← Chapters

ငါ လက်မခံဘူးလို့ ဘယ်သူ ပြောလဲ။

Vol. 16 Ch. 172

ငါ လက်မခံဘူးလို့ ဘယ်သူ ပြောလဲ။

Vol. 16 Ch. 172

လီယောင် အိမ်ပြန်ရောက်သောအခါ သူမရဲ့ အိမ်မှာ ဝမ်မိသားစုတစ်ခုလုံး ရောက်နေပြီး အနည်းဆုံးအားဖြင့် လူဒါဇင်ပေါင်းများစွာ ရှိသည်။ ဝမ်မိသားစု၏ လေးဆက်မြောက် မျိုးဆက်ရဲ့ ပထမဆုံး ကလေးကို မွေးဖွားတာအပြင် လီယောင့်မိသားစုလည်း ဖြစ်နေတော့ အရေးကြီးတဲ့ ထိပ်တန်း ပွဲအခမ်းအနားတစ်ခုလိုပါပဲ။

ဘိုးအေကြီး ဖြစ်တော့မယ့် သခင်ကြီးဝမ်သည် ပါးစပ်မစေ့‌နိုင်အောင်ပင် ပြုံးရယ်ပျော်ရွှင်နေခဲ့သည်။ ဝမ်ရွှယ်ရှစ်ကတော့ အရာအားလုံးကို ပိုလို့တောင် စီမံကွပ်ကွဲနေပြီး ပစ္စည်းတွေကို အစီအစဉ်တကျ နေရာချနေ၏။

အိုးထဲမှာ ရေတွေ ပွက်ပွက်ဆူနေပြီ ဖြစ်ကာ ဖိတ်ခေါ်ထားတဲ့ လက်သည်နှစ်ယောက်က ညှပ်တွေကို ရေနွေးပူပူထဲမှာ ပြုတ်ပြီးမှ သန့်ရှင်းတဲ့ တဘက်ပေါ်မှာ အသုံးပြုဖို့ တင်ထားလိုက်သည်။

လီယောင် ပြန်ရောက်လာတာကို မြင်တော့ ဝမ်ရွှယ်ရှစ်က အဝတ်အိတ်ကို ဖွင့်ပြီး အင်္ကျီ‌သေးသေးလေးတွေ ၊ ဖိနပ်သေးသေးလေးတွေကို ထုတ်ပြသည်။

“ နင့်မှာ ဒါမျိုးတွေ ချုပ်ဖို့ အချိန်မရှိဘူး ဆိုတာ ငါ သိတယ်။ အဲ့ဒါကြောင့် ကြိုပြီး ပြင်ဆင်ထားတာ။ ” ဟု ဝမ်ရွှယ်ရှစ်က ပြောသည်။ “ ဒီအင်္ကျီလေးတွေကို ငါ့ရဲ့ ဒုတိယချွေးမ ချုပ်ထားတာ ၊ ဖိနပ်လေးတွေကိုတော့ ငါ့ရဲ့ တတိယချွေးမ ချုပ်ထားတာ။ ယိကျိုးစီရင်စုကနေ ငါ့ရဲ့ လေးယောက်မြောက်သား ဝယ်လာတဲ့ စောင်လေးတွေလည်း ရှိသေးတယ်။ ”

အမှန်တကယ်လည်း လီယောင် ဒီလို ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ မတွေးဖူးပါ။ ပြောရရင် သူမကိုယ်တိုင်က အတွေ့အကြုံမရှိတာကြောင့် ဘယ်လို ချုပ်ရမလဲ ဆိုတာလည်း မသိ။ လိုအပ်တဲ့ ပစ္စည်းကို လိုအပ်တဲ့ အချိန်မှာ ဝယ်နိုင်ဖို့ ပိုက်ဆံနှင့် ငွေချောင်းတွေကိုသာ ပြင်ဆင်ထားခဲ့မိသည်။

အခု သူမရဲ့ ယောက္ခမက အစစအရာရာ ပြင်ဆင်ပေးလာသောအခါ သူမလည်း သဘာဝကျစွာပင် စိတ်အေးသွားရသည်။

“ အခြေအနေ ဘယ်လိုလဲ။ ”

“ အဆင်ပြေပါတယ်။ လက်သည်တစ်ယောက် ပြောတာတော့ ရှောရှောရှူရှူ မွေးလိမ့်မယ်တဲ့။ ” ဟု ဝမ်ရွှယ်ရှစ်က ပြောသည်။ “ ဒါပေမဲ့ လက်သည်တွေမှာ နင် တီထွင်ထားတဲ့ ညှပ်တွေ ရှိတော့ ကလေးက အနေအထားမမှန်တာတို့ ၊ ဘာတို့ ဖြစ်ပြီး မွေးရခက်နေရင်တောင် ပြဿနာကြီးကြီးမားမား ရှိမှာ မဟုတ်ပါဘူး။ ”

ကလေးမီးဖွားတဲ့ နေရာမှာ ညှပ်တွေက တကယ့်ကို အသုံးဝင်တဲ့ တီထွင်မှုကောင်းတစ်ခုပင်။ ဒီညှပ်တွေ မရှိခင်တုန်းက အမျိုးသမီးတွေအတွက် ကလေးမွေးရတာ တစ္ဆေဂိတ်တံခါးကို ဖြတ်ကျော်သွားရသလို အသက်နှင် ရင်းခဲ့ရသည်။

လီယောင် အခန်းထဲကို လျှောက်ဝင်သွားလိုက်တော့ ချွန်းနျဉ်နှင့် တုရှောင်ဟွေ့က လက်သည်ဘေးနားမှာ လိုအပ်တာတွေ ကူညီပေးနေပြီး တာ့ကျွမ်းကတော့ ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တစ်ကောင်လို အရှေ့လျှောက်လိုက် ၊ အနောက်လျှောက်လိုက်ဖြင့် ယောက်ယပ်ခတ်နေတာကို မြင်လိုက်ရသည်။

ကြည့်ရတာ သူမအတွက် အထူးတလည် လုပ်စရာ မရှိပုံပါပဲ။ သိပ်မကြာလိုက်ဘဲ တရားသူကြီးကတော်လည်း ရထားလုံးတစ်စီးနှင့် ရောက်ချလာသည်။

“ ဘာလို့ လိုက်လာတာလဲ တရားသူကြီးကတော်ရယ်။ ”

“ ကျွန်မလည်း စိတ်ပူလို့ လာကြည့်တာပါ။ ”

“ ဒါဆို ကျွန်မရဲ့ အခန်းထဲမှာ လာထိုင်နေပါ။ တရားသူကြီးကတော်လည်း ပင်ပန်းနေမှာပေါ့။ ”

လီယောင်သည် တရားသူကြီးကတော်ကို သူမရဲ့ အခန်းထဲ ခေါ်လာပြီး ခဏလောက် စကားစမြည်ပြောနေတုန်းမှာပဲ အပြင်ဘက်ကနေ “ မွေးပြီ မွေးပြီ ” ဆိုတဲ့ အော်သံတွေ ထွက်ပေါ်လာ၏။ လီယောင် အခန်းပြင်ကို အမြန် ထွက်လာခဲ့လျှင် လက်သည်သည် ကလေးကို အနှီးထုပ်ထဲမှာ ထွေးပွေ့၍ ချီထားခဲ့လေသည်။

“ ဂုဏ်ပြုပါတယ် သခင်မလီ။ ”

လီယောင် ကလေးကို လက်ပြောင်းယူပြီး မပွေ့ချီဖြစ်ပါ။ ဆက်စပ်ဗဟုသုတတွေ မရှိရင်တောင် မွေးကင်းစကလေးတွေက အလွန် နူးညံ့ပြီး ထိလွယ်ရှလွယ်တာမို့ လူတွေ အများကြီး လက်လွှဲယူပြီး ပွေ့ချီတာ မကောင်းဘူး ဆိုတာကိုတော့ နားလည်သည်။

“ သူ့ကို မြန်မြန် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ”

“ အိုး။ ဟုတ်ကဲ့ပါရှင်။ ”

လက်သည်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ကလေးက မိန်းကလေးလို့တောင် သူမ မပြောရသေးပါဘူး ၊ ဘာလို့ သခင်မလီက သူ့မြေးမလေးကို ခဏတဖြုတ်တောင် မပွေ့ချီနိုင်လောက်အောင် စိတ်မချမ်းမသာဖြစ်နေတာပါလိမ့် … ။

ဝမ်မိသားစုရဲ့ ဒီအကြီးဆုံးချွေးမလေးရဲ့ နောက်ပိုင်း နေ့ရက်တွေက ခက်ခဲလောက်သည် … ။

လီယောင်သည် တံခါးဝမှာ ခဏ ရပ်နေပြီး ကလေးကို ချွန်းနျဉ်နှင့် ဟဲရှောင်ယာတို့ ဆေးကြော‌သန့်စင်တာကို ကြည့်နေပြီးမှ အခန်းထဲ ဝင်လာခဲ့လိုက်သည်။

နည်းနည်းလေး အားနည်းနေတာက လွဲလို့ ဟဲရှောင်ယာ နေရထိုင်ရ အဆင်ပြေပါသည်။ ညှပ်တွေကိုတောင် အသုံးပြုစရာမလိုလိုက်တာကလည်း သတင်းကောင်းပဲ ဖြစ်သည်။

လက်သည်က ဟဲရှောင်ယာကို နည်းနည်းပါးပါး နှစ်သိမ့်ပေးပြီးတော့မှ အနှီးထုပ်ကို ပိုက်လျက် လီယောင့်ဆီ ပြန်ရောက်လာသည်။

လီယောင်က ကလေးကို လက်လွှဲယူပြီး အမေဆီက ချောမောလှပသော ရုပ်ရည်သွင်ပြင်တွေကို အမွေဆက်ခံထားကာ ပန်းရောင်သမ်းပြီး နူးညံ့နေသည့် ကလေးမလေးကို သေချာ ကြည့်လိုက်သည်။ သူမလေးရဲ့ မျက်လုံးဝိုင်းလေးတွေက တာ့ကျွမ်းနှင့် တစ်ထေရာတည်းတူကာ အလွန် ချစ်စရာကောင်းသည်။

လီယောင်သည် ကြိုတင်ပြင်ဆင်ထားတဲ့ ရွှေချိတ်လေးကို ထုတ်ပြီး ကလေးရဲ့ ခြေထောက်လေးတွေမှာ တပ်ဆင်ပေးရင်း စိတ်ထဲမှာလည်း အနည်းငယ် ရှုပ်ထွေးသွားသည်။ သူမက အခုမှ သုံးဆယ်စွန်းစွန်းပဲ ရှိသေးတာကို အဘွားဖြစ်သွားပြီတဲ့လား … သူမရဲ့ ဝါကတော့ တဖြည်းဖြည်း ကြီးသထက် ကြီးလာတော့တာပဲ။

လီယောင် အနည်းငယ် မျက်မှောင်ကြုတ်သွားတာကို မြင်တော့ လူတိုင်းရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်သွားသည်။

အထူးသဖြင့် ဟဲရှောင်ယာရဲ့ နှလုံးသားဟာ ချောက်ကမ်းပါးအောက်ခြေကို နစ်မြုပ်သွားသည်။ အမေက ယောက်ျားလေးနှင့် မိန်းကလေးဟာ အတူတူပါပဲလို့ အရင်တုန်းက အမြဲ ပြောခဲ့ပေမဲ့ အဆုံးသတ်မှာတော့ မြေးမလေးကို သဘောမကျဘဲ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကို ရုပ်ဆိုးတယ်လို့ သတ်မှတ်လိုက်တာပဲ မဟုတ်လား။

တာ့ကျွမ်းကတော့ သမီးဖြစ်သူကို လီယောင့်လက်ထဲက ပြန်ယူရင်း လီယောင့်ရဲ့ အမူအရာကို သတိမထားမိဘဲ ရူးသွမ်းသွမ်း ပြုံးပြနေခဲ့သည်။

သူတို့ရဲ့ မျက်နှာအမူအရာတွေ အကုန်လုံးကို အကဲခတ်မိတဲ့ လက်သည်ကပဲ ကလေးကို အမြန် ပြန်ယူပြီး ဟဲရှောင်ယာဘေးမှာ ဖြည်းညင်းစွာ သွားထားလိုက်သည်။ “ ကလေးငိုရင် နင် သူ့ကို နို့တိုက်ကြည့်လို့ ရတယ်။ ”

“ ဟုတ်ပြီ။ ချွန်းနျဉ်ပဲ ဒီမှာ နေခဲ့မယ် ၊ ကျန်တဲ့ လူတွေ အကုန်လုံး အပြင်ထွက်ကြမယ်။ ရှောင်ယာ အနားယူနေတာကို မနှောင့်ယှက်နဲ့။ ”

လူတိုင်း နာခံစွာ ထွက်သွားကြသောအခါ လက်သည်က ကလေးမွေးထားတဲ့ အခင်းအကျင်းကို သန့်ရှင်းရေးလုပ်ပြီး အိမ်ပြန်ဖို့ ဟန်ပြင်လိုက်သည်။ ကလေးက ဝဝဖြိုးဖြိုး ယောက်ျားလေးတစ်ယောက်သာ ဆိုရင် ဒီည လုပ်အားခက သေချာပေါက် ပိုများလိမ့်မည်။

ဒါပေမဲ့ မွေးလာတဲ့ ကလေးက မိန်းကလေးဖြစ်နေတော့လည်း သူမရဲ့ ကံကိုသာ ကံမကောင်းဘူးလို့ ယိုးမယ်ဖွဲ့ရပါတော့မည်။

“ သခင်မလီ … ဒါဆို ကျွန်မ ပြန်တော့မယ်နော်။ ”

“ ကောင်းပါပြီ။ ”

လီယောင်က တုရှောင်ဟွေ့က မျက်ရိပ်မျက်ကဲပြလိုက်တော့ တုရှောင်ဟွေ့က လက်သည်အား စာအိတ်နီတစ်လုံးကို ချက်ချင်း ပေးလိုက်သည်။

လက်သည်ဟာ စာအိတ်နီကို လက်နှစ်ဖက်ဖြင့် ယူရင်း အထဲမှာ အလေးချိန်သိပ်မရှိဘူးဟု ခံစားလိုက်ရသောကြောင့် ပိုလို့တောင် စိတ်ပျက်သွားမိသည်။ သို့သော် စာအိတ်ကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အထဲမှာ ရှိနေတာက အကြွေစေ့တွေ မဟုတ်ဘဲ ငွေချောင်းတွေ ဖြစ်နေတာကို မြင်လိုက်ရလေလျှင် ချက်ချင်းပဲ အံ့ဩဆွံ့အသွားရလေသည်။ စုစုပေါင်း ငွေချောင်း နှစ်ချောင်းတောင်မှပဲ … ။

“ အမျိုးသမီးလီ … ကျွန်… ကျွန်မကို ဒီလောက် အများကြီး ပေးတာလား။ ”

“ အချိန်က နောက်ကျနေပြီလေ။ ရှင်လည်း အပင်ပန်းခံပြီး ကြိုးစားပေးထားတာ ဆိုတော့ ဒီလောက်တော့ ရသင့်ပါတယ်။ ”

“ ကျေးဇူးတင်ပါတယ် အမျိုးသမီးလီ။ ”

လီယောင်သည် လက်သည် အိမ်ပြန်သွားပြီးနောက် ဟဲရှောင်ယာကို ဂရုစိုက်ပေးဖို့ နေခိုင်းထားတဲ့ တာ့ကျွမ်းနှင့် ချွန်းနျဉ်က လွဲလို့ ကျန်တဲ့ လူတွေအကုန်လုံးကို သွားအိပ်ခိုင်းလိုက်၏။ မိခင်နှင့်ကလေး ဘေးကင်းလုံခြုံနေသရွေ့ နာမည်ပေး ကင်ပွန်းတပ်ခြင်းနှင့် အောင်ပွဲခံခြင်းကို မနက်ဖြန်အထိ စောင့်လို့ ရသည်။

တာ့ကျွမ်းက မနက်ကတည်းကနေ တစ်ညလုံး မအိပ်ရသေးတာကြောင့် အရမ်း ပင်ပန်းနေပြီး ခဏကြာတော့ သူလည်း သွားအိပ်သည်။ ထို့ကြောင့် အခန်းထဲမှာ ဟဲရှောင်ယာ ၊ ချွန်းနျဉ်နှင့် အိပ်ပျော်နေတဲ့ ကလေးလေးပဲ ကျန်ရစ်ခဲ့သည်။

“ ချွန်းနျဉ်။ ” ဟဲရှောင်ယာတစ်‌ယောက်ကတော့ လုံးဝ အိပ်မပျော်နိုင်‌ပါ။ “ ဘာပဲပြောပြော တကယ်တော့ အမေက မိန်းကလေးတွေကို သဘောမကျဘူးနဲ့ တူတယ်နော်။ ”

ချွန်းနျဉ်လည်း သက်ပြင်းပဲ ရှိုက်ကာ ဘာမှ ပြန်မပြောနိုင်။ မြေးထက် မြေးမကို ပိုသဘောကျတဲ့ ဘိုးဘွားရယ်လို့ ရှိလို့လား … ။ မြေးမလေးတွေကို မြေးတွေနှင့် တန်းတူ သဘောကျပါသည်ဟု ဝတ်ကျေတန်းကျေ ပြောတဲ့ အဘိုးအဘွားတွေကို သူမလည်း မြင်ဖူးပါသည်။ ဒါပေမဲ့ အဲ့ဒါက အပေါ်ယံ အပြောသက်သက်မျှသာ ဖြစ်သည်။

အမှန်စင်စစ် မိန်းကလေး ထွက်လာရင် တော်တော်များများရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက် အမူအရာတွေ ထင်ဟပ်သွားကြသည်ချည်းသာ။ ထိုလူတွေနှင့် ယှဉ်လိုက်ရင် သခင်မလီက တော်သေးသည်။

ဟဲရှောင်ယာက “ ဒါတွေအားလုံးက ငါ မကောင်းလို့ပါပဲလေ။ ” ဟု မျက်ရည်များကြားမှ ပြောလိုက်သည်။ “ အမေက ငါ့ကို လိုလေသေးမရှိ ဂရုစိုက်ပေးတာတောင် ငါက သူ့အတွက် မြေးဦးလေး မွေးမပေးနိုင်ဘူး။ ”

“ အဲ့လို မတွေးပါနဲ့ အစ်မရှောင်ယာရယ်။ ” ဟု ချွန်းနျဉ်က နှစ်သိမ့်ပေးသည်။ “ သခင်မလီက အစ်မကို တကယ် စိတ်ရင်းစေတနာနဲ့ ဂရုစိုက်ပေးတာပါ။ လွန်ခဲ့တဲ့ တစ်လတုန်းကဆို အစ်မ အာဟာရရှိအောင် စွပ်ပြုတ်တိုက်ဖို့ ဆိုပြီး တောကြက်တွေ အများကြီး ဖမ်းပြီး မွေးထားတာ။ ”

ဟဲရှောင်ယာ ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။ ချွန်းနျဉ်က ဒီလို စကားတွေ ပြောလေ ၊ သူမရဲ့ ခံစားချက်က ပိုဆိုးလေပါပဲ။ ဝမ်းနည်းစိတ်ကြောင့် နှာခေါင်းထဲမှာ မွှန်တက်လာကာ ရင်ဘတ်ထဲမှာ ကြေကွဲဆို့နင့်မှုတို့ဖြင့် တင်းကျပ်နေသည်။

…

နောက်တစ်နေ့မနက် လီယောင် အပြင်မှာ လေ့ကျင့်ခန်းလုပ်ပြီးတော့ အိမ်ပြန်လာခဲ့သည်။ တာ့ကျွမ်းနှင့် ချွန်းနျဉ်ကတော့ မီးဖိုချောင်ထဲမှာ မနက်စာ ချက်နေကြပြီး တစ်နေ့လုံး အလုပ်,လုပ်ရမယ့် တာ့ကျွမ်းက မနက်ခင်းမှာ ဗိုက်ပြည့်အောင် စားထားဖို့ လိုအပ်သောကြောင့် ပေါင်မုန့်တွေ ပေါင်းကာ ဆန်ပြုတ်ကျိုနေခဲ့သည်။

ချွန်းနျဉ်က မီးဖိုလေးပေါ်မှာ ကြက်စွပ်ပြုတ်ကို မီးအေးအေးနှင့် မျှင်း၍ တည်ထားသည်။ လီယောင်က အိုးအဖုံးကို လှန်ပြီး တစ်ချက် သွားကြည့်လိုက်တော့ ဖြူလျော်လျော်ဖြစ်နေတဲ့ စွပ်ပြုတ်ကို မြင်လိုက်ရလေသည်။ “ နင် စွပ်ပြုတ်မတည်ခင် မွှေကြော်မထားဘူးလား။ ”

“ အမျိုးသမီးတွေက မီးဖွားကာလမှာ အရမ်း အဆီများတဲ့ အစားအသောက်တွေကို စားလို့ မရဘူးတဲ့ သခင်မလီ။ အဲ့ဒါ‌ကြောင့် ကျွန်မ မွှေကြော်မလုပ်ခဲ့တာပါ။ ”

“ မွှေကြော်လုပ်မထားတဲ့ ကြက်စွပ်ပြုတ်က မမွှေးဘူး။ နောက်တစ်ခေါက် ကြက်စွပ်ပြုတ် ပြုတ်ရင် ဆီများများ ထည့်ပြီး မွှေကြော်ဖို့ မမေ့နဲ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မီးဖွားကာလမှာ အဆီများတဲ့ အစားအသောက်တွေ စားတာ ၊ မစားတာကိုတော့ စိုးရိမ်မနေနဲ့။ ရှောင်ယာ စားချင်တဲ့ အစားအသောက်မှန်သမျှ စားပါစေ။ ”

“ ဟုတ်ကဲ့။ နားလည်ပါပြီ။ ”

“ ကြက်သားချည်းပဲ မစားနဲ့။ ” လီယောင်က တစ်ချက် စဉ်းစားလိုက်သည်။ “ ငါးကြင်းစွပ်ပြုတ် သောက်ရင် နို့ထွက်အားကောင်းတယ်လို့ ငါ ကြားဖူးတယ် ၊ ငါးမည်းကလည်း အနာကျက်မြန်စေတယ်တဲ့။ ငါ ခဏနေရင် ရေလှောင်တမံကို သွားပြီး ငါးသွားဖမ်းဦးမယ်။ နင်လည်း ငါ့ကို လိုက်ကူပေးလှည့်။ ”

ချွန်းနျဉ်တစ်ယောက် အံ့ဩသွားသည်။ “ သခင်မကိုယ်တိုင် ရေလှောင်တမံကို သွားပြီး ငါးဖမ်းမလို့လား။ ”

“ ဘာလို့လဲ။ အဲ့ဒါက ခွင့်ပြုမထားလို့လား။ ”

“ မဟုတ်ပါဘူး။ ဒါ … ဒါပေမဲ့ … ”

လီယောင်က “ ငါ ငါးဖမ်းနိုင်မှာ မဟုတ်ဘူးလို့ နင် ထင်နေတာလား။ ” ဟု ဆိုကာ ပြုံးလိုက်သည်။ “ စိတ်မပူပါနဲ့။ ရှောင်ယာ့ကျန်းမာရေးအတွက် ကောင်းမယ် ဆိုရင် ငါ မဖမ်းနိုင်တဲ့ ငါး မရှိဘူး။ ”

မနက်စာကျက်သွားပြီး ကြက်စွပ်ပြုတ်လည်း ပွက်ပွက်ဆူလာသည်နှင့်တစ်ပြိုင်နက် မီးနေခန်းထဲက ထွက်လာလို့ မရတဲ့ ဟဲရှောင်ယာအတွက် တာ့ကျွမ်းက အစားအသောက်တွေကို သွားပို့ပေးခဲ့သည်။

တရားသူကြီးကတော်ကလည်း မနေ့ညတုန်းက အိမ်မပြန်တယမို့ ဒီမနက် မနက်စာကို လီယောင်တို့မိသားစုနှင့်အတူတူ စားသည်။

လီယောင်သည် ပေါင်မုန့်တွေ အများကြီး စားပြီးမှ ဒီမနက် မနက်စာဝိုင်းက တော်တော်လေး ခြောက်ကပ်နေတာကို သတိထားမိသွားသည်။ ခါတိုင်းဆို စကားများနေကျ စုန့်ကျယ်ပင်လျှင် ခေါင်းငုံ့ပြီး အစားကိုသာ စားနေလေသည်။

“ နင်တို့အားလုံး ဘာဖြစ်နေကြတာလဲ။ ဘာလို့ ဘယ်သူမှ စကားမပြောကြတာလဲ။ ”

လီယောင့်မေးခွန်းကြောင့် အကုန်လုံး ထိတ်လန့်သွားသည်။ သူတို့ စကားမပြောတာ မဟုတ်ဘဲ ပြောချင်လျက်နှင့် မပြောရဲတာပါ။ မရီးက မိန်းကလေးမွေးလို့ အမေတို့လူကြီးတွေ သဘောမကျဘူး ဆိုတာကို လူတိုင်း သိတာပဲ။ အဲ့ဒါကို ဘယ်သူက စကားသံထွက်ရဲမှာလဲ … ။

ဘာတုံ့ပြန်သံမှ ထွက်မလာသောအခါ လီယောင်က “ အိုး ၊ ဟုတ်သားပဲ။ ဒါနဲ့ ရှောင်ယာက သားလေးမွေးတာလား ၊ သမီးလေး မွေးတာလား။ ” ဟု ထပ်မေးလိုက်လျှင် အကုန်လုံး နှစ်ဆတိုး၍ ထိတ်လန့်သွားကြသည်။

အဲ့ဒါကို သူမ အခုထိ မသိသေးတာလား။ ကလေးမွေးတဲ့အခါ ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာက အရေးကြီးဆုံးပဲလေ။ အဲ့ဒီလောက် အရေးကြီးတဲ့ အရာကို ပထမဆုံး အတည်မပြုတဲ့ မိသားစု ရှိလို့လား … ။

….

All Chapters