← Chapters

ဆိုင်ရှင်လင်မယားက တော်တော်လေး ချောတာပဲ

Vol. 5 Ch. 42

ဆိုင်ရှင်လင်မယားက တော်တော်လေး ချောတာပဲ

Vol. 5 Ch. 42

နံနက်ခင်းအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် အသစ်ဖွင့်လှစ်ထားသော စာအုပ်ဆိုင်မှာ လူသိသိပ်မများသေးပေ။ တစ်မနက်လုံးကုန်ဆုံးသွားချိန်တွင် လူအနည်းငယ်သာ လာရောက်ကြည့်ရှုကြသည်။

ထိုလူများထဲတွင် မနေ့ညနေက စာအုပ်မှာယူထားသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ စာအုပ်လာယူရုံမျှသာ လာရောက်ကြခြင်းဖြစ်သည်။

လုအန်းကျီသည် ဆိုင်ထောင့်တစ်နေရာတွင် ထိုင်လျက် လက်ထဲမှ သမိုင်းစာအုပ်ကို နှစ်ခန်းမျှ ဖတ်ပြီးသွားပြီဖြစ်သည်။ စားပွဲရှည်ကြီးတွင် သူ့ကဲ့သို့ပင် စွဲစွဲမြဲမြဲ စာဖတ်နေသူများမှာ မိန်းကလေးနှစ်ယောက်သာ ရှိသည်။

သူတို့သည် ရှေ့ပြေးဇာတ်လမ်းနှင့် ပထမဆုံးအခန်း သုံးခန်းကို အီလက်ထရောနစ် မဂ္ဂဇင်းတွင် ဖတ်ပြီးသားဖြစ်သော်လည်း ယခုမူ ဆက်လက်ဖတ်ရှုနေကြခြင်းဖြစ်သည်။ သို့သော် မွန်းတည့်ချိန်အထိ အခန်းအများကြီးတော့ မပြီးသေးပေ။

မိန်းကလေးတစ်ယောက်က သူမ၏ နာရီကို ကြည့်လိုက်ပြီး “နေလည်စာ စားရမယ့်အချိန် ရောက်တော့မယ်။ ဒီအခန်းလေး ပြီးအောင်ဖတ်ပြီးမှ ပြန်ကြမလား?” ဟု ပြောလိုက်သည်။

အခြားမိန်းကလေးတစ်ယောက်က စာမျက်နှာများကို လှန်ကြည့်ပြီး ဖတ်လက်စအခန်းမှာ များများစားစား မကျန်တော့သည်ကို အတည်ပြုကာ “ကောင်းပြီလေ” ဟု ခေါင်းညိတ်လိုက်သည်။

ထိုစဉ် လုအန်းကျီသည် စားပွဲ၏ တစ်ဖက်ခြမ်းမှ ထရပ်လိုက်သည်ကို သူတို့နှစ်ယောက် မြင်လိုက်ရသည်။ မိန်းကလေးတစ်ယောက်က တစ်ချက်သာ လှမ်းကြည့်ပြီး စာအုပ်ထဲသို့ အာရုံပြန်သွင်းလိုက်သော်လည်း အခြားမိန်းကလေးတစ်ယောက်ကမူ လုအန်းကျီ၏ ပုံရိပ်ကို အမှတ်မထင် မျက်လုံးဖြင့် လိုက်ကြည့်နေမိသည်။

“ဘာကြည့်နေတာလဲ? စာ ဆက်ဖတ်ပါဦး။”

စာဖတ်နေသည့် မိန်းကလေးက စာမျက်နှာတစ်ဖက်ကို ဖတ်ပြီးသွားသဖြင့် နောက်စာမျက်နှာလှန်ရန် စောင့်နေရင်း သူမကို တိုက်တွန်းလိုက်သည်။

“အော်... အင်းပါ။”

အခြားမိန်းကလေးမှာ ခဏမျှ ကြောင်သွားပြီးမှ သတိပြန်ဝင်လာသော်လည်း လုအန်းကျီကို နောက်တစ်ကြိမ် လှည့်ကြည့်ဖို့ရန် ဝန်မလေးခဲ့ပေ။

သူမသည် အကြည့်ကို ရုပ်သိမ်းပြီးနောက် စာအုပ်ဆီသို့ ပြန်လည်အာရုံစိုက်လိုက်သည်။

သူမကို စာဖတ်ဖို့စောင့်နေသည့် မိန်းကလေးက “ဘာလို့ သူ့ကိုပဲ ကြည့်နေတာလဲ? သူ့ကို စိတ်ဝင်စားနေတာလား? သူက နင့်ထက် အသက်အများကြီး ကြီးပုံရတယ်နော်” ဟု ပြောရင်း သူမကိုယ်တိုင်လည်း အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။

သူမ ကြည့်လိုက်ချိန်တွင် ခဏမျှ မှင်တက်သွားပြီး “တော်တော်လေး ချောတာပဲ!” ဟု မသိစိတ်က တိီတိုးလေး ရေရွတ်လိုက်မိသည်။

အခြားမိန်းကလေးမှာ စာဖတ်ရန် ခေါင်းငုံ့ထားသော်လည်း ထိုစကားကို ကြားလိုက်ရသဖြင့် “ဟုတ်တယ်မလား? ငါ စောစောက အမှတ်မထင် ကြည့်လိုက်တော့ အဲဒီလူက ကလေးမလေးတစ်ယောက်ကို သွားချီလိုက်တာ တွေ့တယ်... နင်ပြောတာက အဲဒီကလေးမလေးက ချောတာလား၊ ဒါမှမဟုတ် အဲဒီအမျိုးသမီးက ချောတာလား?”

သူတို့သည် ချန်းချန်းနှင့် ကျန်းဆူရှင်းတို့ကို မြင်လိုက်ကြခြင်းပင် ဖြစ်သည်။

ကျန်းဆူရှင်းသည် ချန်းချန်းနှင့်အတူ ဆိုင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး လုအန်းကျီက သူတို့ကို သွားရောက်ကြိုဆိုလိုက်ခြင်းဖြစ်သည်။ ကလေးငယ်သည် သူမ၏ ဖေဖေကို မြင်သည်နှင့် ချီခိုင်းရန် လက်လှမ်းလိုက်တော့သည်။

ထိုနွေးထွေးသော မြင်ကွင်းကို စားပွဲရှည်၏ ထောင့်တစ်နေရာတွင် ထိုင်နေသော မိန်းကလေးနှစ်ယောက် မြင်တွေ့သွားသည်ကို သူတို့သုံးဦး မသိရှိကြပေ။ သိခဲ့လျှင်လည်း ဘာမှတော့ ထူးခြားမည်မဟုတ်ပါ။

“အားလုံးက ချောကြတာပဲ။”

ချီးမွမ်းမိသည့် မိန်းကလေးက သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ကာ “ဆက်ပြီး စိုက်မကြည့်နဲ့တော့။ လူတွေကို အဲဒီလို စိုက်ကြည့်နေတာက မယဉ်ကျေးရာ ရောက်တယ်။ စာအုပ်ကို မြန်မြန်ဖတ်၊ ဒီအခန်းပြီးရင် နေ့လည်စာစားဖို့ အိမ်ပြန်ကြစို့” ဟု ဆိုသည်။

“အင်း။”

အခြားမိန်းကလေးကလည်း ခေါင်းညိတ်ကာ အကြည့်ကို ရုပ်သိမ်းလိုက်သည်။

သူတို့သည် စာဖတ်ပြီးနောက် ‘နဂါးဘုရင် သုံး’ စာအုပ် သုံးတွဲကို ဝယ်ယူကာ ဆိုင်ထဲမှ ထွက်လာကြသည်။ ဆိုင်တံခါးဝရောက်သော် နောက်သို့ လှည့်ကြည့်လိုက်ရာ ကောင်တာမှ အန်တီကြီးသည် ချစ်စရာကောင်းသော ကလေးမလေးနှင့် ရင်းနှီးစွာ စကားပြောနေသည်ကို မြင်လိုက်ရသည်။

“နင် ထင်သလား... စောစောက ငါတို့ ရှေ့မှာ ထိုင်နေတဲ့လူက ဒီစာအုပ်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်မယ်လို့?”

စန်းဝေ စာအုပ်ဆိုင်မှ ထွက်လာပြီး လမ်းလျှောက်နေစဉ် မိန်းကလေးနှစ်ယောက်မှာ ဆိုင်ထဲတွင် မြင်တွေ့ခဲ့ရသည်များကို ပြန်လည်ပြောဆိုနေကြသည်။ လုအန်းကျီကို စတင်ကြည့်ခဲ့သော မိန်းကလေးက မေးလိုက်ခြင်းဖြစ်သည်။

အခြားမိန်းကလေးက ခေါင်းခါလိုက်ပြီး “ငါလည်း မသိဘူး... နင်ကကော အဲဒီလို ထင်လို့လား?”

ပထမမိန်းကလေးက “အဲဒီလိုပဲ ထင်ရတာပဲ။ မဟုတ်ရင် သူက ဘာလို့ အဲဒီမှာ တစ်ချိန်လုံး ထိုင်နေမှာလဲ? ပြီးတော့ သူ့ဇနီးနဲ့ သမီးက ဆိုင်ကို လာရှာကြတာလေ။ နင် သတိမထားမိလို့ ဖြစ်မယ်၊ ကောင်တာက အန်တီကြီးက သူ့ကို တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ” ဟု ပြောလိုက်သည်။

အမှန်တကယ်တော့ ထိုအရာမှာ လေးစားမှုဖြစ်သော်လည်း ဝမ်ဖင်နှင့် လုအန်းကျီတို့၏ အသက်အရွယ် ကွာခြားမှုအရ ‘လေးစားမှု’ ဟု သုံးနှုန်းရန်မှာ မိန်းကလေးအတွက် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရသည်။

နောက်မှ စကားပြောသည့် မိန်းကလေးက “ဒါဆိုရင်တော့ ဟုတ်မှာပဲ။ အဲဒါဆိုရင် ဒီဆိုင်က ပိုင်ရှင်နဲ့ ဆိုင်ရှင်ကတော်က တကယ့်ကို ရုပ်ချောတဲ့သူတွေပဲ!” ဟု ဆိုသည်။ ကျန်းဆူရှင်းသည် နှာခေါင်းစည်း တပ်ထားသော်လည်း သူမ၏ နှာခေါင်းစည်းအောက်တွင် ထူးကဲသော အလှတရား ရှိနေမည်ကို မိန်းကလေးနှစ်ယောက်လုံး သိမြင်နိုင်ကြသည်။

ပထမမိန်းကလေးကလည်း “သူတို့သမီးလေးကလည်း တော်တော်ချောတာပဲ” ဟု ထောက်ခံလိုက်သည်။

သူတို့သည် လမ်းလျှောက်ရင်း ‘နဂါးဘုရင် သုံး’ အကြောင်းကိုလည်း မပြောဘဲ မနေနိုင်ကြပေ။ ပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ကာ “ဟွာခဲ့” ဝက်ဘ်ဆိုက်ပေါ်တွင် မည်ကဲ့သို့သော ဆွေးနွေးမှုများ ပေါ်လာမည်ကို ခန့်မှန်းနေကြသည်။

ထို့နောက် သူတို့သည် လမ်းဆုံတစ်ခုတွင် လမ်းခွဲခဲ့ကြသည်။ အိမ်ပြန်ရောက်ပြီး ထမင်းစားပြီးနောက် သူတို့နှစ်ယောက်လုံးသည် “ဟွာခဲ့” သို့ ဝင်ကြည့်ရန် ကွန်ပျူတာများကို ဖွင့်လိုက်ကြသည်။

ဤကမ္ဘာရှိ ‘ကျူကျူ’ ၏ လူကြိုက်များမှုမှာ လုအန်းကျီ၏ ယခင်ကမ္ဘာကကဲ့သို့ပင် ဖြစ်သည်။ အွန်လိုင်းသုံးသည့်အခါ ‘ကျူကျူ’ ကို အမြဲတမ်း ဖွင့်ထားတတ်ကြသည်။ သူတို့နှစ်ယောက်မှာ အတူတူ စာဖတ်လေ့ရှိသော သူငယ်ချင်းကောင်းများဖြစ်ကြပြီး သူတို့၏ ‘ကျူကျူ’ အမည်များမှာလည်း ဆက်စပ်နေကြသည်။ တစ်ယောက်မှာ “မနှမြောသော အတိတ်” ဟု အမည်ပေးထားပြီး အခြားတစ်ယောက်မှာ “မမှားသော နွေဦး” ဟု အမည်ပေးထားသည်။

သူတို့နှစ်ယောက် “ဟွာခဲ့” ကို ကြည့်နေစဉ် “မနှမြောသော အတိတ်” က သူမတို့ အတန်းထဲမှ ‘ကျူကျူ’ အဖွဲ့ထဲသို့ စာတစ်စောင် ပို့လိုက်သည်။ “ကျုံ့အမ်းးလမ်းမှာ စာအုပ်ဆိုင်အသစ် တစ်ဆိုင် ဖွင့်ထားတယ်၊ ဆိုင်ရှင်လင်မယားက တော်တော်လေး ရုပ်ချောတာပဲ!”

ယခုမှာ ကျောင်းပိတ်ရက်ဖြစ်သဖြင့် အတန်းဖော်အများအပြားသည် ကွန်ပျူတာရှေ့တွင် ရှိနေကြပြီး ‘ကျူကျူ’ ဝင်နေကြသည်။ ထိုစာရောက်သွားသည်နှင့် တစ်ယောက်က ချက်ချင်း မေးလိုက်သည်။ “ဘယ်လောက်တောင် ချောလို့လဲ?”

မနှမြောသော အတိတ် - “တကယ့်ကို ချောတာ၊ အနုပညာရှင်ကြီးတွေအတိုင်းပဲ!”

တစ်ယောက်က မေးသည် - “တကယ်လား?”

အခြားတစ်ယောက်က ပြန်ဖြေသည် - “ငါတော့ မယုံဘူး။”

မနှမြောသော အတိတ် - “တကယ်ပြောတာ၊ မယုံရင် @မမှားသော နွေဦး ကို မေးကြည့်။”

“မမှားသော နွေဦး” ဟု အမည်ပေးထားသော မိန်းကလေးမှာ “ဟွာခဲ့” ကိုသာ အာရုံစိုက်နေသဖြင့် အဖွဲ့ထဲတွင် စကားမပြောချင်သော်လည်း သူမကို ခေါ်လိုက်သဖြင့် ပြန်ဖြေရန်မှတစ်ပါး အခြားမရှိတော့ပေ။ “ဟုတ်တယ်၊ ငါတို့ စာအုပ်ဆိုင်မှာ စာဖတ်နေတုန်းက ဆိုင်ရှင်က ငါတို့ရှေ့မှာ တစ်ချိန်လုံး ထိုင်နေတာ၊ သူက တော်တော်လေး ရုပ်ချောတယ်။ နောက်တော့ ဆိုင်ရှင်ကတော်လည်း သူ့သမီးလေးကို ခေါ်ပြီး ရောက်လာတယ်၊ သမီးလေးကလည်း တအားလှတာပဲ။”

သူမ စာပို့ပြီးနောက် “ဟွာခဲ့” ကို ဆက်ကြည့်ရန် ပြင်သော်လည်း ချက်ချင်းပင် တစ်ယောက်က ထပ်ခေါ်ပြန်သည်။

ဖုန်းလီချန်း - “နင်တို့ ဘာစာအုပ်သွားဖတ်တာလဲ?”

ထို “ဖုန်းလီချန်း” မှာ သူတို့၏ အတန်းဖော် ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး စာဖတ်ဝါသနာပါသူ ဖြစ်သည်။ သူတို့သည် အတန်းထဲတွင် ‘နဂါးဘုရင်’ အကြောင်းကိုလည်း အတူတူ ဆွေးနွေးဖူးကြသည်။

သူမ ပြန်ဖြေလိုက်ရပြန်သည်။ “‘နဂါးဘုရင် သုံး’ လေ၊ ဒီနေ့မှ စထွက်တာ။”

ဤစကားကြောင့် အဖွဲ့ထဲရှိ လူများစွာ စိတ်လှုပ်ရှားသွားကြသည်။

ဝူအိုက် - “နင်တို့ တကယ် ဝယ်လို့ရခဲ့တာလား?!”

ဟေးယီထျန်းရှီ - “ငါ ဒီနေ့ ကျောင်းရှေ့က စာအုပ်ဆိုင်မှာ သွားဝယ်တာ၊ လူတွေ တအားများနေလို့ ဝယ်လို့တောင် မရခဲ့ဘူး။”

ကျွေးဖုန်းရှောက်နျန် - “ဟုတ်တယ်၊ ဝယ်လို့မရဘူး၊ လုံးဝကို ဝယ်မရတာ။”

ဝူအိုက် - “တအား ခေတ်စားနေတာပဲ!”

ထျန်းရှီကျီဝမ် - “‘နဂါးဘုရင် တစ်’ နဲ့ ‘နှစ်’ တုန်းက ဝယ်ရတာ လွယ်ခဲ့ပေမဲ့ ‘သုံး’ ကျမှ ဘာလို့ ဒီလောက် ဝယ်ရခက်နေတာလဲ?!”

ကျွေးဖုန်းရှောက်နျန် - “ဟုတ်တယ်၊ အရမ်း နာမည်ကြီးနေတာပဲ!”

ဖုန်းလီချန်း - “နင်တို့ ဘယ်မှာ ဝယ်ခဲ့တာလဲ? ဆိုင်နာမည်က ဘာလဲ?”

ချောင်းမေကုန်းကျူး - “အဲဒီဆိုင်မှာ ‘နဂါးဘုရင် သုံး’ ကျန်သေးလား?”

“မမှားသော နွေဦး” က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ “စန်းဝေ့ စာအုပ်ဆိုင်၊ အင်း... ရှိသေးတယ်။”

“မနှမြောသော အတိတ်” ကလည်း ထပ်ဖြည့်ပြောသည်။ “အဲဒီ စန်းဝေ့ စာအုပ်ဆိုင်က အခုမှ ဖွင့်တာ၊ ကျုံ့အမ်းလမ်းက ပီယာနိုဆိုင်ဟောင်း နေရာမှာ။ ငါတို့ တစ်မနက်လုံး ဖတ်နေတာ လူတောင် သိပ်မရှိဘူး။ ဝယ်ချင်ရင် စောစောသွားကြ၊ ဝယ်ဖြစ်ရင်လည်း တခြားသူတွေကို လျှောက်မပြောနဲ့ဦးနော်၊ ဟုတ်ပြီလား?”

“ဟုတ်ပြီ!”

“သိပြီ!”

“ကျေးဇူးပဲ!”

ထိုအဖြေများထဲတွင် “ကျွေးဖုန်းရှောက်နျန်” ၏ အဖြေလည်း ပါဝင်သည်။

“ကျွေးဖုန်းရှောက်နျန်” သည် ထိုအဖွဲ့ထဲတွင် သဘောတူပြီးနောက် ချက်ချင်းပင် အခြား ‘ကျူကျူ’ အဖွဲ့တစ်ခုသို့ ကူးပြောင်းကာ စာပို့လိုက်သည်။ “ကျုံ့အမ်းလမ်းကို မြန်မြန်သွားကြ၊ ပီယာနိုဆိုင်ဟောင်းနေရာမှာ စန်းဝေ့ စာအုပ်ဆိုင် ဆိုတာ ဖွင့်ထားတယ်။ အဲဒီမှာ ‘နဂါးဘုရင် သုံး’ ရောင်းနေတယ်!”

ထိုအဖွဲ့မှာ ချက်ချင်းပင် ဆူညံသွားတော့သည်။

“ကျွေးဖုန်းရှောက်နျန်” ကလည်း သတိပေးစကား ထပ်ဖြည့်လိုက်သည်။ “တခြားသူတွေကို လျှောက်မပြောနဲ့ဦး။”

All Chapters