ကျိုင်းကောင်နှိမ်နှင်းရေး
Vol. 16 Ch. 179
တရားသူကြီးစုန့်က ဘာမဟုတ်တာလေးနှင့် ဒေါသထွက်လွယ်တဲ့ ထိုလူ့ကို ကြည့်ကာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သို့သော် ဒီလူက အုပ်ချုပ်ရေးမှူး လွှတ်လိုက်တဲ့ လူဖြစ်ပြီး ဒီလို ပူပြင်းတဲ့ နေ့မှာ ဟဲဝမ်ရွာကို လာရတာ အတော်လေး ပင်ပန်းစရာကောင်းတာမို့ အနည်းဆုံးတော့ အပေါ်ယံ လောကဝတ် ရှိသင့်ပါသည်။
“ အတိုင်ပင်ခံဟွမ်းက ဒီလို ပြောနေမှတော့ မင်း စိတ်ချနေလို့ ရပါပြီကွာ။ ” တရားသူကြီးစုန့်က ဝမ်အာကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ “ ငါနဲ့ အတိုင်ပင်ခံဟွမ်းက တခြားရွာတွေကို သွားကြည့်ရဦးမယ်။ ဝမ်ကျားဖူ … မင်း ဒီကိစ္စကို လီယောင်နဲ့ ထပ်ဆွေးနွေးလို့ ရပြီ။ ”
“ အိုး ၊ ကောင်းပါပြီ။ ”
ခပ်သုတ်သုတ် လာပြီး ခပ်သုတ်သုတ် ပြန်သွားသော တရားသူကြီးစုန့်တို့လူစုကို ကြည့်ကာ တစ်ရွာလုံး အနည်းငယ် ဇဝေဇဝါဖြစ်လျက် ကျန်ရစ်ခဲ့သည်။ တစ်ယောက်က အရမ်း ဆိုးဝါးမယ့် ကျိုင်းကောင်ကပ်ဘေး သေချာပေါက် ဖြစ်လိမ့်မည်ဟု ပြောသွားပြီး ကျန်တစ်ယောက်ကတော့ စိုးရိမ်စရာမရှိလို့ စိတ်အေးလက်အေးနေပါဟု ပြောသွားသည်။
သူတို့ ဘယ်သူ့စကားကို နားထောင်ရမှာလဲ … ။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ဝမ်ကျားဖူသည်လည်း လီယောင်က တစ်ရွာလုံးရဲ့ အခရာဖြစ်နေသလိုမျိုး သူမဆီက အကူအညီတောင်းဖို့သာ တတ်နိုင်လေသည်။
လီယောင်က ကျိုင်းကောင်ကပ်ဘေးကို တစ်ခါမှ မမြင်ဖူးပေမဲ့ ဝမ်အာ ပြောတဲ့ စကားက မှန်တယ် ဆိုတာကိုတော့ သတိပြုမိသည်။ အထူးသဖြင့် ကျိုင်းကောင်တွေရဲ့ ဘဝသက်တမ်းက အလွန် တိုတောင်းသည်။
“ ကျွန်မတို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေအတွက် ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ ထင်တယ်။ ”
“ ဒါပေမဲ့ ဘယ်လိုမျိုး ပြင်ဆင်ရမှာလဲ။ ”
“ အဲ့ဒါက … ” လီယောင်က ခဏ စဉ်းစားပြီးမှ ပြောလိုက်သည်။ “ ဒီလို လုပ်ရအောင်။ လောလောဆယ် လူတိုင်း ခဏ နားပြီး နေ့ခင်းအထိ ကျိုင်းကောင်တွေ ဆက်ဖမ်းလိုက်။ ကျွန်မ အိမ်ပြန်ပြီး တခြားနည်းလမ်းတွေ စဉ်းစားဖို့ လိုတယ်။ ”
ဒီခေတ်ကို ရောက်လာတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို ခံစားရတာ လီယောင့်အတွက် ဒါ ပထမဆုံးအကြိမ်ပါပဲ။ ထို့ကြောင့် သူမ ဉာဏ်ကွန့်မြူးလို့ ရတဲ့ နည်းလမ်းတွေများ ထွက်လာမလား ဟူသော အတွေးဖြင့် ညစာစားပြီးသည်နှင့် မိသားစုအစည်းအဝေးလုပ်လိုက်သည်။
ညကောင်းကင်က ကြည်လင်ကာ တောက်ပတဲ့ လမင်းက ကောင်းကင်မှာ တွဲလွဲခိုနေသည်။
ခြံထဲမှာ စားပွဲလေးတစ်လုံးကို ခင်းထားပြီး ထိုစားပွဲပေါ်မှာ အဆာပြေစားစရာ တချို့အပြင် တွင်းရေနှင့် ကျိုထားတဲ့ ဆီးသီးစွပ်ပြုတ်အေးပန်းကန်တွေလည်း ရှိသည်။ တစ်မိသားစုလုံး စားပွဲကို ပတ်ပတ်လည် ဝိုင်းထိုင်နေသော်လည်း အရင်တုန်းကလို လေနုအေးကို စိတ်လက်ပေါ့ပါးစွာ အရသာမခံနိုင်ကြပေ။
ထိုအချိန်မှာပဲ အပြင်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာကာ တရားသူကြီးစုန့်နှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်း ရောက်လာ၏။
“ အတိုင်ပင်ခံဟွမ်း ဆိုတဲ့ လူရော ဘယ်မှာလဲ။ ”
“ အတိုင်ပင်ခံဟွမ်းက ကျုပ်တို့ ဧည့်ဝတ်ကျေပွန်မှု အားနည်းတာကို သဘောမကျဘူး ထင်တယ်။ ” တရားသူကြီးစုန့်က သူ့ကိုယ်သူပဲ ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်သည်။ “ နေ့လယ်တုန်းက နောက်ထပ် နှစ်နေရာကို သွားကြည့်ပြီးတာနဲ့ ဘာမှ ပြဿနာမရှိဘူးလို့ ပြောပြီး ယိကျိုးစီရင်စုကို ခပ်သုတ်သုတ် ပြန်သွားတာ။ ”
လီယောင် အံ့ဩမိပါသည်။
ကြည့်ရတာ ရှေးခေတ်ပဲဖြစ်ဖြစ် ၊ မော်ဒန်ခေတ်ပဲဖြစ်ဖြစ် အဲ့ဒီလို ကျွမ်းကျင်ပညာရှင်တွေဟာ စိတ်သဘောထားဆိုးပြီး တခြာသူတွေရဲ့ မြူမှုန်လောက် သံသယကိုတောင် သည်းမခံနိုင်ပုံပေါ်သည်။
“ ဒါဆို တရားသူကြီးစုန့် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ”
“ ကျုပ်တို့ သတိလက်လွတ်နေလို့တော့ ဘယ်ရမလဲ။ တကယ်ပဲ အတိုင်ပင်ခံဟွမ်း ပြောသလို ဆိုရင်တောင် ကျုပ်တို့ အစွမ်းကုန် ကြိုးစားပြီး ကာကွယ်ရမယ် ၊ ဖြေရှင်းရမယ်။ မဟုတ်ရင် ကျိုင်းကောင်ကပ်ဘေး တကယ် ဖြစ်လာတဲ့ အချိန်ကျရင် အရမ်း နောက်ကျသွားလိမ့်မယ်။ ”
“ ဟုတ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ကလည်း ကျိုင်းကောင်ကပ်ဘေးကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုပြီး တိုင်ပင်နေကြတာ။ တရားသူကြီးစုန့်ရော အတူတူ ဝင်ထိုင်ပြီး တိုင်ပင်ရင် မကောင်းဘူးလား။ ”
“ ကျုပ်လည်း အဲ့ဒါပဲ တွေးနေတာ။ ”
တရားသူကြီးစုန့်က ဘေးဖယ်လိုက်တော့ ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဖရဲသီးတွေ အများကြီးကို သယ်လျက် ရောက်လာသည်။
“ ကျွန်တော် မနေ့တုန်းက ယိကျိုးစီရင်စုကို သွားတုန်းက ဝယ်လာခဲ့တာပါ။ ” ဟု ခေါင်းဆောင်ကျန်းက ပြောသည်။ “ ကျွန်တော်တို့ရဲ့ ပိုင်ချွမ်းခရိုင်မှာ ဖရဲသီး စားရတာ ရှားတယ်လေ။ ”
လီယောင်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ ဖရဲသီးက ဒီလို ရာသီဥတုမျိုးနှင့် လိုက်ဖက်တာမို့ လီယောင်သည် အားနာမနေတော့ဘဲ တာ့ကျွမ်းအား ဖရဲသီးနှစ်လုံးကို ရေတွင်းဆီ ယူသွားကာ ရေခဲထဲမှာ အအေးခံခိုင်းလိုက်သည်။ ခဏနေရင် သူမတို့ အေးအေးလေး စားလို့ ရပါပြီ။
ဖရဲသီးကို ဘယ်လောက်ပဲ စားရ စားရ လီယောင် စိတ်ကုန်မိမှာ မဟုတ်ပါ။ နောက်နှစ်ထဲမှာ ဖရဲသီးစိုက်ခင်းတွေကို ဧကဆယ်ချီပြီး စိုက်ပျိုးဖို့ သူမ ဆုံးဖြတ်ထားလိုက်သည်။
စားပွဲမှာ ထိုင်နေသူတွေထဲမှာ တာ့ကျွမ်းက ကျိုင်းကောင်တွေနှင့် ပတ်သက်လို့ အတွေ့အကြုံအရှိဆုံးဖြစ်သည်။ သူက ကလေးဘဝကတည်းက သူ့အဖေ လယ်လုပ်တာကို နောက်က လိုက်နေကျမို့ ကျိုင်းကောင်တွေအကြောင်းကို သူများတွေထက် နည်းနည်းလေး ပိုသိသည်။
ဥပမာအနေဖြင့် ကျိုင်းကောင်တွေဟာ မြေကြီးထဲမှာ ဥချတတ်တာကို သူ သိသည် ၊ ဥတွေကို အကွက်လိုက် ချတတ်တာကိုလည်း သိသည်။ ကျိုင်းကောင်တွေက မီးခိုးကိုလည်း ကြောက်၍ မြင်းမြှီးမြက်ကို မီးရှို့ထားလျှင် ထိုမီးခိုးငွေ့နှင့် ကျိုင်းကောင်တွေကို သတ်နိုင်သည်။
“ မြက်မြှီးမြက် … ဟုတ်လား။ အဲ့ဒီမြက်က ဘယ်လို ပုံစံမျိုးလဲ။ ” ဟု လီယောင်က မေးလိုက်သည်။
“ အရင်တုန်းက တောင်တန်းနောက်ဘက်မှာ အဲ့မြက်ပင်တွေ ပေါက်ခဲ့ဖူးတယ်။ အခုတော့ တောနက်ပိုင်းထဲထိ သွားပြီး မြင်းမြှီးမြက်တွေကို ခုတ်ရမယ် ထင်တယ်။ ဒါပေမဲ့ အဲ့ဒီမြက်တွေကို အသုံးပြုတဲ့ လူ မရှိတော့ တောင်ပေါ်မှာ အများကြီး ကျန်ပါသေးတယ်။ ”
“ ဒါဆို မနက်ဖြန် ရွာသားတွေကို ခေါ်ပြီး မြင်းမြှီးမြက်တွေကို သွားခုတ်လာခဲ့လိုက်။ ” လီယောင်က ခဏလောက် တွေးပြီးမှ ဆက်ပြောလိုက်သည်။ “ ပြီးတော့ ရွာထဲက ကလေးတွေကိုလည်း ကျိုင်းကောင်တွေကို ဆက်မဖမ်းတော့ဖို့ ပြောလိုက်။ အဲ့ဒီအစား အနီးအနားက တောအုပ်တွေ ၊ တောင်တွေထဲကို သွားပြီး ကျိုင်းကောင်တွေ အများကြီး ဥချခဲ့တဲ့ နေရာတွေကို လိုက်ရှာ ၊ တွေ့တာနဲ့ တူးပြီး အဲ့နေရာတွေကို မီးရှို့ခိုင်းလိုက်ပါ။ ”
ဖြေရှင်းနည်း နှစ်ခုကို အလျင်အမြန် ဆွေးနွေးပြီးသွားကာ တရားသူကြီးစုန့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
သို့သော်လည်း ဒါက သေချာပေါက် မလုံလောက်ဘူး ဆိုတာကို သူတို့ သိပါသည်။ ဘာလို့ဆို ကျိုင်းကောင်ကပ်ဘေးသာ အမှန်တကယ် ဖြစ်လာခဲ့ရင် ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်သွားနိုင်လောက်တဲ့ထိ ကြီးမားတဲ့ ကျိုင်းကောင်အုပ်ကြီးတွေ ထွက်လာမှာ သေချာတာကြောင့် ဖြစ်သည်။ ထိုအချိန်မှာ သူတို့ကို မီးခိုးမှိုင်းတိုက်ပြီး သတ်ရင်တောင် မသေခင်မှာ ကောက်ပဲသီးနှံတွေကို အများကြီး ပျက်စီးသွားစေလိမ့်မည်။
လီယောင်သည် ဖရဲသီးအေးအေးလေး တစ်စိပ်ကို စားပြီး အိမ်သာသွားဖို့ လုပ်နေချိန်မှာပဲ အိမ်တံစက်မြိတ်အောက်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်ကနေ ပိုးဖလံတွေ အများကြီး သူမမျက်နှာဆီ ရုတ်တရက် ပျံသန်းလာခဲ့သည်။
ထိုအဖြစ်အပျက်က သူမကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေသည်။ ပိုးဖလံတွေနဲ့ ခြင်တွေက ညအချိန်မှာ အလင်းရောင်ကို သဘောကျတယ် မဟုတ်လား။ ဒါဆို ကျိုင်းကောင်တွေကရော ဘယ်လိုလဲ … ။
သူမ တာ့ကျွမ်းကို ချက်ချင်းပဲ တောင်အနောက်ဘက် ကန်စွန်းဥစိုက်ခင်းအစပ်သို့ ထင်းတချို့ ယူသွားခိုင်းကာ မီးပုံကြီးတစ်ပုံ ဖိုခိုင်းလိုက်သည်။
သိပ်မကြာလိုက်ဘဲ မီးပုံကြီးက ပိုးဖလံတွေနှင့် အမည်မသိ အင်းဆက်တွေ အများကြီးကို ဆွဲဆောင်လိုက်ကာ ကျိုင်းကောင် အကောင်ပေါက်တချို့ပင်လျှင် မီးပုံဘေးပတ်ပတ်လည်မှာ စတင် စုဝေးလာ၏။
ဒါပေမဲ့ ပိုးဖလံတွေလောက် မတုံးတဲ့ ကျိုင်းကောင်တွေက မီးပုံထဲကို တန်းမဝင်ဘဲ ဘေးပတ်ဝန်းကျင်က မြက်ပင်တွေနားမှာသာ ခုန်ဆွခုန်ဆွလုပ်နေခဲ့လေသည်။
ဒါပေမဲ့ ဒါက လုံလောက်ပါသည်။ ကျိုင်းကောင်တွေ စုဝေးလာတယ် ဆိုရင်ပဲ စိုက်ခင်းတွေထဲကို ပိုက်ကွန်တွေနှင့် သွားပြီး ဖမ်းရတာထက် အဆပေါင်းများစွာ ပိုအဆင်ပြေသည်။ မီးပုံထဲကို မြင်းမြှီးမြက်တွေသာ ထပ်ထည့်လိုက်ရင် ဘာဖြစ်သွားနိုင်မလဲ … ။
“ ဒါက အကြံကောင်းပဲ လီယောင်။ ” တရားသူကြီးစုန့်က စိတ်အားတက်ကြွနေသည်။ ပြဿနာတွေနှင့် ရင်ဆိုင်ရတိုင်း လီယောင့်ဆီ သွားတာက သေချာပေါက် မမှားဘူး ဆိုတာ သူ သိသည်လေ။
“ ဝမ်ကျားဖူကို မြန်မြန် သွားခေါ်ချေ။ ” ထပ်မစောင့်နိုင်တော့တဲ့ တရားသူကြီးစုန့်က ခပ်သွက်သွက် လောဆော်လိုက်သည်။ “ ဒီည မအိပ်ဘဲ နေကြမယ်။ ရွာသားတွေကို မြင်းမြှီးမြက်တွေကို အခုချက်ချင်း သွားဖြတ်ခိုင်းလိုက် ၊ ပြီးတော့ ထင်းတွေကို အဆင်သင့်ပြင်ပြီး ရွာပတ်ပတ်လည်မှာ မီးပုံတွေ ဖိုမယ်။ ကျိုင်းကောင်တွေကို စောစောစီးစီး လက်စတုံးပစ်မယ်။ ”
ကျိုင်းကောင်တွေကို သတ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းရှိတယ် ဆိုတာကို သိလိုက်ရတဲ့ ဝမ်ကျားဖူသည် စိတ်အေးသွားပြီး ချက်ချင်းပဲ အိမ်ထောင်စုတွေကို တစ်အိမ်တက် ၊ တစ်အိမ်ဆင်း ပြေးခေါ်ခဲ့သည်။ အချိန်ခဏအတွင်းမှာပဲ ရွာထဲမှာ မီးရောင်တွေ လင်းထိန်းသွားပြီး ရွာသူ ၊ ရွာသားတွေက မြက်ပင်တွေကို ခုတ်ဖြတ်၍ ထင်းတွေကို သယ်လာခဲ့ကြသည်။
တစ်နာရီမပြည့်ခင်မှာပဲ မီးပုံ ( ၂၀၀ ) ကျော် အဆင်သင့်ဖြစ်သွားသည်။
“ အားလုံးပဲ အာရုံစိုက်ပေးကြပါ။ ဒီမီးခိုးတွေက အဆိပ်အတောက်ဖြစ်လို့ အများကြီး မရှူသွင်းကြပါနဲ့။ ” ဝမ်ကျားဖူက နေရာတိုင်းမှာ အသံကျယ်ကျယ်နှင့် အော်ပြောနေခဲ့သည်။ “ မင်းတို့ ခေါင်းမူးလာရင် မီးခိုးတွေ ထွက်နေတဲ့ နေရာကနေ အမြန် ရှောင်နေကြလိုက်ကြ။ ဟုတ်ပြီနော် ၊ ဒါဆို မီးရှို့လိုက်ကြမယ်။ ”
ဝမ်ကျားဖူရဲ့ အသံကျယ်ကျယ်၏ ဦးဆောင်မှုနောက်မှာ မီးပုံ ( ၂၀၀ ) ကျော် ရုတ်တရက် လင်းလက်သွားကာ လတ်လတ်ဆတ်ဆတ် ဖြတ်လာတဲ့ မြင်းမြှီးမြက်တွေကို မီးပုံပေါ် တင်လိုက်လျှင် စိုထိုင်းနေတဲ့ မြက်တွေက မီးကို ဖုံးအုပ်သွားပြီး အလွယ်တကူ မပျံ့လွင့်နိုင်တဲ့ မီးခိုးငွေ့ထူထူတွေ ထွက်လာလေသည်။
မီးပုံတွေမှာ မီးတောက်လာသည်နှင့် ရွာရဲ့ နေရာတိုင်းမှာ မီးရောင်တွေ လင်းထိန်သွားကာ စပါးပင်နှင့် မြက်ပင်တွေပေါ်မှာ အိပ်စက်နေတဲ့ ကျိုင်းကောင်တွေက ဆွဲဆောင်ခံလိုက်ရကာ မီးအလင်းရောင်ဆီသို့ ခုန်ဆွခုန်ဆွ ရောက်လာခဲ့ကြသည်။
မီးပုံတစ်ပုံချင်းစီကို စောင့်ကြပ်နေတဲ့ လူတွေ အများကြီး ရှိသည်။ ကျိုင်းကောင်တွေ ရောက်လာချိန်မှာ ပိုက်ကွန်တွေကို အသုံးပြုစရာမလိုတော့ဘဲ ကြိုတင်ပြင်ဆင်ထားတဲ့ ပျဉ်ချပ်တွေ ၊ တံမြက်စည်းတွေနှင့် ကျိုင်းကောင်တွေကို ရိုက်သတ်လိုက်ကြသည်။
“ ဒါက နေ့ခင်းတုန်းကတောင် အများကြီး ပိုလွယ်သေးတယ် ၊ ပိုပြီးလည်း မြန်မြန် ဖမ်းမိတယ်။ ”
“ နှစ်ည ၊ သုံးညလောက် နေရင် ကျိုင်းကောင်တွေ အကုန်လုံး ငါတို့ ရိုက်သတ်လို့ သေလောက်ပြီ။ ”
“ ဟားဟား ၊ အဒေါ်လီတို့မိသားစုထဲက ဘဲငန်းကြီးကတော့ ကံကောင်းပြီပဲ။ ဒီလောက် ကျိုင်းကောင်တွေ အများကြီးဆို နေ့တိုင်း သူ ဗိုက်တင်းကားနေအောင် စားလို့ ရတယ်။ ”
…
ရွာသူ ၊ ရွာသားတွေရဲ့ စကားသံတွေက ရွာပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေ၏။ တက်ကြွမှုမရှိခဲ့တဲ့ နေ့အချိန်တုန်းကနှင့် ယှဉ်လိုက်လျှင် အခု သူတို့အားလုံး စိတ်လက်တက်ကြွနေပုံပေါ်သည်။