← Chapters

လောရွှယ် ရှင့်ရင်သွေးကို မွေးပေးချင်တယ်

Vol. 1 Ch. 377

လောရွှယ် ရှင့်ရင်သွေးကို မွေးပေးချင်တယ်

Vol. 1 Ch. 377

ကျန်းရီအား ခမ်းနားလှသည့် နန်းဆောင်တစ်ခုထံသို့ ယွင်ဖေးက ခေါ်ဆောင်လာခဲ့သည်။ ယွင်ရှန်းနှင့် ဟဲလောင်မှာ သူတို့နောက်မှ လိုက်ပါလာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့နောက်မှ ကုန်းကုန်းများနှင့် နန်းတွင်းအစေခံလေး အမြောက်အများကလည်း ခစားလိုက်ပါလာကြသည်။ ကျန်းရီသည် သူတို့၏ ကြောက်ကြောက်လန့်လန့်နှင့် မျက်နှာချိုသွေးသည့် အပြုံးတို့ကို ကြည့်ရင်း ငိုရမည်လော၊ ရယ်ရမည်လော မသိတော့ပေ။

တူညီသော နန်းတော်ပင်ဖြစ်သော်လည်း ယမန်နေ့ညက သူနှင့်ဟဲလောင်မှာ ရင်တဒိန်းဒိန်းနှင့် ခိုးဝင်ခဲ့ရသည်။ တစ်ညသာကြာလိုက်ပြီး အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ ယခုခဏတွင် သူသည် နန်းတော်အတွင်း အပြစ်ရှာရန် လမ်းပတ်လျှောက်နေသည့် အနားယူလိုက်သော ဧကရာဇ်ဟောင်းကြီးအလား။

အင်အား...

ထိုခဏတွင် သူ၏အင်အားကြီးလာချင်စိတ်သည် ပိုမိုခိုင်မာလာခဲ့သည်။ လူတစ်ယောက်သည် အားလုံး၏အထက်တွင် ရပ်တည်နိုင်စွမ်းရှိသရွေ့ လောက၏ အာဏာရှင်ပင် ဖြစ်လာနိုင်သည်။

"စစ်သေနာပတိချုပ်"

နန်းဆောင်အတွင်း ဝင်လာပြီးနောက် ယွင်ဖေးသည် ကျန်းရီအား အိုးတိုးအမ်းတမ်းနှင့် ခေါ်လာခဲ့သည်။ ကျန်းရီသည် ပြုံးလိုက်မိသည်။

"ယွင်ဖေး...ငါ့ကို ကျန်းရီလို့ပဲ ခေါ်ပါ။ ငါတို့က သူငယ်ချင်းတွေပဲ...ပြီးတော့ အနာဂတ်မှာ မင်းက ငါ့မရီးဖြစ်လာမှာ...ငါ့ကို စစ်သေနာပတိချုပ်လို့ ခေါ်ဖို့ မလိုပါဘူး"

ယွင်ဖေး၏ မျက်နှာသည် ရှက်ရိပ်ကြောင့် သွေးရောင်လွှမ်းသွားခဲ့သည်။ သူမသည် အစေခံလေးများကို ထွက်သွားကြရန် လက်ဟန်ပြလိုက်ပြီးမှ မေးလာခဲ့သည်။

"သူ အဆင်ပြေရဲ့လား"

"ငါသေချာမပြောနိုင်ဘူး"

ကျန်းရီသည် ပြုံးလိုက်မိသည်။

"လောရွှယ် နန်းတက်တဲ့နေ့က အစ်ကိုဝူရွှမ်း ငါ့ကိုလာရှာတယ်။ သူက မင်းရဲ့မောင် အိမ်ရှေ့စံနေရာ ရနိုင်အောင် ယွင်လုကို ရှင်းပစ်ဖို့ ငါ့ဆီက အကူအညီ လာတောင်းတာ။ တမလွန်တောအုပ်က တိုက်ပွဲအကြောင်း မင်းလည်းကြားမိမှာပါ။ အဲ့ဒါက ဝူရွှမ်းကိုယ်တိုင် အစီအစဉ် ဆွဲထားတာ...ဒါပေမယ့် ယွင်လုက ထွက်ပြေးနိုင်သွားခဲ့တယ်။ ပြီးတော့ ယွင်လုနဲ့ငါ နှစ်ယောက်လုံး စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကို ရောက်သွားကြတယ်။ နောက်ဆုံးတော့ သူက ငါသတ်တာ ခံလိုက်ရပြီး ငါက စုန်းနတ်ဘုရားရဲ့ ဆက်ခံခွင့်ကို ရသွားတယ် "

"ငါပြန်ထွက်လာတော့ စုန်းဧကရီက မင်းတို့ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ သတင်းရလိုက်တယ်။ ဒါကြောင့် ငါဒီကို ချက်ချင်းခရီးပြင်းနှင်လာခဲ့တာ...ဒီမှာ ဖြစ်သွားတဲ့ သတင်းတွေကို သူမရလောက်သေးဘူး။ သူ သံပူပြားပေါ်က ကြောင်တစ်ကောင်လိုကို ခုန်ဆွခုန်ဆွ ဖြစ်နေလောက်ပြီ...ဟားဟားဟား"

"အိုး...သူ သူ့လူတွေကို သတ်ပြီး ဒီကို ပြေးလာရလောက်တဲ့အထိတော့ မရူးလောက်ပါဘူးနော်"

ယွင်ဖေးသည် ထိုအကြောင်းကိုကြားသော် စိတ်ပူသွားခဲ့သည်။ ဟဲလောင်သည် အလျင်အမြန် လျှောက်လာ၍ ပြောလာခဲ့သည်။

"မင်းသမီး...မစိုးရိမ်ပါနဲ့တော့။ နန်းတော်ကို လာတဲ့လမ်းမှာ ကျွန်တော် ခေါင်းဆောင်ငယ်ဆီ လူလွှတ်ပြီး စာပို့လိုက်ပါပြီ"

ယွင်ရှန်းသည် ဝင်လာခဲ့သော်လည်း စကားမပြောရဲပေ။ သို့သော်လည်း သူသည် ကျန်းရီအား လေးစားအားကျသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူနှင့်ကျန်းရီသည် အသက်အတူတူလောက်သာ ရှိမည်ဖြစ်သော်လည်း ကျန်းရီမှာ သူနှင့်မတူသော ကမ္ဘာတစ်ခုမှလာသည်ဟု သူခံစားနေရသည်။

သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ စိတ်ရင်းနှင့် ပြောလိုက်သည်။

"ယွင်ရှန်းက စစ်သေနာပတိချုပ်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။ ကျွန်တော် နန်းတက်ခွင့် ရခဲ့မယ်ဆိုရင် စစ်သေနာပတိချုပ် စိတ်မပျက်စေရပါဘူး"

ကျန်းရီသည် လက်ကာပြ၍ ပြန်ပြောလိုက်သည်။

"ယွင်ရှန်း...ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့ မလိုပါဘူး။ အနာဂတ်မှာ ငါ့ကို ကျန်းရီလို့ပဲ ခေါ်ပါ။ မင်းအစ်မနဲ့ငါက သူငယ်ချင်းတွေ...ပြီးတော့ ငါက မင်းယောက်ဖလောင်းရဲ့ ညီအစ်ကိုဆိုလည်း ဟုတ်တယ်။ ငါတို့က မိသားစုတွေလို့တောင် ပြောလို့ရတယ်...ဟားဟား"

ယွင်ဖေး၏ မျက်နှာလှလှလေးသည် နီရဲသွားခဲ့ပြန်သည်။ ယွင်ရှန်းသည်လည်း ကျန်းရီအား တရိုတသေလုပ်မနေတော့ဘဲ ရင်းရင်းနှီးနှီး ဆက်ဆံလာလေ၏။ ထိုအခိုက်အတန့်တွင် နန်းဆောင်အတွင်းရှိ လေထုမှာ အလွန် သက်သောင့်သက်သာ ရှိနေခဲ့သည်။

နန်းတော်ထဲတွင် တစ်ရက်နေပြီးနောက် မင်းကြီးသည် ကျန်းရီအတွက် စားသောက်ပွဲ ကျင်းပပေးခဲ့သည်။ စားသောက်ပွဲ၏ လေထုမှာလည်း အေးအေးချမ်းချမ်း ရှိလှသည်။ ရှန်မိနိုင်ငံ၏ အရေးပါသူများသည် ကျန်းရီအား လှိုက်လှိုက်လှဲလှဲ လက်ခံ၍ ကျန်းရီစိတ်ကျေနပ်စေရန် ကြိုးစားခဲ့ကြသည်။

ကျန်းရီသည် ရှန်မိမြို့တွင် ပြဿနာရှာ၍ ရှန်မိနိုင်ငံ၏ စစ်သည်အမြောက်အများကို သတ်ဖြတ်ခဲ့သည်။ သူသည် စုန်းဧကရီကိုတောင် သတ်ခဲ့သေးသည်။ သို့သော်လည်း လူတိုင်းသည် ထိုအကြောင်းကို မေ့သွားကြသည့်အလား သူ့အား ညီအစ်ကိုအရင်းပမာ ခွက်ချင်းတိုက်၍ ဂုဏ်ပြုနေကြသည်။ ကျန်းရီမှာ မည်သို့တုံ့ပြန်ရမည်မှန်းပင် မသိတော့ပေ။

နောက်တစ်နေ့တွင် ကျန်းရီသည် ရှားနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ကျုံးဝူသားရဲစီး၍ ပြန်စရာမလိုတော့ပေ။ ယွင်ချင်းထျန်းသည် စစ်သူကြီးတစ်ဦးအား စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာကို ဦးဆောင်စေ၍ အထူးမိုးပျံသားရဲများဖြင့် ကျန်းရီအား လိုက်ပို့စေခဲ့သည်။ ယွင်ချင်းထျန်းသည် မှူးမတ်များကို ဦးဆောင်၍ ကျန်းရီကို လိုက်လံနှုတ်ဆက်ခဲ့သေးသည်။

ကျန်းရီ စီးနင်းရသည့် သားရဲမှာ တောင်ပံခြောက်ခု ငွေရောင်နဂါးဟုခေါ်သည့် တတိယအဆင့် နတ်ဆိုးသားရဲဖြစ်သည်။ ၎င်းမှာ ရှန်မိနိုင်ငံ၏ဘုရင် လျှို့ဝှက်စွာ မွေးထားသည့် ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းသည် အားနည်းလှသော်လည်း ပျံသန်းနှုန်းမှာ အလွန်မြန်လေသည်။ အဓိကအချက်မှာ ၎င်းကို စီးနင်းရသည်မှာ မြေအောက်တွင်သာ တစ်ချိန်လုံး ခရီးဆက်ရသည့် ကျုံးဝူသားရဲကို စီးရခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင် အလွန်သက်သောင့်သက်သာ ရှိလေသည်။

***

ရှန်မိမြို့တွင် ကျန်းရီ မီးမွှေးခဲ့သည့် ပြဿနာသည် နယ်မြေအနှံ့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ သို့သော်လည်း ယွင်ချင်းထျန်းသည် ကျန်းရီ၏ စကားအတိုင်း သတင်းကို ပိတ်ဆို့ခဲ့သည့်အတွက် ပျံ့နှံ့သွားသော သတင်းမှာ မရေမရာသာဖြစ်သည်။

သို့သော်လည်း သတင်းတွင် မှန်သည့် အပိုင်းများလည်း ရှိနေခဲ့သေးသည်။ ကျန်းရီသည် ရှန်မိမြို့တွင် လူအများကြီးကို သတ်ပစ်ခဲ့ပြီး စုန်းဧကရီကိုတောင် လူများရှေ့တွင် ပေါ်ပေါ်ထင်ထင် သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ငွေပန်းပွင့်အဘွားအိုနှင့် ဘုရင်မှာ ကိုယ်တိုင်ရောက်လာခဲ့ဲကြပြီး မြို့လယ်တွင် နတ်ဆိုးသားရဲဘုရင်တစ်ကောင်လည်း ပေါ်လာခဲ့သေးသည်။ သို့သော် သူတို့သည် မတိုက်ခိုက်ကြသလို ဘာမှလည်း မဖြစ်ခဲ့ပေ။ ကျန်းရီသည် ရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်အလာတွင် ရှန်မိနိုင်ငံမှလူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ အထက်ပါအချက်များသည် မှန်ကန်လေသည်။

ကျန်းရီ၏ အမည်သည် ကျော်ကြားသွားခဲ့ပြန်သည်။ သူသွားလေရာ နေရာတိုင်းတွင် ပြဿနာဖြစ်လေ့ရှိသည့်အတွက် သူ၏ 'ကပ်ရောဂါ နတ်ဘုရား'ဟူသည့် နာမည်ပြောင်မှာ ပိုမိုလူသိများလာခဲ့သည်။ ထို့ပြင် သူရှာခဲ့သည့် ပြဿနာမှန်သမျှသည် အသေးအဖွဲမဟုတ်ချေ။ ရှန်မိမြို့မှ ဖြစ်ရပ်သည် ထူးဆန်းလွန်းနေခဲ့သည်။ ငွေပန်းပွင့်အဘွားအိုသည် အဘယ့်ကြောင့် ကျန်းရီကို မသတ်ခဲ့သနည်း။ သူမသည် ကျန်းရီအား ဘေးမသီရန်မခတောင် ပြန်ပို့ပေးလိုက်သေးသည်။ ကြောက်စရာကောင်းသော နတ်ဆိုးသားရဲဘုရင်ကြီး ဘယ်ကရောက်လာခဲ့သနည်း။ ပြီးနောက် ၎င်းဘယ်ကို ရောက်သွားခဲ့သနည်း။

ရှန်မိမြို့တွင် နိုင်ငံပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ကင်းထောက်များစွာ ရှိသည်။ တစ်ချက်လွှတ်အမိန့်ထုတ်၍ မြို့အား ပိတ်ဆို့လိုက်သောကြောင့် ထိုကင်းထောက်များမှာ ထွက်မလာနိုင်ကြပေ။ ထို့ပြင် ထိုသတင်းကို ပိတ်ရန်အတွက် ယွင်ချင်းထျန်းသည် လူလွှတ်၍ ကင်းထောက်များကို ရှင်းလင်းခဲ့သည်။ ထို့ကြောင့် အမှန်တရားများစွာသည် ပျံ့နှံ့မသွားခဲ့ပေ။

သို့သော်လည်း တိကျသောအချက်အချို့ကို မှန်းဆနိုင်သည့် လူများလည်း ရှိနေခဲ့သည်။ ဥပမာအားဖြင့် ကျန်းရီသည် မြစိမ်းကြည်လင်ပန်းအိုးကို ပိုင်ဆိုင်ထားခြင်း၊ ယာ့ဇီသားရဲ၏ သူမတူသည့် ပုံပန်းသွင်ပြင်တို့ကို ဆက်စပ်၍ တွေးတောကြည့်ပါက အဖြေအား အလွယ်တကူ သိနိုင်လေသည်။

အမှန်တရားကို ခန့်မှန်းနိုင်ကြသူများသည် ကျန်းရီအား စတင်ထောက်လှမ်းကြတော့သည်။ အင်အားစုကြီးများသည်လည်း ကြိုတင်ကာကွယ်ရန်အတွက် တိတ်တဆိတ် လှုပ်ရှားမှုများ လုပ်လာကြသည်။ သုံးနှစ်သည် အချိန်တိုတိုလေး ဖြစ်သည်။ သို့သော် ကျန်းရီအတွက်မူ ထိုအချိန်မှာ အလွန်ရှည်သည်ဟု ထင်ရလေသည်။ သူသာ ဆက်လက်၍ အင်အားကြီးလာပါက သုံးနှစ်ကြာလျှင် အင်အားစုကြီးများပင် သူ၏ ဖိနှိပ်ခြင်း ခံရနိုင်သည်။

ကျန်းရီသည် အပြင်လောကတွင် ဖြစ်ပျက်နေသည်တို့ကို လျစ်လျူရှုထားပြီး ဘုရင်တစ်ဦးသာ စီးခွင့်ရှိသည့် တောင်ပံခြောက်ခု ငွေရောင်နဂါးထက်တွင် အေးအေးလူလူ ထိုင်၍ လိုက်ပါလာခဲ့သည်။ ကျန်းရီသည် လမ်းခရီးတွင် တစ်ခါတစ်ရံမှသာ အနားယူ၍ မရပ်မနား ခရီးဆက်ခဲ့သည်။ လဝက်အကြာတွင် ရှားယွိမြို့သည် သူ့မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။

ဂရား...ဂရား...

ကောင်းကင်တွင် ငွေရောင်နဂါးအကောင်နှစ်ဆယ်ခန့်သည် လှည့်ပတ်ပျံသန်း နေကြသည်။ ထို့နောက် ၎င်းတို့သည် နန်းတော်အလယ်ရှိ မြေကွက်လပ်အတွင်း သက်ဆင်းလိုက်ကြသည်။ မြေကွက်လပ်တွင် စုလောရွှယ်ခေါ်ဆောင်လာခဲ့သည့် မှူးမတ်များ၊ စစ်သူကြီးများဖြင့် ပြည့်နေသလို ကျန်းရီအား ကြိုဆိုရန် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်လည်း ရောက်ရှိနေခဲ့သည်။

"လောရွှယ်"

ကျန်းရီသည် အစိမ်းရောင် ပန်းထိုးဝတ်ရုံဖြင့် ငွေရောင်နဂါးတစ်ကောင်၏ ကျောထက်တွင် ရပ်နေခဲ့သည်။ သူ၏ဆံပင်နီနီများနှင့် ဝတ်ရုံမှာ လေထဲတွင် ကခုန်နေကြသည်။

သူသည် လူတိုင်းကို လျစ်လျူရှုထားလိုက်ပြီး ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်ကိုတောင် မကြည့်ခဲ့ပေ။ သူသည် စုလောရွှယ်အား အဝေးတည်းက ငေးကြည့်လာခဲ့ပြီး သူမရှေ့တွင် ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ သူ၏အပြုအမူများသည် ကောင်းကင်ဘုံုမှ မသေမျိုးတစ်ယောက်အလား တင့်တယ်နေခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူကို ပြန်လည်ကြိုဆိုပါတယ်"

စုလောရွှယ်၏ နောက်ဘက်မှ မှူးမတ်များသည် ဒူးတစ်ဖက်ထောက်ထိုင်ချ၍ တလေးတစား အော်ဟစ်လိုက်ကြသည်။ ထို့နောက်တွင် နန်းတွင်းစစ်သည်များ၊ မြို့သူမြို့သား စသဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဒူးထောက်ကြလေ၏။ သူတို့၏ မျက်နှာများတွင် လေးစားမှုများ အပြည့်ဖြစ်သည်။

သူတို့အားလုံးသည် သူတို့၏ ကိုယ်စားအုပ်ချုပ်သူ ကျန်းရီအား စိတ်ရင်းဖြင့် တလေးတစား ကြိုဆိုနေကြခြင်းဖြစ်သည်။

ကျန်းရီသည် မြေပေါ်ရောက်သည်နှင့် ပိန်ကျသွားသည့် စုလောရွှယ်အား သေချာကြည့်လိုက်သည်။ သူ့မျက်နှာတွင် အပြစ်ရှိသည့် အရိပ်အယောင်များ ပြည့်နေခဲ့ပြီး သူသည် အားလျော့စွာ ပြုံးလိုက်သည်။

"လောရွှယ်...ကိုယ်ပြန်လာပြီ။ မင်းကို စိုးရိမ်စေခဲ့မိပြီ"

စုလောရွှယ်သည် လွန်ခဲ့သည့် စက္ကန့်အထိ တည်ငြိမ်နေခဲ့သေးသည်။ သို့သော် ကျန်းရီ စကားပြောလာခဲ့သော် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်ရှိသည့်အတိုင်း ပြုမူလိုက်သည်။

သူမသည် ကျန်းရီထံ ပြေးသွားခဲ့ပြီး အရာရှိများ၊ ပြည်သူများ၏ ရှေ့တွင် ကျန်းရီအား ပြေးဖက်လိုက်ခြင်းဖြစ်သည်။ သူမသည် သူ့အား တင်းနေအောင် ဖက်ထားလိုက်ပြီး မျက်နှာထက်တွင် မျက်ရည်များ စီးကျလာခဲ့သည်။ သူမသည် ငိုရင်း ပြောလိုက်သည်။

"ကျန်းရီ...လက်ထပ်ကြရအောင်၊ လောရွှယ် ရှင့်ကလေးကို မွေးပေးချင်တယ်...ကလေးတွေ အများကြီး....ဒါနည်းနဲ့မှ ရှင်အနားမှာ မရှိရင် လောရွှယ် ဆက်အသက်ရှင်နိုင်လိမ့်မယ်"

"လက်ထပ်ကြမယ်"

ကျန်းရီသည် သူ့ရင်ခွင်ထဲမှ မိန်းကလေး၏ ကူကယ်ရာမဲ့သည့် ခံစားချက်များကို ခံစားမိလိုက်သည်။ သူသည် ပို၍ အပြစ်ရှိသလို ခံစားလာရသောကြောင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ပြန်ဖြေလိုက်သည်။

"ကောင်းပြီ...လက်ထပ်ကြစို့။ လောရွှယ်...ငါမင်းကို အခမ်းနားဆုံး လက်ထပ်ပွဲတစ်ခု ပေးချင်တယ်"

*****

All Chapters