← Chapters

သူနဲ့ ကစားပေးလိုက်ပါ

Vol. 16 Ch. 176

သူနဲ့ ကစားပေးလိုက်ပါ

Vol. 16 Ch. 176

အနည်းငယ် စိမ်းသက်နေပေမဲ့လည်း ဘာပဲပြောပြော သူတို့ဟာ မိသားစုတွေပါ။ လီယောင်က ဟဲရှစ်ယို့ကို ပျူပျူငှာငှာ ကြိုဆိုပြီး တာ့ကျွမ်းကို ဧည့်သည်အခန်း တစ်ခန်း ပြင်ဆင်ခိုင်းခဲ့သည်။ အဓိပ္ပာယ်ကတော့ သူ ဒီကို လာတာ ရှားတာမို့ ရက်ပိုင်းလောက် နေသွားမည် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။

လီယောင်က အတော်လေး စကားပြောရဆိုရ လွယ်ကူတာကို သတိထားမိသော ဟဲရှစ်ယို့သည် အစဉ်အလာတွေအတိုင်း စကားမပြောတော့ဘဲ သက်သောင့်သက်သာ ပြုမူနေထိုင်ကာ အစ်ကိုနှစ်ယောက် အလုပ်ရရေးအတွက် လီယောင့်ကို ဟဲရှောင်ယာ ပြောပေးမှာကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း ဘာသတင်းကောင်းမှ မကြားရဘဲ နှစ်ရက်တိတိ စောင့်ပြီးနောက်မှာတော့ ဟဲရှစ်ယို့ အလွန် မကျေမနပ်ဖြစ်လာခဲ့သည်။ အဲ့ဒီနေ့မှာပဲ လီယောင် အပြင်ထွက်သွားသည်နှင့် သူ အခန်းထဲက ဟဲရှောင်ယာကို ခေါ်လိုက်သည်။

“ နင် ငါ ပြောခိုင်းထားတဲ့ ကိစ္စကို ပြောပြီးပြီလား။ ”

“ မပြောရသေးဘူး။ ”

“ ဘာ။ နင် မပြောရသေးဘူး … ဟုတ်လား။ ” ဟဲရှစ်ယို့ရဲ့ မျက်နှာက ချက်ချင်းပဲ မည်းမှောင်ကျသွားသည်။ “ နင်က ငါ့သမီးနော်။ အခု နင်က ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား။ ”

“ သမီး ပြောပြီးပြီပဲ။ အဖေ အဲ့ကိစ္စကို ပြောချင်ရင် ကိုယ်တိုင် သွားပြောပါလို့။ ”

“ နင် … နင် ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာ မဟုတ်လား။ ” ဟဲရှစ်ယို့က ရုတ်တရက် အသံမြှင့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ ငါ့မှာ နင့်ကို ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းနဲ့ ပြုစုပျိုးထောင်ခဲ့ရတာ ၊ ဝမ်းဝအောင် ကျွေးပြီး ခါးလှအောင် ဆင်ခဲ့ရတာ ၊ ဂရုစိုက်ပေးခဲ့ရတာ။ အခု နင်က လင်ကောင်းသားကောင်းလည်း ရသွားရော ငါ့ကို အဖေလို့တောင် သဘောမထားတော့ဘူးပေါ့လေ … ဟုတ်လား။ ”

“ မှန်ပါတယ်။ အဖေ သမီးကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။ ” ဟု ဟဲရှောင်ယာက ပြန်ပြောလိုက်သည်။ “ ဒါပေမဲ့ ဝမ်မိသားစုနဲ့ သမီး လက်ထပ်ပြီးကတည်းက အဖေ သမီးကို ကိုယ့်သမီးလို့ သဘောထားသေးလို့လား။ သမီးရဲ့ မင်္ဂလာပွဲကိုတောင် ရွာထဲက အဒေါ်တွေကပဲ သမီးကို လိုက်ပို့ပေးခဲ့တာ။ ဘာလို့လဲ ဆိုတော့ အဖေက သမီး ဒီတောထဲက ရွာသားတစ်ယောက်နဲ့ လက်ထပ်လိုက်တာ အဖေတို့ကို အရှက်ရစေတယ်လို့ ထင်ခဲ့လို့လေ။ ”

“ မင်္ဂလာပွဲပြီးလို့ တာ့ကျွမ်းနဲ့ သမီး အိမ်ပြန်လာတဲ့ နေ့တုန်းက … အဖေက အိမ်တံခါးကို တင်းကျပ်နေအောင် ပိတ်ထားပြီး သမီးတို့ကို နေ့လယ်အထိ အပြင်မှာ ရပ်စောင့်ခိုင်းခဲ့တာ။ ”

“ အစားတစ်လုတ် ၊ ရေတစ်စက်တောင် မတိုက်ခဲ့ဘူး။ ထိုင်စရာ ခွေးခြေခုံလေး တစ်ခုံတောင် မပေးခဲ့ဘူး။ အဖေက တာ့ကျွမ်းနဲ့ သမီးကို ခြံထဲက ကျောက်တုံးတွေပေါ်မှာ ထိုင်ခိုင်းခဲ့တာ … ”

“ တာ့ကျွမ်းက ဦးနှောက်သိပ်မကောင်းလို့ တော်သေးတာပေါ့။ ပိုက်ဆံရှိလာတာနဲ့ သူက အဖေတို့ကို ပေးဖို့ လက်ဆောင်တွေ လှည်းတစ်စီးစာ ယူလာပေးခဲ့တယ်လေ။ ”

“ ဒါပေမဲ့ အဖေကတော့ ဒီမှာ သုံးရက်နေခဲ့တာတောင် အဖေ့ရဲ့ မြေးမလေးကို တစ်ကြိမ်လေးတောင် မကြည့်ဘူး။ ဒါ အဖေ့ရဲ့ အဖေတစ်ယောက်အဖြစ် ပြုမူပုံလားဟင်။ ”

ဟဲရှောင်ယာသည် ပညာမတတ်သလို စကားပြောဆိုရာမှာလည်း မကျွမ်းကျင်ပါ။ သူမရဲ့ နှလုံးသားထဲက လျှံတက်လာတဲ့ စကားလုံးတွေကို အမှန်အတိုင်း ရိုးသားစွာ သွန်အန်ထုတ်ပစ်လိုက်ရုံသာ ရှိသည်။

သို့သော် ဟဲရှစ်ယို့ကတော့ အေးစက်စက် ရယ်မောပြီး “ မမေ့နဲ့နော်။ နင်က ဝမ်မိသားစုအတွက် သမီးပဲ မွေးပေးထားတာ။ ” ဟု ဟဲရှောင်ယာကို ပြန်ပြောခဲ့သည်။

“ အဲ့ဒါ ဘာဖြစ်လို့လဲ။ ”

“ ဘာဖြစ်ရမှာလဲ။ ဝမ်မျိုးရိုးတွေက အခု ကျိကျိတက် ချမ်းသာသွားပြီ။ သူတို့ တစ်နေ့ကျ နင်နဲ့ ကွာရှင်းပြီး သားယောက်ျားလေး မွေးပေးနိုင်တဲ့ မိန်းမအသစ်ကို ရှာမလား ဆိုတာ ဘယ်သူ သိမှာလဲ။ အဲ့အချိန်ကျမှ ငါတို့ဆီ ငိုပြီး ပြန်ပြေးမလာနဲ့ ၊ ငါတို့ကို နင့်ကို ကူညီထောက်ပံ့ပေးဖို့ မတောင်းပန်နဲ့။ ”

ဟဲရှောင်ယာ အော်ရယ်မိလုနီးပါးပင် ဖြစ်သွားရသည်။ ဘာလို့ အဖေ ၊ အမေတွေအကုန်လုံးက အိမ်ထောင်ကျသွားတဲ့ သမီးတစ်ယောက်ဟာ ထောက်ပံ့မှုအတွက် သူမရဲ့ မိသားစုကိုပဲ မှီခိုရလိမ့်မည် ၊ မဟုတ်ရင် ယောက်ျားဘက်က ဆွေမျိုးတွေဆီမှာ အနိုင်ကျင့်ခံရလိမ့်မည်ဟု တစ်သမတ်ကြီး ထင်နေရတာလဲ … ။ မိသားစုကို မှီခိုတဲ့ နည်းလမ်းက လွဲလို့ သူမမှာ ထွက်ပေါက်မရှိဘူးလို့ ဘာလို့ တစ်သမတ်ကြီး ထင်နေရတာလဲ … ။

ထိုထင်မြင်ချက်က တခြားသူတွေအတွက် မှန်ကောင်းမှန်နိုင်သော်လည်း ဟဲရှောင်ယာအတွက်တော့ လုံးဝ မမှန်ပါ။

သူမရဲ့ ယောက္ခမ ၊ တာ့ကျွမ်းနှင့် မောင်ငယ်လေးတွေအားလုံးက သူမကို မိဘအရင်း ၊ အစ်ကိုအရင်းတွေထက်တောင် နွေးနွေးထွေးထွေး ဆက်ဆံပေးသည်။

“ သမီးကို ဘယ်သူမှ ထောက်ပံ့ပေးဖို့ မလိုအပ်ဘူး။ လိုအပ်တယ် ဆိုရင်တောင် သမီးကို ထောက်ပံ့ပေးမယ့် လူက သမီးရဲ့ ယောက္ခမနဲ့ တာ့ကျွမ်းပဲ ဖြစ်လိမ့်မယ်။ ဒီကိစ္စအတွက် အဖေ တွေးပူမနေပါနဲ့။ ”

ဟဲရှစ်ယို့သည် ထိုစကားကို ကြားသည်နှင့် ပါးသိုင်းမွေးတွေ ထောင်လာတဲ့အထိ ဒေါသထွက်သွားခဲ့သည်။ “ ငါ … နင့်ကို အလကားသက်သက် ပျိုးထောင်မိခဲ့တာပဲ။ မွေးရကျိုးမနပ်လိုက်တဲ့ သမီး။ ”

“ ဘယ်လိုလုပ် အဖေက သမီးကို အလကားသက်သက် ပျိုးထောင်ခဲ့ရမှာလဲ။ နှစ်သစ်ကူးချိန်တုန်းက တာ့ကျွမ်းနဲ့ သမီး အဖေ့ကို လက်ဆောင်တွေ အများကြီး ပေးပြီး ကန်တော့ခဲ့တယ်လေ။ လူတိုင်းထက် သမီးတို့ ပေးတဲ့ လက်ဆောင်တွေက အများဆုံးပဲ။ ”

အဖေ သမီးကို အလကားသက်သက် ပျိုးထောင်မိခဲ့တယ်လို့ ခံစားရရင် အဲ့ဒါက အဖေ အရမ်း လောဘကြီးလွန်းလို့ပဲ … ။

ဒီစကားက သူတို့ရဲ့ သားအဖဆက်ဆံရေးကို ပိုဆိုးသွားစေလိမ့်မည်မို့ ဟဲရှောင်ယာ နောက်ဆုံးစကားကိုတော့ မပြောဖြစ်လိုက်ပါ။

ဟဲရှစ်ယို့မှာ ဘာမှ ပြောစရာ မရှိတော့၍ ဟဲရှောင်ယာကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်နေပြီး သူ့မျက်နှာက မည်းမှောင်ညိုမှိုင်းနေခဲ့လေသည်။ ဒီကောင်မလေး ဝမ်မိသားစုနှင့် အိမ်ထောင်ကျပြီးကတည်းက သူ့ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားတာပင်။

“ ရှင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ ” ထိုအချိန်မှာပဲ အပြင်က ပြန်ရောက်လာတဲ့ လီယောင်က မေးလိုက်သည်။ “ တစ်ယောက်ကို တစ်ယောက် အကြည့်စိမ်းတွေနဲ့ စိုက်ကြည့်နေကြတာ … ဘာဖြစ်ထားတာလဲ။ ”

တကယ်တော့ သူမ ဒီတစ်ချိန်လုံး အပြင်မှာ ရပ်နားထောင်နေခဲ့ပြီး သူတို့ရဲ့ စကားဝိုင်းကို သဲကွဲပြတ်သားစွာ ကြားခဲ့ရသည်။ ဟဲရှောင်ယာရဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပုံက မှန်ကန်သည်ဟု သူမရဲ့ စိတ်ထဲမှာ ခံစားရသည်။

ဘယ်အရာမဆို အပြန်အလှန်ရှိသင့်သည်။ မိဘဖြစ်နေရင်တောင် ဒီအချက်ကို မမေ့လျော့သင့်။ အပေါ်ယံ ဟန်ပြသက်သက် အားထုတ်ပြီး အချောင်လိုချင်နေရအောင်လည်း လောကကြီးမှာ အဲ့ဒီလို သဘောကောင်းတဲ့ အရာမျိုး မရှိပေ။

“ ဪ။ ဘာမှ မဟုတ်ပါဘူးဗျာ။ ” ဟဲရှစ်ယို့က မျက်နှာပေါ်မှာ အပြုံးတု တစ်ခုကို ဖန်တီးယူပြီး မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။ “ အခုလေးတင်ပဲ ရှောင်ယာက ကျုပ်ကို ပြောနေတာ။ သူ့အစ်ကိုနှစ်ယောက်က ဘာပိုက်ဆံမှ မရှာဘဲနဲ့ အိမ်မှာပဲ နှစ်တိုင်း လယ်အလုပ် လုပ်နေလို့ သူတို့ မင်းရဲ့ အလုပ်ရုံတွေမှာ လာအလုပ်,လုပ်သင့်တယ်တဲ့။ အဲ့ဒါက ကျုပ်ရဲ့ ခမည်းခမက်အတွက် ကရိကထများမယ်လို့ ထင်လို့ ကျုပ်က သဘောမတူဘူး။ အဲ့ဒါကြောင့် ရှောင်ယာက ကျုပ်ကို စိတ်ဆိုးနေတာ။ ”

လီယောင်ရော ၊ ဟဲရှောင်ယာရော ပြိုင်တူ နှုတ်ခမ်းမဲ့မိလိုက်ကြသည်။ ဟဲရှောင်ယာသည် သူမ အခုချက်ချင်း တွင်းတစ်တွင်း တူးပြီး ထိုတွင်းထဲ ဝင်ပုန်းနေချင်သွားမိသည်။ သူမရဲ့ အဖေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်တရားကင်းမဲ့ရတာလဲ … ။

“ ဒါ သတင်းကောင်းပဲ။ ” လီယောင်က အမှန်တရားကို သိနေပေမဲ့ မထုတ်ဖော်ဘဲ ရယ်မောရင်းသာ ပြောလိုက်သည်။ “ တိုက်ဆိုင်ချင်တော့ အလုပ်ရုံတွေမှာလည်း လူလိုနေတာလေ။ မနက်ဖြန်ဆိုတာနဲ့ သူတို့နှစ်ယောက် အလုပ်လာဆင်းလို့ ရပြီ။ ”

ဟဲရှောင်ယာက “ မဖြစ်ဘူး အမေ။ ” ဟု အမြန် ဝင်ပြောလိုက်တော့ လီယောင်က “ ဘာကို မဖြစ်တာလဲ။ နင်ပဲ ဒီကိစ္စကို အကြံပေးထားတာ မဟုတ်ဘူးလား။ ” ဟု ပြန်မေးလိုက်သည်။

“ ပြီးတော့ သူတို့က နင့်အစ်ကိုတွေလေ။ ငါတို့ သူတို့ကို နည်းနည်းပါးပါးတော့ ကြည့်ရှုစောင်မပေးသင့်‌တာပေါ့။ နင်က မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်နေတာပါ။ ”

“ ကျွန်မ မ … ”

“ အဟမ်း။ ”

ဟဲရှစ်ယို့က နှစ်ကြိမ် ချောင်းဟန့်ပြီး ဟဲရှောင်ယာကို စကားဖြတ်လိုက်သည်။ ဒီလို အခွင့်အရေးကောင်းတစ်ခုကို ဟဲရှောင်ယာအား ဖျက်ဆီးခွင့် မပေးနိုင်ပေ။

“ ကျုပ်ရဲ့ ခမည်းမခက်က ဒီလို ပြောနေပြီ ဆိုတော့ ကျုပ်က လိုက်လျောရတော့မှာပေါ့ဗျာ။ ဒါနဲ့ သူတို့က ဘယ်နေရာမှာ အလုပ် လုပ်ရမှာလဲ။ ”

“ သတ္ထုအရည်ကျိုတဲ့ နေရာမှာပါ။ အလုပ်က အရမ်း ရိုးရှင်းပါတယ်။ နေ့တိုင်း မီးပြင်းဖိုကြီးတွေဆီ ကျောက်မီးသွေးတွေ အဆက်မပြတ် သွားထည့်ပေးရုံပါပဲ။ လစာကတော့ တစ်လကို ဝမ် ( ၁၀၀၀ ) ပါ။ ”

သတ္ထုအရည်ကျိုရမယ့် အလုပ်တဲ့လား … ။ ပြီးတော့ တစ်လကို ဝမ် ( ၁၀၀၀ ) တည်းရယ် … ။

သူ့မျက်နှာပေါ်က အကြောအချင်တွေ ထုံထိုင်းသွားသည်ဟု ဟဲရှစ်ယို့ ခံစားလိုက်ရသည်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူ သတင်းစုံစမ်းကြည့်တုန်းကတောင် အလုပ်ရုံက လက်မှုပညာရှင်တွေက တစ်ယောက်ကို ငွေချောင်း ( ၂၀ ) ၊ ( ၃၀ ) ရသည်တဲ့။ အလုပ်တွေကို နည်းနည်းပါးပါး စီမံခန့်ခွဲပေးရုံနှင့် ငွေချောင်း ( ၃၀ ) ကနေ ( ၅၀ ) အတွင်း ရသည်ဟု ဆိုသည်။

သူ့သားနှစ်ယောက်ထဲက တစ်ယောက်ကသာ အလုပ်ရုံ ကြီးကြပ်ရေးမှူး ဖြစ်လာရင် အနည်းဆုံးတော့ အလုပ်စဝင်ကတည်းက ငွေချောင်း ( ၅၀ ) ရပါလိမ့်မည်။

ဒီမိသားစုအဆက်အသွယ်နှင့်သာဆို အနည်းဆုံးတော့ သူ့သားတွေကို ကြီးကြပ်ရေးမှူးရာထူးလောက် ရအောင် ယူပေးနိုင်လိမ့်မည်ဟု ဟဲရှစ်ယို့ ထင်ခဲ့မိသည်။

ဒါပေမဲ့ သတ္ထုအရည်ကျိုတဲ့ အလုပ် လုပ်ရလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ။ ထိုအလုပ်က နေထွက်နေဝင် ကျောက်မီးသွေးတွေကို သယ်ရတာ ဖြစ်ပြီး ညနေ အလုပ်ဆင်းတဲ့အခါ ကျောက်မီးသွေးအမှုန့်တွေ အများကြီးကို ဆေးကြောရလိမ့်မည်။

“ တခြား လူလိုတဲ့ နေရာတွေ ဘာတွေရော မရှိဘူးလား ခမည်းခမက်။ ”

“ အင်း။ နောက်တစ်နေရာတော့ ရှိသေးတယ်။ ဆပ်ပြာအလုပ်ရုံရဲ့ လက်ရှိ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ ယောက္ခမလေ။ ဒါပေမဲ့ သူက အသက်အရွယ်ရနေပြီ ဆိုတော့ ကိစ္စ တော်တော်များများကို မကိုင်တွယ်နိုင်တော့ဘူး။ ကျွန်မ သူ့ကို အိမ်မှာပဲ အငြိမ်းစားယူခိုင်းပြီး ကျန်ရှိနေတဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခိုင်းဖို့ ပြင်ဆင်နေတာ။ ”

အထွေထွေ ကြီးကြပ်ရေးမှူးအတွက် အလုပ်နေရာ လစ်လပ်နေတယ် ဆိုတဲ့ စကားကို ကြားတော့ ဟဲရှစ်ယို့ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ ဒီရာထူးက သူ လိုချင်နေတဲ့ ရာထူးပဲ မဟုတ်လား … ။ လူတစ်နေရာစာပဲ ရှိတယ် ဆိုပေမဲ့ သတ္ထုအရည်ကျိုရတာထက်တော့ သာသည်။

“ ဒါဆို မင်း ရှောင်ယာရဲ့ အစ်ကိုကြီးကို အဲ့ရာထူးကို ပေးလိုက်ရင် ဘယ်လိုလဲ ခမည်းခမက်။ ”

“ ကောင်းသားပဲ။ အကြီးဆုံးသားရဲ့ နာမည်က ဘာလဲ။ ”

“ သူ့နာမည်က ဟဲလျန့်တဲ့။ ”

“ သူက ခရိုင်စာမေးပွဲအောင်ထားတဲ့ ကျောင်းသားတစ်ယောက်လား။ ”

ဟမ် … ။

ဟဲရှစ်ယို့တစ်ယောက် သူပဲ နားကြားမှားတာလားဟု တွေးမိသွားသည်။ သာမန် ကြီးကြပ်ရေးမှူးရာထူးလေးပဲကို ခရိုင်စာမေးပွဲအောင်ဖို့ လိုအပ်သေးတာလား … ။

“ ကျွန်မရဲ့ ခမည်းခမက်က မသိဘူး ထင်တယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မတို့မိသားစုရဲ့ အလုပ်ရုံတွေအားလုံးမှာ ကြီးကြပ်ရေးမှူးတွေက ပညာတတ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာ။ အစပိုင်းမှာ အလုပ်ခန့်ထားတဲ့ လူတွေက ပညာမတတ်ရင်တောင် သူတို့ အခု ညကျောင်းမှာ စာလေ့လာနေပြီ။ အနာဂတ်မှာ အထွေထွေ ကြီးကြပ်ရေးမှူးရာထူးမှာ ပညာတတ်တဲ့ လူတွေကိုပဲ ရွေးချယ်ပြီး အလုပ်ခန့်သွားမှာပါ။ ”

ဟဲရှစ်ယို့ : ……

“ အမေ။ ” ဟဲရှောင်ယာက လီယောင်ရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိသွားပြီး ထပ်ပြောလိုက်သည်။ “ ကျွန်မရဲ့ အစ်ကိုနှစ်ယောက်က တစ်ခါမှ ကျောင်းမတက်ဖူးဘူး။ ”

“ အယ်။ ဒါဆိုရင်တော့ နည်းနည်းလေး ဂွကျတာပဲ။ စည်းမျဉ်းတွေကို မနှစ်ကတည်းက ချမှတ်ထားတာ ဆိုတော့ လုံးဝ ချိုးဖောက်လို့ မရဘူး။ ရှင့်သားနှစ်ယောက်ကို သတ္ထုအရည်ကျိုတဲ့ နေရာမှာပဲ အလုပ်ခန့်‌ရင်ရော ဘယ်လိုလဲ ခမည်းခမက်။ ”

ဟဲရှစ်ယို့ : ……

သူလည်း အခုတော့ သဘောပေါက်သွားပါပြီ။ လီယောင်က ဒီတစ်ချိန်လုံး သူ့ကို တမင်သက်သက် ကစားနေတာ ဖြစ်သည်။

…

All Chapters