← Chapters

အောင်ပွဲ၊ စကြဝဠာ၏အဆုံး၊ မူလအစကမ္ဘာတံခါးမှ ပျောက်ဆုံးနေသော ‘ထောင့်တစ်နေရာ’

Vol. 34 Ch. 476

အောင်ပွဲ၊ စကြဝဠာ၏အဆုံး၊ မူလအစကမ္ဘာတံခါးမှ ပျောက်ဆုံးနေသော ‘ထောင့်တစ်နေရာ’

Vol. 34 Ch. 476

အထွတ်အထိပ်အင်မော်တယ်၏ အော်ဟစ်သံသည် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးကို လှုပ်ခတ်သွားစေသည့်အလားပင်။

ကောင်းကင်နှင့်မြေကြီး မဟာတာအိုက ပဲ့တင်ထပ်သွားပြီး အသင်္ချေကမ္ဘာကို ဖုံးလွှမ်းထားသော တာအိုပိုက်ကွန်က ပြန်လည် အသက်ဝင်လာသည်။

ထို့‌နောက် ကောင်းကင်နှင့်မြေကြီး မဟာတာအိုက ပေါ်ထွက်လာသည်။ ထို့အပြင် ၎င်းသည် အထွတ်အထိပ်အင်မော်တယ်၏ ဟောက်ထျန်းမဟာတာအိုနှင့် ပေါင်းစပ်သွားပြီး မူလအစကမ္ဘာကို ပဲ့တင်ထပ်လာစေခဲ့သည်။

စိတ်ကူး၍ပင်မရနိုင်သော စွမ်းအားတစ်ခုသည် အထွတ်အထိပ်အင်မော်တယ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ထိုသူ၏ အရှိန်အဝါကို အဆက်မပြတ် မြင့်တက်လာစေကာ စိတ်ကူး၍မရနိုင်သော အကန့်အသတ်အထိ ရောက်ရှိသွားစေသည်။

သန်မာလွန်း၏။

အလွန်အမင်း သန်မာလွန်းသည်။

မမြင်နိုင်သော အရှိန်အဝါလှိုင်းဂယက်များက ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ပြိုကျ၊ ကွဲအက်ကာ ပျက်စီးသွားရသည်။ ၎င်းသည် ထို

စွမ်းအားကို ခံနိုင်ရည်မရှိတော့သည့်ပမာ။

ထိုမြင်ကွင်းသည် မရေမတွက်နိုင်သော သက်ရှိများ၏ အာရုံကို ဖမ်းစားသွားပြီး ထိတ်လန့်သွားစေ တော့သည်။

တစ်ချိန်တည်းမှာပင် ချီမင်သည်လည်း အလွန်ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သူ တကယ်ကို ခေါင်းနပန်းကြီးသွားသလို ခံစားလိုက်ရသည်။

“အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း”

“အထွတ်အထိပ်အင်မော်တယ်က နောက်ဆုံးတော့ ဒီနည်းလမ်းကို သုံးလိုက်ပြီပဲ”

“ဟုတ်တယ်”

“ချီမင် ရှုံးတော့မယ် ထင်တယ်”

“အစွမ်းကုန် အဆင့်မြှင့်တင်ခြင်းက ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို မူလအစကမ္ဘာတံခါး နဲ့ ပဲ့တင်ထပ်စေလိမ့်မယ်။ အဲဒီစွမ်းအားက ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး စွမ်းအားကို စိတ်ကူးမယဉ်နိုင်လောက်တဲ့ အကန့်အသတ်အထိ မြှင့်တင်ပေးလိမ့်မယ်”

“ချီမင် ရှုံးတော့မယ်”

အထက်ကမ္ဘာအရှင်ကိုးပါးသည် ရလဒ်ကို မြင်နေရသကဲ့သို့ ပြောနေကြသည်။

တစ်ချိန်က ဧကရာဇ်ဟောက်ထျန်းသည်လည်း ဤနည်းလမ်းကို အသုံးပြုခဲ့သည်။ အစွမ်းကုန် အဆင့်မြှင့်တင်ပြီးနောက် သူ၏စွမ်းအားများ မြင့်တက်လာပြီး အထက်ကမ္ဘာအရှင်ကိုးပါးကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သည်။

အထက်ကမ္ဘာအရှင်ကိုးပါးသည် အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားကြပါသည်။

အစွမ်းကုန် အဆင့်မြှင့်တင်ခြင်းသည် တာအိုသစ်သီးကို လောင်ကျွမ်းစေခြင်းနှင့် ပိုတူသည်။ အဆင့်မြှင့်တင်မှုတိုင်းသည် တာအိုသစ်သီးကို ပိုမို ပြင်းထန်စွာ လောင်ကျွမ်းစေသည်။

တစ်နည်းအားဖြင့်

သူ၏တာအိုသစ်သီး လောင်ကျွမ်းသွားသောအခါ ၎င်းသည် တာအိုကို အသွင်ပြောင်းသွားစေပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေလိမ့်မည်။ ထိုအချိန်က ဧကရာဇ်ဟောက်ထျန်းကဲ့သို့ပင် သူလည်း လုံးဝ သေဆုံးသွားလိမ့်မည်။

အထွတ်အထိပ် မူလအစတာအိုသစ်သီးသည် သာလွန်ထူးကဲသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မိမိကိုယ်ကို လောင်ကျွမ်းစေခြင်း သို့မဟုတ် အကန့်အသတ်အထိ အဆင့်မြှင့်တင်ခြင်း မပြုလုပ်နိုင်ပေ။ မဟာတာအိုသစ်သီးသာလျှင် ထိုသို့ ပြုလုပ်နိုင်၏။

အထွတ်အထိပ်အင်မော်တယ်၏ အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်ကိုပင် ဖိနှိပ်ထားလိုက်သည်။ မမြင်နိုင်သော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ချီမင်အပေါ် ကျရောက်နေသော ဖိအားက အဆများစွာ တိုးပွားလာသည်။ သူသည် အပေါ်မှ ငုံ့ကြည့်လိုက်ပြီး ဆို၏။ “မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး”

“အရှုံးပေးလိုက်တော့”

“ဟောက်ထျန်း အထွတ်အထိပ်အင်မော်တယ်ဓား”

အထွတ်အထိပ်အင်မော်တယ်က ဟိန်းဟောက်လိုက်သည်။ သူသည် အားကောင်းသည့် အံ့ဖွယ်စွမ်းအား နည်းလမ်းတစ်ခုကို အသုံးပြုပြီး သူ၏ စွမ်းအားအားလုံးကို စုစည်းကာ ဓားထဲသို့ ပေါင်းစပ်လိုက်သည်။

သူသည် အံ့ဖွယ် စွမ်းအားများနှင့် နည်းလမ်းများ အားလုံးကို ဓားတစ်လက်တည်းအဖြစ် ပေါင်းစပ်လိုက်သည်။

၎င်းကို ဟောက်ထျန်း အထွတ်အထိပ်အင်မော်တယ်ဓား ဟု ခေါ်သည်။

ဤတိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည်၊ မဟာတာအိုကို ဖျက်ဆီးနိုင်သည်၊ ကောင်းကင်များစွာကို ဖျက်ဆီးနိုင်သည်၊ ဒြပ်ရှိ၊ ဒြပ်မဲ့ အရာများကို ဖျက်ဆီးနိုင်သည်၊ အသိပညာနှင့် အသိသညာကို ဖျက်ဆီးနိုင်ပြီး သဘောတရားအလုံးစုံကို ချိုးဖျက်နိုင်သည်။

အတော်လေး သန်မာသည်။

နှိုင်းယှဉ်၍မရနိုင်လောက်အောင် အားကောင်းလွန်းလှသည်။

ချီမင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဤဓား၏ အထွတ်အထိပ် စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရသည်။ ၎င်းစွမ်းအားသည် ဖော်ပြ၍မရနိုင်၊ ရှင်းပြ၍မရနိုင်၊ ပြောပြ၍မရနိုင်သော အရာဖြစ်သည်။

“အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း”

ချီမင်သည် သူ့လက်ထဲရှိ မြူခိုးနက်ဓားကို မြှောက်လိုက်သည်။

ချီမင်လက်ထဲရှိ မြူခိုးနက်ဓားသည် တကယ်တော့ ကောင်းကင်အရိပ် ဖြစ်ပြီး အထွတ်အထိပ်အင်မော်တယ်နှင့် အတူတူပင်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် မဟာတာအို နယ်ပယ် ရှိ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် များ ဖြစ်ကြသည်။

ကောင်းကင်အရိပ် သည် အသင်္ချေကောင်းကင်မဟာတာအိုကို ဆုပ်ကိုင်ထားသည်။

၎င်းသည်လည်း အစွမ်းကုန် အဆင့်မြှင့်တင်ခြင်းကို ပြုလုပ်နိုင်သည်။

ချီမင်သည် ကောင်းကင်အရိပ်ကို ၎င်း၏တာအိုသစ်သီးအား လောင်ကျွမ်းစေလိုက်သည်။

ကမ္ဘာအသီးသီး၊ လေဟာနယ်စကြဝဠာပင်လယ် နှင့် အဆုံးမဲ့ကမ္ဘာကြီးက ထပ်မံ တုန်ခါသွားသည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအိုသည် မူလအစကမ္ဘာတံခါးနှင့် ပဲ့တင်ထပ်သွားသည်။

ဖော်ပြ၍မရသော စွမ်းအားတစ်ခု ကျရောက်လာသည်။

၎င်းသည် ကောင်းကင်အရိပ်ထဲသို့ ပေါင်းစပ်သွားသည်။

“ကမ္ဘာဦး အသင်္ချေကောင်းကင်ဓား”

ချီမင်လည်း ကြုံးဝါးလိုက်သည်။ အထွတ်အထိပ် ဓားမြည်သံနှင့်အတူ အသင်္ချေကောင်းကင်မဟာတာအိုက ပေါ်ထွက်လာသည်။ ကမ္ဘာဦးမဟာတာအိုသည် ဓားထဲသို့ ပေါင်းစပ်သွားပြီး ကမ္ဘာအသီးသီး၏ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာသည်။

မရေမတွက်နိုင်သော မျိုးနွယ်စုများ၊ မရေမတွက်နိုင်သော သက်ရှိများ၊ မရေမတွက်နိုင်သော ကမ္ဘာများပေါ်လာသည်မှာ လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးကို စုစည်းလိုက်သကဲ့သို့ပင်။

၎င်းသည် ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုတိုက်ခိုက်မှုသည် လောကထဲက အရာအားလုံးကို ကိုယ်စားပြုသည်။ ၎င်းသည် အရာအားလုံးကို ပေါင်းစပ်ပြီး တိုက်ခိုက်ခြင်းဖြစ်၏။

၎င်းကို ချီမင် ဖွဲ့စည်းထားသော ကမ္ဘာဦးမဟာတာအို က ထိန်းချုပ်ထားသည်။

“ခုတ်ပိုင်းစမ်း” ချီမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အသင်္ချေကောင်းကင်ကမ္ဘာဦးဓား သည် ခုတ်ပိုင်းချလိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားသည်။ လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံး နှစ်ခြမ်းကွဲသွားပြီး ခုတ်ပိုင်းခံလိုက်ရသကဲ့သို့ပင်။

“ဒါက...”

“ဒီစွမ်းအားက...”

“ဟာ...”

“သူ ဘာလို့ ဒီလောက် သန်မာရတာလဲ”

“ဒါ... ဒါ...”

“ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့ ဒီစွမ်းအားက အထွတ်အထိပ်အင်မော်တယ်နဲ့ အတူတူပဲ ဖြစ်နေရတာလဲ။ ဘာလို့ အထဲမှာ အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း စွမ်းအား ရှိနေရတာလဲ”

“ချီမင် ဘာလုပ်လိုက်တာလဲ”

အထက်ကမ္ဘာအရှင်ကိုးပါးသည် ဤစွမ်းအားကို ခံစားမိလိုက်သည်။ သူတို့လည်း ထိတ်လန့် ကြောင်အသွားကာ မယုံကြည်နိုင် ဖြစ်နေကြသည်။

ခရက်။

ရုတ်တရက် ဟောက်ထျန်း အထွတ်အထိပ်အင်မော်တယ်ဓား နှင့် ချီမင်၏ ကမ္ဘာဦး အသင်္ချေကောင်းကင်ဓား တို့ ထိပ်တိုက် တွေ့ဆုံလိုက်ကြသည်။ နှစ်ဖက်က အပြန်အလှန် တိုက်ခ်ိုက်တွန်းကန်နေကြသည်။

ပေါက်ကွဲသံ အမျိုးမျိုး ထွက်ပေါ်လာသည်။

ထိုအချိန်တွင် တာအိုနိယာမများ ပြိုလဲသွားပြီး၊ နေရာလွတ်က ပြိုကျကာ ကမ္ဘာကြီးက ကွဲကြေပျက်စီးသွားသည်။ သဘောတရား အားလုံးသည် ထိုခဏ၌ ကွဲကြေသွားပြီး မရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားကာ အလင်းရောင်များသာ လက်ခနဲ ကျန်ရစ်ခဲ့သည်။

ကြောက်စရာ ကောင်းလွန်းလှသည်။

ဖော်ပြ၍ မရနိုင်ပေ။

ဘုန်း။

နောက်ဆုံးတွင် အလင်းရောင် အားလုံး ပျောက်ကွယ်သွားသည်။

စစ်မြေပြင်တွင် လေဟာနယ်က ပျောက်ကွယ်သွားပြီး အလင်းရောင်မှာ မှေးမှိန်သွားသည်။

“ခွပ် ခွပ်...”

ဟောက်ထျန်း အထွတ်အထိပ်အင်မော်တယ်ဓားက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော အလင်းစက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ အထွတ်အထိပ်အင်မော်တယ်၏ မျက်နှာက ဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သွေးများသည် ပါးစပ်ထောင့်မှ စီးကျလာပြီး သွေးအနည်းငယ် ထပ်မံ အန်ထုတ်လိုက်သည်။

အထွတ်အထိပ်အင်မော်တယ်က ဒဏ်ရာရသွားသည်။

သူ အရေးနိမ့်သွားပေပြီ။

အခြားတစ်ဖက်တွင် ချီမင်သည် သူ့လက်ထဲရှိ မြူခိုးနက်ဓားကို ဖြည်းညှင်းစွာ ပြန်သိမ်းလိုက်သည်။ သူ့လက်ထဲရှိ မြူခိုးနက်ဓားသည် ကောင်းကင်အရိပ် မှ ပြောင်းလဲထားခြင်း ဖြစ်သည်။ သေချာကြည့်လျှင် မြူခိုးနက်ဓားပေါ်ရှိ အလင်းရောင်က အနည်းငယ် မှေးမှိန်သွား၏။

ဤတိုက်ပွဲတွင် အထွတ်အထိပ်အင်မော်တယ်မှာ အမှန်တကယ် အရေးနိမ့်သွားခြင်း ဖြစ်သည်။

သွေးများ ထပ်မံ ပန်းထွက်လာပြီး လေဟာနယ်ကို ပက်ဖြန်းသွားသည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏သွေးများသည် အထွတ်အထိပ်အင်မော်တယ်၏ ရင်ဘတ်မှ ပန်းထွက်လာပြီး နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာရသည်။

“အော့...”

အထွတ်အထိပ်အင်မော်တယ်က သွေးထပ်အန်လိုက်သည်။ သူက ကြောင်အသွားပြီး ဘယ်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ရင်ဘတ်မှ ဓားဒဏ်ရာကို ထိလိုက်သည်။ သွေးများမှာ စိမ့်ထွက်နေရာ ဘယ်လက်ကို သူ့ရှေ့သို့ ဖြည်းဖြည်းချင်း မြှောက်ကြည့်လိုက်သည်။

သွေး။

သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ သွေးပင်။

သူ ဒဏ်ရာရသွား ပေပြီ။

ထို့အပြင် သူ့ဒဏ်ရာများက မသေးလှပေ။

“င... ငါ... ရှုံးသွားပြီ...”

ယုံကြည်နိုင်စရာ မရှိပေ။

သူ မယုံနိုင်ပေ။

အထွတ်အထိပ်အင်မော်တယ်က မျက်လုံးပြူးသွားပြီး မျက်နှာတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ “မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။ ငါ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ငါ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

“ငါ အစွမ်းကုန် အဆင့်မြှင့်တင် ပြီးသွားပြီလေ၊ ငါက ပြိုင်ဘက်ကင်း ဖြစ်နေပြီ။ ငါက ပြိုင်ဘက်ကင်း ဖြစ်နေပြီလေ”

“မဟုတ်ဘူး” အထွတ်အထိပ်အင်မော်တယ်က ကောင်းကင်ကို မော့ပြီး အော်ဟစ်လိုက်သည်။

သို့သော် ယင်းက အမှန်တရားပါပေ။

အထွတ်အထိပ်အင်မော်တယ်က ရှုံးနိမ့်သွားခဲ့ပါပြီ။

‘သူ ရှုံးသွားပြီ။’

‘သူ ချီမင်ကို ရှုံးသွားပြီ။’

“ဘယ်လို...”

“ဒါ... ဒါ..”

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

“အထွတ်အထိပ်အင်မော်တယ်က တကယ် ရှုံးသွားတယ်။ သူ တကယ် ရှုံးသွားတယ်”

“ဘာပဲပြောပြော အထွတ်အထိပ်အင်မော်တယ်မှာ မဟာတာအိုသစ်သီး ရှိတယ်လေ။ သူက ကောင်းကင်နဲ့မြေကြီး မဟာတာအို နဝမအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဆင့်မှာ ရှိနေတာ လေ။ သူ အစွမ်းကုန် အဆင့်မြှင့်တင်ပြီးရင် ပြိုင်ဘက်ကင်း ဖြစ်နေပြီ။ မူလအစကမ္ဘာရတနာ ပိုင်ဆိုင်ထားတာ မဟုတ်ရင် ဘယ်သူမှ သူ့ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

“ချီမင်က အထွတ်အထိပ်အင်မော်တယ်ကို တကယ် အနိုင်ယူလိုက်တာပဲ”

“ချီမင်ဆီမှာ မူလအစကမ္ဘာရတနာ ရှိနေတာများလား”

“မဟုတ်ဘူး။ မဟုတ်ဘူး”

“ချီမင် လက်ထဲက မူလအစကမ္ဘာရတနာရဲ့ အရှိန်အဝါကို ငါ အာရုံမခံမိပါဘူး”

“ဘာလို့လဲ”

အထက်ကမ္ဘာအရှင်ကိုးပါးက အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့ နားမလည်နိုင်ကြပေ။

ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ်တို့၏တိုက်ပွဲအတွင်း အထက်ကမ္ဘာအရှင်ကိုးပါးသည် ချီမင်ထံမှ အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း အရှိန်အဝါ အချို့ကို ခံစားမိလိုက်သော်လည်း သူတို့ လုံးဝ ထွင်းဖောက်မမြင်နိုင်၊ နားမလည်နိုင် ဖြစ်နေကြသည်။

သို့သော်ရလဒ်များက ထွက်ပေါ်လာပြီ။

ချီမင်က နိုင်သွားလေသည်။

အထွတ်အထိပ်အင်မော်တယ်က သံသယဖြစ်ဖွယ် မရှိဘဲ ရှုံးနိမ့်သွားသည်။

ချီမင်က သူ့အရှိန်အဝါကို ပြန်ထိန်းလိုက်သည်။ သူ့လက်ထဲရှိ မြူခိုးနက်ဓားက ပျောက်ကွယ်သွားပြီး ကောင်းကင်အရိပ် နှင့် အဆုံးစွန် မြူခိုးအရိပ်တို့သည် ပုန်းကွယ်လိုက်ကြသည်။

“အထွတ်အထိပ်အင်မော်တယ်”

ချီမင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အထွတ်အထိပ်အင်မော်တယ်ကို စိုက်ကြည့်လိုက်သည်။ သူ့လေသံက တည်ငြိမ်နေသော်လည်း ယုံကြည်မှုကို ဖော်ပြနေသည်။ “မင်း ဒီတိုက်ပွဲကို ရှုံးသွားပြီ။ ငါ နိုင်တယ်”

“ငါ...”

အထွတ်အထိပ်အင်မော်တယ်က ပါးစပ်ဟလိုက်ပြီး နောက်ဆုံးတွင် ခေါင်းငုံ့လိုက် တော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများက မတည်မငြိမ် ဖြစ်နေရာမှ နောက်ဆုံးတွင် လုံးဝ ငြိမ်သက်သွားသည်။

“ငါ... ရှုံးသွားပြီ...”

အထွတ်အထိပ်အင်မော်တယ်က အရှုံးပေးလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”

“ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ်...”

“ချီမင်။ မင်း နိုင်သွားပြီ”

“ငါ ဒီလိုဖြစ်မယ်လို့ မထင်ထားမိဘူး။ တကယ် မထင်ထားမိဘူး”

“ချီမင်၊ မင်း တကယ် နိုင်သွားတာပဲ။”

အထက်ကမ္ဘာအရှင်ကိုးပါးက ရောက်ရှိလာကြသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။

လဝက် ကြာပြီးနောက်၊ အရာအားလုံးက အဆင်သင့် ဖြစ်နေ၏။

ဤနေ့တွင် အထက်ကမ္ဘာအရှင်ကိုးပါးသည် ချီမင်နှင့် ဆွေးနွေးပြီးဖြစ်သည်။ အထွတ်အထိပ်အင်မော်တယ်လည်း ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်

။ ချီမင် အပါအဝင် ကောင်းကင်နှင့်မြေကြီး မဟာတာအို နဝမအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေသော အထွတ်အထိပ် ဖြစ်တည်မှု စုစုပေါင်း (၁၁) ဦးသည် မူလအစကမ္ဘာတံခါး ဆီသို့ ထွက်ခွာလိုက်ကြသည်။

အလင်းတန်း (၁၁) ခုသည် လေထုကို ခွဲပြီး လေဟာနယ်စကြဝဠာပင်လယ် ထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က ယှဉ်တွဲ ရပ်လိုက်ကြပြီး အရောင်အမျိုးမျိုးရှိသော အလင်းတန်းများအဖြစ် စုစည်းသွားသည့်အတွက် လေဟာနယ်ကို ဖြတ်သန်းသွားသော သက်တံ့တစ်ခုကဲ့သို့ ဖြစ်နေသည်။

“သွားကြစို့”

“မူလအစကမ္ဘာတံခါး”

“အချိန်ကျပြီ”

“အထွတ်အထိပ်အင်မော်တယ်၊ မင်း သွားချင်တာ သေချာရဲ့လား”

“အထွတ်အထိပ်အင်မော်တယ်၊ မင်းမှာ အထွတ်အထိပ်တာအိုသစ်သီး မရှိဘူး။ မင်းလိုက်သွားရင်တောင် မူလအစကမ္ဘာထဲ ဝင်နိုင်မှာ မဟုတ်ဘူး”

အထက်ကမ္ဘာအရှင်ကိုးပါးက ပြောလိုက်ကြသည်။

“ဟီးဟီး” အထွတ်အထိပ်အင်မော်တယ် ရယ်မောလိုက်သည်။ “ငါ ‘အဆင့်မြှင့်တင်’ လိုက်တဲ့ အချိန်ကတည်းက ငါ့ကံကြမ္မာကို သိပြီးသားပါ။ ဒါကြောင့် ငါ သွားရမယ်”

“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့”

“မဟာတာအိုသစ်သီး ဆိုတာ ပြန်လမ်းမရှိတဲ့ လမ်းပါပဲ”

အထက်ကမ္ဘာအရှင်ကိုးပါးလည်း မဟာတာအိုသစ်သီး အကြောင်းကို သိကြသည်။

ထိုစဉ်က ဧကရာဇ်ဟောက်ထျန်း သည် ဤလမ်းကို ရွေးချယ်ခဲ့သည်။

နောက်ဆုံးတွင် သူ သေဆုံးသွားခဲ့ရသည်။

သူသည် လေဟာနယ်ခေတ်ကာလ တစ်ခုစာသာ အသက်ရှင်ခဲ့ရသည်။

ယခုတစ်ကြိမ် အထွတ်အထိပ်အင်မော်တယ်သည် လေဟာနယ်ခေတ်ကာလ တစ်ခုစာပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

အစမှအဆုံးထိ ချီမင် ဘာမှ မပြောခဲ့ပေ။

အချိန်များ ကုန်ဆုံးသွားသည်။

ချီမင်နှင့် အဖွဲ့သည် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြပြီး မရေမတွက်နိုင်သော နေရာများနှင့် ကမ္ဘာများကို ဖြတ်ကျော်ကာ ဖော်ပြ၍မရနိုင်သော သဘောတရားများနှင့် အကွာအဝေးများကို ကျော်ဖြတ်သွားကြသည်။

နောက်ဆုံးတွင် ချီမင်တို့သည် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အဆုံး၊ တစ်နည်းအားဖြင့် လေဟာနယ်စကြဝဠာပင်လယ် ၏ အဆုံးသို့ ရောက်ရှိသွားကြသည်။

တစ်ချိန်တည်းမှာပင် ဤနေရာသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစလည်း ဖြစ်ပြီး၊ လေဟာနယ်စကြဝဠာပင်လယ် နှင့် ထာဝရလေဟာနယ်ပင်လယ် တို့ ဆုံဆည်းရာ မူလအစလည်း ဖြစ်သည်။ ဤသည်မှာ အရာအားလုံး စတင်ရာ နေရာဖြစ်သည်။

၎င်းကို “စကြဝဠာ၏ အဆုံး” ဟု ခေါ်သည်။

ဤနေရာတွင် သဘောတရား အားလုံး တည်ရှိခြင်း မရှိပေ။

ချီမင်တို့သည် စကြဝဠာ၏ အဆုံးတွင် ရပ်နေကြသည်။ သူတို့ မော့ကြည့်လိုက်ရာ ကောင်းကင်နှင့်မြေကြီး မဟာတာအိုကို အမှန်တကယ် တွေ့လိုက်ရသည်။ ၎င်းသည် ဂလက်ဆီ တစ်ခုကဲ့သို့၊ ကြယ်အစုအဝေး တစ်ခုကဲ့သို့၊ ဒြပ်ရှိနှင့် ဒြပ်မဲ့ အရာအားလုံး စုစည်းနေသကဲ့သို့ ဖြစ်သည်။

၎င်းသည် ထာဝရ တာအိုမြစ် တစ်စင်းနှင့် တူသည်။

ဤ ထာဝရ တာအိုမြစ်၏ အဆုံးတွင် တံခါးကြီးတစ်ချပ် ရှိသည်။

သေချာကြည့်လျှင် ဤတံခါးကြီးသည် ထာဝရကာလပတ်လုံး မားမားမတ်မတ် ရပ်တည်နေပြီး မလှုပ်မယှက် ရှိနေသည်။ မည်မျှမြင့်မားကြောင်း၊ မည်မျှကျယ်ဝန်းကြောင်း၊ မည်မျှခမ်းနားကြီးကျယ်ကြောင်း ဖော်ပြ၍ မရနိုင်ပေ။

အရာအားလုံးသည် ဤတံခါးကြီး၏ ရှေ့တွင် ပျောက်ဆုံးသွားရသည်။

“အဲဒါက... မူလအစကမ္ဘာတံခါး ပဲ”

“နောက်ဆုံးတော့။ နောက်ဆုံးတော့”

“ငါတို့ ပြန်ဆုံကြပြီ”

“မူလအစကမ္ဘာတံခါး”

အထက်ကမ္ဘာအရှင်ကိုးပါးသည် မူလအစကမ္ဘာတံခါးကို စိုက်ကြည့်နေကြသည်။

ထိုစဉ်က ပထမ လေဟာနယ်ခေတ်ကာလ အကုန်တွင် အထက်ကမ္ဘာအရှင်ကိုးပါး ပူးပေါင်းပြီး ဤနေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့သည် မူလအစကမ္ဘာတံခါး ဆီသို့ ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသော်လည်း အားလုံး ကျရှုံးခဲ့ကြပြီး ကပ်ဘေးဒုက္ခများ ဆက်တိုက် ဖြစ်ပေါ်စေခဲ့သည်။

ယခုတစ်ကြိမ် သူတို့ ပြန်ရောက်လာကြပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့ မူလအစကမ္ဘာတံခါးကို သေချာပေါက် ဖွင့်ကြရမည်ဖြစ်၏။

“ ခမ်းနားလိုက်တာ”

အထွတ်အထိပ်အင်မော်တယ်က သက်ပြင်းချလိုက်သည်။ “မူလအစကမ္ဘာတံခါး ရှေ့မှာ ငါ တကယ်ပဲ သေးငယ်သွားသလို ခံစားရတယ်”

“မူလအစကမ္ဘာတံခါး”

ချီမင်၏ အကြည့်က တည်ငြိမ်နေသော်လည်း သူ့စိတ်အနက်ရှိုင်းဆုံးထဲတွင် ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများ ထနေသည်။ အဘယ်ကြောင့်ဆိုသော် မူလအစကမ္ဘာတံခါး ကို မြင်လိုက်ရသည့် ခဏမှာပင်...

ဘုန်း။ဘုန်း။ဘုန်း။

ချီမင်၏ ခန္ဓာကိုယ် အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာ၌ ပိရမစ် ပုံသဏ္ဌာန် ရှိသော အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်သည် ရုတ်တရက် ခုန်လှုပ်လာသည်။

၎င်းသည် နှလုံးခုန်သကဲ့သို့ ခုန်နေသည်။

၎င်းနှင့် မူလအစကမ္ဘာ အကြားတွင်လည်း မှေးမှိန်သော ဆက်နွယ်မှုတစ်ခု ရှိနေသည်။ ဤသည်က ချီမင်၏ နှလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

ချီမင်သည် ပြီးပြည့်စုံသော မဟာတာအို နယ်ပယ်ရှိ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိချိန်တွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ တည်ရှိမှုကို အမှန်တကယ် အာရုံခံမိခဲ့သည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်ရှိ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိမှသာ သူသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ကို လုံးဝ ပိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်ကို လုံးဝ လှုပ်ရှား၍ မရသေးပေ။

သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ ပင်မကိုယ်ထည်ကို မည်သို့ လှုပ်ရှားရမည် ဆိုသည်အား အမြဲတမ်း တွေးနေခဲ့သည်။

ယခု ချီမင် မူလအစကမ္ဘာတံခါး ကို မြင်လိုက်ရသည့် အချိန်တွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်က တုံ့ပြန်မှုကြီး ဖြစ်ပေါ်လာ တော့သည်။

“ဒါက...”

ချီမင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ “အလိုအလျောက်ကျင့်ကြံခြင်းစနစ် ရဲ့ ပင်မကိုယ်ထည်က မူလအစကမ္ဘာတံခါး နဲ့ တကယ်ပဲ ဆက်နွယ်နေတာလား။ ဒီဆက်နွယ်မှုက ဘာလဲ”

သူသည် ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးမဟာတာအို မူလအစစွမ်းအားကို လှည့်ပတ်လိုက်ပြီး အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်ကို လှုပ်ရှားရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်က နောက်ဆုံးတွင် တုံ့ပြန်လာသည်။

ချီမင်သည် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲရှိ မူလအစစွမ်းအားနှင့်အတူ စီးဆင်းလာပြီး သူ့မျက်လုံးများဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအခိုက် သူ့မျက်လုံးများ ကြည်လင်ပြတ်သားသွားသည်။

“အဲဒါက...”

ချီမင်၏ မျက်လုံးများက ပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူ၏အကြည့်သည် မူလအစကမ္ဘာတံခါး မှ ထွက်ပေါ်လာသော အလင်းရောင်ကို ထွင်းဖောက်သွားပြီး ပင်မကိုယ်ထည်ကို မြင်တွေ့လိုက်ရသည်။

မူလအစကမ္ဘာ၏ ညာဘက်အပေါ်ထောင့်တွင် ဤတံခါးကြီး၏ ထောင့်တစ်နေရာ ပျောက်ဆုံးနေသည်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

မူလအစကမ္ဘာတံခါး သည် စတုရန်းပုံ ဖြစ်သည်။

အခု ၎င်း၏ ထောင့်တစ်နေရာက ပျောက်ဆုံးနေသည်။

ထောင့်တစ်နေရာ မရှိတော့သဖြင့် ၎င်းသည် တြိဂံပုံ ဖြစ်နေသည်။

“ဒါက...”

ချီမင်က တုန်လှုပ်သွားပြီး အသိစိတ် လုံးဝ ပြန်ဝင်လာသည်။ သူ နားလည်သွားပြီ။ “ငါ နားလည်ပြီ”

All Chapters