသည့်သူများ ရှိ၏။ ယနေ့ ထွက်ပြေးရန် ကြိုးစားသူက ၁၀၀ ကျော်ထိပင် ရှိ၏။
စစ်ဥပဒေအရဆိုလျှင် တပ်ပြေးများကို ခေါင်းဖြတ်ကွပ်မျက်ရပေလိမ့်မည်။ သို့သော်ငြား ဤအခြေအနေတွင် ခေါင်းဖြတ်ခဲ့သည်ဆိုပါက စစ်သည်များ၏ စိတ်ဓာတ်က ပြိုကွဲသွားမှာဖြစ်ပြီး ကျန်သည့်စစ်သည်များပါ ကြောက်လန့်တကြားဖြင့် ထွက်ပြေးကြပေလိမ့်မည်။
နာကျည်းမှုက အလွန်တရာ ဒေါသထွက်လျက်ရှိ၏။ လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း သူက ဤမြို့စောင့်တပ်ကို သေသေချာချာ လေ့ကျင့်ပေးခဲ့၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က တိုးတက် လာခဲ့၏။ ခွန်အားများကလည်း တိုးတက်လာ၏။ စည်းမျဉ်းစည်းကမ်းများကလည်း တိုးတက်လာခဲ့၏။ သို့သော်ငြား ရဲစွမ်းသတ္တိရှိအောင် ပြုပြင်ပြောင်းလဲဖို့ ဆိုသည်မှာတော့ ခဲယဉ်းလွန်းလှချေသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် မြို့စောင့်တပ်သားအများစုက ရပ်ရွာမှ လူဆိုးများ ဖြစ်၏။ သူတို့၏ စရိုက် လက္ခဏာများက အရိုးထဲထိ စွဲနေပြီးသားပင်။ သူတို့၏ ပုံမှန်အလုပ်က နန်းမြို့တော်၏ လုံခြုံရေးကို ထိန်းသိမ်းခြင်း၊ အရပ်သားများကို အနိုင်ကျင့်ခြင်း၊ လူဆိုးဂိုဏ်းများကို လိုက်လံနှိမ်နင်းခြင်းတို့ပင်။ သူတို့၏ ကြီးမားဆုံးသော ရန်သူက ဆိုးသွမ်းသည့် ဂိုဏ်းသားတစ်ချို့သာလျှင် ဖြစ်ခဲ့၏။
မြို့စောင့်တပ်များက စစ်ပွဲများတွင် တစ်ခါမှ တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ယခုအချိန်မှာတော့ ကြောက်မက် ဖွယ်ရာ အကောင်းဆုံးသော သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်များကို တိုက်ခိုက်ရပေတော့မည်။
ထိုစစ်သည်များ အားလုံး ထွက်ပြေးမသွားအောင် နာကျည်းမှုက အမိန့်ပေးနိုင်သည်ဆိုခြင်းက ကောင်းမွန်လွန်းနေပြီဟု ယူဆရပေသည်။
..................
“သခင်လေး... ကျုပ်မှာ မိဘတွေ၊ မိန်းမနဲ့ သားတွေလည်း ရှိပါသေးတယ်။ ကျုပ် သေလို့ မဖြစ်သေးပါဘူး။ သခင်လေး... ကျုပ် အသုံးမကျတာ မဟုတ်ပါဘူး။ တိုက်ခိုက်ဖို့ နည်းလမ်းကို မရှိတာပါ။ ထျန်းနန်မြို့က စစ်သည် နှစ်သောင်းတောင်မှ ၂ နာရီ မခံဘဲ သေသွားခဲ့ကြတယ်။ ကျုပ်တို့က လူတစ်သောင်းပဲ ရှိတာ။ ၁၅ မိနစ်တောင် ခံနိုင်မှာ မဟုတ်ပါဘူး။ သခင်လေးရှမ့်... ကျုပ်တို့ အတူတူ ပြေးကြရအောင်။ နုရှောင့်မြို့ကို သွားကြရအောင်။”
ဤတပ်ပြေးက တကယ်ကို ရဲရင့်သူဖြစ်၏။ သူ့ကိုယ်တိုင် ထွက်ပြေးလိုသည့်အပြင် ရှမ့်လန်ကိုပါ အတူတကွ ထွက်ပြေးရန် တိုက်တွန်းနေသေး၏။
ရှမ့်လန်က လက်ကို အသာပင် ဝှေ့ယမ်းပြလိုက်၏။ နာကျည်းမှုက ရှေ့ဆီသို့ တိုးလာခဲ့ပြီး ထိုသူ၏ မေးရိုးကို အတင်းဆွဲဖျစ်၏။ စစ်ပြေးက သူ၏ လျှာကို ဖြတ်တောက်ပစ်မည် စိုးရိမ်ကာ ချက်ချင်းဆိုသလိုပဲ ဆိုးဆိုးဝါးဝါး အော်ဟစ်ရုန်းကန်နေသည်။
သို့သော်ငြား နာကျည်းမှု မည်မျှသန်မာလိုက်သနည်း။ အဘယ်သို့ လွတ်မြောက်တော့မည်နည်း။ လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ရေရောထားသည့် ရွှေနဂါးသွေးကို ထိုသူ၏ ပါးစပ်ထဲသို့ လောင်းထည့်၏။
“ကျုပ် သေရတော့မယ် သခင်လေး... သခင်လေးရှမ့်လန်၊ ကျုပ်ကို အဆိပ်ခတ်လိုက်တာလား။ အင်း... သေသွားတာပဲ ကောင်းပါတယ်။ အနည်းဆုံးတော့ အလောင်းအဖြစ် ကျန်သေးတာပေါ့။ သဲကန္တာရ လူရိုင်းမျိုးနွယ် တိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ရတာထက် အဆိပ်မိပြီးသေရတာက ပိုပြီး တော်သေးတယ်။ တိုက်ရင် အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။ အရှင်လတ်လတ် အစားခံရမှာ။”
ပြီးနောက် တပ်ပြေးက မြေပေါ်တွင် လဲလျောင်းကာဖြင့် သေခြင်းတရားကို စောင့်ဆိုင်းနေ၏။ သူ သေသွားလျှင် ကောင်း၏။ သူ သေသွားလျှင် ကောင်းပြီ။ သဲကန္တာရ လူရိုင်းမျိုးနွယ်များနှင့် တိုက်စရာ မလိုတော့ချေ။
သူက အလွန်ပင် ကြောက်လန့်တတ်သူ တစ်ယောက်ဖြစ်၏။ တိုက်ပွဲ မစတင်တည်းက တိုက်ခိုက်လိုစိတ်က ခွေးတစ်ကောင်ထက်ပင် နိမ့်ကျနေ၏။ ခွေးရူးကမှ ဝူးဝူးဝါးဝါးနှင့် ကိုက်ပေဦးမည်။
ဤကဲ့သို့သော စစ်တပ်သည် သဲကန္တာရ လူရိုင်းမျိုးနွယ်၏ ပင်မတပ်ဖွဲ့နှင့် တိုက်ခိုက်သည်ဆိုပါက ၁၅ မိနစ်ပင် မခံဘဲ ပြိုလဲသွားမှာ သေချာ၏။
သို့သော်ငြား ၁၅ မိနစ်ကြာမြင့်ပြီးသည့်နောက် ရွှေနဂါးသွေး၏ အာနိသင်က စတင်သက်ရောက်လာခဲ့၏။ တပ်ပြေးက ရုတ်တရက် ထရပ်၏။ သူ၏ မျက်လုံးများက တောက်ပနေ၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ခန့်ညားသည့် ဟန်ပန်အမူအရာနှင့် လျှောက်ထွက်သွားသည်။
နာကျည်းမှုက အေးစက်စက် လေသံဖြင့် လှမ်းကာ မေးလိုက်၏။ “မင်း ဘယ်သွားတာလဲ။”
“ကျုပ် သူတို့ကို သတ်မယ်။ ကျုပ် သူတို့ကို သတ်တော့မယ်။”
တပ်ပြေးက အော်ဟစ်လိုက်သည်။ “ကျုပ် သဲကန္တာရ လူရိုင်းမျိုးနွယ်တွေနဲ့ တိုက်ရမယ်။ အဲကောင်တွေကို မသတ်နိုင်ရင် ကျုပ်က ခွေးမသားပဲ။ သဲကန္တာရလူရိုင်းမျိုးနွယ်တွေ ဘယ်မှာလဲ။ စုနန် ဘယ်မှာလဲ။ ကျုပ် သူ့ကို သွားသတ်မယ်။”
တပ်ပြေးက စစ်တပ်၏ စခန်းထဲသို့ ပြေးဝင်သွားပြီး အော်ဟစ်၏။ သူက ဓားတစ်ချောင်းကို ကောက်ယူပြီး မြို့ပြင်သို့ ထွက်ခွာသွားခဲ့၏။ ပြီးနောက် သူက သဲကန္တာရ လူရိုင်းမျိုးနွယ်၏ ပင်မတပ်ဖွဲ့နှင့် တစ်ယောက်တည်း တိုက်ခိုက်တော့မည်။
နာကျည်းမှုက အလွန်ပင် အံ့အားသင့်သွား၏။ သူက မယုံကြည်နိုင်စွာဖြင့် ရှမ့်လန်ကို စိုက်ကြည့်၏။ “သခင်လေး... ခင်ဗျား ရွှေနဂါးသွေးထဲမှာ ဘာတွေ ထပ်ထည့်လိုက်သေးတာလဲ။”
ရှမ့်လန်က တစ်ခုခုတော့ ထပ်ထည့်လိုက်၏။ သို့သော်ငြား အာနိသင်က ဤမျှလောက် ပြင်းထန်လိမ့်မည် ဟုတော့ မမျှော်လင့်ခဲ့ချေ။ ကြောက်တတ်သူတစ်ယောက်ပင်လျှင် အလွန်အမင်း ရဲရင့်လာခဲ့ပြီး စုနန်ကို တစ်ကိုယ်တည်း သွားရောက်ကာ သတ်ချင်နေသည်လား။ သူက ကြွက်တစ်ကောင်ကို ကျားတစ်ကောင် အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။
ဤတပ်ပြေးက ရွှေနဂါးသွေးကို သောက်သုံးပြီးနောက် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ခံစားချက်ကို မည်သို့ ဖော်ညွှန်းရမည်နည်း။
‘ငါ့ကို တားမြစ်လို့ မရဘူး။ ငါက အရမ်းကို အစွမ်းထက်တယ်။ လောကကြီးမှာ ငါတစ်ယောက်ပဲ ရှိတယ်။ ကောင်းကင်ကြီးက ငါ့ရဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားတာ ငါ မလိုချင်ဘူး။ မြေပြင်က ငါ့ရဲ့ နှလုံးသားကို မြှုပ်နှံထားတာကိုလည်း ငါမလိုချင်ဘူး။ သဲကန္တာရ လူရိုင်းမျိုးနွယ် အကုန်လုံးကို ငါ သတ်ဖြတ်ပစ်မယ်။’
သူ၏ခွန်အားနှင့် အရှိန်အဟုန်က အဆမတန် တိုးတက်လာခဲ့၏။ သို့သော်ငြား ထိုအရာက အရေးမကြီးချေ။ အဓိက သော့ချက်အားဖြင့် ရဲရင့်မှုများ တိုးလာခြင်းပင်။ သူက လုံးဝ ကြောက်ရွံ့ခြင်း ဟူ၍ မရှိတော့ချေ။
“အင်း.... ကိုယ့်ကိုယ်ကိုယ်တောင် ဓားနဲ့ ထိုးချင်နေပြီကွာ။ ဂါး ...” ပြီးနောက် သူ၏သွေးများက အလွန်မင်း ဆူပွက်နေ၏။ တပ်ပြေးက ဓားကို ကိုင်ဆောင်ကာဖြင့် မြို့တံခါးဆီသို့ လှမ်းလျှောက်သွား၏။
နာကျည်းမှုက အလျင်အမြန် ပြေးသွားပြီး ထိုသူ့ကို ပြန်လည်ကာ ဆွဲခေါ်ရသည်။ “ညီလေး... စိတ်မပူနဲ့၊ စိတ်မပူနဲ့။ နောက်ပြီးရင် မင်းရဲ့ ခွန်အားကိုသုံးဖို့ ချန်ထားလိုက်ဦး။ ရန်သူက မကြာခင် မြို့ကို တိုက်ခိုက်တော့မယ်။ မကြာခင် သူတို့ကို သတ်ရမှာပါ။”
တပ်ပြေးက ဓားဖြင့် သူ၏ ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ရိုက်နှက်ကာ အော်ဟစ်လိုက်၏။ “ရန်သူတွေ ဘယ်မှာလဲ။ ရန်သူတွေ ဘယ်မှာလဲ။ လာခဲ့ကြစမ်း။ ငါ သတ်မယ်။”
စစ်သည်တစ်ချို့က ရောက်ရှိလာခဲ့၏။ ပြီးနောက် အလွန် ခက်ခက်ခဲခဲဖြင့် ထိုတပ်ပြေးကို ဖိနှိပ် ဖမ်းချုပ်ရသည်။
နာကျည်းမှုက ရှမ့်လန်ကို ကြည့်ကာ ပြောလိုက်၏။ “သခင်လေး... ဒါ။ ဒါ အရမ်း အစွမ်းထက်လွန်းတယ်။ ဆေးပမာဏကို နည်းနည်းလောက် လျှော့လိုက်ရင် မကောင်းဘူးလား။”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အင်း ဟုတ်တယ်။ နည်းနည်းတော့ လျှော့ရမယ်။”
တခြားဆေးများက အလွန်အကျွံ ပြင်းထန်၏။ ထိုအရာများကို တစ်ဝက်လျှော့ချရပေလိမ့်မည်။ မဟုတ်ပါက ရူးသွပ်သွားပေမည်။ ထို့ကြောင့် ရွှေနဂါးသွေး၏ ပမာဏကို အတူတူ ထားရှိသည်ဆိုသော်လည်း တခြား အထူးဆေးများကို တစ်ဝက်ခန့် လျှော့ချလိုက်၏။
သူက နောက်ထပ် တပ်ပြေးတစ်ဦးကို ရှာဖွေကာဖြင့် ဆေးတိုက်သည်။
နောက်ဆုံးမှာတော့ ထိုတပ်ပြေးကလည်း ပြေးထွက်သွားပြန်၏။ “အား။ သတ်မယ်။ သတ်မယ်။”
ခန္ဓာကိုယ်က ပေါက်ကွဲသွားမတတ်ပင် အဆုံးမဲ့သည့် ခွန်အားများက ပြည့်နှက်နေ၏။ သူက ပေါင် ၅၀ ကျော် အလေးချိန်ရှိသည့် ဓားမော့ကြီး တစ်ချောင်းကို ဆွဲယူကာဖြင့် အဆက်မပြတ် လွှဲယမ်းလျက် ရှိနေသည်။
သို့သော်ငြား ထိုဓားက နာကျည်းမှု၏ ဓားပင် ဖြစ်၏။ “တိုင်းပြည်ကို သစ္စာခံမယ်။ ရိုင်းစိုင်းတဲ့ သူတွေ အကုန်လုံးကို သတ်မယ်။ မှူးမတ်အဖွဲ့ကို သတ်မယ်။ သတ်မယ်။”
တပ်ပြေးက အော်ဟစ်ရင်း သူ၏ ဓားကွက်များကို ထုတ်ဖော်လျက် ရှိသည်။
နာကျည်းမှုက ခေါင်းညိတ်လိုက်၏။ “အင်း... နည်းနည်းလေးတော့ အားနည်းသွားတယ်။”
ဆယ်နာရီ ကြာမြင့်ပြီးနောက် ရန်ကော့မြို့က ပြောင်းလဲသွားခဲ့၏။ လူဦးရေတစ်သောင်းက အတူတူပင် ရှိနေသေး၏။ သို့သော်ငြား လူတိုင်း၏ သွေးများက ဆူပွက်နေပြီး သတ်ဖြတ်လိုစိတ်များက မြင့်တက်နေ၏။ တပ်ပြေးလား။ မဖြစ်နိုင်တော့ပေ။ တပ်ပြေးမည့်လူ မရှိတော့ချေ။ တိုက်ပွဲကို ကြောက်ရွံ့မည့်လူလည်း မရှိတော့ချေ။
လူတိုင်း၏ ခွန်အားက အဆမတန် တိုးတက်လာ၏။ သူတို့၏ အရှိန်အဟုန်ကလည်း မြင့်တက်လာခဲ့သည်။ အရေးကြီးဆုံးအားဖြင့် စိတ်ဓာတ်နှင့် ရဲရင့်မှု မြင့်တက်လာခဲ့ခြင်းပင်။ လူတိုင်းက မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ ထုတ်မသုံးနိုင်သည့် အစွမ်းထက်သည့် စွမ်းအားတစ်ခု တည်ရှိနေသည်ဟု ခံစားမိကြ၏။ သူတို့က ပေါက်ကွဲသွားမတတ်ပင် ခံစားနေမိကြ၏။
“အမြန်ဆုံး တိုက်ပွဲဝင်ကြ။ အမြန်ဆုံး တိုက်ပွဲဝင်ကြမယ်။ ကျုပ်တို့ ထိန်းမထားနိုင်တော့ဘူး။ ရန်သူ ဘယ်မှာလဲ။ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တွေ ဘယ်မှာလဲ။ ဘာလို့ သူတို့ကို မတိုက်ခိုက်ရ သေးတာလဲ။”
“ကျုပ်တို့ မခံနိုင်တော့ဘူး။ မတိုက်ခိုက်ရဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ မွှန်းရတော့မယ်။ ကျုပ်တို့ရဲ့ စွမ်းအင်တွေက အရမ်းကို ထိတ်လန့်စရာအခြေအနေ ဖြစ်နေပြီ။ ထုတ်သုံးမှ ဖြစ်တော့မယ်။ မြို့ထဲမှာ အမျိုးသမီးတွေလည်း မရှိဘူး။”
ထို့ကြောင့် သူတို့၏စွမ်းအင်များကို ဖွင့်ထုတ်စရာဟူ၍ နေရာမရှိချေ။ သို့နှင့် နာကျည်းမှုက သူတို့ကို ခေါ်ဆောင်ပြီး အသက်စွန့် လေ့ကျင့်စေခဲ့၏။ ဤအရာက ပုံမှန် လေ့ကျင့်ခန်းများထက် အဆပေါင်းများစွာ ပိုသည်။
“လေးတွေ ယူခဲ့.... လေးတွေ ယူခဲ့။” အားလုံးက တကယ့်ကို အားကောင်းလွန်းသည့် လေးများ ဖြစ်၏။ ယခင်တုန်းက မြို့စောင့်တပ်သားများက ဤကဲ့သို့ ပြင်းအားမြင့်လေးများကို ဆွဲပင် ဆွဲနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ယခုအချိန်မှာတော့ လွယ်လွယ်ကူကူနှင့် ဆွဲနိုင်၏။ သို့ပေမည့် ပစ်မှတ်ကို ချိန်ရွယ်ဖို့ ဆိုသည်ကတော့ အဓိပ္ပာယ် မရှိချေ။ ပစ်မှတ်ချိန်ရွယ်ခြင်းကို လေ့ကျင့်ဖို့အတွက် နောက်ကျနေပြီ ဖြစ်၏။
ညနက်ပိုင်းထိ မြို့စောင့်တပ်သား တစ်သောင်းတို့က ထိုစစ်ရေး လေ့ကျင့်မှုကို အရှိန်အဟုန်ပြင်းပြင်း ပြုလုပ်ကြ၏။ သူတို့က လုံးဝ မအိပ်ကြတော့ပေ။ တကယ်တမ်းမှာတော့ ရွှေနဂါးသွေးကို သောက်သုံး ပြီးနောက် သူတို့က ရက်အနည်းငယ်လောက် အားအပြည့်ဖြင့် နေနိုင်ကြ၏။ သို့ပေမည့် သူတို့အနေနှင့် အိပ်ဖို့ လို၏။ ရွှေနဂါးသွေး၏ အာနိသင်ကို အလဟဿ မဖြုန်းတီးသင့်ပေ။
တခြားနည်းလမ်း မရှိတော့ချေ။ ထို့ကြောင့် ရှမ့်လန်က အိပ်ဆေးရည်များကို ဟင်းရည်ထဲသို့ ထည့်ကာဖြင့် လိုက်လံ တိုက်ကျွေးရ၏။ လူတိုင်းက ခွက်တစ်လုံးနီးပါးခန့် သောက်ပြီးနောက် ငြိမ်သက်စွာဖြင့် အိပ်ရာထက်တွင် လဲလျောင်း အိပ်စက်ကြ၏။ သူတို့၏ နှလုံးသားထဲတွင် သွေးများဖြင့် ဆူပွက်လျက် ရှိနေသည်။
ရှမ့်လန်က နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့၏။ သူက ဤမေ့ဆေးမှုန့်များကို နှစ်ပေါင်းများစွာကြာ သိမ်းဆည်းထားခဲ့၏။ ယခု တစ်ကြိမ်တည်းနှင့် ကုန်သွားခဲ့၏။
မြို့စောင့်တပ်သားများက အိပ်စက်ရင်းနှင့်ပင်လျှင် ယောင်ကာ အော်ဟစ်လျက် ရှိနေသည်။ “သတ်မယ်။ သတ်မယ်။”
သူတို့၏ တိုက်ခိုက်လိုစိတ်က ကောင်းကင်ကိုပင် စိန်ခေါ်နိုင်စွမ်း ရှိနေ၏။ ဤပျော့ညံ့လွန်းသည့် ခွေးအုပ်စုက ခွေးသားရဲကြီးများ ကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။
...................
ထျန်းဖေးခရိုင် ကာကွယ်ရေး စစ်စခန်း...
တတိယမင်းသား နင်ချီက အလွန်မင်း စိုးရိမ်ပူပန်နေ၏။ ဝူပြည်နယ်က စစ်သည်များကို စုဆောင်းနေဆဲပင်။ အနောက်ဘက်ရှိ ချောင်ပြည်နယ်ကဲ့သို့ မဟုတ်ပေ။ သူတို့၏နောက်တွင် တော်ဝင်ရန်အင်ပါယာ ရှိ၏။
ချောင်ပြည်နယ်က လျန်နိုင်ငံနှင့် ချန်နိုင်ငံသစ်တို့ကို ခုခံကာကွယ်ရန် စစ်သည်များကို စုဆောင်းထားဖို့ လိုအပ်သေး၏။ သို့သော်ငြား ဝူပြည်နယ်ကတော့ ထိုသို့မဟုတ်ချေ။ သူတို့က စစ်တပ်အားလုံးကို စုစည်းပြီး ရွှဲ့ပြည်နယ်ကိုသာ အာရုံစိုက်နိုင်သည်။
နင်ချီက မြေပုံကို အကြိမ်ကြိမ် ကြည့်ရှု၏။ ဝူဘုရင်က ထျန်းဖေးခရိုင် ကာကွယ်ရေး စစ်စခန်းတွင် စစ်သား နှစ်သိန်းကျော်ကို စုဆောင်းထားခဲ့ပြီး အရေအတွက်က ဆက်လက်ကာ တိုးပွားနေဆဲပင်။ တခြားတစ်ဖက် တွင်တော့ သူနှင့် ကျန်းချုံးတို့၌ စစ်သည် ခြောက်သောင်းသာလျှင် ရှိ၏။ သူတို့က မြို့တစ်ခုတည်းကို ကာကွယ်နေခြင်း မဟုတ်ချေ။ နယ်စပ်ဒေသ တစ်ခုလုံးကို ကာကွယ်ရပေလိမ့်မည်။
ဝူဘုရင်၏ တပ်များက တောင်ဘက်သို့ ရွေ့လျားလာသည်နှင့် တပြိုင်နက် အခြေအနေက ကျန်းရှစ်ခရိုင်ထက် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းစွာဖြင့် ပြိုလဲသွားမှာ သေချာ၏။ ထျန်းဖေးခရိုင်တစ်ခုလုံးက နှစ်ပတ်ပင် မခံဘဲ ပြိုကျပျက်စီးသွားပေလိမ့်မည်။
ဤနေရာကို ရှုံးနိမ့်သွားပါက နင်ချီ၏အပြစ် ဖြစ်လာပေလိမ့်မည်။ သူက နင်ယီကဲ့သို့သော ကံကြမ္မာမျိုးကို ခံစားရမည်။ သူ ဘာလုပ်သင့်သနည်း။ သူ ဘာဆက်လုပ်သင့်သနည်း။
မြေပုံရှေ့တွင် ရပ်နေသည့် နင်ချီက အံကိုကြိတ်ကာဖြင့် ဆုံးဖြတ်ချက် တစ်ခုကို ချ၏။ သူက အုပ်ချုပ်ရေးမှူးရုံး ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွား၏။ “ကျုပ်ရဲ့ လက်ထဲက စစ်သည် သုံးသောင်းကို ခင်ဗျားကို ပေးပါမယ်။ ထျန်းဖေးခရိုင်ကို ခင်ဗျားလက်ထဲမှာ ထားခဲ့တော့မယ်။”
ကျန်းချုံးက အံ့အားသင့်သွားမိသည်။ “အရှင်မင်းသား... ဝူပြည်နယ်ကို သွားချင်နေတာလား။”
နင်ချီက ပြော၏။ “ဟုတ်တယ်။ ကျုပ် ဝူဘုရင်ကို ကိုယ်တိုင်သွားတွေ့ပြီး သူနဲ့ ညှိနှိုင်းဆွေးနွေးရမယ်။”
ကျန်းချုံး၏ နှလုံးသားထဲတွင် လေးစားကြည်ညိုမှုများနှင့် ပြည့်နှက်သွား၏။ နင်ချီ၏ ရဲစွမ်းသတ္တိက အိမ်ရှေ့စံ နင်ယီထက် အဆပေါင်းများစွာ ပိုမိုကာ သာ၏။ သို့သော်ငြား ဤအခြေအနေတွင် ဆွေးနွေး ညှိနှိုင်းခြင်း ဆိုသည်က အဓိပ္ပာယ် မရှိချေ။ ထို့ပြင် တတိယမင်းသားနင်ချီက မြောက်ဘက်ပိုင်းတွင် စစ်ဦးစီးချုပ် ဖြစ်၏။ ရန်သူ၏ နိုင်ငံထဲသို့ အလျင်စလို ဝင်ရောက်ပါက ဘေးဥပဒ်နှင့် တွေ့ဆုံရပေလိမ့်မည်။
နင်ချီက ပြောသည်။ “အခု ဆွေးနွေးညှိနှိုင်းဖို့ အဓိပ္ပာယ်မရှိဘူးဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်သေးတာပေါ့။”
ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ “အင်း... ကျုပ် နားလည်ပါတယ်။”
တတိယမင်းသား နင်ချီက ဆိုသည်။ “ဒါဆိုရင် ထျန်းဖေးခရိုင်ကို ဆရာကြီးကျန်း လက်ထဲကိုပဲ အပ်နှံခဲ့ပါမယ်။”
ပြီးနောက် နင်ချီက စစ်သည် သုံးသောင်းအား အမိန့်ပေးနိုင်သည့် ကျားတံဆိပ်ကို ကျန်းချုံးအား လွှဲအပ်ပေးလိုက်၏။ ဘုရင်မင်းမြတ် အမိန့်တော်ကို မရရှိသေးသော်လည်း နင်ချီက ဝူဘုရင်နှင့် ညှိနှိုင်းဆွေးနွေးရန် မြောက်ဘက်ခြမ်းဆီသို့ တစ်ယောက်တည်း ထွက်ခွာကာဖြင့် ဝူပြည်နယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။
..................
အပိုင်း (၆၆၀)
ရွှမ်ဝူနယ်စားကြီး၏ အိမ်တော်
ရှမ့်မီက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်ခဲ့၏။ ပြီးခဲ့သည့် အချိန်တုန်းက နန်မြို့တော်တွင် ထောင်ပေါင်း များစွာသောလူများက ချန်းဖေးမြို့စားအိမ်တော်၏ အိမ်တော်ကို ဝန်းရံကာ အော်ဟစ်ခဲ့၏။ ထိုကဲ့သို့သော တိုက်ခိုက်သည့် အသံများက သူမကို ကြောက်လန့်စေခဲ့သည်။
ယခု ရွှမ်ဝူနယ်စားအိမ်တော်၏ အပြင်ဘက်တွင် ရန်သူစစ်သည်ပေါင်း ငါးသောင်းကျော်တို့က အော်ဟစ်ကာ ခြိမ်းခြောက်နေ၏။ ထိုအသံများက မြေပြင်ကိုပင် တုန်ခါစေခဲ့၏။ ထို့ကြောင့် ရှမ့်မီက ကြောက်လန့်နေခြင်းပင်။
ရှမ့်ယီကတော့ အလွန်မင်း စိတ်လှုပ်ရှားနေ၏။ ယခု သူက အသက် ၆ လကျော် ရှိပြီဖြစ်ပြီး သွားရှစ်ချောင်း ရှိနေ၏။ လမ်းလျှောက်နိုင်ရုံသာမက ပြေးလည်း၊ ပြေးနိုင်၏။ သူက သူ၏အစ်မ ရှမ့်မီထက် အစွမ်းထက်၏။ အပြင်ဘက်မှ စစ်သည်များ၏ အော်ဟစ်သံကို ကြားခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တည်နေရာတွင် လှည့်ပတ်ကာ ပြေးလွှားလျက် ရှိနေ၏။ “တိုက်... တိုက်...”
ထို့ကြောင့်ပင်လျှင် ရှမ့်ယီ နှင့် မူလန်တို့က သူတို့၏သားအား အတိုင်းအတာတစ်ခုထိ လွှတ်ထားခြင်း ဖြစ်သည်။ ဤသားလေး ရှမ့်ယီက ထူးခြားသူပင်။
ရှမ့်လန်၏မိခင်က ရှမ့်မီကို ပွေ့ဖက်ပြီး အသာပင် နှစ်သိမ့်လျက် ရှိနေ၏။ ပင်းအာကတော့ ရှမ့်ယီကို ကြည့်ရှုနေ၏။
“မေမေ ရိုက်... ဖေဖေ ရိုက်... ဟား ဟား ဟား ဟား...” ကလေးငယ်က လက်သီးများကို ဝှေ့ယမ်း၏။ ပင်းအာကိုပင် ထိလုနီးပါးပင်။ ဤကလေးကို ထိန်းရခြင်းက မသက်သာလှချေ။ ဤကလေးငယ် ကြီးပြင်းလာသည့် အချိန်တွင် နတ်ဆိုးတစ်ပါး ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်။
ရွှမ်ဝူနယ်စား အိမ်တော်ကို တောင်ပေါ်တွင် တည်ဆောက်ထားပြီး ထိုအရာက ကာကွယ်ရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲသည့် အရာမျိုးပင်။ သို့သော်ငြား ရဲတိုက်၏ ခိုင်ခံ့မှုက နုရှောင့်မြို့ကဲ့သို့သော မခိုင်မာပေ။ မတ်စောက်သည့် မြေမျက်နှာသွင်ပြင်အရဆိုလျှင်လည်း ကျန်းယွမ်နယ်စားကြီး အိမ်တော်လောက် ကောင်းမွန်ခြင်း မရှိချေ။
ဤနေရာတွင် ရှိနေသည့် တောင်က တော်တော်လေး ပြန့်ပြူး၏။ ရဲတိုက်၏အောက်တွင် အိမ်များ ရှိ၏။ နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီးနောက် ထိုအရာက စားကျက်မြေများကဲ့သို့ပင် ဖြစ်ပေါ်နေ၏။ ထို့ကြောင့် တောင်စောင်းတချို့ရှိသည် ဆိုသော်လည်း နန်းကုန်းအို၏ စစ်သည်ငါးသောင်းက ကောင်းကောင်း နေရာချ ထားနိုင်၏။ သူတို့က ရွှမ်ဝူနယ်စား အိမ်တော်ကို အလွယ်တကူနှင့် ဝန်းရံထား၏။
စစ်သည်ပေါင်း ငါးသောင်း - သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော် ငါးထောင်၊ နန်အိုနိုင်ငံမှ စစ်သည်ပေါင်း နှစ်သောင်းနှင့် ရွှဲ့ပြည်နယ်မှ သုံးသောင်းတို့ ဖြစ်၏။ စုနန်၏ စစ်သည် ခြောက်သောင်းတို့က သေချာပေါက် တိုက်ခိုက်ရေး စွမ်းရည်၌ လုံးဝ မနိမ့်ကျချေ။
ပထမဦးဆုံး နန်အိုစစ်သည်များက သဲကန္တာရ လူရိုင်းမျိုးနွယ်များပင် ဖြစ်၏။ ယခင်က သူတို့က မင်းသမီးနင်လော့ကို သစ္စာခံခဲ့၏။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က ထင်ရှားခြင်း ရှိသော်လည်း သူတို့က ကျွန်ကဲ့သို့ သဘောထားခြင်းကို ခံခဲ့ရ၏။
မင်းသားကျင်းကို သစ္စာခံပြီးသည့်နောက် သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် ဂုဏ်ယူဝင့်ကြွားမှုများက ပေါက်ကွဲထွက်သွား၏။ သူတို့ကို မည်သူမှ တားဆီးနိုင်ခြင်း မရှိတော့ချေ။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က သဲကန္တာရ လူရိုင်းမျိုးနွယ်၏ ပင်မတပ်ဖွဲ့ကဲ့သို့ မကောင်းမွန်သော်လည်း လျှော့တွက်၍ ရသည့် အရာမျိုး မဟုတ်ချေ။
မင်းသားကျင်းအား လက်နက်ချခဲ့သည့် ရွှဲ့ပြည်နယ်၏ ပင်မတပ်ဖွဲ့ကရော .. ထိုသူတို့ကလည်း အားမနည်းပေ။
...................
မင်းသားကျင်းက ကောင်းကင်ပေါ်မှ နေမင်းကဲ့သို့ ဖြစ်ပြီး ထိုသူ၏ အရှိန်အဝါက ခမ်းနား ထည်ဝါလွန်း၏။ ရွှဲ့ပြည်နယ်၏ စစ်သည်များအတွက် မင်းသားကျင်းက ရွှဲ့ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်ပြီး အစားထိုးခဲ့ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် လက်နက်ချသည့် စစ်တပ်ကလည်း ဘုရင်မင်းမြတ်၏ စစ်တပ် ဖြစ်လာပေလိမ့်မည်။ ဤရှုပ်ထွေးသည့် စိတ်ဓာတ်များ၏ အောက်မှာတော့ မင်းသားကျင်းထံ လက်နက်ချခဲ့သော ရွှဲ့ပြည်နယ်၏ ထိပ်တန်း စစ်သည်များက တိုက်ခိုက်ရန် စိတ်အားထက်သန်နေ၏။
အတိုချုပ်အရ ပြောရမည်ဆိုလျှင် နန်းကုန်းအို၏ စစ်သည်ပေါင်းငါးသောင်းတို့က စိတ်ဓာတ်မြင့်မားနေပြီး သတ်ဖြတ်လိုစိတ်များလည်း ပြည့်နှက်နေ၏။ ရွှမ်ဝူနယ်စား အိမ်တော်လား။ သူတို့၏ မျက်လုံးထဲတွင် အလွယ်တကူ ကျဆုံးသွားနိုင်သည်။
စုနန်၏စစ်သည်များက ထျန်းနန်မြို့ကို ဖျက်ဆီးရန် နှစ်နာရီသာ အချိန်ယူခဲ့ပြီး ထိုနေရာတွင် စစ်သည် နှစ်သောင်း ရှိ၏။ သူတို့၏ ရှေ့မှ ရွှမ်ဝူနယ်စား အိမ်တော်က ထျန်းနန်မြို့ကဲ့သို့ မကြီးမားသလို ခိုင်ခံ့မှုလည်း မရှိချေ။ ထိုနေရာဆီမှ စစ်သည်များက ငါးထောင်နှင့် ခြောက်ထောင်သာ ရှိ၏။ အများဆုံး နှစ်နာရီအတွင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ ဤအချိန်ထက် ကျော်လွန်ပါက ရှက်ရွံ့စရာပင် ဖြစ်ပေမည်။
ဤတပ်၏ တပ်မှူးက မင်းသားကျင်း၏ ယောက္ခထီး တစ်ဖြစ်လဲ သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ခေါင်းဆောင် ရှားယင်ပင် ဖြစ်၏။ သို့သော်ငြား သူက မာနကြီးပြီး ရွှဲ့ပြည်သူများကို အထင်သေးသူ တစ်ယောက်လည်း ဖြစ်၏။ သူက ရဲစွမ်းသတ္တိ ရှိပြီး ပြိုင်ဘက်ကင်းသော်လည်း စစ်တပ်ကို ကွပ်ကဲရာ၌ နန်းကုန်းအိုလောက်တော့ မကောင်းမွန်ချေ။ ထို့ကြောင့် ခရီးစဉ်တစ်လျှောက်လုံး သူက မည်သည့် စကားတစ်ခွန်းကိုမှ မပြောဘဲ စစ်ရေးကိစ္စ အရာအားလုံးတို့အား နန်းကုန်းအိုထံ လွှဲအပ်ထားခဲ့၏။
နန်းကုန်းအိုက ရှေ့သို့ ထွက်လာခဲ့သည်။ “နယ်စားမင်း ကျင်းကျိုး ရှိပါသလား။”
ခဏကြာမှတော့ ကျင်းကျိုးက မြို့ရိုး၏ ထိပ်၌ ပေါ်လာ၏။ တခြားသောသူတစ်ဦးသာ ဆိုပါက နန်းကုန်းအိုအား အသက်အတွက် နိုင်ငံတော်ကို သစ္စာဖောက်ခဲ့သူဟု ဆဲဆိုမိမှာ သေချာ၏။ သို့သော်ငြား ကျင်းကျိုးက ထိုကဲ့သို့ မလုပ်ချေ။
“ညီတော် နန်းကုန်းအို.. ဘာအကြံများ ပေးချင်လို့လဲ။” ကျင်းကျိုးက လေသံအေးအေးဖြင့် လှမ်းကာမေး၏။
နန်းကုန်းအိုက ဖြေသည်။ “ကျုပ်ရဲ့ဘုရင်က မင်းသားကျင်းပဲ ဖြစ်ပါတယ်။ အစ်ကိုတော်ကျင်းအနေနဲ့ မင်းသားကျင်းကို ဘယ်လို သဘောရလဲ။”
ကျင်းကျိုးက ပြောလိုက်၏။ “အင်း... ဉာဏ်ပညာနဲ့ စစ်ရေးဗျူဟာကလည်း ထူးချွန်တယ်။ တကယ့်ကို ဉာဏ်ကောင်းတဲ့ အရှင်ဘုရင် တစ်ပါးပါပဲ။”
ထိုအရာက ရှမ့်လန်နှင့် ကျင်းကျိုးတို့ကြား တူညီသည့် အမြင်ပင် ဖြစ်၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မင်းသားကျင်းက ရှမ့်လန်ထက် များစွာ ပိုမိုကာ ဉာဏ်ပညာကြီးသူပင်။
နန်းကုန်းအိုက ပြောလိုက်သည်။ “ကျုပ်ရဲ့ဘုရင် မင်းသားကျင်းက လောကကြီးကို အပြုသဘောဆောင်တဲ့ လူတစ်ယောက်ပါပဲ။ ပြီးတော့ ခင်ဗျားရဲ့သမက် ရှမ့်လန်ကိုလည်း တန်ဖိုးထားတဲ့သူ တစ်ယောက်ပါ။ အစ်ကိုကျင်း... ဘာကြောင့် အညံ့မခံတာလဲ။ အနည်းဆုံး မိသားစုကို ကာကွယ်ဖို့ အခွင့်အရေး ရနေပြီ။”
သူ၏ စကားများက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့် ထွက်ပေါ်လာခဲ့သည့် စကားများလည်း ဖြစ်၏။ ကျင်းကျိုး၏ အဆင့်အတန်းက မြင့်မြတ်သည့် တော်ဝင်မျိုးနွယ်၏ အထွတ်အထိပ် နီးပါးပင်။ မင်းသားကျင်းထံ လက်နက်ချပါက ရာထူး တက်နိုင်တော့မည် မဟုတ်ချေ။ မိသားစုကို ကာကွယ်စောင့်ရှောက်ရန်နှင့် စည်းစိမ်ဥစ္စာ ကို ထိန်းသိမ်းနိုင်ရန်က ကြီးမားဆုံးသော အချက်ဖြစ်၏။
သို့သော်ငြား ကျင်းကျိုးသာ အညံ့ခံပါက နန်းကုန်းအိုအတွက် သတင်းကောင်းတစ်ခု ဖြစ်မှာ သေချာ၏။ သူက ဖိအားများစွာ လျော့ကျသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ဦးတည်း အညံ့ခံချင်ခြင်း မဟုတ်ဘဲ တကယ့်ကို ဖြောင့်မတ်သည့် လေးစားရပါသည် ဆိုသော နယ်စားကြီး ကျင်းကျိုးပင်လျှင် အညံ့ခံခဲ့သည် ဟူ၍ပင်။
ကျင်းကျိုးက ပြောသည်။ “အင်း.. စိတ်မကောင်းပါဘူး၊ ကျုပ် မလုပ်နိုင်ဘူး”
နန်းကုန်းအိုက ဆိုလိုက်၏။ “ဒါဆိုရင် အစ်ကိုတော်ကျင်းကျိုး... ရွှမ်ဝူနယ်စား အိမ်တော်ကနေ စွန့်ခွာပြီးတော့ မိသားစုနဲ့အတူ နုရှောင့်မြို့ကို သွားပါလား”
နန်းကုန်းအိုအတွက် ရွှမ်ဝူနယ်စားကြီး အိမ်တော်၏ အတားအဆီးကို ဖယ်ရှားပြီးလျှင် လုံလောက်ပြီ ဖြစ်သည်။
ကျင်းကျိုးက သက်ပြင်းကို ချလိုက်၏။ “အင်း... ဒီကျင်းကျိုးမှာ နယ်မြေကို စောင့်ရှောက်ရမယ့် တာဝန် ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတည်းက ရွှမ်ဝူနယ်စားအိမ်တော်ဆိုတာ တစ်ကြိမ်မှ မပျက်စီးခဲ့ဖူးသေးဘူး။ ကျုပ်ရဲ့ လက်ထက်မှာ ပျက်စီးခဲ့ရင် ကျုပ်ရဲ့ ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြရတော့မှာလဲ။”
နန်းကုန်းအိုက ပြောလိုက်သည်။ “အစ်ကိုတော်ကျင်းကျိုး... စစ်သည်တွေက အရမ်းကို အန္တရာယ်များတယ်။ ဓားကိုကိုင်ဆွဲလိုက်တာနဲ့ သွေးမမြင်ဘဲနဲ့ နောက်ဆုတ်မယ့် လူတွေ မဟုတ်တော့ဘူး။ စစ်ပွဲစတာနဲ့ သွေးချောင်းစီး လိမ့်မယ်။ အဲအချိန်ကျမှ အညံ့ခံဖို့ဆိုရင် အရမ်းကို နောက်ကျသွားလိမ့်မယ်။
သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ အစဉ်အလာမှာ ရန်သူကို သတ်ဖြတ်ခြင်းပဲ ရှိတယ်။ ဒါကြောင့် စစ်ပွဲစတာနဲ့ ကျင်းမြို့နယ်တစ်ခုလုံး မျိုးသုဉ်း သတ်ဖြတ်ခံရလိမ့်မယ်။ အစ်ကိုတော်ကျင်းကျိုး... ရွှမ်ဝူနယ်စား အိမ်တော် တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မယ်။ အစ်ကိုတော်ကျင်းကျိုး သေချာစဉ်းစားပါအုံး။”
ကျင်းကျိုးက ဖြေလိုက်၏။ “စဉ်းစားပြီးသွားပါပြီ။”
နန်းကုန်းအိုက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့တော့။”
ပြီးနောက် သူက ရုတ်တရက် ဓားကို ဆွဲထုတ်ကာဖြင့် အော်ဟစ်လိုက်၏။ “ကဲ.. မြို့ကို တိုက်ကြ၊ အားလုံးကို သတ်ကြတော့။”
သူ၏အမိန့်ပေးသံနှင့်အတူ စစ်စည်သံကြီးက ထွက်ပေါ်လာ၏။ စစ်သည်ပေါင်း နှစ်သောင်းကျော်တို့က ရွှမ်ဝူနယ်စားကြီး အိမ်တော်ဆီ ခံတပ်ဆီသို့ ဒီရေအလားပင် တက်လာခဲ့ကြသည်။
“သတ်... သတ်ကြစမ်း။”
ချီတက်လာခဲ့သည့် စစ်သည်ပေါင်း သုံးသောင်းတို့က မင်းသားကျင်းထံ အညံ့ခံခဲ့သည့် မူလရွှဲ့ပြည်နယ်၏ ပင်မတပ်ဖွဲ့များ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နန်းကုန်းအို၏ အမြင်တွင် ရွှမ်ဝူနယ်စား အိမ်တော်ကို သိမ်းပိုက်ခြင်းက လွယ်ကူသည့် ကိစ္စဖြစ်၏။ သဲကန္တာရလူရိုင်းမျိုးနွယ်မှ စစ်သည်တော်များကိုပင် အသုံးပြုရန် မလိုချေ။ လက်နက်ချခဲ့သည့် စစ်သည်များ ပိုမို ထူးချွန်လာစေရန် အခွင့်အရေးပေးခြင်းက ပိုကောင်းသည်ဟု ယူဆမိ၏။
သဲကန္တာရလူရိုင်းမျိုးနွယ်၏ တပ်မှူး ရှားယင်က မြို့ရိုးပေါ်ရှိ ကျင်းကျိုးကို လှမ်းကြည့်၏။ ပြီးနောက် ဒုတိယအကြိမ် ပြန်မကြည့်တော့ချေ။ သူက စိတ်လည်း မဝင်စားတော့ပေ။ တစ်ချက်တည်းနှင့်ပင် လွယ်လွယ်ကူကူနှင့် ရှင်းပစ်နိုင်စွမ်း ရှိနေသည့်လူဟု သူက သတ်မှတ်လိုက်၏။
နန်းကုန်းအို၏ စစ်သည်ပေါင်း နှစ်သောင်းတို့က ထိုကဲ့သို့သော ခံတပ်ကို နှစ်နာရီအတွင်း မသိမ်းပိုက်နိုင်ပါက တာ့နန်နိုင်ငံ၏ စစ်သူကြီးတစ်ယောက် ဖြစ်ရန် မထိုက်တန်ဟု သူက သတ်မှတ်ထားသည်။
...........
ကျင်းမူလန်က ထွက်ပေါ်လာ၏။ သူမက အပြာရောင် ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ ထိုအရာက ရှမ့်လန် ကိုယ်တိုင် သေသေချာချာ ဖန်တီးပြုလုပ်ထားသည့် ဝတ်စုံလည်း ဖြစ်၏။ သံမဏိ ပြုလုပ်ထားခြင်း မဟုတ်ဘဲ သတ္တုစပ်ဖြင့် ပြင်ဆင်ပြုလုပ်ထား၏။
ဤဝတ်စုံက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော်လည်း သူမက ခန္ဓာကိုယ်တစ်ခုလုံး ပိန်သွယ်ပြီး ပြေပြစ်မှု ရှိ၏။ သူမ ထွက်ပေါ်လာမှုကြောင့် မြို့ပြင်ဘက်တွင် ရှိနေသည့် ရန်သူစစ်တပ်များ အားလုံးက တုန်လှုပ်သွားခဲ့ကြသည်။
ဟုတ်ပေ၏။ သူမ၏ မျက်နှာက သံချပ်ကာထဲတွင် ဖုံးအုပ်ထားသောကြောင့် မမြင်ရပေ။ သို့ပေမည့် သံချပ်ကာက တကယ့်ကို လှပလွန်းပြီး သူမ၏ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်က အထင်သား ပေါ်ပေါက်လျက် ရှိနေ၏။ မျက်နှာကို မမြင်ရသော်လည်း လူ၏ စိတ်ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်၏။
“အသင့်ပြင်ကြ။” ကျင်းမူလန်က ဓားကို ဆွဲထုတ်သည်။
ဒုတိယ နိဗ္ဗာန တပ်တော်မှ စစ်သည်ပေါင်း သုံးထောင့်ရှစ်ရာတို့က မြို့ရိုးပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ သူတို့က မြားများကို အဆင်သင့် ပြင်၏။
ဤစစ်သည်ကို မြင်ချိန်မှာတော့ နန်းကုန်းအိုက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ တပ်မှူးရှားယင်ပင်လျှင် တုန်လှုပ်သွားခဲ့မိ၏။ ဤတပ်၏ သံချပ်ကာက လှပမှု မရှိချေ။ ပျော့ပြောင်းမှု ရှိစေရန်အတွက် ကွင်းဆက် သံချိတ် အမြောက်အမြားကို အသုံးပြုထားသည်။
သို့သော်ငြား ဤတပြိုင်နက်တည်း လှုပ်ရှားမှုက လူများကို ထိတ်လန့် တုန်လှုပ်စေခဲ့၏။ အသေးမွှား အချက်အလက် တစ်ခုကပင် အလုံးစုံသော အခြေအနေကို ထုတ်ဖော်ပြသနေ၏။ စစ်တပ်တစ်ခုက ဤအဆင့်ထိ လေ့ကျင့်ထားနိုင်ပါက ထိုသူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က သာမန် မဟုတ်မှာ သေချာ၏။
သို့သော်ငြား ထိုသို့ဆိုလျှင် ဘာဖြစ်မည်နည်း။ သူတို့ မည်မျှပင် သန်မာနေပါစေ၊ သဲကန္တာရ လူရိုင်းမျိုးနွယ်များ စစ်သည်တော်များထက်တော့ သာလွန်နိုင်ပါဦးမည်လား။ မည်မျှသန်မာပါစေ။ လူအနည်းငယ်လေးသာ ရှိ၏။ သူတို့၏ စစ်သည်ပေါင်း ငါးသောင်းကို အနိုင်ယူနိုင်ပါ့မည်လား။
“ချီတက်ကြ။ ခံတပ်ထဲက လူတွေ အကုန်လုံးကို သတ်ပစ်။” ဒုတိယနိဗ္ဗာန တပ်တော် ထွက်ပေါ်လာသည်ကို မြင်ရချိန်မှာတော့ နန်းကုန်းအိုက အမိန့်ပေးလိုက်သည်။
စစ်စည်သံများက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ချက်ချင်းပဲ အားလုံးသောသူတို့က စိတ်လှုပ်ရှားလာခဲ့ကြ၏။ စစ်စည်သံ၏ စည်းချက်အတိုင်းပင် စစ်သည်ပေါင်း နှစ်သောင်းတို့က အရှိန်ကို မြှင့်တင်လာခဲ့၏။ ပြီးနောက် ရှေ့ဆီသို့ အရူးအမူးနှင့် ချီတက်ကြ၏။ ရေလှိုင်းပေါင်းများစွာတို့က အနက်ရောင် ခံတပ်ကြီးဆီသို့ တိုးဝင်လာသကဲ့သို့ပင်။
သို့သော်ငြား မြို့ရိုးပေါ်တွင်ရှိနေသည့် ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည် သုံးထောင့်ရှစ်ရာတို့က အနည်းငယ်မျှပင် မလှုပ်ရှားကြချေ။ သူတို့က မြားများကို အသင့်တင်ထားသည့် ပုံစံဖြင့် ထိန်းသိမ်းထားပြီး တည်ငြိမ်စွာဖြင့် အားလုံးကို ပစ်မှတ်ထားကာ ချိန်ရွယ်ထားကြ၏။ တစ်ချက်ကလေးမှ မပစ်ခတ်ကြ သေးချေ။
နန်းကုန်းအိုက ဤထူးဆန်းသည့် လေးနှင့်မြားများကို မြင်သည့်အချိန်မှာတော့ မအံ့ဩဘဲ မနေနိုင်တော့ချေ။ လေးကို ဤမျှကြာအောင်ဆွဲထားပြီး မပစ်ခြင်း ဆိုသည်မှာ အလွန်အားကောင်းသည့် လေးမဟုတ်မှန်း သိသာ၏။
လူများ သိရှိကြသည်မှာ အားကောင်းသည့် လေးများက တစ်ခါတည်း ဆွဲ၍ တစ်ခါတည်းသာ ပစ်ရ၏။ အဘယ်ကြောင့်ဆိုသော် ကြာရှည် လေးကို ဆွဲထားပါက အလွန်အမင်း အားစိုက်ထုတ်ရသောကြောင့် ပစ်ခတ်လျှင် မြားများက ပစ်မှတ်ကို လွဲချော်သွားပေလိမ့်မည်။
ကျင်းမိသားစု၏ စစ်တပ်က အသက်ရှူချိန် ဆယ်ချက်ကျော်အထိ လေးကိုဆွဲထားသည့်ပုံစံဖြင့် ထိန်းသိမ်း ထား၏။ ထို့ကြောင့် ထိုသူတို့က အားကောင်းလွန်းသည့် လေးများကို ကိုင်စွဲထားခြင်း မဖြစ်နိုင်ချေ။
ကျင်းမူလန်က မြို့ရိုး၏ အောက်တွင် ရှိနေသည့် ပြည့်ကျပ်ညှပ်နေသော ရန်သူများ ချဉ်းကပ်လာသည်ကို ကြည့်ရှု၏။
မီတာ ၃၀၀... မီတာ ၂၅၀... မီတာ ၂၂၀...
လုံလောက်ပြီ ဖြစ်၏။
“ပစ်ကြ” ကျင်းမူလန်က အမိန့်ပေးလိုက်သည်။
“ရွှီ.... ရွှီ..” မြားမိုးများ ရွာချလာ၏။
ခံတပ်အောက်ရှိ ရန်သူများက ပိုမိုအံ့ဩပြီး ရယ်မောလုမတတ်ပင် ဖြစ်ကုန်ကြ၏။ ဤအကွာအဝေးက ခြေလှမ်း ၃၀၀ ကျော်လောက် ရှိ၏။ ကျင်းမိသားစုမှ လေးသမားများက တကယ်တမ်း ပစ်ခတ်တော့မည်လား။ အဘယ်သို့ အပျော်တမ်း မြားသမားမျိုးနည်း။ ပစ်မှတ်က မိမိတို့ လက်စဖြင့် ရောက်နိုင်သည့်နေရာ ဟုတ်လား၊ မဟုတ်လားပင် မသိကြပေ။ ခြေလှမ်း ၃၀၀ အကွာမှ တကယ်တမ်း မြားပစ်လေသည်လား။
“အရူးတွေပဲ။”
သို့သော်ငြား နောက်ထပ် ထူးဆန်းသည့် အရာတစ်ခုက ဖြစ်ပျက်လာ၏။ ပြေးလာသည့် ရန်သူများက သူတို့၏ ခေါင်းပေါ်မှ လေခွင်းသံများကို ရုတ်တရက် ကြားလိုက်ရ၏။ သူတို့က မော့ကြည့်လိုက်၏။ ချက်ချင်းပဲ အနက်ရောင် အစက်အပြောက်များစွာတို့ ပြုတ်ကျလာသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။