ဖျက်ဆီးခြင်း
Vol. 172 Ch. 2456
“မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
သူတော်စင်ကျန်းချန်သည် အောက်သို့ငုံ့ကြည့်ကာ ရေခဲတမျှအေးစက်သောလေသံဖြင့် ပြောလိုက်သည်။
သူသည် ထိုသို့ပြောလိုက်စဉ်တွင် အောက်ဖက်သို့ လက်ဖြင့်ဆုပ်ယူသည့်ဟန်ပြုလိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ထက်တွင် ဧရာမဗုဒ္ဓလက်ဖဝါးကြီး ပေါ်ပေါက်လာ၏။ ၎င်းသည် ရောင်ခြည်တော်များ ဖြာထွက်နေပြီး နေအလင်းကိုပင် ဖုံးလွှမ်းသွားသည်။ ထိုနေရာတစ်ခုလုံးသည် လက်ဖဝါးကြီး ဖမ်းဆုပ်နိုင်သည့်အဝန်းအဝိုင်းအတွင်း၌သာ ရှိနေသည်။
ထိုဧရာမလက်ဖဝါးကြီးသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ဖမ်းဆုပ်ရန်ကြိုးစားလိုက်သည်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာပတ်ပတ်လည်တွင် အဆုံးမဲ့သင်္ကေတများလှည့်ပတ်သွားပြီး ၎င်းသည် အလွန်တောက်ပလာလေတော့သည်။ သင်္ကေတများသည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို လွှမ်းခြုံထားပြီး ကာကွယ်ပေးထားသည်။
ဝုန်း...
ဧရာမလက်ဖဝါးကြီး ကျဆင်းလာသည်။ သင်္ကေတများသည် ကြယ်တာရာအလင်းမျက်နှာပြင်အဖြစ် ပြောင်းလဲသွားသည်။ နတ်ခန္ဓာကို ကြယ်တာရာများက ဝန်းရံလှည့်လည်နေသကဲ့သို့ပင်။ သို့သော် အလင်းမျက်နှာပြင်သည် လက်ဖဝါးကြီး၏ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ချေ။ ထစ်ချုန်းသံကြီးများကို ကြားလိုက်ရပြီး အလင်းမျက်နှာပြင်သည် ဖြည်းဖြည်းချင်း ကွဲအက်ပျက်စီးသွားလေသည်။ ဧရာမလက်ဖဝါးကြီးသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာကို ဆုပ်ကိုင်လိုက်ပြီး သူတောင်စင်ကျန်းချန်ရှိနေရာသို့ မမြှောက်လိုက်သည်။
ဘေးမှ အရှင်လူဝကြီးသည် ထိုမြင်ကွင်းကို အရေးမစိုက်ဟန်ဖြင့် တစ်ချက်မျှကြည့်လိုက်၏။ သူသည် မျက်နှာသေဖြင့်ဖြစ်သည်။ ရီဖူရှင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဖြစ်ပေသည်။ အကယ်၍ သူသာ အသာတကြည်အဖမ်းခံလိုက်လျှင် များစွာဆုံးရှုံးရမည်ဖြစ်သော်လည်း အသက်ရှင်သန်နိုင်ရန် အခွင့်အရေးရှိနိုင်ပေဦးမည်ဖြစ်သည်။ သူသည် သူတော်စင်ကျန်းချန်နှင့် ကိစ္စအချို့ကို ညှိနှိုင်းနိုင်မည့် အခွင့်အရေးကို လောင်းကြေးထပ်နိုင်ပေသေးသည်။
သို့သော် ရီဖူရှင်းသည် သူတော်စင်ကျန်းချန်ကို တိုက်ရိုက်အာခံရန် ရွေးချယ်ခဲ့ပေသည်။ သူသည် လူအားလုံး၏ရှေ့တွင် ရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးကို သတ်ခဲ့လေသည်။ သူ၏လုပ်ဆောင်မှုသည် သူ့ကိုယ်သူချောင်ပိတ်လိုက်သကဲ့သို့သာ။ သူပြုလုပ်ခဲ့သောအရာသည် ဉာဏ်မရှိသောအပြုအမူဖြစ်သည်။
ထိုသို့ဆက်ဖြစ်နေလျှင် သူနှင့် ဟွာဂျီယူနှစ်ယောက်စလုံးအတွက် ဇာတ်သိမ်းလှမည်မဟုတ်ပေ။
ထိုအဖြစ်အပျက်မတိုင်ခင်က အရှင်လူဝကြီးသည် ရီဖူရှင်းမှာ ဉာဏ်ကောင်းသူတစ်ဦးဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် သူသည် အတန်ငယ်တုံးအကြောင်း ထင်ရှားပေသည်။
မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ဖမ်းဆုပ်ခံရပြီး မမြှောက်ခံလိုက်ရသည်။ ဧရာမလက်ဖဝါးကြီးသည် ပြန်ဆုတ်သွားပြီး သူတော်စင်ကျန်းချန်၏အောက်တွင် ပေါ်လာသည်။ သူသည် ခေါင်းငုံ့၍ ဧရာမလက်ဖဝါးကြီး၏ ဖမ်းဆုပ်မှုကို ခံထားရသော ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အမှုမထားသော အေးစက်စက်အသံဖြင့် ပြောလိုက်၏။
“မင်းဘာသာမင်ထွက်လာမလား... ဒါမှမဟုတ် ငါမင်းထွက်လာအောင် လုပ်ပေးရမှာလား”
ရီဖူရှင်းသည် ခေါင်းမော့၍ ခံ့ညားသောသူတော်စင်ကျန်းချန်ကို ကြည့်လိုက်သည်။ မဟာအင်ပါယာရှန်ကျား၏မျက်လုံးများမှနေ၍ လွန်စွာအေးစက်သောအလင်းတစ်ခု ထွက်ပေါ်နေသည်။ မျက်ဝန်းများထဲတွင် ပြတ်သားသောအရိပ်အယောင်တစ်ခု ရှိနေပေသည်။
“ဂျီယူ”
ရီဖူရှင်းသည် နောက်သို့လှည့်ကာကြည့်လိုက်ပြီး ဟွာဂျီယူကို လှမ်းခေါ်လိုက်သည်။ ဟွာဂျီယူသည် ပြုံး၍ ခေါင်းညိတ်လိုက်၏။ နတ်ဘုရားမတစ်ပါးကဲ့သို့ လှပသည့် သူမ၏မျက်နှာပေါ်တွင် တည်ငြိမ်မှုသာရှိနေပေသည်။ သူမသည် သူမတို့၏အဆုံးသတ်ကို ရင်ဆိုင်နေရသော်လည်း မျက်နှာပေါ်တွင် ကြောက်ရွံ့သည့်လက္ခဏာများ ရှိမနေပေ။ သူမသည်လည်း ရီဖူရှင်းကဲ့သို့ပင် အရာအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုအခြေအနေဖြစ်လာပြီဖြစ်သဖြင့် သူမသည် မည်သို့လုပ်ရမည်ကို ရီဖူရှင်းကိုသာရွေးချယ်ခွင့်ပေးမည်ဖြစ်သည်။
ရီဖူရှင်း မည်သို့လုပ်ချင်သည်ဖြစ်စေ၊ မည်သည့်ရလဒ် ရလာသည်ဖြစ်စေ သူမသည် သူ့အနောက်သို့လိုက်၍ နောက်ဆက်တွဲအားလုံးကို သူနှင့်အတူတကွ ရင်ဆိုင်မည်ဖြစ်သည်။ နောက်ဆုံးရလဒ်သည် သေခြင်းတရားဖြစ်နိုင်စေကာမူ သူမနောက်တွန့်မည်မဟုတ်ပေ။
သို့သော် သူမတို့တွင် အခြားရွေးချယ်စရာလည်းမရှိပေ။ သူမတို့ထိုသို့လုပ်ရခြင်းမှာ သူတော်စင်ကျန်းချန်က သူမတို့ကို ချောင်ပိတ်ထား၍သာဖြစ်သည်။
ရီဖူရှင်းသည် ရှေ့သို့ပြန်လှည့်၍ ကောင်းကင်ထက်သို့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများကို ကြားနေရသည်။ ကာကွယ်အလင်းမျက်နှာပြင်သည် ဧရာမလက်ဖဝါးကြီးထဲတွင် ကွဲအက်နေဆဲဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အတုမဲ့စွမ်းအားတစ်ခုသည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်းမှ ထွက်ပေါ်လာလေသည်။ နတ်ခန္ဓာအတွင်းမှ နတ်အလင်းများထွက်ပေါ်လာပြီး ပို၍တောက်ပလာသည်။
သူတော်စင်ကျန်းချန်သည် ထိုမြင်ကွင်းကို မြင်သောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ရုတ်တရက် သူ၏လက်ကို အားဖြင့်ဆုပ်လိုက်၏။ ဧရာမလက်ဖဝါးကြီးသည်လည်း လက်သီးကို အားဖြင့်ဆုပ်ကာ နတ်ခန္ဓာကို ဖျစ်ညှစ်နိုင်ရန် လုပ်နေလေသည်။ ထိုအခိုက်တွင် နတ်ခန္ဓာအတွင်းမှ ကြောက်မက်ဖွယ် နတ်အလင်းတန်းတစ်ခုထွက်ပေါ်လာရာ ဧရာမလက်ကြီးသည် ဆက်၍မဆုပ်နိုင်တော့ပေ။ လက်ဖဝါးကြီးကိုပင် ပေါက်ထွက်သွားတော့မည့် လက္ခဏာများရှိနေလေသည်။
ထို့အခြင်းအရာကြောင့် သူတော်စင်ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်းသည် သူ၏တိုက်ခိုက်မှုကို ဖောက်ထွက်နိုင်လေသလော။
ဝုန်း...
ကြောက်မက်ဖွယ်အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ နတ်ခန္ဓာသည် အသည်းအသန်ရုန်းကန်နေပုံပေါ်လေသည်။ နတ်အလင်းတန်းထွက်သွားပြီးနောက် နတ်ခန္ဓာသည် ပို၍ကြီးမားလာသည်။
ထိုမြင်ကွင်းကြောင့် သူတော်စင်ကျန်းချန်နှင့် အရှင်လူဝကြီးတို့၏မျက်နှာထားများ ထူးဆန်းသွားသည်။ ယခုမတိုင်ခင်က သူတို့သည် နတ်ခန္ဓာသည် ကြီးထွားနိုင်ကြောင်းကို တစ်ခါမှမကြားဖူးခဲ့ပေ။ ရီဖူရှင်း မည်သည်ကို လုပ်နေသနည်း။
ယခုတွင် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်းရှိ ရီဖူရှင်း၏စိတ်ဝိညာဉ်သည် ရှေးဟောင်းသစ်ပင်တစ်ပင် အဖြစ်သို့ပြောင်းလဲသွားပြီး နတ်ခန္ဓာ၏အစိတ်အပိုင်းအားလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်။ နတ်ခန္ဓာအတွင်း၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် ရီဖူရှင်းဖြစ်လေသည်။ သူသည် ပူဆွေးသည့်ဟန်ဖြင့် သုန်သုန်မှုန်မှုန် အော်ဟစ်လိုက်သည်။
ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများကို အဆက်မပြတ်ကြားနေရသည်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်းရှိ လောကသည်လည်း အဆက်မပြတ်ပြန့်ကားလာသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက မဟာအင်ပါယာရှန်ကျားသည် သူ၏လမ်းစဉ်ကို သက်သေပြပြီးသွားသောအခါ ပြိုင်ဘက်ကင်းဖြစ်ခဲ့လေသည်။ သူသေဆုံးသွားပြီးနောက်တွင် သူသည် သူ၏နတ်ခန္ဓာကို ချန်ထားခဲ့သည်။ နတ်ခန္ဓာသည် နတ်တစ်ပါး၏အသွေးအသားဖြစ်သည်။ ထို့ပြင် နတ်ခန္ဓာသည် အမှီအခိုကင်းသော ၎င်း၏ကိုယ်ပိုင်လောကရှိပေသည်။
နတ်ခန္ဓာအပြင်တွင် တောက်ပနေသောအလင်းတန်းများသည် အရာအားလုံးကို ဖောက်ထွင်းသွားသည်။ ဧရာမလက်ဖဝါးကြီးသည် ရုတ်ခြည်းပင် အမှုန်အဖြစ်ပျက်သုဉ်းသွားသည်။ မရေမတွက်နိုင်အောင်များပြားသော သင်္ကေတများသည် ထိုနေရာတစ်ခုလုံးတွင် နေရာယူထားပြီး နေအလင်းကို ကာရံထားလေသည်။ သူတော်စင်ကျန်းချန်နှင့် အရှင်လူဝကြီးတို့သည် သင်္ကေတများအကြားတွင် ပိတ်မိနေလေသည်။ ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူအားလုံးသည်လည်း သူတို့နှင့်အတူ ပိတ်မိနေ၏။
သူတော်စင်ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့တွင် နတ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် မဟာအင်ပါယာရှန်ကျားနှင့် တူသလို ရီဖူရှင်းနှင့်လည်း အတန်ငယ်ဆင်တူနေပေသည်။ သူတို့နှစ်ားသည် တစ်ဦးတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ပင်။
“ဒါကဘာလဲ”
သူတော်စင်ကျန်းချန် ရေရွတ်လိုက်သည်။ သူသည် မကောင်းသောခံစားချက်များရနေလေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် သူသည် ထိုအခိုက်တွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ပုံမှန်ဆိုလျှင် ထိုသို့မဖြစ်နိုင်ပေ။ သို့သော် ယခုတွင် သူသည် အမှန်ပင် အန္တရာယ်အငွေ့အသက်ကို ခံစားနေရပေသည်။
ရီဖူရှင်းသည် သူ့ကို အန္တရာယ်အငွေ့အသက်ခံစားစေရအောင် အမှန်ပင် လုပ်နိုင်လေသည်။
“မင်းဘာလုပ်ဖို့ ကြံနေတာလဲ”
အရှင်လူဝကြီး၏ ရီဖူရှင်း၏ပုံရိပ်ကို ကြည့်၍ မေးလိုက်သည်။ သူ၏မျက်နှာထားသည်လည်း ပြောင်းလဲသွားပေပြီ။ သူသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။
“ကျုပ် အကြီးအကဲကို ခုနကပြောသားပဲ။ အကြီးအကဲက မယုံတော့ လက်တွေ့ပြရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးပေါ့”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
အရှင်လူဝကြီးသည် ရီဖူရှင်းပြောခဲ့သောအရာကို ပြန်အမှတ်ရသွားသည်။ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်သည့်အရိပ်အယောင်များပေါ်လာပြီး အော်ပြောလိုက်သည်။
“မင်းက နတ်ခန္ဓာကို ဖျက်ဆီးပစ်ဖို့ ကြံနေတာလား”
ထိုခန္ဓာသည် မဟာအင်ပါယာရှန်ကျား၏ခန္ဓာဖြစ်သည်။ ၎င်းသည် နတ်တစ်ပါး၏ အသွေးအသားဖြစ်သည်။ ၎င်းအတွင်း၌ စကြဝဠာတစ်ခုကို သိမ်းဆည်းထားသည်။ အကယ်၍ ရီဖူရှင်းသာ ၎င်းကိုဖျက်ဆီးလိုက်ပါက ရလဒ်သည် မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။
အရှင်လူဝကြီးသည် နတ်ခန္ဓာတစ်ခုကို မည်သည့်အရာများဖြင့်ဖွဲ့စည်းထားကြောင်း နားလည်ပေသည်။ နတ်ခန္ဓာပေါက်ကွဲသွားသဖြင့် ထွက်ပေါ်လာသော ပျက်စီးမှုများသည် တန်လှုပ်ဖွယ်ကောင်းမည်ဖြစ်သည်။ သူအန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ခြင်းမှာ မဆန်းတော့ပေ။
ရွှီး...
ကြောက်မက်ဖွယ် လမ်းစဉ်ဖျက်ဆီးနတ်အလင်း ထွက်ပေါ်လာသည်။ ထိုလမ်းစဉ်ဖျက်ဆီးနတ်အလင်းသည် မရေမတွက်နိုင်အောင်များပြားသော သင်္ကေတများမှ ဖြစ်ပေါ်လာခြင်းပင်။ ၎င်းသည် ထိုနေရာတွင်ရှိနေသော ကျင့်ကြံသူအားလုံးထံသို့ ပျံသန်းသွားလေသည်။
“ပြန်ဆုတ်ကြ”
သူတော်စင်ကျန်းချန်သည် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ သူ၏ပုံရိပ်သည် ခြေတစ်လှမ်းဖြင့်ပင် ကောင်းကင်ကိုဖြတ်သန်းကာ အဝေးသို့ရောက်သွားလေသည်။
ယခုအချိန်သည် စဉ်းစားချင့်ချိန်နေမည့်အချိန်မဟုတ်ပေ။ ထိုအခြေအနေသည် သူ့အတွက်ပင် သေရေး၊ ရှင်ရေးအခြေအနေဖြစ်သည်။
“ပျက်စမ်း…”
နတ်ခန္ဓာသည် တွန့်လိမ်ကောက်ကွေးလာသည်။ ၎င်းသည်လည်း အလွန်အမင်းနာကျင်မှုကို ခံစားနေရပုံပင်။ နတ်ခန္ဓာကို ဖျက်ဆီးရန် ရီဖူရှင်းသည် ၎င်းကိုယ်၎င်းဖျက်ဆီးသည့် အခြေအနေအထိ တွန်းအားပေးရန်လိုပေသည်။
နတ်အလင်းလှိုင်းများသည် အရာအားလုံးကို ဖျက်ဆီးသွားသည်။ အလင်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာအားလုံးပျက်စီးသွားသည်။ လမ်းစဉ်အားလုံးသည်လည်း ချုပ်ငြိမ်းသွားသည်။ မဟာလမ်းစဉ်၏ မည်သည့်စွမ်းအားကမှ ထိုအရှိန်ကို တောင့်မခံနိုင်ပေ။
“အား...”
အော်ဟစ်သံများကို ကြားနေရသည်။ အရာအားလုံကိုဖျက်ဆီးနေသော နတ်အလင်းအောက်တွင် ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။ သူတို့သည် အနည်းငယ်ပင် တောင့်မခံနိုင်ခဲ့ပေ။ ရုတ်ခြည်းအတွင်းမှာပင် သူတို့သည် အမှုန်အဖြစ်လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။
နတ်အလင်းသည် ဆက်၍ပြန့်ကားနေသည်။ ၎င်းလွှမ်းခြုံထားသောနေရာသည် ပို၍ကြီးမားလာသည်။ ကျယ်ပြန့်သော အာကာပြင်သည် လမ်းစဉ်ဖျက်စီးနယ်ပယ်တစ်ခုဖြစ်လာသည်။ လမ်းစဉ်ဖျက်ဆီးနတ်အလင်းသည် ထပ်ခါ၊ ထပ်ခါ လှည့်ပတ်နေသည်။ ယခုတွင် ရီဖူရှင်းသည်လည်း အလွန်အမင်းနာကျင်မှုကို ခံစားနေရသည်။ ကောင်းကင်ထက်တွင် နာကျင်စွာအော်လိုက်သံတစ်ခုကို ကြားလိုက်ရသည်။
ဝုန်း...
အသံခပ်တိမ်တိမ်တစ်ခု ထွက်ပေါ်လာသည်။ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာ ပေါက်ကွဲသွားသည်။ ထို့နောက် နတ်အလင်းများသည် ပြန့်ကားသွားပြီး မိုင်သန်းထောင်ချီ ဖုံးလွှမ်းသွားသည်။ ၎င်းသည် လမ်းစဉ်ဖျက်ဆီးနယ်ပယ် အစစ်အမှန်တစ်ခု ဖြစ်လာလေသည်။ မဟာလမ်းစဉ်အားလုံး ဖျက်ဆီးခံလိုက်ရသည်။
အလင်းအတွင်း၌ သူတော်စင်ကျန်းချန်နှင့် အရှင်လူဝကြီးတို့သည် သူတို့အစွမ်းရှိသမျှထုတ်၍ အရာအားလုံးကိုဖျက်ဆီးနေသည့် နတ်အလင်းတွင်း၌ ပျက်စီးပျောက်ကွယ်သွားမည့်အရေးမှ ကာကွယ်နေသည်။ သူတို့သည် ထိုစွမ်းအားကို ပြန်တိုက်ခိုက်ရန် ကြံရွယ်နေခြင်းမဟုတ်ပေ။ သူတို့သည် ရှင်သန်နိုင်မည့်အခွင့်အလမ်းကိုသာ ရှာနေခြင်းပင်။
တစ်ချိန်တည်းမှာပင် ထိုပျက်စီးမှုများအတွင်းမှ အလင်းတန်းတစ်ခုပျံသန်းထွက်ခွာသွားပြီး ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို ခေါ်ဆောင်သွားလေသည်။ ၎င်းအလင်းတန်းသည် ထိုပျက်စီးနေသောလောကအတွင်းမှ ထွက်ခွာသွားပေပြီ။ ထိုအလင်းတန်းသည် နောက်ဆုံးသော လောကအလင်းဖြစ်ပုံရပေသည်။