← Chapters

ကျိုင်းကောင်။

Vol. 16 Ch. 177

ကျိုင်းကောင်။

Vol. 16 Ch. 177

သူ ဒီကိစ္စကို သဘောတူမယ်လို့ ဘယ်တုန်းကမှ စိတ်မကူးဖူးသော်လည်း ငြင်းဆန်ဖို့ သင့်တော်တဲ့ စကားလုံးတွေကိုလည်း ရှာဖွေလို့ မရပါ။

“ ဒီလိုဆိုလည်း ထားလိုက်ပါတော့လေ။ ” ဟု ဟဲရှစ်ယို့က ပြောလိုက်သည်။ “ ဒါနဲ့ ကျုပ် ဒီမှာ နေတာ ရက်လည်း ကြာနေပြီ ဆိုတော့ ကျုပ် အိမ်ပြန်သင့်ပြီ ခမည်းခမက်။ ”

“ ဒါဆိုလည်း ကောင်းပါပြီ။ ကျွန်မ ရှင့်ကို လူတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်။ ” ဟု လီယောင်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “ ရှင့်မြေးမလေးကိုလည်း မကြာခဏ လာတွေ့လှည့်ပေါ့။ သူက အရမ်း ချစ်စရာကောင်းပြီး အရမ်းကို လှတယ်။ ငယ်လွန်းသေးတာကြောင့်သာ မဟုတ်ရင် ကျွန်မ သူ့ကို နေ့တိုင်း စိတ်လိုလက်ရ ချီထားမိမှာ အမှန်ပဲ။ ”

ဟဲရှစ်ယို့ဟာ ဒီမှာ သုံး ၊ လေးရက်လောက် နေခဲ့သော်လည်း သူ့မြေးမလေးကို တစ်ကြိမ်တောင် သွားမကြည့်ခဲ့တာမို့ လီယောင် သူ့ကို လှောင်ပြောင်နေမှန်း သိသည်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာကြီး ရဲတက်လာပြီး အလျင်အမြန် နှုတ်ဆက်စကားဆိုလိုက်ရလေသည်။

သူ ပြန်သွားတော့ ဟဲရှောင်ယာက အခြေအနေကို ရှင်းပြဖို့ ပါးစပ်ပြင်နေ၏။ “ အမေ … ကျွန်မ … ”

“ ငါ အကုန်လုံး သိတယ်။ ” လီယောင်က သူမရဲ့ စကားကို ဖြတ်ပြောလိုက်သည်။ “ ဒါပေမဲ့ နောက်ပိုင်းကျ အရမ်း တည့်တိုးကြီး မပြောနဲ့။ ဘာပဲပြောပြော သူက နင့်အဖေပဲ။ ”

“ ဟုတ်ကဲ့။ ကျွန်မ နားလည်ပါပြီ အမေ။ ”

“ ပြီးတော့ နင်က အခု အမေတစ်ယောက် ဖြစ်လာသလို ဒီအိမ်ထောင်စုရဲ့ အကြီးဆုံးချွေးမ ဆိုရင်လည်း မမှားဘူး။ ငါ့မူရင်းစိတ်က အပျင်းကြီးတယ်။ နင့်ရဲ့ မီးနေသည်ကာလပြီးသွားရင် ဒီအိမ်ထောင်စုရဲ့ ကိစ္စကြီးငယ်အားလုံးကို နင်ပဲ တာဝန်ယူပေးပါ။ ”

“ ဟမ်။ ”

ဟဲရှောင်ယာသည် လီယောင့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ယောက္ခမက သူမကို အိမ်တော်ရဲ့ သခင်မနေရာကို လွှဲပြောင်းယူခိုင်းနေတာလား … ။

“ ကျွန်မ မလုပ်တတ်ဘူး အမေ။ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း မသိဘူး။ ”

“ မသိရင် သိအောင် လေ့လာပေါ့။ နင် လေ့လာပြီးသွားတာနဲ့ ငါလည်း အေးအေးဆေးဆေး အငြိမ်းစားယူနိုင်လိမ့်မယ်။ ”

“ အငြိမ်းစားယူတယ် ဆိုတာ ဘာကို ပြောတာလဲဟင်။ ”

“ ဘာကို ပြောတာလဲ ဆိုတော့ … ဘယ်အရာကိုမှ အာရုံစိုက်စရာ မလိုတော့တာမျိုးပေါ့။ ဘာအလုပ်မှ လုပ်စရာ မလိုဘူး ၊ ဘယ်ကိစ္စကိုမှ စိုးရိမ်‌စရာ မလိုဘူး။ ငါ လုပ်ချင်တဲ့ အရာတွေကိုပဲ နေ့တိုင်း လုပ်မယ်။ ငါ တစ်နေရာရာကို သွားချင်ရင် ချက်ချင်း ကောက်ထွက်သွားလို့ ရတာမျိုး … ”

လီယောင် ရှင်းပြတာကို နားထောင်ပြီး ဟဲရှောင်ယာရဲ့ စိတ်ထဲကို အားကျမှုတွေ တဖွားဖွား ဝင်ရောက်လာခဲ့သည်။ ကျွန်မလည်း အငြိမ်းစားယူချင်တယ် အမေ … ။

တစ်နှစ်တာရဲ့ အပူဆုံးကာလအတွင်း ရွာအပြင်ဘက်က စပါးခင်းတွေဟာ အဝါရောင်သမ်းစပြုလာခဲ့သည်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လီယောင် ဘယ်ကိုမှ မသွားဖြစ်ဘဲ နေ့တိုင်း အိမ်မှာ ဟဲရှောင်ယာနှင့် စကားစမြည်ပြောကာ သူမကို အိမ်ထောင်မှုထိန်းသိမ်းနည်း ၊ စီမံကွပ်ကွဲနည်းတွေ သင်ပေးနေခဲ့သည်။

သူတို့ စကားပြောနေရင်း နေ့လယ်စာအတွက် ဘာချက်ရင် ကောင်းမလဲ ဆိုတဲ့ အကြောင်းကို ဆွေးနွေးချိန်မှာ စကားဝိုင်းက အစားအသောက်ဘက်ကို အလိုအလျောက် ပြောင်းလဲသွားသည်။

ဒါက လူ့သဘာဝပါပဲ။ လက်ထဲမှာ ပိုက်ဆံမရှိတဲ့အချိန်ဆို အသားစွပ်ပြုတ်တစ်ခွက်ပင် နတ်သုဒ္ဒါသဖွယ် အရသာရှိပေမဲ့ ချမ်းသာလာတဲ့ အချိန်ကျရင်တော့ ဘာစားရင် ကောင်းမလဲ ဆိုတာကို တွေးပူနေတတ်ကြသည်။

“ ငါတို့ ဒီနေ့ ပေါ့ပေါ့ပါးပါး တစ်ခုခု စားရင် မကောင်းဘူးလား။ ” ဟု လီယောင်က အကြုံပြုလိုက်သည်။ “ ငါတို့ ပဲလွမ်းဆားနယ် ချက်လို့ ရတယ် ၊ ပြီးတော့ ကန်စွန်းဥ နည်းနည်းပါးပါး တူးပြီး ပေါင်းကြမယ်။ ”

“ ကန်စွန်းဥစားဖို့ အချိန်ကျပြီလား။ ”

“ အခုအချိန်မှာ စားရင် နည်းနည်းတော့ ကန်စွန်းဥတွေက သေးဦးမယ်။ တွက်ချေတော့ မကိုက်ဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေ စားတာကတော့ အဆင်ပြေပါတယ်။ ”

ပြောရရင် သူတို့ ကန်စွန်းဥနွယ်တွေ အများကြီး စိုက်ပျိုးထားတာမို့ နည်းနည်းပါးပါး စားဖို့တော့ တတ်နိုင်ပါသည်။

ဟဲရှောင်ယာက “ အဲ့ဒါဆို ကျွန်မလည်း အသားဟင်းတစ်ခွက် ချက်ပေးမယ် အမေ။ အကုန်လုံးက အလုပ်ကြိုးစားနေကြတာ ဆိုတော့ အသား စားပေးသင့်တယ်။ ” ဟု ပြောလိုက်သည်။

“ ဒါဆို ကြက်သားဟင်းစပ်စပ်လေး ချက်ကြတာပေါ့။ အရင်ဆုံး ချွန်းနျဉ်ကို ကြက်နှစ်ကောင် သတ်ဖို့ ပြောလိုက် ၊ သူ ရောက်လာတာနဲ့ ငါ နင့်ကို ကြက်သားဟင်းချက်နည်း သင်ပေးမယ်။ ”

“ ဟုတ်ကဲ့။ ”

လီယောင်သည် ကောက်ရိုးဦးထုပ်ကို ဆောင်း၍ ခြစ်ခြစ်တောက်နေတဲ့ နေရာင်ကို အံတုကာ တောင်ခါးပန်းပေါ်က စိုက်ခင်းတွေဆီသို့ ခြင်းတောင်းတစ်လုံးဖြင့် သွားခဲ့သည်။

ပဲလွမ်းတွေကို နည်းနည်းလေး ပိုမြင့်တဲ့ နေရာမှာ စိုက်ပျိုးထားတာမို့ အောက်ဘက်က ကန်စွန်းဥစိုက်ခင်းကို ဖြတ်သွားဖို့ လိုသည်။ သူမ တောင်ခါးပန်းအမြင့်ဘက်ကို ရောက်လာသည်နှင့် သစ်ရွက်တွေကြားကနေ ပိုးကောင်တစ်အုပ် ပျံပြေးသွားသည်။ ပိုးကောင်တစ်ကောင်ကို အမြန် လှမ်းဖမ်းပြီး ကြည့်လိုက်တော့ အမည်းရောင် ကျိုင်းကောင်ပိုးတုံးလုံး ဝဝလေး တစ်ကောင်ပင်။

ထိုအရာက လီယောင့်ရဲ့ စိတ်ထဲကို နိမိတ်မကောင်းတဲ့ ခံစားချက်တွေ ရုတ်တရက် ဝင်ရောက်လာစေသည်။ ကျိုင်းကောင်တွေ ဒီလောက် များနေပုံထောက်ရင် ဒါက ကျိုင်းကောင်ပုလိပ်ရောဂါများ ဖြစ်နေနိုင်မလား။

စပါးရိတ်သိမ်းဖို့ တစ်လ လိုသေးသလို ကန်စွန်းဥတွေကလည်း အရေးအကြီးဆုံး ကြီးထွားနှုန်းကို ရောက်နေတဲ့ အချိန်မှာ ကျိုင်းကောင်ပုလိပ်ရောဂါသာ ဖြစ်လိုက်ရင် ဒီနှစ်ရဲ့ ကောက်ပဲသီးနှံတွေ ဘာမှ ကျန်တော့မည် မဟုတ်။

သို့သော်လည်း သူမလည်း ကျိုင်းကောင်ပုလိပ်ရောဂါကို အရင်တုန်းက မကြုံဖူးတာမို့ ကျွမ်းကျင်သူတွေနှင့် တိုင်ပင်ဖို့သာ တတ်နိုင်သည်။ ထို့ကြောင့် လီယောင်သည် စိုက်ခင်းထဲမှာ အလုပ် လုပ်နေတဲ့ တာ့ကျွမ်းကို သွားရှာပြီး ကျိုင်းကောင်အနည်းငယ်ကို မြေခွေးအမြီးမြက်ပင်နှင့် ချည်နှောင်ကာ ခရိုင်တရားရုံးတော်သို့ ယူသွားပြီး တရားသူကြီးစုန့်အား ကျွမ်းကျင်သူတစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်လေသည်။

…

ဆောင်းဦးလယ် ကောက်ရိတ်ပွဲတော်မှာ လီယောင့်ရဲ့ အကြံပြုချက်အတိုင်း တရားသူကြီးစုန့်သည် စီရင်စုအတွက် အခွန်ဘဏ္ဍာတွေ အများကြီး စုဆောင်းနိုင်ခဲ့သည်။ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ပြီးသွားရင် သူ ဆည်မြောင်းတွေ ဆောက်ဖို့ စီစဉ်ထားသည်။

တာ့ကျွမ်း ရုတ်တရက် ရောက်လာတာကို မြင်တော့ သူ့စိတ်ထဲမှာ အနည်းငယ် ဒွိဟဖြစ်သွားသည်။

“ ကျွန်တော့်ကို ကျွန်တော့်အမေ လွှတ်လိုက်တာပါ။ သူ စိုက်ခင်းတွေထဲမှာ ကျိုင်းကောင်တွေ အများကြီး တွေ့ထားလို့ ကျိုင်းကောင်ပုလိပ်ရောဂါဖြစ်မှာ စိုးရိမ်လို့တဲ့။ ”

ထိုစကားကို ကြားသည်နှင့် တရားသူကြီးစုန့်ရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

မိုးခေါင်မှုတွေ ၊ ရေကြီးရေလျှံမှုတွေကို ဖြေရှင်းလို့ ရပေမဲ့ ကျိုင်းကောင်ပုလိပ်ရောဂါကတော့ ဟိုးရှေးခေတ်ကတည်းက မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ သူ ကျိုင်းကောင်ပုလိပ်ရောဂါကို အရင်တုန်းက မြင်ဖူးသည်။ နေရောင်အောက်မှာ ကျိုင်းကောင်တွေ အများကြီး ထွက်လာပြီး သီးနှံမဖြစ်ထွန်းတဲ့ လယ်မြေတွေကိုပဲ ချန်ခဲ့သည်။

သို့သော် ဒီရာသီမှာ ကျိုင်းကောငိတွေကို နေရာတိုင်းမှာ တွေ့ရတာ မထူးဆန်းတာမို့ နမူနာအနည်းငယ်အပေါ် မူတည်ပြီး ပုလိပ်ရောဂါလို့ သူ ကြေညာလို့ မရပါ။ သေချာ စုံစမ်းစစ်ဆေးပြီးမှ ကောက်ချက်ချဖို့ လိုသည်။

ထို့ကြောင့် တရားသူကြီးစုန့်သည် ရုံးတော်ထဲကနေ ချက်ချင်း ထွက်လာခဲ့သည်။ ဒီတစ်ခေါက်တော့ သူ့ရဲ့ သုံးဘီးစက်ဘီးကို မစီးတော့ဘဲ ရုံးတော်စာရေးတွေနှင့်အတူ မြင်းနှင့် ထွက်ခွာလာခဲ့တာ ဖြစ်သည်။ သူတို့ ညသန်းခေါင်အထိ ရွာတွေမှာ အခြေအနေတွေကို စစ်တမ်းကောက်လိုက်လျှင် ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ ရွာတစ်ဝက်လောက်မှာ မသင်္ကာစရာ ကျိုင်းကောင်တွေ အများကြီး ရှိနေတာကို အမှန်တကယ်ပဲ သိရှိသွားခဲ့သည်။

“ ယိကျိုးစီရင်စုကို ညတွင်းချင်း သွားပြီး ကျိုင်းကောင်အခြေအနေကို အုပ်ချုပ်ရေးမှူးလီကို တင်ပြလိုက်ပါ ခေါင်းဆောင်ကျန်း။ ”

“ ဟုတ်ကဲ့ပါ တရားသူကြီးမင်း။ ”

ကာကွယ်ရေးခေါင်းဆောင်ကျန်း ထွက်ခွာသွားပြီးနောက် တရားသူကြီးစုန့်သည် ဘယ်လိုမှ စိတ်ဖြောင့်လက်ဖြောင့် မနေနိုင်တဲ့အဆုံး ညစာပင် မစားတော့ဘဲ ဟဲဝမ်ရွာသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။

ထိုအချိန်မှာ လီယောင်နှင့် ချွန်းနျဉ်က ခေါက်ဆွဲအေးတွေ ပြုလုပ်နေတာ ဖြစ်သည်။ တရားသူကြီးစုန့် သုတ်သီးသုတ်ပျာ ရောက်လာတာကို မြင်တော့ အခြေအနေက အကောင်းဘက်ကို ဦးတည်နေတာ မဟုတ်မှန်း လီယောင် သဘောပေါက်သွားသည်။

“ ကျိုင်းကောင်ပုလိပ်ရောဂါကို ဖြေရှင်းဖို့ ရှင့်မှာ နည်းလမ်းကောင်း ရှိလား တရားသူကြီးစုန့်။ ”

တရားသူကြီးစုန့်က အိုးတိုးအမ်းတမ်း ပြုံးပြပြီး ‘’ ကျုပ်မှာသာ အဖြေ ရှိရင် ခင်ဗျားကို လာရှာနေတော့မလား အမျိုးသမီးလီရဲ့။ ’ ဟူ၍ စိတ်ထဲကသာ ပြန်ပြောလိုက်မိသည်။

“ အမျိုးသမီးလီ မသိဘူးနော်။ ကျိုင်းကောင်ပုလိပ်ရောဂါ စတင်တာနဲ့ အခြေအနေကို ဘယ်လိုမှ အဖတ်မဆယ်နိုင်ဘူး။ ပြည်သူတွေ အကုန်လုံးကို စုပြီး ကျိုင်းကောင်တွေကို လိုက်ဖမ်းရင်တောင် အသုံးမဝင်ဘူး။ ကျွန်တော်တို့ အတောမသတ်နိုင်တဲ့ ကျိုင်းကောင်အုပ်ကြီးကို ဖမ်းရလိမ့်မယ်။ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ ရစရာမရှိအောင် ပျက်စီးသွားတာကိုပဲ ကူကယ်ရာမဲ့ ထိုင်ကြည့်နေရမှာ။ ”

ဖြေရှင်းနည်း မရှိဘူးတဲ့လား … ။

လီယောင်သည် ဦးနှောက်ကို ဖျစ်ညှစ်၍ သူမရဲ့ အရင်ဘဝမှာ ကျိုင်းကောင်ပုလိပ်ရောဂါကို ဘယ်လို ဖြေရှင်းတာလဲ ဆိုတာ စဉ်းစားလိုက်သော်လည်း ပိုးသတ်ဆေးတွေ ဖြန်းတာကိုပဲ သတိရသည်။ ဒီနေရာမှာ ပိုးသတ်ဆေးတွေကို လုံးဝ ပြုလုပ်လို့ မရပေ။

သူမ ခက်ခက်ခဲခဲ စိုက်ပျိုးထားရတဲ့ ကန်စွန်းဥတွေ ၊ ကောက်ပဲသီးနှံတွေကို ဒီပိုးကောင်တွေဆီ ဘာမှ မတတ်နိုင်ဘဲ ထိုးကျွေးလိုက်ရတော့မှာလား … ။

“ အခုက စပြီး ကျွန်မတို့ လူအင်အားတွေကို စုပြီး ကျိုင်းကောင်ကို ရသမျှ လိုက်ဖမ်းဖို့ပဲ လုပ်နိုင်တယ်။ လူတိုင်း လိုက်ဖမ်းလို့ လိုတယ်။ ”

ကျိုင်းကောင်ပုလိပ်ရောဂါ ကျရောက်လာတဲ့ သတင်းက ရွာသူ ၊ ရွာသားတွေ အကုန်လုံးရဲ့ မျက်နှာကို ဖြူရော်သွားစေသည်။ ဆန်စပါး ဆိုတာ ပြည်သူတွေရဲ့ ရှင်သန်ရပ်တည်မှုမှာ အခြေခံ အုတ်မြစ်ပါ။ စည်းစိမ်ဥစ္စာတွေ သုံးမကုန်အောင် ရှိနေရင်တောင် စားစရာ မရှိရင် အလကားပဲ။

လီယောင်သည် သူမရဲ့ အလုပ်ရုံတွေ အကုန်လုံးကို ယာယီရပ်တန့်ကာ ကျိုင်းကောင်တွေကို အင်တိုက်အတိုက် နှိမ်နှင်းဖို့ ပြင်ဆင်နေခဲ့သည်။

အထူးသဖြင့် ရွာလူကြီးဝမ်ကျားဖူ‌က တစ်ရွာလုံးကို စုစည်းတဲ့ အလုပ်ကို တာဝန်ယူထားသည်။ “ ဒီလို အချိန်အခါမျိုးမှာ ကျုပ်တို့ ကိုယ့်အတွက်ကိုယ်ပဲ ကာကွယ်နေလို့ မရဘူး။ ကျုပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း လူတိုင်း စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ”

ကိစ္စတော်တော်များများကို ကြုံဖူးပြီးတဲ့ ရွာသူ ၊ ရွာသားတွေကတော့ အသေးအဖွဲကိစ္စလေးတွေအတွက် အရင်လို အင်တိုက်အားတိုက်လုပ်ဖို့ စိတ်မပါတော့ပေ။ အိတ်ကပ်ထဲမှာ ပိုက်ဆံနည်းနည်း ရှိလာတဲ့အခါ သူတို့က သဘာဝကျစွာပင် အပြစ်ရှာပြီး တွက်ချက်မှုတွေ ပြုလုပ်လာကြသည်။

လီယောင့်ရဲ့ ဥပမာအတိုင်း လူတိုင်းက ကျိုင်းကောင်ဖမ်းသည့် ပိုက်ကွန်ကို ရက်လုပ်ခဲ့ကြသည်။ ရွာလူကြီးဝမ်ကျားဖူက ရွာသားတစ်ထောင်ကျော်ကို အဖွဲ့တွေ ခွဲပြီး စိုက်ခင်းထဲမှာ ပိုက်ကွန်တွေကို ဖြန့်ခင်းကာ ကျိုင်းကောင်းတွေကို ဖမ်းဖို့ ပိုက်စိပ်တိုက် ရှာဖွေမှုတွေကို စတင်လိုက်သည်။

…

All Chapters