← Chapters

အတူတူ နာမည်ပေးမယ်။

Vol. 16 Ch. 173

အတူတူ နာမည်ပေးမယ်။

Vol. 16 Ch. 173

လီယောင်က အကုန်လုံးရဲ့ ဇဝေဇဝါအကြည့်တွေကို ကြည့်ကာ ဘာကိုမှ မသိသော ပကတိ ရိုးစင်းသည့် အမူအရာဖြင့် မေးလိုက်သည်။ “ ငါက အဲ့ကိစ္စကို ဘာလို့ မဖြစ်မနေ သိရမှာလဲ။ လက်သည်ကလည်း ငါ့ကို ဘာမှ ပြောမသွားဘူး။ ”

“ အဟမ်း … အမျိုးသမီးလီ … ” တရားသူကြီးကတော်လည်း ခေါင်းမူးနောက်နောက်ဖြစ်လာကာ ဝင်ပြောလိုက်သည်။ “ ပုံမှန် အခြေအနေတွေမှာ လက်သည်က ဘာမှ မပြောရင် မိန်းကလေးပါ။ အဲ့ဒါက သတင်းဆိုးကို မကြေညာဘဲ သတင်းကောင်းကို ကြေညာတာလို့ ခေါ်တယ်။ ”

ဟင် … ။ ဒီစကားပုံကို လီယောင် အမှန်တကယ်ပင် မကြားဖူးပေ။ “ ဒါဆို မိန်းကလေးပေါ့။ ”

လူတိုင်း အသံတိတ် ခေါင်းညိတ်ပြပြီး လီယောင့်ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်ကြသည်။

“ နာမည်ရော ပေးပြီးပြီလား။ ”

ထမင်းစားပွဲမှာ ထိုင်နေတဲ့ လူများ : …

သခင်မ ဘာမှ မပြောသေးဘဲ ဘယ်သူက နာမည်ပေးရဲမှာလဲ။

“ မင်း ပိုပြီး အာရုံစိုက်သင့်တယ် တာ့ကျွမ်း။ မင်းက ကိုယ့်သမီးရဲ့ နာမည်ကိုတောင် ဂရုမစိုက်ဘူး။ ”

“ အမေ။ ” တာ့ကျွမ်းက ကိုးရိုးကားရားနိုင်စွာ ပြုံးရင်း ပြန်ပြောသည်။ “ ကလေးကို နာမည်ပေးတဲ့ လူက အမေပဲ ဖြစ်သင့်တာ‌ပါ။ ”

“ ငါက ကလေးကို နာမည်ပေးရမယ် …… ”

မင်းက အဖေလေ။ အဲ့ဒါနဲ့တောင် ကိုယ့်သမီးကို နာမည်ပေးရမယ့် ကိစ္စကို ခေါင်းရှောင်နေတာလား။

သို့သော်လည်း နာမည်ရွေးချယ်ရတာက တော်တော်လေး ပျော်စရာကောင်းမည့်ပုံပေါ်သည်။ လီယောင်က ခဏ စဉ်းစားပြီးမှ “ ဒီလို ဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့ညီအစ်ကိုလေးယောက်လုံးမှာလည်း သင့်တော်တဲ့ နာမည်ကောင်းကောင်းလေးတွေ မရှိသေးဘူး ဆိုတော့ ဒီနေ့ မင်းတို့အကုန်လုံးကို နာမည်အသစ်တွေ မှည့်ပေးလိုက်မယ်။ ” ဟု ပြောလိုက်သည်။

ဝမ်အာရဲ့ မျက်နှာ တောက်ပသွားသည်။ သူ နာမည်အသစ် လိုချင်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။ စီရင်စုစာမေးပွဲက မကြာခင် ရောက်တော့မှာ ဖြစ်ပြီး သူ့မှာ အခုထိ နာမည်ကောင်းကောင်းလေး မရှိသေးဘဲ လူတိုင်းက ဝမ်အာလို့သာ အမြဲ ခေါ်နေကြသည်။ မနေ့တုန်းကတောင် ရှုယို့ခိုင်နှင့် တခြားကျောင်းသားတွေက ကဗျာရွတ်ပွဲမှာ သူ့နာမည်ကို လှောင်ပြောင်သွားကြသေးသည်။

လီယောင်က သူမရဲ့ တူတွေကို စားပွဲပေါ် ချလိုက်သည်။ “ အငယ်ဆုံးကနေ စကြတာပေါ့။ ”

“ အဲ့ဒါဆို ကျွန်တော်ကနေ စမှာ မဟုတ်လား။ ” ဝမ်ရှောင်စစ်သည် ပျော်ရွှင်စွာ ရယ်မောလိုက်သော်လည်း သူက မိသားစုထဲမှာ အငယ်ဆုံး မဟုတ်တော့တာကို ရုတ်တရက် ပြန်သတိရသွားသည်။ အခုဆို သူက ဦးလေးဖြစ်နေပါပြီ။ “ မဟုတ်ဘူး။ ကျွန်တော်တို့ ကလေးမလေးကနေ စသင့်တယ်။ ”

သူ့သမီးကို နာမည်ပေးတော့မယ် ဆိုတဲ့ အသံကို ကြားသည်နှင့် တာ့ကျွမ်းတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူ့ရဲ့ ချစ်စရာ သမီးလေးမှာ နာမည်လှလှလေးတစ်ခု ရှိလာတော့မှာ သေချာပါသည်။

“ ကလေးက မနေ့ညတုန်းက မွေးတာနော်။ ” လီယောင်က တွေးတွေးဆဆ ပြောလိုက်သည်။ “ မနေ့ညက ချီရှီပွဲတော်နေ့ပဲ ၊ မီး‌ရှူးမီးပန်းတွေလည်း အများကြီး ဖောက်ခဲ့တာ။ အဲ့တော့ သူ့နာမည်ကို ဝမ်ယန်ရန်လို့ ပေးလိုက်မယ်။ ဘယ်လိုလဲ။ ”

“ ဟို … ” ဝမ်အာက တွန့်ဆုတ်စွာ မေးသည်။ “ အဲ့ဒါက သူ့ရဲ့ အတည်တကျ နာမည်လား ၊ အိမ်နာမည်လား။ ”

“ အိမ်နာမည်တွေ ထပ်မပေးတော့ဘူး။ ဝမ်ယန်ရန် ဆိုတဲ့ နာမည်က ကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ အတည်တကျ အသုံးပြုသွားမယ့် နာမည်ပဲ။ ”

“ သု့မျိုးရိုးနာမည်က … ”

ဝမ်အာ ထိုမျှသာ ပြောပြီး စကားမဆက်ဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် မျိုးရိုးနာမည် ဆိုတာ မိန်းကလေးတွေ အဲ့လောက် အရေးကြီးတာ မဟုတ်။ မိန်းကလေး‌ အများစုက သင့်တော်တဲ့ နာမည် မရှိဘဲ ဘဝကို ဖြတ်သန်းကြရတာ များသည်။ အမေတစ်ယောက် ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတောင် ဟဲရှောင်ယာလို့ ဆက်အခေါ်ခံနေရတဲ့ သူ့မရီးလိုပေါ့။

“ ကောင်းလိုက်တာ။ သိပ်ကို လှတဲ့ နာမည်လေးပဲ။ ” ဟု တရားသူကြီးကတော်က အပြုံးလေးဖြင့် ပြောသည်။ “ အနာဂတ်မှာ ဒီကလေးလေးက သေချာပေါက် လှပဖြောင့်ဖြူးတဲ့ ကံကြမ္မာကို ပိုင်ဆိုင်ရလိမ့်မယ်။ ”

ကလေးရဲ့ နာမည်ကို ဆုံးဖြတ်ပြီးသွားပြီမို့ ညီအစ်ကိုလေးယောက်ရဲ့ အလှည့်ရောက်လာ၏။ လီယောင်က “ ဟုတ်သားပဲ။ ဝမ်မိသားစုက နာမည်တွေကို မျိုးရိုးအလိုက် ဘယ်လို စီစဉ်ထားတာလဲ။ ” ဟု ထပ်မေးလိုက်သည်။

ထမင်းစားပွဲမှာ ထိုင်နေတဲ့ လူများ : …

တရားသူကြီးကတော်လည်း အံ့ဩသွားသည်။ အိမ်ရဲ့ သခင်မ ဖြစ်တဲ့ လီယောင်က ဘယ်လိုလုပ် ဒါကိုတောင် မသိရတာလဲ … ။ အပြင်လူတွေ မရှိလို့ တော်သေးရဲ့။ မဟုတ်ရင် သွားပုပ်လေလွင့်စကားတွေ သေချာပေါက် ပျံ့သွားလိမ့်မည်။

ဝမ်အာက “ ကျုံးဟို ချွမ်ကျားယွမ် ၊ ရှစ်ရှု ကျီရှစ်ကျန်း ဆိုပြီး အစဉ်လိုက် သွားတာပါ။ ကျွန်တော်တို့မျိုးဆက်အတွက် ဆိုရင်တော့ ကဗျာစာပေနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေ ဖြစ်မယ် ထင်တယ်။ ” ဟု အမြန် ပြောလိုက်ရသည်။

ကဗျာစာပေ စကားလုံးတွေက ယောက်ျားလေးနာမည်အတွက် သင့်တော်တဲ့ ရွေးချယ်မှုနှင့်တော့ မတူပေ။

လီယောင်သည် ဝမ်ရှောင်စစ်အတွက် နာမည်တစ်ခု ရွေးချယ်ပေးလိုက်၏။ “ ရှောင်စစ် … မင်းက အပြေးမြန်တယ် ဆိုတော့ ဒီနေ့က စပြီး မင်းနာမည်က ဝမ်ရူဖန့် ဖြစ်သွားပြီ။ ”

ဝမ်ရှောင်စစ် : ???

ထမင်းစားပွဲမှာ ထိုင်နေတဲ့ လူများ : …

ဝမ်အာတစ်ယောက် ဘယ်လိုမှ မတတ်နိုင်တော့ဘဲ လီယောင့်ကို “ ဒီနာမည်ထဲမှာ ကဗျာစာပေနဲ့ သက်ဆိုင်တဲ့ စကားလုံး မပါဘူးနော် အမေ။ ” ဟု သတိပေးလိုက်ရသည်။

“ မပါတော့လည်း မပါဘူးလို့ပဲ မှတ်လိုက်ပေါ့။ အခုက စပြီး ငါတို့မိသားစုရဲ့ နာမည်တွေကို လွတ်လွတ်လပ်လပ်ပဲ မှည့်ဆိုသွားမယ်။ မျိုးရိုးစဉ်ဆက် နာမည်တွေကိုတြော မင်းတို့ သုံးချင်ရင် သုံးလို့ ရတယ်။ မသုံးချင်ရင်လည်း ကိစ္စမရှိဘူး။ မင်း ဒီနာမည်ကို သဘောကျလား ဝမ်ရှောင်စစ်။ ”

“ ကျွန်တော် သဘောကျတယ်။ ” ဝမ်ရူဖန့်က စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။ “ အမေ ပေးတဲ့ ဘယ်နာမည်ပဲဖြစ်ဖြစ် ကျွန်တော် သဘောကျတယ်။ ”

“ ဒါဆို တတိယသားကို နာမည်ပေးမယ်။ ” လီယောင်က ခဏ စဉ်းစားပြီးမှ ပြောလိုက်သည်။ “ တတိယသားက ဗိုလ်ချုပ်ကြီး ဖြစ်ချင်တာ ဆိုတော့ သူ့ကို ဝမ်ကျန်းလို့ နာမည်ပေးလိုက်မယ်။ ”

“ သူ့ကို ဝမ်ကျန်းလို့ ဘာလို့ နာမည်ပေးမှာလဲ။ ” ဟု စုန့်ကျယ်က မေးလိုက်သည်။ “ အဲ့နာမည်က သိပ်ပြီး အင်အားကြီးတဲ့ ပုံမပေါ်ဘူး။ ”

လီယောင် စိတ်ထဲကပဲ ရယ်လိုက်မိသည်။ ဝမ်ကျန်းက ခြောက်နိုင်ငံကို သိမ်းပိုက်စိုးမိုးပြီး ဧကရာဇ်ယင်ကျန်းအား နိုင်ငံကို စည်းလုံးညီညွတ်အောင် ကူညီပေးခဲ့တာလေ။ အဲ့နာမည်က ဘယ်လိုလုပ် အင်အားမကြီးတဲ့ နာမည်ဖြစ်သွားရတာလဲ … ။

“ ဝမ်အာ … မင်းကတော့ စာများများဖတ်တဲ့ လူ ဆိုတော့ မင်းရဲ့ ကိုယ်ပိုင်နာမည်ကို မင်းဘာသာပဲ ရွေးချယ်ခွင့်ပြုပေးမယ်။ ”

ထမင်းစားပွဲမှာ ထိုင်နေတဲ့ လူများ : …

သူတို့ အဓိပ္ပာယ်မရှိတဲ့ အရာတွေကို အရင်တုန်းက တွေ့မြင်ဖူးပေမဲ့ ဒီလောက်ထိ အမြီးအမောက်မတည့်တဲ့ အရာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးပေ။ ဒီခေတ်မှာ လူကြီးမိဘတွေက နာမည်မှည့်ရင် မှည့် ၊ မဟုတ်ရင် ဂုဏ်သတင်းကြီးတဲ့ ကျောင်းသားတွေကို နာမည်မှည့်ပေးဖို့ အကူအညီတောင်းရသည်။ တချို့ဆိုလျှင် ဗေဒင်ဆရာကိုတောင် ရှာကြသည်။

သို့သော် အမေတစ်ယောက်လုံး သက်ရှိထင်ရှားရှိနေတာတောင်မှ သားဖြစ်သူကို ကိုယ့်ဘာသာ နာမည်ရွေးချယ်ခွင့်ပေးတဲ့ အဖြစ်ကိုတော့ သူတို့ မကြားဖူးပါ။

ဝမ်အာကတော့ အနည်းငယ် မတရားသလို ခံစားလိုက်ရသည်။ တတိယအစ်ကို ၊ စတုတ္ထအစ်ကိုနှင့် မွေးကင်းစ ယန်ရန်ပင်လျှင် အမေ့ဆီက နာမည်ကို ရသွားပေမဲ့ သူကတော့ နာမည်တစ်ခုမှ မရဘူးတဲ့လား။

ထို့ကြောင့် သူ့စိတ်ရင်းအတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း နာမည်မှည့်ပေးပါ အမေ။ ”

“ မင်း တကယ် ကိုယ့်ဘာသာ နာမည်မရွေးချင်ဘူးလား။ ”

ဝမ်အာ ခေါင်းခါယမ်းပြလိုက်သည်။

“ ဟုတ်ပြီလေ။ ဒါဆို ငါ မင်းကို နာမည်မှည့်ပေးမယ်။ ” ဟု လီယောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ မင်းက အရာရှိတစ်ယောက် ဖြစ်ချင်တာ ၊ ပြီးတော့ ပညာရေးမှာလည်း တော်တယ် ဆိုတော့ မင်းကို ဝမ်အိုက်မင်လို့ နာမည်ပေးမယ်။ သဘောကျလား။ ”

ဝမ်အာရဲ့ မျက်နှာက ဖြူဖတ်‌ဖြူရော်ဖြစ်သွားသည်။ “ ကျေးဇူး … ”

“ မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ငါက နာမည်မှည့်တာလို အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဟာသလုပ်မယ်လို့ တကယ် ထင်နေတာလား။ ”

လီယောင်ရဲ့ အမူအကျင့်ကို ဝမ်အာ ကျင့်သားရနေတာကြောင့်သာ မဟုတ်ရင် အခုလောက်ဆို အော်ငိုနေပြီပင်။ နာမည်မှည့်ခြင်းကဲ့သို့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဘယ်လိုလုပ် နောက်ပြောင်နိုင်ရတာပါလိမ့် … ။

“ မင်းကို ဝမ်ရှုယန်လို့ နာမည်ပေးမယ်။ ‘ စောင့်ရှောက်ခြင်း ’ ဆိုတဲ့ ရှု ၊ ‘ သဒ္ဒါတရား ’ ဆိုတဲ့ ယန်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မင်း အမြင့်ဆုံးရာထူးကို ရောက်သွားရင်တောင် မင်းရဲ့ မူလရည်မှန်းချက်တွေကို မသွေဖီဘဲနဲ့ ပြည်သူတွေအတွက် အမြဲတမ်း စဉ်းစားပေးနေမယ်လို့ မျှော်လင့်တယ်။ ”

ရှုယန်တဲ့လား … ။

ဝမ်အာသည် သူ့ပခုံးပေါ်မှာ အလေးချိန်တွေ ရုတ်တရက် ပိုလေးလံလာသလို ခံစားလိုက်ရသည်။

“ အမေ့ရဲ့ စကားလုံးတွေ အကုန်လုံးကို ရှုယန်ရဲ့ နှလုံးသားထဲမှာ ထွင်းထုထားပါ့မယ်။ ” ဟု ဝမ်အာက ပြောလိုက်သည်။ “ ကျွန်တော့်ရဲ့ လူကြီးနာမည်နဲ့ အနုပညာနာမည်ကိုရော ဘယ်လို မှည့်ဆိုပေးမှာလဲ အမေ။ ”

“ မင်းရဲ့ လူကြီးနာမည်က ပေါ်ယန်။ အနုပညာနာမည်ကတော့ ယန်မင်။ ”

ဝမ်အာသည် သူ့ရဲ့ နာမည်အသစ် ၊ လူကြီးနာမည်နှင့် အနုပညာနာမည်တို့ကို မှတ်ဉာဏ်ထဲမှာ စွဲမြဲနေအောင် သွတ်သွင်းထားပြီး အမေ့ရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေဖို့ ကတိသစ္စာပြုလိုက်၏။

နောက်ဆုံးတော့ တာ့ကျွမ်းရဲ့ အလှည့်ရောက်လာသည်။

“ တာ့ကျွမ်း … ဒီနေ့က စပြီး မင်းနာမည်က ဝမ်အန်းရှစ် ဖြစ်သွားပြီ။ ဒီနာမည်က မင်း အိမ်မှာ ရှိနေသရွေ့ အရာရာတိုင်းက ကောင်းကောင်း လည်ပတ်နေပြီး ကျောက်စိုင်ကျောက်ခဲလို တည်မြဲလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ”

“ ကျေးဇူးတင်ပါတယ် အမေ။ ”

တာ့ကျွမ်း သူ့နာမည်ကို အလွန် သဘောကျသွားသည်။ အကြီးဆုံးသား ဖြစ်တဲ့အလျောက် သူ့ညီငယ်တွေဟာ အရာရှိကြီးတွေ ၊ ဗိုလ်ချုပ်ကြီးတွေ ဖြစ်ဖို့အတွက် ဘယ်အရပ်ဒေသကိုပဲ ထွက်ခွာသွားပါစေ ၊ သူကတော့ နောက်ဘက်ကနေ ကူညီပံ့ပို့ပေးရင်း သူ့အမေကို ဘဝရဲ့ ငြိမ်းအေးချမ်းသာမှုကို ခံစားနိုင်အောင် ကြိုးစားရပါမည်။

နာမည်အသစ်တွေ အတည်တကျဖြစ်သွားတဲ့အခါ ရွာလူကြီးအား မှတ်ပုံတင်ထဲမှာ သူတို့နာမည်တွေကို ပြောင်းလဲဖို့ အကြောင်းကြားပြီး တရားရုံးတော်ကို အစီရင်ခံရုံသာ ကျန်တော့၏။ ဒီနေ့က စပြီး ဝမ်မိသားစုရဲ့ ကလေးတွေအားလုံးမှာ သင့်တင့်လျောက်ပတ်တဲ့ ကျကျနန နာမည်တွေ ကိုယ်စီ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

ထိုအချိန်မှာပဲ တရားသူကြီးကတော်ရဲ့ အစေခံက ဘီးသုံးဘီးပါသော ရထားလုံးကို တွန်းလျက် ရောက်လာသည်။ သူမက တရားသူကြီးကတော်ကို တစ်စုံတစ်ရာ တီးတိုးပြောလိုက်တော့ တရားသူကြီးကတော်က အလွန် လှပသော ပိုက်ဆံအိတ်လေးကို ထုတ်ယူလိုက်သည်။

“ အမျိုးသမီးလီ … မနေ့ညတုန်းက ကျွန်မ အလောတကြီး လာခဲ့ရတော့ လက်ဆောင်တွေ မပြင်ဆင်ခဲ့ရဘူး။ ကျွန်မရဲ့ အမျိုးသားက အစောကြီးကတည်းက ဒီလက်ဆောင်တွေ ပြင်ဆင်ခိုင်းထားလို့ တော်သေးတာပေါ့။ ”

သူမက ပိုက်ဆံအိတ်လေးကို လီယောင့်ရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ လီယောင်က လေးလံသော ပိုက်ဆံအိတ်လေးကို ကိုင်ပြီး ရှုံ့ကြိုးလေးကို ဖွင့်ကာ တလက်လက် တောက်ပနေတဲ့ ရွှေခြေချင်းတစ်စုံကို ထုတ်ယူလိုက်သည်။

“ ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်။ ”

“ ဒီလောက်က မပြောပလောက်ပါဘူး။ ကျယ်လေးက အမျိုးသမီးလီရဲ့ အိမ်မှာ အကြာကြီး နေလာခဲ့တာ။ ဒီအတောအတွင်း အမျိုးသမီးလီကို အများကြီး ဒုက္ခပေးခဲ့မှာ သေချာတယ်။ ”

စုန့်ကျယ်လား … ။ အစပိုင်းတုန်းက သူ တော်တော်လေး ပြဿနာရှာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အလွန် လိမ္မာရေးခြားရှိလာခဲ့ပါသည်။

တရားသူကြီးကတော်က ယန်ရန်ကို လက်ဆောင်ပေးနေပြီမို့ အဘွားဖြစ်တဲ့ သူမကလည်း အပြန်အလှန် လက်ဆောင်ပေးရပါမည်။

လီယောင်သည် အိပ်ခန်းထဲကို ဝင်ခဲ့ကာ သူမ ဟိုးအရင်ကတည်းက ပြင်ဆင်ထားသော သက်ရှည်ကျန်းမာစေတဲ့ ကံကောင်းမှုဆွဲကြိုး ၊ ခြူလုံးလေးနှင့် အဆောင်လက်ဖွဲ့တို့ကို ယူလာခဲ့လိုက်သည်။ ဒီပစ္စည်းတွေအကုန်လုံးကို ရွှေနှင့် သွန်းလုပ်ထားပြီး နေပြည်တော်ရှိ နာမည်ကြီး ကျောက်မျက်ရတနာပညာရှင်တွေဆီမှာ ကျားကျန်းလျန့် အပ်နှံပေးခဲ့တာ ဖြစ်သည်။

နန့်ကျောက်တိုင်းပြည်ကနေ လျှို့ယွမ် ယူလာတဲ့ လက်ရာအနုစိပ် သေသပ်လှပသော ကျောက်စိမ်းဆွဲသီးလေးတစ်ခုလည်း ရှိသေးသည်။

လီယောင်က ပစ္စည်းတွေအကုန်လုံးကို တာ့ကျွမ်းရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ “ တာ့ကျွမ်း … နောက်ပိုင်းကျရင် ဒီပစ္စည်းတွေအကုန်လုံးကို ကလေးဆီ လက်လွှဲပေးပြီး သူ့ကို လုံခြုံအောင် သိမ်းဆည်းခိုင်းထားပါ။ သူ အသက်ကြီးလာရင် ဒီပစ္စည်းတွေကို ထုတ်ဝတ်လို့ ရတယ်။ ”

“ ဒါက မများလွန်းဘူးလား အမေရယ်။ ”

“ ငါ့ရဲ့ အဖိုးတန် မြေးမလေးအတွက်ပဲကို။ များများ ပေးတော့ရော ဘာဖြစ်လို့လဲ။ ”

“ အိုး။ ”

ဟဲရှောင်ယာ မိန်းကလေးမွေးတာကို လီယောင့်စိတ်ထဲ ဘယ်လိုမှ မနေတဲ့အပြင် တန်ဖိုးကြီး လက်ဆောင်တွေ အများကြီး ပေးနေတာကို မြင်လိုက်ရသောအခါ နောက်ဆုံးတော့ လူတိုင်းသည် လီယောင် အရင်တုန်းက ပြောခဲ့တဲ့ ‘ ယောကျ်ားလေးနဲ့ မိန်းကလေးက တန်းတူပဲ ’ ဟူသော စကားကို ယုံကြည်သွားကြလေသည်။

သူတို့နှလုံးသားထဲက လေးလံမှုတွေလည်း နောက်ဆုံးတော့ ပေါ့ပါးသွားပါသည်။

…

All Chapters