ဟဲရှောင်ယာ ကလေးမွေးပြီ။
Vol. 16 Ch. 171
ချီရှီပွဲတော် ညနေခင်းတွင် ကောင်းကင်တစ်ခွင်မှာ ကြည်လင်ပြတ်သားပြီး ကြယ်တွေ ပြည့်နှက်နေခဲ့သည်။
ကာကွယ်ရေးခေါင်းဆောင်ကျန်းက ညနေမှာ မီးပုံးပျံလွှတ်တင်ပွဲနှင့် မီးရှုးမီးပန်းပြပွဲရှိကြောင်း နေ့ခင်းကတည်းက ကြေညာထားသောကြောင့် လူတိုင်းဟာ စောစောစီးစီးကတည်းက ဗိုက်ပြည့်အောင် စားသောက်ကာ သက်သောင့်သက်သာအရှိဆုံးနေရာကို ရှာပြီး လည်တဆန့်ဆန့်နှင့် စောင့်မျှော်နေခဲ့ကြသည်။
တာ့ကျွမ်းက ကိုယ်ဝန်ရှိနေတဲ့ ဟဲရှောင်ယာကို တွဲကူပေးရင်း ဝမ်အာ ၊ တုရှောင်ဟွေ့ ၊ ဝမ်ရှောင်စစ် ၊ စုန့်ကျယ်နှင့် ချွန်းနျဉ်ကို ဟဲမိသားစုစားသောက်ဆိုင်တတိယထပ်သို့ ခေါ်လာခဲ့သည်။ ဒီနေရာက ပွဲခင်းနှင့် နည်းနည်းလေး ဝေးတယ် ဆိုပေမဲ့ ပိုလုံခြုံသည်။
ဟဲရှောင်ယာက “ အမေ ဘယ်မှာလဲ။ ” ဟု မေးလိုက်တော့ ဝမ်အာက “ အမေ မီးရှုးမီးပန်းတွေ လွှတ်တင်ဖို့ သွားစီစဉ်ပေးနေတယ်။ အဲ့ပစ္စည်းက နည်းနည်း အန္တရာယ်များတော့ အမေက စိုးရိမ်နေတာ။ ” ဟု ပြန်ပြောသည်။
တကယ်တော့ လီယောင်က မီးရှူးမီးပန်းပြပွဲကို သွားကြီးကြပ်နေတာ မဟုတ်ပါ။ ကလေးတွေတောင် ကိုင်တွယ်နိုင်တဲ့ ထိုအရာမျိုးကို ကာကွယ်ရေးခေါင်းဆောင်ကျန်းတစ်ယောက်တည်း အေးအေးဆေးဆေး ကိုင်တွယ်နိုင်သည်။
သူမက ရွာထဲကနေ တစ်ယောက်တည်း ထွက်လာပြီး မြစ်ကမ်းပါးဘေးက သက်သောင့်သက်သာရှိတဲ့ နေရာလေးမှာ ထိုင်ကာ နူးညံ့သော မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တာ ဖြစ်သည်။
ဒီချီရှီပွဲတော်ဟာ ဒီကမ္ဘာကို သူမ ရောက်လာတဲ့ အချိန်အတွင်းမှာ ပထမဆုံး ဖန်တီးပေးခဲ့တဲ့ အားလပ်ရက် တစ်ရက်ပင်။ အတော်လေးလည်း အောင်မြင်ခဲ့တာမို့ အနာဂတ်မှာ တာ့လင်တိုင်းပြည်တစ်ခုလုံး ဒီပွဲတော်ကို ဆက်လက် ကျင်းပဖို့ မျှော်လင့်ရသည်။ ပြီးတော့ နွားကျောင်းသားနှင့် နတ်သမီးလေးပုံပြင်ကိုလည်း လူသိများ ကျော်ကြားစေဖို့ မျှော်လင့်သည်။
ဒီကမ္ဘာကို လှပတဲ့ အရာတွေ ယူဆောင်လာပေးရတာ စိတ်ကျေနပ်စရာကောင်းသော်လည်း ဒီညတော့ ချီရှီပွဲတော်အလှကို သူမတစ်ယောက်တည်း ခံစားချင်သည်။
လီယောင်သည် ကြယ်တွေ စုံနေသော ကောင်းကင်ကို မော့ကြည့်ကာ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်မိလေသည်။ “ အခု ငါ့အသက် ( ၃၂ ) နှစ် ပြည့်သွားပြီ။ ပျော်ရွှင်စရာ မွေးနေ့ပါ။ လက်တွဲဖော် မရှိလည်း အခုလိုပဲ အမြဲတမ်း ဆက်ပျော်ရွှင်နိုင်ပါစေ။ ”
…
မီးပုံးပျံလွှတ်တင်ရမယ့် အချိန်ကျရောက်လာသောအခါ ပိုင်ချွမ်းဈေးတစ်ခုလုံး အသံတိတ်သွားပြီး လူတိုင်းသည် ခေါင်းမော့၍ ကောင်းကင်ကို မော့ကြည့်ကာ သမိုင်းဝင် မီးပုံးပျံကြီးကို စောင့်မျှော်နေခဲ့ကြသည်။
ထိုအချိန်မှာပဲ အရှေ့အရပ်မှာ အလင်းရောင်တွေ တဖြည်းဖြည်း လျှံတက်လာကာ ကောင်းကင်ပေါ်ကို မီးပုံးပျံတွေ တစ်လုံးပြီး တစ်လုံး တက်လာပြီး ရိုးရှင်းသော အသွင်သဏ္ဍာန်တစ်ခု ပုံပေါ်လာ၏။
ယောက်ျားတစ်ယောက် ဖြစ်ဟန်တူတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ဖြစ်ပါသည်။ သူက တစ်စုံတစ်ခုကို ရှာဖွေနေသလိုမျိုး ကောင်းကင်မှာ ဘယ်ညာ ယိမ်းနွဲ့နေသည်။
သိပ်မကြာလိုက်ဘဲ အနောက်ဘက်ကောင်းကင်ပေါ်ကိုလည်း မီးပုံးပျံတွေ အများကြီး ပျံတက်လာကာ လေထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာခဲ့သည်။
အမျိုးသမီးပုံရိပ် ပေါ်လာတာကို မြင်တော့ အရှေ့အရပ်က အမျိုးသားက အနောက်အရပ်ကို ပျံဝဲလွင့်မျောသွားပြီး အမျိုးသမီးကလည်း အမျိုးသားထံ ပျံသန်းလာခဲ့သည်။ သို့သော် ကြီးမားသော နဂါးငွေ့တန်းကြီးက သူတို့နှစ်ယောက်ရဲ့ လမ်းကြောင်းကို တားဆီးသလိုမျိုး တစ်ယောက်ကို တစ်ယောက် အဝေးက ငေးကြည့်နေရုံသာ တတ်နိုင်ရှာသည်။
“ အဲ့ဒါ နွားကျောင်းသားနဲ့ နတ်သမီးလေး မဟုတ်လား။ ”
“ ကျီးဖြူတွေ ဘယ်မှာလဲ။ ကျီးဖြူတွေက သူတို့နှစ်ယောက်အတွက် တံတားတစ်စင်းအဖြစ် သွယ်တန်းပေးရမှာ မဟုတ်ဘူးလား။ ”
“ စိတ်မပူပါနဲ့။ ကျီးဖြူတွေ မကြာခင် ရောက်လာတော့မှာပါ။ ဟော … ဟိုမှာ ကြည့်။ ”
မြောက်အရပ်နှင့် တောင်အရပ်ကနေ ကောင်းကင်မီးပုံးပျံတွေ အများကြီး ပျံဝဲမြင့်တက်လာပြီး အလယ်ဗဟိုမှာ ဖြည်းဖြည်းချင်း စုစည်းသွားသည်။ ထိုစုစည်းမှုက ( ၁၅ ) မိနစ်တိတိ ကြာပြီး လူတိုင်းသည် စိတ်လှုပ်ရှားစွာ အသက်အောင့်ထားခဲ့ကြသည်။
ဖွေးဖွေးလှုပ်နေတဲ့ မီးပုံးပျံတွေက နောက်ဆုံးတော့ ကောင်းကင်တံတားအဖြစ် ပေါင်းဆုံသွားပြီး နွားကျောင်းသားလေးနှင့် နတ်သမီးကို တံတားပေါ်ကနေတစ်ဆင့် ဖြတ်သန်းလျှောက်လှမ်း၍ ဆုံစည်းခွင့်ပေးခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ တွဲလက်တို့ မြဲသွားချိန်မှာ မြေပြင်ကနေ မိုးထိညံသော အားပေးသံတွေ တစ်ခနဲ ထွက်ပေါ်လာလေသည်။
“ နောက်ဆုံးတော့ သူတိုဘ ဆုံစည်းခွင့်ရသွားပြီ။ ”
“ သိပ်ကောင်းတယ်။ သိပ်ကို ကောင်းတယ်။ ”
…
လူတွေဟာ လက်ခုပ်ဩဘာသံတွေဖြင့် ဂုဏ်ပြုခဲ့ကြပြီး သူတို့ရဲ့ နှလုံးသားထဲက ချစ်သူကို လက်ထပ်ရခြင်းထက်ပင် ပိုလို့တောင် စိတ်လှုပ်ရှားနေကြသည်။
နွားကျောင်းသားနှင့် နတ်သမီးလေးက သူတို့ရဲ့ ခါးသီးသော ဝေးကွာခဲ့ရမှုကို ဇာတ်ကြောင်းပြန်ပြောပြနေသကဲ့သို့ ကောင်းကင်ပေါ်မှာ ဖြည်းညင်းစွာ ကခုန်နေခဲ့ကာ ခဏအကြာမှာတော့ ကျီးဖြူတံတားက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူတို့နှစ်ဦးလည်း အတင်းအဓ္ဓမ ဝေးကွာခဲ့ရသည်။
မီးပုံးပျံတွေက တစ်လုံးပြီး တစ်လုံး မီးငြိမ်းကာ ပြုတ်ကျလာပြီး မြေပြင်ပေါ်က လူတွေဆီမှာ တိတ်ဆိတ်သော နောင်တတရားနှင့် ပူဆွေးဝမ်းနည်းမှုတို့ကိုသာ ချန်ရစ်ထားခဲ့သည်။
“ နွားကျောင်းသားနဲ့ နတ်သမီးလေးက ဘာလို့ အတူတူ ပေါင်းဖက်လို့ မရတာလဲ အမေ။ ”
“ ရာထူးကြီးတဲ့ အရာရှိကြီးတစ်ယောက်က ခွင့်မပြုလို့ပေါ့ကွယ်။ ဒါပေမဲ့ သူတို့ နှစ်တိုင်း ဒီလို အချိန်မှာတော့ ကောင်းကင်ပေါ်မှာ တွေ့ဆုံနိုင်ပါသေးတယ်။ ”
“ သားတို့ ဒီပွဲတော်ကို နောက်နှစ်ရော ထပ်လာလို့ ရလားဟင်။ ”
“ ရတာပေါ့။ အမေ သားကို သေချာပေါက် ခေါ်လာပေးမယ်။ ”
အဲ့ဒီနောက် တောက်ပသော မီးအလင်းတန်းတွေနှင့် မီးရှူးမီးပန်းလုံးကြီး သုံးလုံးဟာ ကောင်းကင်ပေါ်ကို လွှင့်ပျံတက်လာခဲ့သည်။ အုန်းခနဲ ပေါက်ကွဲသံကြီး သုံးခုလည်း ထွက်ပေါ်လာကာ ကောင်းကင်မှာ ကြီးမားတောက်ပသော မီးရှူးမီးပန်းတွေ ပေါက်ကွဲဝေဆာသွားပြီး ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းလုနီးပါးပင် ဖြစ်သွားခဲ့သည်။
“ ဝါး ၊ လှလိုက်တာ။ ”
ဒီနေ့ လီယောင် ပိုက်ဆံတွေ အများကြီး အကုန်အကျခံကာ သူမရဲ့ စက်ရုံထဲက မီးရှုးမီးပန်းတွေအကုန်လုံးကို ယူဆောင်လာပြီး မတူညီတဲ့ အရပ်မျက်နှာသုံးမျိုးမှာ တစ်ပြိုင်တည်း လွှတ်တင်ခဲ့သည်။
အချိန်ခဏတော့ ကောင်းကင်တစ်ခုလုံးကို လှပကျယ်ပြန့်တဲ့ အလင်းပန်းတွေ ဖုံးလွှမ်းထားသလို ဖြစ်နေပါလိမ့်မည်။
ကမ္ဘာကြီးကို သေချာပေါက် မြင်ဖူးတဲ့ အုပ်ချုပ်ရေးမှူးလီတောင် လှပဆန်းကြယ်လွန်းတဲ့ မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရသည်။ ပွဲတော်မှာ ပါဝင်ဆင်နွှံဖို့ ရောက်လာတဲ့ လူတွေအကုန်လုံးလည်း စကားလုံးနှင့် ဖော်ပြလို့ မရသော ပီတိခံစားချက်ထဲမှာ နစ်မြုပ်သွားသည်။
“ ဧကရာဇ်တောင် ဒီလို မီးရှူးမီးပန်းတွေကို မြင်ဖူးမှာ မဟုတ်ဘူး။ ”
ထိုအချက် တစ်ချက်တည်းနှင့်ပင် ပိုင်ချွမ်းခရိုင်နေ ပြည်သူတွေအတွက် သူတို့တစ်ဘဝလုံး ကြွးဝါပြောဆိုနေဖို့ လုံလောက်သည်။
“ ဟုတ်တယ်။ အမျိုးသမီးလီက ငါတို့ပိုင်ချွမ်းခရိုင်က လူ ဖြစ်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့ ဒီလိုမျိုး ကံကောင်းနိုင်မှာ မဟုတ်ဘူး။ ”
“ အမျိုးသမီးလီက ပိုင်ချွမ်းခရိုင်နေ ပြည်သူတွေအတွက် ကံကောင်းမှုကြယ်ပွင့်လေးပဲ။ ငါ ဒီနှစ် ငါ့စိုက်ခင်းထဲကနေ ကန်စွန်းဥ ကတ်တီတွေ ထောင်ချီပြီး တူးနိုင်လိမ့်မယ်လို့ လောင်းရဲတယ်။ ”
…
ဟဲမိသားစုစားသောက်ဆိုင်အပေါ်ထပ်မှာတော့ တာ့ကျွမ်းက ဟဲရှောင်ယာရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
သူက ရိုးစင်းတဲ့ လူတစ်ယောက် ဖြစ်ပါသည်။ သူ့နှလုံးသားထဲမှာ ပြောချင်တဲ့ စကားလုံးတွေ အများကြီး ရှိပေမဲ့ ဘယ်လို ဖော်ပြရမလဲ ဆိုတာ မသိတာမို့ ဟဲရှောင်ယာရဲ့ လက်ကိုပဲ တင်းသထက် တင်းအောင် ဆုပ်ကိုင်ထားမိသည်။
ထိုအချိန်မှာ သူတို့ရဲ့ ဘေးမှာ ရှိနေတဲ့ ဝမ်အာကလည်း တုရှောင်ဟွေ့ရဲ့ လက်ချောင်းလေးတွေကို တိတ်တဆိတ် တို့ထိနေခဲ့သည်။ တုရှောင်ဟွေ့က ထိတ်လန့်သွားပုံဖြင့် ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားသည်။ သို့သော်လည်း ခဏအကြာမှာပဲ ရှက်သွေးဖြာစွာ ခေါင်းငုံ့လျက် သူမရဲ့ လက်ကို ပြန်တိုးပေးကာ ဝမ်အာ့အား လက်ကိုင်ခွင့်ပေးလိုက်တော့သည်။
“ အစ်ကိုကျယ်။ ” ဝမ်ရှောင်စစ်က စုန့်ကျယ်ကို တိုးတိုးလေး ခေါ်လိုက်သည်။ “ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုက အစ်မဟွေ့ရဲ့ လက်ကို ဘာလို့ ကိုင်ထားတာလဲ။ ”
ထိုစကားကို ကြားတော့ စုန့်ကျယ်က ဝမ်ရှောင်စစ်ရဲ့ မျက်လုံးကို အမြန် အုပ်လိုက်သည်။ “ မကြည့်နဲ့။ ”
“ ကျွန်တော်က ဘာလို့ ကြည့်လို့ မရတာလဲ။ ”
“ အဲ့လို မြင်ကွင်းမျိုးကို ကြည့်ရင် မင်း မျက်လုံးနာလိမ့်မယ်။ ”
“ ဪ။ ”
ဝမ်ရှောင်စစ်တစ်ယောက် အတွေးနယ်ချဲ့နေမိသည်။ သူ့ဒုတိယအစ်ကိုဟာ ဒီလို လုပ်တာက လူတွေက မျက်စိနာစေမယ်မှန်း သိနေလျက်နှင့်တောင် အစ်မဟွေ့ရဲ့ လက်ကို ဆုပ်ကိုင်ချင်သေးသည်။ သူ ပြီးရင် ဒီကိစ္စကို အမေနှင့် ပြန်တိုင်ပြီး ဒုတိယအစ်ကို,ကို ကောင်းကောင်းလေး ဆူပူခိုင်းမှ ဖြစ်မည်။
“ တာ့ … တာ့ကျွမ်း … ” ဟဲရှောင်ယာသည် မီးရှူးမီးပန်းတွေကို ကြည့်နေရာမှ ခင်ပွန်းဖြစ်သူရဲ့ နာမည်ကို ရုတ်တရက် ခေါ်လိုက်သည်။
“ အမ်။ မင်း ဘာဖြစ်လို့လဲ။ မတ်တပ်ရပ်ရတာ ပင်ပန်းလာလို့လား။ ”
ဟဲရှောင်ယာက မဟုတ်ဘူးဟု ဆိုကာ ခေါင်းခါယမ်းပြသည်။ “ ကျွန်မ ဗိုက်နာလာပြီ … တော်တော်လေးကို နာလာတာ … မီးရှူးမီးပန်းတွေကြောင့် ကလေးလန့်သွားတာလား မသိပါဘူး။ အား … အရမ်း နာတယ် … ”
ဘယ်လို …။
တာ့ကျွမ်း ထိတ်လန့်သွားကာ ဟဲရှောင်ယာရဲ့ ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ “ ဒါဆို ကိုယ်တို့ မြန်မြန် အိမ်ပြန်ကြမယ် … ”
“ ကျွန်မတို့ ပြန်လို့ မရဘူး ၊ ကျွန်မတို့ ပြန်လို့ မရဘူး။ ” ချွန်းနျဉ်က ငယ်သေးပေမဲ့ နေပြည်တော်မှ အများကြီး သင်ယူဖူးတာမို့ ဟဲရှောင်ယာ ဗိုက်နာရတဲ့ အကြောင်းအရင်းကို ချက်ချင်း နားလည်သည်။ “ အစ်မရှောင်ယာ ကလေးမွေးတော့မယ်။ ”
ဟမ် … ။ ရှောင်ယာ ကလေးမွေးတော့မယ် .. ဟုတ်လား။ ဒါပေမဲ့ အခု သူတို့က အပြင်ရောက်နေတာလေ။ သူ … သူ … သူတို့ ဘာလုပ်ရမလဲ။ ဘာလုပ်ရင် ကောင်းမလဲ … ။
ကလေးမွေးခြင်းနှင့် ပတ်သက်လို့ နကန်းတစ်လုံးမှ မသိတဲ့ ညီအစ်ကိုတွေအကုန်လုံး ထိတ်လန့်စွာ တောင့်တင်းသွားကြလေသည်။
“ ရှင်တို့တွေ ဘာရပ်လုပ်နေကြတာလဲ။ ” လီယောင် မရှိတဲ့အခါ ချွန်းနျဉ်က အခြေအနေကို တည်တည်ငြိမ်ငြိမ်ပဲ စတင်ထိန်းချုပ်သွားသည်။ “ အစ်မရှောင်ယာကို အောက်ထပ်ကို ပို့ဖို့ ကျွန်မကို မြန်မြန် လာကူပေးပါ အစ်ကိုတာ့ကျွမ်း။ အစ်ကိုကျယ်ကတော့ ရုံးတော်ကို သွားပြီး ရထားလုံးတစ်လုံး တောင်းခဲ့ပါ။ အစ်ကိုအာကတော့ အရင်ဆုံး အိမ်ပြန်ပြီး ရေနွေးတွေ အများကြီး တည်ထားပေးပါ။ ”
“ နားလည်ပါပြီ။ ”
“ ပြီးတော့ ဝမ်ရှောင်စစ်ကလည်း အမျိုးသမီးလီကို မြန်မြန် သွားရှာပေးပါ။ ”
“ ကောင်းပါပြီ။ ”
မိသားစုဟာ တာဝန်အသီးသီးကို လုပ်ဆောင်ဖို့ လူစုခွဲလာခဲ့ကြသည်။ တာ့ကျွမ်းက ဟဲရှောင်ယာကို တွဲကူပြီး အောက်ထပ်ကို ပို့ပေးပြီးသောအခါ စုန့်ကျယ်က ရထားလုံးတစ်လုံးကို စားသောက်ဆိုင်တံခါးဝထိ ခေါ်လာပြီး ဟဲရှောင်ယာကို မြန်မြန် အိမ်ခေါ်သွားခဲ့သည်။
ဝမ်ရှောင်စစ်က လေလိုအလျင်ဖြင့် မီးရှူးမီးပန်းလွှတ်တင်သည့် နေရာကို ပြေးသွားခဲ့သော်လည်း လီယောင်ကို ဘယ်မှာမှ ရှာမတွေ့သောကြောင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ လက်ကို ဆုပ်ကိုင်ရင်း ချွေးစေးတွေ စီးကျလာခဲ့သည်။
“ ရှောင်စစ်ပါလား။ ဒီမှာ လျှောက်ပြေးမနေနဲ့။ အန္တရာယ်များတယ်ကွ။ ”
“ ကျွန်တော့်အမေ ဘယ်မှာလဲ။ ”
“ အမျိုးသမီးလီ ဒီမှာ မရှိဘူး။ ဘာကိစ္စ ရှိလို့လဲ။ ”
“ ကျွန်တော့်မရီး ကလေးမွေးတော့မယ်။ ”
ပေါ့သေးသေးကိစ္စ မဟုတ်မှန်း ခေါင်းဆောင်ကျန်း သိသွားပေမဲ့ လောလောဆယ် ပိုင်ချွမ်းဈေးထဲမှာ အနည်းဆုံး လူသိန်းချီရှိနေတဲ့အပြင် ညလည်း နက် ၊ မီးရှူးမီးပန်းလွှတ်တင်သံ အကျယ်ကြီးတွေနှင့် ဆူညံနေတာမို့ လီယောင့်ကို ရှာဖို့ မဖြစ်နိုင်ပေ။
“ တရားသူကြီးစုန့်ကို သွားရှာမယ်။ ငါနဲ့ လိုက်ခဲ့။ ”
တရားသူကြီးစုန့်တို့ဇနီးမောင်နှံကလည်း လီယောင့်ရဲ့ အကြီးဆုံးချွေးမ ကလေးမွေးခါနီးအချိန်မှာ လီယောင့်ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး ဆိုတဲ့ သတင်းကို ကြားတော့ စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်သွားကြသည်။
သို့သော် တရားသူကြီးစုန့်သည် အကြံကောင်းတစ်ခုကို အမြန် စဉ်းစားနိုင်ခဲ့ပြီး ခေါင်းဆောင်ကျန်းအား ထိုအကြံအတိုင်း ချက်ချင်း အကောင်အထည်ဖော်ဖို့ ပြောလိုက်၏။
ခေါင်းဆောင်ကျန်းက လူထူထပ်တဲ့ နေရာကို သွားပြီး ထိုပတ်ဝန်းကျင်က လူတွေကို အကျိုးအကြောင်း ပြောပြလိုက်လျှင် ထိုလူတွေကလည်း ကူညီပါမည်ဟု လိုလိုလားလား သဘောတူခဲ့ကြသည်။
အုန်း အုန်း အုန်း —
နောက်ထပ် မီးရှူးမီးပန်း သုံးခု ပေါက်ကွဲဝေဖြာသွားသည်။ ဒီ့ထက် ပိုလှတဲ့ မီးရှူးမီးပန်းတွေ အများကြီး လီယောင် မြင်ဖူးသော်လည်း သူမရဲ့ ဘဝတစ်လျှောက် မြင်ဖူးသမျှထဲမှာ ဒီမီးရှူးမီးပန်းတွေက အလှဆုံးပဲဟု ခံစားရသည်။ အကြောင်းကတော့ သူမကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ မီးရှူးမီးပန်းတွေ ဖြစ်နေလို့ပါပဲ။
လီယောင်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးမရှိ ချီးကျူးနေတုန်းမှာပဲ ပိုင်ချွမ်းဈေးဘက်ကနေ အော်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
“ ခင်ဗျားရဲ့ ချွေးမ ကလေးမွေးနေပြီ အမျိုးသမီးလီ။ မြန်မြန် အိမ်ပြန်လာခဲ့ပါ။ ”
“ ခင်ဗျားရဲ့ ချွေးမ ကလေးမွေးနေပြီ အမျိုးသမီးလီ။ မြန်မြန် အိမ်ပြန်လာခဲ့ပါ။ ”
…
အသံတွေက ကျယ်သထက် ကျယ်လာပြီး လူထောင်ချီ တညီတညွှတ်တည်း အော်ပြောနေသလားတောင် ထင်မှတ်မှားရကာ မီးရှူးမီးပန်းပေါက်ကွဲသံတွေကိုတောင် ဖုံးအုပ်သွားခဲ့သည်။
လီယောင်က မြက်ခင်းပေါ်မှာ လဲလျောင်းနေရာမှ ငါးကြင်းတစ်ကောင်လိုမျိုး ဖျတ်ခနဲ မတ်တပ်ထရပ်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်မိသည်။
ဒီလို ရူးမိုက်တဲ့ စိတ်ကူးက ဘယ်သူ့စိတ်ကူးလဲ။ သူမ အဘွားဖြစ်သွားပြီ ဆိုတဲ့ သတင်းကို လူမသိမှာ စိုးရိမ်နေတာလား … ။