← Chapters

မိခင်ဘက်မိသားစု။

Vol. 16 Ch. 175

မိခင်ဘက်မိသားစု။

Vol. 16 Ch. 175

အိပ်ခန်းထဲတွင် ပုခက်လွှဲပြီး ချော့သိပ်ထားတဲ့ ဝမ်ယန်ရန်လေး အိပ်ပျော်နေသည်။

ဟဲရှောင်ယာ အိပ်ရာထဲမှာ လဲလျောင်းနေမိသည်။ တစ်လလုံး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေရတာ ဒီလောက်ထိ ပင်ပန်းလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပါ။ ခြစ်ခြစ်တောက်ပူနေတဲ့ နေ့တွေမှာတောင် စောင်ခြုံပြီး ခေါင်းစွပ်ထူထူထဲထဲကို ဝတ်ထားရသည်။

ပိုဆိုးတာကတော့ သူမ လျှပ်စစ်ပန်ကာတောင် အသုံးပြုလို့ မရပါ။ လေဝင်လေထွက်ကောင်းဖို့အတွက် ပန်ကာဖွင့်ထားဖို့ဆို ပိုလို့တောင် မရ။

သို့သော် သူမကို နေမထိထိုင်မသာအဖြစ်စေဆုံးက ရက်ပေါင်းများစွာ ကြာသွားသည့်တိုင်အောင် သူမရဲ့ မိသားစုဘက်က ဘာသတင်းမှ လုံးဝ မကြားရခြင်းပဲ ဖြစ်လေသည်။

သူမရဲ့ မိသားစုက တာ့ကျွမ်းကို အထင်သေးစွာ ဆိုးဆိုးဝါးဝါး ဆက်ဆံဖူးခဲ့တာမို့ သိပ်မပတ်သက်ချင်ပေမဲ့ ဘာပဲပြောပြော သူတို့က သူမရဲ့ သွေးသားရင်း အဖေ ၊ အမေနှင့် အစ်ကိုတွေ ဖြစ်သည်။ သွေး ဆိုတာ ရေထက် ပျစ်သည်။

အခု သူမ ကလေးမွေးတဲ့ သတင်းကို လွန်ခဲ့တဲ့ ရက်တွေကတည်းက လူလွှတ်ပြီး စာပို့ထားပေမဲ့ သူမရဲ့ မိဘတွေက သူမကို လာမကြည့်သလို စကားတစ်ခွန်းတလေတောင် သတင်းမပါးလိုက်ပါ။

“ အစ်မကို ကြည့်ရတာ မပျော်သလိုပဲ။ ”

ဟဲရှောင်ယာက ချွန်းနျဉ်ကို ကြည့်ပြီး “ ငါ နည်းနည်းလေး မွန်းနေတယ် ချွန်းနျဉ်။ နင် လေကောင်းလေသန့်ရအောင် ပြတင်းပေါက်လေး ဖွင့်ပေးလို့ ရမလား။ ” ဟု ပြောလိုက်သည်။

“ အဲ … ခဏပဲ ရမယ်နော်။ အစ်မ လေစိမ်းတွေ အကြာကြီး အတိုက်ခံရင် ခေါင်းကိုက်လိမ့်မယ်။ ”

ချွန်းနျဉ်သည် လေကောင်းလေသန့်ရစေရန်အတွက် ပြတင်းပေါက်ဖွင့်ပေးလိုက်၏။

ဒီနေ့ နေပြင်းကာ အပြင်မှာ ခြစ်ခြစ်တောက် ပူလောင်နေတယ် ဆိုပေမဲ့ လီယောင်က ခြံထဲမှာ ရေလှည်းဘီးကြီးတစ်ခုကို တပ်ဆင်ထားပြီး ပန်ကာကြီးကို မောင်းကာ ခြံထဲကို ရေခိုးရေငွေ့တွေ ထုတ်လွှတ်ထားတာမို့ တခြားနေရာတွေထက် အများကြီး ပိုအေးနေသည်။

“ အစ်မ ဘာတွေ တွေးနေတာလဲဟင်။ ”

“ ငါ့မိသားစုအကြောင်းပါ။ ”

အချိန်အတော်ကြာ အတူရှိလာပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ ညီအစ်မ အရင်းအချာတွေလို ဖြစ်နေပြီမို့ ဟဲရှောင်ယာက ဘာကိုမှ ဖုံးကွယ်မနေတော့ဘဲ ချွန်းနျဉ်အား သူမရဲ့ မိသားစုအကြောင်း ပြောပြလိုက်သည်။

“ အိမ်ထောင်ကျသွားတဲ့ သမီးတွေက ရေတွေ လျှံထွက်သွားတာနဲ့ တူတယ်လို့ လူတွေက ပြောကြတယ်။ ဒီစကားက နားထောင်လို့တော့ မကောင်းပေမဲ့ အမှန်တရားပဲ။ မိန်းကလေးအများစုက သူတို့မိသားစုနဲ့ မဝေးကွာအောင်လို့ ခင်ပွန်းရဲ့ မိသားစုကို မှီခိုအားကိုးရတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ သူတို့မိသားစုက သူတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ။ ”

ဟဲရှောင်ယာ ယောက္ခမဖြစ်သူကို ပြန်သတိရသွားသည်။ သူမ တာ့ကျွမ်းနှင့် အိမ်ထောင်ကျခါစတုန်းက သူမရဲ့ ယောက္ခမသည် ထိုပုံစံမျိုး ဖြစ်သည်။ အိမ်မှာ ရှိသမျှ ပစ္စည်း သေးသေးမွှားမွှားလေးတွေကအစ မိဘအိမ်ကို ယူသွားပြီး သူတို့မှာ ရှိတဲ့ တစ်ကောင်တည်းသော ကြက်မကြီးကိုပင် ဥ,ဥဖို့ ငှားပေးလိုက်၍ အိမ်မှာ ဟင်းချက်စရာမရှိတော့ဘဲ နေ့တိုင်း တောထဲက အသီးအရွက်ကြမ်းတွေကိုသာ စားခဲ့ရသည်။

နောက်ဆုံးမှာတော့ ဝမ်အာရဲ့ ကြိုးစားမှုက အရာထင်သွားကာ သူမရဲ့ ယောက္ခမရဲ့ မိသားစုက ပေါ်တောင် ပေါ်မလာတော့ပေ။ နောက်ပိုင်းမှာ လီရှန်းကို ကျောင်းထားဖို့အတွက် သူမတို့ဆီက ပိုက်ဆံကိုတောင် ယူခဲ့ရသည်။

ထိုနေ့ရက်တွေအကြောင်း ပြန်တွေးမိသောအခါ ဟဲရှောင်ယာရဲ့ ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွား၏။

သူမရဲ့ မိသားစုနှင့် ပတ်သက်လာရင် သူမက အရမ်း သတိထားသည်။ နှစ်သစ်ကူးချိန်တုန်းက တာ့ကျွမ်းနှင့်အတူ သူမရဲ့ မိသားစုထံ သွားလည်ပြီး လက်ဆောင်တချို့ ယူသွားပေးခဲ့တာက လွဲလို့ မိသားစုအကြောင်းကို သိပ်မပြောဖြစ်။ ဒါ့ကြောင့်ပဲ သူမရဲ့ မိဘတွေက သူမဟာ သူတို့နှင့် ခပ်တန်းတန်း ဖြစ်သွားသည်ဟု ထင်သွားတာ ဖြစ်လိမ့်မည်။

“ ဒါပေမဲ့ သူတို့ တစ်ခါလောက်တော့ ကြိုးစားကြည့်သင့်တယ် မဟုတ်ဘူးလား။ ”

“ စိတ်မပူပါနဲ့ အစ်မရှောင်ယာ။ သူတို့ မကြာခင် ရောက်လာ‌လောက်ပါတယ်။ ”

အခုအချိန်မှာ လီယောင်က ကျိကျိတက် ချမ်းသာနေပြီမို့ အစ်မရှောင်ယာရဲ့ မိသားစုသာ ဉာဏ်ကောင်းရင် ဒီအခွင့်အရေးကို မိမိရရ အသုံးချပြီး ရောက်လာပါလိမ့်မည်။

ချွန်းနျဉ် ခန့်မှန်းထားတဲ့အတိုင်း နှစ်ရက် ၊ သုံးရက်အကြာမှာတော့ ဟဲရှောင်ယာရဲ့ အဖေ အမှန်တကယ် ရောက်လာခဲ့ပါသည်။

…

လီယောင်သည် ငရုတ်သီးတွေ ထည့်ထားတဲ့ ခြင်းတောင်းကို ကိုင်ကာ နေ့လယ်စာအတွက် ဘာချက်ရင် ကောင်းမလဲလို့ တွေးနေတုန်းမှာပဲ တုရှောင်ဟွေ့၏ အမေက တံခါးကို တွန်းဖွင့်ကာ သူမဆီ သွက်သွက်လက်လက် လျှောက်လာခဲ့သည်။

“ သခင်မလီ … ”

“ ငါ့ကို အဲ့လို မခေါ်နဲ့လို့ ပြောထားတယ်လေ။ မရီးလို့ပဲ ခေါ်စမ်းပါ။ ”

ရှောင်ဟွေ့အမေက “ မရီး။ ” ဟု အပြုံးလေးဖြင့် ခေါ်လိုက်သည်။ “ ကျွန်မ ခြံတံခါးအပြင်မှာ ရှောင်ယာရဲ့ အဖေ စောင့်နေတာကို မြင်ခဲ့တယ်။ ”

ရှောင်ယာ့အဖေက လီယောင်ရဲ့ ခမည်းခမက် ဖြစ်သည်။ ရှောင်ယာနှင့် တာ့ကျွမ်းတို့ လက်ထပ်ထားတဲ့ အိမ်သောင်သက် တစ်နှစ်ကျော်အတွင်း ရှောင့်ယာအဖေ လာလည်တာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ကြောင့် လီယောင်သည် ခြံတံခါးဆီ ကိုယ်တိုင် သွားလိုက်လျှင် အနေရခက်နေသော အမူအရာဖြင့် ခြံတံခါးအပြင်ဘက်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော အသက်လေးဆယ်စွန်းစွန်း သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

“ ရှင်က ရှောင်ယာ့အဖေလား။ ”

ဟဲရှစ်ယို့တစ်ယောက် ချက်ချင်း ပြန်ဖြေဖို့ မဝံ့ရဲပေ။ တာ့ကျွမ်းရဲ့ အမေက ငယ်ရွယ်ချမ်းသာတဲ့ သခင်မလေးတစ်ယောက် ဖြစ်သွားတယ် ဆိုရင်တောင် သူမရဲ့ အသက်က မငယ်တော့ပါ။ ဒါပေမဲ့ သူ့ရှေ့က အမျိုးသမီးကတော့ တော်တော်လေးကို ငယ်ရွယ်နုပျိုပြီး လှပနေသည်။

သူမကိုယ်သူမ တာ့ကျွမ်းရဲ့ ညီမလို့ ပြောလျှင်တောင် ယုံကြည်နိုင်လောက်သည်။

“ မင်း … မင်းက သခင်မလီလား။ ”

လီယောင်က “ မိသားစုကြားမှာ ဒီလို စိမ်းသက်တဲ့ အခေါ်အဝေါ်တွေ သုံးနှုန်းဖို့ မလိုပါဘူး။ ကျွန်မက လီယောင်ပါ။ ” ဟု ပြောလိုက်သည်။

“ အိုး ၊ ကျွန်တော် ကြီးမြတ်တဲ့ သခင်မလီကို မမှတ်မိဘူး ဖြစ်သွားတယ်။ ” ဟဲရှစ်ယို့က ပြောပြောဆိုဆို ဦးညွှတ်လိုက်သည်။ “ ရှောင်ဟဲ သခင်မလီကို အရိုအသေပေးပါတယ်။ ”

“ ကျွန်မတို့က မိသားစုတွေပဲ။ အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး။ ခြံထဲကို ဝင်ခဲ့ပါ ခမည်းခမက်။ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့။ ”

လီယောင့်နောက်က လိုက်လာတဲ့ ဟဲရှစ်ယို့သည် ကြီးမားတဲ့ ရေလှည်းဘီးကို မြင်ချိန်မှာ မျက်လုံးပြူးသွားခဲ့သည်။ ရေလှည်းဘီးကြီးကလည်း ပန်ကာကို လည်ပတ်စေပြီး လေအေးတွေ မှုတ်ထုတ်နေတာကို မြင်သောအခါ သူ ပိုလို့တောင် အံ့အားသင့်သွားရလေသည်။

သူ ထင်ထားတဲ့အတိုင်း ဒီမိသားစုက တခြားမိသားစုတွေနှင့် မတူဘူးပဲ … ။

ဟောခန်းကျယ်ထဲကို ရောက်သည်နှင့် လီယောင်က ချွန်းနျဉ်ကို ရေနွေးကြမ်းငှဲ့ခိုင်းပြီး ရှောင်ယာကို အဖေဖြစ်သူနှင့် စကားစမြည် ပြောဖို့ အခန်းထဲက ထွက်လာခိုင်းလိုက်သည်။

“ ရှင်တို့သားအဖနှစ်ယောက် စကားလေး ဘာလေး ပြောကြဦး။ ကျွန်မ ချွန်းနျဉ်နဲ့ အတူတူ နေ့လယ်စာ သွားပြင်လိုက်ဦးမယ်။ ”

“ ကျေးဇူးတင်ပါတယ် ခမည်းခမက်။ ”

လီယောင်နှင့် ချွန်းနျဉ် ထွက်သွားသောအခါ ဟဲရှစ်ယို့က သူ မတွေ့ရတာ အချိန်အတော်ကြာသွားပြီ ဖြစ်တဲ့ သမီးဖြစ်သူကို ကြည့်ပြီး မျက်နှာမကြည်မသာ ဖြစ်သွားသည်။

“ နင် မိန်းကလေးမွေးတယ်ဆို။ ”

ဟဲရှောင်ယာ ခေါင်းညိတ်ပြလိုက်သည်။

“ အိုး ၊ နင် ဘာဖြစ်နေတာလဲ။ နင့်ဗိုက်က ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ။ မိန်းကလေးမွေးတယ် ဆိုတော့ နင့်ယောက္ခမက နင့်ကို သေချာပေါက် အထင်သေးတော့မှာပဲ။ ”

ဟဲရှောင်ယာသည် သူမရဲ့ ယောက္ခမက သူမကို မိန်းကလေးမွေးတဲ့အတွက် အထင်မသေးပါဘူးလို့ ပြောလိုက်ချင်သော်လည်း ထိုစကားလုံးတွေ နှုတ်ခမ်းဝကို ရောက်ချိန်မှာပဲ ပြန်မျိုချလိုက်သည်။

တခြားယောက်ျားတွေနှင့် ထူးမခြားနားတဲ့ သူမအဖေဟာ မိန်းကလေးတွေကို လုံးဝ အထင်မကြီးတတ်တာမို့ သူမကိုလည်း စိတ်ပျက်နေလိမ့်မည်။ အဲ့ဒီလို လူမျိုးကို စကားတွေ အများကြီး သွားပြောနေလို့ အရာမထင်ပေ။

“ ထားလိုက်ပါတော့။ ” သူမ ဘာမှ ပြန်မဖြေတော့ ဟဲရှစ်ယို့က အသံတိုးတိုးနှင့် ပြောသည်။ “ နောက်တစ်ခေါက်ကျ အသေအလဲ ကြိုးစား။ မင်း ဝမ်မိသားစုအတွက် ဆက်ခံသူ ချန်ထားခဲ့မှ ဖြစ်မယ်။ မဟုတ်ရင် ပထမ ဇနီးမယား ဆိုတဲ့ နေရာကနေ မောင်းထုတ်ခံရမှာ သေချာတယ်။ ”

ဟဲရှောင်ယာ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။ ဒါက အဖေတစ်ယောက် ပြောသင့်တဲ့ စကားတွေတဲ့လား … ။ ပြီးတော့ သူ ဒီကို ရောက်နေတာ အချိန်တချို့ ကြာသွားတာတောင် မြေးမလေးကို တွေ့ချင်တယ်လို့ စကားတစ်ခွန်းမှ မဟခဲ့ပေ။

ဒီလူက သူမရဲ့ အဖေသာ မဟုတ်ရင် ဟဲရှောင်ယာ ချက်ချင်း ထထွက်သွားလိုက်ပါပြီ။

“ ငါ ဒီကို ကိစ္စနှစ်ခု ရှိလို့ လာခဲ့တာ။ ” ဟဲရှစ်ယို့က ရေနွေးကြမ်းခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ “ ပထမကိစ္စကတော့ နင်နဲ့ တွေ့ချင်လို့။ ဒုတိယကိစ္စကတော့ နင့်အစ်ကိုနှစ်ယောက်အတွက် နင်တို့မိသားစုထဲမှာ အလုပ်လေး ဘာလေး ရှာပေးခိုင်းဖို့ပဲ။ ”

ဟဲရှောင်ယာ ဆက်သည်းမခံနိုင်တော့ပါ။ “ သမီးနဲ့ လာတွေ့တာက အဓိက ရည်ရွယ်ချက် မဟုတ်မှာကို စိုးရိမ်နေတာ။ တကယ်တော့ အစ်ကိုတွေအတွက် အလုပ်ရှာပေးဖို့က အဖေ ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်နေတာ မဟုတ်လား။ ”

ဟဲရှစ်ယို့ မျက်မှောင်ကြုတ်လိုက်သည်။ “ နင် ဘယ်လို စကားတွေ ပြောနေတာလဲ။ ”

ဟဲရှောင်ယာသည် အခြေအနေကို အရမ်းကြီး တင်းမာအောင် မလုပ်ချင်သောကြောင့် စိတ်ကို ပြန်လျှော့ချလိုက်သည်။ “ သမီးက အိမ်မှာ အလုပ်ကိစ္စတွေကို စီမံတာ မဟုတ်ဘူး။ အဖေ အစ်ကိုတွေအတွက် အလုပ်ရှာပေးချင်ရင် သမီးရဲ့ ယောက္ခမဆီ အဖေကိုယ်တိုင်ပဲ သွားပြောလိုက်ပါ။ အဖေပဲ ခုနတုန်းက ပြောခဲ့တာ မဟုတ်ဘူးလား ၊ သမီးက မကြာခင် အဓိက ဇနီမယားနေရာကနေ မောင်းထုတ်ခံရမှာလေ။ ဒီမိသားစုထဲမှာ သမီး ဘာပြောရေးဆိုခွင့်မှ မရှိတာ မထူးဆန်းပါဘူး။ ”

“ နင် … ”

ဟဲရှစ်ယို့သည် ဒေါသပေါက်ကွဲသွားပြီး သူမကို ပါး သုံး ၊ လေးချက်လောက် ရိုက်ပစ်ချင်သွားသည်။ ဒီကောင်မလေးဟာ သူ့စကားကို ငယ်ငယ်လေးကတည်းက နားထောင်ခဲ့တာ မဟုတ်ဘဲ အိမ်ထောင်ပြုခြင်း အပါအဝင် အရာရာတိုင်းကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။

အခုအချိန်မှာ သူမရဲ့ ယောက္ခမက ချမ်းသာပြီး လူလေးစားခံရတဲ့ ဂုဏ်သရေရှိ သခင်မတစ်ယောက် ဖြစ်သွားတာ သူမ ကံကောင်းသည်။

“ နင် မြဲမြဲ မှတ်ထား။ နင့်ရဲ့ တစ်အူတုံဆင်း အစ်ကိုနှစ်ယောက်ကမှ နင့်ရဲ့ မိသားစု အစစ်အမှန်။ ” ဟု ဟဲရှစ်ယို့ ပြောလိုက်သည်။ “ အဲ့ဒါနဲ့တောင် နင်က သူတို့ အလုပ်ရဖို့ မကူညီပေးချင်ဘူး။ နင့်အစ်ကိုတွေနဲ့ ငါတို့ နင့်ကို ဂရုစိုက်ပေးခဲ့တာတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ ”

သူမကို ဂရုစိုက်ပေးခဲ့တာတွေ အကုန်လုံး အလကားဖြစ်သွားပြီတဲ့လား … ။ အစားအသောက်ကောင်းတွေ အကုန်လုံးကို သူမရဲ့ အစ်ကိုတွေအတွက် ပေးတာ ၊ အဝတ်အစားကောင်းကောင်းတွေ အကုန်လုံးကို သူမရဲ့ အစ်ကိုတွေအတွက် ပေးတာ ၊ သက်သာတဲ့ အလုပ်တွေကိုပဲ အစ်ကိုတွေကို လုပ်ခိုင်းတာ ၊ ဘယ်သူ့ဘက်က မှားမှား အစ်ကိုတွေကပဲ အမြဲတမ်း မှန်တာက ဘယ်လို ဂရုစိုက်ပေးမှုမျိုးလဲ။

တကယ့်ကို ဩချရလောက်အောင် ကောင်းကောင်း ဂရုစိုက်ပေးခဲ့တာပါပဲ။

ဟဲရှောင်ယာသည် သူမအဖေနှင့် ထပ်တွေ့ရဖို့ ကြယ်ကြွေချိန်မှာ ဆုတောင်းအပြီးမှာ အဖေဖြစ်သူက သူမကို အမှန်တကယ် လာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း စိုးရိမ်ပူပန်တဲ့ စကားတွေ ၊ နှုတ်ခွန်းဆက်စကားတွေကို တစ်ခွန်းမှ မပြောသလို သူ့မြေးမလေးအကြောင်းကိုတောင် ဘာမှ မမေးခဲ့ပါ။ ဒီမိသားစုပတ်သက်မှုကို အသုံးချပြီး သူမကို အခွင့်အရေးတွေ တောင်းခံဖို့သာ သိကာ သူမဘက်က မလိုက်လျောတော့ သူမကို မှားတယ်လို့ ပြောသည်။

ဟဲရှောင်ယာ မတ်တပ်ရပ်ပြီး ပြောလိုက်၏။ “ သမီး အကြာကြီး လေစိမ်းအတိုက်ခံလို့ မရဘူး။ သမီးရဲ့ အခန်းကို ပြန်တော့မယ်။ ”

“ နင် … ။ ဘယ်လိုပဲဖြစ်ဖြစ် နင် ငါ့အတွက် ဒီကိစ္စကို ဖြစ်အောင် လုပ်ပေးရမယ်။ မနက်ဖြန် နောက်ဆုံးထားပြီး ဖြစ်အောင် လုပ်ပေး။ ဒါပဲ။ ”

ဟဲရှောင်ယာကတော့ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ သူမရဲ့ အခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

သူမရဲ့ အဖေနှင့် ယောက္ခမဟာ နှစ်ယောက်လုံး မိဘတွေ ဖြစ်နေပါရက်နှင့် ဘာကြောင့် ဒီလောက်တောင် ကွဲပြားခြားနားရတာပါလိမ့် … ။

All Chapters