← Chapters

ကျုံ့ပေါ် နှင့် အစ်ကိုကြီးလု

Vol. 5 Ch. 50

ကျုံ့ပေါ် နှင့် အစ်ကိုကြီးလု

Vol. 5 Ch. 50

ချန်းချန်းလေးကို ထားခဲ့ပြီး ရှောင်ချင်း ၏ အိမ်မှ ထွက်လာကြသောအခါ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် ရှောင်ချင်း ပြောခဲ့သော ရှက်စရာစကားများကို တစ်စုံတစ်ခုသော နားလည်မှုဖြင့် ရှောင်ဖယ်ကာ စကားမပြောဘဲ နေခဲ့ကြသည်။

သူတို့ထွက်သွားခါနီးတွင် ချန်းချန်းလေးမှာ အလွန်လိမ္မာရှာသည်။ “မေမေ အလုပ်ရှိတယ်၊ ဖေဖေ အလုပ်ရှိတယ်” ဟု သူမဘာသာ နှစ်သိမ့်စကားပြောရင်း လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ကို လွှတ်ပေးခဲ့သည်။ သို့သော် သူမ၏ မျက်လုံးဝိုင်းလေးများထဲမှ စိုးရိမ်ပူပန်မှုနှင့် မခွဲချင်သော အမူအရာလေးကသာ သူမ၏ တကယ့်ခံစားချက်ကို ဖော်ပြနေသည်။

ကလေးမလေး၏ အကြည့်ကို ကျောခိုင်းပြီးနောက် လုအန်းကျီက သက်ပြင်းချကာ - “ချန်းချန်းလေးက အဲဒီလို ကြည့်နေတော့ ငါ တစ်ခုခု အမှားလုပ်မိသလို ခံစားရတယ်...” ဟု ပြောလိုက်သည်။

ကျန်းဆူရှင်းက ရယ်မောကာ - “နောင်တရသလိုမျိုး ခံစားနေရတာပေါ့၊ ဟုတ်လား?” ဟု မေးသည်။

လုအန်းကျီက ခေါင်းညိတ်ပြီး - “မင်းလည်း အဲဒီလို ခံစားရဖူးလို့လား?”

ကျန်းဆူရှင်းက - “ကျွန်မမှာ အလုပ်ရှိလို့ သူမကို ရှောင်ချင်းနဲ့ ထားခဲ့ရတိုင်း ရှင့်လိုပဲ ခံစားရပါတယ်။ ဒါပေမဲ့ အကြိမ်ကြိမ် လုပ်ပြီးသွားတဲ့အခါမှာတော့ အကျင့်ဖြစ်သွားပါပြီ။ ပထမအချက်က ရှောင်ချင်းက စိတ်ချရတဲ့ သူငယ်ချင်းဖြစ်လို့ ချန်းချန်းကို သူမနဲ့ ထားခဲ့ရတာ စိတ်အေးရတယ်။ ဒုတိယအချက်ကတော့ ကလေးတွေရဲ့ စိတ်မကောင်းဖြစ်မှုက ခဏပါပဲ။ ကျွန်မတို့ ထွက်သွားတာနဲ့ ရှောင်ချင်းက သူမကို ကစားကွင်းခေါ်သွားလိမ့်မယ်၊ သူမ ပျော်သွားတဲ့အခါ ကျွန်မတို့ကိုတောင် သတိရတော့မှာ မဟုတ်ဘူး” ဟု ရှင်းပြသည်။

လုအန်းကျီမှာ စိတ်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချနိုင်တော့သည်။ “ဒါဆိုရင်တော့ တော်သေးတာပေါ့”

ကျန်းဆူရှင်းက - “ဒါပေမဲ့ ချန်းချန်းကို ကျွန်မတို့ကိုယ်တိုင် ကစားကွင်း လိုက်ပို့မယ်လို့ ကတိပေးထားပြီးမှ အခုတော့ ရှောင်ချင်းကိုပဲ ဒုက္ခပေးလိုက်ရတယ်” ဟု ဆိုသည်။

လုအန်းကျီသည် အနည်းငယ် အားနာမိသည်။ ရှောင်ချင်း၏ အိမ်မှာတုန်းက သူပြောခဲ့သော်လည်း ရှောင်ချင်းကတော့ အလေးအနက်မထားဘဲ သူမမှာ အားနေတာဖြစ်လို့ ချန်းချန်းကို ကစားကွင်းခေါ်သွားရတာ သူမအတွက်လည်း ပျော်စရာပဲဟု ပြန်ပြောခဲ့သည်။ သူမတစ်ယောက်တည်း ကလေးကစားကွင်းတွေသွားရတာ ရှက်စရာကောင်းနေတာဖြစ်လို့ အခု ချန်းချန်းကို အကြောင်းပြချက်အဖြစ် သုံးလို့ရတာပေါ့ဟုပင် စနောက်ခဲ့သေးသည်။ ထိုအခါမှသာ လုအန်းကျီလည်း ဘာမှ ဆက်မပြောတော့ခြင်း ဖြစ်သည်။

ပြောရမည်ဆိုလျှင် ရှောင်ချင်းမှာ တကယ့်ကို ချမ်းသာပြီး အားလပ်နေသူ ဖြစ်သည်။ ဝတ္ထုတွေ ကူးရေးနေရဆဲ ဖြစ်သော သူ့ဘဝနှင့်တော့ တခြားစီပင်။

တကယ့်ကို အားကျစရာ ကောင်းလှပေသည်။

လမ်းဘေးတွင် အငှားယာဉ်တစ်စီးကို တားပြီးနောက် ကျန်းဆူရှင်းနှင့် လုအန်းကျီတို့ တက်စီးကာ ယာဉ်မောင်းကို “နန်ကွမ်း ကျေးရွာကို ပို့ပေးပါ” ဟု ပြောလိုက်သည်။

ယာဉ်မောင်းက ကျန်းဆူရှင်းနှင့် လုအန်းကျီကို နောက်ကြည့်မှန်မှတစ်ဆင့် တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြီး ကားကို အရှိန်မြှင့် မောင်းထွက်ခဲ့သည်။

လုအန်းကျီသည် ယာဉ်မောင်း၏ အကြည့်ထဲတွင် စူးစမ်းလိုစိတ် ပါဝင်နေသည်ကို ခံစားမိသည်။ ကျန်းဆူရှင်း ပြောလိုက်သော နန်ကွမ်း ကျေးရွာဆိုသည့် နေရာမှာ တစ်စုံတစ်ခု ထူးခြားနေ၍ ယာဉ်မောင်းက အံ့သြသွားခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ယာဉ်မောင်းက ဘာမှမပြောသလို ကျန်းဆူရှင်းကလည်း တိတ်ဆိတ်နေသဖြင့် လုအန်းကျီလည်း ဘာမှ မမေးတော့ပေ။

နန်ကွမ်း ကျေးရွာသို့ ရောက်ရှိပြီး ကားပေါ်မှ ဆင်းပြီးနောက် ကျန်းဆူရှင်းက လုအန်းကျီကို ရှင်းပြသည် - “နန်ကွမ်း ကျေးရွာဆိုတာ ဟိုင်တု မြို့ပြင်က မြို့ပြကျေးရွာလေး တစ်ခုပါ။ ဒီနေရာက တော်တော်လေး ဆိတ်ငြိမ်ပြီး အထဲမှာ နာမည်ကြီး စားသောက်ဆိုင် ကောင်းကောင်းအချို့ ရှိတယ်။ ကျုံ့ပေါ် လိုမျိုး နာမည်ကြီးတဲ့ အနုပညာရှင်တွေက အလုပ်ကိစ္စ ဆွေးနွေးဖို့ဆိုရင် ဒီလိုနေရာမျိုးတွေကို ရွေးတတ်ကြတယ်”

လုအန်းကျီ အခုမှ သဘောပေါက်တော့သည်။ ယာဉ်မောင်းမှာ ထိုကဲ့သို့သော နေရာမျိုးကို ရင်းနှီးနေသူဖြစ်၍ ကျန်းဆူရှင်း လိပ်စာပြောလိုက်သည့်အခါ ထိုကဲ့သို့ အမူအရာ ပြခဲ့ခြင်း ဖြစ်သည်။

သူသည် ကျန်းဆူရှင်းနောက်မှ လိုက်ရင်း ရွာထဲသို့ ဝင်လာခဲ့သည်။ ရွာလေးမှာ အပြင်ပန်းကြည့်လျှင် သာမန်ပင် ဖြစ်သော်လည်း ရံဖန်ရံခါ ဖြတ်မောင်းသွားသော ဇိမ်ခံကား အကောင်းစားကြီးများမှာတော့ တန်ဖိုးမနည်းမှန်း သိသာလှသည်။

ခြံဝင်းကြီးတစ်ခု၏ ရှေ့သို့ ရောက်သောအခါ၊ မီးခိုးရောင် အုတ်နံရံကြားရှိ အနက်ရောင် ဆေးသုတ်ထားသော တံခါးကြီးပေါ်တွင် “ကျူးရှန်း စံအိမ်” ဟု ရေးထွင်းထားသော ဆိုင်းဘုတ်ကို လုအန်းကျီ တွေ့လိုက်ရသည်။ ကျန်းဆူရှင်းက “ဒီမှာပဲ” ဟု ပြောသည်။

သူမ တံခါးကို ခေါက်လိုက်ရာ လူတစ်ယောက် ချက်ချင်း ထွက်လာသည်။ ထိုသူမှာ တရုတ်ရိုးရာပုံစံနှင့် ခေတ်ပေါ်ပုံစံ ရောစပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လုအန်းကျီနှင့် ကျန်းဆူရှင်းကို ယဉ်ကျေးစွာ မေးမြန်းသည် - “မင်္ဂလာပါ၊ ကြိုတင် ဘိုကင်လုပ်ထားတာ ရှိပါသလား?” သူသည် ဆိုင်ဝန်ထမ်း ဖြစ်ပုံရသည်။

ကျန်းဆူရှင်းက “ဟုတ်ကဲ့၊ ချင်းဖန်း အဆောင်ပါ” ဟု ဖြေလိုက်သည်။

ဝန်ထမ်းက ခေါင်းညိတ်ပြီး “ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ” ဟု ဆိုကာ ခြံထဲသို့ ဖိတ်ခေါ်လိုက်သည်။

ခြံထဲတွင် သစ်ပင်ပန်းမန်များ ဝေဆာနေပြီး တံတားလေးနှင့် ရေစီးသံလေးများမှာ တကယ့်ကို ဆိတ်ငြိမ်အေးချမ်းလှသည်။ လုအန်းကျီသည် ကျန်းဆူရှင်းနှင့် ဝန်ထမ်းနောက်မှ လိုက်လာရင်း၊ ကျောက်ဆောင်အတုများ၊ မြက်ခင်းစိမ်းများနှင့် သစ်ပင်များကြားတွင် လိုက်ဖက်စွာ တည်ရှိနေသော အဖြူရောင်နံရံနှင့် အမည်းရောင် အုတ်ကြွပ်မိုးထားသည့် အဆောက်အဦးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။

ဝန်ထမ်းက ရှေ့သို့တက်ကာ တံခါးကို ခေါက်လိုက်သည်။ အထဲမှ “ဝင်ခဲ့ပါ” ဆိုသည့် အသံကြားရသောအခါမှ တံခါးကို ဖွင့်ပေးလိုက်သည်။ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ အထဲသို့ ဝင်လိုက်ရာ လူနှစ်ယောက် ထိုင်နေသည်ကို တွေ့ရသည် - တစ်ဦးမှာ သာမန်ရုပ်ရည်ရှိသော်လည်း ထူးခြားသောအရှိန်အဝါရှိသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ အခြားတစ်ဦးမှာ ဆံပင်တိုတိုနှင့် ခန့်ညားသော လူငယ်တစ်ဦး ဖြစ်သည်။

လုအန်းကျီသည် ထိုလူငယ်ကို ချက်ချင်း မှတ်မိသွားသည်၊ သူကား ကျုံ့ပေါ် ပင် ဖြစ်သည်။ ကျုံ့ပေါ်သည် သူ၏သီချင်းကို ဝယ်ယူလိုနေသည်ကို သိထားသဖြင့် သူသည် ကျုံ့ပေါ်နှင့် ပတ်သက်သည့် သတင်းများကို စောင့်ကြည့်ခဲ့ရာမှ သူ၏ ရုပ်ရည်ကို မှတ်မိနေခြင်း ဖြစ်သည်။

ကျုံ့ပေါ်နှင့် ထိုအမျိုးသမီးတို့သည် လုအန်းကျီနှင့် ကျန်းဆူရှင်း ဝင်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်လိုက်ကြသည်။ ကျုံ့ပေါ်က အရင်ဆုံး နှုတ်ဆက်သည် - “မမကျန်း၊ နောက်ဆုံးတော့ ရောက်လာပြီပဲ”

အမျိုးသမီးက လက်ကမ်းနှုတ်ဆက်ကာ - “မင်္ဂလာပါ၊ ကျွန်မက ကျုံ့ပေါ်ရဲ့ မန်နေဂျာ မာဖန်း ပါ” ဟု မိတ်ဆက်သည်။

ကျန်းဆူရှင်းကလည်း နှုတ်ဆက်ပြီး ထိုအမျိုးသမီးနှင့် လက်ဆွဲနှုတ်ဆက်ကာ ကျုံ့ပေါ်ကို ပြောလိုက်သည် - “ငါ ပိုင်တု မှာ ကြည့်တာတော့ နင်က ငါ့ထက် တစ်နှစ်၊ နှစ်နှစ်လောက် ကြီးတာပဲကို။ အခုထိ ငါ့ကို ‘မမ’ လို့ ခေါ်နေတုန်းပဲလား...”

ကျုံ့ပေါ်က ပြုံးလျက် - “လောကထဲကို စဝင်တဲ့ အချိန်က ကွာတာကိုး။ အနုပညာလောကရဲ့ ဝါစဉ်အရဆိုရင် မမ လို့ ခေါ်တာက အသင့်တော်ဆုံးပါပဲ” ဟု ဆိုသည်။ ထို့နောက် လုအန်းကျီကို ကြည့်ကာ - “ဒါကတော့ ကိုလုအန်းကျီ ဖြစ်မှာပေါ့” ဟု မေးသည်။

လုအန်းကျီက ခေါင်းညိတ်ပြလိုက်သည်။

ကျုံ့ပေါ်က လုအန်းကျီ၏ လက်ကို အမြန်ဆွဲနှုတ်ဆက်ကာ - “အစ်ကိုကြီးလု၊ လူကိုယ်တိုင် တွေ့ရတာ ဝမ်းသာပါတယ်! အခုတလော ကျွန်တော် အစ်ကိုကြီးရဲ့ ‘ပန်းပင်လယ်’ သီချင်းကို သေသေချာချာ လေ့လာနေတာပါ။ အစ်ကိုကြီးကို အဝေးကနေ အားကျနေခဲ့တာ ကြာပါပြီ! အစ်ကိုကြီးလုက ဒီလောက်အထိ ခန့်ညားမယ်လို့ မထင်ထားဘူး။ အကယ်၍ အစ်ကိုကြီးသာ အနုပညာလောကထဲ ဝင်လိုက်ရင် ကျွန်တော့်ကိုတောင် ကျော်သွားမှာ သေချာတယ်” ဟု ချီးကျူးလေသည်။

လုအန်းကျီမှာ အနည်းငယ် အံ့သြသွားသည်၊ ကျုံ့ပေါ်က ဤမျှအထိ ဖော်ရွေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ကျန်းဆူရှင်း၏ ကောင်းမွန်သော စရိုက်ကို ကြည့်ခြင်းအားဖြင့် သူမ၏ မိတ်ဆွေများလည်း ဖော်ရွေကြမည်မှာ မဆန်းပေ။

ထို့အပြင် အခုအချိန်တွင် သူသည် ကျုံ့ပေါ်အတွက် အသုံးဝင်နေသူ မဟုတ်ပါလား။ အနုပညာလောကတွင် ကျင်လည်နေသူတစ်ဦးအနေဖြင့် သူ့အပေါ် ယဉ်ကျေးဖော်ရွေပြခြင်းမှာ သဘာဝကျလှသည်။

လုအန်းကျီက - “အကိုကျုံ့ပေါ်က နောက်တယ်‌ဗျာ၊ ကျွန်တော်က အနုပညာလောကထဲက မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ထက် လေးနှစ်လောက် ကြီးတာဖြစ်လို့ ကျွန်တော့်ကို ‘အစ်ကိုကြီးလု’ လို့ မခေါ်ပါနဲ့တော့” ဟု ဆိုသည်။

ကျုံ့ပေါ်က - “ဒါဆိုရင် ‘ဆရာလု’ လို့ ခေါ်ရင်ကော ရမလား? တတ်ကျွမ်းသူကို ဆရာလို့ ခေါ်ရမှာပေါ့။ ခင်ဗျားက သီချင်းတွေကို ဒီလောက် ကောင်းကောင်း ရေးနိုင်တာပဲ၊ ကျွန်တော်ကလည်း ခင်ဗျားဆီကနေ ‘ပန်းပင်လယ်’ ကို ဘယ်လိုသီဆိုရမလဲဆိုတာ သင်ယူရမှာဆိုတော့ ‘ဆရာလု’ လို့ ခေါ်တာကတော့ ပြဿနာမရှိပါဘူး” ဟု ပြောသည်။

လုအန်းကျီသည် ခေါ်ချင်သလိုခေါ်ရန် ခွင့်ပြုလိုက်ပြီး - “‘အစ်ကိုကြီးလု’ လို့ မခေါ်ရင် ရပါပြီ” ဟု သာ ပြန်ပြောလိုက်သည်။

ထို့နောက် ကျုံ့ပေါ်က လုအန်းကျီနှင့် ကျန်းဆူရှင်းကို ထိုင်ရန် ဖိတ်ခေါ်သည်။ လေးဦးသား ထိုင်မိကြသောအခါ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောကြသည်။ ကျုံ့ပေါ်၏ မန်နေဂျာ မာဖန်းက အိတ်ထဲမှ စာရွက်စာတမ်းအချို့ကို ထုတ်ယူကာ - “ဒါက ‘ပန်းပင်လယ်’ သီချင်းရဲ့ အသုံးပြုခွင့် ဝယ်ယူတဲ့ သဘောတူညီချက်တွေပါ။ အရင်က ညှိနှိုင်းထားတဲ့အတိုင်း အကုန်လုံး ရေးဆွဲထားပါတယ်။ တစ်ချက်လောက် ကြည့်ပေးပါ” ဟု ပြောသည်။

သူမသည် စာရွက်စာတမ်းများကို လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ထံ ဝေပေးလိုက်သည်။

လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် သေသေချာချာ ဖတ်ရှုစစ်ဆေးပြီးနောက်၊ အရင်က သဘောတူထားသည့်အတိုင်း မှန်ကန်ကြောင်း အတည်ပြုကာ ကျုံ့ပေါ်နှင့်အတူ လက်မှတ်ထိုးပြီး တံဆိပ်တုံး ထုလိုက်ကြသည်။

လုအန်းကျီသည် သဘောတူညီချက်တွင် အနုပညာကုမ္ပဏီတစ်ခု၏ တံဆိပ်တုံးကို တွေ့ရသည်။ အဲဒါက ကျုံ့ပေါ်၏ ကုမ္ပဏီမှ ကြိုတင် ထုထားခြင်း ဖြစ်ပေလိမ့်မည်။ လက်မှတ်ထိုးသူ နေရာတွင်မူ “ကျန်းဆူရှင်း စတူဒီယို” ဟု ဖော်ပြထားသည်။ လုအန်းကျီ လက်မှတ်ထိုးပြီးနောက် ကျန်းဆူရှင်းကလည်း စတူဒီယို တံဆိပ်တုံးအသစ်ကို ထုတ်ယူကာ လက်မှတ်ထိုး တံဆိပ်တုံး ထုလိုက်သည်။

ဤသို့ဖြင့် “ပန်းပင်လယ်” သီချင်းကို “ကျန်းဆူရှင်း စတူဒီယို” အမည်ဖြင့် တရားဝင် ထုတ်ဝေတော့မည် ဖြစ်သည်။

All Chapters