← Chapters

ရွေးချယ်စရာမရှိ

Vol. 172 Ch. 2455

ရွေးချယ်စရာမရှိ

Vol. 172 Ch. 2455

ထိုနေရာသို့ သူတော်စင်ကျန်းချန်ရောက်ရှိလာပြီဖြစ်ကြောင်း ရီဖူရှင်းသိပေသည်။ သူတော်စင်ကျန်းချန်သည် သူ့ကို မည်မျှအထင်ကြီးကြောင်းကိုလည်း ရီဖူရှင်းသိသည်။ သူသည် ရီဖူရှင်းကို မဖမ်းမိသရွေ့ ရပ်မည်မဟုတ်ပေ။

ရီဖူရှင်းသည် အာရုံခြောက်ပါးကောင်းကင်နန်းတော်တွင် အာရုံခြောက်ပါးအရှင်၏ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့စဉ်တွင် သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို ကျန်းချန်ဘုံကျောင်းသို့ ပို့လိုက်ရန် သတင်းစကားပို့ခဲ့လေသည်။ သူတော်စင်ကျန်းချန်၏အကျင့်စရိုက်သည် စိုးမိုးခြယ်လှယ်တတ်သည့်အကျင့်စရိုက်ဖြစ်ပြီး သူသည် အာရုံခြောက်ပါးကောင်းကင်နန်းတော်ကို သူနှင့်တန်းတူမဆက်ဆံပေ။

ယခုတွင် သူသည် ရီဖူရှင်းကို သူနှင့်အတူပြန်ခေါ်သွားရန် ကိုယ်တိုင်ရောက်လာပေပြီ။ ရီဖူရှင်းသည် ထိုအတွက် ဂုဏ်ယူသင့်၊ မယူသင့်ကိုပင် ဒွိဟဖြစ်သွားသည်။

“သူတော်စင်ကျန်းချန်ကို နှုတ်ခွန်းဆက်ပါတယ်”

ရီဖူရှင်းသည် ကောင်းကင်ထက်ရှိ သူ‌တော်စင်ကျန်းချန်ကိုကြည့်၍ နှုတ်ဆက်လိုက်သည်။ သူတော်စင်ကျန်းချန်သည် သူ၏ရန်ဘက်ဖြစ်သော်လည်း သူယဉ်ယဉ်ကျေးကျေးသာ ပြောဆိုလိုက်သည်။

သို့‌သော် သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကဲ့သို့ မဖော်ရွေပေ။ သူသည် အောက်ရှိရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။ သူ၏စိုးမိုးမှုရှိသောအကြည့်များထဲတွင် အေးစက်စက်အကြည့်တစ်ချက်လက်သွားသည်။ သူပြောလိုက်၏။

“အရှင်ချူးချန်က မင်းကြောင့် သေဆုံးသွားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး”

သူတော်စင်ကျန်းချန်သည် အာရုံခြောက်ပါးအရှင် သေသည်၊ ရှင်သည်ကို ဂရုမစိုက်ပေ။ သို့သော် အရှင်ချူးချန်သည် သူ၏ဂျူနီယာဖြစ်ပြီး အရှင်အဆင့်ကျင့်ကြံသူတစ်ဦးလည်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အရှင်ချူးချန်သည် ရီဖူရှင်း၏လှည့်ကွက်အတွင်းသို့ ရောက်သွားခါ သေဆုံးခဲ့ရသည်။ ရီဖူရှင်းထံတွင်သာ လျှို့ဝှက်ချက်များစွာမရှိပါက သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို လက်ဝါးတစ်ချက်ဖြင့် သတ်ပစ်လိုက်မည်ဖြစ်သည်။

သို့သော် သူသည် ထိုသို့လုပ်မည်မဟုတ်ပေ။ ရီဖူရှင်းသည် တန်ဖိုးရှိနေသေးပေသည်။

အနည်းဆုံး လောလောဆယ်တွင် သူသည် ရီဖူရှင်းကို သတ်ဦးမည်မဟုတ်ပေ။

“အရှင်ချူးချန်က ကျုပ်ကို‌ ချောင်ပိတ်ထားလို့ ကျုပ်မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ”

ရီဖူရှင်း ပြန်ပြောလိုက်သည်။

သူတော်စင်ကျန်းချန်သည် ရီဖူရှင်း၏ရှင်းပြချက်ကို လျစ်လျူရှုလိုက်သည်။ သူသည် ရီဖူရှင်းကို အေးစက်စက်ဖြင့် သာမန်ကာလျှံကာကြည့်၍ တည်ငြိမ်စွာအမိန့်ပေးလိုက်သည်။

“သူ့ကိုဖမ်းခေါ်ခဲ့”

သူထိုသို့ပြောလိုက်သောအခါ အရှင်လူဝကြီး၏အပြုံးများ ပြန်ပေါ်လာသည်။ သူ ရီဖူရှင်းကို ပြောလိုက်၏။

“ရီဖူရှင်း... သွားစို့”

သူထိုသို့ပြောပြီးနောက် ရန်ဟောင်ထိပ်ပိုင်းအဆင့်တွင်ရှိသည့် ကျင့်ကြံသူနှစ်ဦးသည် ပျံဆင်းလာပြီး ရီဖူရှင်းနှင့် ဟွာဂျီယူတို့ဆီပျံသွားလိုက်သည်။ သူတို့သည် ရီဖူရှင်းအထက်ရှိ လေထဲတွင် ရပ်တန့်ကာ ပြောလိုက်သည်။

“မင်းရဲ့စိတ်ဝိညာဉ်က မင်းရဲ့မူလခန္ဓာကိုယ်ထဲကို ပြန်လို့ရပါပြီ”

သူတို့သည် ထိုစကားကို အမိန့်ပေးသောလေသံဖြင့် ပြောလိုက်သည်။ ညှိနှိုင်းရန် အခွင့်အရေးမရှိပေ။ ရီဖူရှင်းသည် စွမ်းအားကြီးကာ မဟာလမ်းစဉ်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူများကိုပင် သတ်ပစ်နိုင်စွမ်းရှိသော်လည်း သူတော်စင်ကျန်းချန်ကိုယ်တိုင်ရောက်လာပြီဖြစ်သည်။ ယခုတွင် သူသည် မခုခံဝံ့တော့ချေ။

ခုခံလိုက်လျှင် ကိုယ့်ကိုယ်ကို သတ်သေသကဲ့သို့ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရီဖူရှင်းသည် နာခံကာ ထိုသူများနှင့် ကျန်းချန်ဘုံကျောင်းသို့ လိုက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ရီဖူရှင်းအတွက် အမှန်ပင် အကြပ်အတည်းအတွင်း ရောက်နေပြီဖြစ်သည်။ ယခုတွင် ပြေးစရာမြေလည်းမရှိတော့ချေ။

အကယ်၍ သူသာ နာခံ၍ ထိုသူများနောက်သို့လိုက်သွားပါက သူမည်သို့အဆုံးသတ်သွားမည်နည်း။ ဟွာဂျီယူနှင့် သူ၏ကံကြမ္မာကို သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ပေ။ သူတို့သည် ထိုသူများ၏ငဲ့ညာမှု‌အောက်တွင်သာ ရှိလေတော့သည်။ ရီဖူရှင်းသည် ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့လေသည်။ ထိုသူများသည် သူ့ကိုအသက်ချမ်းသာပေမည်လော။

ထိုလမ်းသည် သူ၏ပျက်စီးရာပျက်စီးကြောင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သူသာ ထိုသူများနောက်သို့လိုက်မသွားလျှင်လည်း လက်ရှိအခြေအနေကို သူမည်သို့ဖြေရှင်းနိုင်မည်နည်း။

ယခုတွင် သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပေပြီ။ ထိုအခိုက်တွင် သူသည် လမ်းဆုံးသို့ရောက်နေသကဲ့သို့ပင်။

သူသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ ရန်ဟောင်အဆင့်ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိပုံပေါ်နေကာ ဟိတ်ဟန်ပါပါရပ်နေလေသည်။ ထိုကျန်းချန်ဘုံကျောင်းမှ ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် သူ့ကိုမျက်နှာချင်းဆိုင်၍ စိတ်ကြီးဝင်သောအငွေ့အသက်များ ထုတ်လွှတ်နေပေသည်။ ထိုစိတ်ကြီးဝင်မှုသည် သူတို့၏အတွင်းစိတ်ကဲ့သို့ပင် ထင်ရလေသည်။ သူတို့သည် ကျန်းချန်ဘုံကျောင်းမှဖြစ်၍ ထိုကဲ့သို့ ထီမထင်သည့်ဟန်ပန်ရှိနေခြင်းဖြစ်နိုင်ပေသည်။

ကောင်းကင်ထက်တွင် ကျင့်ကြံသူများသည် ဇာတ်ပွဲတစ်ခုကို ကြည့်ရှုနေသကဲ့သို့ သူတို့ကို ငုံ့ကြည့်နေကြသည်။ သူတို့၏ မျက်နှာထားများသည် အေးစက်စက်နိုင်ပြီး ထီမထင်သည့်ဟန်ရှိပေသည်။ ထို့ပြင် သူတို့သည် ရီဖူရှင်းကိုသနားနေရာ သူတို့၏မျက်ဝန်းထဲတွင် သနားသည့်အရိပ်အယောင်များပင် ရှိလေသည်။

အရှင်လူဝကြီးသည် သူ၏ပုံစံအတိုင်း ပြုံး၍နေလေသည်။

သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို ကြည့်ပင်မကြည့်ဘဲ ကျောခိုင်းထား၏။ သူသည် ထွက်ခွာရန် ပြင်ဆင်ထားသကဲ့သို့ပင်။ ရီဖူရှင်းသည် ငြင်းဆန်၊ ခုခံနိုင်လိမ့်မည်ဟု မည်သူမှမထင်ပေ။ သူတို့သည် ရီဖူရှင်းတစ်ယောက် အရှုံးပေး၍ ကျန်းချန်ဘုံကျောင်းသို့ ရိုရိုကျိုးကျိုးလိုက်လာမည့်ရလဒ်ကို ဆောင့်နေကြခြင်းပင်။

သူတော်စင်ကျန်းချန်ကိုယ်တိုင်ရောက်လာ၍ သူ့ကိုလာဖမ်းရခြင်းသည် သူတော်စင်ကျန်းချန်က သူ့ကိုအထင်ကြီး၍လည်းဖြစ်သော်ငြား အရှင်လူဝကြီးသည် ရီဖူရှင်းကို ပြန်ဖမ်းမခေါ်လာနိုင်မည်ကို စိုးရိမ်၍မဟုတ်နိုင်ကြောင်း ရီဖူရှင်းသိပေသည်။

အရှင်လူဝကြီးထံတွင် သူ့အကြံနှင့်သူရှိနေမည်ကို သူတော်စင်ကျန်းချန်က စိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် သူတော်စင်ကျန်းချန်သည် သူကိုယ်တိုင်ရောက်ရှိလာခြင်းပင်။

ရီဖူရှင်းဘေးရှိ အရာအားလုံးသည် ရပ်တန့်သွားသကဲ့သို့ပင်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓထဲတွင် ရီဖူရှင်းသည် ထိုအကြောင်းများကို ဆင်ခြင်မိသောအခါ တဖြည်းဖြည်း တည်ငြိမ်လာသည်။

သူ့မျက်ဝန်းအကြည့်များသည်လည်း တဖြည်းဖြည်း သက်တောင့်သက်သာရှိလာသည်။

သူသည် ရလဒ်မှန်သမျှကို လက်ခံနိုင်ပုံပေါ်နေလေသည်။ အခြေအနေသည် ထိုသို့ဖြစ်လာပြီဖြစ်၍ ကျန်အရာအားလုံးသည် အဓိပ္ပာယ်မဲ့သွားပေပြီ။

“သူ‌တော်စင်ကျန်းချန်... ကျုပ် အနောက်လောကကိုရောက်ကတည်းက ကျုပ် လုပ်ခဲ့ရတာတွေ မှန်သမျှက ဖိအားပေးခံခဲ့ရလို့ပဲ။ ကျုပ်သာ နတ်ခန္ဓာကို အသာတကြည်ပေးလိုက်ရင် ကျုပ်တို့နှစ်ယောက်ကို ထွက်သွားခွင့်ပေးမယ်လို့ ကတိပေးနိုင်မလား”

ရီဖူရှင်း‌မေးလိုက်သည်။ ထိုအခိုက်တွင် သူ၏အသံသည် လွန်စွာတည်ငြိမ်နေပေသည်။ သူတော်စင်ကျန်းချန်၏အဆင့်အတန်းနှင့်ဆိုလျှင် ထိုကဲ့သို့ကျင့်ကြံသူအများအပြားရှေ့တွင် သူသည် ရီဖူရှင်းကို လိမ်ညာမည်မဟုတ်ပေ။

ထို့ကြောင့် ရီဖူရှင်းသည် သူ၏နောက်ဆုံးမေးခွန်းကိုမေးကာ အခွင့်အရေးတစ်ခု ရှာလိုက်ခြင်းပင်။

“မင်းက ငါနဲ့ ညှိနှိုင်းနိုင်ဖို့ အရည်အချင်းရှိလို့လား”

သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို ကျောခိုင်းရင်းဖြင့်ပင် ပြန်ဖြေလိုက်သည်။ သူ၏လေသံသည် အရေးမစိုက်ဟန်ပေါက်နေပြီး ခံစားချက်တစ်စိုးတစ်စိမှ မပါပေ။

ရီဖူရှင်းသည် သူနှင့်ညှိနှိုင်းနိုင်လောက်သည်အထိ အဆင့်မမီပေ။

“သူ့ကို ဖမ်းခေါ်သွားတော့”

သူတော်စင်ကျန်းချန် အမိန့်ပေးလိုက်သည်။ ရုတ်ခြည်းပင် ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးသည် ရီဖူရှင်းကို ငုံ့ကြည့်ကာ အမိန့်ပေးလိုက်၏။

“မြန်မြန်လုပ်စမ်”

ရီဖူရှင်းသည် ခေါင်းမော့၍ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများဖြစ်ပြီး သူတို့သွားရာနေရာတိုင်းတွင် စွမ်းအားကြီးသူများဟု သတ်မှတ်ခံရနိုင်သူများဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများအကြားမှ ထိပ်သီးအုပ်စုထဲတွင် ပါဝင်သူများဖြစ်သည်။

သို့သော် ယခုတွင် ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အေးစက်သောစက်ဆုပ်မှုများရှိနေလေသည်။ သူတို့သည် သူတော်စင်ကျန်းချန်၏အရှိန်အဝါကို မှီခို၍ စိတ်ကြီးဝင်နေခြင်းမဟုတ်ပေလော။

အကယ်၍ သူတို့နှင့်အတူ သူတော်စင်ကျန်းချန်သာ မပါလာခဲ့ပါက သူတို့သည် ရီဖူရှင်းကို ထိုသို့ပြောဆိုဆက်ဆံဝံ့မည်လော။

ရီဖူရှင်းသည် နတ်ခန္ဓာကိုမသုံးလျှင်ပင် ထိုနှစ်ယောက်ကို ကလေးကစားသကဲ့သို့ သတ်ပစ်နိုင်စွမ်းရှိပေသည်။

“မင်းတို့နှစ်ယောက်က ငါ့ကိုအမိန့်ပေးနိုင်လောက်အောင် အရည်အချင်းရှိလို့လား”

ရီဖူရှင်း ပြောလိုက်သည်။ သူသည် ထိုရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးကိုကြည့်၍ သူ့မျက်ဝန်းများမှ ခက်ထန်သောနတ်အလင်းများ တောက်ပလာလေသည်။ နတ်ခန္ဓာမှနေ၍ မရေမတွက်နိုင်အောင်များပြားသော သင်္ကေတများ ထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးသည် လမ်းစဉ်ဖျက်ဆီးနယ်ပယ်အတွင်းသို့ ကျရောက်သွားကြောင်း ခံစားလိုက်ရသည်။ သူတို့၏မျက်နှာထားများ ပြောင်းလဲသွားကြသည်။

သို့သော် နောက်ကျသွားခဲ့ပေပြီ။ ရီဖူရှင်းသည် သူ၏လက်ကို ရုတ်ခြည်းမြှောက်၍ လက်သီးစုပ်လိုက်သည်။ ဧရာမလက်ကြီးသည် တိုက်ရိုက်ဆန့်ထွက်သွားပြီး ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးကို ဆုပ်ကိုင်လိုက်သည်။ ကြောက်မက်ဖွယ်ဧရာမလက်ကြီး၏အောက်တွင် သူတို့နှစ်ဦးသည် လွတ်မြောက်အောင် ရှုံးထွက်နိုင်သည့် အင်အားမရှိပေ။

“ရိုင်းစိုင်းလိုက်တာ...”

လေထဲရှိ ကျင့်ကြံသူတစ်ဦးသည် ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ ရီဖူရှင်းသည် သူ့ကိုဖမ်းခေါ်ရန်လာသည့် ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးကို အမှန်ပင်ပြန်ခုခံဝံ့လေသည်။ သူသည် သူ့သေလမ်းသူရှာနေခြင်းပေလော။

ထိုကဲ့သို့သော အခြေအနေတွင် ရီဖူရှင်းသည် အမှန်ပင် ခုခံနေသေးသလော။

သူတို့နှင့်အတူ လိုက်ခဲ့လျှင် သူ၏အဆုံးသတ်သည် ကွဲပြားနိုင်မည့် အခွင့်အရေးရှိပေသေးသည်။ သို့သော် ယခုတွင် သူသည် ခုခံနေပေပြီ။ သူသည် သူ့အတွက်သူထည့်မတွက်လျှင်လည်း သူ့မိန်းကလေး၏ ရှင်သန်နိုင်ရေးကို ထည့်တွက်သင့်သည်မဟုတ်ပေလော။

သူတော်စင်ကျန်းချန်ပင် ပြန်လှည့်လာသည်။ ယခုအခြေအနေတွင် ရီဖူရှင်းသည် ပြန်ခုခံလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

“ကျုပ် အကြီးအကဲကိုပြောသားပဲ... ကျုပ် အာရုံခြောက်ပါးကောင်းကင်ကို ရောက်ကတည်းက လုပ်ခဲ့ရတာတွေက ဖိအားပေးခံခဲ့ရလို့ပါဆို”

ရီဖူရှင်းသည် ရေခဲတမျှအေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူလက်သီးဆုပ်လိုက်၏။ ကြောက်မက်ဖွယ်ထစ်ချုန်းသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးသည် ထိတ်လန့်ဖွယ်အော်ဟစ်လိုက်သည်။ သူတို့သည် ရုတ်ခြည်းပင် ဧရာမလက်ကြီးထဲတွင် ညပ်ပိတ်သွားကာ ထိုနေရာမှာပင် သေဆုံးသွားလေတော့သည်။

ရုတ်ခြည်းပင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကျဆင်းလာပြီး မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကိုလွှမ်းခြုံသွားသည်။ အရှင်လူဝကြီး၏မျက်နှာပေါ်ရှိ အပြုံးပင် ပျောက်ကွယ်သွားသည်။ သူသည် အတန်ငယ်အံ့အားသင့်နေပုံပေါ်၏။

ရီဖူရှင်းသည် အခြေအနေကိုသဘောမပေါက်ဘဲ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ပြန်၍ခုခံလိုက်ခြင်းကို အံ့အားသင့်နေကြသည်။ သူသည် ပို၍ပင်ခက်ထန်လာပြီး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပေသည်။ သူသည် အသတ်ခံလိုနေသလော။

သူတော်စင်ကျန်းချန်၏ ဝင့်ကြွားနေသောအကြည့်များသည် အေးစက်သွားသည်။ ရီဖူရှင်းသည် သူ့မျက်စိရှေ့မှာပင် သူ၏လက်အောက်ငယ်သားနှစ်ဦးကို သတ်ပစ်ခဲ့လေသည်။

ကောင်းကင်အရှိန်အဝါ ကျဆင်းလာ၏။ ထိုအခိုက်တွင် ကောင်းကင်တစ်ခွင်လုံးတွင် သတ်ဖြတ်လိုသောအဆုံးမဲ့အငွေ့အသက်များနှင့် ပြည့်နှက်နေပေသည်။ ထိုအငွေ့အသက်များကြောင့် အခြားသူများသည် သူတို့၏စိတ်ဝိညာဉ်မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။

All Chapters