← Chapters

နွေကျိုင်းကောင်တွေကို ပေါ့ပေါ့တန်တန် လျှော့မတွက်နဲ့။

Vol. 16 Ch. 178

နွေကျိုင်းကောင်တွေကို ပေါ့ပေါ့တန်တန် လျှော့မတွက်နဲ့။

Vol. 16 Ch. 178

တောင်ပေါ်မှာထက် လယ်ကွင်းတွေထဲမှာ ကျိုင်းကောင်တွေ ပိုများသည်။ တစ်ခါတရံ ပိုက်ကွန်ကို တစ်ကြိမ် ဖြန့်ချလိုက်ရုံနှင့်ပင် ကျိုင်းကောင်တွေ အများကြီးကို ဖမ်းဆီးနိုင်တာမို့ နာရီဝက်အတွင်းမှာပဲ အဖွဲ့တစ်ဖွဲ့စီဟာ ခြင်းတောင်းတစ်ဝက်ကျော် ဖမ်းမိခဲ့သည်။

ဒါပေမဲ့ လယ်ကွင်းထဲက ကျိုင်းကောင်တွေကတော့ ဘယ်တော့မှ ကုန်ခမ်းသွားမယ့်ပုံမပေါ်ဘဲ နေရာတိုင်းမှာ ပျံဝဲနေတာမို့ လူတိုင်းက ဟိုပြေးလိုက် ၊ ဒီပြေးလိုက်ဖြင့် သူတို့ကို လိုက်ဖမ်းနေခဲ့ရသည်။

ဒီလို ပူပြင်းတဲ့ နေ့တစ်နေ့မှာ စပါးပင်တွေရဲ့ သိပ်သည်းထူထပ်နေသော အရွက်တွေက ဓားသေးသေးလေးတွေလိုပဲ လူတိုင်းရဲ့ လက်တွေ ၊ ခြေထောက်တွေကို ပြတ်ရှသွားစေသည်။ အင်းဆက်ပိုက်ကွန်တွေကို ဖြန့်ချချိန်မှာလည်း ရင့်မှည့်လုနီးပါး စပါးပင်ညှာတံတွေကြောင့် နာကျင်ရသည်။

သို့သော်လည်း စိုက်ခင်းတွေအကုန်လုံးကို ကျိုင်းကောင်တွေ စားသွားတာထက်စာရင်တော့ လူတိုင်းက အခက်အခဲတွေကိုပဲ သည်းခံချင်၏။

“ အမေ။ ” ဟဲရှောင်ယာက လီယောင် စိုက်ခင်းထဲက ပြန်လာတာကို မြင်တော့ “ အဆင်ပြေခဲ့လားဟင်။ ” ဟု လာမေးလျှင် လီယောင်က ခေါင်းခါယမ်းပြလိုက်သည်။

“ သိပ်အဆင်မပြေဘူး။ ကျိုင်းကောင်တွေက အရမ်း များလွန်းတယ်။ ငါတို့ တစ်ကောင်မကျန် လိုက်ဖမ်းလို့ မရဘူး။ ”

“ ဒါဆို ကျွန်မတို့ ဘယ်လို လုပ်ကြမလဲဟင်။ ” ဟဲရှောင်ယာက ကျန်တဲ့ လူတွေက စိတ်အပူဆုံး ဖြစ်သည်။ ဒီ‌နှစ်က သူတို့ အများကြီး အပင်ပန်းခံပြီး ကြိုးစားထားသလို တာ့ကျွမ်းကလည်း နေ့တိုင်း နေမထွက်ခင်ကတည်းက‌ စ၍ နေဝင်မိုးချုပ်သည်အထိ အလုပ်,လုပ်ခဲ့တာကြောင့် သီးနှံအထွက်နှုန်းကောင်းသည်။

အဲ့ဒီကောက်ပဲသီးနှံတွေ အကုန်လုံးကို ကျိုင်းကောင်တွေ စားသွားရင် ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်မလဲ … ။

“ စိတ်မပူပါနဲ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ငါ အကောင်းဆုံး ကြိုးစားပြီး နည်းလမ်းရှာမှာပါ။ ”

အမှန်စင်စစ်ကတော့ လီယောင် ကျိုင်းကောင်တွေကို ဘယ်လို ရှင်းလင်းပစ်ရမလဲ ဆိုတာ မသိပါ။ သူမရဲ့ ဦးနှောက်ထဲက တစ်ပိုင်းတစ်စ မှတ်ဉာဏ်တွေကို စုစည်းပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းကို စဉ်းစားရုံသာ တတ်နိုင်သည်။

“ ငါတို့ အိမ်မှာ ဒီတိုင်း ထိုင်မနေသင့်ဘူး။ ” ဟု လီယောင်က ဆက်ပြောလိုက်သည်။ * အခု အပြင်မှာ အရမ်းကို ပူနေတာ ၊ သူတို့မှာ ဟင်းချက်ဖို့ အချိန်မရှိဘူး။ ငါတို့ ဒီရက်ပိုင်းတော့ စားရေးသောက်ရေးကို တာဝန်ယူရမယ်။ ”

“ ဟုတ်ကဲ့ပါ အမေ။ ”

နှောင်းပိုင်း မီးနေသည်ကာလမှာတောင် ရွာသူ ၊ ရွာသားတွေကို ကူညီပေးချင်တဲ့ ဟဲရှောင်ယာသည် ချွန်းနျဉ်အား ရွာလူကြီးကို သွားရှာပြီး ပဲတီစိမ်းစွပ်ပြုတ်အေး ၊ ဆီးသီးသနပ်နှင့် အစားသောက်တွေ ချက်ဖို့အတွက် ရွာထဲက အမျိုးသမီးကြီးတွေကိုပါ ခေါ်လာခိုင်းလိုက်သည်။

လူတစ်ထောင်ကျော်ကို ကျွေးမွေးဖို့အတွက် ထမင်းတစ်နပ်စာလျှင် ဆန် ကျင်း ( ၅၀၀ ) လိုအပ်ပါသည်။

သူတို့မှာ အိမ်ရွေ့ပြောင်းတုန်းက မင်္ဂလာပွဲအတွက် ပြင်ဆင်ခဲ့တဲ့ အတွေ့အကြုံရှိနေလို့ တော်သေးသည်။ မိသားစုရဲ့ သခင်မအသစ် ဖြစ်လာတော့မယ့် ဟဲရှောင်ယာက ကိစ္စတွေကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ စဉ်းစားပြီး အရာရာတိုင်းကို အစီအစဉ်တကျ ပြုလုပ်ခဲ့သည်။

အစားအသောက်တွေ အဆင်သင့်ဖြစ်သွားတော့ နွားလှည်းတွေကို အသံးပြုပြီး ကျောင်းကို ပို့ဆောင်ပေးရသည်။ ကျောင်းမှာဆို လူတိုင်း အရိပ်အောက်မှာ ကျယ်ကျယ်လွင့်လွင့် အေးအေးလူလူ စားသောက်နိုင်မည်လေ။

အစားအသောက်တွေက အသားတွေအများကြီးနှင့် မွှေးပျံ့နေသော်လည်း လူတိုင်းရဲ့ စိတ်ခံစားချက်ကတော့ စိတ်ပျက်အားလျော့ကာ သူတို့ပါးစပ်ထဲမှာ အရသာပျက်နေသည်။

ဝမ်အာကလည်း လူတွေကို ကြည့်ပြီး အလွန် စိတ်ပူသွားကာ သူသာ ရွာလူကြီး ဆိုရင် ဒီပြဿနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမှာလဲလို့ စဉ်းစားကြည့်နေမိသည်။

အကုန်လုံး နေ့လယ်စာ စားလို့ မပြီးသေးခင်မှာပဲ တရားသူကြီးစုန့်ရဲ့ ရထားလုံး ရောက်လာသည်။ ဟဲဝမ်ရွာမှာ ကပ်ဘေးလျှော့ချရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နေတာကို မြင်တော့ တရားသူကြီးစုန့် ကျေနပ်သွားသည်။ ဒါက လီယောင်ရဲ့ စွမ်းဆောင်ချက် ဆိုတာ သူ သိသည်။

“ အမျိုးသမီးလီ။ ” တရားသူကြီးစုန့်က ဝတ်ရုံရှည်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ခေါ်လာသည်။ “ ကျုပ် မနေ့ညတုန်းက ယိကျိုးစီရင်စုကို ညတွင်းချင်းပဲ အကျိုးအကြောင်း လှမ်းပြောခဲ့တယ်။ ဒီနေ့ အုပ်ချုပ်ရေးမှူးလီက ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းတဲ့ နေရာမှာ အတွေ့အကြုံရှိတဲ့ သီးသန့်အတိုင်ပင်ခံဟွမ်းကို လွှတ်လိုက်တယ်။ ”

“ ဟုတ်လား။ ” လီယောင်က ကျွမ်းကျင်ပညာရှင်တစ်ယောက် ရောက်လာတယ် ဆိုတဲ့ သတင်းကို ကြားတော့ အလွန် ပျော်ရွှင်သွားသည်။ “ ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါရှင်။ ”

အတိုင်ပင်ခံဟွမ်းက လီယောင့်ကို မြင်သည်နှင့် “ အမျိုးသမီးလီကို နှုတ်ခွန်းဆက်သပါတယ်။ ” ဟု ဆိုကာ ဦးညွှတ်နှုတ်ဆက်သည်။

လီယောင်ကတော့ “ ဓလေ့ထုံးတမ်းတွေ ဘာတွေကို လိုက်နာနေစရာ မလိုပါဘူး ဆရာဟွမ်း။ ” ဟု ပြန်ပြောလိုက်သည်။ “ အရင်ဆုံး ကျွန်မတို့နဲ့ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်လောက် ဝင်စားပါ။ ပြီးမှ ဒီကျိုင်းကောင်ကပ်ဘေးကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဆွေးနွေးကြတာပေါ့။ ”

ဆရာဟွမ်းက စားပွဲပေါ်က အစားအသောက်တွေကို လှမ်းကြည့်လိုက်ပြီး ထူးခြားကောင်းမွန်တဲ့ ဟင်းလျာတွေ မဟုတ်သောကြောင့် စားချင်စိတ် သိပ်မရှိပေ။ ပြောရရင် သူက နေပြည်တော်က လာတဲ့ အုပ်ချုပ်ရေမှူးမိသားစုရဲ့ သီးသန့်အတိုင်ခံတစ်ယောက်မို့ ဒီလို ဇနပုဒ်သားတွေနှင့် အတူတူ ထိုင်မစားနိုင်ပါ။

“ အလုပ်ရှုပ်မခံပါနဲ့ အမျိုးသမီးလီ။ ကျွန်တော်က ကျိုင်းကောင်အခြေအနေကို စစ်ဆေးဖို့ လာတာမို့လို့ တခြားရွာတွေကိုလည်း သွားရဦးမှာပါ။ အဲ့ဒါကြောင့် မစားတော့ပါဘူး။ ”

ထိုစကားကြောင့် တရားသူကြီးစုန့်က အိုးတိုးအမ်းတမ်းဖြစ်သွားသည်။ သူက ရွာသားတွေနှင့် အရင် ထမင်းစားပြီးမှ ကျိုင်းကောင်နှိမ်နှင်းရေးလုပ်ငန်းတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားခဲ့တာပင်။ ဒါပေမဲ့ အခုတော့ ဆရာဟွမ်းက မစားဘူးလို့ ပြောလိုက်၍ သူ့မှာ ဗိုက်ဟောင်းလောင်းနှင့် လိုက်ရတော့မည်။

“ ဒါဆို စပါးခင်းတွေကို အရင် သွားကြည့်ကြတာပေါ့။ ” ဝမ်ကျားဖူရဲ့ ဦးဆောင်မှုနှင့်အတူ သူတို့လူစုသည် စပါးခင်းတွေဆီသို့ ထွက်လာခဲ့ကြသည်။

ဆရာဟွမ်းသည် ကျိုင်းကောင်ကပ်ဘေးတွေကို ကိုင်တွယ်ဖြေရှင်းဖူးတဲ့ အတွေ့အကြုံအရ အခြေအနေကို ချက်ချင်း နားလည်သွားပြီး အဖြေပေးခဲ့သည်။ “ သိပ်စိုးရိမ်စရာမရှိဘူး။ ”

ဝမ်ကျားဖူက ကြောင်အမ်းအမ်း ဖြစ်သွားပြီး “ ဒီလောက်တောင် ကျိုင်းကောင်တွေ များနေတာကို ဘာကို စိုးရိမ်စရာမရှိတာလဲ ဆရာဟွမ်းရဲ့။ ” ဟု ပြန်မေးသည်။

“ ဟုတ်ပါတယ်။ ” ဆရာဟွမ်းက ပြုံးလိုက်သည်။ “ တကယ့် ကျိုင်းကောင်ကပ်ဘေး ဆိုရင် ကျိုင်းကောင် အရွယ်အစားအစုံ ရှိနေရမှာ။ ဒါပေမဲ့ ဒီမှာ ခင်ဗျား မြင်တဲ့အတိုင်း ဒီစပါးခင်းထဲမှာ အကောင်သေးသေးလေးတွေပဲ ရှိတယ်။ အဲ့ဒါ ဘာကြောင့်လို့ ထင်လဲ။ ”

“ ဘာလို့လဲ ဆိုတော့ … ” ဝမ်ကျားဖူသည် ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားပြီးနောက် “ အကောင်ကြီးတွေက အသက်ကြီးပြီး သေသွားလို့လား။ ” ဟု ပြန်ပြောလိုက်သည်။

“ ဟားဟား ၊ ခင်ဗျားက သိပ်နားမလည်ဘူးပဲ။ ကျိုင်းကောင်အကြီးတွေ သေသွားလို့ ကျိုင်းကောင်အပေါက်လေးတွေကို မွေးထုတ်မပေးနိုင်တော့တာ။ ဒီအကောင်သေးသေးလေးတွေ မျိုးပွားဖို့ အရွယ်ရောက်လာတဲ့ အချိန်ကျရင် စပါးခင်းတွေ ရိတ်သိမ်းပြီးလို့ ရာသီဥတုလည်း အေးလောက်ပြီ။ သဘာဝတရားကြီးက သူတို့ကို ရှင်းလင်းပေးသွားလိမ့်မယ်။ ဒီကျိုင်းကောင်သေးသေးလေးတွေကတော့ ကောက်ပဲသီးနှံတွေကို သိပ်မစားနိုင်ဘူး။ ခင်ဗျားတို့ စိုးရိမ်တယ် ဆိုရင် ကြက်တွေ ၊ ဘဲတွေကိုသာ လွှတ်ထားလိုက်။ သုံးရက်အတွင်း ဒီကျိုင်းကောင်တွေ ပြောင်ရှင်းသွားလိမ့်မယ်။ ”

လူတိုင်းသည် သူတို့ စိုးရိမ်ပူပန်စွာ လုပ်ဆောင်ခဲ့တာတွေက သဲထဲရေသွန်ဖြစ်သွားတာလား ဟူသော အတွေးဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

နောက်ဆုံးတော့ ဝမ်ကျားဖူသည် သူ့ခေါင်းပေါ်က အလေးတုံးကြီး မရှိတော့သလို စိတ်ပေါ့ပါးသွားသည်။ “ ဆရာဟွမ်းက ဒီလို ပြောနေမှတော့ ငါတို့ စိတ်အေးလက်အေး နေလို့ ရပြီဟေ့။ ”

လူတိုင်းက စိတ်သက်သာရာရသွားတဲ့ သက်ပြင်းမောလေးတွေ မှုတ်ထုတ်ဖို့ ပြင်နေတုန်းမှာပဲ ဝမ်အာက လီယောင့်ဆီ လျှောက်သွားပြီး တစ်ခုခု ပြောလိုက်သည်။ လီယောင်က မသိမသာ ခေါင်းညိတ်ပြပြီး သူ့ကို ရှေ့ထွက်ပြောဖို့ မျက်ရိပ်မျက်ကဲပြလိုက်၏။

“ တရားသူကြီးစုန့်နဲ့ ဆရာဟွမ်း။ ” ဝမ်အာက ဦးညွှတ်၍ ရှေ့ထွက်လာသည်။ “ ကျွန်တော့်မှာ မတူညီတဲ့ အမြင် ရှိပါတယ်။ ”

ဝမ်အာကို မြင်တော့ တရားသူကြီးစုန့်က ပြုံးပြီး “ မင်းက ကျောင်းသား မဟုတ်ဘူးလား။ လယ်လုပ်ငန်းတွေအကြောင်း မင်း ဘယ်လိုလုပ် သိမှာလဲ။ ” ဟု မေးလိုက်သည်။

“ လယ်သမားမိသားစုမှာ ကြီးပြင်းလာတဲ့ ကျွန်တော်က ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အနည်းအကျဉ်းတော့ နားလည်ထားပါတယ်။ ”

“ ဒါဆို မင်းအမြင်က ဘယ်လိုလဲ။ ”

“ ကျိုင်းကောင်အကြီးတွေ မရှိတော့တာက သူတို့ သေသွားပြီလို့ အဓိပ္ပာယ်ကောက်လို့ ရပေမဲ့ သူတို့က ဆောင်းတွင်းမှာ ရှင်သန်နိုင်အောင်လို့ မြေကြီးထဲမှာ ဥတွေ ချထားခဲ့နိုင်ပါတယ်။ ကျွန်တော် ငယ်ငယ်လေးတုန်းက အစ်ကိုကြီးနဲ့ စပါးခင်းတွေထဲမှာ ဆော့ကစားရင်း ကျိုင်းကောင်ဥတွေ အများကြီးကို တူးမိဖူးပါတယ်။ ဒါ့ကြောင့် အကောင်မပေါက်သေးတဲ့ ကျိုင်းကောင်ဥတွေ အများကြီး ရှိနေနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ”

တောရွာလေးတစ်ရွာက ကျောင်းသားတစ်ယောက်က သူ့ကို ဆန့်ကျင်ပြောဆိုနေသောကြောင့် ဆရာဟွမ်းရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ သူတို့တွေ ဥချထားခဲ့ရင်တောင် အရွက်တွေကို စားနိုင်လောက်တဲ့ အရွယ်ရောက်ရင် ဆောင်းဦးရာသီကို ရောက်နေလောက်ပြီ။ ”

“ မဟုတ်ပါဘူး။ ကျိုင်းကောင်တွေက အကောင်ပေါက်အရွယ်ကနေ အတောင်ကျွတ်ဖို့ အချိန်ငါးရက်ပဲ လိုတာပါ။ ပြီးတော့ တစ်လအတွင်းမှာ ဥချနိုင်ပါတယ်။ ” ဟု ဝမ်အာက ဆက်ပြောလိုက်သည်။ “ ဥတွေ အများကြီး ချထားခဲ့ရင် ၊ ဒါမှမဟုတ် အကောင်ပေါက်ခါနီး ဥတွေ အများကြီး ရှိနေရင် ( ၁၅ ) ရက်အတွင်း ကျိုင်းကောင်ကပ်ဘေး ဖြစ်မှာ သေချာပါတယ်။ ”

“ မင်းက ဘာတွေ နားလည်ထားလို့ ဒီလို ပြောနိုင်တာလဲ။ ”

“ ကျွန်တော့်အဖေ သင်ပေးခဲ့တာပါ။ ”

“ မင်းအဖေက ဘယ်သူလဲ။ ”

“ ဟဲဝမ်ရွာမှာ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့တဲ့ ဟဲဝမ်ရွာသားတစ်ယောက်ပါ။ ”

“ သူ့ကို အထင်ကြီးစရာကောင်းတဲ့ လူဖြစ်မယ်လို့ ထင်ထားတာ။ ” ဆရာဟွမ်းက လှောင်ပြုံး ပြုံးလိုက်သည်။ “ ငါက ကျိုင်းကောင်ကပ်ဘေးကြီး သုံးခုကို ကိုယ်တိုင် ကြုံဖူးတယ်။ မင်း စားနေတဲ့ ထမင်းစေ့တွေထက် ပိုများတဲ့ ကျိုင်းကောင်တွေကိုလည်း မြင်ဖူးတယ်။ အဲ့ဒါကြောင့် ခုနတုန်းက ငါ ပြောခဲ့တဲ့ အဆိုပြုချက်ကို မပြောင်းလဲနိုင်ဘူး။ နွေကျိုင်းကောင်တွေကို ပေါ့ပေါ့တန်တန် လျှော့မတွက်နဲ့။ မင်း ငါ့ကို ယုံကြည်ဖို့ ရွေးချယ်လို့ ရတယ် ၊ မဟုတ်ရင်တော့ ဒီပြဿနာကို မင်းဘာသာ ဖြေရှင်းလိုက်။ ”

…

All Chapters