အပျော်မယား
Vol. 16 Ch. 174
ရွှေတွေ အများကြီး ရသွားတဲ့ တာ့ကျွမ်းရဲ့ ကံကောင်းမှုသတင်းဟာ မနေ့ညကတည်းက ရွာထဲမှာ ပျံ့နှံ့သွားပြီ ဖြစ်သည်
မနက်စာ စားပြီးချိန်မှာပဲ ဝမ်ရွှယ်ရှစ်က ချွေးမနှစ်ယောက်နှင့်အတူ ကြက်မ ဆယ်ကောင်ကျော်နှင့် ကြက်ဥတွေ ရာချီ၍ ယူကာ ရောက်လာခဲ့သည်။ ဟဲရှောင်ယာ မိန်းကလေးမွေးတဲ့အပေါ် လီယောင်က ကြည်ကြည်သာသာပဲ ရှိတယ် ဆိုတာကို သိလိုက်ရတော့ ဝမ်ရွှယ်ရှစ်လည်း စိတ်အေးသွားသည်။
သူမ သားယောက်ျားလေးတွေကိုတော့ သဘောကျခဲ့ဖူးပါသည်။ တကယ်လို့ လီယောင်သာ သူမအတွက် ဉာဏ်ကောင်းပြီး လိမ္မာတဲ့ မြေး ( ၄ ) ယောက် မွေးမပေးခဲ့ရင် လီယောင့်ရဲ့ မူလစိတ်မျိုးနှင့်သာဆို ပစ္စည်းတွေအကုန်လုံးကို မိဘအိမ် ယူသွားတာ သိနေတာကြောင့် ဝမ်ရွှယ်ရှစ် ဒီလောက် သဘောမကောင်းနိုင်မှာ အသေအချာ။
သို့သော်လည်း လီယောင်တစ်ယောက် စီးပွားရေးလုပ်ငန်းတွေ စလုပ်ပြီး အလုပ်ရုံကို ဖွင့်လိုက်ကတည်းက ဝမ်ရွှယ်ရှစ်ရဲ့ အမြင်တွေက အနည်းငယ် ပြောင်းလဲပြုစလာခဲ့သည်။
မိန်းကလေးတွေက မတော်ဘူးလို့ ဘယ်သူ ပြောလဲ။ ဟဲဝမ်ရွာ တစ်ရွာလုံးမှာ ၊ ဟောဒီ ပိုင်ချွမ်းခရိုင် တစ်ခုလုံးမှာတောင် လီယောင့်ထက် ပိုအရည်အချင်းရှိတဲ့ ယောက်ျားရှိလို့လား … ။
နီးစပ်ရာ အမျိုးသမီးတွေအကြောင်း ပြောရမည် ဆိုလျှင် ဆပ်ပြာအလုပ်ရုံမှာ စာရင်းအင်းပိုင်းကို တာဝန်ယူထားတဲ့ တုရှောင်ဟွေ့ကတောင် ရွာထဲက အမျိုးသား အများစုထက် ပိုတော်သည်။
ကျောင်းမှာလည်း မိန်းကလေးတွေ အများကြီး ရှိသည်။ သူမ ဆရာကို တိုးတိုးတိတ်တိတ် မေးကြည့်ထားသလောက် ကျောင်းသူ တော်တော်များများတွေက ကျောင်းသားတွေထက် ပိုစာကြိုးစားသည်ဟု ပြောသည်။
ထို့ကြောင့် အဆုံးသတ်မှာ လီယောင်က မိန်းကလေးမွေးတဲ့ ဟဲရှောင်ယာကို အမြင်မကြည်တော့ဘဲ ဖိနှိပ်မှာကို ဝမ်ရွှယ်ရှစ် စိုးရိမ်ခဲ့မိသည်။
“ နင့်အမေက နင့်အပေါ် ဘယ်လို ဆက်ဆံတယ် ၊ ဘယ်လို သဘောထားတယ် ဆိုတာ သိတယ် မဟုတ်လား။ ” ဝမ်ရွှယ်ရှစ်က ဟဲရှောင်ယာရဲ့ လက်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။ “ စိတ်ဖြောင့်လက်ဖြောင့်နဲ့ အေးအေးချမ်းချမ်းသာ နေ။ သူ နင့်အပေါ် ကောင်းကောင်း မဆက်ဆံရင် ငါ သူ့ကို အရေခွံနွှာပစ်မယ်။ ”
ဟဲရှောင်ယာကတော့ စိတ်ထဲကနေ “ အဒေါ်က ကျွန်မအမေကို ဟိုးအရင်ကတည်းက နိုင်ခဲ့တာလည်း မဟုတ်ဘဲနဲ့ အခုဆို ပိုလို့တောင် ဆိုးဦးမယ်။ ” လို့သာ ပြန်ပြောလိုက်သည်။
ဒါပေမဲ့ သူမအမေက သူမကို မိန်းကလေးမွေးသည့်အတွက် ဆိုးဆိုးဝါးဝါး မဆက်ဆံ၍ စိတ်အေးမိသည်။ သူမအတွက် စွပ်ပြုတ်ချက်ပေးရန် ငါးဖမ်းဖို့ ရေလှောင်တမံကိုတောင် သွားခဲ့သည်ဟု သတင်းကြားသည်။
ဟဲရှောင်ယာသည် ဒီလို ယောက္ခမမျိုးနှင့် သူမအပေါ် သစ္စာရှိပြီး သနားညှာတာတတ်တဲ့ ခင်ပွန်းမျိုးကို ပိုင်ဆိုင်ထားတဲ့ သူမကိုယ်သူမ ကမ္ဘာ့ကံအကောင်းဆုံးလူသားလို့ ခံစားရသည်။
“ ဒါနဲ့ စကားမစပ် နင့်မိဘတွေကိုရော အကြောင်းကြားပြီးပြီလား။ ”
“ မနက်ကတည်းက သူတို့ကို အကြောင်းကြားဖို့ လူလွှတ်လိုက်ပါပြီ။ ”
“ ကောင်းတယ် ကောင်းတယ်။ ” ဟု ဝမ်ရွှယ်ရှစ်က ပြောလိုက်သည်။ “ နင်တို့မိသားစုကို ဝမ်မိသားစုက ကျင့်ဝတ်မသိဘူးလို့ ထင်မသွားစေချင်ဘူး။ ”
…
တာ့ကျွမ်းသည် တောင်အနောက်ဘက်က စိုက်ခင်းထဲမှာ ရွာသားအချို့နှင့်အတူ ကန်စွန်းဥနွယ်တွေကို စိုက်ပျိုးနေခဲ့သည်။
သူ ယာလေးနှင့်အတူ ပိုပြီး အချိန်ကုန်ဆုံးချင်ပေမဲ့ မိသားစုရဲ့ ထောင်ချီတဲ့ လယ်ဧကတွေကြောင့်ရော ၊ ပြီးခဲ့တဲ့ ရက်တွေအတွင်း ချီချောင်ပွဲတော်အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့တာကြောင့်ရော စိုက်ခင်းထဲမှာ အလုပ်တွေ အများကြီး နှောင့်နှေးသွားခဲ့ရသည်။
“ တာ့ကျွမ်း။ ”
စကားသံတွေ ၊ ရယ်သံတွေကြားမှာ စိုက်ခင်းအဆုံးကနေ မရင်းနှီးတဲ့ အသံတစ်သံ ထွက်ပေါ်လာ၏။ တာ့ကျွမ်း လှမ်းကြည့်လိုက်တော့ သူ မသိတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက် ဖြစ်နေသည်။
“ အိုး။ ဒါ အောင်သွယ်တော်ကျန်း မဟုတ်လား။ ” ရွာထဲက အဒေါ်လျို့ကတော့ သူမကို တန်းမှတ်မိသွားသည်။ “ ဘာကိစ္စရှိလို့ ဟဲဝမ်ရွာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်တော်။ ”
“ အခု ညည်းတို့ဟဲဝမ်ရွာက အရမ်း စီးပွားဖြစ်ပြီး အောင်မြင်နေပြီ ဆိုတော့ ကျုပ်က နေ့တိုင်းတောင် လာချင်နေတာအေ့။ ” အောင်သွယ်တော် ဆိုတဲ့အတိုင်း ပါးစပ်က ရွှန်းရွှန်းဝေနေအောင် အပြောကောင်းသည်။
“ တာ့ကျွမ်းနဲ့ ရှင်နဲ့ ဘာပြောစရာ ရှိလို့လဲ။ ”
“ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ” အောင်သွယ်တော်ကျန်းက ရယ်မောရင်း စိုက်ခင်းထဲကို လျှောက်ဝင်လာသည်။ “ ဒီစိုက်ခင်းတွေအကုန်လုံးက နင်တို့မိသားစုအပိုင်လား တာ့ကျွမ်း။ ”
“ ဟုတ်တယ်ဗျ။ ”
“ အမယ်လေး။ အများကြီးပါပဲလားတော်။ မျက်စိတစ်ဆုံးပဲ။ ” ဟု အောင်သွယ်တော်ကျန်းက အားကျသလို ပြောလိုက်သည်။ “ မင်းက ပိုင်ချွမ်းခရိုင်မှာ အကြီးဆုံး လယ်ပိုင်ရှင်ပဲ။ ”
ဒီအောင်သွယ်တော်ကျန်းကို တာ့ကျွမ်း မကြိုက်ပါ။ သူတစ်ပါးကိစ္စကို စိတ်ဝင်စားလွန်းတာ ၊ ကူညီချင်လွန်းတာက ဘယ်လို ကောင်းကျိုးကိုမှ ဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့ သူ့အမေ ပြောဖူးသည်။ ဒီအမျိုးသမီးကြီး ရုတ်တရက် ရောက်လာပြီး သူ့ကို မြှောက်ပင့်ချီးကျူးနေခြင်းရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိမှာ မဟုတ်တာ အသေအချာပင်။
“ အဒေါ် လာရင်းကိစ္စကိုပဲ ပြောပါဗျ။ ကျွန်တော်က ဒီမှာ တော်တော်လေး အလုပ်ရှုပ်နေတာ။ ”
“ ကဲပါ … ဒါဆိုလည်း ငါ ကွေ့ဝိုက်မနေတော့ဘူး။ မင်း သိတဲ့အတိုင်း ပိုင်ချွမ်းစီရင်စုက လူချမ်းသာမိသားစုရဲ့ အိမ်ထောင်ဦးစီးတွေမှာ အဓိက ဇနီးမယားအပြင် အပျော်မယားတွေလည်း အများကြီး ရှိကြတယ် … ”
တာ့ကျွမ်းက “ ကျွန်တော့်အတွက် မလိုအပ်ဘူး။ ” ဟု အေးစက်စွာ ပြန်ပြောလိုက်သည်။ “ အဒေါ် ပြန်မယ်ဆို ပြန်လို့ ရပါပြီ။ ကျွန်တော် အပျော်မယားထားမှာ မဟုတ်ပါဘူး။ ”
“ ဒီလောက်ကြီးလည်း ခါးခါးသီးသီး မငြင်းပါနဲ့ တာ့ကျွမ်း။ ” အောင်သွယ်တော်ကျန်းက သူမရဲ့ အစီအစဉ် မအောင်မြင်သော်လည်း လက်မလျှော့သေးပေ။ “ ဘယ်မိသားစုက ငါ့ကို လွှတ်လိုက်တာလဲ ဆိုတာ မင်း သိလို့လား။ ”
“ မသိဘူး။ ကျွန်တော် သိလည်း မသိချင်ဘူး။ ”
“ မင်း … ”
အောင်သွယ်တော်ကျန်း ချက်ချင်း ဒေါသထွက်သွားသည်။ အပျော်မယား မထားချင်သော ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို သူမရဲ့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပေ။
အဒေါ်လျို့က “ ရှင့်ကို ဘယ်မိသားစုက လွှတ်လိုက်တာလဲ အောင်သွယ်တော်ကျန်း။ ” ဟု စပ်စပ်စုစု သွားမေးလိုက်လျှင် အောင်သွယ်တော်ကျန်းက “ စာရေးကြီး သခင်ကြီးလျိုရဲ့ သမီးငယ်လေးပဲ။ ” ဟု မျက်နှာမော်ချီ၍ ဒေါနှင့်မောနှင့် ပြန်ပြောသည်။
လူတိုင်း အံ့ဩဆွံ့အသွား၏။ စာရေးကြီးလျိုရဲ့ သမီးအကြောင်း သူတို့ မသိသော်လည်း ပြီးခဲ့တဲ့ အရာရှိစာမေးပွဲအတွင်း စာရေးကြီးလျိုဟာ အဆင့်အတန်းမတူညီတဲ့ လက်ထပ်ပွဲကို စီစဉ်ကာ သူ့သမီးကို လီယောင်ရဲ့ မောင်ငယ်လေး လီရှန်းနှင့် အိမ်ထောင်ချပေးဖို့ ကြိုးစားခဲ့ဖူးသည်။
နောက်ပိုင်းမှာ လီရှန်းက မသမာတဲ့ နည်းလမ်းကို အသုံးပြုခဲ့တယ် ဆိုတာ ထွက်ပေါ်လာသောအခါ သူ့စာမေးပွဲရလဒ်ကို ပြန်ရုတ်သိမ်းခံလိုက်ရပြီး မင်္ဂလာပွဲပျက်သွားခဲ့သည်။
စာရေးကြီးလျိုသည်လည်း လူရယ်စရာဖြစ်သွားခဲ့ပြီး သူ့သမီးကို ထိုမိသားစုနှင့် အိမ်ထောင်ချပေးဖို့ ထပ်ကြိုးစားလို့ မရတော့ပေ။ ဒါပေမဲ့ အဲ့လို ဆိုရင်တောင် သခင်ကြီးလျိုတို့မိသားစုက အလွန် ချမ်းသာရုံသာမက သူ့ပထမ မယားကြီးက မွေးထားတဲ့ တစ်ဦးတည်းသော သမီးဖြစ်သူကလည်း ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်သည်။
သူမသာ တာ့ကျွမ်းရဲ့ အပျော်မယား ဖြစ်ချင်လိမ့်မည်ဟု ဘယ်သူကမှ မတွေးထင်ခဲ့ပါ။
အကုန်လုံး ထိတ်လန့်သွားတာကို မြင်တော့ အောင်သွယ်တော်ကျန်းက ယုံကြည်မှုပြန်ရှိသွားသည်။
“ လျိုမိသားစုက သာမန်မိသားစု မဟုတ်ဘူးနော် တာ့ကျွမ်း။ နင်တို့ မိသားစု နှစ်ခုသာ ခမည်းခမက်တွေ ဖြစ်သွားရင် … ”
“ ကျွန်တော် အပျော်မယား မထားဘူးလို့ အဒေါ့်ကို ပြောပြီးပြီပဲ။ အဲ့မိန်းကလေးက ဘယ်မိသားစုကပဲဖြစ်ဖြစ် ကျွန်တော် လက်မခံနိုင်ဘူး။ ” ဟု တာ့ကျွမ်းက ပြောလိုက်သည်။ “ ကျေးဇူးပြုပြီး မြန်မြန် ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ အလုပ်,လုပ်နေတာကို မနှောင့်ယှက်ပါနဲ့တော့။ ”
အောင်သွယ်တော်ကျန်း ကြောင်အသွားရသည်။ သူမ ကြားထားတဲ့ သတင်းတွေအရ တာ့ကျွမ်းရဲ့ မိန်းမက သမီးမိန်းကလေးတစ်ယောက် မွေးခဲ့တာမို့ သခင်ကြီးလျိုရဲ့ ဇနီးက သူမဆီ ရောက်လာပြီး ဒီမင်္ဂလာပွဲကို စီစဉ်ခိုင်းခဲ့တာ ဖြစ်သည်။
လျိုမိသားစုကလည်း ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း သိသည်။ သူတို့သမီးက ဝမ်အာနှင့် မကိုက်ညီဘူး ဆိုတာကို သိတာကြောင့် ဒုတိယအကောင်းဆုံးကို ရွေးချယ်ပြီး တာ့ကျွမ်းထံမှာ အပျော်မယားအဖြစ် သူတို့သမီးကို အိမ်ထောင်ချပေးချင်တာပင်။
မင်္ဂလာပွဲပြီးတာနှင့် လျိုမိသားစုရဲ့ ချမ်းသာကြွယ်ဝမှု ၊ အာဏာတို့နှင့် ဆိုလျှင် နောက်ကွယ်ကနေ ပရိယာယ်တွေ သုံးလိုက်ရုံဖြင့် ဟဲရှောင်ယာကို မောင်းထုတ်ပြီး သူတို့သမီးကို အဓိကဇနီး ဖြစ်လာအောင် လုပ်နိုင်သည်။
အောင်သွယ်တော်ကျန်းပင်လျှင် ထိုအစီအစဉ်က ပြီးပြည့်စုံသည်ဟု ထင်ခဲ့မိသည်။ ဒါပေမဲ့ လီယောင်က စကားပြောရဆိုရ မလွယ်ဘူး ဆိုတဲ့ သတင်းကို ကြာားထာသောကြောင့် သူမ တာ့ကျွမ်းဆီကိုပဲ တိုက်ရိုက် လာခဲ့လိုက်သည်။
တစ်ဖက်မိန်းကလေးရဲ့ မိသားစုနောက်ခံကို ထုတ်ပြောလိုက်ရင် တာ့ကျွမ်း လေးလေးနက်နက် စဉ်းစားလိမ့်မည်ဟုသာ ထင်ခဲ့တာ ဖြစ်ပြီး ဒီကောင်လေးဟာ ဆွေးနွေးခွင့်တောင် မပေးဘဲ အလွန် တည့်တိုးဆန်နေလိမ့်မည် ဟူ၍ မထင်ခဲ့။
သို့သော် စစ်မှန်တဲ့ သူရဲကောင်းဟာ ဇွဲကောင်းတဲ့ မိန်းမတစ်ယောက်ကို စိတ်ပျက်သွားမှာ မဟုတ်တာမို့ အောင်သွယ်တော်ကျန်း ဆိုတဲ့ သူမဟာ အလွယ်တကူ လက်လျှော့လို့ မဖြစ်ပေ။
အောင်သွယ်တော်ကျန်း ပြန်သွားတော့ ရွာသားတစ်ယောက်က သူ့ကို စစနောက်နောက် လာမေးသည်။ “ တာ့ကျွမ်း … မင်း တကယ် အပျော်မယား မလိုချင်ဘူးလားကွ။ ”
“ မလိုချင်ပါဘူးဗျာ။ ”
“ ဘာလို့လဲ။ ”
“ ကျုပ်အမေက ယောက်ျားနဲ့ မိန်းမ ဆိုတာ တန်းတူညီမျှပဲလို့ ပြောဖူးတယ်။ ဒါ့ကြောင့် ယောက်ျားတစ်ယောက်မှာ ဇနီးမယားတစ်ယောက်ပဲ ရှိလို့ ရတယ်။ ပြီးတော့ ကျုပ် ရှောင်ယာကိုလည်း ဝမ်းမနည်းစေချင်ဘူး။ ”
“ မင်းက မင်းအမေရဲ့ စကားကို တကယ် နားထောင်တာပဲကွ။ ”
တာ့ကျွမ်းသည် စိတ်ထဲကနေ “ ကျုပ်က ကျုပ်အမေစကားကို နားမထောင်လို့ ခင်ဗျားစကားကို နားထောင်ရမှာလား။ ” ဟု ပြန်ပြောလိုက်မိလေသည်။
…
အောင်သွယ်တော်ကျန်းက တာ့ကျွမ်းကို အပျော်မယားထားဖို့ နားချနေစဉ်မှာ လီယောင်ကတော့ ချွန်းနျဉ်ကို တောင်နောက်ဘက်ရှိ ရေလှောင်တမံသို့ ခေါ်သွားခဲ့သည်။
မရောက်တာ ကြာတော့ ရေလှောင်တမံဘေးမှာ ပစ်ထားတဲ့ ကြာစေ့တွေက ကြည်လင်သော ရေမျက်နှာပြင်ပေါ်မှာ အရွက်ဝိုင်းတွေ အညွှန့်အညှောက်ထွက်ပြီး ပေါလောပေါ်နေသည်။ ဒီနှစ်ထဲမှာမှ စိုက်ထားတဲ့ ကြာစေ့တွေကတော့ အပင်ပေါက်ဦးမှာ မဟုတ်ပါ။
စိုးရိမ်စိတ်မပျောက်သေးတဲ့ ချွန်းနျဉ်တစ်ယောက်ကတော့ “ ကျွန်မတို့ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား သခင်မလီ။ ” ဟု ပြောနေဆဲပင်။
“ ဒီလို ကိစ္စလေးကိုတော့ ငါ့ဘာသာ လုပ်နိုင်ပါတယ်။ ” လီယောင်က သစ်သားလှေလေးကို ရေတံခါးကနေ ရေထဲ ဆွဲချလာပြီး နံရံပေါ်က ငါးဖမ်းပိုက်ကို ဆွဲချလိုက်သည်။
ဒီငါးဖမ်းပိုက်ကို သူမကိုယ်တိုင် ရက်ထားတာ ဖြစ်ပြီး ရက်လုပ်ပြီးကတည်းက အသုံးမပြုရသေးတာမို့ ဒီနေ့တော့ သူ့ရဲ့ အလုပ်,လုပ်ပုံကို ကြည့်ချင်သည်။
သူတို့နှစ်ယောက်ဟာ လှေလေးကို ရေလှောင်တမံအလယ်သို့ လှော်ခတ်လာခဲ့သည်။ လီယောင်က မြဲမြဲမြံမြံ ရပ်ကာ ခွန်အားကုန်သုံး၍ ငါးဖမ်းပိုက်ကို ကျဲဖြန့်ပြီးနောက် ကြိုးကို အမြန် ပြန်ဆွဲလိုက်သည်။
ငါးဖမ်းပိုက်ရဲ့ အဝ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဆူဖြိုးကာ တဆတ်ဆတ် လှုပ်ခါနေသော ငါးကြင်းတွေ ပိုက်ကွန်ထဲမှာ ဖမ်းမိသွားသည်။ အသေးဆုံး တစ်ကောင်ကတောင် ( ၃ ) အောင်စ ၊ ( ၄ ) အောင်စလောက် ရှိပြီး ငါးစွပ်ပြုတ် ပြုတ်ဖို့အတွက် အနေတော်လောက်ပဲ ဖြစ်သည်။
ချွန်းနျဉ်က ပိုက်ကွန်ထဲက ငါးတွေကို အမြန် ကူဖမ်းပေးလိုက်သည်။ “ သခင်မလီ တကယ်ပဲ ငါးတွေ ဖမ်းမိတာပဲ။ ”
“ နင်က ငါ နောက်နေတယ်လို့ ထင်နေတာလား။ ဒါပေမဲ့ အခု ဖမ်းမိတဲ့ ငါးတွေ အကုန်လုံးက ငါးကြင်းတွေချည်းပဲ။ ငါ ငါးမည်းတွေလည်း ဖမ်းဖို့ လိုသေးတယ်။ ”
“ ငါးမည်း ဆိုတာ ဘယ်လို ငါးလဲဟင်။ ”
ချွန်းနျဉ်က မြောက်အရပ်က လာတဲ့ သူမို့ ငါးမည်းကို မမြင်ဖူးပါ။ လီယောင်က “ ပိုက်ကွန်ကို ဆွဲတင်တဲ့ အချိန်ကျရင် နင် တွေ့ပါလိမ့်မယ်။ ” ဟူ၍သာ ပြောလိုက်သည်။
နောက်ထပ် ဆယ်ကြိမ်ကျော် ကွန်ပစ်အပြီး နောက်ဆုံးမှာတော့ သူမ ငါးမည်းနှစ်ကောင်ကို ဖမ်းမိခဲ့သည်။
ကန်ထဲကို လွှတ်ပေးခဲ့တဲ့ နွေဦးတုန်းက တစ်ပေါင်တောင် မပြည့်သော်လည်း နှစ်ဝက်အကြာမှာ သုံးပေါင်နီးပါး ကြီးထွားလာခြင်းသည် ရေလှောင်တမံထဲက အစားအသောက်တွေဟာ သူတို့အတွက် ဘယ်လောက်တောင် အာဟာရရှိလဲ ဆိုတာကို ဖော်ပြနေ၏။
“ အခုတော့ နင်တို့နှစ်ကောင် ငါ့ကို ကျေးဇူးပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ။ ”
ချွန်းနျဉ်ကတော့ အရုပ်ဆိုးဆိုး ငါးမည်းမည်းလေး နှစ်ကောင်ကို ကြည့်ကာ ကိုင်တောင် မကိုင်ရဲ။ “ ဒီငါးတွေက တကယ်ရော စားလို့ ရတာ ဟုတ်ရဲ့လား သခင်မလီ။ ”
“ ဘာလို့ စားလို့ မရ,ရမှာလဲ။ ဒီငါးတွေက သာမန်ငါးတွေထက်တောင် ပိုအရသာရှိသေးတယ်။ ငါ နေ့လယ်စာအတွက် ငါးအသားလွှာပြုတ် လုပ်ပေးမယ်။ ”
ငါးတွေ ထည့်ထားသော ခြင်းတောင်းကို သယ်လျက် သူတို့ အိမ်ပြန်လာခဲ့ရာ လမ်းတစ်ဝက်သာ ရှိသေးချိန်မှာပဲ စိုက်ခင်းတွေထဲကို အလုပ်,လုပ်ဖို့ သွားတဲ့ လူတွေနှင့် အမှတ်မထင် တွေ့သည်။ တစ်စုံတစ်ယောက်က တာ့ကျွမ်းကို အပျော်မယားထားဖို့ ကမ်းလှမ်းတဲ့ သတင်းက ရွာထဲမှာ တောမီးပမာ ပျံ့နေပြီး မထူးဆန်းစွာပင် လီယောင့်နားထဲကိုလည်း ရောက်သွားခဲ့သည်။
ထိုကမ်းလှမ်းချက်ကို တာ့ကျွမ်း ခိုင်ခိုင်မာမာ ငြင်းလိုက်တယ် ဆိုတာကို ကြားတော့ လီယောင့်စိတ်ထဲမှာ အတော်လေး ကျေနပ်သွားသည်။ သူမက ဒီကလေးတွေရဲ့ မွေးမိခင် မဟုတ်သော်လည်း အနည်းဆုံးတော့ သူမရဲ့ အတွေးအခေါ်တွေနှင့် သူတို့ကို လွှမ်းမိုးနိုင်သည်။
ယောက်ျားတွေ အပျော်မယား သုံး ၊ လေးယောက် ထားတဲ့ ၊ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအကုန်လုံး သူမရဲ့ မျက်စိထဲ ဝင်မလာရင် ကောင်းမယ် … ။
လီယောင်သည် အိမ်ပြန်ရောက်သောအခါ ငါးကြင်းနှစ်ကောင်ကို အရင်ဆုံး သတ်ပြီး ဒယ်အိုးထဲမှာ နှစ်ဖက်လုံး ရွှေရောင်သမ်းသွားတဲ့အထိ ဝက်ဆီနှင့် ကြော်လိုက်သည်။ ပြီးတော့မှ ဆန်နှင့် ရောကာ ငါးဆန်ပြုတ်ပူပူလေး ပြုတ်လိုက်သည်။
ငါးဆန်ပြုတ် အေးသွားတော့ ချွန်းနျဉ်က ပန်းကန်လုံး ခပ်ကြီးကြီး တစ်လုံးနှင့် ဟဲရှောင်ယာထံ သွားပို့ပေးရင်း တစ်စုံတစ်ယောက်က တာ့ကျွမ်းကို အပျော်မယားထားဖို့ ကမ်းလှမ်းနေတယ် ဆိုတဲ့ သတင်းကိုလည်း ဖောက်သည်ချလိုက်သည်။
“ အစ်ကိုတာ့ကျွမ်းက အစ်မအပေါ် အရမ်း ကောင်းတာပဲ သိလား အစ်မရှောင်ယာ။ ”
ဟဲရှောင်ယာရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ပြည့်နေပေမဲ့ နည်းနည်းလေး ဝမ်းနည်းမိသည်။ သူမ မိန်းကလေးမွေးခဲ့လို့သာ ထိုလူတွေက တာ့ကျွမ်းကို အပျော်မယားထားဖို့ ကမ်းလှမ်းရဲတာပါ။
ထိုညမှာ ကလေးအိပ်ပျော်သွားတော့ ဟဲရှောင်ယာက တာ့ကျွမ်းကို စကားစလိုက်သည်။ “ တကယ်တော့ အခု ကျွန်မတို့အိမ်မှာ ပိုက်ဆံရှိလာပြီ ဆိုတော့ ရှင် အပျော်မယားထားချင်တယ် ဆိုရင်လည်း ရပါတယ်။ ”
“ မင်း ဘာတွေ ပြောနေတာလဲ။ စိတ်ဖြောင့်လက်ဖြောင့် နေပါ။ ကိုယ့်ဘဝမှာ အဲ့လို ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ မင်းလည်း ဒီစကားကို နောက်ဘယ်တော့မှ ထပ်မပြောနဲ့။ ကိုယ့်အမေ ကြားသွားရင် မင်းကို သေချာပေါက် ဆူလိမ့်မယ်။ ”
ဟဲရှောင်ယာ ခေါင်းညိတ်ပြီး တာ့ကျွမ်းရဲ့ ရင်ခွင်ထဲကို နူးညံ့စွာ တိုးဝင်လိုက်သည်။
မိသားစုဟာ ကျိကျိတက် ချမ်းသာလာပြီး သူမရဲ့ ယောက္ခမနှင့် ခင်ပွန်းက သူမအပေါ် တကယ့်ကို နွေးထွေးစွာ ဆက်ဆံလိမ့်မည်ဟု သူမရဲ့ အတိတ်နေ့ရက်တွေတုန်းက စိတ်ကူးမယဉ်ခဲ့ဖူးပါ။
….