အဆင့်မြင့် ကျိုင်းကောင်နှိမ်နှင်းရေး။
Vol. 16 Ch. 180
တစ်ညလုံးနီးပါး အလုပ်ကြိုးစားပြီးတဲ့နောက် တစ်ရွာလုံးဟာ သူတို့ နေ့အချိန်တုန်းက သတ်ခဲ့တဲ့ အရေအတွက်ထက် နှစ်ဆကျော် ပိုများပြီး ကျိုင်းကောင် ခြင်းတောင်း ဆယ်လုံးကျော် ရခဲ့သည်။
“ အကုန်လုံး သွားအိပ်လို့ ရပြီ။ ” ဝမ်ကျားဖူရဲ့ နှလုံးသားက နောက်ဆုံးတော့ တည်ငြိမ်အေးဆေးသွားသည်။ “ မနက်ဖြန်ကျရင် ရွာထဲက ကလေးတွေအကုန်လုံးကို ကျိုင်းကောင်ဥတွေ သွားရှာခိုင်းလိုက်ပါ ၊ လူကြီးတွေကိုတော့ တောင်တန်းပေါ်က မြက်ပင်တွေကို သွားဖြတ်ပြီး ထင်းတွေကို ပြင်ဆင်ခိုင်းလိုက်။ ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ လူငယ်တွေကတော့ မီးတွေကို ဆက်ညှိပြီး မနက်ဖြန်ညမှာ ကျိုင်းကောင်တွေကို အရှင်း သုတ်သင်ပစ်ပါ။ ”
ရလဒ်ကောင်းတွေကို မြင်လိုက်ရတဲ့ တရားသူကြီးစုန့်သည် ရုံးစာရေးတွေကို ညတွင်းချင်းပဲ ရွာတိုင်းကို သတင်းလိုက်ဖြန့်ခိုင်းကာ အိမ်နီးချင်း စီရင်စုတွေရဲ့ တရားသူကြီးတွေကို စာလွှာရေးခိုင်းပြီး ဒီကျိုင်းကောင်နှိမ်နှင်းရေး နည်းစနစ်တွေကို မိတ်ဆက်ပေးခဲ့သည်။
သူ အုပ်ချုပ်ရေးမှူးလီထံကိုလည်း စာတစ်စောင် ရေးပေးလိုက်သည်။ ပြောရရင် တခြားဒေသတွေက လူတွေကလည်း ပြည်သူတွေပဲ ဖြစ်ပါသည်။
ကျိုင်းကောင်တွေကို ရှင်းလင်းတဲ့ နေရာမှာ ပိုင်ချွမ်းခရိုင်တစ်ခုတည်းကပဲ ဦးဆောင်ပြီး တခြားဒေသတွေက ပါဝင်ဆောင်ရွက်မှုမရှိရင် ကျိုင်းကောင်အုပ်တွေက တခြားနေရာကို ပျံသန်းသွားနိုင်ချေများသည်။
ခရိုင်တရားသူကြီးတစ်ယောက်အနေနှင့် ဒါက သူ လုပ်နိုင်တဲ့ မိုင်ကုန် အတိုင်းအတာပါပဲ။
…
အုပ်ချုပ်ရေးမှူးလီသည် တရားသူကြီးစုန့်ရဲ့ စာကို ရသည်နှင့် အတိုင်ပင်ခံဟွမ်းကို သူ့စာကြည့်ခန်းထဲ ခေါ်ပြီး စာကို ပြလိုက်သည်။
“ ဒီတစ်ခေါက် ကျိုင်းကောင်ကပ်ဘေးကြီး မရှိဘူး ဆိုတာ သေချာလား ဆရာဟွမ်း။ ”
“ ကျွန်တော် တော်တော်လေး သေချာပါတယ် အုပ်ချုပ်ရေးမှူး။ ”
မနေ့တုန်းက ပိုင်ချွမ်းခရိုင်မှာ သူ့ကို စီရင်စုကျောင်းသားတစ်ယောက်က မေးခွန်းထုတ်တာ ခံခဲ့ရကာ အခုထိ ထိုကိစ္စကြောင့် သူ့စိတ်ထဲမှာ ဒေါသထွက်နေဆဲပင်။ သူ အုပ်ချုပ်ရေးမှူးလီဆီကို ဒီနေ့မနက်စောစောကတည်းက ပြန်လာခဲ့ပြီး အဲ့ဒါက သာမန်ကျိုင်းကောင်တွေပဲမို့ ကျိုင်းကောင်ကပ်ဘေး မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောပြီး အခြေအနေကို မကျေမနပ် ပြောခဲ့သည်။
အခု အုပ်ချုပ်ရေးမှူးလီက ထပ်မေးလာသောအခါ သူ လုပ်နိုင်တာက သူ့ရပ်တည်ချက်အတိုင်း အဆုံးထိ ခိုင်မာစွာ ရပ်တည်ပြီး ကျိုင်းကောင်ကပ်ဘေး မဖြစ်နိုင်ကြောင်း မပြောင်းမလဲ ပြောဖို့သာ ဖြစ်သည်။
အုပ်ချုပ်ရေးမှူးလီကလည်း သဘာဝကျစွာပင် သူ ဆရာတင်ထားတဲ့ လူတစ်ယောက်ကို အပြည့်အဝ ယုံကြည်သည်။ ပြီးတော့ ဆရာဟွမ်းက အတိတ်တုန်းက ကျိုင်းကောင်ကပ်ဘေးကို သုံးကြမ်တိတိ ကြုံတွေ့ဖြေရှင်းဖူးတာမို့ အုပ်ချုပ်ရေးမှူးလီ ဘာမှ ဆက်မမေးတော့ပါ။
“ ပိုင်ချွမ်းခရိုင်က အလုပ်,လုပ်ရင်း မအားမလပ်နိုင်အောင် ဖြစ်နေကြရင်လည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ။ ” ဟု အုပ်ချုပ်ရေးမှူးလီက နောက်ဆုံးမှာ ပြောလိုက်သည်။ “ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျုပ် ကိစ္စတိုင်းကို အကောင်းဘက်ကပဲ မတွေးနိုင်ဘူး။ ပြည်သူတွေကို မလိုအပ်ဘဲနဲ့ အလဟဿ အလုပ်,လုပ်ခိုင်းပြီး သူတို့ကို အန္တရာယ်မပေးချင်ဘူး ၊ အခွန်အတုပ်တွေ မကောက်ချင်ဘူး။ ”
“ အုပ်ချုပ်ရေးမှူး ပြောတာ မှန်ပါတယ်။ ” ဟု အခြေအနေကို မျက်မြင်တွေ့ထားတဲ့ ဆရာဟွမ်းက ပြန်ပြောလိုက်သည်။ “ အဲ့ဒီ တရားသူကြီးက နာမည်ကောင်းရဖို့ အရမ်း စိတ်အားထက်သန်နေတဲ့ပုံပဲ။ ”
“ နာမည်ကောင်းရအောင် လုပ်တော့ရော ဘာအသုံးဝင်မှာလဲ။ သူ လုပ်ထားခဲ့တဲ့ အမှားတွေနဲ့ဆိုရင် ဒီတစ်သက် ရာထူးတိုးမှာ မဟုတ်သလို နေပြည်တော်ကို ပြန်ရောက်နိုင်တဲ့ အခွင့်အရေးလည်း ရှိမှာ မဟုတ်ဘူး။ သူ့ဘဝရဲ့ နေ့ရက်တွေကို ဆင်းရဲနွမ်းပါးတဲ့ တောရွာဇနပုဒ်မှာပဲ ဖြတ်သန်းသွားရလိမ့်မယ်။ ”
…
ဒီရက်ပိုင်း လီယောင့်ရဲ့ ကြက်တွေ ၊ ဘဲတွေ ၊ ငန်းတွေဟာ နေ့တိုင်း ကျိုင်းကောင်တွေ ခြင်းတောင်းလိုက် စားရပြီး တကယ့်ကို သာယာဖြောင့်ဖြူးတဲ့ ဘဝမှာ နေထိုင်နေခဲ့ကြသည်။
ကျိုင်းကောင်တွေကိုယ်တိုင်ကလည်း လူတွေ စားတာ ခံရသေးသည်။ လူတွေက ပိုးတုံးလုံးလေးတွေကို ရွေးချယ်ပြီး သေချာ သန့်ရှင်းဆေးကြော၍ ဆီထဲမှာ ကြော်ပြီး ဆီမွှေး ၊ အရသာမှုန့်တို့နှင့် ရောနယ်လိုက်သောအခါ တော်တော်လေး စားလို့ကောင်းသည်။
ခေတ်မီ အဆန်းသစ်ဆုံး ကျိုင်းကောင် နှိမ်နှင်းရေးနည်းလမ်းတွေမှာ အခြေခံအကျဆုံး ချက်ပြုတ်နည်းတွေကို လိုအပ်သည်။ တရုတ်နိုင်ငံမှာ စားလို့ ရတဲ့ သတ္တဝါမှန်သမျှကို စားသုံးပြီး ကပ်ဘေးကို ဖြေရှင်းလို့ ရသည်။
သို့သော်လည်း လီယောင်က လွဲလို့ တခြားလူများသည် ရွှေရောင်သမ်းနေသော ကျိုင်းကောင်ကြော်ပန်းကန်ကို ကြည့်ကာ တူနှင့် ညှပ်မယူရဲကြပေ။
သူတို့လည်း ကလေးဘဝတုန်းက ဗိုက်ဆာတဲ့အခါ စိုက်ခင်းထဲက ကျိုင်းကောင်တွေကို ဖမ်းပြီး ကြော်စားဖူးပေမဲ့ မာဆတ်ကြွပ်ရွနေတဲ့ ကျိုင်းကောင်တွေက လည်ချောင်းကို ကုတ်ခြစ်သွားရုံသာရှိကာ သိသာထင်ရှားသော အရသာလည်း မရှိပါ။
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကနဲ့ ကျိုင်းကောင်တွေကို ဆီပူအိုးထဲမှာ ကြော်ပြီး ဟင်းအမယ်တွေ အများကြီး စားရတဲ့ အခုအချိန်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ … ။
“ နင်တို့ ဘာလို့ မစားကြတာလဲ။ ” ဟု လီယောင်က မေးလိုက်တော့ ဝမ်ရှောင်စစ်က “ ဒီပိုးကောင်တွေက အရမ်း ကြောက်စရာကောင်းတယ်။ မစားဘဲ နေရအောင်ပါ အမေရယ်။ ” ဟု ပြန်ပြောသည်။
“ တစ်ကောင်လောက် စမ်းစားကြည့်ပါ။ နင်တို့ မကြိုက်ရင် ဆက်မစားလို့ ရတယ်။ ”
အဆုံးသတ်မှာတော့ သတ္တိအရှိဆုံး တာ့ကျွမ်းသည် မျက်လုံးစုံမှိတ်၍ ကျိုင်းကောင်ကြော် တစ်ကောင်ကို သူ့ပါးစပ်ထဲ ပစ်သွင်းကာ ဝါးစားပစ်လိုက်သည်။ လူတိုင်းက သူ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မျှော်လင့်နေကြ၏။
“ အစ်ကိုကြီး။ ” ဝမ်ရှောင်စစ်က မွှေးကြိုင်နေတဲ့ ကျိုင်းကောင်ကြော်ရနံ့ကြောင့် သွားရည်ယိုနေပြီ ဖြစ်သည်။ “ ဘယ်လို နေလဲ။ စားကောင်းလား။ ”
တာ့ကျွမ်းကတော့ အတော်လေး အံ့အားသင့်နေခဲ့ပါသည်။ “ အရသာရှိလိုက်တာ။ အမေ့စကားကို နားထောင်တာက ဘယ်တော့မှ မမှားဘူးပဲ။ ”
ထိုစကားကို ကြားတော့ ဝမ်ရှောင်စစ်က ကျိုင်းကောင်ကြော် တစ်ကောင်ကို သူ့ပါးစပ်ထဲ အမြန် ပစ်သွင်းလိုက်ပြီး ပါးစပ်ထဲက အကောင်ကို မျိုမချရသေးခင်မှာပဲ နောက်တစ်ကောင်ကို စိတ်မရှည်န်ုစွာ ဆုပ်ကိုင်ထားခဲ့သည်။
အဲ့ဒါကို မြင်တော့ လူတိုင်းကလည်း ကျိုင်းကောင်ကြော်တွေကို မြည်းစမ်းကြည့်လိုက်ကာ တစ်ခုပြီး တစ်ခု စားမိနေတာကို ရပ်တန်ဖို့ မလွယ်ကူကြောင်း သဘောပေါက်သွားကြသည်။
စားပွဲဝိုင်းမှာ အချိန်တစ်ခုကြာသည်ထိ တကြွပ်ကြွပ်ဝါးတဲ့ အသံတွေ ပြည့်နှက်နေပြီး ပုံမှန်ဆို စကားများတဲ့ စုန့်ကျယ်ပင်လျှင် တရစပ် စားနေခဲ့လေသည်။ ကျိုင်းကောင်ကြော် တစ်ပန်းကန်က အလျင်အမြန်ပဲ ပြောင်ရှင်းသွားပြီး လီယောင်ကတော့ သူမရဲ့ တူကို ထိတောင် မထိလိုက်ရ။
“ ဒီကျိုင်းကောင်တွေက စားကောင်းလိုက်တာ။ ပိုက်ဆံပေးဝယ်စရာမလိုဘဲ အလကားရနေတာ ဆိုတော့ နောက်ပိုင်းကျရင် များများလေး ဖမ်းပြီး သိမ်းထားရမယ်။ ငန်းတွေ စားမကုန်ရင် ကျွန်တော်တို့ စားလို့ ရတယ်။ ကျွန်တော်တို့ စားမကုန်တဲ့ဟာကို ပိုက်ဆံနဲ့ ရောင်းလို့ ရတယ်။ ”
တာ့ကျွမ်းက ရယ်မောလိုက်သည်။ “ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပိုက်ဆံရှာဖို့ပဲ အမြဲတမ်း တွေးမနေနဲ့။ မင်းက ကျောင်းတက်ရဦးမှာ။ ”
“ ဟုတ်တယ် ရှောင်စစ်။ ” ဟု ဝမ်အာကလည်း ပြောလိုက်သည်။ “ ကျိုင်းကောင်တွေကို ရှင်းလင်းပြီးသွားရင် မင်း မူလတန်းကျောင်း စတက်သင့်ပြီ။ အစ်ကို မင်းကို ဆရာလွီကိုယ်တိုင် စာသင်ပေးခိုင်းမယ်။ ”
ဝမ်ရှောင်စစ်က ဘာမှ ခွန်းတုံ့မပြန်ရဲဘဲ တိတ်တိတ်လေး နှုတ်ခမ်းစူလိုက်သည်။ မိသားစုထဲမှာ အငယ်ဆုံးဖြစ်တဲ့ သူ့အတွက် လုပ်နိုင်တာ မရှိပါ။ ယန်ရန်လေး မြန်မြန် အရွယ်ရောက်လာဖို့ မျှော်လင့်ရသည် ၊ အဲ့ဒါမှ သူလည်း ယန်ရန်လေးကို ဆရာလုပ်နိုင်မှာ … ။
တရားသူကြီးစုန့်ရဲ့ တိုက်တွန်းနှိုးဆော်မှုအောက်မှာ ကျိုင်းကောင်တွေ အများကြီး ရောက်မလာသေးတဲ့ ပိုင်ချွမ်းခရိုင်တစ်ခုလုံးက ရွှာတွေပင်လျှင် ကပ်ဘေးကို ကာကွယ်ဖို့ တက်တက်ကြွကြွ ဆောင်ရွက်နေခဲ့ကြသည်။
အိမ်နီးချင်း စီရင်စုတွေကလည်း ဒီပြဿနာကို အလေးအနက်ထား၍ ဆောင်ရွက်သည်။ ဒီလို ပြဿနာအသေးအဖွဲလေးကိုတောင် သူတို့ မဖြေရှင်းနိုင်ရင် အရာရှိဖြစ်ဖို့ မထိုက်တန်တော့ပါ။
ထိုနေ့မှာပဲ လီယောင်သည် တောင်ပေါ်က စိုက်ခင်းတွေကို စစ်ဆေးရင်း ကျိုင်းကောင်အရေအတွက်က အများကြီး ကျဆင်းသွားသလို ကန်စွန်းဥအရွက်တွေက အကောင်းအတိုင်း ရှိနေသေးတာကို သတိထားမိသွားသည်။
“ အဘွားလီ။ အဘွားလီ။ ”
သူမ အိမ်ပြန်ဖို့ လုပ်နေတုန်းမှာပဲ တောင်ပေါ်ကနေ နူးညံ့ပျော့ပျောင်းတဲ့ ခေါ်သံလေးတစ်ခု ထွက်ပေါ်လာသည်။ အစတုန်းကတော့ လီယောင်က သတိရှိရှိ နေ,နေပေမဲ့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက်မှာ သူတို့က သူမကို ခေါ်နေတာ ဖြစ်ကြောင်း နားလည်သွားသည်။
သူမကို ခေါ်နေတာက ရှောင်စစ်ထက် ( ၂ ) နှစ်တောင် ငယ်တဲ့ ဖန်မိသားစုရဲ့ မြေးငယ်လေး ဖြစ်ပြီး သူ့ခေါင်းပေါ်မှာ နေကာသည့် ချည်ထိုးဦးထုပ်လေးကို ဆောင်းထားကာ ခြေဗလာဖြင့် တောက်ဆတ်တောက်ဆတ် ပြေးလာနေသည်။
“ ဖြည်းဖြည်း လာပါ နျိုတန်းရဲ့။ ဘာကိစ္စရှိလို့လဲ။ ”
“ အစ်ကိုရှောင်စစ်က ကျိုင်းကောင်အသိုက်ကို ရှာတွေ့ထားတယ်။ သူ သားကို လူတွေကို မြန်မြန် ခေါ်ပေးပါလို့ ပြောလိုက်တယ်။ ”
လီယောင်သည် ထိုစကားကို ကြားသည်နှင့် ပူပြင်းခြစ်တောက်နေတဲ့ နေရောင်ကို ချက်ချင်း မေ့လျော့သွားကာ နေရာကို အမြန် မေးပြီး ပြေးလာခဲ့လိုက်သည်။
ထိုနေရာက တောင်တန်းချောက်နက်တစ်ခုအောက်က အနိမ့်ပိုင်းမြေနေရာ ဖြစ်ပြီး သစ်ပင် မရှိသလောက် နည်းကာ မြက်ရိုင်းပင်တွေဟာ အကွက်လိုက် အကွက်လိုက် ရှိသည်။
ဒီတစ်ခေါက်တော့ ဝမ်ရှောင်စစ်နှင့် ရွာထဲက ကလေးတွေက တံစဉ်တွေကို အသုံးပြုပြီး မြက်ပင်တွေကို ခုတ်ဖြတ်နေကြသည်။
“ အမေ ၊ ဒီကို လာကြည့်ပါဦး။ ”
ဝမ်ရှောင်စစ်က အပေါက်လေးတွေ ဖုံးလွှမ်းနေတဲ့ ရှင်းလင်းသော မြေပြင်ကို လက်ညိုးထိုးပြနေတာကြောင့် လီယောင်က မြေကြီးတွေကို တံစဉ်နှင့် တူးဆွလိုက်လျှင် အထဲမှာ ကျိုင်းကောင်ဥတွေ အများကြီး ထွက်ပေါ်လာလေသည်။
“ ဒီနေရာတစ်ခုလုံးပဲ။ ” ဟု ဝမ်ရှောင်စစ်က ပြောလိုက်သည်။ “ ဟိုဘက်က မြေကွက်လပ်မှာလည်း အများကြီး ရှိသေးတယ်။ ”
လီယောင်သည် နေရာအနှံ့ကို သွားစစ်ဆေးကြည့်လိုက်လျှင် ဝမ်ရှောင်စစ် ပြောသလိုပဲ မြေဧကချီတဲ့ ဒီနေရာကို ကျိုင်းကောင်တွေက အုပ်စိုးထားပြီး ဥတွေ အများကြီး ချထားတာကို မြင်လိုက်ရသည်။
ပမာဏ အတိအကျကို မသိပေမဲ့ ဒီဥတွေ အကုန်လုံးသာ အကောင်ပေါက်သွားရင် ကောင်းကင်ကိုတောင် ပိတ်ဆို့ထားနိုင်လောက်တဲ့ ကျိုင်းကောင်အုပ်ကြီး ထွက်ပေါ်လာမှာ သေချာသည်။
ခဏအကြာမှာပဲ ဝမ်ကျားဖူကလည်း ရွာသူ ၊ ရွာသားတွေကို ခေါ်လာခဲ့ပြီး အလွန် များပြားသော ကျိုင်းကောင်ဥတွေကို ကြည့်ကာ လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
“ ပေါက်ပြားတွေကို မြန်မြန် သွားယူချေ။ မဟုတ်ဘူး … အိမ်က နွားတွေကို သွားခေါ်လာခဲ့။ ဒီနေရာကို ချက်ချင်း ထယ်ထိုးပြီးတော့ ကောက်ရိုးတွေ ဖြန့်ခင်းပြီး မီးရှို့ပစ်ရမယ်။ ”
ဒါက ကျိုင်းကောင်ပိုးတုံးလုံးတွေကို ဖြေရှင်းဖို့ အထိရောက်ဆုံး နည်းလမ်းပင်။ နွား တစ်ဒါဇင်ကျော်နှင့် ထယ်ထိုးလိုက်သောအခါ မြေတစ်ကွက်လုံးက နှစ်နာရီတောင် မပြည့်လိုက်ဘဲ ပြောင်းပြန်လှန်သွားကာ အကောင်မပေါက်သေးတဲ့ ကျိုင်းကောင်ဥတွေကို မီးရှို့ပစ်လိုက်သည်။
ဒါပေမဲ့ လီယောင်ကတော့ အနောက်ဘက်က ကျယ်ပြောနက်ရှိုင်းသော တောအုပ်တွေကို ကြည့်ပြီး ထိုတောအုပ်တွေထဲမှာ ဒီလို ကျိုင်းကောင်အသိုက်တွေ မရေမတွက်နိုင်အောင် ရှိနေမှာကို အလွန် တွေးပူမိသည်။
….