အခန်း (၆၆၁-၆၆၂)
Vol. 42 Ch. 661-662
အပိုင်း (၆၆၁)
“ချီးတဲ့မှ... ဒီမြားတွေက အဝေးကြီးကနေ တကယ်ပစ်နိုင်တာလား။ တကယ့်ကို ရူးသွပ်စရာပဲ။ လုံးဝကို ရူးသွပ်စရာပဲ။”
နန်းကုန်းအိုနှင့် ရှားယင်တို့က ထိုမြင်ကွင်းကို ကြည့်ချိန်မှာတော့ တကယ့်ကို မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ ခြေလှမ်း ၃၀၀ ကျော်နေသည် မဟုတ်ပါလား။ ခြေလှမ်း ၃၅၀ ပတ်ချာလည်လောက်ပင် ရှိ၏။ ဤကဲ့သို့သော အကွာအဝေးတွင် ကျိန်းသေပေါက် ကြီးမားသည့် မြို့ဖျက်လေးကြီးများမှလွဲလျှင် မည်သို့မှပစ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒါ... နှစ်ပိသာလေးထက်တောင် ပိုပြီးတော့ ကျော်လွန်သွားခဲ့ပြီ မဟုတ်လား။”
သာမန်စစ်တပ်များတွင် စစ်သည် တစ်ထောင်လျှင် တစ်ဦးသာလျှင် နှစ်ပိသာလေးကို အသုံးပြုနိုင်၏။ သို့ပေမည့် ယခု လူသုံးထောင်လုံးက နှစ်ပိသာလေးများကို တကယ်ဆွဲနေကြ၏။ ရူးသွပ်စရာပင်။
သဲကန္တာရလူရိုင်းမျိုးနွယ်မှ တပ်မှူး ရှားယင်၏ ရင်ထဲတွင်ရှိနေသည့် မာနတရားများက ရုတ်တရက် ပျောက်ကွယ်သွား၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၊ စစ်သည်တော်များပင်လျှင် တစ်ပိသာလေးများကို သာ အသုံးပြုနိုင်ကြ၏။ အထက်မြတ်ဆုံး လေးသမားများမှသာ နှစ်ပိသာလေးကဲ့သို့ အလွန် အားကောင်း လွန်းလှသည့် လေးများကို အသုံးပြုကြ၏။
ထို့ပြင် ဤတပ်က မင်းသားကျင်း ယခုအချိန်ထိ တစ်ခါမှ ထုတ်မသုံးခဲ့သည့် တပ်ဖြစ်၏။ ကျင်းမိသားစု၏ တပ်များက ယခု တကယ်ပဲ နှစ်ပိသာလေးများကို အသုံးပြုနိုင်နေသည်လား။ လောကကြီးက တကယ့်ကို ရူးသွပ်နေသည်လား။
“ဝှစ်... ဝှစ်..”
ပြီးနောက် အမိန့်ပေးရန်ပင် မလိုတော့ချေ။ ဒုတိယနိဗ္ဗာန တပ်တော်မှ စစ်သည်ပေါင်း သုံးထောင့်ရှစ်ရာတို့က မြားများကို ဆက်တိုက် ပစ်ခတ်နေကြ၏။ သူတို့က တစ်မိနစ်လျှင် မြား ၁၅ ချောင်းခန့်ကို ပစ်ခတ်၏။ ဤအရှိန်နှုန်းက အံ့မခန်းပင်။
ဤမြားမိုး၏ ပစ်အားက လေးသမား တစ်သောင်း၏ ပြင်းအားထက် ပိုမိုကာ သာလွန်နေ၏။ မူလက ကျင်းမိသားစု၏ ကိုယ်ပိုင်တပ်မတော် သုံးထောင်ကျော်က ဤတစ်ကြိမ်တွင် အသေခံရတော့မည်ဟု ထင်မှတ်ခဲ့၏။ ရန်သူက စစ်သည် ငါးသောင်းကျော် ရှိ၏။ အဘယ်သို့ အနိုင်ယူနိုင်မည်နည်း။
သို့သော်ငြား သူတို့က ကျင်းမိသားစု၏ ကျေးဇူးကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး မျိုးဆက်ပေါင်းများစွာ ကျင်းမိသားစု၏ ကိုယ်ပိုင်စစ်သည်များ ဖြစ်ခဲ့ကြ၏။ ထို့ကြောင့် ထွက်ပြေးရန် တစ်ခါမှ မစဉ်းစားမိခဲ့ကြချေ။ အများဆုံး သေရုံသာ ရှိသည်ဟု ဆုံးဖြတ်ထား၏။
တိုက်ပွဲမစတင်ကပင် သူတို့က သူတို့ကိုယ်သူတို့ သေဆုံးသူများအဖြစ် သတ်မှတ်ထားခဲ့ကြပြီး ဖြစ်၏။ သို့သော်ငြား ယခု တိုက်ပွဲက သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေ၏။ သူတို့ လုပ်ရသည့် တစ်ခုတည်းသော အလုပ်က မြားများကို အဆက်မပြတ် သယ်ယူပို့ဆောင်ပေးရန်သာ ဖြစ်သည်။
ဒုတိယနိဗ္ဗာနတပ်တော်မှ စစ်သည်များ၏ မြားပစ်နှုန်းက အလွန်ကို မြန်ဆန်၏။ ထို့ကြောင့် မြားများက လျင်မြန်စွာ ကုန်ဆုံး၏။ မြားအိမ်ထဲရှိ မြား ၅၀ က အလွန်တိုတောင်းသည့် အချိန်အတွင်း ပစ်ခတ်ပြီးစီးသွားခဲ့၏။
မီတာ ၂၅၀ အကွာအဝေးက တကယ့်ကို ဝေးကွာ၏။ ရိုင်ဖယ်သေနတ်များနှင့် လှမ်း၍ ပစ်ခတ်လျှင်ပင် ခက်ခဲမည့် အရာမျိုးပင်။ သို့သော်ငြား ဤအကွာအဝေး၌ ပစ်မှတ်ကို ထိမှန်နိုင်ခြင်း ရှိ ၊ မရှိက ကံတရားပေါ်တွင် မူတည်၏။ ထို့ကြောင့် ဒုတိယနိဗ္ဗာနတပ်တော်က အလွန်ဝေးကွာစွာ ပစ်ခတ်နေသော်လည်း အစပိုင်းမှာတော့ ထိရောက်မှုနှုန်းက မမြင့်မားချေ။ မြားသုံးထောင်ကျော်ကို ပစ်ခတ်ပြီး လူဆယ်ဂဏန်းမျှသာ သတ်နိုင်ခဲ့သည်။
လူဆယ်ဂဏန်းမျှ သေဆုံးခြင်းက စစ်သည် နှစ်သောင်းကျော်ရှိသည့် တပ်အတွက် ဘာမှမဖြစ်ပေ။ သို့သော်ငြား ကြောက်မက်ဖွယ်ရာ ကောင်းသည်က ဒုတိယနိဗ္ဗာန တပ်တော်က လုံးဝမမောဘဲ အရူးအမူး ပစ်ခတ်နေခြင်းပင်။ သူတို့၏ အရှိန်နှုန်းကလည်း အနည်းငယ်မျှပင် နှေးကွေးမလာခဲ့ချေ။ ကောင်းကင်မှ မြားမိုးများက တစ်သုတ်ပြီး တစ်သုတ် ကျဆင်းလာ၏။
နန်းကုန်းအို၏ လက်အောက်ရှိ စစ်သည်ပေါင်း နှစ်သောင်းကျော်တို့က ရှေ့သို့ ဆက်တက်လာ၏။ မည်သို့ပင် ဆိုစေကာမူ သူတို့အားလုံးက သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထား၏။ လည်ပင်းကို အပစ်မခံရသရွေ့ ဘာမှမဖြစ်နိုင်ဘူးဟု ထင်ကြသည်။
သို့သော်ငြား သူတို့ အစဉ်းစားလွန်ခဲ့ကြ၏။ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ...
မီတာ ၂၀၀၊ မီတာ ၁၅၀၊ မီတာ ၁၀၀၊
ထိုအကွာအဝေးက အရာအားလုံးကို သေစေနိုင်သော အခြေအနေပင်။ ဒုတိယနိဗ္ဗာန တပ်တော်၏ မြားများက တကယ့်ကို တိကျလာခဲ့၏။ ရာနှုန်းပြည့် ထိမှန်သည် မဆိုနိုင်သော်လည်း ထိမှန်မှု နှုန်းထားက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မြင့်မားလာသည်။
သူတို့က မုန်တိုင်းထဲတွင်၊ လှိုင်းတက်နေသည့် ပင်လယ်ပြင်ထဲတွင် လေ့ကျင့်ခဲ့ကြသည့် လူများ ဖြစ်၏။ သူတို့၏ ပစ်မှတ်က ပစ်မှတ်မဟုတ်ဘဲ သစ်ကိုင်းငယ်လေးများသာလျှင် ဖြစ်ခဲ့၏။ အသက်ရှိသည့် လူကို ပစ်ခတ်ရခြင်းက သစ်ကိုင်းကို ပစ်ခတ်ရခြင်းထက် ပိုမိုကာ လွယ်ကူ၏။ ဤအသက်ရှိသည့် လူများက ပြေးတတ်ခြင်း တစ်ခုသာလျှင် ရှိ၏။
“ဝှစ်... ဝှစ်.... ဝှစ်...”
မြားမိုးများက တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်ခြင်း မုန်တိုင်းများကဲ့သို့ပင် ကျဆင်းလာခဲ့၏။ နန်းကုန်းအို၏ လက်အောက်မှ စစ်သည်များ၏ သံချပ်ကာကလည်း အသုံးမဝင်တော့ချေ။ ရှမ့်လန်၏ မြားများက သံမဏိ သက်သက်ဖြင့် ပြုလုပ်ထားပြီး အလွန်လည်း ထက်မြက်၏။ နှစ်ပိသာလေး၏ စွမ်းအင်အောက်တွင် ပါးလွှာသည့် သံချပ်ကာကို တိုက်ရိုက် ပစ်ခတ်ဖောက်ထွင်းသွားခဲ့သည်။
ဤလူစုက တစ်ယောက်ပြီး တစ်ယောက် အပစ်ခံကြရ၏။ သို့သော်ငြား အများစုက ဆက်လက် ပြေးလာကြ၏။ အဘယ်ကြောင့်ဆိုသော် မြားများက သံချပ်ကာကို ဖောက်ထွင်းသော်လည်း ထိုနေရာကို စိုက်ဝင်နေပြီး အသားထဲ နက်နက်ရှိုင်းရှိုင်း မဝင်သွားသောကြောင့်ပင်။
သို့သော်ငြား အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ထိုအရာက တကယ့်ကို သေဆုံးစေမည့် အရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သံချပ်ကာများရှိသော်လည်း ကာကွယ်နိုင်လိမ့်မည် မဟုတ်တော့ချေ။ ဤအကွာအဝေး တွင်တော့ နိဗ္ဗာနတပ်တော်မှ မြားများက သံချပ်ကာများကို အလွယ်တကူ ဖောက်ထွင်း ဝင်ရောက်ပြီး မြားများက ခန္ဓာကိုယ်အတွင်းသို့ ၃ လက်မ၊ ၄ လက်မအထိ နက်ရှိုင်းစွာ ထွင်းဖောက် ဝင်ရောက်၏။
“ဝှစ်... ဝှစ်..”
မြားမိုးများက အလုံးစုံပင် ကျဆင်းလာခဲ့၏။ နန်းကုန်းအို၏ လက်အောက်ရှိ စစ်သည်များက တကယ့်ကို ရဲရင့်လွန်းကပြီး တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တိုးသည်။ သို့သော်ငြား အရာအားလုံးက အဓိပ္ပာယ် မဲ့သွား၏။ တစ်ဖက်သတ် ပစ်ခတ်ခြင်းပင်။
“ပစ်... ပစ်...သေကြစမ်း”
မြို့ရိုးနှင့် ခြေလှမ်း ၅၀ အတွင်း မည်သူမှ ရောက်ရှိနိုင်ခြင်း မရှိချေ။ အနီးရောက်ရှိလာသည် ဆိုလျှင်တောင် သေဆုံးကြ၏။
ဤသို့နှင့် မြို့ရိုးအောက်၌ အလောင်းများ တဖြည်းဖြည်း ပိုများလာခဲ့၏။ နောက်ဆုံးမှာတော့ အလောင်းများက ပြည့်ကြပ်ညှပ်လျက် ရှိနေပြီး တောင်ပုံရာပုံ ဖြစ်လို့နေသည်။
“ဒိုင်းကိုင် စစ်သည်တွေ။ ရှေ့ဆုံးကနေပြီးတော့ သေသေချာချာ တန်းဆီကြ” နန်းကုန်းအို၏ လက်အောက်ရှိ ခေါင်းဆောင်များက အမိန့်များကို ဆက်တိုက် ပေးနေပြီး စစ်သည်အရေအတွက်များများကို ရှေ့သို့ တက်ရန် တိုးမြှင့်၏။ သို့သော်ငြား ဤကဲ့သို့သော တိုက်ခိုက်သည့်ပုံစံမျိုးကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်း မည်သူမှ မသိကြချေ။
အကြိမ်အနည်းငယ်မျှ တိုက်ခိုက်ခဲ့ပြီးနောက် ဒိုင်းများစွာ မကျန်တော့ချေ။ သို့သော်ငြား ဒိုင်းကိုင် စစ်သည် အနည်းငယ်တို့က အတန်းလိုက် စုဝေးပြီး ဒိုင်းတံတိုင်းကြီး တစ်ခုကို ဖန်တီးကြ၏။ ပြီးနောက် ကျန်စစ်သည်များက ဤဒိုင်းအဖွဲ့အစည်း၏ အောက်တွင် ပုန်းအောင်းနေခဲ့ကြ၏။
ဤနည်းအားဖြင့် သူတို့၏ ရွေ့လျားမှု အရှိန်နှုန်းက တဖြည်းဖြည်း နှေးကွေးသွားခဲ့၏။ သို့သော်ငြား တစ်ဖက်သတ် သတ်ဖြတ်ခံရခြင်းထက်တော့ ပိုကောင်းနေ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က ဘာမှ မလုပ်နိုင်ခဲ့ချေ။ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ဒိုင်းများကလည်း အသုံးမဝင်တော့ချေ။ ထိုဒိုင်းများအား ၄ လက်မမှ ၅ လက်မအထိ ထွင်းဖောက်ခံရသည်။
မြားများက ဒိုင်းအားလုံးကို ဖောက်ထွင်းကာ ထွက်ခွာမသွားသော်လည်း လူသေဆုံးမှုများက ဖြစ်ပေါ်နေဆဲပင်။ အရေးကြီးဆုံးသောအချက်မှာတော့ ဤဒိုင်းတံတိုင်းကြီးများ ဖန်တီးသည့် နေရာတွင် အဟအကြောင်းများ ရှိနေ၏။ မီတာ ၃၀ အတွင်း ဒုတိယနိဗ္ဗာန တပ်တော်က ဤကွာခြားချက်များကြားတွင် ရှိနေသည့် အဟကို မှန်ကန်အောင် ပစ်ခတ်နိုင်ကြ၏။
“ရွှီ... ရွှီ..”
မြားမိုးများက တကယ့်ကို ကျဆင်း၏။ မြားများက အဆိပ်ရှိသည့် မြွေများကဲ့သို့ပင် ဒိုင်းအဟများ၏ ကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။
ကျင်းမူလန်က လှုပ်ရှားခြင်းပင်။ သူမ၏ လက်ထဲရှိ လေးက မီတာ ၁.၇ မီတာကျော် ရှည်လျားပြီး ကွန်ပေါင်းလေး တစ်ခုလည်း ဖြစ်၏။ ဤလေးက မည်မျှ အားကောင်းသနည်း။ ထိုအရာကို တွက်ချက်၍ပင် မရနိုင်ချေ။ သူမ ပစ်ခတ်လိုက်သည့် မြားအားလုံးက သံမဏိဖြင့် ပြုလုပ်ထားသည်။
“ရွှီ.... ရွှီ....”
တကယ့် အထူးမြားများက အဆက်မပြတ် ပစ်ခတ်၏။ မြားတစ်ချောင်းစီက နှစ်ပိဿာခန့် အလေးချိန် ရှိသည်။
“ဘန်း.... ဘန်း.... ဘန်း....”
မြားတစ်ချောင်းစီက ဒိုင်းများကို လွင့်စင်သွားစေ၏။ ဆောင့်အားကလည်း ကြီးမား၏။ ဒိုင်းကိုင် စစ်သည်တော်များက ထိုမြားကို မည်သို့မှ မတားဆီးနိုင်ချေ။ ဒိုင်းတချို့က ထိမှန်ပြီးနောက် ပေါက်ကွဲသွားသည်မျိုးပင် ရှိ၏။
သို့သော်ငြား နန်းကုန်းအို၏ စစ်တပ်က ဒိုင်းတံတိုင်းကို အားကိုးပြီး မြို့ရိုး၏ အောက်ရှေ့သို့ ရောက်ရှိအောင် စတင် ကြိုးစားလာသည်။
“ဘန်း.... ဘန်း.... ဘန်း....”
ပြီးနောက် ဆီအိုးများက ဒိုင်းများပေါ် လောင်းချ၏။ မီးမြားတစ်စင်းက ပစ်ခတ်လိုက်၏။ ဒိုင်းပေါင်းများစွာက မီးလောင်ကျွမ်းသွား၏။ ဒိုင်းများက သစ်သားနှင့် ပြုလုပ်သောကြောင့်ပင်။ အဘယ်ကြောင့် သံဒိုင်းဖြင့် မသုံးကြသနည်း။ လေးလံသည့်အပြင် သံကလည်း ဈေးကြီးသောကြောင့်ဖြစ်၏။
ဒိုင်းများအားလုံးကို သစ်သားဖြင့် ပြုလုပ်ထားပြီး ဒိုင်း၏ ခိုင်ခံ့မှုကို သေချာစေရန်အတွက် သံမှိုများ သို့မဟုတ် သံချောင်းများနှင့် ထပ်မံကာ ရစ်ပတ်ထား၏။ ဤလောက၌သာမက ရှေးခေတ်ကတည်းက ထိုကဲ့သို့ပင်။
“ဘန်း.... ဘန်း....”
မြို့ရိုးအပေါ်ရှိ ကျောက်တုံးကြီးပေါင်းများစွာတို့က အောက်သို့ ကျဆင်းလာ၏။ ဒိုင်းများကို ပြင်းထန်စွာ ရိုက်ချ၏။ မီးကြီးများက တောက်လောင်နေပြီ၊ ဧရာမ ကျောက်တုံးကြီးများကလည်း ကျဆင်းလာ၏။ ရန်သူစစ်သည်တော်များက ဆက်လက် မရပ်တည်နိုင်တော့ပေ။ ဒိုင်းအဖွဲ့အစည်းကလည်း ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
“တိုက်ခိုက်ကြ။ မြို့ရိုးထိပ်ထိ တိုက်ခိုက်ပြီးရင် ငါတို့ အနိုင်ရပြီ။ တိုက်ရိုက် အနီးကပ် တိုက်ခိုက်မယ်ဆိုရင် လေးသမားတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။”
မြို့ရိုးတက်သည့် လှေကားပေါင်းများစွာတို့က နံရံကို လာထောက်ကြ၏။ ရန်သူပေါင်းများစွာတို့က ပြည့်ကျပ် ညှပ်အောင် တက်ကြ၏။ သို့သော်ငြား သူတို့က ဒိုင်း၏ကာကွယ်မှုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။
ဤအကွာအဝေးတွင်တော့ ဒုတိယနိဗ္ဗာန တပ်တော်၏ မြားများက အံ့မခန်း သေစေနိုင်စွမ်းကို ပြသကြ၏။ လူတစ်ဦးကို အလွယ်တကူဖြင့် အဝေးသို့ လွင့်စင်သွားအောင် ပစ်ခတ်နိုင်သည်။
“ရွှီ.... ရွှီ....”
တကယ့်ကို အရှိန်ဟုန်ပြင်းပြင်းနှင့် ပစ်ခတ်မှုပင်။ ထို့အပြင် ဒုတိယနိဗ္ဗာန တပ်တော်၏ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအားကောင်း၏။ သူတို့၏သုံးပုံတစ်ပုံက မြို့ရိုးတက်လာသည့် ရန်သူများကို ပစ်ခတ်၏။ သုံးပုံနှစ်ပုံက မြို့ရိုးအောက်ရှိ ရန်သူများကို ပစ်ခတ်၏။ တစ်ဦးချင်းစီက စနစ်တကျ အလုပ်,လုပ်ရမည့် တာဝန်ကို ခွဲဝေယူထားခဲ့ကြပြီး သေစေနိုင်လောက်သည့် အမြင့်ဆုံး အဆင့်စွမ်းရည်များကို ထုတ်ဖော်ထား၏။ အလုံးစုံ သတ်ဖြတ်ခြင်းပင်။
နန်းကုန်းအို၏ လက်အောက်ရှိ စစ်သည်တစ်ဦးတစ်ယောက်ကမှ မြို့ရိုး၏အလယ်သို့ တက်ရောက်နိုင်ခြင်း မရှိချေ။ မြို့ရိုး၏ အောက်၌သာ အလောင်းများ တဖြည်းဖြည်း ပိုများလာခဲ့၏။ နန်းကုန်းအိုက ထိုမြင်ကွင်းကို ကြည့်ရှု၏။ သူ၏မျက်လုံးများက ရုတ်တရက် ကွဲအက်လုမတတ်ပင် ဖြစ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ရေခဲကဲ့သို့ပင် အေးစက်လာ၏။
စစ်ပွဲစသည်မှာ မည်မျှ ကြာခဲ့သနည်း။ ၂ နာရီလား။ မည်မျှ များပြားသည့် လူများ သေဆုံးခဲ့ပြီနည်း။ မြို့ကို တိုက်ခိုက်ရန် လူသုံးသောင်းကို အသုံးပြုခဲ့ပြီး ထိခိုက်သေဆုံးမှု သုံးပုံတစ်ပုံကျော် ရှိနေ၏။ ၂ နာရီတွင် လူပေါင်း တစ်သောင်းကျော် အပစ်ခံရ၍ သေဆုံး၏။ ထိုအရာက တကယ့်ကို လုံးဝ ထိတ်လန့်ဖွယ်ရာပင်။
ရှမ့်လန်၏ ဤစစ်တပ်က မည်သည့်နေရာက ရောက်ရှိလာရသနည်း။ ဤလေးသမားများက မည်သည့် နေရာက ရောက်ရှိလာရသနည်း။ ဤသို့ ကောင်းကင်ကို ဖီဆန်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စစ်တပ်မျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ဘေးတစ်ဖက်တွင် ရှိနေသည့် ဒုတိယခေါင်းဆောင်တစ်ယောက်က လှမ်းကာ ပြောလိုက်၏။ “စစ်သူကြီး... ဆုတ်ခွာဖို့ ခရာကို မှုတ်လိုက်ပါတော့။ ကျုပ်တို့ ဆက်ပြီး မလုပ်နိုင်တော့ဘူး”
စစ်မြေပြင်၏ အခြေအနေက တကယ့်ကို ပြိုလဲတော့မည့် အခြေအနေမျိုးပင်။ ဤစစ်သည်များက သူတို့၏ အင်အားအကုန်ကို အသုံးပြုသော်လည်း မြို့ရိုးပေါ်သို့ တက်နိုင်တော့မည် မဟုတ်ပေ။ စစ်သည်ပေါင်း သုံးသောင်း၏ သုံးပုံတစ်ပုံကျော်တို့က သေဆုံးသွားခဲ့ပြီ။ သူတို့၏ စိတ်ဓာတ်များကလည်း ပြိုလဲနေ၏။ ဆုတ်ခွာရန် ခရာ မမှုတ်ပါက သူတို့ ထွက်ပြေးမိပေလိမ့်မည်။
“ဆုတ်ကြ။ ဆုတ်ကြတော့” နန်းကုန်းအိုက ရုတ်တရက် အမိန့်ပေးလိုက်၏။
စူးရှသည့် အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။ ခရာမှုတ်သံများပင်။ စစ်မြေပြင်တွင် နန်းကုန်းအို၏ လက်အောက်ရှိ စစ်သည်များက လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိသွားခဲ့သည့် ထောင်သားများကဲ့သို့ပင် ချက်ချင်း လှည့်ကာ ထွက်ပြေးကြတော့သည်။
ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲက ၂ နာရီကျော်မျှသာ လျှင် ကြာမြင့်ခဲ့၏။ ထိုတိုက်ပွဲက ယာယီ ရပ်တန့်သွားခဲ့၏။ နန်းကုန်းအို၏ စစ်တပ်က အလောင်းများ ပြန့်ကျဲကာဖြင့် ထိခိုက်သေဆုံးမှု အလွန်အမင်း များပြားခဲ့၏။
…
နန်းကုန်းအို၏ စစ်တပ်ကြီး ခံစားနေရသည့် နာကျင်မှုကို မည်သည့်စကားလုံးနှင့် ဖော်ကျူးရမှန်းပင် မသိတော့ချေ။ သူတို့က မိမိ၏ဘဝကိုပင် သံသယဝင်လာမိကြ၏။ အဘယ်ကြောင့်နည်း။ မည်သည့်အရာကို အခြေခံ၍ ဤကဲ့သို့ ဖြစ်ခဲ့သနည်း။
ရွှဲ့ပြည်နယ်တွင်ရှိစဉ်က ကျင်းမင်းသားကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း တကယ်ကို ချေမှုန်းခြင်း ခံခဲ့ရ၏။ ယခု ကျင်းမင်းသားထံ အညံ့ခံပြီး ရွှဲ့ပြည်နယ်ကို ပြန်လည်တိုက်ခိုက်သည့် နေရာတွင်လည်း ရွှဲ့ပြည်နယ်တပ်များက သူတို့ကို အပြီးအသတ် ချေမှုန်းခဲ့ပြန်၏။ သောက်ကျိုးနည်း။
“ကျင်းမိသားစု ... မင်းတို့ရဲ့စစ်တပ်က ဘာလို့ ဒီလောက်ထိ အင်အားကြီးမားနေတာလဲ။ ပြီးတော့ အင်အား ကြီးမားနေတယ် ဆိုရင်ရော အရင်က ဘာလုပ်နေကြတာလဲ”
နန်အို စစ်မျက်နှာပြင်တွင် ဤလူများသာ ရှိပါက သူတို့ အခြေအနေ ဆိုးဝါးစွာ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
အပိုင်း (၆၆၂)
ဤတိုက်ပွဲတွင် ထိခိုက်သေဆုံးမှု များပြားသော်လည်း အလွန်အမင်း ကြေကွဲဖွယ်ရာတော့ မဟုတ်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အနီးကပ် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မဟုတ်သောကြောင့် သွေးထွက်သံယိုဖြစ်မှု နည်းပါးပြီး ခြေပြတ်လက်ပြတ်များ မရှိသောကြောင့်ပင်။ မြားတစ်စင်းစိုက်ဝင်သွားလျှင် သေဆုံးသည်အထိ သွေးအများကြီး ထွက်ချင်မှ ထွက်ပေမည်။
ထို့ပြင် ပတ်ဝန်းကျင်ကလည်း ကျဉ်းမြောင်းပြီး အမှောင်ထဲရှိ လူအများစုက သူတို့၏ ဘက်သားများသာ ဖြစ်နေ၍ ထိခိုက်သေဆုံးမှု များပြားသည်ဟု သူတို့မခံစားရချေ။ သို့သော်ငြား စစ်မြေပြင်မှ ဆုတ်ခွာလာသည့် အချိန်တွင်တော့ မြေပေါ်ရှိအလောင်းကောင်များက တောင်ပုံရာပုံ ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။
ပိုမို၍ ဆိုးဝါးသည်က ထွက်ပြေးလွတ်မြောက်မည့်အချိန်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အိပ်မက်ဆိုးကြီး တစ်ခုက ပေါ်ပေါက်လာခဲ့ခြင်းပင်။ သူတို့က ဒုတိယနိဗ္ဗာနတပ်တော်မှ တပ်သားများကို ကျောပေးခဲ့မိသည်။
ရွှမ်း ရွှမ်း ရွှမ်း ...
မြို့ရိုးထက်ရှိ ဒုတိယနိဗ္ဗာနတပ်သားများက မောပန်းနွမ်းနယ်ခြင်း မရှိသကဲ့သို့ပင် အရူးအမူး ပစ်ခတ်နေကြဆဲ ဖြစ်၏။ အသက်ပေါင်းများစွာကို ရိတ်သိမ်းကာ သတ်ဖြတ်နေ၏။ ဤကဲ့သို့သော ဆုတ်ခွာမှုတွင် လူပေါင်းထောင်ချီ မြားထိမှန်ကာ သေဆုံးခဲ့၏။ ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြုလုပ်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့် စစ်သည်အားလုံးက တပ်ဖွဲ့စည်းပုံအဖြစ် ပြန်လည်ကာ ရောက်ရှိလာကြ၏။
ထိုစဉ်မှာပဲ ဒေါသထွက်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ရွှမ်ဝူနယ်စားအိမ်တော်ထဲမှ လူရာပေါင်းများစွာ ထွက်လာကြ၏။ မြို့တံခါးကိုဖွင့်ပြီးနောက် ထိုလူပေါင်းများစွာတို့က ရင်ကော့ကာဖြင့် လမ်းလျှောက် ထွက်လာကြခြင်းဖြစ်သည်။
“အင်း.. ငါတို့စစ်တပ်ကြီးက ဝိုင်းရံထားတာတောင် မင်းတို့က ထွက်လာရဲသေးတယ်ပေါ့။ ရန်သူကို နည်းနည်းလေးတောင် မလေးစားကြဘူးလား”
ကျင်းမိသားစု၏ စစ်သည်ရာပေါင်းများစွာက အဘယ်ကြောင့် ထွက်လာတာသနည်း။ သူတို့က မြားများကို ပြန်လည်ကောက်ယူရန် ဖြစ်၏။ စောဏကလေးတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲက လေးနာရီလောက်သာ ကြာမြင့်ခဲ့သော်လည်း မြားပေါင်း သိန်းချီ ပစ်ခတ်ခဲ့၏။ ကုန်ကျစရိတ်က တကယ့်ကို ကြီးမားလွန်းလှချေ၏။ ထို့ကြောင့်ပင်လျှင် စစ်မြေပြင်တစ်ခုလုံး ဖြူကောင်များကဲ့သို့ မြားများနှင့် ပြည့်နှက်နေ၏။
ဤလူများက မြားကောက်ရင်း ဆဲဆိုနေကြသေးသည်။ “ခွေးမသားတွေ... ထွက်ပြေးသွားရင်တောင်မှ လွတ်တဲ့ နေရာကို ရွေးပြေးရကောင်းမှန်း မသိဘူး။ ငါတို့မြားတွေ ကျိုးကုန်ပြီ။ ဒါတွေကို နင်းသွားတာလား။ ခွေးလိုကောင်တွေ... ထွက်ပြေးရင်လည်း လွတ်လွတ်ကင်းကင်း ပြေးကြပါလား။”
နန်းကုန်းအို၏စစ်သည်များက မီတာသုံးရာအကွာတွင်သာ ရှိ၏။ ထိုလူရာပေါင်းများစွာတို့ မြားများကို ကောက်ပြီး တစ်စီးချင်းစီစည်းကာ အေးအေးလူလူဖြင့် အထဲသို့ ဝင်သွားသည်ကို အတိုင်းသား ကြည့်ရှုနေရ၏။ နန်းကုန်းအို၏ စစ်သည်များက ဤမြင်ကွင်းကို နှိုင်းယှဉ်၍ မရနိုင်သည့် အရှက်တရားများဖြင့် ကြည့်ရှုနေခဲ့ခြင်း ဖြစ်၏။
ရှေ့သို့လှမ်းတက်ပြီး ထိုမြားကောက်သမား ရာဂဏန်းကို ခုတ်ပိုင်းသတ်ဖြတ်ရမည်လား။ မဖြစ်သေးပေ။ ဤခွေးမသားများ၏လက်က တကယ့်ကို တည့်လွန်း၏။ လူရာဂဏန်းခန့်က စစ်မြေပြင်တွင် အမှိုက်ကောက်သကဲ့သို့ မြားများကို လိုက်လံကောက်နေသည်အား လူပေါင်းသောင်းချီကြီးက ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရသည်။
.............
နန်းကုန်းအို၏ စခန်းအတွင်းမှာတော့ တပ်မှူး ရှားယန်က မေး၏။ “ဒါတွေက ရှမ့်လန်ရဲ့ စစ်သည်တွေလား”
နန်းကုန်းအိုက ခေါင်းညိတ်လိုက်သည်။
ရှားယန်က မေးမြန်းလိုက်၏။ “ဒီလောက် အင်အားကောင်းတဲ့ စစ်သည်တွေရှိရင် ဘာလို့ သဲမြို့တုန်းက မတိုက်ခိုက်ခဲ့တာလဲ”
နန်းကုန်းအိုက ဖြေသည်။ “ရှမ့်လန်က သူ့ရဲ့မိသားစုကို အရမ်းတန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ”
“ရှမ့်လန် ဘာလို့ ပေါ်မလာတာလဲ”
နန်းကုန်းအိုက မသိချေ။ အဘယ်ကြောင့်ဆိုသော် သူက ယနေ့ ရှမ့်လန်ကို မတွေ့ခဲ့ရသောကြောင့်ပင်။
“ရွှဲ့ပြည်နယ်သားတွေ ကြားထဲမှာလည်း သူရဲကောင်းတွေ ရှိနေတာကိုး။”
နန်းကုန်းအိုက အလိုလိုပင် ပြန်လည်ချေပချင်စိတ် ပေါက်သွား၏။ ရှမ့်လန်က ဘာသုံးစား၍ရသည့် သူရဲကောင်းဖြစ်သနည်း။ သို့သော် ပြန်စဉ်းစားကြည့်လိုက်ချိန်မှာတော့ သဲကန္တာရ လူရိုင်းမျိုးနွယ်တို့က အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများအပေါ်တွင်မူတည်၍ သူရဲကောင်း ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်သည့်သူများ ဖြစ်၏။
ယနေ့တိုက်ပွဲနှင့် ပတ်သက်၍ အမှန်အတိုင်း ပြောရမည်ဆိုလျှင် နန်းကုန်းအို၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုက အတိုင်းအတာတစ်ခုထိ ရှိနေပြီးသားပင်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ယခင်က အံ့ဖွယ်အမှုများကို ဖန်တီးခဲ့ဖူးသောကြောင့်ပင်။ ဤနေရာက သူ၏အိမ်ဖြစ်၍ ကာကွယ်ရန် အစွမ်းကုန်ကြိုးစားထားမည်မှာ သေချာ၏။ သို့သော်ငြား တိုက်ပွဲက ယခုကဲ့သို့ ဆိုးဝါးလိမ့်မည်ဟုတော့ သူ မထင်မှတ်ခဲ့ချေ။ တစ်ဖက်သတ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။
ယနေ့တိုက်ပွဲမှာတော့ ကျင်းမိသားစုဘက်က အသေအပျောက် မည်မျှရှိမည်နည်း။ သူတို့ စိတ်ကူး၍ပင် မရနိုင်လောက်အောင် နည်းပါးပေလိမ့်မည်။ တိုက်ခိုက်ပွဲတစ်ခုလုံးတွင် တပ်တော်က လုံးဝ ခံစစ်အနေအထား ဖြစ်နေခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် သူတို့၌ အခွင့်အရေးဟူ၍ပင် မရှိခဲ့ချေ။
လေးသည်တော်တပ်ဖွဲ့က အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးမားနေရသနည်း။ အဘယ်ကြောင့် အစွမ်းကုန် အားအင် ထုတ်ဖော် အသုံးပြုနိုင်နေရသနည်း။
နန်းကုန်းအိုနှင့် ရှားယန်တို့က တိတ်ဆိတ်ငြိမ်သက်သွား၏။ နောက်ထပ် ဘာဆက်လုပ်သင့်သနည်း။
“ကျုပ်တို့ ဆုတ်လို့မဖြစ်ဘူး။” ရှားယန်က ရုတ်တရက်ပြော၏။
သူ၏စကားအဓိပ္ပာယ်ကို နန်းကုန်းအိုက နားလည်၏။ သူတို့ဆုတ်ခွာလိုက်သည်နှင့် ကျင်းမိသားစု၏တပ်တော်က ရန်ကော့မြို့ကို သွားရောက် ကူညီပေးလိမ့်မည်။
မဆုတ်ခွာဘူး ဟုတ်လား။ ထိုသို့ဆိုလျှင် မည်သို့လုပ်ရမည်နည်း။ သဲကန္တာရ လူရိုင်းမျိုးနွယ်များနှင့် နန်အိုနိုင်ငံ၏ စစ်သည်များကို အသုံးပြုရမည်လား။ သေချာသည်က သူတို့က ပိုမိုစွမ်းအားကြီးမားပြီး အနည်းငယ်တော့ ပိုမိုဖျတ်လတ်ကြ၏။ သို့သော်ငြား တစ်ဖက်လူများ၏ လေးပစ်စွမ်းရည်က ကောင်းလွန်းနေသည်။
ကံဆိုးစွာဖြင့် မြို့သိမ်းလက်နက်များလည်း သူတို့ထံတွင် မရှိချေ။ ကျောက်ခဲပစ် လောက်လွှဲများ သို့မဟုတ် မြို့သိမ်းနိုင်သည့် ဒူးလေးကြီးများလည်း မရှိချေ။ တိုက်ပွဲက အလွန်အရေးကြီးနေသောကြောင့် သူတို့က တည်ဆောက်ရန် အချိန်မရှိခဲ့ပေ။ စုနန်၏တပ်တွင် ထိုအရာတို့ရှိသည်ဆိုသော်လည်း ဤနေရာဆီသို့ သယ်ဆောင်လာရန် ဆိုသည်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
နန်းကုန်းအိုက ပြောသည်။ “နောက်ထပ် အစီအစဉ်နှစ်ခု ရှိတယ်။ ပထမတစ်ခုက သူတို့ကို ဝိုင်းထားပြီး မတိုက်ခိုက်ဘဲ နေတာပဲ။ နောက်တစ်ခုကတော့ စစ်တပ်ကြီးတစ်ခုလုံးနဲ့ဝင်ပြီး သိမ်းပိုက်တာ။”
သူက ဒုတိယတပ်မှူးသာ ဖြစ်သောကြောင့် ဆုံးဖြတ်ချက် မချနိုင်ချေ။
တပ်မှူးရှားယန်က ကိုယ်ခံပညာ အလွန် မြင့်မားပြီး စစ်သည်သောင်းနှင့်ချီ ပိုင်ဆိုင်သည့် မျိုးနွယ်စု၏ ခေါင်းဆောင်လည်း ဖြစ်၏။ သို့သော်ငြား သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ တိုက်ပွဲဝင်သည့်ပုံစံက အခြေခံအားဖြင့် တောတွင်း တိုက်ခိုက်ပွဲများသာ ဖြစ်၏။ တစ်ဦးချင်း တိုက်ခိုက်မှုစွမ်းရည် အလွန်မြင့်မားကာ သွေးထွက်သံယို ဖြစ်သည်အထိ တိုက်ခိုက်ရာတွင် ကြမ်းတမ်းကြသော်လည်း ကွပ်ကဲမှုအပိုင်းတွင်တော့ အရည်အသွေး မြင့်မားခြင်း မရှိချေ။
အကယ်၍ တပ်တော်တစ်ခုလုံးသာ ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက ရွှမ်ဝူနယ်စားအိမ်တော်ကို သိမ်းပိုက်နိုင် ပေလိမ့်မည်။ သို့သော်ငြား ထိခိုက်သေဆုံးမှု အရေအတွက်က ကြောက်စရာကောင်းလောက်အောင် များပြားမှာ သေချာ၏။
နန်းကုန်းအိုက ဆက်ပြောသည်။ “ကျင်းမိသားစုရဲ့ အစွမ်းထက်ဆုံးက လေးသည်တော်တွေပဲ။ သူတို့ရဲ့အနားကို ကပ်သွားနိုင်တာနဲ့ ကျုပ်တို့ တစ်ခါတည်း ပြိုလဲသွားအောင် တိုက်ခိုက်နိုင်မယ်ထင်တယ်။”
“အဲလိုလား”
ရှားယန်က ဇဝေဇဝါ ဖြစ်သွားမိ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ လေးပစ်စွမ်းရည်က တကယ်ကို မြင့်မား၏။ ထို့အတူ သူတို့က အနီးကပ် တိုက်ခိုက်ရာ၌လည်း ကျွမ်းကျင်ကြ၏။
နန်းကုန်းအိုက ပြော၏။ “ရှမ့်လန်က ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။ သူ့ရဲ့ သံချပ်ကာဝတ် နိဗ္ဗာနတပ်တော်က အနီးကပ်တိုက်ပွဲတွေမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ နေရာယူ တိုက်ခိုက်တဲ့နေရာမျိုးအတွက်ပဲ သင့်တော်တာ။ ကျုပ်အထင်မမှားဘူးဆိုရင် အဲဒီလေးသည်တော်တွေက သူ့ရဲ့နိဗ္ဗာနတပ်တော်တွေဖြစ်ပြီး လေ့ကျင့်ထားတာ နှစ်ဝက်တောင် မရှိလောက်သေးဘူး။”
“ကျုပ် လေ့လာထားသလောက်ဆိုရင် သူ့ရဲ့နိဗ္ဗာနတပ်တော်က တစ်ခုခုကို အရမ်းအာရုံစိုက် လေ့ကျင့် ထားကြတယ် ဆိုပေမဲ့ တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ကြတာ။ ဒါကြောင့် သူတို့ရဲ့ လေးပစ်စွမ်းရည်က ထူးကဲနေတယ် ဆိုရင်တောင်မှ အနီးကပ် တိုက်ခိုက်မှုစွမ်းရည်က ဘာမှ သိပ်ပြီးတော့ အားကောင်းမှာ မဟုတ်ဘူး”
ရှားယန်က ခေါင်းညိတ်လိုက်သည်။
နန်းကုန်းအိုက ဆက်ပြော၏။ “ကျုပ်တို့ အရှေ့ပိုင်းတပ်တော်က ညဘက်ဆိုရင် သိပ်ပြီးမတိုက်ခိုက်ကြဘူး။ ဘာလို့လဲဆိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရလို့ပဲ။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရော ညဘက် တိုက်ခိုက်ပွဲတွေမှာ ကျွမ်းကျင်လား။”
ရှားယန်က ပြောသည်။ “ကျုပ်တို့က ညဘက်တိုက်ပွဲတွေမှာ အကျွမ်းကျင်ဆုံး မျိုးနွယ်ပဲ။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ အမဲလိုက်တဲ့အချိန် အများစုက ညဘက်မှာမလို့ပဲ။”
ထိုအချက်က မှန်ကန်၏။ နေ့ခင်းဘက်တွင် တောတွင်းသားရဲတိရစ္ဆာန်များက အလွန်ကို တက်ကြွ၏။ သတ္တဝါတို့၏ မျက်လုံးများကလည်း တကယ်ပင် စူးရှ၏။ အကယ်၍ နေ့ဘက် အမဲလိုက်သည်ဆိုပါက အားနည်းချက် ဖြစ်ပေလိမ့်မည်။ ညဘက်တွင်မူ ထိုသားရဲများ၏ ခွန်အားနှင့် အာရုံခံနိုင်စွမ်းက လျော့ကျသွားသောကြောင့် အမဲလိုက်သည့် နေရာတွင် ပိုမိုကာ လွယ်ကူ၏။
ထို့ကြောင့် သဲကန္တာရလူရိုင်းမျိုးနွယ် စစ်သည်များက ညဘက်တိုက်ခိုက်ပွဲများတွင် ကျွမ်းကျင်ကြ၏။ နှစ်ရှည်လများ တိုက်ခိုက်လာခဲ့ပြီးနောက် သူတို့က အမှောင်ထဲတွင် မြင်နိုင်စွမ်းကိုပင် ရရှိလာ၏။ ထို့အပြင် သူတို့က တိရစ္ဆာန်အသည်းကို စားရသည်အား နှစ်သက်ကြလေရာ အထူးသဖြင့် မျက်လုံးအမြင်အာရုံ သိသိသာသာ အကျိုးသက်ရောက်မှု ကောင်းခဲ့သည်။
နန်းကုန်းအိုက ပြော၏။ “ညဘက်ဆိုရင် လေးသည်တော်တစ်ယောက်ရဲ့ ပစ်မှတ်ချိန်ရွယ်နိုင်စွမ်းက သေချာပေါက် လျော့ကျသွားမယ်။ ပစ်ခတ်နိုင်စွမ်းကလည်း ထိုးကျသွားမှာပေါ့။”
ဤအချက်က သေချာသလောက်ပင်။ နတ်ဘုရား လေးသည်တော်တစ်ဦးပင်လျှင် အလင်းရောင် လိုအပ်၏။ ပစ်မှတ်ကို သေချာစွာ မြင်တွေ့ရန် လိုအပ်သည်။
“ဒါကြောင့် ကျုပ်ရဲ့အကြံကတော့ ညဘက်တိုက်ပွဲကို ဆင်နွှဲဖို့ပဲ။” နန်းကုန်းအိုက ပြော၏။
ရှားယန်က ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။ ညဘက်တိုက်ခိုက်မည် ဆိုပါက သူ၏ သဲကန္တာရလူရိုင်း စစ်သည်ငါးထောင်က နှိုင်းယှဉ်၍ မရသည့် အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ နန်အိုနိုင်ငံ၏ စစ်သည်များက အနည်းငယ် တော်သေးသော်လည်း နန်းကုန်းအို၏ ကျန်ရှိနေသည့် တပ်သား တစ်သောင်း၊ နှစ်သောင်းကမူ ညတိုက်ပွဲအတွက် မသင့်တော်ချေ။
သို့သော်ငြား ရှားယန်က သတ်ဖြတ်ဖို့ စီစဉ်သည့် နေရာ၌ ပြတ်သားသည့် ဆုံးဖြတ်ချက်ကိုသာ ချမှတ်လိုက်၏။
“ကောင်းပြီ။ ဒါဆိုရင်လည်း ညတိုက်ပွဲကို ဆင်နွှဲကြတာပေါ့။”
ညအချိန်သို့ ရောက်ရှိလာ၏။ လဆန်းပိုင်းဖြစ်၍ ညဘက်တွင် လရောင် မရှိသလောက်ပင်။ ရှေ့မှ လက်ချောင်း ကိုပင် မမြင်ရလောက်အောင် မှောင်မိုက်နေသည်။
နန်အိုနိုင်ငံ၏စစ်သည်များက ရွှမ်ဝူနယ်စားစံအိမ်တော်ကို တိုက်ခိုက်ရန် ထပ်မံစုရုံး ရောက်ရှိလာ၏။ နန်းကုန်းအို၏ ကျန်ရှိနေသည့် စစ်သည်တစ်သောင်းကျော်တို့က ဘေးမှ ရပ်ကြည့်နေသည့် လူများအဖြစ်သာရှိပြီး တစ်ခုတည်းသော မျှော်လင့်ချက်က သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည် ငါးထောင်ပင် ဖြစ်၏။
သို့သော်ငြား ထိုအခိုက်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံးက လင်းထိန်သွားသကဲ့သို့ ဖြစ်သွား၏။ ထောင်နှင့်ချီသော မီးပုံးများက ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ဤမြင်ကွင်းကို ကြည့်ရှုရသည်မှာ တကယ်ပင် လှပသည်။
နန်းကုန်းအိုနှင့် ရှားယန်တို့က ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ ကြက်သေ,သေသွားခဲ့၏။
မြို့ကိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် တပ်သားနှစ်သောင်းကျော်တို့က ရုတ်တရက် သူတို့၏တာဝန်ကို မေ့လျော့ပြီး လှပလွန်းသည့် မြင်ကွင်းကိုသာ မော့ကြည့်နေမိ၏။ ဤအရာက တကယ့်ကို လှပလွန်း၏။ စာပေပညာရှင်တစ်ဦးသာ ထိုမြင်ကွင်းကို မြင်သည်ဆိုပါက ကျိန်းသေပေါက် ကဗျာပေါင်းများစွာ မရေတွက်နိုင်အောင် ရေးဖွဲ့မိပေလိမ့်မည်။
ရွှမ်ဝူနယ်စားအိမ်တော်ဆီမှ မီးပုံးပျံများကို လွှတ်တင်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် စွန်လွှတ်သကဲ့သို့ မီးပုံးပျံများကို လေထဲသို့ လွှတ်တင်ထားခြင်း ဖြစ်၏။ တစ်ခုတည်းဆိုလျှင် လုံလောက်အောင် မလင်းနိုင်သော်လည်း ရာပေါင်း၊ ထောင်ပေါင်းများစွာဖြစ်သောကြောင့် အတိုင်းအတာတစ်ခုထိ လင်းထိန်သွားပေလိမ့်မည်။
“ဒီ ရှမ့်လန်က တကယ့်ကို အံ့မခန်းပါလား။ မီးပုံးတွေကို ကောင်းကင်ပေါ် ပျံတက်အောင်တောင်မှ လုပ်နိုင်တယ်။ ဘယ်လိုများ လုပ်လိုက်တာလဲ။”
ရှားယန်က ထကာ အော်ဟစ်လိုက်၏။ “စစ်သူကြီး နန်းကုန်းအို.. ဒီလိုအလင်းရောင်အောက်မှာ ခင်ဗျားရဲ့တပ်သားတွေ ရှင်းရှင်းလင်းလင်း မြင်ရလား”
နန်းကုန်းအိုက သူ၏လက်အောက်ခံတပ်များကို သွားရောက်မေးကြည့်၏။ အဖြေက ရှင်းရှင်းလင်းလင်း မမြင်ရချေ။ အဘယ်ကြောင့်ဆိုသော် လေထဲတွင် ဝဲပျံနေသည့် မီးပုံးများက ကောင်းကင်အမြင့်တွင် ရှိနေသောကြောင့်ပင်။ မြေပြင်သို့ ကျရောက်လာခဲ့သည့် အလင်းရောင်၏ ပမာဏက အကန့်အသတ် ရှိပုံပေါ်သည်။
ရှားယန်က သဲကန္တာရ လူရိုင်းစစ်သည်များကို အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်း မြင်ရသလားဟု မေးကြည့်၏။ သဲကန္တာရ လူရိုင်းစစ်သည်များက အလွန်ကို ရှင်းရှင်းလင်းလင်း မြင်ရသည်ဟု ဖြေကြ၏။ ထိုသို့ဆိုလျှင် ညတိုက်ပွဲကို တိုက်ခိုက်သင့်သည်လား။
စက္ကန့်သုံးဆယ်ခန့် စဉ်းစားပြီးနောက် ရှားယန်က တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ “သဲကန္တာရ လူရိုင်းစစ်သည်တွေ.. နန်အိုစစ်သည်တွေနှင့် ရောနှောပြီး အတူတူတက်ကြ”
ယခုတစ်ကြိမ် တိုက်ခိုက်မှု၏ အဓိက အင်အားစုက သဲကန္တာရ လူရိုင်းစစ်သည်များဖြစ်ပြီး နန်အို၏ စစ်သည်များကို အကာအကွယ်အဖြစ်သာ အသုံးပြုခြင်း ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုရင် နန်အို၏ စစ်သည်များက စတေးခံများသာ ဖြစ်၏။ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုက ဤတစ်ကြိမ် လှုပ်ရှားမှုအပေါ် မူတည်၍နေ၏။
“မြို့ကို တိုက်ကြ” ရှားယန်က အမိန့်ပေးလိုက်၏။
နောက်ထပ် စစ်သည်ပေါင်း နှစ်သောင်းငါးထောင်တို့က ရေလှိုင်းလုံးကြီး တစ်ခုကဲ့သို့ပင် ရွှမ်ဝူနယ်စား၏ စံအိမ်တော်ထဲသို့ ပြေးဝင်လာခဲ့၏။ အမှန်တကယ်တွင် အဓိကအင်အားစုကြီး ဖြစ်သည့် သဲကန္တာရ လူရိုင်းစစ်သည်များက နန်အိုစစ်သည်များကြားထဲတွင် ပုန်းကွယ်လျက် တက်နိုင်သမျှ လူစုခွဲကာဖြင့် နေရာယူထားကြသည်။
မြို့ရိုးပေါ်မှ ကြည့်မည်ဆိုလျှင် အလွန်ကို မှောင်မိုက်သည့် တည်နေရာဆီမှ လူအုပ်ကြီးကို ခပ်ဝါးဝါးသာ မြင်ရမှာဖြစ်၏။ ကောင်းကင်ထက်တွင် မီးပုံးပျံများ ပျံဝဲနေသော်လည်း လုံးဝကို ရှင်းရှင်းလင်းလင်း မြင်ရရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ မီတာ ရာပေါင်းများစွာ အကွာအဝေးမှ တိတိကျကျ ပစ်ခတ်ရန် ဆိုသည်မှာ ပိုမို၍ မဖြစ်နိုင်ပေ။
ဒုန်း ဒုန်း ဒုန်း.... လောကကြီးတစ်ခုလုံး တုန်ဟီးသွားလောက်အောင်ပင် စစ်စည်သံများက ထွက်ပေါ်လာ၏။ ရန်သူနှစ်သောင်းငါးထောင်တို့က လျင်မြန်စွာ နီးကပ်လာနေ၏။ သူတို့က မြို့ရိုးနှင့် မီတာ ၂၅၀ အကွာအဝေးသို့ ရောက်ရှိလာ၏။
ဤအချိန်မှာတော့ နန်းမြို့ရိုး၏ပေါ်တွင် ဒုတိယနိဗ္ဗာနတပ်တော်က မြားမပစ်ကြသေးချေ။ မီတာ ၂၀၀ အကွာအဝေးတွင်လည်း မပစ်ကြသေးချေ။
ရှားယန်က သက်ပြင်းချလိုက်၏။ တကယ့်ကို နီးကပ်လာခဲ့ပြီ ဖြစ်၏။ နေ့ခင်းဘက်တွင် ဤအကွာအဝေး၌ ရှမ့်လန်၏ လေးသည်တော်များက စတင် ပစ်ခတ်နေကြပြီဖြစ်၏။ ညဘက်မှာတော့ ဤအကွာအဝေးသို့ ရောက်သည်အထိ သူတို့က မစတင်ကြသေးချေ။
မီတာ ၁၅၀ အကွာ .... ထိုအချိန်မှာပဲ “ရွှမ်း ရွှမ်း ရွှမ်း ....”
မီးရှူး ဒါဇင်ပေါင်းများစွာက ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ကောင်းကင် မီတာဒါဇင်ပေါင်း များစွာ အမြင့်သို့ ပျံတက်သွားပြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။
ဘန်း...
မီးရှူးမီးပန်းများက ရုတ်တရက် ပေါက်ကွဲသွားခြင်း ဖြစ်၏။ ဧရာမမီးပန်းကြီးတစ်ခုက ဖြစ်တည်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ညကြီးတစ်ခုလုံးက လင်းထိန်သွား၏။ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုက ထပ်မံ ပေါ်ပေါက်လာသည်။
ရှားယန်နှင့် နန်းကုန်းအိုတို့က လုံးဝကို ကြက်သေ,သေသွား၏။ “ဒါ ဒါ ဘာကြီးလဲဟ။”