ထပ်တူညီအချစ်
Vol. 1 Ch. 378
ကျန်းရီနှင့် စုလောရွှယ်၏ လက်ထပ်ပွဲသည် အရေးပါသည့် အခမ်းအနား တစ်ခုဖြစ်သည်။ ၎င်းကို ပြီးစလွယ် ကျင်းပ၍ မဖြစ်ပေ။
မှူးမတ်များသည် ဆွေးနွေးတိုင်ပင်ကြပြီးနောက် လက်ထပ်ပွဲကို လေးလအကြာတွင် ကျင်းပမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ လက်ရှိအချိန်တွင် ရှားနိုင်ငံသည် သေချာမတည်ငြိမ်သေးပေ။ သူတို့သည် ကျန်းရီကို ပြန်လည်လျှောက်တင်ကြသော် ကျန်းရီသည် ထိုအချိန်တွင် မလုပ်ချင်ဟု ပြောလာခဲ့သည်။ လက်ထပ်ပွဲကို လေးလအကြာတွင် ကျင်းပခြင်းနှင့် နှစ်ဝက်အကြာတွင် ကျင်းပခြင်းမှာ အထူးတလည် မကွာခြားပေ။ နှစ်ဝက်အတွင်းတွင် စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်း သူပြန်လည်ဝင်ရောက်ရမည်။ ဤတစ်ခေါက်တွင် ရှန်မိနိုင်ငံမှ အရှုပ်အထွေးများအကြား လဝက်ခန့် အချိန်ကုန်သွားခဲ့ပြီး ငါးလကျော်ကျော်သာ ကျန်ရစ်တော့သည်။ သူတို့ လက်ထပ်ပြီးပြီးချင်းတွင် စုလောရွှယ်အား သူမည်သို့ တစ်ယောက်တည်း နေခိုင်းရက်ပါမည်နည်း။
အပြီးသတ် ဆွေးနွေးအပြီးတွင် ကျန်းရီ တားမြစ်နယ်မြေမှ ပြန်ထွက်အလာကို စောင့်၍ တစ်လခန့်အကြာမှ နေ့ကောင်းရက်သာရွေးရန် သူတို့ဆုံးဖြတ်လိုက်ကြသည်။
စုလောရွှယ်သည် ကျန်းရီအား ချက်ချင်းလက်ထပ်လိုက်ချင်ပါသော်လည်း သူမ ထည့်စဉ်းစားရမည့် အချက်များစွာ ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ သူမသည် နိုင်ငံတစ်ခု၏ ဘုရင်မဖြစ်နေပြီး ကျန်းရီသည်လည်း နယ်မြေတွင် ထင်ရှားသည့်သူတစ်ဦး ဖြစ်နေသည်။ ရှားနိုင်ငံ၏ ဂုဏ်သတင်းကို ငဲ့ကွက်ရဦးမည်ဖြစ်သောကြောင့် လက်ထပ်ပွဲအား ပြီးစလွယ်လုပ်ရန် မဖြစ်နိုင်ပေ။ သူမသည် ရွေးချယ်စရာ မရှိဘဲ သဘောတူရတော့သည်။
ကျန်းရီသည် ဘေးကင်းစွာ ပြန်ရောက်လာခဲ့ပြီး စုန်းနတ်ဘုရား၏ အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။ ထို့ပြင် သူသည် အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တစ်ကောင်နှင့် ရှန်မိနိုင်ငံ၏ အထောက်အပံ့ကိုလည်း ရလာခဲ့သေးသည်။ ရှားနိုင်ငံကဲ့သို့ အချိန်မရွေးနစ်မြုပ်သွားနိုင်သည့် မုန်တိုင်ကြားမှ လှေတစ်စင်းသည် မျှော်လင့်ချက် အလင်းရောင်ရေးရေးကို မြင်တွေ့လာရသည်။ ကျန်းရီသည် စိတ်ဓာတ်ကျနေသည့် မှူးမတ်များအား နှလုံးအားတိုးဆေးတစ်ခု ပေးလိုက်သည့်အလားပင်။ စုလောရွှယ်သည် နန်းတော်ထဲတွင် တစ်ရက်နှင့်တစ်ည စားသောက်ပွဲတစ်ခု ကျင်းပရန် အမိန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ကျန်းရီအား ပြန်လိုက်ပို့ကြသည့် ရှန်မိနိုင်ငံမှ စွမ်းအားမြင့်သူများကို သူတို့ ဧည့်ခံနိုင်လေသည်။
တစ်ခါတစ်ရံတွင် ကိစ္စများသည် အလွန်ဆန်းကြယ်လေသည်။ မကြာသေးခင်ကမှ သူတို့သည် တစ်ယောက်၏ အသားကိုစား၍ အသွေးကို သောက်ချင်နေကြသော ကမ္ဘာ့ရန်ဘက်များ ဖြစ်နေကြသေးသည်။ ယခု ကျန်းရီကြောင့် ရှန်မိနိုင်ငံနှင့် ရှားနိုင်ငံမှ စွမ်းအားမြင့်သူများမှာ မိတ်ဆွေများ ဖြစ်နေကြပြီဖြစ်သည်။ စားသောက်ပွဲတွင် သူတို့သည် ဝိုင်များကို ပျော်ပျော်ရွှင်ရွှင် သောက်သုံးကြပြီး လေထုမှာလည်း အလွန်သဟဇာတ ဖြစ်လာခဲ့သည်။ အဆုံးတွင် သူတို့သည် တစ်ဦးနှင့် တစ်ဦး ပုခုံးချင်းဖက်၍ သောက်ကြသည့် အနေအထားထိ ရင်းနှီးလာကြသည်။
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည်လည်း အတော်လေး မူးနေခဲ့သည်။ ဤအချိန်များအတွင်း သူတို့သည် နေ့ရက်များကို လူသေများပမာ ဖြတ်သန်းခဲ့ကြရသည်။ အထူးသဖြင့် ကျန့်ဝူရွှမ်းသည် သူပြန်မလာခဲ့သင့်ဟု အမြဲခံစားခဲ့ရသည်။ ကျန်းရီသာ တားမြစ်နယ်မြေထဲတွင် သေဆုံးသွားခဲ့ပါက သူ့တစ်ဘဝလုံးကို နောင်တများဖြင့်သာ ဖြတ်သန်းသွားရတော့မည်ဖြစ်သည်။
ယနေ့တွင် သူတို့နှစ်ယောက်မှာ ဤနေရာတွင် ရောက်မနေသင့်ပေ။ ရှန်ဝူနိုင်ငံသည် ရှားနိုင်ငံ၏ ရန်သူဖြစ်သည်။ သို့သော်လည်း သူတို့သည် ကျန်းရီကို ကြိုဆိုရန် ရောက်လာကြသည်။ လက်ရှိအချိန်တွင် သူတို့သည် စားသောက်ပွဲအခမ်းအနားကို လွတ်လွတ်လပ်လပ် တက်ရောက်နေကြသည်။ ယခု ရှန်မိနိုင်ငံမှ အခြေအနေသည် တည်ငြိမ်သွားပြီဖြစ်ပြီး သူတို့ဂိုဏ်းများအတွက် လွတ်လမ်းတစ်ခု ရှိသွားပြီဖြစ်သည်။ စားသောက်ပွဲ တက်ရောက်မိ၍ အဆိုးဆုံးအခြေအနေမှ သူတို့၏ ဂိုဏ်းများမှ အထုတ်ခံရရုံလောက်သာ ရှိမည်။ ထိုသို့ဖြစ်လာပါက သူတို့ ကျန်းရီနှင့်အတူ အလုပ်လုပ်နိုင်သည်။
စုလောရွှယ်သည်လည်း အတော်လေးမူးနေပြီဖြစ်သည်။ ယနေ့သည် ယခုအချိန်အပိုင်းအခြားအတွင်း သူမ၏ အပျော်ဆုံးနေ့ရက် ဖြစ်သည်။ စားသောက်ပွဲ အခမ်းအနား၌ သူမသည် မိမိဘုရင်မဖြစ်ကြောင်း မေ့သွားပုံရပြီး လူတိုင်းနှင့် ခွက်ချင်းတိုက်၍ သောက်နေလေသည်။ ကျန်းရီ သူမ၏အခြေအနေအား မြင်မိသော် လူခေါ်၍ သူမ၏အိပ်ဆောင်ထံ ချက်ချင်းပြန်ပို့ခိုင်းလိုက်ရသည်။
ခွက်အနည်းငယ် ထပ်သောက်အပြီးတွင် ကျန်းရီသည် လူတိုင်းအား ဧည့်ခံရန် တာဝန်ကို စစ်သူကြီးလုထံ လွှဲပေးလိုက်သည်။ သူသည် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်ကိုပင် လျစ်လျူရှုလိုက်ပြီး ရွှယ်လော့နန်းဆောင်ထံ တန်း၍ ပြန်သွားလိုက်သည်။
"သခင်လေး"
သူ ရွှယ်လော့နန်းဆောင်အနီး ရောက်မသွားခင်တွင် မျက်ရည်များ ရွှဲနေသည့် မျက်နှာလေးဖြင့် အားနည်းသော ပုံရိပ်လေးတစ်ခုသည် ခပ်သွက်သွက် ပြေးလာခဲ့သည်။ ကျန်းရီသည် ကျန်းရှောင်နူအား အလိုလိုက်စွာ ပွေ့ဖက်လိုက်သည်။ သူသည် သူမအား ပြုံး၍ နှစ်သိမ့်ပေးလိုက်သည်။
"မငိုနဲ့တော့...ရှောင်နူ။ သခင်လေး အဆင်ပြေတယ်။ မင်းက သခင်လေးအပေါ် ယုံကြည်ရမယ်။ သခင်လေးက ဘာမှဖြစ်သွားမှာ မဟုတ်ဘူး"
ကျန်းရှောင်နူသည် ငိုရှိုက်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။
"အင်း..အင်း...သခင်လေးက အတော်ဆုံးပဲ။ သခင်လေးက ပြိုင်ဘက်ကင်းတယ်"
"ဟားဟား"
ကျန်းရီသည် ကျန်းရှောင်နူအား ပုခုံးမှကိုင်၍ သူမမျက်နှာကို သေချာကြည့်ကာ ရယ်မောလိုက်သည်။
"ကောင်းပြီ...မငိုနဲ့တော့။ နောက်ကျရင် အဘိုးကိုတွေ့ရအောင် ငါမင်းကို ဝိဉာဉ်သားရဲ သင်တန်းကျောင်းဆီ ပြန်ခေါ်သွားပေးမယ်။ အင်း...ငါ ကြယ်တံခွန်ကျွန်းနဲ့ နတ်သမီးတောင်ထွတ်ကိုလည်း သွားရဦးမယ်။ မင်း ဒီနေရာကနေ သခင်လေးနဲ့အတူ ထွက်သွားလို့ရတယ်"
"တကယ်လား"
ကျန်းရှောင်နူ၏ မျက်ရည်များဝိုင်းနေသည့် မျက်လုံးလေးများမှာ ပြူးကျယ်သွားခဲ့ပြီး ချက်ချင်းပျော်ရွှင်သွားခဲ့သည်။
"ရှောင်နူမှားသွားပါတယ်။ သခင်လေးက ရှောင်နူကို တစ်ခါမှ မလိမ်ဖူးဘူး။ သခင်လေးက အကောင်းဆုံးပဲ"
"ဟားဟား"
ကျန်းရီသည် သူမနှာခေါင်းလုံးလေးကို လိမ်ဆွဲရင်း ပြောလိုက်သည်။
"ဟုတ်ပြီ...ပြန်သွားပြီး အနားယူလိုက်ဦး။ ငါလောရွှယ်ကို သွားကြည့်လိုက်ဦးမယ်။ သူမမူးနေတယ်"
"အင်း"
ကျန်းရှောင်နူသည် နာခံစွာ ခေါင်းငြိမ့်လိုက်သည်။ သူမ၏မျက်ဝန်းများသည် ကျန်းရီရွှယ်လော့နန်းဆောင်အတွင်း ရောက်သွားသည်အထိ ကပ်ပါသွားခဲ့သည်။ ကျန်းရီ စုလောရွှယ်၏ အခန်းတွင်း ဝင်ရောက်သွားသည့်အခါ သူမ၏ သနားစဖွယ်မျက်နှာလေးသည် စိတ်ပျက်မှုများ ဖုံးလွှမ်းသွားခဲ့ပြန်သည်။
ဝှစ်...
ကျန်းရီ အခန်းထဲသို့ ရောက်သွားသည်နှင့် ပန်းရောင်ပုံရိပ်လေးတစ်ခုသည် ပြေးလာခဲ့သည်။ စုလောရွှယ်သည် ရေချိုး၍ အဝတ်အစားလဲပြီးသော်လည်း မျက်နှာမှာ ရဲရဲနီနေပြီး မျက်ဝန်းများသည် ရီဝေဝေဖြစ်နေခဲ့သည်။ သူမသည် အမူးမပြေသေးသည်မှာ ထင်ရှားသည်။ သူမသည် ကျန်းရီ၏လည်တိုင်အား လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်ပြီး အဆက်မပြတ် ရေရွတ်နေခဲ့သည်။
"ကျန်းလန်...ကျန်းလန်"
"ကိုယ်ဒီမှာရှိတယ်"
ကျန်းရီ၏ မျက်နှာသည် ချစ်ရိပ်များ ပြည့်လျှံနေပြီး စုလောရွှယ်၏ ကျောပြင်အား အသာပုတ်ပေးလိုက်သည်။ သူသည် ရင်ခွင်ထဲမှ မိန်းကလေး၏ ကိုယ်သင်းနံ့ဖျော့ဖျော့ကို ရှူရှိုက်လိုက်သော်လည်း ပူလောင်ပြင်းပြသည့် ဆန္ဒတို့ကို မခံစားရပေ။ သူမအတွက် နူးညံ့သော အချစ်များသာ မကုန်ခန်းနိုင်အောင် ဖြစ်တည်လာခဲ့သည်။ စုလောရွှယ်၏ သူ့နာမည်ကို တတွတ်တွတ် ခေါ်သံသည် သူ့နှလုံးသားအား အရည်ပျော်သွားစေသည်။
"ကျန်းလန်...လောရွှယ်ကို တစ်ယောက်တည်း မထားခဲ့လို့ ရမလား။ ရှင်မရှိရင်လေ...လောရွှယ်အတွက် တစ်ရက်ကို ဖြတ်သန်းဖို့တောင် ခက်ခဲတယ်။ လောရွှယ်ရူးတော့မတတ်ပဲ..."
စုလောရွှယ်သည် ငိုခြင်းလည်း မပြုဘဲ နူးညံ့စွာ တတွတ်တွတ်ပြောနေခဲ့သည်။ သူမသည် ကျန်းရီကို ဖက်တွယ်ထားရင်း ဤအချိန်ပိုင်းများအတွင်း သူမခံစားရသမျှကို ရင်ဖွင့်နေခဲ့သည်။
"ငါမထားခဲ့ဘူး...ငါဒီဘဝကို မင်းကို ထပ်ပြီးမထားခဲ့တော့ဘူး။ ဘယ်တော့မှပဲ"
ကျန်းရီသည် ချက်ချင်းပြန်ပြောလိုက်သည်။ သူထိုသို့ ပြောလိုက်သော်လည်း တစ်လအတွင်းတွင် ခရီးရှည်တစ်ခု သူသွားရဦးမည်ဖြစ်သည်။
သူသည် ဝိဉာဉ်သားရဲသင်တန်းကျောင်းသို့ တစ်ခေါက်ပြန်ပြီးနောက် နတ်ဆိုးဧကရီထံ သွားတွေ့ရဦးမည်။ ကြယ်တံခွန်ကျွန်းသို့လည်း သူသွားရဦးမည်။ ရွှေယို့လန်နှင့် တွေ့ဆုံ၍ ရီဖျောင်ဖျောင်၏ သေဆုံးမှုကို အတည်မပြုရမချင်း သူစိတ်အေးနိုင်မည်မဟုတ်ချေ။ သူ ကြယ်တံခွန်ကျွန်းမှ ပြန်လာလျှင် စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေထံ ထွက်ခွာရပေဦးမည်။ စုလောရွှယ်သည် ရှားနိုင်ငံ၏ ဘုရင်မဖြစ်သည်။ ကျန်းရှောင်နူကို သူအတူခေါ်သွားနိုင်လျှင်တောင် စုလောရွှယ်ကို ခေါ်သွားရန်မှာ မဖြစ်နိုင်ချေ။
ရုတ်တရက် စုလောရွှယ်သည် ခေါင်းမော့၍ မျက်လုံးမှိတ်ကာ ညင်ညင်သာသာ ပြောလာခဲ့သည်။
"ကျန်းရီ...ကျွန်မကိုနမ်း...လောရွှယ်ကိုနမ်း"
"ဟမ်"
စုလောရွှယ်သည် ကျန်းရီကို ကောင်းကောင်းဆက်ဆံသော်လည်း သူမ၏ ပင်ကိုယ်စရိုက်ကိုက အေးစက်စက်ဖြစ်သည်။ ယခုသူမသည် ဤသို့ ဖြစ်လာခဲ့သည်။ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းသည် သူမမူးနေ၍ ဖြစ်နိုင်သော်လည်း ကျန်းရီဘေးကင်းကင်း ပြန်ရောက်လာခဲ့၍ သူမမည်သို့ ခံစားနေရကြောင်းကို ဖော်ပြနေခြင်းလည်း ဖြစ်လေသည်။
ကျန်းရီသည် သူရှေ့ရှိ မိန်းမလှလေး၏ ဆွဲဆောင်မှု ရှိသည့် နှုတ်ခမ်းတစ်စုံကို ငေးကြည့်နေလိုက်သည်။ သူမ၏ စိတ်လှုပ်ရှားစွာ မျှော်လင့်နေဟန်သည် ကျန်းရီအား ယစ်မူးသွားစေနိုင်စွမ်းသည်။ သူမည်မျှပင် ခက်ခဲပင်ပန်းခဲ့ပါစေ ထိုက်တန်သည်ဟု သူခံစားလာရသည်။
နှုတ်ခမ်းနှစ်စုံသည် ထိကပ်သွားကြသည်။ ဤတစ်ကြိမ်သည် သူတို့နှစ်ယောက်၏ ပထမဆုံးနမ်းခြင်းဖြစ်ရာ နှုတ်ခမ်းများ ထိတွေ့သွားသည်နှင့် သူတို့၏ ကိုယ်တွင်းသို့ လျှပ်စီးတစ်ခု စီးဆင်းသွားသည့်အလား ခံစားလိုက်ကြရသည်။ စုလောရွှယ်၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာခဲ့ပြီး သူမ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အစုံသည် ဖျားယောင်းသွေးဆောင်နိုင်စွမ်းသည်။
အချိန်တော်တော်ကြာမှ နှစ်ယောက်သားသည် အသက်ရှူမဝတော့၍ ခွဲခွာလိုက်ကြသည်။ စုလောရွှယ်၏ မျက်နှာသည် နီသထက်နီလာခဲ့ပြီး လည်ပင်းနှင့် နားရွက်များပါ ရဲလာခဲ့ကြသည်။ ကျန်းရီမှာ သူမထံတွင် လုံးဝကျရှုံးနေခဲ့သည်။
တစ်ရက်လုံးလုံး သူတို့နှစ်ယောက်သည် အခန်းထဲတွင် ပွေ့ဖက်နမ်းရှုပ်ရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။ ကျန်းရီသည် အကြိမ်များစွာ စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးသောအချိန်လေးများ၌ သူဖိနှိပ်နိုင်ခဲ့သည်။ သူသာ အမှန်တကယ် လိုချင်ပါက စုလောရွှယ်ပေးမည်ဖြစ်ကြောင်း သူသိသည်။ သူသည် စုလောရွှယ်အား တန်ဖိုးထားသည့်အနေဖြင့် မင်္ဂလာဦးညမှသာ ထိုအရာကို ယူမည်ဟု သူဆုံးဖြတ်ထားခဲ့သည်။
ညအချိန်သို့ ရောက်ရှိသွားခဲ့သည်။
စုံတွဲမှာ အခန်းတွင်းမှ မထွက်တော့ဘဲ ပွေ့ဖက်၍သာ အိပ်စက်လိုက်ကြသည်။ စုလောရွှယ်သည် ကိုယ်ကိုကွေး၍ ကျန်းရီ၏ရင်ခွင်ထဲတွင် ကြောင်လေးတစ်ကောင်ပမာ အိပ်မောကျသွားခဲ့သည်။ သူမသည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပြီး ကျန်းရီသည် သူမအား အချိန်အကြာကြီး တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။ သူ့စိတ်သည် ငြိမ်းချမ်းနေခဲ့ပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
သူသည် သွားရတော့မည့် ခရီးမှ အတားအဆီးများကို တွေးတောရင်း အိပ်မပျော်ခဲ့ပေ။ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် သူ့စိတ်သည် တဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်။ သူသည် ကောင်းကင်တောင်ပံမြို့မှ ဘာမှမပိုင်သည့် လူငယ်လေး မဟုတ်တော့၊ ဝိဉာဉ်သားရဲသင်တန်းကျောင်းမှ သတ္တိရှိလွန်းသည့် တိုက်ခိုက်သူတစ်ယောက် မဟုတ်တော့သလို နိုင်ငံအဆင့်ပြိုင်ပွဲတွင် အသက်ကိုရင်း၍ တိုက်ပွဲဝင်ခဲ့သည့် လူပျိုပေါက်လေးလည်း မဟုတ်တော့ပေ။
သူလုပ်ရမည့် အရာများ၊ သူထမ်းဆောင်ရမည့် တာဝန်များနှင့် သူကာကွယ်ရမည့်လူများ မြောက်များစွာ ရှိနေခဲ့သည်။
အနာဂတ်တွင် သူသည် သေဆုံးမည့်စကားကို လွယ်လွယ်မပြောတော့ပေ။ သူချစ်ရသော သူများနှင့် သူ့ကိုချစ်သော သူများအတွက် သူတတ်နိုင်သည့် နည်းလမ်းပေါင်းစုံတို့ဖြင့် အသက်ရှင်ရန် ကြိုးစားသွားမည်ဟု သူဆုံးဖြတ်ချက်ချလိုက်သည်။
မိုးပြာနဂါးအင်ပါယာရဲ့ အဘိုးကြီး၊ ရှားထင်ဝေ့၊ မိန်းမစိုးလင်း၊ မိုးပြာနဂါးသင်တန်းကျောင်းရဲ့ ကျောင်းအုပ်၊ ကျင်းရှန်နိုင်ငံရဲ့ စစ်သေနာပတိချုပ်ကြီး၊ ရှောင်လုံဝမ်...ခင်ဗျားတို့အားလုံးကို ရတဲ့နည်းနဲ့ ကျွန်တော်သတ်မယ်...
သူ့အပြုံးသည် တဖြည်းဖြည်း အေးခဲသွားခဲ့ပြီး သူ့မျက်ဝန်းများတွင် လူသတ်ငွေ့များ ပြည့်လာခဲ့သည်။ သူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားချင်လျှင် သူ့ရန်သူများအားလုံးကို သတ်ပစ်ရလိမ့်မည်။
*****